အပိုင်း ၅၅-၅၆
Viewers 28k

Part 55


သို့သော် ကျန်းယန်ရှန့် သည် လျန့်ယင်းယင်း ကို အော်ဟစ်ကာ ရန်တွေ့လေ့ရှိသော  မိန်းကလေး မဟုတ်တော့ပေ။ 


ကျန်းယန်ရှန့် က ကျန်းဟယ်လင်း ၏ခေါင်းကို ညင်သာစွာ ထိလိုက်ပြီး ကျန်းဟွမ် ကိုသာ အေးစက်စွာ ကြည့်လိုက်သည်။ 


ကျန်းဟွမ် ကလည်း မူလထဲက လျန့်ယင်းယင်း ၏ စကားများသည် စိတ်ပျက်စရာဟုသာ ထင်ခဲ့ရာ ယခု ရိုင်းစိုင်းခြင်းနှင့် ရှုတ်ချမှု တို့ပါ ရောယှက်နေသည် ဟု ခံစားမိသွားသည်။ကျန်းဟွမ် ၏ တစ်နေ့လုံး မကျေနပ်ချက်များသည် ချက်ချင်း စုရုံးပြီး ထွက်ပေါ်လာသည်။


ကျန်းဟွမ် က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။


 “မင်းက ဘာဖြစ်နေတာလဲ....ငါ့စကားတွေက အရေးမပါတော့ဘူးလား..." 


လျန့်ယင်းယင်း သည် ကျန်းဟွမ် ဘာ‌ကြောင့် စိတ်ဆိုးသွားသည်ကို နားမလည်နိုင်ဘဲ ကလေးသုံးယောက်နှင့် တူဖြစ်သူရှေ့တွင် ပြစ်တင်ခြင်း ခံရသဖြင့် ရှက်စိတ်ဖြင့် မွှန်ထူသွားလေသည်။ 


“ဟင့်အင်း...ကျွန်မက ကလေးကို ပြော...”


 "မင်း သူမကို ကလေးမှန်း သိရဲ့လား...သူမ အပန်းဖြေဥယျာဉ်ကို သွားချင်ပေမယ့် မင်းက သူမ ကို အဲဒီကို လိုက်မပို့ချင်ဘူး မလား....မင်းက ဘယ်လိုအမေလဲ...." 


လျန့်ယင်းယင်း သည် ကျန်းဟွမ်၏ စကားကြောင့် မှားသွားသလို ခံစားလိုက်ရ၏။


 ' ကျန်းဟွမ် ဟာ  ကျန်းဟယ်လင်း ကို ဂရုစိုက်တာ မတွေ့ဖူးပါဘူး... သူ ဘာကြောင့် အခုအချိန်မှ သနားစရာကောင်းတဲ့ ဖခင်တစ်ယောက်လို ပြုမူကတာလဲ...' 


လျန့်ယင်းယင်း တွေးနေမိ၏။


"တော်ပြီ...မပြောနဲ့‌တော့....နောက်ဆို မင်းရဲ့ ကလေးတွေကို ပိုဂရုစိုက်...." 


လျန့်ကျန်း က အခြေအနေမကောင်း သည်ကို မြင်တော့ ချောင်းတစ်ချက်ဟန့်ရင်း ဖျန်ဖြေလိုက်သည်။


"ဦးလေး...မနက်ဖြန် ကုမ္ပဏီကို ဘယ်လိုသွားရမလဲ..." 


ကျန်းဟွမ် က ခဏမျှ စဉ်းစားပြီး ပြောလေသည်။


 "မနက်ဖြန် မင်းရဲ့ပထမဆုံးနေ့ဆိုတော့ ငါနဲ့လိုက်ခဲ့..." 


ကျန်းဟွမ် နှင့် လျန့်ယင်းယင်း တို့၏ ရန်ပွဲကြောင့် မောင်နှမ နှစ်ယောက်သည် အပန်းဖြေဥယျာဉ်သို့ သွားရမလား ၊မသွားရဘူးလား မခွဲခြားတတ်တော့ပေ။


ကျန်းဟယ်လင်း သည် စိတ်ပျက်သွားပြီး သူမ အမှားလုပ်မိသည်ဟု ထင်သွားသည်။ကျန်းယန်ရှန့် သည် သူမ၏ကို သိုင်းဖက်ကာ ပခုံးကို ညင်သာစွာ ပုတ်လိုက်သည်။


လျန့်ကျန်း ကို ဖြေလိုက်သော ကျန်းဟွမ် ၏ အဖြေကိုကြားလျှင် သူမ အံ့ဩသွားရသည်။


ကျန်းဟွမ် သည် လျန့်ကျန်းက နေ့တိုင်း သူ့ကားကို လိုက်စီးသဖြင့် စိတ်အနှောင့်အယှက် ဖြစ်ရသည်။မိမိ၏ ကိုယ်ပိုင်နေရာကို ချိုးဖောက်ခံရပါက မည်သူမဆို စိတ်မသက်မသာခံစားရ ပေလိမ့်မည်။ 


ဒုတိယအပတ်တွင် လျန့်ကျန်း သည် ကျန်းဟွမ် ၏ ကားကို လိုက်မစီးတော့ပေ။ 


ထို့ကြောင့် လျန့်ယင်းယင်း က လျန့်ကျန်း ကို  အိမ်ရှိ BMW ကို ပေးစီး‌ခဲ့သည်။ နောက်ပိုင်းတွင် လျန့်ကျန်း က လူချမ်းသာ ဟန်ဆောင်ရင်း လှပသော အမျိုးသမီး ကို လိုက်ရှာခဲ့သည်။ ဤဟန်‌ဆောင်မှုကို ဖြည့်ဆည်းရန် ကျန်းဟွမ် ၏ နာရီကိုလည်း ခိုးယူခဲ့သည်။


ကျန်းဟွမ် သည် သူ့ကို  စိတ်အလွန် ဆိုးခဲ့သည်။ထို့ကြောင့် အခင်းဖြစ်စဥ်က သူ့ကို မောင်းထုတ် ပစ်လိုက်၏။ လျန့်ယင်းယင်း သည် အလွန်သိက္ခာမဲ့သော သူမ၏ တူလေးကြောင့် အရှက်ရသွားသည်။


ယခုဘဝတွင် ဤကိစ္စသည် အမှန်တကယ်ပင် စောစီးစွာ ဖြစ်ပျက်တော့မည်လား.... 


လျန့်ယင်းယင်း သည် ပြိုင်ကားကို  စောစီးစွာ ဝယ်ခဲ့ပြီး ကျန်းဟွမ် ၏ နာရီမည်မျှ တန်ဖိုးရှိသည်ကို သိစေရန် လျန့်ကျန်း ကို ကျန်းအိမ်၏ ကြွယ်ဝမှုများကို ကြိုတင်ပြသခဲ့သည်။ 


ကျန်းဟွမ် သည် လျန့်ကျန်း ကို စောစီးစွာ စိတ်အနှောင့် အယှက် ဖြစ်ရ၍  လျန့်ကျန်း ကို သူနှင့် ကားအတူ စီးခွင့်မပေးခင် 'ပထမနေ့' ဟု သေချာစွာ ပြောလိုက်၏။


 'ပထမနေ့' ၏ အဓိပ္ပါယ်ကို လျန့်ကျန်း နားလည်ပါ့မလား ဆိုသည်ကို သူမ,မသိပေ။


  "သားလည်း အပန်းဖြေဥယျာဉ်ကို သွားချင်မယ်...အပန်းဖြေဥယျာဉ်ကို သွားမယ်..." 


ကျန်းရှို့ချန် က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။


"သွားပါရှင်...သွားပါ..." 


လျန့်ယင်းယင်း က သူ့ကို ပွေ့ဖက်လိုက်ပြီး ပျော်ရွှင်စွာ  ပြောသည်။


 "သားကို  လိုက်ပို့မယ်..." 


လျန့်ယင်းယင်း က ခွင့်ပြုလိုက်သော်လည်း ကျန်းဟယ်လင်း မှာ ပျော်ရွှင်ပုံ မရပေ။


ယခု ကျန်းဟယ်လင်း သည် ကျန်းရှို့ချန် ၏ ဆန္ဒကြောင့်သာ သွားရတော့မည်ဖြစ်သည်။


ရုတ်တရက် ကျန်းယန်ရှန့် က ကျန်းဟယ်လင်း ၏ မျက်ရည်များကို သုတ် ပေးလိုက်သည်။ကျန်းဟယ်လင်း ၏ အားငယ်မှုများသည် ချက်ချင်း ဦးတည်ရာ ရှာတွေ့သွားပြီး  ကျန်းယန်ရှန့် ကို မှီလိုက်ကာ ခါးကိုလည်း ဖက်ထားလိုက်သည်။


ကျန်းယန်ရှန့် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။ 


ဒီကလေးမ ဘာဖြစ်သွားတာလဲ...


 ယနေ့တစ်နေ့လုံး ကျန်းဟယ်လင်းသည်  သူမ နှင့် နီးကပ်စွာ နေခဲ့သဖြင့် သူမကို တွန်းမထုတ်ရက် ဖြစ်နေပြီး ကျန်းဟယ်လင်း ၏ ပခုံးကို အသာပြန်ဖက်ထားလိုက်သည်။


တစ်ဖက်တွင် လျန့်ကျန်း က ကျန်းဟွမ် ကိုမေးနေလေသည်။


 "ဦးလေး...ရဲ့ကုမ္ပဏီမှာ အလုပ်လုပ်ရင် ကျွန်တော် ဘယ်လို ရာထူး ရမှာလဲ...." 


"မင်းလိုလူငယ်တွေက အလုပ်သင်ကပဲ စလုပ်ရမယ်... "


ကျန်းယန်ရှန့် သည် သူတို့ စကားဝိုင်းကို စိတ်မဝင်စားသောကြောင့် ကျန်းဟယ်လင်း ကို ခေါ်ကာ အပေါ်တက်သွားသည်။


လှေကားထစ်များကို တက်လာကြရင်း ကျန်းယန်ရှန့် က ကျန်းဟယ်လင်း ကို ‌ပြောလိုက်သည်။


“နင် ဘာလို့ ငိုနေတာလဲ...နင့်အမေက လိုက်ပို့မယ် လို့ ပြောတယ်မဟုတ်လား..."


“အမေက ညီမရဲ့ မွေးနေ့ပွဲကို ကျင်းပဖို့ မဟုတ်ဘဲ ရှို့ရှို့ ကို လိုက်ပို့ဖို့ အဲဒီကို သွားမှာ...” 


ကျန်းယန်ရှန့် သဘောပေါက်သွားသည်။


  "ဟင်...ဒါဆို ဘာလဲ...နင် အဲဒီကို မသွားတော့ဘူးလား...ငါပြောပြမယ်....သူများကြောင့် ကိုယ့်ကိုကိုယ် စိတ်မဆင်းရဲစေနဲ့... ငါပြောတာ နားလည်လား....အထူးသဖြင့် နင့်အမေ‌ပဲ..သူမကြောင့် နင် စိတ်ဆင်းရဲရင် အဲ့ဒါ ရူးလို့ပဲ... ဒီအိမ်မှာ နင့်အမေက အဖေနဲ့ ကျန်းရှို့ချန် ကလွဲလို့ တခြားလူတွေကို ဘယ်တုန်းက ပျော်ရွှင်အောင်လုပ်ခဲ့ဖူးလို့လဲ..." 


ထိုသို့ပြောပြီးနောက် ကျန်းယန်ရှန့် က  ဆက်လျှောက်သွားသည်။


Xxxxxxx


Part 56


ကျန်းယန်ရှန့် သည်  ခြေတံရှည်ရှည်နှင့် လမ်းမြန်မြန် လျှောက်တတ်သူ ဖြစ်ပြီး ကျန်းဟယ်လင်း ကမူ အရပ် ပုပု ၊ပိန်ပိန်ပါးပါး ဖြစ်သည်။


ကျန်းဟယ်လင်း ကနောက်ကလိုက်လာပြီး မေးလိုက်သည်။


 "အစ်မ...အမေ့ကို အရမ်းမုန်းလား...”


 ကျန်းယန်ရှန့် က  ဖုံးကွယ်မထားဘဲ  ပြောသည်။


"ငါ့ကို မေးစရာ လိုသေးလို့လား..."


လွန်ခဲ့သည့်နှစ်များအတွင်း၊ ကျန်းယန်ရှန့် နှင့် လျန့်ယင်းယင်း တို့သည် ကျန်းအိမ်ထဲတွင် အကြိမ်ပေါင်း မရေတွက်နိုင်‌အောင် ရန်ဖြစ်ခဲ့ကြသည်။


 “ဒါဆို အစ်မ…ညီမကိုရော မုန်းလား...” 


ကျန်းယန်ရှန့် က ရပ်လိုက်ပြီး  သူမကို လှည့်ကြည့်လိုက်သည်။ ကျန်းဟယ်လင်း သည် မျက်နှာငယ်လေးဖြင့် သူမကို မော့ကြည့်နေပြီး စိတ်လှုပ်ရှားနေပုံရသည်။ 


ကျန်းယန်ရှန့် က အံကြိတ်လိုက်ပြီး ပြောသည်။ 


"ငါ နင့်ကို မုန်းတယ်..." 


သူမက ကျန်းဟယ်လင်း ၏နဖူးကို ခပ်ဖွဖွ ရိုက်လိုက်ပြီး ပြောသည်။


"ငါ နင့်ကိုမုန်းတယ်...ငါနင့်ကိုမုန်းတယ်...ငါ့ကို စိတ်အနှောက် အယှက် အပေးဆုံးက နင်ပဲ...နင် ငါ့ကို တစ်နေကုန် လိုက်တွယ်ကပ်နေတာကိုး..." 


ကျန်းဟယ်လင်း က နဖူးကို ပွတ်သပ်လိုက်ပြီး ပျော်ရွှင်စွာ ပြုံးလိုက် ပြောသည်။


"ညီမကို မမုန်းပါဘူး...ညီမသိတာပေါ့..." 


 


 "နင်က အငိုလွယ်ပြီး ပျော့ညံ့တဲ့သူဆိုတာ နင်သိပါတယ်...နင့်အမေက နင့်ကို စိတ်မချမ်းသာအောင် လုပ်တယ်...နင် ငိုလိုက်ရင် ပိုပြီး စိတ်ဆင်းရဲရမှာပေါ့...”


 " ဟင့်အင်း...ညီမ ဝမ်းနည်းတယ်...သူမက ညီမကို ဆွဲဆိတ်လိုက်တာ...အရမ်းနာတာပဲ...."


ထိုသို့ ပြောပြီး သူမက  ကျန်းယန်ရှန့် အား လက်မောင်းမှ ဒဏ်ရာကို ပြသလိုက်သည်။နေ့လည်စာ မစားမီက ကျန်းဟယ်လင်း လမ်းလျှောက်နေစဉ် ရုတ်တရက် နာကျင်စွာ အော်ဟစ်လိုက်သည်ကို သူမ သတိရသွားသည်။


 " နင့်ကို ဘာလို့ ဆွဲဆိတ်တာလဲ..." 


 " ညီမ ဝတ်ထားတာ ရုပ်ဆိုးလို့တဲ့...." 


လျန့်ယင်းယင်း သည် အဝတ်အစားများက မလှ၍ စိတ်ဆိုးခြင်း မဟုတ်ဘဲ သူမတို့နှစ်ယောက် နီးကပ်နေသောကြောင့် ဖြစ်သည်။


ကျန်းယန်ရှန့် က ပြုံးလိုက်ပြီး ဆဲလ်ဖုန်းကို ထုတ်ကာ ကျန်းဟယ်လင်း ၏ လက်မောင်းရှိ ဒဏ်ရာများကို ဓာတ်ပုံရိုက်ကာ ကျန်းဟွမ် ထံ ပို့လိုက်သည်။


'အဖေ့ရဲ့ သမီးလေးအတွက် စိတ်မကောင်းပါဘူး...'


ယခု သူမသည် ကျန်းဟွမ်၏ သဘောထားကို နားလည်လာပြီ ဖြစ်သည်။ကျန်းဟွမ်၏ စိတ်ထဲတွင် ပထမအချက်မှာ သူ့ကိုယ်သူ အချစ်ဆုံး ဖြစ်ပြီး၊ ဒုတိယမှာ သူ့သားဖြစ်သူ၊ တတိယမှာ သမီးများနှင့် ဇနီးဖြစ်သည်။ကျန်းဟွမ်သည် ဇနီးသည်ကို သွေးသားရင်းချာများ နောက်တွင် ထားရှိသူ ဖြစ်သည်။ တကယ်တမ်းတွင် ကျန်းဟွမ် တို့ လင်မယားသာ ကွာရှင်းလိုက်ပါက သူတို့နှစ်ယောက်သည် သူစိမ်းများ ဖြစ်သွားမည် ဖြစ်ပြီး သွေးသားရင်းချာသည်သာ တစ်သက်လုံး အတူတူရှိနေမည် ဖြစ်သည်။ 


 "ကောင်းပြီ...သူမကို အခုကစပြီး လျစ်လျူရှုလိုက်ပါ...နင် မပျော်တာကိုမြင်ရတာ သူမက ကြိုက်တယ်လေ..." 


နောက်ဆုံးစကားကို ပြောပြီးပြီးချင်း ကျန်းယန်ရှန့် နောင်တရသွားသည်။ကံကောင်းစွာနှင့် ကျန်းဟယ်လင်း သည် ငယ်သေးသဖြင့် ထိုစကား၏ အဓိပ္ပါယ်ကို သိမည်မဟုတ်ပေ။


"အစ်မ..." 


ထို့နောက် သူမ၏ လက်များကို ကျန်းယန်ရှန့် ဆီ ဆန့်ထုတ်လိုက်ပြီး မျှော်လင့်ချက် အပြည့်ဖြင့် မေးလိုက်သည်။


 "ညီမကို ဖက်ထားပေးလို့ ရမလား..." 


ကျန်းယန်ရှန့် က သူမကို မကြည့်ဘဲ မျက်နှာကျက်ကို မော့ကြည့်ကာ ပြောသည်။


"ကျန်းဟယ်လင်း...နင် အပိုတွေ မလုပ်..." 


စကားမဆုံးခင် ကျန်းဟယ်လင်း က သူမကို  ပွေ့ဖက်လိုက်ပြီး ဖြစ်နေ၏။


"ညီမကို ဖက်ထားပေးပါ...အမေက  ညီမကို တစ်ခါမှ မပွေ့ဖက်ခဲ့ဖူးဘူး…” 


ကျန်းယန်ရှန့် သည် နှလုံးသားကို လက်သီးနှင့် ထိုးနှက်ခံရသကဲ့သို့ နှလုံးသားကို နာကျင်စေပြီး စိတ်မသက်မသာ ဖြစ်သွားသည်။


တစ်ကယ်တမ်း ကျန်းယန်ရှန့် သည်လည်း  မိခင်ဖြစ်သူ ဆုံးပြီးကတည်းက မည်သူ့ကိုမျှ မပွေ့ဖက်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။


ကျန်းဟယ်လင်း ၏ ပြောသံကို သူမ ကြားလိုက်ရသည်။ 


“ညီမရဲ့ အတန်းဖော်တွေက ညီမမှာ အစ်မတစ်ယောက် ရှိတာကို အရမ်း သဘောကျကြတယ်....အစ်မရှိတာ အရမ်း​ကောင်းတယ်​လို့ အားလုံးက ထင်​ကြတယ်​..."


 "ဒါ‌‌ပေမဲ့ အစ်မက အရမ်းရက်စက်တယ်လို့ သူတို့ကို မပြောရဲဘူး..." 


ကျန်းယန်ရှန့် : “…” 


 “အစ်မက  ညီမကို ဂရုမစိုက်ဘူးလို့ သူတို့ကို မပြောခဲ့ဘူး....အစ်မက ညီမကို အရမ်း ဂရုစိုက်တယ်လို့ပဲ ပြောခဲ့တယ်…” 


သူမ၏ ရင်ခွင်ထဲက ကလေးက ထပ်မံ၍


 “ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ ညီမ မမျှော်လင့်ထားဘူး...ညီမ အရမ်းပျော်တာပဲ..." 


ကျန်းယန်ရှန့် သည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီး နောက်ဆုံးတွင် ကျန်းဟယ်လင်း ကို ပြန်လည်ပွေ့ဖက်လိုက်သည်။


မိခင်မရှိသော သို့မဟုတ် မိခင်က တန်ဖိုးထားခြင်း မခံရသော မိန်းကလေးနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ခဏမျှ ပွေ့ဖက်ထားကြပြီး တအရာက  နှလုံးသားထဲမှ စစ်မှန်သည့် နူးညံ့မှုနဲ့ နွေးထွေးမှု တို့ဖြစ်ကြသည်။


ကျန်းဟယ်လင်း သည် အခန်းထဲသို့ ဝင်ဝင်ချင်း ကျန်းယန်ရှန့် ၏ခေါ်သံကို ကြားလိုက်ရသည်။


 “ဟယ်ဟယ်...”


 "?"


 "မနက်ဖြန်ကျရင်...အဖြူရောင် အောက်ခံမှာ ရွှေရောင်ထပ်ထားတဲ့ အင်္ကျီ ၀တ်ခဲ့..." 


ယနေ့ သူမတို့ နှစ်ဦးသည် ဆင်တူ ဝတ်စုံ များစွာ ဝယ်ခဲ့ကြသဖြင့် ကျန်းယန်ရှန့် ပြောသည့် ဝတ်စုံကို သူမသိသည်။


ကျန်းဟယ်လင်း က ပြုံးလိုက်ပြီး လက်ဖြင့် OK ပုံစံ လုပ်ပြလိိုက်သည်။ 


ကျန်းယန်ရှန့် က ပြုံးပြလိုက်သည်။


'အစ်မအပြုံးက အရမ်းလှတာပဲ'


Xxxxxx