Part 65
"ဒီနေ့ ဘာဖြစ်လို့လဲ...အဖေ့ကို မက်ဆေ့ခ်ျ ပို့တာလဲ..."
ကျန်းဟွမ် က မေးလိုက်သည်။
ကျန်းယန်ရှန့်က မထီလေးစားဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"တစ်ယောက်ယောက်က သူ့ကိုယ်သူ ကျန်းမိသားစုရဲ့ သခင်လေး လို့ ထင်နေတယ်လေ... သူ့ကို လစာပေးရုံတင် မကဘူး...ကားနဲ့ အကြိုအပို့ပါ လုပ်ပေးစေချင်တာ...သူ့ကို ကောင်းကောင်း မဆက်ဆံပြန်ရင် နောက်တစ်ယောက်ကလည်း ကျေနပ်မှာ မဟုတ်ဘူး...”
မနက်က အဖြစ်အပျက်ကို သူမက ပြောပြလိုက်သည်။
“သူ့ကို ရှင်းရှင်းလင်းလင်း အဖေ ပြောပြထားရမှာပေါ့...အဖေ ဒီလိုသာ အလျှော့ပေးနေရင် သူတို့နောက်ဆို ဒီအိမ်ကို အပိုင်စီးသွားလိမ့်မယ်...”
“သမီးသိလား...သူတို့ကို အကျိုးပြုနေတဲ့ မိုးကောင်းကင်ကြီးကို မစော်ကားရဲပါဘူး...ယန်ယန်... ဆွေမျိုးတွေကို ဘယ်လိုမှ သွေးခွဲလို့မရဘူး..ပြီးတော့ လျန့်ကျန်း က တခြားအပြစ် တစ်ခုခု လုပ်ခဲ့သေးလား...သူက ဝံပုလွေတစ်ကောင်ဆိုရင် စောင့်ကြည့်ရမှာပေါ့...လောလောဆယ်တော့...သူအမှား မလုပ်သေးဘူး..."
ကျန်းယန်ရှန့် သည် ကျန်းဟွမ်ကို အမြဲ လျှော့တွက်ထားခဲ့သည်။အမှန်မှာ သူ့ စိတ်ထဲတွင် အရာအားလုံးကို နားလည်သဘောပေါက်သည်။
ထို့အပြင် ကျန်းယန်ရှန့် နှင့် လျန့်ယင်းယင်း တို့အကြား ကွဲလွဲမှုများအကြောင်းကိုလည်း သိနေလေ၏။
သူမသည် ဖန်ခွက်ထဲမှ ပိုက်ကို သွားဖြင့်ကိုက်လိုက်ပြီး အသံအကျယ်ကြီး မြည်အောင် သောက်လိုက်သည်။
ဒီအတောအတွင်း ကျန်းယန်ရှန့် က ဖခင်ဖြစ်သူကို ရင့်ကျက်သည့် ခံစားချက်ကို ပေးစွမ်းပြီး သူ့ကို ပျော်စေခဲ့သည်။သူသည် သမီးဖြစ်သူနှင့် သင့်မြတ်ပြီး ရင်းရင်းနှီးနှီး စကားပြောဆိုခြင်းကို နှစ်သက်ပြီး သူ လက်ကိုင်ထားသည့် အမှန်တရားအချို့ကို သင်ပေးရသည့်အတွက် ပျော်သည်။
"ဒါပေမယ့် အချိန်မီ ပြုပြင်ပြီး ထိန်းချုပ်လို့ မရတဲ့အရာတွေ ရှိတယ်..."
သူမ ငြိမ်သက်သွားပြီး ကျန်းဟွမ် ကို မော့ကြည့်လိုက်သည်။
"နောက်ဆုံးတော့ အဲ့ဒီ ထိန်းချုပ်မှု ဆုံးရှုံးသွားပြီး နောက်ဆုံးရလဒ်ကို မခံနိုင်တော့ဘူး..."
ဥပမာအားဖြင့်၊ ကျန်းယန်ရှန့် သေဆုံးမှုနှင့် ကျန်းရှို့ချန် ၏ ရာဇ၀တ်မှုလည်း ဖြစ်သည်။ ထိုအချိန်တွင် ကျန်းဟွမ် သည် 'စိတ်ရှုပ်ထွေးခြင်း' နေပြီး အသက်ကြီးနေပြီ ဖြစ်သည်။ နောက်ဆုံးတွင် ထိုရလဒ်များကြောင့် သူ့စိတ်နှလုံး ပျက်စီးကြေမွခဲ့ရသည်။
ချက်ချင်းဆိုသလို ကျန်းဟွမ် ၏ စကားတို့ အဆက်ပြတ်သွားရသည်။
“အိုး...ရှို့ရှို့...ဒီကလေး…” သူက ပြေးဝင်လာသော ကျန်းရှို့ချန်ကို လဲမကျရန် သတိပေးလိုက်သည်။
“သမီးရဲ့အမေ ရှိနေသေးရင် ကောင်းမှာပဲ...သူမက ကလေးတွေကို သွန်သင်ဆုံးမတတ်တယ်...”
တစ်ချိန်က သူ့ဇနီးသည်,သည် သမီးလေးကို ကောင်းကောင်း ဆုံးမနိုင်သူဖြစ်၍ သူတို့မိသားစုသည် အစဉ်သဖြင့် နွေးထွေးနေခဲ့လေသည်။
ထို့နောက် ကျန်းဟွမ်သည် ပြောပြီးပြီးချင်း စကားမှားသွားမှန်း သိလိုက်သည်။
အကယ်၍ ကွယ်လွန်သူဇနီး အသက်ရှင်နေသေးပါက တရားမ၀င်ကလေး ကျန်းရှို့ချန် ကို သဘောထားကြီးစွာ ဆုံးမမည်မဟုတ်ပေ။
ကျန်းယန်ရှန့်က စကားတစ်ခွန်းမှ မဆိုဘဲ ဖန်ခွက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်သောအခါ ဖန်ကွဲစများ၊ ရေခဲတုံးများနှင့် ဖျော်ရည်များသည် ကြမ်းပြင်အနှံ့ ပြန့်ကျဲသွားလေသည်။
“အဖေမှားသွားတယ်...အို...ဒီပါးစပ်ကလည်း ...သမီး အမေအကြောင်း ပြောမိတာ အဖေ တောင်းပန်ပါတယ်..."
ကျန်းယန်ရှန့် ဒေါသထွက်နေသော်လည်း စကားတစ်ခွန်းမှ မပြောဘဲ ကျန်းဟွမ်ကိုသာ အတန်ကြာ စိုက်ကြည့်နေ၏။
နောက်ဆုံးတွင် ကျန်းယန်ရှန့် ဒေါသတကြီး လှည့်ထွက်သွားလေ၏။
ယခင်က သမီးကြီးသည် တစ်နေကုန် ဆူညံပွက်လောရိုက်ပြီး ဒေါသကြီးသူ ဖြစ်သော်လည်း ယခုမူ သွေးအေးစွာ ဖြေရှင်းတတ်သူ ဖြစ်လာသည်။
ထို့နောက် ကျန်းဟွမ်က အိမ်အကူ တစ်ယောက်ကို ခိုင်းလိုက်သည်။
“ဒါကို ရှင်းလိုက်...”
အိမ်အကူ အဒေါ်က အမှိုက်များကို ရှင်းလင်းနေစဉ် ကျန်းဟွမ်သည် တစ်ရှူး ဖြင့် ဘောင်းဘီ နှင့် ဖိနပ်ကို သုတ်လိုက်ပြီး အပေါ်ထပ်သို့ တက်သွားတော့သည်။
ကျန်းဟွမ် လှေကားထိပ်သို့ရောက်သည်နှင့် လျန့်ယင်းယင်း နှင့် လျန့်ကျန်းတို့၏ အသံကို ကြားလိုက်ရသည်။
Xxxxxx
Part 66
"အိမ်အကူအဒေါ်တွေ စျေးဝယ်ထွက်တဲ့ကားကို မောင်းရတာ ရှက်စရာကြီး....ပြီးတော့ ကားက မော်ဒယ်အောက်နေပြီ..."
" မမောင်းချင်ရင် မမောင်းနဲ့...ဘတ်စ်ကားပဲ စီးလိုက်...ဘာတွေ အိပ်မက်မက်နေတာလဲ... အဲ့ဒီကားရဲ့ ဆေးသားနဲ့တင် ယွမ်၆သန်းကျတယ်...နင့်လစာကို ဆယ်နှစ်စုထားရင်တောင် ဝယ်နိုင်မှာမဟုတ်ဘူး...”
ကျန်းဟွမ်သည် လှေကားထစ် နှစ်ထစ်ကို ဆက်တက်လိုက်သော်လည်း တူဝရီးနှစ်ယောက်က သူ့ကို မမြင်ကြဘဲ ဆက်လျှောက်သွားကြသည်။
ထို့နောက် လျန်းယင်းယင်းက လျန့်ကျန်းကို ပြောရန် နောက်လှည့်လိုက်ရာ ကျန်းဟွမ်ကို မြင်သွားလေသည်။
ကျန်းဟွမ်က လှေကားထစ်ပေါ်တွင် ခြေလှမ်းကို ရပ်လိုက်ပြီး လျန့်ကျန်းကို ပြုံး၍ ပြောလေသည်။
“အဲ့ဒီ BMWက ဟောင်းနေပြီ....”
လျန့်ကျန်း သည် ဦးလေးဖြစ်သူက သူ့ကို ထောက်ခံလိုက်သဖြင့် ဝမ်းသာသွားသည်။
"ဒါပေမယ့် ကိစ္စမရှိပါဘူး...မင်းဒီမှာ အကြာကြီး မနေရဘူးဆိုတော့ ရက်ပိုင်းလောက်ပဲ မောင်းရတော့မှာ...ပြီးတော့တတ်နိုင်သမျှ အိမ်မြန်မြန်ရှာ...မြေအောက်ရထာဘူတာ၊ ဘတ်စ်ကားမှတ်တိုင် အဲ့ဒီလို သွားလို့လာလို့ ကောင်းတဲ့နေရာကိုရှာ...”
ကျန်းဟွမ်က စကားကို ခဏရပ်လိုက်ပြီး ဆက်ပြောပြန်သည်။
“ကုမ္ပဏီမှာ အိမ်ငှားပေးတဲ့ ပွဲစားတွေ အများကြီးရှိတယ်....လူ့စွမ်းအားအရင်းအမြစ်ဌာနကို သွားပြီး မေးလို့ရတယ်...”
သူက ပြောပြီးသည်နှင့် အပေါ်ထပ်သို့ တက်သွားလေသည်။
လျန့်ကျန်း က ပြန်ပြောမည်ပြုစဉ် လျန့်ယင်းယင်းက သူ့ခြေထောက်ကို နင်းထားလိုက်သဖြင့် အားခနဲ နာကျင်စွာ အော်လိုက်သည်။သို့သော် ကျန်းဟွမ်က တစ်ချက်မှပင် လှည့်မကြည့်ဘဲ မကြားချင်ယောင်ဆောင်ကာ ဆက်လျှောက်သွားလေသည်။
"နင် တုံးလှချည်လား....ဘာဖြစ်ချင်နေတာလဲ...."
“မဟုတ်ဘူး…သူ ကျွန်တော့်ကို မောင်းထုတ်နေတာလား...ကျွန်တော်က သူ့တူပါ...ဒီလို တူဖြစ်သူကို မောင်းထုတ်တဲ့ဦးလေး ဘယ်မှာရှိလို့လဲ..."
လျန့်ယင်းယင်း သည် ကျန်းဟွမ် ကြားမည်စိုး၍ လျန့်ကျန်းကို အောက်ထပ်သို့ ဆွဲခေါ်သွားသည်။ အောက်ထပ်သို့ ရောက်သောအခါ လျန့်ကျန်းက စောဒက တက်လိုက်သည်။
"အန်တီ စိတ်မဆိုးဘူးလား...ကျွန်တော်ဒီကိုရောက်တာ ရက်ပိုင်းပဲရှိသေးတယ်..အခု အိမ်ငှားဖို့ ပြောနေပြီလေ....ဒီအိမ်က အကြီးကြီးပဲ... ဘာလို့ ကျွန်တော့်ကို နေခွင့်မပေးရတာလဲ...."
"ဒီအိမ်က ဘယ်လောက်ပဲ ကြီးကြီး... နင့်အိမ်မှ မဟုတ်တာ..."
မညာတမ်းဝန်ခံရလျှင် လျန့်ယင်းယင်း လည်း ကျန်းဟွမ် ကို နားမလည်တော့ပေ။ယခင်က ကျန်းဟွမ် သည် လျန့်ကျန်းကို အိမ်တွင် နေခွင့်ပြုမည်ဟု ကတိပေးခဲ့သော်လည်း ယခုမူ နှင်ထုတ်နေပြန်သည်။
“ကားကို မောင်းလို့ရတယ်... ပြီးရင် အိမ်ကို အမြန်ဆုံးရှာရမယ်....”
ကျန်းဟွမ် သည် တွန့်တိုတတ်သူ မဟုတ်ပေ။ သို့သော် လျန့်ကျန်း ကို အိမ်တစ်လုံး ငှားဖို့ နှစ်ကြိမ်ပြောထား၍ လျန့်ကျန်း ကို အိမ်တွင် ဆက်ထားရန် ဆန္ဒမရှိမှန်း ထင်ရှားလှသည်။
ထို့ကြောင့် လျန့်ယင်းယင်း သည် ကျန်းဟွမ် ၏စကားကို မဖီဆန်ဝံ့သဖြင့် လျန့်ကျန်းကို အမြန်အိမ်ရှာရန်သာ တိုက်တွန်းရတော့သည်။
လျန့်ကျန်း က ပို၍ စိတ်ဆိုးသွားကာ
လေသံကို မြှင့်ပြောလိုက်သည်။
"အန်တီကရော ဘာလဲဗျာ..."
"နင့်အတွက် အလုပ်လည်း စီစဉ်ပြီးပြီ...ဘာလိုချင်သေးလို့လဲ..."
"ဘာစီစဉ်တာလဲ....ပြောရမှာ ရှက်စရာ ကောင်းလိုက်တာ...ကျွန်တော်က ကျွန်တော့် ကိုယ်ပိုင်ကုမ္ပဏီမှာ အလုပ်သင်ဝန်ထမ်းဖြစ်နေတော့ သူငယ်ချင်းတွေကို မျက်နှာတောင်မပြရဲဘူး....”
“ငါပြောပြမယ် နင့်ဦးလေးကလည်း အလုပ်သင်အဖြစ် နဲ့ ဒီကုမ္ပဏီကို စခဲ့တာ...သူ့မိဘတွေက ချမ်းသာပေမယ့် သူ့ကိုယ်ပိုင် အရည်အချင်းနဲ့ ဒီကုမ္ပဏီကြီးကို အောင်မြင်အောင်လုပ်ထားတာ..ဒီပိုင်ဆိုင်မှုတွေအားလုံး သူ့အောင်မြင်မှုကြောင့် ရလာတာဟဲ့...”
“အဲ့ဒါ သူပဲ..ကျွန်တော်မှ မဟုတ်တာကျွန်တော့် ကိုယ်ပိုင်ကုမ္ပဏီလေ... အလုပ်သင်ဘဝက စရတာ အဓိပ္ပါယ်မရှိဘူး...."
လျန့်ယင်းယင်းက ဆက်ပြောရန် ပြင်လိုက်စဉ် အိမ်အကူအဒေါ်သည် ဖန်ကွဲစများကို အိတ်ထဲသို့ စုထည့်နေသည်ကို မြင်လိုက်ရသည်။
လျန့်ယင်းယင်းက သူမကို စူးစူးရဲရဲ ကြည့်လိုက်သည်။
"အဲ့ဒါ ဘာဖြစ်တာလဲ...."
"မမလေး ယန်ယန်က ဖန်ခွက်ကို ရိုက်ခွဲလိုက်တာ... ဆရာကြီးရဲ့ ဘောင်းဘီမှာလည်း အချိုရည်တွေ စွန်းသွားတယ်...."
ကျန်းအိမ်တွင် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့သည့် အကြောင်းရင်းကို လျန့်ကျန်း သဘောပေါက်သွားလေသည်။
'ကျန်းယန်ရှန့်က ငါ ဒီအိမ်မှာ မနေရအောင်လို့ ဦးလေးကို ပြောတာပဲ ဖြစ်ရမယ်'
Xxxxxx