ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား
အပိုင်း ၁၂; ကိုယ့်ကိုမမုန်းပါနဲ့
ညစာစားပွဲအချိန်က ကြာလာတာနဲ့ မိသားစုနှစ်ခုကလည်း နောက်ဆုံးတော့ အဆင်မပြေ ကာလကလွန်သွားပြီး ဖြည်းဖြည်းချင်းပိုပြီး အကျွမ်းတဝင်ဖြစ်လာခဲ့သည်, ခေါင်းစဉ်ကိုလည်း ' အမျိုးသားရေးအသက်မွေးဝမ်းကျောင်း ' ကနေ 'သားသမီးနှစ်ယောက်ရဲ့လက်ထပ်မှုဘဝကို' ပြောင်းလဲသွားခဲ့သည်။
"နောင်အနာဂတ်မှာ ရှင်တို့မိသားစုက ကျွန်မတို့ ရှောင်ယကို ခွင့်လွှတ်ပေးကြပါ။ ဒီမိန်းကလေးက ငယ်ငယ်လေးကတည်းက ကျွန်မတို့ အလိုလိုက်လွန်းလို့ ဆိုးနေတာ " နှစ်ဖက်စလုံးမှမိဘများကလည်း သူတို့ကလေးများအကြောင်း ဝါကြွားခြင်းကနေ မကောင်းတဲ့အချက်တွေကို ဖော်ပြလာခဲ့ကြသည်။
"ခမည်းခမက် ဘာတွေပြောနေတာလဲ။ ရှောင်ယက ကျွန်မချွေးမဖြစ်လာပြီဆိုတော့ ကျွန်မကလည်း သူ့ကိုအလိုက်ရလိမ့်မယ်။" တစ်ယောက်နှင့်တစ်ယောက်ခေါ်ဝေါ်သောနာမည်များကလည်း ဆရာမရှန်၊ မဒမ်ပိုင်ကနေ ခမည်းမမက်အဖြစ်ပြောင်းသွားခဲ့သည်။
ခေါင်းစဉ်က သူမဘက်လှည့်လာခဲ့သော်လည်း မုရှောင်ယက အနှောင့်အယှက်မပေးဘဲ သူမအစားကိုသာ တိတ်တဆိတ်ဆက်လက်စားနေခဲ့သည်။
"ဟုတ်သား ရှောင်ယကို မေးချင်တာတစ်ခုခုရှိသေးတယ် "
' အမ်။ ' သူမရဲ့နာမည်ကို ကြားလိုက်သောအခါ မုရှောင်ယ မြန်မြန်ဆန်ဆန်ကြည့်လိုက်သည်။
"ဒီကောင်မလေး ဘယ်လိုစားရမယ်ဆိုတာပဲသိတယ် လူကြီးတွေက နင့်ကိုစကားပြောနေတာလေ" ရှန်ချင်းယီက မျက်မှောင်ကြုတ်လျက်ပြောလာသည်။
မုရှောင်ယက သူမတူကိုချကာ သူမမိဘများကိုပြုံးပြလိုက်သည်။ "အန်တီ တစ်ခုခုလိုရင်ပြောပါ သမီး နားထောင်နေပါတယ်"
" 'အန်တီ' လို့ ခေါ်နေသေးတုန်းလား ဟမ်" လီရုံက ရှောင်ယကိုကြည့်ပြီး အရိတ်အမြွတ်ပြလိုက်သည်။
"အဟွတ် ... မား " မုရှောင်ယက မျက်နှာနီနီနဲ့ ပြန်ပြင်ပြောလိုက်သည်။
လီရုံ ရုတ်တရက် ပျော်ရွှင်တာကို ခံစားလိုက်ရသည်။ သူမမျက်လုံးများ ပျောက်သွားသည်အထိ ပြုံးလိုက်ပြီး ပြောလိုက်သည်။
" ဒီလိုလေ သမီးတို့လို ငယ်ရွယ်တဲ့စုံတွဲတွေက ကိုယ့်ဘာသာနေချင်ကြတာကို မားတို့သိတယ်။ ဒါကြောင့်မင်းပါးနဲ့ မားက ဆွေးနွေးခဲ့တယ်။ သမီးနဲ့ ရှောင်ချွမ်း ကိုယ့်ဘာသာနေချင်ရင် သမီးတို့အတွက်အိမ်ကို ကြိုတင်ပြင်ဆင်ရအောင် ကူညီပေးမယ်လို့ "
'?? ' မုရှောင်ယ အလွန်အံ့အားသင့်သွားသည်။ ပိုင်ချွမ်းရဲ့ မိသားစုကသူမနဲ့ ပိုင်ချွမ်းကို သူတို့မပါဘဲ နေဖို့ ကမ်းလှမ်းလိမ့်မယ်လို့ သူမမျှော်လင့်ခဲ့ပေ။
သူမတစ်ယောက်ထဲမဟုတ်ဘဲ မုရော့ကျုံးနဲ့ သူ့ဇနီးကလည်း မမျှော်လင့်ထားတာကြောင့် အံ့သြသွားကြသည်။ သူတို့သမီးကိုလက်ထပ်ပြီးနောက်တွင် သူတို့ အလွယ်တကူ သွားလို့ရအောင် ခွဲနေရဖို့ ဆန္ဒရှိခဲ့ခြင်းဖြစ်သည်။ ပိုင်ချွမ်းရဲ့ အခြေအနေနဲ့ ပိုင် မိသားစုက သူ့တို့သမီးနဲ့တစ်ယောက်တည်း ထားဖို့ခွင့်ပြုခဲ့တာလား။ အခြားရှုထောင့်မှစဉ်းစားရလျှင် မုရှောင်ယသာ အော်တစ်ဇင် ခံစားခဲ့ရလျှင် သူတို့ကိုယ်တိုင် သဘောတူလိမ့်မည် မဟုတ်တာကြောင့် ထိုအရာကိုသူတို့တစ်ခါမျှမစဉ်းစားဖူးသလို၊ မဖော်ပြခဲ့ပါ။ မမျှော်လင့်ဘဲ ပိုင် မိသားစုဘက်က စကားစလာခဲ့သည်။
"ဒါမှန်တယ် ရှောင်ယ သမီးဘယ်လိုအိမ်မျိုးကိုကြိုက်လဲ။ ပါး ပိုင်ကျန့်ကို သမီးအတွက် ဝယ်ခိုင်းလိုက်မယ် " ပိုင်ကောယွိက ပြောလာသည်။
"ဟုတ်တယ် အစ်ကို ကိုင်တွယ်လိုက်မယ် " ပိုင်ကျန့်ကလည်း ခေါင်းညိတ်ပြလိုက်သည်။
'ကျွန်မ ကျွန်မ' မုရှောင်ယက သတိမပြုမိဘဲ ပိုင်ချွမ်းဘက်ကို လှည့်ကြည့်မိလိုက်သည်။ ဒါပေမယ့် သူမမြင်လိုက်ရတာက ပိုင်ချွမ်းက ခေါင်းငုံ့နေပြီး သူ့ကမ္ဘာထဲမှာရှိရှိနေကာ သူမအကြည့်ကို မတုံ့ပြန်လာပေ။
"အဆင်ပြေပါတယ် သမီးဆုံးဖြတ်နိုင်တယ်။ ပိုင်ချွမ်းက ဒီကိစ္စမှာ ပြဿနာရှိမှာ မဟုတ်ဘူး။ လီရုံက သူမသားကိုနားလည်နေဆဲဖြစ်သည်။ မုရှောင်ယသာ သူနဲ့အတူရှိနေရင် သူနေတဲ့နေရာကို စိတ်မဝင်စားတော့ပေ။ ဒါ့ထက် ပိုင်ချွမ်း ရုတ်တရက် တိတ်ဆိတ်သွားတယ်။ မုရှောင်ယက ဆုံးဖြတ်ချက်ချဖို့တောင် အခွင့်အရေးမရရှိပါက သူမမိဘများကို ဘယ်လိုစိတ်ချစေနိုင်မှာလဲ။"
မုရှောင်ယက ပိုင်ချွမ်း ဘာအကြံဥာဏ်မှ မပေးနိုင်တာသိသည်။ ဒါကြောင့် သူမစဉ်းစားပြီး ပြောလိုက်သည်။ "မား သမီး မားရဲ့အိမ်မှာ အချိန်ကာလတစ်ခုလောက်နေချင်တယ်။ သမီး ပိုင်ချွမ်းနဲ့ပိုရင်းနှီးလာပြီးတဲ့နောက်မှ သမီးတို့ နှစ်ယောက်ထဲ ပြောင်းနေချင်ပါတယ်။ အဲ့ဒါအဆင်ပြေရဲ့လား။ "
"အဆင်ပြေတယ် အရမ်းအဆင်ပြေတယ် " လီရုံက အလွန်ဝမ်းသာလွန်းပြီး သူမ ချက်ချင်းသဘောတူခဲ့သည်။
လီရုံက သူမခင်ပွန်းနဲ့ဆွေးနွေးခဲ့ပြီး ပိုင်ချွမ်းကို တစ်ယောက်ထဲနေခွင်ပြုဖို့ စိတ်အားထက်သန်ပေမယ့် သူမနှလုံးသားထဲ စိုးရိမ်နေဆဲဖြစ်သည်။ သူမမမြင်နိုင်တဲ့နေရာမှ ပိုင်ချွမ်း အံဝင်ခွင်ကျဖြစ်မှာကို သူမကြောက်ခဲ့သည်။ မုရှောင်ယက ပိုင်ချွမ်းကို ဂရုစိုက်မယ်ဆိုတာကို ယုံကြည်ပေမယ့် ရှောင်ယက ပိုင်ချွမ်းရဲ့ရောဂါနဲ့ အကျွမ်းတဝင်မရှိသေးတာကြောင့် မုရှောင်ယ ပိုင်ချွမ်းကို ကြောက်ရွံ့သွားမှာကို သူမကြောက်သည်။
ဒါပေမယ့် သူမက မုရှောင်ယကို ဒီခေါင်းစဉ်အကြောင်းပြောဖို့က မကောင်းပါပေ။ သူမပြောလိုက်ရင် မုရှောင်ယက သူမကို အလုံအလောက်မယုံဘူးလို့ ထင်မှာကိုကြောက်မိသည်။ ပါမောက္ခဖန်ကလည်း သူတို့ကို လွတ်လပ်တဲ့ ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးပြီး အဲ့ဒါက ပိုင်ချွမ်းကို ပိုစိတ်ချမ်းသာစေပြီး သူ့အတွက်ပြန်လည်နာလန်ထူလာစေဖို့ အကျိုးဖြစ်ထွန်းစေတာကို ပြောထားသည်။ ဒါကြောင့် စိုးရိမ်စရာများရှိနေသော်လည်း သူတို့သုံးဦးသားက မုရှောင်ယနဲ့ ပိုင်ချွမ်းတို့ နှစ်ယောက်ထဲခွဲနေခိုင်းဖို့ ဆုံးဖြတ်ခဲ့သည်။
ဒါပေမယ့် မုရှောင်ယက ပိုင် မိသားစုတွင် ခဏတာနေထိုင်ပြီး ပိုင်ချွမ်း အခြေအနေနဲ့ လိုက်လျော ညီထွေဖြစ်ဖို့ စိတ်အားထက်သန်လာပြီဖြစ်တာကြောင့် အဲ့ဒါက သူမတို့ကို အကူးအပြောင်း ကာလဖြစ်စေရုံသာမက မုရှောင်ယက ပိုင်ချွမ်းနဲ့ ပတ်သက်ပြီး အလေးအနက်ထားကြောင်း သေချာစေကာ စိတ်ချစေခဲ့သည်။ ဒီလိုပျော်ရွှင်စရာကိစ္စကို သူတို့ ဘယ်လိုလုပ်သဘောမတူမှာလဲ။
"ဒါဆိုလည်း အဖေတို့အိမ်ကို အရင်ပြင်ဆင်ပေးထားမယ် သမီးပြောင်းချင်တဲ့အချိန် ပြောင်းလို့ ရတာပေါ့ " ပိုင်ကောယွိက ရွှင်လန်းစွာပြောခဲ့သည်။
ဒီအကြောင်းအရာအကြောင်း ပြောပြီးတဲ့နောက် ဆုံးဖြတ်ချက်ချပြီးချိန်မှာ ညစာစားပွဲ ပတ်ဝန်းကျင်က သက်တောင့်သက်သာပိုရှိလာပြီး မိသားစုနှစ်စုရဲ့ဖခင်တွေက ပြည်နယ်ရေးရာနဲ့ လူနေမှုဘဝ အကြောင်းတွေကို စကားပြောနေရင်း မိခင်တွေက အသားအရေထိန်းသိမ်းမှုအကြောင်း ပြောဆိုနေကြကာ ပိုင်ကျန့်က ဆာသလိုခံစားနေရတာကြောင့် သူတူကို ကောက်ကိုင်ကာ အစားကိုပဲစားနေတော့သည်။
ဒီအချိန်မှာ မုရှောင်ယက အစာစားပြီးသားဖြစ်ပြီး ပိုင်ချွမ်းကို လေ့လာဖို့ခေါင်းကိုလှည့်လိုက်ချိန်မှာ သူကသူ့ကိုယ်ပိုင် ကမ္ဘာကြီးထဲကို နစ်မြုပ်နေတုန်းပဲရှိနေသေးတယ်ဆိုတာကို သူမတွေ့ရှိခဲ့ရပြီး ရှေ့ကပန်းကန်ထဲမှာ မုရှောင်ယ ထည့်ပေးထား ငါးပေါင်းက ဒီအတိုင်းဘဲရှိနေသေးသည်။
'ငါသူ့ကိုနှိုးလိုက်ရလား မနှိုးရဘူးလား။ သူကဘာမှမစားရသေးဘူး။'
မုရှောင်ယ ခဏလောက် တွန့်ဆုတ်သွားသည်။ 'သူ့ကိုနှိုးပြီး သူ့ကိုယ်ပိုင်ကမ္ဘာထဲဝင်ရောက်တာကို ဆွဲလိုက်လိုက်သင့်လား။ အဖွားပိုင် အရင်ကပြောခဲ့တာကို သူမမှတ်မိသည်။ ပိုင်ချွမ်းက ပညာရပ် ဆိုင်ရာရောဂါလက္ခဏာရှိတယ်လို့ သူမကပြောခဲ့တယ်။ သူတစ်ခုခုစဉ်းစားနေတယလို့ထင်ရရင် သူတို့က သူပြီးဆုံးသည်အထိ သူ့ကိုစောင့်ဆိုင်းဖို့လိုအပ်တယ်။ အဲ့နောက်မှာ သူဘာသာသူ နိုးလာလိမ့်မယ်။'
'မေ့လိုက်တော့ သူဘာသာသူစဉ်းစားပါစေ နောက်မှစားဖို့ အစားအသောက်နည်းနည်းလောက် ကူပြီးချန်ထားပေးလိုက်မယ် ' မုရှောင်ယက အဲ့လိုတွေးနေပေမယ့် သူမရဲ့လက်ကစားစရာတွေကို ကောက်ယူနေပြီး ပိုင်ချွမ်းရဲ့ပန်းကန်ထဲကို ထည့်လိုက်ကာ ပန်းကန်ထဲမှာ ပြည့်နေတဲ့ စားစာရာတွေနဲ့ ပိုင်ချွမ်း နိုးလာမှာ တိတ်တဆိတ်စောင့်နေခဲ့သည်။
ပိုင်ချွမ်းက မုရှောင်ယ သူ့ကိုကူပြီး ဟင်းတွေထည့်ပေးနေတာကို သိသည်။ သူက သူ့ကိုယ်ပိုင် ကမ္ဘာထဲမဝင်ခဲ့သလို ပြဿနာအချို့ကိုလည်း သူမစဥ်းစားခဲ့ပေ။ စားပွဲခုံအောက်က သူ့လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ သူသာကြားနိုင်သည့် အသံကို ခံနိုင်ရည်ရှိအောင် ရုန်းကန်နေရသည်။
လွန်ခဲ့တဲလ မိနစ် (၂၀) က ပိုင်ချွမ်းနားထဲမှာ မျက်နှာကျက် မီးဆိုင်းဆီက စူးရှတဲ့ကုတ်ခြစ်နေသံကို ကြားနေရသည်။ ထိုပြင်းထန်သောအသံက အိုမင်းနေသော ဝါယာကြိုးများနှင့် မကောင်းတဲ့ ဆားကစ်များကြောင့်ဖြစ်ပြီး သူ့ခေါင်းထဲက နာကျင်နေတဲ့ ပေါက်ကွဲသံကိုတောင် ကြားနေရသည်။
ဒါပေမယ့် ပိုင်ချွမ်းသိသည်။ ဒီအခန်းထဲမှာသူတစ်ယောက်တည်း အဲ့ဒီအသံကိုကြားနေရတယ်ဆိုတာနဲ့ အဲ့ဒါကြောင့် နာကျင်နေရတာကို။ ပိုင်ချွမ်းက ဒီလိုအများကြီးကြုံခဲ့ဖူးပြီး အကျွမ်းတဝင်ရှိခဲ့တာမို့ ဒီလိုရှုပ်ထွေးတဲ့ ဆူညံသံတွေကိုကြားရင် သူစိတ်တိုလာသည်။
'အသံပိတ်လိုက်ရုံ၊ မီးပိတ်လိုက်ရုံနဲ့ အရာအားလုံးအဆင်ပြေသွားမှာပါ ' အရင်ကလိုဆို ပိုင်ချွမ်း ချက်ချင်းမတ်တပ်ရပ်ပြီး အခန်းထဲက မီးတွေအားလုံး ပိတ်လိုက်လိမ့်မည်။ အဲ့ဒါဆို ဒီစိတ်ရှုပ်စရာ အသံတွေအားလုံး ပျောက်ကွယ်သွားလိမ့်မည်။ ဒါပေမယ့် အခု သူ ကြိုက်သလို မလုပ်နိုင်တော့ဘဲ သူ့ရင်ထဲက နာကျင်တဲ့ တွန်းအားတွေကို ထိန်းဖို့ ကြိုးစားနေရသည်။
အစောက သူရုတ်တရက်ထရပ်ပြီး နေရာရွေ့ထိုင်တာတောင် သူ့ကိုသူ့ကိုထူးဆန်းတဲ့မျက်လုံးတွေနဲ့ ကြည့်လာကြသည်။ သူအရင်က ဂရုမစိုက်ပေမယ့် ဒီနေ့တော့ မတူဘူး။ သူ့မိသားစုက သူတို့ဒီကို မလာခင် သူ့ကို ဒီည ညစာစားပွဲမှာ ကောင်းကောင်းဂရုစိုက်ရမယ်လို့ပြောခဲ့သည်။ သူအမှား လုပ်လို့မရဘူး။ ရှောင်ယရဲ့မိဘတွေဆီ ဆိုးဝါးတဲ့အမြင်ဆိုး မချန်ထားသင့်ဘူး။ သူ့ကို ရှောင်ယရဲ့ မိဘတွေ ထူးဆန်းတဲ့မျက်လုံးတွေနဲ့ သူ့ကိုကြည့်ရှုစေလို့မရဘူး။ သူဘာအမှားလုပ်လို့မရဘူး။
ဒါကြောင့် သူလွန်ခဲ့တဲ့မိနစ် ၂၀ ကစပြီး သူ့ဘာသာကြိုးစားပြီး သည်းခံနေခဲ့တာဖြစ်သည်။ သူအဲဒီ အသံတွေကို လျစ်လျူရှုဖို့ကြိုးစားခဲ့သည်။ ဒါပေမယ့် သူ့ ဦးနှောက်ထဲမှာ လျှပ်စစ်လေ့ကျင့်ခန်းတစ်ခု အရူးအမူးလုပ်နေသလိုမျိုး ခြစ်ရာနဲ့မြည်နေတဲ့အသံတွေက ပိုပြီးကျယ်လာပြီး မကြာခဏဆိုသလို ဖြစ်လာသည်။ သူက နောက်ထပ်မတွေးနိုင်တော့ပေ။ သူလုံးဝ ထပ်မတွေးနိုင်တော့ဘူး။ သူ့ သွေးအားလုံးက နောက်ပြန်စီးနေသလို ခံစားနေရပြီး သူအဲ့ဒါတွေကို ရိုက်ခွဲချင်နေသည်။
'မဟုတ်ဘူး မလုပ်ရဘူး အခုအခြေအနေမှာ လာမှလုပ်လို့မရဘူး။'
" ချပ်စ်~"' နောက်ထပ်မြည်လာပြန်ပြီ။ ဘာလို့ အဲ့မီးအိမ်က မကွဲသေးတာလဲ။ '
"ချပ်စ် ~" 'အရမ်းစိတ်မသက်မသာခံစားရတယ်။ ဒီနေရာက ဘယ်အချိန်မှ ထွက်သွားနိုင်မှာလဲ။ '
"ချပ်စ် ~" 'ရှောင်ယက ငါ့အနားမှာရှိတယ်။ ငါ့အနား ထပ်တိုးမလာပါတော့နဲ့။ ငါပုံမှန်မဟုတ်တာကို မမြင်စေနဲ့'
ပိုင်ချွမ်းက သူ့နှုတ်ခမ်းကို တင်းတင်းကိုက်ထားပြီး သူ့မျက်နှာကိုတက်နိုင်သလောက် ငုံ့ထားကာ သူ့အမူအရာကို ဝှက်ထားဖို့ ကြိုးစားနေသည်။ ဒါပေမယ့် သူ့ကိုယ်က ပုံမှန်တုံ့ပြန်မှုကို ထိန်းမထားနိုင်တာကြောင့် ချွေးသီးချွေးပေါက်တွေကျလာတာကို မဖုံးကွယ်နိုင်ခဲ့ပေ။
မုရှောင်ယ ရုတ်တရက် ပိုင်ချွမ်းရဲ့ ရှပ်အင်္ကျီက ချွေးတွေနဲ့ ကပ်နေတာကို တွေ့လိုက်ရပြီး တစ်ခုခုမှားယွင်းနေတာကို သတိပြုမိလိုက်သည်။ နွေရာသီဖြစ်သော်လည်း အခန်းထဲတွင် လေအေးပေးစက် ဖွင့်ထားကာ hotpot စားရင်တောင် ချွေးထွက်ဖို့ဆိုတာက မဖြစ်နိုင်ပေ။ ပိုင်ချွမ်းက ဘာလို့ ချွေးတအားထွက်နေတာလဲ။'
'ရှောင်ချွမ်း' မုရှောင်ယက ပိုင်ချွမ်းကို ထိလိုက်ချင်သည်။
"ဘန်း" ပိုင်ချွမ်းက ရုတ်တရက် ထလိုက်ပြီး နောက်လှည့်ကာ မုရှောင်ယကို မမြင်ရအောင် ကြိုးစားလိုက်သည်။ ဒါပေမယ့် ဒီလှုပ်ရှားမှုကြောင့် သူ့နောက်မှာ ချွေးတွေပိုထွက်လာကာ မိုးစိုထားတဲ့ လူတစ်ယောက်လို ဖြစ်သွားသည်။
အခြားသူတွေက ဘယ်လိုလုပ်မသိဘဲနေမှာလဲ။ ပိုင် မိသားစုဝင်တွေရဲ့ မျက်နှာတွေက ချက်ချင်း ပြောင်းလဲသွားကြသည်။ ပိုင်ချွမ်းရဲ့ ပုံစံကိုကြည့်ရတာ သူပြိုလဲလုနီးပါးဖြစ်နေပြီဆိုတာကို သူတို့သိသည်။
"ရှောင်ချွမ်း ရှင်ဘာဖြစ်လို့လဲ။ ရှင်မသက်မသာဖြစ်နေတာလာ။ " မုရှောင်ယက ပိုင်ချွမ်းလက်ကို ဆွဲဖို့ထပ်ကြိုးစားလိုက်သည်။
"ဒီနားမလာနဲ့။" ပိုင်ချွမ်းက မုရှောင်ယ သူနားကျင်နေတဲ့ပုံကို မမြင်စေချင်ခဲ့ပေ။ သူနောက်ကိုလှည့်မကြည့်ဘဲတွန်းလွှတ်လိုက်သည်။ အဲ့ဒါက မုရှောင်ယကို အံ့အားသင့်သွားစေပြီး စားပွဲခုံပေါ်လက်ထောက်လိုက်မိသည်။ စားပွဲခုံအစွန်းနားက လက်ဖက်ရည်ခွက်က ကြမ်းပြင်ပေါ် ပြုတ်ကြပြီး ကွဲသွားခဲ့သည်။
"ရှောင်ယ။" ရှန်ချင်းယီက သူမသမီးကို ကူညီဖို့အမြန်ထလိုက်သည်။
ရုတ်တရက် မုရှောင်ယရဲ့ နာကျင်လို့ အော်လိုက်သံ၊ ပန်းကန်ကွဲတဲ့အသံနဲ့ သူမအမေ အော်လိုက်တဲ့ အသံက ပိုင်ချွမ်းရဲ့ အစွမ်းကုန်ထိန်းချုပ်ထားမှုကို ပျက်ပြားသွားစေသည်။
"အားးးး " ပိုင်ချွမ်းက အော်နေရင်း ခေါင်းကိုအဆက်မပြတ်ထုရိုက်နေခဲ့သည်။
' အရမ်းဆူတာဘဲ စကားမများကြပါနဲ့တော့ ပျောက်ကွယ်သွား အသံတွေ အားလုံး ပျောက်ကွယ်သွားကြပါတော့ '
ပိုင်ချွမ်းက သူ့လက်နဲ့ထိသမျှကို ဆုပ်ကိုင်လိုက်ပြီး ဆူညံသံတွေထွက်နေတဲ့ နံရံဆီကို ပစ်ပေါက်လိုက်သည်။ ဒါပေမယ့် သူဘယ်လောက်ပဲပစ်ပေါက်နေပါစေ အသံတွေက ပိုပိုကျယ်လာခဲ့သည်။
ကျယ်လောင်တဲ့ အသံတွေနဲ့ ခဏအတွင်းမှာဘဲ စားပွဲပေါ်က ပန်းကန်တွေနဲ့ ခွက်တွေတစ်ဝက်လောက် ကွဲသွားခဲ့သည်။
" ရှောင်ချွမ်း " မုရှောင်ယက ထိတ်လန့်စွာအော်ဟစ်လိုက်ပြီး ပိုင်ချွမ်းကို သွားတားချင်နေခဲ့သည်။ ရှန်ချင်းယီက သူ့သမီးကို နာကျင်စေမည်ကို ကြောက်တာကြောင့် သူမနဲ့ သူမခင်ပွန်းက မုရှောင်ယကို ထိုနေရာမှာဘဲ ဆွဲထားခဲ့သည်။
" ပိုင်ကျန့် ရှောင်ချွမ်းကို အမြန်တားလိုက်" ပိုင်ကောယွိက အော်လိုက်သည်။
ပိုင်ချွမ်း ပထဆုံးအကြိမ်စလုပ်ထဲက ပိုင်ကျန့်က သူ့နေရာကပြေးထွက်သွားပြီ ဖြစ်ပြီး သူ့ကို သတိပေးဖို့တောင်မလိုအပ်ခဲ့ပေ။ သူက ပိုင်ချွမ်းကို ချုပ်ဖက်ထားကာ စားပွဲပေါ်က ပန်းကန်ပြားများ ထပ်ပစ်ခွဲတာကို တားဆီးခဲ့သည်။
ဤအချိန်တွင် စားပွဲထိုးက အမြန်ဝင်လာပြီး ကြမ်းပြင်ပေါ်ရှိ ပြန့်ကျဲနေတဲ့ အရာများကို တွေ့လိုက်ရသည့်အခါတုန်လှုပ်သွားသည်။
"မြန်မြန် မီးတွေကို ပိတ်လိုက်"လီရုံက စိုးရိမ်ထိတ်လန့်စွာနဲ့ တံခါးနားရပ်နေတဲ့ စားပွဲထိုးကို အော်လိုက်သည်။
စားပွဲထိုးက ဘာကြောင့်လဲဆိုတာမသိပေမယ့် သူကမီးကို နာခံမှုရှိစွာပိတ်လိုက်တုန်းပဲ။
မီးပိတ်ပြီး မကြာခင်မှာပဲ ပိုင်ချွမ်းရဲ့ ရုန်းကန်မှုတွေက နောက်ဆုံးတော့ ချက်ချင်းအားပျော့သွားခဲ့သည်။
" အဆင်ပြေသွားပြီး အဆင်ပြေသွားပြီး မီးတွေပိတ်လိုက်ပြီ။ " ပိုင်ကျန့်က သူ့ညီကို ချော့မော့ ပြောနေချိန်မှာ ပိုင်ချွမ်းရဲ့ ချောမွေ့တဲ့သူ့ညီလေးရဲ့လက်က ဒဏ်ရာတွေဖြစ်နေတာကိုကြည့်ပြီး သူစိတ်ထိခိုက်သွားသည်။
"ဆေးရုံကိုသွားရအောင် " ပိုင်ကောယွိ သက်ပြင်းချပြီး ပြောလိုက်သည်။
.........
ပိုင်ချွမ်းလက်က ဒဏ်ရာက အပေါ်ယံအရေပြားပဲ ရှသွားတာဖြစ်ပြီး ရိုးရိုးရှင်းရှင်း ပတ်တီး စည်းရုံနဲ့လုံလောက်သည်။ ဒါပေမယ့် ပိုင်ချွမ်းရဲ့ စိတ်အခြေအနေမှာ အလွန်ဆိုးရွားနေပြီး အရေးပေါ်ခန်း ပြင်ပရှိ ထိုင်ခုံပေါ်တွင်ထိုင်နေကာ ဘယ်လောက်လဲ ခေါ်နေပြီး အော်နေပါပစေ လုံးဝမလှုပ်ခဲ့ပေ။
သူတို့အားလုံး သူနဲ့အတူထိုင်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။
ပိုင်ကောယွိက သားဖြစ်သူအတွက် စိတ်မကောင်းဖြစ်ရသလို မုရှောင်ယမိဘတွေကိုလည်း ရှက်မိသည်။ ပိုင်ချွမ်းက သူတို့မိသားစုနှစ်ခုစလုံး ပထမဆုံးအကြိမ် တွေ့ဆုံချိန်မှာ ရုတ်တရက် ဖျားနာလိမ့်မယ်လို့ သူမမျှော်လင့်ခဲ့ပေ မုရှောင်ယကိုလည်း တွန်းထုတ်လိုက်သေးသည်။ သူမမိဘတွေက သူမကို သူတို့ဆီ ဘယ်လိုပေးချင်တော့မှာလဲ။
" ခမည်းခမက် ဒီအတွက်စိတ်မကောင်းပါဘူး " ပိုင်ကောယွိက သားဖြစ်သူအစား တောင်းပန်ခဲ့သည်။
"အဆင်ပြေပါတယ် ပိုင်ချွမ်းက တမင်လုပ်တာမှမဟုတ်တာ " မုရော့ကျုံးက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့မျက်နှာပေါ်က အမူအရာကတော့ သူပြောနေသည့်အတိုင်း မဟုတ်ခဲ့ပါပေ။
"ခမည်းခမက် ရှောင်ချွမ်းက အဲ့လိုမျိုးဖြစ်ခဲပါတယ် ဒီနေ့က တစ်ကယ့်ကို အထူး အခြေအနေ တစ်ခုဖြစ်သွားတာပါ အဲ့ဒီမီးအိမ်မှာ ပြဿနာတစ်ခုခုရှိပုံရတယ် " လီရုံက ရှင်းပြလာသည်။ ဒါပေမယ့် သူမ သူမရှင်းပြချက်ကို အလွန်အားမရပေ။ ပြဿနာတစ်ခုလုံးကို မီးအိမ်လို့ပြောရမှာလား။ ပြဿနာက ရှောင်ချွမ်း ....
ပိုင်ကျန့်က စကားမပြောခဲ့ပေ သူက စင်္ကြံကိုမှီပြီး ပိုင်ချွမ်းနဲ့ မုရှောင်ယတို့ကိုသာ အဝေးက ကြည့်နေခဲ့သည်။
"ရှင့်လက်တွေ နာနေသေးလား။ " မုရှောင်ယကဘေးမှာထိုင်ရင်း ပိုင်ချွမ်းကို နူးညံ့စွာမေးလိုက်သည်။
ပိုင်ချွမ်းက သူမကိုလျစ်လျူရှုထားပြီး သူမပြောတာကိုမကြားသလို သူ့ခေါင်းကိုငုံ့ထားသည်။ ဒါပေမယ့် မုရှောင်ယက ပိုင်ချွမ်းမျက်တောင်တွေ လှုပ်ရှားသွားတာကို သူမမြင်လိုက်ရလို့ သူကြားတာကို သူမသိသည်။
"အစောက ရှင်ကျွန်မကို တွန်းလိုက်တုန်းက ကျွန်မလက်နာသွားတယ် " မုရှောင်ယက ရည်ရွယ်ချက်ရှိရှိပြောခဲ့သည်။
ပိုင်ချွမ်း တုန်လှုပ်သွားပြီး သူစိုးရိမ်တကြီး ကြည့်လိုက်သည်။ သူ့မျက်လုံးများက ကြောက်လန့် တုန်နေသည်။
"ဒါပေမယ့် ရှင်ကျွန်မကို စကားမပြောတာက ကျွန်မကို ပိုနာကျင်စေတယ် " မုရှောင်ယက သူမစကားအဆုံးသတ်ကို ဆက်ပြောခဲ့သည်။
"ကိုယ် ... ကိုယ်... ကိုယ်တမင်လုပ်တာ မဟုတ်ဘူး။"ပထမဆုံးအကြိမ် ဘဝမှာ ပထမဆုံးအကြိမ်အနေနဲ့ သူတစ်စုံတစ်ယောက်ကို ရှင်းပြဖို့ကြိုးစားခဲ့တာဖြစ်သည်။
" ကျွန်မသိတယ်။ အစောက ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ပြောပြလို့ရမလား။ " ပိုင်ချွမ်းက အကြောင်းပြချက်မရှိဘဲ ဒီလိုမလုပ်ဖူးဆိုတာနားလည်သည်။
"အဲ့ဒီမီးအိမ်က.... အရမ်းဆူညံလွန်းတယ် "စိတ်မသက်မသာ ခံစားရသလိုနဲ့ ပိုင်ချွမ်းက မျက်မှောင်ကြုတ်ရင် ပြောလာသည်။
"ကိုယ့် ခေါင်းနာတယ် "
"အခုနာနေတုန်းလား။"
"အခုမနာတော့ဘူး " ပိုင်ချွမ်းက ခေါင်းခါလိုက်သည်။
"ဒါဆို အိမ်ပြန်ပြီး အနားယူရအောင် ဟုတ်ပြီလား။" မုရှောင်ယက မတ်တပ်ရပ်ပြီး ပိုင်ချွမ်းလက်တွေကို ဆွဲလိုက်ပြီး အိမ်ပြန်ဖို့ တိုက်တွန်းလိုက်သည်။
ဒါပေမယ့် ပိုင်ချွမ်း မျက်နှာကရုတ်တရက် ဖြူဖျော့သွားမယ်လို့ ဘယ်သူသိမှာလဲ။ သူက ထိုင်ခုံကနေထဖို့ တွန့်ဆုတ်နေပြီး စိတ်အားထက်သန်စွာရှင်းပြလာခဲ့တယ် ။
"ကိုယ်...ကိုယ် တမင်လုပ်တာ မဟုတ်ပါဘူး"
"အာ... ကျွန်မသိပါတယ် "မုရှောင်ယက ပိုင်ချွမ်း ဘာလို့ ရုတ်တရက် စိုးရိမ်းစွာရှင်းပြနေလဲဆိုတာကို နားမလည်နိုင်ခဲ့ပေ။
"မသွားပါနဲ့" ပိုင်ချွမ်း မုရှောင်ယလက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားရင်း အသနားခံသလိုမျက်ဝန်းတွေနဲ့ ကြည့်လာခဲ့သည်။
မုရှောင်ယ တစ်ခဏလောက် ဘာပြောရမလဲမသိဖြစ်သွားသည်။
"မသွားပါနဲ့ ကိုယ့်ကိုမုန်းပါနဲ့ ကိုယ်အနာဂတ်မှာ နေမကောင်းမဖြစ်တော့ဘူး " ဆိုတာကို ထပ်ခါထပ်ခါ ပြောနေခဲ့သည်။ ပိုင်ချွမ်းက အလွန်ယုတ္တိမတန်သော တောင်းဆိုမှုတစ်ခုကို ပြုလုပ်လိုက်သကဲ့သို့ပင် သူ့အသနားခံချက်ကို မုရှောင်ယက သဘောတူမည်ဟု မမျှော်လင့်ရဲခဲ့ပေ။ သူက မုရှောင်ယ လက်ကို တင်းတင်းဆုပ်ကိုင်ထားတာကို နည်းနည်းလေးမှ အလျော့မပေးခဲ့ပေ။
သူမ နှလုံးသားနာကျင်တာကိုခံစားလိုက်ရသည်။ ပိုင်ချွမ်းရဲ့စကားအနည်းငယ်က သူမရဲ့ရင်ဘတ်ထဲထိ ထိသွားပုံရသည်။
"ကျွန်မမသွားပါဘူး ကျွန်မ ရှင်နဲ့ အိမ်အတူပြန်မလို့လေ " မုရှောင်ယက ငုတ်တုတ်ထိုင်လိုက်ပြီး ဖြည်းဖြည်းလေးပြောလိုက်သည်။
"တကယ်လား။"
"အဆင်မပြေဘူးလား။ မိဘတွေဆီက ခွင့်ပြုချက်ရတဲ့အထိ စောင့်ပြီး ရှင်နဲ့ အတူနေမယ်လို့ မပြောခဲ့ဘူးလား။"
'အတူတူနေမှာလား။ ဒါဆို သူပြဿနာမရှာမိဘူး ဟုတ်တယ်မလား။ '
ပိုင်ချွမ်းရဲ့ နှုတ်ခမ်းထောင့်စွန်းလေးတွေက ကွေးတက်သွားကာ အများအားဖြင့် နက်ရှိုင်းစွာ ဝှက်ထားတက်တဲ့ ပါးချိုင့်တွေက ထွက်ပေါ်လာသည်။