အပိုင်း ၃၇-၃၈
Viewers 28k

Part 37


 အိမ်အကူ အဒေါ်များက မီးဖိုချောင်ထဲတွင် ပါးစပ်ကိုအုပ်ကာ ကြိတ်ရယ်နေကြသည်။သို့‌သော် ကျယ်‌လောင်စွာ မရယ်ဝံ့ကြပေ။


“ဆရာကြီး အသံကဖုန်းထဲမှာ ဟိန်းထွက်နေတာပဲ...ငါက သူမအတွက် နို့နဲ့ အစားအစာတွေ ယူသွားတုန်းက တကယ်ကြားခဲ့တာ... ဆရာကြီးက အပေါ်တက်ပြီး အဝတ်လဲဖို့ ပြော‌နေတာ...” 


"ငါ အစားအသောက် ယူသွားပေးတော့ လည်း သူမ အပေါ်ထပ်ကို စိတ်ပျက်လက်ပျက် တက်သွားတာကို တွေ့လိုက်ရတယ်..." 


"ဟေး...အန်တီဝမ်... ရှင်က သူမနဲ့ အပြင်က လာခဲ့တာပဲ... သူမ အရင်က ဒီလိုပဲလား..." 


အန်တီဝမ်က လျန်ယင်းယင်း နှင့်အတူဤမိသားစုထဲသို့ လိုက်လာခဲ့သည်ကို သိကြသဖြင့် သူမ၏ အရင်ပုံစံကိုအားလုံးက သိချင်နေကြသည်။ 


အန်တီဝမ်က နှုတ်ခမ်းကို မဲ့ပြီး 


“အဲဒါကို မပြောနဲ့... ငါတို့အရင် အပြင်မှာတုန်းက ဟယ်ဟယ် နဲ့ ရှို့ရှို့ နှစ်ယောက်လုံး ငယ်သေးတော့ အားလုံးအဆင်ပြေတယ်...သူမနဲ့ ဒီနေရာကို ရောက်လာတော့ မမလေး ယန်ယန်က တကယ် အားကိုးရတဲ့ မိန်းကလေး ဖြစ်နေပြီဆိုတာ တွေ့လိုက်ရတယ်..."


 "ပြီးတော့ သူမကလေးတွေနဲ့ မမလေးယန်ယန် အဆင်ပြေ‌ဖို့ သူမဘာလုပ်ပေးမလဲ သိချင်လာတယ်...မနက်မိုးလင်းတာနဲ့ သူ့ခင်ပွန်း ထွက်သွားတိုင်း သူဒီလို ပုံစံဖြစ်မယ်လို့ ဘယ်သူထင်မှာလဲ...သိက္ခာလုံးဝ မရှိဘူး...” 


အန်တီလော က ဒီကိစ္စကို မကျေမနပ်ဖြစ်နေသည်မှာ ကြာပေပြီ။


“အမှန်ပဲ...မျက်စိ စပါးမွှေး စူးလိုက်တာ လွန်ပါရော...ပထမဇနီး ဒီမှာရှိတုန်းက အချိန်တိုင်း သပ်သပ်ရပ်ရပ် ၀တ်စားတယ်...သူနေမကောင်းလို့ လမ်းမလျှောက်နိုင်ဘူး ဆိုရင်တောင် ဆံပင်တု ၀တ်ပြီး ဆံပင်တုကိုတောင် သပ်သပ်ရပ်ရပ် ဖြီးထားတာ...အထူးသဖြင့် မိန်းကလေးတွေ အချိန်တိုင်း သင့်တင့်စွာ ၀တ်စားသင့်တယ်လို့ ယန်ယန် သိစေဖို့လေ... ပြီးတော့ သူ့ခင်ပွန်းနဲ့ ကလေးကို သူမရဲ့ ပျော့ညံ့တဲ့ပုံစံကို မမြင်စေချင်ဘူး လို့ သူမက ပြောဖူးတယ်...”


 အန်တီဝမ်ကလည်း “အဲ့ဒါမှ တကယ့်အမေ ပီသမှာပေါ့...ဟော...ငါတို့ကိုကြည့်စမ်း…” 


သူမ၏ ယောက်ျားက ဆူပူခြင်း ကြောင့် လျန်ယင်းယင်း ၏ စိတ်ပျက်လက်ပျက် ပုံစံကို တွေးတောရင်း အိမ်အကူအဒေါ်များနှင့် အန်တီဝမ်တို့ ပါးစပ်ကိုပိတ်ကာ ရယ်နေကြတော့သည်။ 


မိန်းက‌လေး ယန်ယန်ဟာ အရွယ်ရောက်လာပြီ ဖြစ်သည်။ငယ်ငယ်က လျန်ယင်းယင်းက သူမကို တိတ်တဆိတ် အရှက်ရစေပြီး ပြစ်တင်ရှုံ့ချသည့်အခါတိုင်း သူမ မသိခဲ့ပေ။ယခု သူမသည် အရာရာ စတင် နားလည်နေပြီ ဖြစ်ပြီး နောင်တွင် သူမကို အနိုင်ကျင့်ရန် မလွယ်ကူနိုင်တော့ပြီ။


လျန်ယင်းယင်း သည် သူငယ်ချင်းများ ဖိတ်ခေါ်မှုကို ပထမဆုံးအကြိမ် ငြင်းဆိုခဲ့ပြီး အပြင်မထွက်ခဲ့ပေ။


 သူမသည် အိမ်တွင် ရိုးရိုးသားသားနေခဲ့ပြီး ကျန်းဟွမ် ပြန်အလာကိုသာ စောင့်‌‌နေခဲ့သည်။ 


ကျန်းရှို့ချန် ၏ အိမ်စာများ မနက်ခင်းတွင် ပြီးသွားသောကြောင့် နေ့ခင်းဘက်တွင် ဆော့ကစားမည်ကို ကျန်းယန်ရှန့် ဂရုမစိုက်ပေ။သူမက နောင်တွင် အပြစ် ကျူးလွန်ခြင်းမှ တားဆီးရန်သာ သူ့ကို ထိန်းချုပ်ထား၏။


 အကျင့်စာရိတ္တကောင်းရန်၊ အလုပ်ကြိုးစားရန်၊ အလုပ်ကြိုးစားရန် ယောက်ျားကောင်း တစ်ယောက်ဖြစ်ရန် ထိန်းကျောင်းတတ်ရမည်။ စဉ်းစားစရာ အများအပြား ရှိသည့်ကိစ္စ ဖြစ်သည်။


ကျန်းရှို့ချန် က လျန့်ယင်းယင်း ကို သူ့အတွက် ဂိမ်းစက်ကို ထုတ် ပေးရန် ပူဆာခဲ့ခြင်းသာ ဖြစ်သည်။ ကျန်းဟွမ် က လျန့်ယင်းယင်း ကို ဖုန်းဖြင့် ဆူပူခဲ့ပြီးနောက် ကျန်းယန်ရှန့် ထပ်တိုင်လိုက်မည် စိုး‌သောကြောင့် ကျန်းရှို့ချန် ကို ဂိမ်းစက် ထုတ်မပေးတော့ပေ။


ကျန်းရှို့ချန်က မြေပြင်ပေါ်တွင် လူးလိမ့်ကာ ပူဆာနေခဲ့သည်။ လျန့်ယင်းယင်း သည် ကျန်းဟွမ် စိတ်တိုနေသောကြောင့် သူ့ကို ချီကာ တင်ပါးကို အကြိမ် အနည်းငယ် ရိုက်လိုက်သည်။ 


လျန့်ယင်းယင်း ၏ အသိဥာဏ်အရ သူမ၏ အဖိုးတန်သားကို သူမကလွဲ၍ ဘယ်သူမှ မရိုက်နှက်စေချင်ပေ။


 


နောက်ဆုံးတွင် ကျန်းဟယ်လင်း က ကျန်းရှို့ချန် အတွက် သူမ၏ နောက်ဆုံးထွက် ဂိမ်းစက်ကို စိတ်အားထက်သန်စွာ ငှားရမ်းခဲ့သည်။ 


ကျန်းရှို့ချန် က ဂိမ်းစက်ရသည်နှင့် ဆော့ကစားရန် ပြေးသွားခဲ့သည်။ကျန်းယန်ရှန့်သည် ကျောပိုးအိတ် လွယ်ကာ အပြင်ထွက်ခါနီးတွင် ကျန်းရှို့ချန်ထံ ပြေးသွားလိုက်သည်။ 


"ကျန်းရှို့ချန် အဲ့ဒီမှာ ရပ်လိုက်..."


ကျန်းရှို့ချန် သည် အလွန်ကြောက်သွားပြီး ထပ်မပြေးဝံ့တော့ပေ။ ကျန်းဟယ်လင်း က ကျန်းယန်ရှန့် ကို အလျင်အမြန် ပြောခဲ့သည်။ 


"ညီမလေးက ရှို့ရှို့ ကို စပြီး ငှားခဲ့တာပါ...ဒီတစ်ခါတော့ သူ လုယူတာ မဟုတ်ပါဘူး..."


ကျန်းရှို့ချန် ကလည်း အမြန် ခေါင်းညိတ်ပြီး


“သား လုယူတာမဟုတ်ဘူး...” 


ကျန်းယန်ရှန့် က မျက်လုံးပြူးပြီး ပြောလိုက်သည်။


 "နင့် အစ်မကို ကျေးဇူးတင်ပါတယ်လို့ ပြောခဲ့သေးလား..." 


ကျန်းရှို့ချန် အံ့အားသင့်သွားပြီး


"သူမက သားအစ်မပဲ... ဘာလို့ကျေးဇူးတင်ရမှာလဲ..." ဟု မေးလိုက်သည်။ 


ကျန်းယန်ရှန့် က ကျန်းဟယ်လင်း ကို တစ်ချက်ကြည့်လိုက်သည်။ မိုက်မဲသော မိန်းကလေးသည် မောင်လေးက 'ကျေးဇူးတင်ပါတယ်' ဟု ပြောသင့်သည်ကို စိတ်ရှုပ်ထွေး နေပုံရသည်။


ဤသည်မှာ ကလေးများကို ကျန်းဟွမ် နှင့်လျန့်ယင်းယင်း တို့က သင်ကြားပေးသော ရလဒ်ဖြစ်သည်။


ထိုသို့သော မိဘနှစ်ပါး၏ အုပ်ထိန်းမှု ကြောင့် သူမသည် ကျန်းရှို့ချန် ၏ပြုမူပုံကို စိတ်အနှောက်အယှက်ဖြစ်ရသည်မှာ မဆန်းတော့။ 


“ဘယ်သူပဲ ဖြစ်ဖြစ်... နင့်ရဲ့မိဘအရင်း...ဒါမှမဟုတ် ဆွေမျိုးသားချင်း...အစ်မ...နင့်ကိုဂရုစိုက်တဲ့ အဒေါ်...နင့်ကို ကူညီပေးတဲ့ အတန်းဖော်... စားသောက်ဆိုင်က စားပွဲထိုးတစ်ယောက်...ဒါမှမဟုတ်...လမ်းပေါ်က လူစိမ်းတစ်ယောက်ပဲ ဖြစ်ပါစေ...တခြားသူဆီက အကူအညီနဲ့ ဂရုစိုက်မှုကို လက်ခံရရှိရင် ဘယ်သူ့ကိုမဆို ကျေးဇူးတင်သင့်တယ်...” 


“သူမက နင့်အစ်မ...မှန်တယ်...ဒါပေမဲ့သူမက နင့်ကို သူမရဲ့ ဂိမ်းစက်ကို ပေးငှားဖို့ တာဝန်မရှိဘူး...အဲဒါ သူ့ပစ္စည်းပဲ... သူမ မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိတယ်...သူက နင့်ကို ပေးလို့မရဘူး...သူမမှာ နင့်ကို ပေးစရာအကြောင်းမရှိဘူး..." 


"ဒါပေမယ့် သူမက နင့်ရဲ့အစ်မမို့ နင့်အတွက် ခံစားချက်တွေရှိတယ်...နင်ငိုတာကို ကြည့်မနေနိုင်ဘူး...ဒါကြောင့် နင့်ကို ငှားလိုက်တာ..." 


“ဒါက နင့်ကို ပေးစရာအကြောင်းရှိလို့ မဟုတ်ဘဲ နင့်ကို ကောင်းကောင်း ဆက်ဆံတာ...သူမက မင်းကို ကောင်းကောင်းဆက်ဆံတယ်... 'ကျေးဇူးတင်ပါတယ်' လို့ မပြောသင့်ဘူးလား..." 


ကျန်းယန်ရှန့် ၏ လေသံမှာ တင်းမာနေသည်။


သူမ၏ အကျပ်ကိုင်မှုအောက်တွင် ကလေးနှစ်ယောက်လုံး စကားမပြောရဲကြပေ။


ကျန်းယန်ရှန့် ပြောသည်မှာမှန်သည်။ ကျန်းရှိုချန် မဆိုထားနှင့်၊ ကျန်းဟယ်လင်း ပင် မငြင်းနိုင်ပေ။


 ကလေးနှစ်ယောက်စလုံးက 


'ဒီလို ဖြစ်သင့်တယ်' ဟု ခံစား လိုက်ရသည်။ ကျန်းဟယ်လင်း က ကျန်းရှို့ချန် ကို ကြည့်ပြီး 


"မြန်မြန်...ငါ့ကို ကျေးဇူးတင်လိုက်လေ..." 


ကျန်းရှို့ချန် သည် အနည်းငယ် ရှက်မိသော်လည်း သူငယ်တန်းဆရာများနှင့် မူလတန်းပြ ဆရာများက သူတို့အား ဤအရာကို သင်ပေးသည်ကို သတိရမိသည်။ 


ကျန်းဟယ်လင်း ကို 'ကျေးဇူးတင်ပါတယ်' ဟု ပြောသည့်အခါတိုင်း လျန့်ယင်းယင်း က "သား အစ်မကို ဘာလို့ ကျေးဇူးတင်တယ်လို့ ပြောတာလဲ..." ဟု ပြောပြီး ၊ကျန်းဟယ်လင်း ကိုလည်း 

ဘာလို့ နင့်‌မောင်လေးက ကျေးဇူးတင်ပါတယ်လို့ ပြောရမှာလဲ...” ဟု ပြောသောကြောင့်ပင်။


အချိန်ကြာလာသည်နှင့်အမျှ ညီအစ်ကို မောင်နှမများ က ထိုအကျင့်ကိုမကျင့်သုံးကြတော့ပေ။


 ဤသို့ ပြောရခြင်းမှာ တစ်ယောက်က ကျေးဇူး တင်တတ်ရန်ဖြစ်သလို၊ အခြားတစ်‌ ယောက်ကလည်း ကျေးဇူးတင် ခံလို၍ မဟုတ်ပါ။ 


ကျန်းရှို့ချန် သည် ကျန်းယန်ရှန့် ကြည့်နေသဖြင့် တစ်ခဏမျှ ရှက်နေပြီး ကျန်းဟယ်လင်း အား 


"ကျေးဇူးတင်ပါတယ် အစ်မ" ဟု ပြောလိုက်သည်။


ကျန်းဟယ်လင်း အလွန်ပျော်ရွှင်သွားရသည်။ အစ်မတစ်ယောက် ဖြစ်ရသည့် ခံစားချက်ကို သူမတွေ့ရှိပြီး ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။


 "နင် ငါ့ကို အခုကစပြီး ကျေးဇူးတင်ရမယ်..." 


သူမကို အသာကြည့်ရင်း ကျန်းယန်ရှန့် က သူမ နဖူးကို လက်ချောင်းတစ်ချောင်းနှင့် အသာပုတ်လိုက်ကာ


"ကျန်းရှို့ချန် သာ အဲဒီနေ့က နင့်ဂိမ်းစက်ကို လုယူဖို့ မလာဘဲ ငှားမယ်ဆိုရင် အသာတကြည် ငှားမှာလား..."


ကျန်းဟယ်လင်း က သဘာဝကျစွာပင်


“ဟုတ်တယ်...သူက ငှားပါလို့ ပြောသင့်တယ်...ဒါပေမယ့် သူက တက်လာပြီး ညီမလက်ထဲက ဆွဲယူသွားတဲ့ အတွက်ဒေါသထွက်ပြီး သူ့ဆီက ပြန်ယူခဲ့တာ...” 


ကျန်းယန်ရှန့် က ကျန်းရှို့ချန် ၏ ခေါင်းကို လက်ဖဝါးနှင့် ဖိလိုက်ရင်း


 "နင် ကြားလား..." သူမလက်က သန်မာလွန်းသောကြောင့် ကျန်းရှို့ချန် နာကျင်ရသည်။


ကျန်းရှို့ချန် က ယုံကြည်မှုအပြည့်နှင့် 


"သား ကြားပါတယ်..."


 


"နင် အခုကစပြီး တခြားသူတွေရဲ့ ပစ္စည်းကို လုယူလို့ ရမလား..." 


“မရဘူး..."


" ဒါဆို တခြားသူတွေရဲ့ ပစ္စည်းတွေကို သုံးချင်တဲ့အခါ ဘာလုပ်ရမလဲ...."


 "အဲဒီလူကို ကောင်းကောင်းမွန်မွန် ပြောပြီး ခွင့်တောင်းရမယ်..."


 နတ်ဆိုးဘုရင် ကျန်းယန်ရှန့် သည် နောက်ဆုံးတွင် မှိုပွင့်လေးနှင့်တူသော ကျန်းရှို့ချန် ကို လွှတ်လိုက်ပြီး “ဒါကို မှတ်ထားပါ...” ဟုသာ သတိပေးလိုက်သည်။ 


သူမ ကျောပိုးအိတ်ကို လွယ်ကာ အပြင်ထွက်ရန် အောက်ထပ်သို့ဆင်းခဲ့သည်။ 


xxxxxxx


Part 38


အစ်မ ဘယ်သွားမလို့လဲ..." 


ကျန်းဟယ်လင်း က လှေကားလက်ရန်းကို မှီကာ မေးလိုက်သည်။


"ငါ လက်ဝှေ့လေ့ကျင့်ဖို့ သွားမလို့..." 


ကျန်းယန်ရှန့် ​​ပြန်ပြောလိုက်သည်။ 


ကျန်းဟယ်လင်း က ထပ်မေးလိုက်ပြန်သည်။


 "ဒီနေ့နေ့လည်မှာ စန္ဒယားသင်ရမှာ မဟုတ်ဘူးလား..." 


ကျန်းယန်ရှန့် က ရပ်လိုက်ပြီး လှေကားထိပ်ကို မျှော်ကြည့်ကာ


 "နင်က ဘယ်လိုသိလဲ..." ဟု မေးလိုက်သည်။ 


"အစ်မ အပတ်တိုင်း ဒီလိုနေ့ဆို အမြဲ သွားတာလေ..." 


ကျန်းဟွမ် သည် သူမ၏ သင်ခန်းစာ အချိန်ဇယား များကို မသိပေ။


သူမ အမေဆုံးပြီးကတည်းက သူမ ၏ စာသင်ချိန်ကို သူမကိုယ်တိုင် စီစဉ်ပြီး ညှိနှိုင်းခဲ့သည်။


 သူမ အထက်တန်းကျောင်းတွင် ကျောင်းပြေးခြင်းသည် ကမ္ဘာသစ် တစ်ခုဆီသို့ ရုတ်တရက် တံခါးကိုဖွင့်လိုက်ခြင်း ဖြစ်၏။


သူမ အချိန်မီ အတန်းမတက်သည် ဖြစ်စေ၊ကျောင်းပြေးသည် ဖြစ်စေ၊သူ့အမေ စီစဉ်ပေးသည့် စာသင်ခန်းက ထွက်သွားသည် ဖြစ်စေဘယ်သူမှ သူမ အကြောင်းကို လုံးဝမပြောကြပေ။


အဘယ်ကြောင့်ဆိုသော် ဘယ်သူမှ သူမကို ဂရုမစိုက်၍ ဖြစ်သည်။


ကျန်းယန်ရှန့် က "ငါ စန္ဒယားသင်တန်း ကနေ ထွက်လိုက်ပြီ..." ကျန်းဟယ်လင်း အနည်းငယ် အံ့သြသွားသည်။ 


"ဟင်...အစ်မ ဘာလို့ ထွက်လိုက်တာလဲ...."


 "ငါ မသင်ချင်တော့လို့..." 


"ဒါပေမယ့် အစ်မ နှစ်တွေ အကြာကြီး သင်ခဲ့တာ မဟုတ်ဘူးလား..."


ကျန်းယန်ရှန့် က ပြုံးပြီး


 "ငါ မကြိုက်ဘူး..." 


တကယ်တော့ သူမဟာ စန္ဒယားတီးခြင်းကို မကြိုက်ပေ။သို့သော် သူမ အမေက တောင်းဆိုခဲ့၍ သူမ သင်ယူခဲ့ရခြင်း ဖြစ်သည်။ယခု သူမ ပြန်လည်မွေးဖွား လာသောအခါတွင်လည်း မကြိုက် နှစ်သက်ပေ။


သူမဘဝကို ဖြုန်းတီးရန် မရည်ရွယ်ချေ။သို့သော် သူမ ဘဝအတွက် ပြုပြင်ပြောင်းလဲမှုများလည်း လုပ်ရပါမည်။ 


သူမ အမေမရှိသည်မှာ ကြာခဲ့ပြီ။


မည်သူမှ သူမ အတွက် အကြံအစည် အမျိုးမျိုး လုပ်ပေးနေမှာ မဟုတ်ပါ။ သူမ ခြေထောက်ပေါ် သူမ ရပ်တည်ရပေမည်။


သူမက ခေါင်းကို မော့ပြီးမေးလိုက်သည်။


“နင်က စန္ဒယားတီးတာ ကြိုက်လား...” 


 


ကျန်းဟယ်လင်း သည် သူမ သင်ယူခဲ့သည့် အရည်အချင်းအားလုံးကို သင်ယူခဲ့သည်။ လျန့်ယင်းယင်း ၏ စိတ်တွင် ဤအရာများသည် ချမ်းသာသော အမျိုးသမီးများအတွက်စံနှုန်း တစ်ခု ဖြစ်သည် ဟု ယူဆထားသည်။ထို့ကြောင့် ကျန်းဟယ်လင်း ၏ သင်တန်းများကို ကျန်းယန်ရှန့် ၏ သင်တန်းများ အတိုင်း စီစဉ်ခဲ့သည်။ 


သို့သော်လည်း စီစဉ်ရုံသာ စီစဉ်ခဲ့ပြီး ငွေပေးဆောင်ရန်သာ တာဝန်ယူထားသည်။ ကျန်းဟယ်လင်း၏ လေ့လာသင်ယူမှု နှင့်ပတ်သက်၍ သူမ ဂရုမစိုက်ချေ။


သူမ၏ သဘောထားမှာ သူမ၏ သားသမီးများ အတွက် ချမ်းသာသည့် ဖခင်ကို ရှာတွေ့ခဲ့သဖြင့် သူတို့ကိုကောင်းကောင်း ထားနိုင်မည်ဟု ယုံကြည်ထားသူဖြစ်သည်။


ကျန်းဟယ်လင်း က ခေါင်းညိတ်ပြီး "ညီမ ကြိုက်တယ်...အထူးသဖြင့် စန္ဒယားတီးတာကို ကြိုက်တယ်..." 


 တကယ်တော့ လူဆိုသည်မှာ တစ်ဦးနှင့် တစ်ဦး မတူညီမှုများ ရှိသည်။


 ကျန်းဟယ်လင်း သည် စန္ဒယားတီးရန် မွေးဖွား လာသူဖြစ်သည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အတင်းလုပ်ယူ၍ မရပါ။


သို့သော် သူတို့ နှစ်ယောက်လုံး အတွက် စန္ဒယားသင်ခန်းစာများ ကို အိမ်တွင် ဆရာမက သင်ပေးသည်။ 


ကျန်းယန်ရှန့် သည် ယခင်က အတန်းထဲတွင် ထိုဆရာမ အကြောင်း ကြားဖူးခဲ့ပြီး သူမ ဆရာမ၏ အဆင့်သည် ပျမ်းမျှဟုသာ ပြော၍ရသည်။ 


အတန်းထဲတွင် မိဘများသည် သားသမီးများကို ဂရုမစိုက်ကြောင်း သူမ တွေ့ခဲ့ရသည်။


 


ကျန်းဟယ်လင်း ကို ငယ်စဉ်ကပင် အနိုင်ကျင့်ပြီးနောက် သူမ၏ သဘောထားမှာလည်း အလွန်ပင် သီးသန့်ဆန်သည်။


လျန့်ယင်းယင်း ကျန်းဟယ်လင်း အတွက် ဆရာတစ်ဦးကို ရှာဖွေစဥ်တွင် အကြံဥာဏ်များစွာ မပေးခဲ့ပေ။ 


ကျန်းယန်ရှန့် ၏မိခင်သည် သူမသမီး အတွက် အရာအားလုံးကို ဂရုစိုက်သူဖြစ်သည်။သူမသည် စူးစမ်းလေ့လာ၍ ဖြစ်စေ၊ ဂရုတစိုက် နှိုင်းယှဉ် ‌၍ ဖြစ်စေ၊ လူကိုယ်တိုင်လိုက် ကြီးကြပ်ကာ အဖက်ဖက်မှ ဂရုစိုက်တတ်သည်။


“ ဒီကိစ္စမှာ နင့်ဆရာမ က ကောင်းကောင်းသင်မပေးနိုင်ဘူး...” ကျန်းယန်ရှန့် က ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။


“ညနေပြန်ရောက်မှ အဲဒါကို ပြောကြရအောင်...ငါ့ရဲ့ စန္ဒယားဆရာ က အစီအစဉ်အသစ် လုပ်ထားတာ ရှိမရှိ ကြည့်လိုက်ဦးမယ်...မရှိရင် နင့်ကို လာသင်ပေးခိုင်းမယ်...ဒါဆို နင့်ရဲ့စန္ဒယားဆရာကို ငါ ပြောင်းပေး လိုက်မယ်..." 


"တကယ်လား...အစ်မက အရမ်းကြင်နာတာပဲ..." ကျန်းဟယ်လင်း က ဝမ်းသာသွားသည်


 "ဆရာက စာသင်တာကို အလေးအနက်မထားဘူးလို့ အမေ့ကိုပြောခဲ့ပေမယ့် အမေက လုံးဝ မယုံဘူး..."


ဆရာက ကောင်းသည်ဖြစ်စေ ၊ မကောင်းသည် ဖြစ်စေ၊ ကျောင်းသားများ၏ စိတ်ထဲတွင် အနည်းငယ်သာ လွှမ်းမိုးထားနိုင်သည်။


ကျန်းဟယ်လင်း က လျန့်ယင်းယင်း ကို ယခင်က ပြောခဲ့ဖူးသည်။


"သမီး ဆရာက စာသင်တာ သိပ်အလေးနက်ပုံ မပေါ်ဘူး..." 


လျန်းယင်းယင်းက မစူးစမ်းဘဲ ကျန်းဟယ်လင်း သည် အတန်းမတက်ချင်၍ အကြောင်းပြသည် ဟု တစ်ဖက်သတ် တွေးခဲ့ခြင်းဖြစ်သည်။ ဆရာမ၏ ပြစ်ချက်များကို တမင်တကာပြောပြီး ဆရာအသစ် တစ်ယောက် လိုချင်သည်ဟု ထင်သောကြောင့် သူမကို ဆဲဆိုကြိမ်းမောင်းခဲ့သည်။ 


ကျန်းယန်ရှန့် က မျက်မှောင်ကြုတ်ကာ ရုတ်တရက် မေးသည်။


 “အဖေ့ကို ပြောဖူးလား...”


ကျန်းဟယ်လင်း က ခေါင်းခါလိုက်ပြီး "ဟင့်အင်း၊ ဘာလို့ အဖေ့ကို ပြောစရာလိုတာလဲ...သူက ဂရုမစိုက်ဘူး..." 


ကလေးက ထိုအရာကို အလေးမထား‌ ပေ။


ကျန်းဟွမ် သည် သားသမီးများ၏ နှလုံးသားထဲတွင် မည်သို့သောပုံသဏ္ဍာန်ရှိသည်ကို တွေ့မြင်နိုင်သည်။ 


“နင့်မှာ တစ်ခုခုရှိလို့ နင့်အမေကို ပြောဖို့ အဆင်မပြေရင် နင့်အဖေကို သွားပြောလိုက်ပါ...သူနားမထောင်ရင် ငါ့ကိုလာပြော...ငါတို့က အတင်းနားထောင်ခိုင်းမယ်...” 


ကျန်းဟယ်လင်း တုံ့ဆိုင်းသွားသည် “ကောင်းပြီ...ဒါက အဖေ့ကို အနှောက်အယှက် မ‌ပေးဘူး မဟုတ်လား...”


 


ကျန်းယန်ရှန့် က "တကယ်လို့ ကလေးမွေးပြီး ကောင်းကောင်း မပျိုးထောင်တတ်ရင် ကလေးက ဘယ်လိုဘဝမျိုး ဖြစ်လာမလဲ....‌" 


သူမငယ်စဉ်က အမေ နေမကောင်း ဖြစ်၍ သူမကို ဂရုမစိုက်တော့ပေ။ ကျန်းယန်ရှန့် သည် သူ့ကိုယ်သူ စနစ်တကျ ပြုမူနေထိုင်ခဲ့သည်။ ကျန်းဟွမ် က သူမကို ယန်ယန် က အရမ်းလိမ္မာပြီး အ‌ဖေ့ကို ဘယ်တော့မှ စိတ်မပူစေဘူး..." ဆိုကာ ချီးကျူးလေ့ရှိသည်။


 


ယခု ပြန်တွေးကြည့် လိုက်လျှင် ထိုအချိန်က သူမ အမေ၏ မျက်လုံးတွေဟာ ဘယ်လောက်တောင် ကူကယ်ရာမဲ့ဖြစ်နေလိမ့်မလဲ။


သို့သော် ထိုအချိန်က သူမသည် ငယ်ရွယ်သေးပြီး လျန့်ယင်းယင်း တို့ မိသားစုသုံး‌ယောက်လည်း မပေါ်သေးပေ။


သူမ မိဘများကို စိတ်နှလုံးအကြွင်းမဲ့ ချစ်သည်။ ကျန်းဟွမ် က သူမကို ချီးကျူးသည်ကို သဘောကျပြီး သူမ အဖေကို ဒုက္ခမဖြစ်အောင် ၊ပိုကောင်းအောင် ကြိုးစားခဲ့သည်။ 


ယခု တွေးကြည့်လိုက်လျှင် သူမ ရယ်ချင်မိသည်။


 တကယ့်ကို မုဆိုးမ မိဘအုပ်ထိန်းမှုမျိုးဖြင့် သူမ ကြီးပြင်းခဲ့ရသည်။


 “ဒါက အဖေလုပ်သင့်တယ်...အုပ်ထိန်းသူ လူကြီးက တာဝန် မရှောင်သင့်ဘူး...ငါ ညဘက်ပြန်ရောက်ရင် အဲဒါကို ပြောကြရအောင်..." 


ကျန်းယန်ရှန့် အောက်ထပ်ကို လျှောက်သွားရင်း ပြောလိုက်သည်။


ကျန်းဟယ်လင်း သည် လက်ရန်းပေါ်တွင် မှီထားရင်း 


"စောစောပြန်လာနော် အစ်မ..." 


'စောစောပြန်လာနော် ယန်ယန်...' ကျန်းယန်ရှန့် သည် ခြေလှမ်းကို ရပ်တန့်လိုက်သည်။


သူမ အမေ ကျန်းမာရေး မကောင်းစဉ်က အတန်းသွားရသည့်အခါတိုင်း အမေက လှေကားကနေ ဤကဲ့သို့ပင် နှုတ်‌ဆက်ခဲ့သည်။


ထိုအချိန်တွင် သူမသည် ခေါင်းပေါ်တွင် ဆံပင်တု တပ်ထားပြီး ဘီးတပ်ကုလားထိုင်တွင် ထိုင်လျက်ရှိနေတတ်သည်။ ဓာတ်ရောင်ခြည် ကုထုံးနှင့် ဓာတုကုထုံးများက သူမ၏ တက်ကြွမှုကို ဖယ်ရှားလိုက်ပုံ ရသည်။ 


သူမသေဆုံးပြီးနောက် ကျန်းယန်ရှန့် သည် အပြင်သို့ ထွက်သော်လည်း သူမအား 'စောစောပြန်လာပါ' ဟု မည်သူမှ မပြောတော့ပေ။ ကျန်းယန်ရှန့် မော့ကြည့်လိုက်လျှင် ကလေးမက လက်ရန်းပေါ်တွင် မှီထားကာ သူမကို ငုံ့ကြည့် နေ‌လေသည်။


သူမကို မော့ကြည့်လိုက်လျှင် ပန်းပွင့်လေး တစ်ပွင့်လို ချိုမြိန်စွာ ပြုံးကာ လက်ပြ လိုက်သည်။ 


ကျန်းယန်ရှန့် 'အမ်း'ဟု ပြောလိုက်ပြီး ခေါင်းကို လှည့်ကာ ထွက်သွား‌တော့သည်။


xxxxxx