Part 53
"တစ်ခုခု လိုချင်ရင် အဖေ့ကို ပြောနော်...”
ကျန်းယန်ရှန့် တစ်စုံတစ်ခုကို သတိရသွား၍ အမြန်ပြောလိုက်သည်။
"ဟယ်ဟယ့် မွေးနေ့ ရောက်တော့မယ်..."
"အိုး...ဟုတ်သားပဲ...သြဂုတ်လ ဘယ်နေ့ပါလိမ့်...."
“၂ ရက်နေ့...သူမက အပန်းဖြေဥယျာဉ်ကို သွားချင်တာ...ပြီးတော့ အဖေ့ကိုပါလိုက်စေချင်တယ်..."
သမီးငယ်လေးက သူ့အပေါ် ချစ်ခင်နေ၍ ကျန်းဟွမ် ပီတိဖြစ်သွားသည်။
ကျန်းဟွမ် က ပြုံးလိုက်ပြီး ကျေနပ်စွာပြောသည်။
"ကောင်းပြီ....အဖေ့ရဲ့ အလုပ်ကိစ္စတွေကို ရွှေ့ပစ်ဖို့ အတွင်းရေးမှူးကို ပြောလိုက်မယ်....သမီးရော လိုက်မှာလား..."
ကျန်းဟယ်လင်း ကိုလိုက်ပို့ပါက ကျန်းရှို့ချန် ပါလိုက်မည်ဖြစ်သည်။
ထိုအချိန်တွင် ရှေ့ကလျှောက်နေသောကျန်းဟယ်လင်း က အားခနဲ နာကျင်စွာ အော်ဟစ်လိုက်၍ သားအဖ နှစ်ယောက်စလုံး ကြည့်လိုက်သောအခါ ကျန်းဟယ်လင်း သည် သူမ၏ လက်မောင်းများကို ပွတ်သပ်နေပြီး လျန့်ယင်းယင်း က သူမဘေးမှ လျှောက်နေ၏။
အကြောင်းတစ်ခုခုကြောင့် ကျန်းဟယ်လင်း ကို လိမ်ဆွဲလိုက်ခြင်း ဖြစ်ရမည်။ ကျန်းဟွမ် နှင့် ကျန်းယန်ရှန့် တို့ နှစ်ယောက်စလုံး မျက်မှောင်ကြုတ်လိုက်ကြသည်။
ကျန်းယန်ရှန့် က အေးစက်စွာ ပြောလိုက်သည်။
"အဖေ့ရဲ့ မိန်းမ လိုက်မယ်ဆိုရင် သမီးမလိုက်ချင်ဘူး..."
သူမသည် ပြောပြီး ရှေ့သို့ ဆက်လျှောက်သွားသည်။
"ဒါဆို ဟယ်ဟယ် နဲ့ ရှို့ရှို့တို့ပဲ ခေါ်မယ်လေ... ဘာပဲဖြစ်ဖြစ် သူတို့အမေက မနက်ခင်း စောစောမထနိုင်လို့ မလိုက်နိုင်ပါဘူး...”
"အဖေပဲ ကြည့်လုပ်လိုက်ပါ..."
ကျန်းဟွမ် က ပြုံးကာ သဘောတူလိုက်သည်။ ယခု ကျန်းယန်ရှန့် အတွက် တစ်ခုခု ဝယ်ပေးချင်သော်လည်း သမီးဖြစ်သူက မလိုချင် ဟု ပြောသဖြင့် အခက်တွေ့နေရပြီး သူ့စိတ်ထဲတွင်ဖခင်၏ အချစ်ကို ထုတ်မပြနိုင်ဟု ခံစားလိုက်ရသည်။
“သမီးမှာ မုန့်ဖိုးရှိသေးရဲ့လား...”
ကျန်းယန်ရှန့် အရွယ်ရောက်ပြီးနောက် ကျန်းဟွမ် က ပထမဇနီးထားခဲ့သည့် ပိုက်ဆံအားလုံးကို ပေးခဲ့သော်လည်း သူမက ကျန်းဟွမ် ထံမှ မကြာခဏ ပိုက်ဆံ တောင်းတတ်သည်။
ကျန်းဟွမ် ကလည်း မိတဆိုး သမီးကလေးကို မငြိုငြင်ပဲ တောင်းသလောက် ထုတ်ပေးမြဲ ဖြစ်ပြီး
သူ့စိတ်ထဲတွင် ပိုက်ဆံပေးလိုက်ရမှ စိတ်သက်သာရာ ရခဲ့သည်။
"ဟင့်အင်း... မုန့်ဖိုးပေး..."
ကျန်းဟွမ် ဝမ်းသာသွားပြီး ဆဲလ်ဖုန်းကို ထုတ်လိုက်၍ ကျန်းယန်ရှန့် ထံ ယွမ်1သိန်းလွှဲရန် ဂဏန်းကို ရိုက်နေစဉ်တွေဝေသွားသည်။အကြောင်းမှာ လျန့်ယင်းယင်း အတွက် ပြိုင်ကားကို ယွမ် 3 သန်းဖြင့် ဝယ်ခဲ့သဖြင့် ရိုက်ထားသော ယွမ် ၁သိန်း ကိုဖျက်လိုက်ပြီး ယွမ် ၂သိန်း လွှဲပေးလိုက်သည်။
"အလွန်အကျွံ မသုံးပါနဲ့...သမီးရဲ့ အမေက ပိုက်ဆံကို လက်လွတ်စပယ် မသုံးရဘူး လို့ပြောထားတယ်မဟုတ်လား..."
ကျန်းယန်ရှန့် က ငွေပမာဏကို တစ်ချက်ကြည့်လိုက်သည်။ တကယ်တမ်းတွင် ဖခင်ဖြစ်သူသည် လျန့်ယင်းယင်း ထက် သူမအပေါ် ပို၍ချစ်ခင်လေသည်။
ကျန်းယန်ရှန့် သည် ယခင်ဘဝက ဤကိစ္စကို တစ်ခါမျှ မတွေးခဲ့မိသော်လည်း ငွေသည် ကျန်းဟွမ်၏ အချစ်ကို ကိုယ်စားပြုလျှင် ကျန်းဟွမ် သည် သမီးကြီးကို ဇနီးသည်ထက် ပိုချစ်သည်ဟု သူမ,မှတ်ယူလိုက်သည်။
"ကျေးဇူးတင်ပါတယ်..."
ထို့နောက် သူမ အိမ်ထဲသို့ ဝင်သွားသည်။
ကျန်းဟွမ် သည် သက်ပြင်းချလိုက်ရင်း သမီးဖြစ်သူသည် ငယ်စဉ်ကကဲ့သို့ သူ့ကို မနမ်းတော့ဟု တွေးမိသွားသည်။ ငယ်ငယ်ကဆိုလျှင် လက်ဆောင် သို့မဟုတ် မုန့်ဖိုးများပေးလျှင် ပြုံး၍ သူ့ပါးကိုနမ်း၍ ကျေးဇူးတင်စကား ဆိုတတ်သည်။
ထိုအချိန်တို့ကို ဖခင်တစ်ယောက်အနေဖြင့် လွမ်းဆွတ်ရသည်။သို့သော်ယန်ယန် သည် ယခုအခါ မိန်းမပျိုတစ်ယောက် ဖြစ်နေ၍ ငယ်စဉ်ကကဲ့သို့ လက်ပွန်းတတီး မနေရခြင်းဟု တွေးလိုက်ကာမှ ပြန်လည် စိတ်သက်သာရာရသွားသည်။
ညစာစားနေစဉ် ကျန်းဟွမ် နှင့် လျန့်ယင်းယင်း တို့ကို အဆက်မပြတ် မြှောက်ပင့်နေသော လျန့်ကျန်း ၏ စကားသံကသာ လွှမ်းမိုးနေ၏။
အကြောင်းမှာ ယနေ့ ဖရာရီ အရောင်းပြခန်းတွင် ကားသွားယူစဉ်က တွေ့ခဲ့သော ကားဈေးနှုန်းများကို သူ့က ထိတ်လန့်နေခြင်း ဖြစ်သည်။
"တကယ်တော့ ဒီလောက်က ဘာမှမဟုတ်ပါဘူး..."
လျန့်ယင်းယင်း သည် ကျန်းဟွမ် ၏ လက်မောင်းကို မှီတွယ်လိုက်ရင်း ပြောသည်။
"အဲ့ဒါက မင်းရဲ့ ဦးလေး နာရီ နှစ်လုံး၊ သုံးလုံးစာပဲရှိတာ..."
လျန့်ကျန်း ကျန်းဟွမ် ၏ နာရီကို စိုက်ကြည့်ရင်း အံ့ဩသွားသည်။
"ဦးလေး...ဦးလေးနာရီက ...အဲ့လောက်တောင် စျေးကြီးတာလား..."
လျန့်ယင်းယင်း သည် သူငယ်ချင်းများ သို့မဟုတ် မိသားစုရှေ့တွင် ဤကဲ့သို့ ပေါ်လွင်သော အခိုက်အတန့်မျိုးကို နှစ်သက်သူ ဖြစ်သည်။
သူမက ဈေးပြောမည်ပြုစဉ် ကျန်းဟွမ် က စိတ်မရှည်စွာ လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောသည်။
" စား..ထမင်းကို ဂရုစိုက်ပြီးစား..."
ကျန်းဟွမ် သည် စည်းစိမ်ကို ကြွားဝါခြင်းသည် ကောင်းမွန်သော အကျင့်စာရိတ္တ မဟုတ်ဟု ယူဆထားသည်။
သူတို့ကို ကြည့်ပြီး ကျန်းယန်ရှန့် တွေဝေသွားသည်။
'ဒီဘဝမှာ အဲ့ဒီကိစ္စက စောစောဖြစ်သွားမှာလား...'
လျန့်ကျန်း သည် ယခင်ဘဝတွင် တစ်နှစ်ခွဲနီးပါး ဤအိမ်တွင် နေထိုင်ခဲ့သည်။ သူထွက်သွားရသည့် အကြောင်းရင်းမှာ ကျန်းဟွမ် ၏နာရီ ပျောက်သွားသောကြောင့် ဖြစ်ပြီး နာရီ၏စျေးနှုန်းသည် ယွမ်တစ်သန်းကျော် သည့်အတွက် ကျန်းဟွမ် က ရဲကိုဖုန်းဆက်ခေါ်လိုက်သည်။
လျန့်ယင်းယင်း က နာရီယူထားသူမှာ အိမ်အကူ အဒေါ်တစ်ယောက် ဟု ထင်ခဲ့သဖြင့် ရဲများ ရောက်မလာခင် သူမကအိမ်အကူ အဒေါ်များကို နာရီ ထုတ်ပေးရန် နှင့် ဝန်မခံပါက ထောင်ထဲပို့မည် ဟု ဆူပူကြိမ်းမောင်းနေခဲ့သည်။
ထို့နောက် ရဲများ ရောက်လာကြပြီး အိမ်ရှိ လူတိုင်းကို စစ်ဆေးရေး နည်းစနစ် များ အသုံးပြု၍ မေးခွန်းသုံးခု မေးသည့်အခါ လျန့်ကျန်း ၏ ဇာတိရုပ်သည် ဘွားခနဲ ပေါ်လာလေ၏။နောက်ဆုံးတွင် နာရီကို ခိုးယူခဲ့သည်မှာ လျန့်ကျန်း ဖြစ် လေသည်။
ထိုအခါ လျန့်ယင်းယင်း က လျန့်ကျန်း ကို သက်ညှာပေးရန် ကျန်းဟွမ် အား ငိုယို တောင်းပန်တော့သည်။ သူမ၏ တူ,သာ ကေမြို့တွင် ထောင်ကျပါက သူမ အိမ်ပြန်သည့်အခါ အရှက်ရမည် ဖြစ်ကြောင်း အသနားခံခဲ့လေသည်။
ထို့ကြောင့် ကျန်းဟွမ် က အမှုကို ရုပ်သိမ်း ပေးပြီး လျန့်ကျန်း ကို မောင်းထုတ်ခဲ့သည်။
ယခုမူ လျန့်ယင်းယင်း သည် ကားကို ၂ နှစ် စော၍ ဝယ်ခဲ့ပြီး လျန့်ကျန်း ရှေ့တွင်လည်း ကျန်းဟွမ်၏ နာရီအကြောင်း ထုတ်ပြောပြီးဖြစ်သည်။
နောက်ဘာဆက်ဖြစ်မှာပါလိမ့်....
ကျန်းယန်ရှန့် အေတွးကိုရပ်လိုက်ပြီး ကျန်းဟယ်လင်း ပန်းကန်ထဲသို့ အသီးအရွက်ထည့်ပေးလိုက်သည်။
ကျန်းဟယ်လင်း : “…”
ကျန်းဟယ်လင်း က နှုတ်ခမ်းစူကာ အသီးအရွက်များကို မစားချင့်စားချင် စားလိုက်လေသည်။
Xxxxxxxx
Part 54
ဤမြင်ကွင်းကို ကျန်းဟွမ် မြင်လိုက်သောအခါ သူရင်ထဲ နွေးထွေးသွားပြီး ကျန်းဟယ်လင်း ကို ချစ်စနိုးပြောလိုက်သည်။
"အသီးအရွက် များများစား...သမီးရဲ့... ဟင်းသီး ဟင်းရွက်စားမှ ပိုကျန်းမာလာမှာ..."
ထို့နောက် သူက ကျန်းဟယ်လင်း နှင့် ကျန်းရှို့ချန် အတွက် ဟင်းသီးဟင်းရွက် များ ထည့်ပေးလိုက်သည်။
"စားလို့ကောင်းတယ်..အစားကို ချေး(ဂျီး) မများရဘူး..."
ထမင်းစားပြီးနောက် ကျန်းယန်ရှန့် သည် အပေါ်ထပ်သို့ မတက်ဘဲ ဧည့်ခန်းငယ်ဆီသို့ သွားပြီး ကျန်းဟယ်လင်း ကလည်း သူမဆီ လျှောက်လာ၏။
ကျန်းဟွမ် ၏ ဖခင်မေတ္တာရုပ်ရှင်သည် မပြီးဆုံးသေးဘဲ 'ဧည့်သည်' အိမ်တွင် ရှိနေသဖြင့် ဖခင်၏ ချစ်ခြင်းမေတ္တာကို ပြသရန် အချိန်ကောင်းလည်း ဖြစ်နေသည်။
ကျန်းဟွမ်က ကျန်းရှို့ချန် ကို ခန်းမငယ်ဆီ ခေါ်သွားပြီး မေးလိုက်သည်။
"သား...စာကြိုးစားရဲ့လား..."
ကျန်းရှို့ချန် က ခါးထောက်လိုက်ပြီး ဂုဏ်ယူစွာ ဖြေသည်။
"သားက နေ့တိုင်း အိမ်စာတွေ အချိန်မှန် လုပ်တယ်...."
ထို့နောက် သားအဖနှစ်ယောက် အချိန်အတန်ကြာ စကားပြောကြပြီး ကျန်းဟွမ် က အလုပ်လုပ်ရန် ထွက်သွားတော့သည်။
ကျန်းဟယ်လင်း က ကျန်းရှို့ချန် ဆီသွားကာ ပြောလေသည်။
"နင် အိပ်ရာထလာရင် အရင်ကစားတာပါ...ငါ နင့်ကိုစာလုပ်ခိုင်းမှ စာလုပ်တာ..."
"ဒါဆို နောက်နေ့ကစပြီး နေ့လည် မရောက်ခင် အပြီးရေးတော့မယ်..."
" နင် စာမရေးရင် အစ်မအကြီးဆုံးက နင့်ကို ရိုက်လိမ့်မယ်...ဒါကြောင့်နင် စာရေးရမယ်..."
ကျန်းယန်ရှန့် သည် ယခင်ဘဝက ကျန်းဟယ်လင်း ကို မျက်ကွယ်ပြုထားကာ ကျန်းရှို့ချန် နှင့်လည်း အချိန်တိုင်း ရန်ဖြစ်လေ့ရှိပြီး နောက်ပိုင်းတွင် သူတို့ကို ပိုပြီး မုန်းတီးလာသည့်အတွက် အိမ်မှထွက်သွားတော့သည်။
ကျန်းယန်ရှန့် က ကျန်းရှို့ချန် ကို ကြည့်ရင်း အရင်ဘဝက ကျန်းရှို့ချန် လို လူဆိုး မဖြစ်နိုင်ဟု တွေးမိသွားသည်။ ထို့ပြင် စိတ်နေ စိတ်ထားမှာလည်း အရင်ဘ၀ကနှင့် ကွားခြားသဖြင့် လူဆိုးတစ်ယောက် မဖြစ်နိုင်ဟု ခန့်မှန်းရသည်။
လေးငါးခြောက် နှစ်ခန့်ကြာသောအခါ တွင် ကျန်းရှို့ချန် သည် သူမထက် လူကောင်ပိုထွားလာပြီး အကျိုးဆက်အနေနှင့် ကြောက်စရာ ကောင်းသောကိစ္စတစ်ခုကို လုပ်ခဲ့လေသည်။သို့သော်ကျန်းဟွမ် က ထိုကိစ္စအတွက် ငွေမြောက်မြားစွာ သုံးစွဲခဲ့သောကြောင့် ကျန်းရှို့ချန် ဒုက္ခမရောက်ခြင်း ဖြစ်သည်။
ထိုအချိန်က ကျန်းရှို့ချန် သည် အသက် ၁၃ နှစ် ဖြစ်ပြီး ကျန်းဟွမ် က သူ့ကို နေ့တိုင်းလိုလို ခါးပတ် နှင့် ရိုက်နှက်တတ်ပြီး သုံးစွဲရန် ပိုက်ဆံ တစ်ပြားမှ မပေးခဲ့သော်လည်း လျန့်ယင်းယင်း က လျှို့ဝှက်စွာ ပိုက်ဆံပေးမြဲ ဖြစ်သည်။
နောက်ပိုင်းတွင် ကျန်းရှို့ချန် ၏ဘဝသည် အဖတ်ဆည် မရလောက်အောင် ပျက်စီးသွားခဲ့လေသည်။
ထိုအချိန်က ကျန်းဟွမ် သည် ယခုကဲ့သို့ မနုပျိုတော့ဘဲ စိတ်ဆင်းရဲမှုဒဏ်ကြောင့် ဆံပင်ဖြူအချို့နှင့် အဘိုးကြီး အသွင်ပေါက်နေခဲ့သည်။
ကျန်း မိသားစုတွင် ကလေး သုံးဦးရှိပြီး နှစ်ဦးက မထွန်းပေါက်သည့်အပြင် ကျန် တစ်ဦးမှာလည်း ပျက်စီးနေသောကြောင့် ကျန်းဟွမ် စိတ်ကျ ရောဂါပါ ဖြစ်ခဲ့ရသည်။
နောင်တအတွက် ဆေးမရှိ ဟု ဆိုရမည် ဖြစ်သည်။ယခင်က ကျန်းဟွမ် သည်သားသမီးများကို ဂရုမစိုက်ခဲ့ဘဲ ယခုမှ ကျန်းရှို့ချန် ကို ပုံစံပြောင်းရန် ကြိုးစားခဲ့သော်လည်း ကျန်းရှို့ချန် ၏ အကျင့်စရိုက်မှာ ငယ်ငယ်ကတည်းက ဆိုးသွမ်းခဲ့၍ ပြင်၍မရတော့ပေ။
သို့သော် ယခု ကျန်းရှို့ချန် မှာ ယခင်ဘဝက ကျန်းရှို့ချန် နှင့် ကွာခြားနေလေ၏။ကျန်းယန်ရှန့် သည် သူ့ကို ဆုံးမရန် ခက်ခဲမည်ဟု အစက ထင်ခဲ့သည်။
ထို့ကြောင့် သူမသည် ကျန်းရှို့ချန် အား မုဒိမ်းကောင်အဖြစ်သာ သဘောထား၍ မျက်နှာသာမပေးခဲ့ခြင်း ဖြစ်သည်။
ဤကလေးသည် ယခင်ဘဝကအတိုင်း ကြီးပြင်းလာမည် ဆိုပါက အခြားမိန်းကလေးများကို မထိခိုက်စေရန် ယခုကတည်းကပင် သတ်ပစ်လိုက်ခြင်းက ပိုကောင်းမည်ဟုပင် သူမ တွေးတောခဲ့သည်။
သို့သော် ကျန်းယန်ရှန့်သည် သူ့ကို နှစ်ကြိမ်ရိုက်နှက်ပြီး နောက်တွင် အံ့ဩစရာကောင်းစွာပင် နာခံခဲ့သည်။ယခု ဘဝမှ အဖြစ်တစ်ချို့သည် ယခင်ဘဝ နှင့် ကွာခြားသဖြင့် ကျန်းရှို့ချန် ပြောင်းလဲလာမည် ဟုသာ မျှော်လင့်ထားရတော့သည်။
"အစ်မ...အစ်မ...”
ကျန်းဟယ်လင်း ရုတ်တရက်ရောက်လာပြီး ကျန်းယန်ရှန့် ၏လက်ကို လှုပ်ယမ်းလိုက်သည်။
“ဟင်..”
"အဖေက ညီမရဲ့ မွေးနေ့ရောက်ရင် အပန်းဖြေဥယျာဉ်ကို လိုက်ပို့မယ်လို့ ပြောတယ်..."
ကျန်းဟယ်လင်း သည် အပန်းဖြေဥယျာဉ်သို့ သွားရရုံသာမက သူမကို အမြဲ လျစ်လျူရှုခဲ့သော ဖခင် သည် သူမအား ဂရုစိုက်လာသောကြောင့် ပျော်ရွှင်နေပုံရသည်။
"ဒါဆိုလည်း ပျော်ပျော် လည်ခဲ့ပါ...."
"အစ်မလည်း လိုက်ခဲ့ပါ...အတူတူသွားရအောင်...."
“အဲဒါကို နောက်မှဆက် ပြောကြရအောင်...”
ကျန်းဟယ်လင်း က 'နောက်မှပြောမယ်' ဟူသော အဓိပ္ပါယ်ကို 'လိုက်မည်' ဟုသာ ယူဆထားလိုက်သည်။
ကျန်းဟယ်လင်း စိတ်လှုပ်ရှားနေချိန်တွင် လျန့်ယင်းယင်း က ဆူလေတော့သည်။
"ဒီလောက်ပူတာ ဘာလို့ အပန်းဖြေဥယျာဉ်ကို သွားမှာလဲ...အိမ်အကူ အဒေါ်တွေကို ကိတ်မုန့်ဝယ်ခိုင်းပြီး ဖယောင်းတိုင်ပဲ မီးမှုတ်လိုက်ရအောင်...."
ယခင်က ကျန်းဟယ်လင်း ၏မွေးနေ့ကို ထိုကဲ့သို့ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ညစာအတွက် ဟင်းလျာများ ထွေထွေးထူးထူး မချက်ပြုတ်ကြဘဲ ပုံမှန်စား နေကျဟင်းများပင် ဖြစ်ပြီးဖယောင်းတိုင်မီးမှုတ်၍ လက်ဆောင်များသာ ရရှိမည်ဖြစ်သည်။
ကျန်းဟွမ် က ကျန်းဟယ်လင်း ၏မွေးနေ့ကို မမှတ်မိဘဲ ညစာစားချိန်၌ ကိတ်မုန့်ကို မြင်မှသာ မှတ်မိတတ်သည်။
ထို့နောက် ကျန်းဟွမ် က ပြုံးလျက် ကျန်းဟယ်လင်း ကို မေးမည်။
"သမီး ဘာလိုချင်လဲ..."
ကျန်းဟယ်လင်း သည် သူမလိုချင်သောအရာကို ပြောလျှင် သူ့ အတွင်းရေးမှူးကို ပြောပြပြီး အတွင်းရေးမှူးက ဝယ်ပေးရပြီး ကျန်းဟွမ် က ကျန်းဟယ်လင်း ကို ပြန်ပေးလိုက်လိုက်မည် ဖြစ်သည်။
ကျန်းဟယ်လင်း သည် ဖခင်ဖြစ်သူကို မွေးနေ့မရောက်ခင် ကြိုပြောကာ လိုချင်သည့်အရာကို ကြိုတင်ပူဆာထားခြင်းလည်း မပြုတတ်ပေ။
ယခုမူ သူမ၏ အပန်းဖြေ ဥယျာဉ်သို့ သွားရန် စိတ်ကူးကို လျန့်ယင်းယင်း က တားနေသဖြင့် သူမ၏ အပြုံးတို့ ပျောက်ကွယ်သွား၍ တောက်ပသော မျက်လုံးများမှာ မှိန်ဖျော့သွားကြသည်။
သူမကို ကြည့်ပြီး ကျန်းယန်ရှန့် .. လျန့်ယင်းယင်း ကို ဒေါသထွက်နေပြီ ဖြစ်သည်။
Xxxxxxx