Part 57
တနင်္လာနေ့...
ကျန်းဟွမ် ထမင်းစားခန်းထဲတွင် မနက်စာစားနေစဉ် နောက်မှ ခြေသံကြား၍ လှည့်ကြည့်လိုက်သည်။
မနက်ခင်း ပန်းပွင့်နှင့်တူပြီး အဝတ်ဆင်တူ ဝတ်ထားသည့် သူ၏ သမီးနှစ်ယောက်သည် ထမင်းစားခန်းထဲသို့ တစ်ယောက်ပြီး တစ်ယောက် လျှောက်လာနေကြသည်။
ဤတနင်္လာနေ့ မနက်ခင်းသည် အမှန်တကယ် ကျက်သရေ ရှိနေလေ၏။
"သမီးတို့ စောစော နိုးနေတာလား...."
ကျန်းဟွမ် က ပြုံးပြီး မေးလိုက်သည်။
"တစ်နေ့တာအတွက် အလုပ်ချိန်နဲ့ အနားယူချိန်ကို သေချာ သတ်မှတ်ထားသင့်တယ်လေ....ပြီးတော့ မနက်အစောကြီးထတာက ဦးနှောက်ကို ရွှင်လန်းစေတယ်..."
ကျန်းယန်ရှန့် က ပြောလိုက်သည်။
"ခါးကို မတ်မတ်ထိုင်..."
ကျန်းဟယ်လင်း သည် ရှင်မီး အင်္ကျီအသစ်ကို ၀တ်ထားပြီး အနည်းငယ်အဆင်မပြေသောကြောင့် ရင်သားကိုထိန်းထားသဖြင့် ခါးကုန်းနေလေသည်။
ကျန်းဟွမ် သည် ညီအစ်မနှစ်ယောက်၏ ရင်းနှီးသော မြင်ကွင်းကို ကြည့်ပြီး ကြည်နူးနေပြီး ကျန်းဟယ်လင်း ကို ကြင်နာစွာ မေးလိုက်သည်။
"သမီးရဲ့လက်မောင်းက ဒဏ်ရာက အဆင်ပြေရဲ့လား... အဖေ့ကို ပြပါဦး..."
ကျန်းဟယ်လင်း သည် သူမကို ပြောနေမှန်း မသိသောကြောင့် ကျန်းယန်ရှန့် က သူမ လက်ကိုဆွဲယူကာ ကျန်းဟွမ် ကိုပြလိုက်သည်။
ကျန်းဟယ်လင်း ၏ ဖြူနုသော လက်မောင်းပေါ်တွင် ခရမ်းရင့်ရောင် အမှတ်အသားတစ်ခုကို ကျန်းဟွမ် တွေ့လိုက်ရသည်။
“မနေ့ညက သမီးရဲ့ အမေကို အဖေ ဆူလိုက်တယ်...နောက်ဆို သမီးကို ထပ်ပြီး လိမ်ဆွဲရင် အဖေ့ကို လာပြောနော်..."
သူတို့ ပြောနေကြစဉ် လျန့်ကျန်း က 'မင်္ဂလာနံနက်ခင်းပါ' ဟု နှုတ်ဆက်ကာ ဝင်ထိုင်လိုက်သည်။သူသည် သားရေ ရှူးဖိနပ်နှင့် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ပိုလိုရှပ်အင်္ကျီသာ ဝတ်ဆင်ထားသော ကျန်းဟွမ် ထက်ပင် သူဌေးနှင့် ပိုတူနေတော့သည်။
"မင်္ဂလာနံနက်ခင်းပါ..."
ကျန်းဟယ်လင်း က ပြန်နှုတ်ဆက်လိုက်သော်လည်း ကျန်းယန်ရှန့် ကမူ ခေါင်းသာ ညိမ့်ပြလိုက်သည်။
လျန့်ကျန်း သည် ကျန်းယန်ရှန့် ၏အမူအရာကို မကြိုက်သော်လည်း ယနေ့သည် သူ့အတွက် ကုမ္ပဏီတွင် အလုပ်စ ဝင်မည့်နေ့ ဖြစ်သောကြောင့် လျစ်လျူရှု ထားလိုက်သည်။
"ဦးလေး...ကျွန်တော်တို့ ဘယ်အချိန်သွားမှာလဲ..."
“ငါကတော့ ထမင်းစားပြီး ခဏကြာမှ သွားတယ်... မင်းစောစောသွားချင်ရင် တစ်ယောက်တည်း သွားလို့ရတယ်...."
ထို့နောက် ကျန်းဟွမ်က ကျန်းဟယ်လင်း ကို ပြောလေသည်။
" ကျန်းရှို့ချန် ကို သွားခေါ်လိုက်ပါ သမီးရေ..."
"ဟုတ်ကဲ့ အဖေ...သူ အခန်းထဲမှာ ဆော့နေတာ ဖြစ်မယ်...”
ကျန်းဟယ်လင်း က ထပြီး အပေါ်ထပ်ကို မြန်မြန် ပြေးတက်လိုက်လျှင် ကျန်းဟွမ် က သတိပေးလိုက်သည်။
"ထမင်းစားပြီးရင် မပြေးရဘူးလေ...သမီးရဲ့..."
ကျန်းဟယ်လင်း က ကျန်းရှို့ချန် ခေါ်လာသောအခါ လျန့်ကျန်းသည် ထမင်းစားပွဲ တွင် ရှိမနေတော့ပေ။
ထို့နောက် ကျန်းရှို့ချန် က ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။
“နင့် မမက နောက်ဆို စန္ဒယား သင်ရတော့မှာမို့ နင်ကိုယ်တိုင် အိမ်စာ လုပ်ရမယ်...ငါ နင့်ကို ကြည့်ဖို့ တတိယထပ်ကို မလာတော့ဘူး...ငါ့မှာ အားလပ်ချိန်မရှိဘူး..."
ကျန်းယန်ရှန့် ကအေးစက်စွာ ပြောလေသည်။
" ပြီးတော့ နေ့လည်ကျရင် အိမ်စာ စစ်မယ်...ဗုဒ္ဓဟူးနေ့မှာ ဟယ်ဟယ်နဲ့ ငါက မုန့်စားသွားမယ်...ပြီးရင် VR ဂိမ်းကစားကြဦးမှာ...နင် ငါတို့နဲ့ လိုက်ချင်ရင် လိမ်လိမ်မာမာနေ...”
"နင် မလိမ္မာရင် အစ်မက နင့်ကို တုတ်နဲ့ ရိုက်လိမ့်မယ်..."
ကျန်းဟယ်လင်း ကလည်း သူ့ကိုကြောက်အောင် ပြောလိုက်သည်။
သူ့ညီမနှစ်ယောက်၏ စကားကြောင့် ကျန်းရှို့ချန် လန့်ဖျပ်သွားသည် ကိုမြင်၍ အိမ်အကူ အဒေါ်များက မီးဖိုခန်းထဲတွင် ပါးစပ်ကိုအုပ်ပြီး ရယ်နေကြသည်။
“အခုတော့ သူ့ကို နိုင်မယ့်လူ ပေါ်လာပြီ ...”
ကျန်းယန်ရှန့် က ကျန်းဟယ်လင်း ကို ပြောသည်။
“ဆရာမ ယန့် က အရမ်းစိတ်ရှည်တယ်...မသိတာရှိရင် မကြောက်နဲ့ မေးလို့ရတယ်..."
ကျန်းယန်ရှန့် က ဆရာမယန့် ကို ကျန်းဟွမ် အား ဆက်သွယ်ခိုင်းသော်လည်း မေ့သွားသည့်အတွက် လူချင်းတွေ့၍သာ ဆက်သွယ်ခဲ့ရသည်။
ဆရာမယန့် သည် ကျန်းဟွမ်ကို ကျန်းယန်ရှန့် ၏မိဘဖြစ်ကြောင်း သိရသောအခါ ဝမ်းသာအားရ သဘောတူခဲ့သည်။
"ယန််ရှန့် က အရမ်းကြိုးစားပြီး တစ်ကယ်တော်တဲ့ ကလေးပါ..."
မိဘများသည် ဆရာသမားများထံမှ သားသမီးများကို ချီးကျူးစကားကြားရသည်ကို နှစ်သက်ကြသည်ဖြစ်၍ ကျန်းဟွမ် လည်း ပီတိဖြစ်နေတော့၏။
ဆရာမ ယန့် က ကျန်းဟယ်လင်း ၏ တခြားအတန်းချိန်များနှင့် မတိုက်မိအောင် စီစဉ်ခိုင်းသည့်အခါ ကျန်းဟွမ် မှာ ပြန်မပြောနိုင်ပေ။အဘယ်ကြောင့်ဆိုသော် ကျန်းဟယ်လင်း တွင် တခြားအတန်းများ ရှိမှန်း သူ မသိထား၍ ဖြစ်သည်။
ထို့နောက် ကျန်းဟွမ် က အတွင်းရေးမှူးထံ ကျန်းဟယ်လင်း၏ အတန်းချိန်များအကြောင်း မေးမြန်းခိုင်းလိုက်သည်။ အတွင်းရေးမှူးသည် လျန့်ယင်းယင်း ကို ဆက်သွယ်ကြည့်ရာ သူမကလည်း
မသိပေ။
နောက်ဆုံးတွင် ကျန်းဟယ်လင်း ဆီ ဖုန်းခေါ်လိုက်မှသာ အတန်းချိန်များ၏ အချိန်ဇယားကို ပြောပြလိုက်လေသည်။
အတွင်းရေးမှူးက ကျန်းဟွမ်ကို ပြောလိုက်သည်။
"ဟယ်ဟယ်က အရမ်းဥာဏ်ကောင်းတာပဲ..."
ကျန်းဟွမ် ဂုဏ်ယူရပြန်သည်။
......
ကျန်းယန်ရှန့် သည် မနက်တိုင်း အခန်းတံခါးကို ပိတ်ထားပြီး စာကျက်တတ်သည်။ကျန်းယန်ရှန့် သည် စာတစ်ဝက်ခန့် ကျက်ပြီးသောအခါ စန္ဒယားသင်နေသော ကျန်းဟယ်လင်း ကို သွားကြည့်၍ ဆရာမယန့် ကို နှုတ်ဆက်လိုက်သည်။
ဆရာမယန့် က ကျန်းယန်ရှန့် ကို မိဘအုပ်ထိန်းသူနှင့် တွေ့ဆုံကာ ဆွေးနွေးချင်ကြောင်း ပြော လေသည်။
လျန့်ယင်းယင်း မှာ အိပ်ရာမထ သေး၍ ကျန်းယန်ရှန့် ကသာ ကြည့်ပြောထားလိုက်ရသည်။
"သမီးကို ပြောလို့ရပါတယ် ဆရာမ...သမီး ပြန်ပြောလိုက်ပါ့မယ်...."
“ကလေးမှာ လက်ကွက်တွေ မှားနေလို့ ဖြည်းဖြည်းချင်း ပြင်ဖို့ လိုတယ်...”
ကျန်းယန်ရှန့် က ဤကိစ္စသည် အရင် ဆရာဟောင်း ၏ အမှားမှန်းသိထားသည်။
"ရပါတယ်ရှင့်...ဆရာမပဲ ဖြေးဖြေးချင်း ပြင်ပေးပါ..."
ကျန်းဟွမ် နှင့် လျန့်ယင်းယင်း ကို အသေးအဖွဲ့ လေးများနှင့် ပတ်သက်၍ အားမကိုးရမှန်း သိ၍ သူမက ထပ်ပြောလိုက်သည်။
“နောက်ဆို သူမရဲ့ သင်ယူမှုနဲ့ပတ်သက်ပြီး ပြောစရာရှိရင် သမီးကို ပြောပါ...”
Xxxxxxx
Part 58
ဆရာမယန့် ကို ကျန်းယန်ရှန့် ၏ မိခင်က ငှားရမ်းခဲ့ခြင်း ဖြစ်ပြီး ကျန်းယန်ရှန့်ကို နှစ်ပေါင်းများစွာ သင်ကြားပေးခဲ့သဖြင့် သူမတို့ မိသားစုအခြေအနေမှာ အနည်းငယ်ရှုပ်ထွေးနေမှန်း ဆရာမယန့် သိထားသည်။ထို့အပြင် ကျန်းဟွမ်သည် သားသမီးများကို ဂရုစိုက်ပေးသည့် ဖခင်မျိုး မဟုတ်မှန်းလည်း သူမ ခန့်မှန်းမိလေ၏။
ဆရာမယန့် က ခေါင်းညိတ်ပြီး ပြောလေသည်
"ကောင်းပါပြီ..."
ကျန်းယန်ရှန့် ထွက်သွားသောအခါ ဆရာမက ကျန်းဟယ်လင်း ၏ခေါင်းကို ပွတ်သပ်လိုက်ပြီး ပြောသည်။
"သမီးရဲ့ အစ်မက အရမ်း ဂရုစိုက်တယ်နော်..."
ကျန်းဟယ်လင်း က ကျေနပ်စွာ ပြုံးလိုက်သည်။
ကျန်းယန်ရှန့် သည် မွန်းတည့်ချိန်အထိ စာကျက်ခဲ့ပြီးနောက် ကျန်းရှို့ချန် ၏ အိမ်စာများကို စစ်ပေးလိုက်သည်။
ထို့နောက် သူမ ကျန်းဟွမ် ၏ အတွင်းရေးမှူးကို ဖုန်းဆက်ပြီး ပြောလိုက်သည်။
“သြဂုတ်လ ၂ ရက်နေ့ ကျန်းဟယ်လင်း ရဲ့မွေးနေ့မှာ အပန်းဖြေဥယျာဉ်ကို သွားဖို့ အဖေ ကတိပေးထားတယ်...ကျေးဇူးပြုပြီး အဖေ့ရဲ့အချိန်ဇယားထဲမှာ ထည့်ထားပေးပါ...သူမေ့မသွားအောင်လို့...”
အတွင်းရေးမှူးက သဘောတူလိုက်ပြီး ကျန်းဟွမ် ကို ပြောပြလိုက်သည်။
"ငါမေ့တော့မလို့... မြန်မြန်လုပ်...ငါ့အချိန်ဇယားထဲ ထည့်ထားလိုက်ပါ...သမီးကို ကတိပေးထားတယ်..."
"မမလေး ယန်ယန်က အရွယ်ရောက်လာပြီ....သူ့ညီမကို စောင့်ရှောက်နိုင်နေပါပြီ...."
ကျန်းဟွမ် သည် ထိုစကားကိုကြားသောအခါ ကြည်နူးသွားသည်။
လျန့်ကျန်း သည် အလုပ်သင်အဖြစ် လုပ်ရသည်ကို လျန့်ယင်းယင်း ကို အပြစ်တင်ခဲ့သော်လည်း ရုံးဆင်းလာသောအခါ ပျော်ရွှင်လာပုံရသည်။
"ကျွန်တော်က ဦးလေးရဲ့တူ,လို့ ပြောလိုက်တာ...လူတိုင်းက ကျွန်တော့်ကိုကောင်းကောင်းဆက်ဆံကြတယ်..."
ယခင်ဘဝက ကျန်းယန်ရှန့် သည် လျန့်ကျန်းကို လျန့် မိသားစုဝင် ဖြစ်သောကြောင့် လျစ်လျူရှုခဲ့သည်။ထို့ကြောင့် လျန့်ကျန်း အလုပ်စဝင်သည့် ပထမဆုံးနေ့မှာပင် ဆွေမျိုးတော်စပ်ကြောင်း အခြားသူများအား ပြောပြသည်ကို သူမ မသိခဲ့ပေ။ထိုစကားကို ကြားလိုက်ရသောအခါ သူမက ခပ်မဲ့မဲ့ ပြုံးလိုက်သည်။
ကျန်းယန်ရှန့် သည် ကုမ္ပဏီတစ်ခုကို စီမံခန့်ခွဲရာတွင် အတွေ့အကြုံ မရှိသော်လည်း ကျန်းဟွမ် ကြိုက်မည်မဟုတ်မှန်း ခန့်မှန်းမိလေ၏။
"နင် ဥာဏ်သုံးတတ်ရင် လုပ်ဖော်ကိုင်ဖက်တွေက နင့်ကို နိုင့်ထက်စီးနင်း လုပ်ရဲမှာ မဟုတ်ဘူး..."
လျန့်ယင်းယင်း က ပြောလိုက်သည်။
လျန့်ယင်းယင်း ကဲ့သို့ အရည်အချင်းမရှိသည့် မိခင်တစ်ဦး၏ စကားကြောင့် ကျန်းရှို့ချန် အဘယ်ကြောင့် ရာဇ၀တ်မှု ကျူးလွန်ခဲ့သည်ကို နားလည်နိုင်သည်။
"အဲဒီလို ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး..ကျွန်တော်တို့ ကုမ္ပဏီမှာ ကျွန်တော်က ဘယ်လိုလုပ် အနိုင်ကျင့် ခံရမှာလဲ....ကျွန်တော် အဲ့လောက် မအ,သေးပါဘူး..."
"ဘာပဲဖြစ်ဖြစ် နင်တော်ရင် ငါ့အတွက် ဂုဏ်ယူစရာပေါ့..."
လျန့်ယင်းယင်း သည် မိသားစုနှင့် ဆက်ဆံရေး မည်မျှပင် မကောင်းသည်ဖြစ်စေ ကျန်းမိသားစုနှင့် ရင်ဆိုင်ပါကမိသားစုကို အရေးပေးရုံသာမက ချို့ယွင်းချက်များ ကိုလည်း ကာကွယ်ပေးတတ်သူ ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ကျန်းယန်ရှန့် သည် လျန့် မိသားစုကို နှိမ့်ချမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
“အန်တီ...ဦးလေးကို ပြောသင့်တယ်... ကျွန်တော့်ကို ဘာလို့ အလုပ်သင် ခန့်တာလဲ...ကျွန်တော် တောင်းဆိုနေတာမဟုတ်ဘူး...ကျွန်တော်က ဘွဲ့ရပြီးပြီမို့ ဒါရိုက်တာ မဖြစ်ရင်နေပါ... အနည်းဆုံးတော့ မန်နေဂျာဖြစ်သင့်တယ်လေ...”
ကျန်းယန်ရှန့် သည်းမခံနိုင်တော့ဘဲ တူ,ကို ချလိုက်ပြီး ကျန်းဟယ်လင်း ကို ပြောလိုက်သည်။
"အစ်မ ဗိုက်ပြည့်ပြီ...ကောင်းကောင်းစားနော်..."
ထို့နောက် သူမထွက်သွားလေသည်။
"ဒီအိမ်က သမီးအကြီးဆုံးက ကျွန်တော့်ကို သိပ်သဘောတွေ့ပုံ မရဘူး..."
လျန့်ယင်းယင်း က သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောသည်။
"သူမ သဘောကျတာ ဘယ်သူများ ရှိသေးလို့လဲ... သူမရဲ့အဖေကိုတောင် သဘောမတွေ့ဘူး..."
ကျန်းယန်ရှန့် က သူမကိုလည်ပင်း ညှစ်ခဲ့သည့်အကြောင်းကို တူဖြစ်သူအား မပြောဘဲထိမ်ချန်ထားလိုက်သည်။
လျန့်ယင်းယင်းက ထမင်းကို တိတ်ဆိတ်စွာ စားနေသော ကျန်းဟယ်လင်း ကို အော်လိုက်သည်။
“နင် ဘာဝတ်ထားလဲ ကြည့်စမ်း....နင့်အတွက် ငါ စကတ်တွေ အများကြီး ဝယ်ပေးထားတယ်.... ဘာလို့ သူမလို ဝတ်ရမှာလဲ...ငါ့ကိုစိတ်ဆိုးအောင် လုပ်နေတာလား...."
သူမက ပြောရင်း လက်ကို ကျန်းဟယ်လင်း ဆီ လှမ်းလိုက်ရာ ကျန်းဟယ်လင်း က အော်ပြောလိုက်သည်။
"သမီးကို နောက်တစ်ခါ ဆိတ်ဆွဲရင် အဖေ့ကို ပြန်တိုင်မှာနော်..."
လျန့်ယင်းယင်း လက်က လမ်းတစ်ဝက်မှာတင် ရပ်တန့်သွားသည်။
မနေ့ညက သူမ နားမလည်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။ကျန်းဟွမ် သည် ကျန်းဟယ်လင်း ၏ လက်မောင်းကို လိမ်ဆွဲသည့် အဖြစ်အပျက်ကို ဒေါသထွက်ပြီး သူမကို ဆူပူခဲ့၏။
ထူးခြားသည်မှာကျန်းဟွမ် က ကျန်းဟယ်လင်းကို ဂရုစိုက်တတ်လာပြီး ကျန်းဟယ်လင်းနှင့် ပတ်သတ်လျှင်သည် အလွယ်တကူ စိတ်ဆိုးတတ်နေပြီ ဖြစ်သည်။
လျန့်ယင်းယင်း သည် တစ်ဘဝလုံး ချမ်းချမ်းသာသာ နေနိုင်ရန် ကျန်းဟွမ် အား မှီခိုနေရသူဖြစ်၍ ကျန်းဟွမ် ၏ စကားအတိုင်း သဝေမတိမ်း လိုက်နာရပေမည်။
ကျန်းဟယ်လင်း က အော်လိုက်သောအခါ လျန်းယင်းယင်း ဆိတ်မဆွဲဝံ့တော့ပေ။ အကယ်၍ ဆိတ်ဆွဲလိုက်ပါက အမှတ်ကြီးဖြစ်ကျန်မည်ဖြစ်၍ ကျန်းဟွမ် သိသွားနိုင်သည်။
လျန့်ယင်းယင်း က ကျန်းဟယ်လင်း ၏နဖူးကို ပြင်းထန်စွာရိုက်လိုက်ပြီး ပြောသည်။
"နင့် အဖေကိုပြောဖို့ သတ္တိရှိနေတယ် ဟုတ်လား...နင့်အဖေက ငါ့ကို ဆူတယ်... အဲ့ဒါ မနေ့က နင်တိုင်လိုက်တာလား..."
တကယ်တမ်းတွင် ဒဏ်ရာကို ဓာတ်ပုံရိုက်ပြီး ကျန်းဟွမ် ကို ပေးပို့ခဲ့သူမှာ ကျန်းယန်ရှန့် ဖြစ်သည်။သို့သော် ကျန်းဟယ်လင်း က အစ်မဖြစ်သူကို သစ္စာမဖောက်ပေ။
“အဖေက သူ့ဘာသာသူ မြင်သွားတာ... ကြည့်လေ...ဒီလောက်ကြီးတဲ့ ဒဏ်ရာကြီးကို မမြင်ဘဲ နေပါ့မလား...”
သူမက ထိုသို့ပြောလိုက်ရင်း လက်မောင်းကို ပြလိုက်ရာ အမှန်တကယ်ပင် ခရမ်းရင့်ရောင် အကွက်ကြီးမှာ သိသာနေလေ၏။ထို့ကြောင့် ကျန်းဟွမ် ကိုယ်တိုင် မြင်လိုက်ခြင်းမှာ ဖြစ်နိုင်ချေရှိသည်။
"ငါ နင့်ကို မရိုက်ဘူး မထင်နဲ့..."
ကျန်းဟယ်လင်း သည် လျန့်ယင်းယင်း ၏ အားနည်းချက်ကို သိသွားသောကြောင့် အားတက်လာ၍ ပြန်ပြောလိုက်သည်။
"သမီးကို နောက်တစ်ခါ ထိရင် အဖေ့ကို ပြန်တိုင်မယ်..."
"နင့်ကို ဘယ်သူမွေးထားတာလဲ...နင့်မှာ မသိတရားမရှိဘူးလား..."
ယခင်က ကျန်းဟယ်လင်း သည် မိခင်ဖြစ်သူကို မငြင်းဆန်ဝံ့ပေ။သို့သော် အခြေအနေများသည် ကွာခြားသွားပြီ ဖြစ်ပြီး ကျန်းဟယ်လင်းတွင် ကြင်နာတတ်သော အစ်မတစ်ယောက်ရှိနေပြီး ဖခင်ကလည်း ချစ်နေပြီ ဖြစ်သည်။
"ဘာပဲဖြစ်ဖြစ် သမီးကိုရိုက်ရင် အဖေ့ကို ပြန်ပြောမှာပဲ..."
လျန့်ယင်းယင်း ဒေါသထွက်လာပြီး လျန့်ကျန်း ဘက်ကို လှည့်ပြောလိုက်သည်။
"ကြည့်စမ်း..မွေးရကျိုးမနပ်တဲ့သမီး....”
Xxxxxx