အပိုင်း ၇၁-၇၂
Viewers 22k

Part 71


လျန့်ကျန်း က ပြန်မပြောသော်လည်း သူ့မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်တို့ ရှိနေသည်။ 


ကျန်းရှို့ချန်က ဝမ်းကွဲအစ်ကို၏ မျက်နှာထား တင်းမာနေပုံကို ကြောက်သွားပြီး ခြေလှမ်းနှစ်လှမ်း ပြန်ဆုတ်လိုက်သည်။ 


ကျန်းဟွမ်က ကျန်းရှို့ချန်ကို ဖက်လိုက်ပြီး လျန့်ကျန်းကို မကျေမနပ် ကြည့်နေသည်။ 


အခြေအနေကို သဘောပေါက်သွားပြီး လျန့်ယင်းယင်းက ဝင်ပြောလိုက်သည်။


 "တော်ကြတော့...” 


 


သူမက သားဖြစ်သူကို ဆူသည့်အတွက် လျန့်ကျန်းကို ဒေါသတကြီး ပြစ်တင်လိုက်သည်။


 "နင်က လူကြီးလေ... ကလေးနဲ့ ရန်ဖြစ်စရာလား..."


လျန့်ကျန်းက အဒေါ်အရင်း‌ကပင် သူ့ကို ပစ်ပယ်လိုက်၍ ကျန်းဟွမ်ကို စစ်ကူတောင်းလိုက်သည်။


“ဦးလေး ကလေးတွေကို ကြည့်ပါဦး....ကျွန်တော်တို့ မိသားစုက ချမ်းသာတာ မှန်တယ်...ဒါပေမဲ့ ပိုက်ဆံကို ဖြုန်းတာ မဖြစ်သင့်ဘူး...”


 


လျန့်ကျန်းသည် ကားတစ်စီးဝယ်ရန် ယွမ်သန်းပေါင်းများစွာ သုံးခြင်းသည်  သင့်တော်သည်ဟု ယူဆသည်။ အကြောင်းမှာ ကားတစ်စီးသည် လူတစ်ယောက်၏ လူနေမှုအဆင့်အတန်းကို ကိုယ်စားပြု‌လေသည်။


သို့သော်  ဂိမ်းစက်တစ်လုံးကို ယွမ်သန်းဝက်ခန့် ပေး၍ ဝယ်ခြင်းသည် ဂုဏ်မတက်ပေ။ကလေးတစ်ယောက်၏ နာရီဝက်,စာ ပျော်ရွှင်မှုအတွက် ပိုက်ဆံများစွာ သုံးသည်မှာ သဘာဝမကျဟု သူ ထင်သည်။


 သို့သော် လျန့်ကျန်း အားကိုးနေသည့် ကျန်းဟွမ်ကလည်း သူ့ဘက်တွင် ရှိမနေပေ။


"အဲ့ဒီဂိမ်းစက်က  သူတို့ကို ပျော်ရွှင်စေတယ်လေ....အဖေတစ်ယောက် ပိုက်ဆံရှာတာဟာ သားသမီးအတွက်ပါပဲ...ကလေးတွေ ပျော်ရွှင်ဖို့ဆို ငါကဘယ်လောက်တန်ပဲဖြစ်ဖြစ် ဝယ်ပေးမှာ...”


ကျန်းဟွမ်က ကျန်းရှို့ချန်ကို ပွေ့ချီလိုက်ပြီး တစ်ချက်နမ်းကာ အောက်ကို ပြန်ချလိုက်သည်။


"အဖေက သားအတွက် ငွေရှာနေတာပါ...." 


ကျန်းဟွမ် ခေါင်းငုံ့လိုက်သည်နှင့်  ကျန်းဟယ်လင်း၏  မျှော်လင့်ချက်များ ပြည့်လျှံနေသော မျက်လုံးကို တွေ့လိုက်ရသည်။ ကျန်းဟွမ်က ကျန်းဟယ်လင်း ၏ ခေါင်းကို ပွတ်လိုက်ပြီး ကြင်နာစွာပြောလေသည်။


"ပြီးတော့ သမီးအတွက်ရောပဲလေ...." 


ကျန်းဟယ်လင်း က လေးနက်စွာပြောလိုက်သည်။


"ပြီးတော့ အစ်မအတွက် ရောလားဟင်...."


 ကျန်းဟွမ်သည် နှလုံးသားမှာ အရည်ပျော်မတတ် ဝမ်းသာသွားရသည်။ 


"အဖေ့ ပိုက်ဆံက သမီးတို့ သုံးယောက် အတွက်ပေါ့..ဘာလိုချင်လဲ သမီး...အဖေ သမီးအတွက် ဘာမဆို ဝယ်ပေးမယ်..."


 ကျန်းဟွမ်၏ စကားကို ကြားသောအခါ လျန့်ကျန်း က သူ့စိတ်ထဲတွင် 'ကားတစ်စီးလိုချင်တယ်' ဟူ၍ ဟစ်အော်လိုက်သည်။ကျန်းဟွမ်သည် သူ့အဖေ ဖြစ်မလာသည့်အတွက် ဘုရားသခင်ကိုသာ အပြစ်တင်မိသည်။


လျန့်ယင်းယင်းက ကျန်းဟွမ်ကို ပြောလိုက်သည်။ 


“ဒီအိမ်မှာ သူမ ဘာမှ မလိုပါဘူး...အားလုံး ပြည့်စုံနေတာကို..." 


ကျန်းဟွမ်က ကလေးများကို ကောင်းမွန်စွာ အုပ်ထိန်းနိုင်သူများမှာ မိခင်များဟု ခံယူထားသည်။ ထို့ကြောင့် မိခင်ဖြစ်သူ နှင့် အစ်ကိုဖြစ်သူ၏ စကားကို နားမထောင်ဘဲ လျန့်ယင်းယင်း နှင့်  လက်ထပ်ခဲ့ခြင်းဖြစ်သည်။လျန့်ယင်းယင်းတို့ သားအမိများ အိမ်ပေါ်ရောက်လာသောအခါ သူ့ကလေးနှစ်ယောက်အတွက် စိတ်ချသွားရသည်။ 


သို့သော်  လျန့်ယင်းယင်း ၏ သားသမီးအပေါ် ဆက်ဆံပုံများကို တဖြည်းဖြည်း ဘဝင်မကျဖြစ်လာသည်။လျန့်ယင်းယင်းသည် မိခင်ကောင်းတစ်ဦး မဟုတ်သည်မှာ သေချာသည်။


 


ကျန်းဟွမ် သည် ရုတ်တရက် သူ့ရင်ထဲတွင် စိတ်မသက်မသာ ခံစားလိုက်ရသည်။ ကျန်းဟွမ် ကလည်း သမီးများထက် သားကို ပိုချစ်သူ ဖြစ်ပြီး သားသမီးများကို  လေသံမာမာပင် မပြောခဲ့ဖူးပေ။


ကျန်းဟွမ်က လျန့်ယင်းယင်း ကို ဒေါသတကြီး အော်ငေါက်လိုက်သည်။


"မင်းကို ဘယ်သူ မေးလို့လဲ..." 


ထို့နောက် သူက ကျန်းဟယ်လင်း ကို ညင်ညင်သာသာ ပြောလိုက်သည်။


"ဖေဖေ မေးနေတာ ဖြေလေ...ဟယ်ဟယ်..." 


"ဟင့်အင်း...သမီးလိုချင်တာရှိရင် သမီး ကိုယ်တိုင် ဝယ်လိုက်ပါ့မယ်...  ဒီလ မုန့်ဖိုး ယွမ် ၁၀,၀၀၀ ထဲက တစ်ပြားမှ မသုံးရသေးပါဘူး...သမီးပိုက်ဆံ သုံးတဲ့အခါ အကောင့်ထဲက စာရင်းကို အဖေ့ကိုပြမယ်လေ..." 


ကျန်းယန်ရှန့်ကို  တစ်လလျှင် မုန့်ဖိုး ယွမ် ၅၀၀၀၀ ပေးပြီး ကျန်းဟယ်လင်းကို ယွမ် ၁၀၀၀၀ သာပေးထား၏။ 


 ထို့နောက် သူက ကျန်းရှို့ချန် ကို ပွေ့ချီလိုက်ပြီး နူးညံ့စွာပြောလိုက်သည်။


 "သွားရအောင်....ကိုယ့်အခန်းကိုယ် ပြန်သွားရအောင်...." 


သို့သော် ကျန်းရှို့ချန် က ပွေ့ချီမခံဘဲ အတင်းခုန်ဆင်းလိုက်ပြီး အပေါ်ထပ်သို့ ပြေးတက်သွားလေသည်။


"ဖြည်းဖြည်း...ချော်လဲမယ်..."


ကျန်းဟွမ် က သားဖြစ်သူနောက်ကို  လိုက်သွားသည်။


Xxxxxx


Part 72


ကျန်းဟယ်လင်းလည်း အပေါ်တက်မည်ပြုစဉ် လျန့်ယင်းယင်း က ရှေ့မှ ပိတ်ရပ်လိုက်ကာ ပြောလေသည်။


"နင့် မုန့်ဖိုးကို ငါ မေ့သွားတယ်...ဟုတ်သားပဲ နင် ခရက်ဒစ်ကဒ် တစ်ခုဖွင့်လိုက်တယ်မလား....ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုက်ဆံကိုင်စရာ မလိုဘူး...ငါ့ကိုပေး..."


လျန့်ယင်းယင်းသည် ဈေးဝယ်ရာတွင် ခရက်ဒစ်ကတ်ကိုသာ သုံးရပြီး ကျန်းဟွမ်က ငွေပေးချေရသည်။


ကျန်းဟွမ်က ပိုက်ဆံကို ကိုင်သုံးခွင့်မပြုပေ။ထို့ကြောင့် ငွေသားကို သူမမက်မောသည်မှာ မဆန်းပေ။


ကျန်းဟယ်လင်း စိတ်ညစ်သွားသည်။


အစ်မဖြစ်သူ ပေးသောမုန့်ဖိုးကို မိခင်ဖြစ်သူသာ ယူသွားလျှင် ကျန်းယန်ရှန့်  စိတ်ဆိုးသွားမှာ သေချာသည်။


ထိုအချိန်တွင် လျန့်ကျန်း က ဒေါသတကြီး ဝင်ပြောလိုက်သည်။ 


“ဟုတ်တယ်....ကလေးက ဘာလို့ မုန့်ဖိုး လိုချင်တာလဲ...ပိုက်ဆံသုံးဖို့ နေရာရှိလို့လား....နင်ဘာလိုချင်လဲ...နင်က ဘာတွေ လိုအပ်နေလို့လဲ....နင်က က​လေးဖြစ်ပြီး ငွေအများကြီးရ​နေတယ်​...နင်...." 


ကျန်းဟယ်လင်း ၏ မုန့်ဖိုးမှာ တစ်လလျှင် ယွမ် ၁၀,၀၀၀ ဆို၍ လျန့်ကျန်း မနာလိုဖြစ်သွားသည်။ သူ့ လစာသည် ယွမ် ၁၀၀၀၀ မပြည့်ဘဲ ကလေးက တစ်လလျှင် ယွမ် ၁၀၀၀၀ ရနေလေသည်။


ကလေးမုန့်ဖိုးက ငါ့လစာထက် ဘာလို့ ပိုများနေရတာလဲ....


ကျန်းဟယ်လင်း သည် လျန့်ယင်းယင်းကိုသာ ပိုက်ဆံပေးလိုက်ပါက ကျန်းယန်ရှန့်ကို သစ္စာဖောက်ရာရောက်လိမ့်မည် ဟု ယူဆထားသည်။


 ထို့ကြောင့် သူမက သတ္တိကို စုစည်းလိုက်ပြီး ပြောလိုက်၏။  


“မပေးဘူး...အစ်မက သမီးကို မုန့်ဖိုးပေးထားတာ...ပိုက်ဆံကို မဖြုန်းရအောင်လို့ ..အကောင့်ကိုလည်း သူမက ပြန်စစ်မယ်လို့ ပြောတယ်..."


လျန့်ကျန်း အံ့သြသွားသည်။ 


"အဲ့ဒီပိုက်ဆံတွေကို ကျန်းယန်ရှန့် က ပေးတာလား...နင့်အဖေက ပေးတာမဟုတ်ဘူးလား...." 


“မဟုတ်ဘူး...အစ်မက ညီမကိုပေးတာ... တစ်လကို ယွမ် ၁၀၀၀၀ ပေးပြီး  ကိုယ်တိုင် သုံးခွင့်ပေးထားတာ...အမေသာ ဒီပိုက်ဆံကို ယူရင် အစ်မက  အမေ့ဆီကနေ သေချာပေါက် ပြန်တောင်းလိမ့်မယ်...."


ကျန်းယန်ရှန့်လို ကလေးတစ်ယောက်က မူလတန်းကျောင်းသူ ညီမကို တစ်လ ယွမ် ၁၀၀၀၀ ပေးနိုင်ခြင်းကို လျန့်ကျန်း အံ့ဩရသည်။ 


ဒါဆို သူမ ဆီမှာ ဘယ်လောက်တောင် ရှိလိမ့်မလဲ....


လျန့်ကျန်း သည် ကမ္ဘာကြီး ပြိုလဲမတတ် ခံစားလိုက်ရသည်။ 


'သေစမ်း... ကျန်း မိသားစုက အရမ်းချမ်းသာပေမယ့် ငါ့ကိုကျတော့ BMW အအိုကို ပေးမောင်းခိုင်းတယ်...' 


 လျန့်ယင်းယင်း သည် ကျန်းယန်ရှန့်၏ ပိုက်ဆံဆို၍ စိတ်ပျက်သွားပြီး သူမတောင်း၍ မဖြစ်နိုင်တော့သည်မှာ သေချာနေပြီ ဖြစ်သည်။


ကျန်းယန်ရှန့်သည် ယခင်က ဆူညံစွာ ပြဿနာရှာ တတ်သူဖြစ်ပြီး ကျန်းဟွမ်ကလည်း သူမကို အရေးမပေးခဲ့ပေ။


သို့သော် ယခုအချိန်တွင် တစ်အိမ်လုံးက သူမဘက်တွင် ရပ်တည်နေကြသည်။ထို့အပြင် သူမသည် ယခင်ပုံစံနှင့် ကွဲပြားနေပြီး ကျန်းဟွမ်ကလည်း အရေးတယူရှိနေသည်။


လျန့်ယင်းယင်းသည် ယခု ကျန်းယန်ရှန့်ကို ပြန်ကြောက်နေရသဖြင့် ထိုပိုက်ဆံကို ယူရန်မဖြစ်နိုင်တော့ပေ။


လျန့်ယင်းယင်း က ဆောင့်ဆောင့် အောင့်အောင့် ပြောလိုက်သည်။


"တော်ပြီ အဲ့ပိုက်ဆံကို နင်ပဲ ယူလိုက်တော့..." 


လျန့်ကျန်းက မျက်လုံးကိုပြူး၍ စောဒက တက်နေတော့သည်။


"အန်တီ... သူ့ကို လွှတ်ထားမလို့လား..."


သူမက တူဖြစ်သူရှေ့တွင် သိက္ခာကျမည်စိုး၍ ဆက်မပြောတော့ပေ။


“ထားလိုက်ပါ... ပိုက်ဆံကလည်း အများကြီးမဟုတ်ပါဘူး...သူတို့လည်း  ကိုယ်ပိုင် ပိုက်ဆံနဲ့ ဝယ်ချင် ခြမ်းချင်ကြမှာပေါ့...”


'ဟမ်...ယွမ် ၁၀၀၀၀ ကို မများဘူးလို့ အန်တီပြောချင်တာလား' 


လျန့်ကျန်း က သူ့စိတ်ထဲတွင်  ထပ်မံအော်​ဟစ်လိုက်​ပြန်သည်​။


လျန့်ယင်းယင်းက ကျန်းဟယ်လင်းကို  သွေးထိုးပေးလိုက်ပြန်သည်။ 


"တစ်လကို ယွမ် ၁၀၀၀၀ ပဲပေးတယ်...ဟုတ်လား...သူမ အမေက သူမအတွက် ပိုက်ဆံအများကြီး ချန်ထားခဲ့တယ်....ပိုက်ဆံထပ်တောင်း..." 


"အစ်မရဲ့အမေ့ ပိုက်ဆံကို ဘယ်လိုလုပ် တောင်းလို့ရမှာလဲ...သမီးက ငယ်သေးတယ်...ပိုက်ဆံကို ဖြုန်းတီးမှာ ကြောက်လို့ အခုလောလောဆယ် တစ်လကို ယွမ် ၁၀,၀၀၀ ပဲပေးတာ...မလောက်ဘူးဆိုရင် နောက်မှကြည့် စီစဉ်ပေးမယ်လို့ပြောတယ်..." 


လျန့်ကျန်း : “…”