ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား
အပိုင်း ၁၃; အတူနေထိုင်သည့် ပထမဆုံးနေ့
ဆေးရုံအပေါက်ဝမှာ ပိုင်ချွမ်း လက်ကိုဆွဲထားရင်း မုရှောင်ယက သူမမိဘတွေကို နှုတ်ဆက်လိုက်သည်။
"ပါး..မား..သမီး..ဒီည..ရှောင်ချွမ်းအိမ်မှာ အိပ်လိုက် မယ်လို့ ပြောမလို့ ..."
“ မားသိပြီ မား သမီးအဝတ်တွေကို မနက်ဖြန် အဆင်သင့် လုပ်ပေးထားမယ် ” ရှန်ချင်းယီ ခေါင်းညိတ်လိုက်သည်။
“ ဟင့်အင်း..သမီးဘာသာပြန်လာပြီးမှလုပ်ပါ့မယ်.. ” မုရှောင်ယက ငြင်းဆန်ခဲ့သည်။
"ကောင်းပြီ" ရှန်းချင်းရီကပြန်ဖြေရင်းသူမသမီးဘေးနားမှာ တိတ်ဆိတ်စွာရပ်နေတဲ့ ပိုင်ချွမ်းကိုကြည့်ပြီးမေးလိုက်သည်။ "ရှောင်ချွမ်း လက်နာနေတုန်းလား။"
"မနာတော့ဘူး " ပိုင်ချွမ်းက အခုအချိန်တွင် ကောင်းမွန်တဲ့ စိတ်နေစိတ်ထားရှိနေပြီး သူ့လက်မှမည်သည့်နာကျင်မှုကိုမျှမခံစားရပါပေ။
"အဲ့ဒါ ကောင်းတယ် နောက်ကျ အားရင်..... မား အားရင် ရှောင်ယနဲ့သားဆီလာခဲ့မယ်" ရှန်ချင်းယီက သူမသမီးက လက်ထပ်ပြီးသား မိန်းကလေးဖြစ်သွားပြီဆိုတာ သူမနားလည်သည်။ ဒါပေမယ့် တွေးမိတိုင်း သူမနှာခေါင်းက အနည်းငယ် စူးရှလာသည်။
"သွားစို့..ကားကဟိုဘက်မှာ..."မုရော့ကျုံးက သူ့ဇနီးကိုသတိပေးလိုက်သည်။
ခမည်းခမက် တွေကို နှုတ်ဆက်ပြီးတော့ မုရော့ကျုံးနဲ့ သူ့ဇနီးကပြန်သွားခဲ့သည်။ ရှန်းချင်းယီက ကားအဝေးရောက်သွားချိန်ထိ ကျန်ခဲ့တဲ့ ပုံရိပ်တွေဆီကမျက်လုံးမခွါနိုင်ဖြစ်နေသည်။
“ မကြည့်နဲ့တော့ သမီးက မနက်ဖြန်ပြန်လာမှာကို ” မုရော့ကျုံးက သူ့ဇနီးကိုနှစ်သိမ့်လိုက်သည်။
"ရော့ကျုံး ရှင်ပြော ကျွန်မတို့မိသားစုက ရှောင်ယကအဲလို လက်ထပ်လိုက်ရတာလား...။" ရှန်ချင်းယီက သမီးဖြစ်သူ လက်ထပ်ပြီး ထွက်သွားမယ့် ဒီလိုမြင်ကွင်းကို အရင်ကမစဥ်းစားခဲ့ပေ။ ဒါပေမယ့် သူမ မမျှော်လင့်ထားတာတွေ ဖြစ်လာမယ်လို့ စိတ်မကူးခဲ့ဖူးပေ။
"အဲ့ဒါက သိပ်မဝေးပါဘူး။ အချိန်မရွေး သမီးကို သွားတွေ့လို့ရပါတယ်ကွာ " မုရော့ကျုံးရဲ့ နှလုံးသားထဲမှာလည်း အဆင်မပြေပေမယ့် သူ့ဇနီးကို နှစ်သိမ့်ပေးချင်သေးသည်။
"သိပါတယ်..ဒါပေမယ့်..ကျွန်မစိတ်မအေးဘူး.." ရှန်ချင်းယီက စိတ်ပူနေမိသည်။ "ရှောင်ချွမ်းကို ရှင်ဘယ်လိုထင်လဲ။ နောင်အနာဂတ်မှာ သူအဲ့လိုထပ်ဖြစ်လာရင် ရှောင်ယက သူ့ရဲ့ကြီးမားတဲ့ခွန်အားကို ဆန့်ကျင်ပြီးဘာလုပ်နိုင်မှာလဲ။ "
"အဲ့ဒါ မဖြစ်နိုင်ဘူး... ခမည်းခမက် မပြောဘူးလား ရှောင်ချွမ်း အဲ့လိုဖြစ်တာရှားတယ်လို့ ဒီနေ့က အထူးအခြေအနေတစ်ခုပါပဲ"
"တစ်ကယ်တော့ အစောက ဆေးရုံမှာသာမဟုတ်ရင် ကျွန်မရဲ့ခွင့်ပြုချက်ကို ပြန်ရုတ်သိမ်းပြီး သဘောတူမှာမဟုတ်ဘူး " ရှန်ချင်းယီက ပိုင်ချွမ်းရဲ့ ဖျားနာမှုကိုတွေးပြီး တုန်လှုပ်သွားသည်။ သူမ ပိုင်ချွမ်းကို အမြဲထင်ခဲ့တာက သူက စကားနည်းပြီး ဘယ်လိုဆက်သွယ်ရမှန်းတောင်မသိဘူးလို့ သူဖျားနာနေချိန်မှာ သူကအကြမ်းဖက်တတ်တယ်ဆိုတာ သူမဘယ်တော့မှ မမျှော်လင့်၊ မတွေးခဲ့ပါပေ။
ပိုင်ချွမ်းဆေးရုံမှာ ဆေးကုနေတုန်းက ရှန်းချင်းယီက တုန့်ဆိုင်းနေခဲ့တာဖြစ်သည်။ အဲ့ဒီ လက်ထပ် စာချုပ်ကို သူမဂရုမစိုက်ပေ။ ပိုင်ချွမ်းဖျားနာတာကို သူမတွေ့လိုက်ချိန်က သူမ မုရှောင်ယကို အိမ်ဆွဲခေါ်သွားချင်ခဲ့သည်။ ဒါပေမယ့် နောက်ဆုံးမှာ ပိုင်ချွမ်းရဲ့ အပြုံးကိုသူမတွေ့လိုက်ရသည်။
ရှန်ချင်းယီက အဲ့ဒီအပြုံးကို ဘယ်လိုဖော်ပြရမလဲ မသိခဲ့ဘူး။ အဲ့ဒါကို မြင်တဲ့သူတိုင်း ပျော့ပျောင်း သွားစေမည့်အပြုံးတစ်ခုဖြစ်သည်။ ထိုအချိန်တွင် ပိုင်ချွမ်းက တက်ကြွလှုပ်ရှားနေပြီး နွေဦးရာသီတွင် နေဆီသို့ကြီးထွားဖို့ ကြိုးစားနေသည့် ပျိုးပင်များလိုဖြစ်သည်။ နောက်ပြီး သူမရဲ့ သမီးရှောင်ယက သူ့ရဲ့နေရောင်ပဲ။
ရှန်ချင်းယီ ရုတ်တရက် ၀မ်းနည်းမိသည်။ သူမ သူမခင်ပွန်းကို တိတ်တဆိတ်လှည့်ကြည့်လိုက်ချိန်မှာ သူ့မျက်နှာက သူမနဲ့ ဆင်တူတာကို တွေ့သွားခဲ့သည်။ ထိုအချိန်က ပိုင်ချွမ်းမားက ငိုလာခဲ့သည်။ နောက်ဆုံး သူမနှလုံးသားက ပျော့ပျောင်းသွားပြီး သမီးဖြစ်သူကို ပိုင်ချွမ်းဆီပေးအပ်ခဲ့တယ် ။
"စိတ်မပူပါနဲ့ ပိုင်မိသားစုက ရှောင်ယကိုကောင်းကောင်းဂရုစိုက်ပါလိမ့်မယ် " မုရော့ကျုံးက သူ့ဇနီးကိုနှစ်သိမ့်ခဲ့ပြီး တစ်ချိန်တည်းမှာပဲ သူ့ကိုယ်သူ နှစ်သိမ့်မှုပေးခဲ့သည်။
ပိုင်ကျန့်က ကားမောင်းပြီး မုရှောင်ယနဲ့ သူ့ညီကို ခေါ်လာခဲ့သည်။ သူက အပြင်က ဆူညံသံတွေ မကြားရအောင် ပြတင်းပေါက်ကိုပိတ်လိုက်ပြီး စတီရီယိုစက်ကိုဖွင့်ကာ စန္ဒယားသံ ပျော့ပျော့လေးကို ဖွင့်ထားလိုက်သည်။
ဒီသီချင်းကို ပါမောက္ခဖန်က ပေးခဲ့တာဖြစ်သည်။ အထီးကျန် စိတ်ဝေဒနာ ခံစားနေရတဲ့လူတွေရဲ့ စိတ်ကိုလျှော့ချနိုင်အောင် ကူညီနိုင်တယ်လို့ သူကပြောခဲ့သည်။ သူနဲ့သူ့မိဘတွေက အိမ်မှာရော ကားတိုင်းမှာပါ ဖွင့်လို့ရအောင် ပြင်ဆင်ထားသည်။ ပိုင်ချွမ်း စိတ်မတည်ငြိမ်တဲ့အချိန်မှာ သူတို့က အဲ့သီချင်းကို သူ့အတွက်ဖွင့်လိမ့်မည်။
အသံနဲနဲချဲ့ကာ ပိုင်ကျန့်က နောက်ခုံက အခြေအနေတွေကို လျှို့ဝှက်စွာလေ့လာခဲ့သည်။ ပိုင်ချွမ်းက အလွန်တိတ်ဆိတ်စွာနေသည်။ သူ့မျက်လုံးတွေက ပိတ်ထားကာထိုင်ခုံပေါ်မှီနေပြီး အိပ်ပျော်နေသလိုပဲ။ သူ့ခန္ဓာကိုယ်က ဒေါသတွေ ထွက်မလာတော့သလို စောစောက သူထုတ်ပြခဲ့တဲ့ တက်ကြွတဲ့အပြုံးလဲ မရှိတော့ပေ။
ပိုင်ကျန့်က ပိုင်ချွမ်းရဲ့ အပြုံးကိုတစ်ခါမှမမြင်ဖူးခဲ့ပေ။ သူကလေးဘဝကစပြီး အခုအချိန်အထိ ပိုင်ချွမ်း ပျော်ရွှင်တဲ့ အချိန်များရှိဖူးသည်။ 'ပိုင်ချွမ်းက စာဖတ်ရတာကြိုက်တယ်။ ပြီးတော့ သူပြုံးရင်တောင် နှုတ်ခမ်းကိုတင်းတင်းစေ့ထားကာ သူ့မျက်ဝန်းလေးတွေက တောက်ပသွားပြီး နားဖျားလေးတွေက အနည်းငယ်နီသွားတက်သည်။ သူတို့က ပိုင်ချွမ်းပြုံးတာမြင်ရတာကြိုက်တယ်။ ပိုင်ချွမ်း ပြုံးနေသရွေ့ သူတို့ကုမ္ပဏီရဲ့ အမြတ်က တစ်နှစ်အတွင်း နှစ်ဆတိုးလာတာကို မြင်ရတာလိုမျိုး စိတ်လှုပ်ရှားစရာပဲ။ ဒါပေမယ့် အစောကမြင်လိုက်ရတဲ့ အပြုံးမျိုး - သူတို့အရင်က တစ်ခါမှမမြင်ဖူးခဲ့ပေ။'
' အဲ့ဒီအပြုံးက မုရှောင်ယတစ်ယောက်ထဲ အတွက်လား။'
ပိုင်ချွမ်းကို ကြည့်ပြီး ပိုင်ကျန့်က မုရှောင်ယကိုလည်း ကြည့်မိလိုက်သည်။ မုရှောင်ယက ပြတင်းပေါက်ဘက်ကို ကြည့်နေသည်။ သူမက လမ်းတစ်လျှောက်က ရှုခင်းကိုကြည့်နေတယ်လို့ ထင်ရသော်လည်း ပိုင်ချွမ်း အိပ်၊ မအိပ်ကိုလည်း လှည့်ကြည့်တက်သေးသည်။
ကားက ပိုင် မိသားစုအိမ်ကို လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားသည်။ ပိုင်ကျန့်ရဲ့ သတိပေးမှုမလိုပဲ မုရှောင်ယက ပိုင်ချွမ်းကိုနှိုးပြီးဖြစ်သည်။ သူတို့ ကားထဲကထွက်လာချိန်မှာ ပိုင်ကောယွိနဲ့ သူ့ဇနီး လီရုံက ကြိုရောက်နေခဲ့ကာ အိမ်တံခါးဝမှ စောင့်နေခဲ့ကြသည်။
"ဦးလေးလီ၊ ဒါကရှောင်ယလေ၊ ရှောင်ချွမ်း ရဲ့ဇနီး " လီရုံက မုရှောင်ယရဲ့ ဝိသေသလက္ခဏာကို အိမ်တော်ထိန်းကို မိတ်ဆက်ပေးလိုက်သည်။
" ငါသိတယ် ငါသိတယ် ဒုတိယသခင်လေးရဲ့ဇနီး အရမ်းကောင်းတယ် " ဦးလေးလီက မုရှောင်ယ အကြောင်းကို အရင်ထဲက ကြားဖူးပြီး အခုမှတွေ့ဖူးတာဖြစ်သည်။ ကောလဟာလတွေအထဲက အတိုင်းပဲ သူတို့မိသားစုရဲ့ ဒုတိယသခင်လေးက သူမနဲ့ အလွန်ရင်းနှီးကြောင်းတွေ့ရှိခဲ့သည်။
"ရှောင်ယ ဒါကမိသားစုရဲ့အိမ်တော်ထိန်းဖြစ်တဲ့ ဦး လေးလီလေ ။ နောက် သမီး တစ်ခုခုလိုအပ်ရင် သူ့ကိုရှာလို့ရတယ် "
"ဦးလေးလီ" ရှောင်ယက ဦးလေးလီကို နှုတ်ဆက်လိုက်သည်။
"ဒုတိယသခင်မလေး နောက်ကိုဘာပဲလိုလို ဦးလေးကို ပြောလို့ရပါတယ် "
ပိုင်ချွမ်းက ဖျားနာနေသဖြင့် ဤအချိန်တွင် အနားယူဖို့ လိုအပ်ပြီး လူတိုင်းနှုတ်ခွန်းဆက်ပြီး အိမ်ထဲ၀င်သွားခဲ့ကြသည်။ လီရုံက မုရှောင်ယကို ပိုင်ချွမ်းအိပ်ခန်းရှေ့ခေါ်သွားပြီး အနည်းငယ်ရှင်းပြပြီးနောက်မှာ ပြန်ထွက်သွားခဲ့သည်။
တံခါးပိတ်လိုက်သောအခါ ပိုင်ချွမ်းနဲ့ မုရှောင်ယ နှစ်ယောက်သာကျန်တော့သည်။
မုရှောင်ယက မကူညီနိုင်စွာဘဲ ပိုင်ချွမ်းရဲ့ အိပ်ခန်းပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ သူမက ပိုင်ချွမ်းကို အိပ်ရာပေါ်ဆွဲတင်ကာ စောင်ကိုပြန်ခြုံပေးပြီး အိပ်စက်အနားယူဖို့ အချက်ပြလိုက်သည်။
“ ကိုပ်ရေမချိုးရသေးဘူး” ပိုင်ချွမ်းက ရေချိုးခန်းဘက်ကိုလှည့်ကြည့်လိုက်သည်။
' ပိုင်ချွမ်းက ရေချိုးချင်တာလား။ ' မုရှောင်ယက ပိုင်ချွမ်းရဲ့ ပတ်တီးစည်းထားတဲ့ ညာဘက် လက်ဆီရောက်သွားတာ ပြောလိုက်သည် ။ “ရှင့်လက်က ဒဏ်ရာရတယ်။ ရေမထိရဘူး"
ပိုင်ချွမ်းက သူ့ညာဘက်ဘက်လက်ကို ငုံ့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မပျော်ရွှင်စွာပြောလာခဲ့သည်။ “ ကိုယ်ရေချိုးချင်တယ်”
“.....” ချိုးချင်နေတုန်းလား မုရှောင်ယ စကားမပြောနိုင်တော့ဘူး။ “ ရှင်ကျွန်မကို ကူညီစေချင်တာတော့ မဟုတ်ဘူးမလား။ ”
ပိုင်ချွမ်းက ခဏလောက်တိတ်ဆိတ်သွားပြီး အနည်းငယ်ရှက်ရွံ့နေပုံလည်းရသည်။
“ ရှင်ကျွန်မကို ကူညီစေချင်တာတော့ မဟုတ်ဘူးမလား။ ” မုရှောင်ယက ပြန်ဖြေဖို့ခက်နေတာကို မြင်ရတာမို့ ချက်ချင်းရယ်မိလိုက်သည်။ "ခဏစောင့်ဦး ဦးလေးလီက ရှင်ရေချိုးတာကို ကူညီပေးလိမ့်မယ် "
"ဟင့်အင်း ကိုယ့်ဘာသာကိုယ် လုပ်မယ် ” ပိုင်ချွမ်းကမဆိုင်းမတွ ချက်ချင်းငြင်းလိုက်သည်။
"သူတို့က ရှင်ရေမထိရဘူးလို့ပြောထားတယ်"
" ရေမချိုးဘဲ.....ကိုယ်အိပ်လို့မရဘူး " အထီးကျန်စိတ်ဝေဒနာခံစားနေရသူ အများစုက စိတ်မသက် မသာ ဖြစ်မှုနှင့်ဆိုင်သောရောဂါအချို့ခံစားကြရလိမ့်မည်။ သူတိုမှာ ကိုယ်ပိုင်မွေးရာပါ စည်းမျဉ်း စည်းကမ်းများရှိပြီး ပြောင်းလဲဖို့နဲ့ ချိုးဖောက်ဖို့ မလွယ်ကူပေ။ သူတို့ စိတ်ရှုပ်ထွေးသွားလိမ့်မည်။
ဤအရာကြောင့် သူတကယ် အိပ်မပျော်နိုင်တာကို သိတာကြောင့် တွေဝေနေမိသည်။
" ဒါဆို ရှင် ခဏစောင့် ရှင့်လက်ကိုပလတ်စတစ်နဲ့ပတ်ဖို့ သွားယူလိုက်မယ် ” မုရှောင်ယက အပြင်ထွက်သွားပြီး ပလပ်စတစ်တစ်လိပ်ကို ဦးလေးလီဆီကတောင်းလိုက်သည်။ သူမအခန်းထဲ ပြန်ယူလာပြီး ပိုင်ချွမ်း ဒဏ်ရာရလာတဲ့လက်ကို နှစ်လွှာ သုံးလွှာလောက် ရစ်ပက်လိုက်သည်။ ဝက်လက်လို ဖြစ်ခါနီမှ သူမရပ်လိုက်တယ် ။
"အိုကေ ချိုးလို့ရပြီ ညာလက်ကိုရေမထိစေနဲ့နော် "
“ အမ်း ” ပိုင်ချွမ်းက နာခံမှုရှိစွာဖြင့် ခေါင်းညိတ်ပြီးရေချိုးခန်းဘက်လှည့်သွားခဲ့သည်။
မကြာခင်မှာပဲ ရေချိုးခန်းထဲက ရေသံကြားလိုက်ရသည်။ မုရှောင်ယက ဘာမှလုပ်စရာမရှိတော့ ပိုင်ချွမ်းရဲ့ အခန်းကို စူးစမ်းလေ့လာနေခဲ့သည်။ ပိုင်ချွမ်းရဲ့ အခန်းက လိုအပ်တဲ့ပရိဘောဂတွေမှအပ အနည်းဆုံးပဲ၊ အလှဆင်ထားတာကမရှိသလောက်ပဲ။ စာအုပ်အများစုမှာ လသာဆောင်အနီးက ထောင့်တွင်နေရာချထားခဲ့သည်။ မီတာ (၂) မီတာခန့်ရှိသောစာအုပ်စင်တစ်ခုရှိပြီး ရှောင်ယ တစ်ခါမှမမြင်ဖူးတဲ့ စာအုပ်မျိုးစုံနှင့်ပြည့်နှက်နေသည်။ စာအုပ်အထူက မုရှောင်ယ ကြည့်မိတာနဲ့ ခေါင်းကိုက်သွားစေသည်။ အဲ့ဒီစာအုပ်အထူနဲ့ လူတစ်ယောက်ရဲ့ ခေါင်းကိုရိုက်လိုက်ရင် မေ့လဲသွားနိုင်သည်။
ပိုင်ချွမ်းက စာဖတ်ရတာကိုနှစ်သက်သည်။ မုရှောင်ယက ဖွားဖွားပိုင် အိမ်ကကြီးမားတဲ့ စာကြည့်ခန်းကြီးကို သတိရသွားသည်။ အဲ့ဒီမှာ စာအုပ်များစွာရှိသည်။ သူမကလေးဘဝတွင် စာကြည့်တိုက်ကိုမသွားပဲ ဖွားဖွားပိုင်အိမ်ကိုပဲ သွားခဲ့သည်။ ဒါပေမယ့် ဖွားဖွားပိုင် အိမ်ကစာအုပ်တွေက ကမ္ဘာ့အကျော်ကြားဆုံး စာအုပ်များဖြစ်သဖြင့် တစ်ခါတစ်ရံဖတ်ဖို့ အလွန် ငြီးငွေ့ဖွယ်ရာဖြစ်သည့် အတွက် ရုပ်ပြကာတွန့်စာအုပ်များကို တိတ်တိတ်လေး ယူသွားပြီး ပိုင်ချွမ်း တစ်ခြား စာအုပ်တွေဖတ်မယ့်အစား သူမနဲ့အတူဖတ်ဖို့ အတင်းအကျပ်တိုက်တွန်းခဲ့သည်။
ရေသံကရပ်တန့်သွားတော့ မုရှောင်ယ ပိုင်ချွမ်း ရေချိုးပြီးတော့မယ်ဆိုတာ သိလိုက်သည်။ ခဏအကြာမှာ ပိုင်ချွမ်း ရေချိုးခန်းထဲက ထွက်လာသည်။ သူ့ခေါင်းပေါ်တွင်စိုစွတ်နေတဲ့ ဆံပင်များရှိနေခဲ့သည်။ လသာဆောင်မှာ မတ်တပ်ရပ်နေတဲ့ မုရှောင်ယကို သူ့ညာလက်ထောင်ပြပြီး ပြောလာသည်။ "မစိုဘူး"
မုရှောင်ယက ဝက်လက်လို ဖြစ်နေတဲ့ သူ့လက်ကိုကြည့်ပြီး ရှက်ရွံ့တာကိုခံစားလိုက်ရသည်။
" ထိုင်လိုက် ကျွန်မရှင့်ကို ပြန်ဖြေပေးမယ် ” မုရှောင်ယက ပိုင်ချွမ်းကို ထိုင်ခိုင်းပြီး ရေချိုးခန်းထဲက ပဝါတစ်ခုသွားယူခဲ့သည်။ နောက်တော့ ပိုင်ချွမ်းရဲ့ ဆံပင်စိုတွေကို သုတ်ပေးလိုက်သည်။ ပိုင်ချွမ်း လက်က ပလပ်စတစ်ပတ်ထားတာကိုဖယ်ပေးပြီး မုရှောင်ယက ဆံပင်အခြောက်ခံစက်ကိုရှာပြီး ပိုင်ချွမ်း ဆံပင်ကိုခြောက်သွားအောင် ကူညီပေးခဲ့သည်။
ဒီအချိန်အတွင်းမှာ ပိုင်ချွမ်းက မုရှောင်ယ လုပ်ချင်တာကို တိတ်ဆိတ်စွာခွင့်ပြုခဲ့သည်။
"ကောင်းပြီ ရှင်အိပ်ယာဝင်သင့်ပြီ ကျွန်မရေချိုးလိုက်ဦးမယ် "
မုရှောင်ယက ပိုင်ချွမ်းကို အိပ်ဖို့ပြောပြီး ရေချိုးဖို့သွားခဲ့သည်။ ရုတ်တရက် သူမအဝတ်အစားများ မယူလာတာကို သတိရသွားပြီး ပိုင်ချွမ်း ဗီရိုထဲက သူ့ တီရှပ်ကိုသာ ယာယီယူဝတ်ခဲ့ရသည်။ သူမရေချိုးခန်းထဲက ထွက်လာချိန်မှာ အနားယူသင့်နေပြီဖြစ်တဲ့ ပိုင်ချွမ်းက အိပ်ယာပေါ်မှာ ထိုင်နေတာကိုတွေ့လိုက်ရသည်။ သူ့မျက်လုံးနှစ်လုံးက တောက်ပကြည်လင်နေပြီး အိပ်ချင်စိတ်လုံးဝမရှိဘဲ သူမကိုငေးကြည့်နေသည်။
“ ဘာလို့မအိပ်သေးတာလဲ။” မုရှောင်ယက ထူးဆန်းစွာမေးလိုက်သည်။
“ မင်းကိုစောင့်နေတာ” ပိုင်ချွမ်းက ပြန်ဖြေလာသည်။
မုရှောင်ယက ပထမတော့ အလွန်အံ့အားသင့်သွားပြီး နောက်တော့ ရုတ်တရက် ပြုံးလိုက်သည်။ သူမက အိပ်ယာဘေးဘက်ကိုသွားပြီး စောင်ကိုဖွင့်ကာ ပိုင်ချွမ်းဘေးမှာဝင်ထိုင်လိုက်သည်။
ဤလှုပ်ရှားမှုများထဲတွင် မုရှောင်ယက သဘာဝမကျတာ ဒါမှမဟုတ် အဆင်မပြေတာကို လုံးဝမခံစားခဲ့ရပေ။ အခု သူမက ဇနီးဖြစ်သွားပြီဖြစ်ပြီး ခင်ပွန်းဖြစ်သူနဲ့ ပထမဆုံးအကြိမ် အိပ်ယာခွဲဝေရတော့မှာလားဆိုတာမျိုးလဲ မရှိခဲ့ပေ။
"ကောင်းပြီ၊ ကျွန်မပြန်လာပြီ ရှင်အခုအိပ်လို့ရပြီလား။" မုရှောင်ယက ပိုင်ချွမ်းကို ကလေးဘဝတုန်းကလို တိုက်တွန်းခဲ့သည်။
ဟုတ်သည်။ မုရှောင်ယ အမြင်တွင် ပိုင်ချွမ်းက ကလေးတစ်ယောက်သာဖြစ်ပြီး သူ့ကို ကလေးတစ်ဦးလိုသာ ဆက်ဆံတာဖြစ်သည်။ ဒါကြောင့် သူတို့နှစ်ယောက် တစ်အိပ်ယာထဲ အိပ်ရရင်တောင် သူတို့မှာ အလိုဆန္ဒအနည်းအကျဉ်းမျှမရှိပေ။
“ အဲ့ဒါ နာနေတုန်းပဲလား။ ” ပိုင်ချွမ်းက ရုတ်တရက်မေးလာသည်။
"ဘာကလဲ။"
"ကိုယ်တွန်းလိုက်မိတဲ့ဟာ " ပိုင်ချွမ်းက မုရှောင်ယ ခါးကိုကြည့်လိုက်သည်။
"အိုး အဲ့ဒါမနာပါဘူး။" မုရှောင်ယက ရုတ်တရက် ပြုံးပြလိုက်သည်။
ပိုင်ချွမ်းက ထိုအရာကိုစဉ်းစားပြီး မုရှောင်ယရဲ့ တီရှပ်ကို ရုတ်တရက် လှန်လိုက်သည်။
“ ရှင်ဘာလုပ်နေတာလဲ။” မုရှောင်ယက အလွန်အံ့အားသင့်သွားပြီး သူမတီရှပ် အနားစွန်းကိုကိုင်ပြီး သူမအတွင်းခံ အဝတ်အစားပေါ်ခါနီးထိ ဆွဲလှန်နေတဲ့ သူ့လက်ကိုချက်ချင်းရပ်ခိုင်လိုက်သည်။
"ကိုယ် ကြည့်ချင်တယ် "
"ဟင့်အင်း အဆင်ပြေပါတယ်။ အဲ့ဒါကလုံးဝမနာဘူး။" မုရှောင်ယက အော်တစ်ဇင် တစ်ယောက်ရဲ့စွဲမြဲမှုကို မေ့သွားကာ သူ့ကိုနားချဖို့ ကြိုးစားကြည့်လိုက်သည်။
မုရှောင်ယ သဘောမတူတာကို ပိုင်ချွမ်းသိသည်။ သူက သူမအင်္ကျီကို အတင်းထပ်မဖယ်တော့ပေမယ့် မလွှတ်ဘဲဆွဲထားခဲ့သည်။ မုရှောင်ယကို သမင်လို စိုစွတ်တဲ့ မျက်လုံးနှစ်လုံးဖြင့် စိုက်ကြည့်ခဲ့သည်။ မုရှောင်ယက သူ့ကိုမြင်ခွင့်မပြုရင် ဒီညဘယ်သူမှ အိပ်ရမယ့်ပုံမပေါ်ဘူး။
“ …” မုရှောင်ယ ချက်ချင်း ငိုချင်စိတ်ပေါက်သွားသည်။ ပိုင်ချွမ်း မျက်ဝန်းတွေထဲက အဓိပ္ပါယ်ကို သူမ မသိဘဲနေပါ့မလား။
"ရှင် ... ကြည့်မှရမှာလား။ " မဖြစ်နိုင်ဘူး မေးမိတဲ့သူမကိုယ်ကိုမယုံနိုင်ဖြစ်မိသည်။
ပိုင်ချွမ်း ခေါင်းညိတ်လာသည်။
"မကြည့်နဲ့လေနော် အဆင်ပြေလား။"မုရှောင်ယက သူ့ကိုဆွဲဆောင်ချင်ခဲ့သည်။
ပိုင်ချွမ်းက သူမကိုတည့်တည့်စိုက်ကြည့်နေသည်။
'အိုကေ ရှင်နိုင်တယ်'
မုရှောင်ယ အံကြိတ်လိုက်သည်။ ' အရမ်းကြည့်ချင်နေတာလား။ ဘာပဲဖြစ်ဖြစ် သူမတို့ကလင်မယားပဲ ။ သူကြည့်တော့လဲကြည့်ပေါ့ ဘာဖြစ်လဲ။ နောက်ပြီးပိုင်ချွမ်းက ဘာကိုမှနားလည်တာလဲ မဟုတ်ဘူး။ သူသိချင်တာက သူမဒဏ်ရာရလားဆိုတာပဲ။ '
အဲ့ဒါကိုစဥ်းစားလိုက်ပြီး မုရှောင်ယက ပိုင်ချွမ်းလက်ကိုင်ထားတာကို လွှတ်လိုက်ပြီး နောက်လှည့်ကာ ပိုင်ချွမ်းကို သူမကျောဘက်ကိုပြလိုက်သည်။
မုရှောင်ယက နောက်ဘက်လှည့်ထားတာမို့ ပိုင်ချွမ်းရဲ့အမူအရာကို မမြင်ခဲ့ရပေ။ သူမ အင်္ကျီက အပေါ်ကိုဖြေးဖြေးချင်းဆွဲတင်ခံလိုက်ရတာကို ခံစားမိနေသည်။ သူမဒဏ်ရာရတဲ့နေရာကိုရောက်တော့ ရပ်သွားသည်။ ပြီးတော့ ပူနွေးနေတဲ့လက်ချောင်းနှစ်ခုက ထိုနေရာကိုဖွဖွ ဖိနှိပ်ပေးလာသည်။
မုရှောင်ယက သူမနောက်ကျောကို ဘယ်တော့မှမထိခဲ့ပေ။ သူမမြှီးညှောင့်ရိုးနေရာက ပူနွေးမှုကသူမတစ်ကိုယ်လုံးကို တုန်ရီသွားစေသည်။
"ကိုယ်မင်းကို နာအောင်လုပ်မိတာလား။ " ပိုင်ချွမ်းရဲ့ အသက်ရှုသံက သူမမျက်နှာဘေးဘက်က ဖြတ်သွားသည်။ ပြင်းထန်တဲ့ အသက်ရှုသံက သူမပါးပြင်ကိုပူနွေးသွားစေခဲ့သည်။
"ဘမ်း " သူမမျက်နှာက လျင်မြန်စွာပြောင်းလဲသွားခဲ့သည်။
ပိုင်ချွမ်းကတော့ ဒီအကြောင်းကို အများကြီးမစဉ်းစားခဲ့ဘူး။ သူမဘာမှားနေလဲဆိုတာ သူမသိဘူး။