#ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား
#အပိုင်း ၅၈; မျိုးရိုးဗီဇဆိုင်ရာရောဂါလက္ခဏာများ
"ဟားဟား။ ဒါနဲ့ ပိုင်ချွမ်းက မနေ့ညက မူးပြီး သင်္ချာမေးခွန်းတွေဖြေခိုင်းပြီး ဆယ့်နှစ်နာရီမှာ မအိပ်ခင် နင့်အဖေကို ဖုန်းနဲ့အကူအညီတောင်းခဲ့ရတာလား။ ဟ ဟား ဟား။ ငါ မနေနိုင်တော့ဘူး သေလောက်အောင် ရယ်နေမိလိမ့်မယ်။" စတူဒီယိုတွင် ဖန်းဟော်ရဲ့ ရယ်မောသံက နံနက်စောစောတွင် ပဲ့တင်ထပ်နေသည်။
မုရှောင်ယက သူမ၏ စိတ်ထဲမှာ သင်္ချာပုံသေနည်းများ ရှိနေဆဲဟု တွေးကာ သူမ၏ နဖူးကို အုပ်လိုက်မိသည်။ အထက်တန်းစာမေးပွဲအတွက် ပြင်ဆင်နေချိန်၌ပင် သင်္ချာပုစ္ဆာများစွာကို သူမမလုပ်ခဲ့ကြောင်း အာမခံနိုင်သည်။
"သင်္ချာသင်ပေးတဲ့ ဖခင်တစ်ယောက်ရှိလို့ နင့်ရဲ့ကံကောင်းကြယ်ပွင့်ကို ကျေးဇူးတင်နိုင်တယ်၊ နင့်အဖေသာ တရုတ်စာသင်ပေးရင် နင်အကူအညီတောင်းနိုင်တဲ့သူ ရှိဦးမှာလား။ ဘာကြောင့်လဲလို့ တစ်ယောက်ယောက်က မေးရင် နင့်အဖေက 'ငါ့သမီးကို ငါ့သမက်လုပ်ခိုင်းလို့ '... ဆို ဟားဟား။" ဖန်းဟော်က သူမအကြောင်းကို ပိုတွေးလေလေ ပိုပျော်လေဖြစ်သည်။
"နင်ရယ်လို့ဝပြီလား။" မုရှောင်ယက မျက်နှာမည်းကြီးဖြင့် အော်လိုက်သည်၊ ဤအမျိုးသမီးက တစ်မနက်လုံး ရယ်နေခဲ့သည်။
"မဟုတ်ဘူး... ငါခံစားမိတယ်... ဒီအရာက တကယ်ကို ရယ်စရာကောင်းတယ် အားဟားဟားဟားး" ဖန်းဟော်က သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ဒီအရာက သူမကို တစ်နှစ်လောက် ရယ်မောစေမယ့် အရာလို့ တကယ်ပဲ ခံစားခဲ့ရသည်။ ခဏအကြာ နောက်ဆုံးတွင် သူမကိုယ်သူမ ထိန်းနိုင်တော့ကာ ပြောလာသည်။ "ပိုင်ချွမ်းက ဘယ်လောက်ချစ်ဖို့ကောင်းလဲလို့ နင်ပြောဖူးပေမယ့် ဒီလောက် မထင်ထားဘူး ဒါပေမယ့် အခု မူးပြီးရင် တော်တော်ချစ်စရာကောင်းတာကို ငါတွေ့လိုက်ရတယ်"
"သူ မမူးဘူး" မုရှောင်ယက ပြောလာသည်။ “ပါမောက္ခ ဖန်က အရက်က သူ့ရဲ့ ငုပ်လျှိုးနေတဲ့ ကိုယ်ရည်ကိုယ်သွေးကို လှုံ့ဆော်ပေးတယ်လို့ ပြောတယ် "
"စရိုက်ကွဲလား။"
“ကွဲကွဲပြားပြား ကိုယ်ရည်ကိုယ်သွေး မဟုတ်ဘူး…” မုရှောင်ယက ပရော်ဖက်ဆာ ဖန်ရဲ့ စကားတွေကို ပြန်ပြောပြလိုက်သည်။ “အော်တစ်ဇင်ကြောင့် ရှောင်ချွမ်း ရဲ့ ကိုယ်ရည်ကိုယ်သွေး တစ်စိတ်တစ်ပိုင်းက သူ့ကိုယ်သူ ဖိနှိပ်ချုပ်ချယ်ထားတာကြောင့် သူ့စိတ်တွေ ရုန်းမထွက်နိုင်တော့တဲ့ အခြေအနေအောက်မှာပဲ ရှိနေနိုင်တယ်။ ထိန်းချုပ်မှု။ အရက်က ရှောင်ချွမ်းရဲ့ ဦးနှောက်ကို ပုံမှန်ထက်ပိုပြီး တက်ကြွစေတဲ့အတွက် သူလုပ်ချင်ပေမယ့် မလုပ်ဖြစ်ခဲ့တဲ့အရာတွေကို ဖြစ်ပေါ်စေနိုင်တယ် ”
"ဒါနဲ့ နင့်ကိုအရင်က သင်္ချာသင်ပေးပေမယ့် အကြိမ်ကြိမ် နားမလည်နိုင်သေးတဲ့ အချိန်မှာ ပိုင်ချွမ်းက ဒေါသမထွက်တာကြောင့် မဟုတ်ဘူး၊ သူ့ရဲ့ ပင်ကိုယ်စရိုက်က ဖိနှိပ်ခံထားရတာကြောင့် သူ့မှာ မရှိခဲ့တာ။ အငွေ့ထွက်ဖို့ နည်းလမ်းပေါ့ အဟားဟားဟားးး"
' ရယ်စမ်း။ ထပ်ရယ်စမ်း။'
"ငါ နင်နဲ့ စကားမပြောတော့ဘူး။ ငါ ဒီဇိုင်းဆွဲမယ်။" မုရှောင်ယက ဖန်းဟော်ကို ဂရုမစိုက်တော့ဘဲ မကုန်သေးတဲ့ ကော်ဖီသောက်ရင်း သူမထိုင်ခုံဆီ ပြန်သွားခဲ့သည်။ သူမသည် ပြီးခဲ့သည့်အပတ်က ဆောင်းဦးပေါက်ဖိနပ်တစ်ရံကို ဒီဇိုင်းထုတ်ခဲ့ပြီး ရိုးရှင်းလွန်းသောကြောင့် ၎င်းကို အလှဆင်ရန်အတွက် တစ်မူထူးခြားသော အသုံးအဆောင်အချို့ကို ထည့်သွင်းကာ အသေးစိတ်နှင့် ကြည့်ကောင်းစေခဲ့သည်။ စိတ်အားထက်သန်မှုကို လိုက်ရှာနေတုန်းမှာပဲ သူမဖုန်းက ရုတ်တရက်မြည်လာသည်။
"မား" ဖုန်းခေါ်ဆိုသူ ID ကိုမြင်တော့ မုရှောင်ယက ပြုံးပြီး ပြောလိုက်သည်။
"ခွင့်လွှတ်ပါ၊ ဒါက ဆရာမရှန်ရဲ့သမီးလား။" သူမကိုပြန်ဖြေတဲ့အသံကို သူမ လုံးဝမသိခဲ့ပေ။
"ကျွန်မပါ ရှင်က။"
"ကျွန်မက ဆရာမရှန်ရဲ့ လုပ်ဖော်ကိုင်ဖက်ပါ မျိုးရိုးနာမည် ရန်ပါ။ ဆရာမ ရှန်က အတန်းထဲမှာ ရုတ်တရက် မူးလဲသွားပြီး အခု ဆေးကုသခန်းထဲမှာရှိနေပါတယ် "
"ဘာ။" မုရှောင်ယက သူမထိုင်ခုံမှ မတ်တပ်ထရပ်လိုက်ပြီး "ကျွန်မ ... ကျွန်မအခုသွားနေတယ်၊ ကျွန်မအမေကို ခဏလောက် ဂရုစိုက်ပေးပါ"
"အရမ်းကြီး စိတ်မပူပါနဲ့၊ ကျောင်းဆရာဝန်က hypoglycemia * ဖြစ်နိုင်တယ်လို့ပြောတယ်။ ဆရာမရှန်က ခဏအနားယူပြီးရင် အဆင်ပြေမှာပါ။ ဆရာမ ရှန်ကို အကြောဆေးသွင်းထားပေမယ့် ဆရာမုက အခုကျောင်းမှာမရှိတာကြောင့် ဒါကိုပြောပြဖို့ လှမ်းခေါ်လိုက်တာပါ”
*hypoglycemia - သွေးတွင်းသကြားဓာတ်နည်းတာ
"နားလည်ပါတယ်။ လာခဲ့ပါ့မယ် ကျေးဇူးတင်ပါတယ်။ " သူမအမေ နေကောင်းနေမှန်းသိသဖြင့် မုရှောင်ယက နောက်ဆုံးတွင် အနည်းငယ် ငြိမ်သက်သွားနိုင်သည်။ ဖုန်းကိုချလိုက်ပြီး အိတ်ကို ကိုင်ကာ ထွက်သွားသည်။
"အန်တီ ဘာဖြစ်သွားတာလဲ။ ငါ နင်နဲ့အတူ လိုက်ခဲ့မယ်။" ဖန်းဟော်လည်း မုရှောင်ယရဲ့ ဖုန်းကောကို ကြားလိုက်သည်။
"ရပါတယ်၊ သွေးတွင်းသကြားဓာတ်နည်းနေတာ ငါ အဲ့ကိုသွားလို့ အဆင်ပြေမှာပါ"
"ဒါဆို စိတ်မလှုပ်ရှားနဲ့ လမ်းမှာသေချာမောင်း" ဖန်းဟော်က ပြောသည်။
မုရှောင်ယက ခေါင်းညိတ်လိုက်ပြီး ချင်းယွမ် အလယ်တန်းကျောင်းကို ထွက်သွားခဲ့သည်။
သူမဆေးခန်းကိုရောက်သောအခါ ရှန်ချင်းယီက နိုးနေပြီဖြစ်သော်လည်း အကြောဆေး အရည်များကို သူမလက်မောင်းထဲ သွင်းနေရဆဲဖြစ်သည်။
"မား အဆင်ပြေရဲ့လား။" မုရှောင်ယက သူမအမေနားကို မှီပြီး နဖူးပေါ်ရှိ အပူချိန်ကို စမ်းသပ်ရန် လက်ကို မြှောက်လိုက်သည်။
"စိတ်မပူပါနဲ့၊ ပြဿနာမရှိဘူး၊ အဲဒါက ရောဂါဟောင်းထပ်ဖြစ်ပြန်တာ " ရှန်ချင်းယီက ပြုံးလိုက်သည်။
"ဘာရောဂါဟောင်းလဲ။ မားမှာ မူးလဲတဲ့ ရောဂါဟောင်းရှိတယ်လို့ သမီး ဘာလို့ မမှတ်မိရတာလဲ။" မုရှောင်ယက မေးသည်။
"တကယ်တော့၊ ဒါက hypoglycemia နဲ့ အပူနည်းနည်းလျှပ်သွားတာပါ " ဘေးနားက ကျောင်းဆရာဝန်က “ဆရာမရှန် မနက်စာမစားဘဲ ကျောင်းသားတွေကို စာသင်ပေးရုံနဲ့ မရပါဘူး” ဟု ရှင်းပြလာသည်။
"မား ဘာလို့မနက်စာမစားရတာလဲ။" သူမ မနက်စာမစားရလို့ ရုတ်တရက် ကဲ့ရဲ့ရှုတ်ချမှုတွေက မုရှောင်ယ မျက်နှာမှာ ရုတ်တရက် ပေါ်လာသည်။
"အို၊ အခု နင်က ငါ့ကို ဆုံးမဖို့ အလှည့်ရောက်ပြီလား။ နင် ကောလိပ်တက်တုန်းက နေ့တိုင်း မနက်စာမစားဘဲနဲ့ ငါ့ကို ဒီလိုပြောဖို့ မျက်နှာထားရှိသေးတာလား။ "ရှန်ချင်းယီက သူမသမီးကို စူးစူးစိုက်စိုက်ကြည့်နေသည်။
"မားက ဆရာမပဲ၊ ဆရာမက ဘယ်လိုတောင် မကောင်းတဲ့ ဥပမာ ပြနိုင်တာလဲ။" မုရှောင်ယက စကားမပြောနိုင်တော့ပေ။
"ကောင်းပြီ ငါသိပါတယ်၊ ငါ စာမေးပွဲစစ်ဖို့ အလျင်လိုနေပြီး မနက်စာစားဖို့ မေ့နေတယ်၊ နောက်နောင် ထပ်မလုပ်တော့ပါဘူး" ရှန်ချင်းယီက သူ့သမီး၏လက်ကို ပုတ်ပြီး ကတိပေးသည်။
"ပါးကေ ဘယ်မှာလဲ။ မား မူးလဲသွားတာကို ဘာလို့ ဒီမလာတာလဲ။ " မုရှောင်ယက မေးသည်။
"နင့်ပါးက ကျောင်းသားတွေကို ချင်းပိုင် အလယ်တန်းကျောင်းမှာ သွားယှဉ်ပြိုင်ခိုင်းနေတယ်။ သူတစ်ယောက်တည်း သွားရတော့ ကျောင်းသားတွေကို မထားခဲ့နိုင်ဘူး။ ဒါအပြင် ပြသနာကြီးကြီးမားမားတော့ မဟုတ်ပါဘူး ”
"အိုး~~" မုရှောင်ယက အကြောဆေးအရည်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျောင်းဆရာဝန်ကိုပြောလိုက်သည်။ "ဒေါက်တာ၊ အပ်ကို ဆွဲထုတ်ရမယ့် အချိန်မဟုတ်သေးဘူးလား။"
ကျောင်းဆရာဝန်က ပုလင်းဗလာကျင်းသွားတာကိုတွေ့တော့ ရှန်ချင်းယီရဲ့လက်ထဲက အပ်တစ်ချောင်းကိုယူလိုက်ပြီး ပြောလာသည်။ "ကြီးကြီးမားမားတော့ မရှိပါဘူး၊ ပြန်သွားအနားယူပါ၊ နောင်မနက်စာစားဖို့မမေ့နဲ့"
"ကောင်းပြီ ဒေါက်တာ လျို ကျေးဇူးတင်ပါတယ်" ရှန်ချင်းယီက ပြုံးပြုံးရွှင်ရွှင်နဲ့ ကျေးဇူးတင်လိုက်သည်။
"ကျေးဇူးတင်ပါတယ် " မုရှောင်ယက သူမအမေကို ရက်ကွက်ထဲကအိမ်ကို ပြန်ခေါ်သွားပြီး မီးဖိုချောင်ကိုသွားက ရေနွေးကျိုပြီး နို့ရောထားတဲ့ လက်ဖက်ရည်အိတ်နဲ့ သူ့အမေအတွက် နို့လက်ဖက်ရည်တစ်ခွက် လုပ်သည်။ "ဒီနို့လက်ဖက်ရည်ကို အရင်သောက်ထားလိုက် သမီး မြန်မြန်ချက်ပေးမယ်"
" ဒီညပြန်လာပြီး မားတို့အတွက် ထမင်းချက်ပေးမယ်ပေါ့ " ရှန်ချင်းယီက ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "သမီးတကယ် ထမင်းချက်နိုင်လား။"
"အင်း မားက သမီးရဲ့ လက်ရာကို မြည်းကြည့်လိုက်" မုရှောင်ယ ရေခဲသေတ္တာကို လှည့်ကြည့်လိုက်တော့ ခရမ်းချဉ်သီးနှင့် အာလူးအနည်းငယ်သာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။ “မား ရေခဲသေတ္တာထဲမှာ ဘာစားစရာမှ မရှိဘူး၊ ဒါကြောင့် တစ်ခုပဲ လုပ်လို့ရတယ်။ နေ့ခင်းဘက်ကျရင် အပြင်ထွက်ပြီး အသီးအရွက်တွေဝယ်ပြီး ဖေဖေနဲ့ ဒီည အရသာတစ်ခုခု လုပ်လိုက်မယ်"
“ကောင်းပြီ” သူ့သမီးက ဒီလို ဝတ်ကြီးစားငယ်ဖြစ်ဖို့ ရှားရှားပါးပါးမို့ ရှန်ချင်းယီက ပြုံးပြီး တုံ့ပြန်လိုက်သည်။
သို့သော် လုံ့လဝီရိယရှိသူများသည် မိမိကိုယ်ကို မကူညီနိုင်ကြပေ။ မုရှောင်ယက မီးဖိုချောင်တွင် အာလူးလှီးနေစဉ် ရှန်ချင်းယီက ဖုန်စုပ်စက်ကို ယူလိုက်ပြီး ကြမ်းပြင်ကို စတင် သန့်စင်လိုက်သည်။ ဒါကိုမြင်တော့ မုရှောင်ယက မီးဖိုချောင်ထဲက ဓားတစ်ချောင်းကို ကိုင်ထားရင်း ချက်ချင်းထွက်လာပြီး ပြောလိုက်သည်။ "မား ဘာလုပ်နေတာလဲ။ အနားယူဖို့ ပြောခဲ့တာ မဟုတ်ဘူးလား။ "
"ရပါတယ်၊ ငါပြန်ကျန်းမာနေပြီ၊ တကယ်လည်း ရောဂါဟောင်းပဲ"
"ဘာရောဂါဟောင်းလဲ။ မား မူးလဲတာ တစ်ခါမှ မတွေ့ဖူးဘူး" မုရှောင်ယက သူမကို မယုံဘူး။
"ဒီနေ့ မနက်စာ မစားရလို့ ဖြစ်တာ နည်းနည်းလေး ပြင်းထန်လာပေမယ့် ခဏကြာကြာတော့ သတိလစ်နေခဲ့တယ်"
"ဘာလဲ။ မားဘာတွေပြောနေတာလဲ။" မုရှောင်ယက မေးသည်။
“တစ်ခါတလေ ရုတ်တရက် ခေါင်းမူးတတ်ပေမယ့် အဲဒါက မပြင်းထန်ပါဘူး၊ နှစ်စက္ကန့် ၃ စက္ကန့်လောက်ကြာတော့ မြေကြီးပေါ်မှာ ထိုင်ချလိုက်ပြီး ရုတ်တရက် ထပြီး လမ်းလျှောက်သွားရင်ဖြစ်သလိုပါပဲ” ရှန်ချင်းယီက ရှင်းပြသည်။
"ဘာလို့ ဒီကိစ္စကို မသိရတာလဲ။ "
"ဒါကို အခု ပြောတာမဟုတ်ဘူးလား။ ရုတ်တရက် နှစ်စက္ကန့် သုံးစက္ကန့်လောက် ရပ်သွားသလိုပါပဲ တစ်ခါတလေမှာ အရာအားလုံးကို မေ့သွားသလိုပဲ နင့်ကို ပြောပြဖို့ အခွင့်အရေး ဘယ်အချိန်ရနိုင်မလဲ။ " ရှန်ချင်းယီက ပြောသည်။
"ဒါဆို ဆေးခန်းသွားပြပြီးပြီလား။ " မုရှောင်ယက မေးသည်။
“မလုပ်ဖူးဘူး”
"ဘာလို့ မသွားတာလဲ။ မကြာခဏ ခေါင်းမူးတာက အကြောင်းအရင်း ရှိရမယ်"
“ဒါက မျိုးရိုးလိုက်လို့၊ မင်းအဖွားနဲ့ အဒေါ်တွေ အကုန်လုံး ရှိတယ်။ မင်းအဖွားက အခု အသက် 60 ကျော်နေပြီ၊ ဒါပေမယ့် သူမက နေကောင်းတုန်းပဲ”
“မျိုးရိုးလိုက်တာလား။” မုရှောင်ယက သူမ၏ ခေါင်းထဲတွင် ကျယ်လောင်သော အသံကို ခံစားလိုက်ရသည်။
မျိုးရိုးလိုက်သောရောဂါ၏ လက္ခဏာများအကြောင်း သူမရှာတွေ့ခဲ့တာလား။ အကယ်၍ ဤမျိုးရိုးဗီဇရောဂါသည် ရုတ်ချည်းမဖြစ်ခဲ့ပါက ၎င်းကို ကြိုတင်သိရှိနိုင်လား။
"ဘာပဲဖြစ်ဖြစ်ပါ သမီးလည်း ခေါင်းမူးနေတာလား။ သမီးအသက်အရွယ်မှာ မား ပထမဆုံး ခေါင်းမူးတာ” ရှန်ချင်းယီက သူ့သမီးကို မေးသည်။
“မမူးပါဘူး” မုရှောင်ယက ခေါင်းယမ်းလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းထားလိုက်သည်။
"ကောင်းပြီ၊ ဒီရောဂါကို မင်းအဖေရဲ့ မျိုးရိုးဗီဇက တစ်ဝက်လောက် မျိုသိပ်ထားတယ်လို့ ငါထင်တယ်" ပြဿနာကြီးကြီးမားမားမဟုတ်ပေမယ့် သူ့သမီးကျန်းမာနေတယ်ဆိုရင် ရှန်ချင်းယီက သဘာဝအတိုင်းပဲ ပျော်ရွှင်နေမှာပါ။
"ထမင်းချက်ပြီးတော့ စားပြီးရင် ဆေးရုံသွားစစ်ဆေးမယ်" မုရှောင်ယက ပြုံးပြီး ကြမ်းပြင်ကို ထပ်မသုတ်ဖို့ သူ့အမေကို ပြောပြီး ထမင်းချက်ဖို့ မီးဖိုချောင်ကို ပြန်သွားသည်။
နေ့လယ်စာစားပြီးနောက် ရှန်ချင်းယီရဲ့ ဆန့်ကျင်မှုများကြားမှ မုရှောင်ယက သူမအား ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုအတွက် ဆေးရုံသို့ခေါ်ဆောင်သွားဆဲဖြစ်သည်။
စေ့စေ့စပ်စပ်စစ်ဆေးပြီးနောက်တွင် ပြသထားသော အညွှန်းအားလုံးသည် ပုံမှန်ဖြစ်ပြီး သူမ၏မိခင်သည် အလွန်ကျန်းမာနေပါသည်။
မုရှောင်ယ သက်ပြင်းတစ်ချက်ချလိုက်ပြီး တစ်ချိန်တည်းမှာပင် သူမကိုယ်သူမ အပြစ်တင်ခြင်းမပြုမီ ဆုံးရှုံးမှုအနည်းငယ်ကို ခံစားလိုက်ရသည်။ ' မုရှောင်ယ နင်က အရမ်းမိုက်မဲလွန်းတယ်၊ နင်ဘာအတွက် ဆုံးရှုံးရတာတုန်း။ နင့်အမေက နင်နဲ့ထပ်တူပြဿနာရှိမယ်လို့ နင်တကယ်မျှော်လင့်ထားလား။'
"မားပြောပြီးပြီမဟုတ်လား။ မားအဆင်ပြေပါတယ်။ နင် ဒီပိုက်ဆံတွေအကုန်လုံးကို ဖြုန်းတီးနေတာကို ကြည့်လိုက်ရုံနဲ့ ငါကို နေ့ခင်းတလျှောက်လုံး ဘာမှမလုပ်ပေးဘဲ လှည့်ပတ်နေသေးတယ်။ ကျောင်းက နှစ်တိုင်း ဆေးစစ်ဖို့ စီစဉ်ပေးတယ်၊ လွန်ခဲ့တဲ့ သုံးလလောက်က ငါ့ရဲ့ ဆေးစစ်မှု အစီရင်ခံစာကို ရထားပြီး၊ အားလုံးက ပုံမှန်ပါပဲ” ပင်ပန်းနွမ်းနယ်နေသော ရှန်ချင်းယီက သူ့သမီးကို ဆုံးမရန် မတတ်နိုင်ပေ။
"အဲဒါကို သမီးအတွက်လို့သာ သဘောထားလိုက် သမီးကိုစိတ်သက်သာရာရစေတယ်။ " မုရှောင်ယက သူမ၏ စိတ်ကို ကြည်လင်သွားစေသည်။
"အခုသက်သာပြီလား။" ရှန်ချင်းယီက သူ့သမီး ခေါင်းကို လက်ညှိုးဖြင့် ထိုးလိုက်သည်။
“အင်း”
"ဒါဆို သွားကြရအောင်၊ နင့်အဖေနဲ့ ငါ့အတွက် ထမင်းဟင်းချက်ချင်တယ်လို့ မပြောဘူးလား။ " ရှန်ချင်းယီက အပြုံးဖြင့်ထကာ နှစ်ယောက်အတူ ဆေးရုံမှ ထွက်လာခဲ့သည်။
အိမ်ပြန်ရောက်တော့ ပါပါးမုနဲ့ ပိုင်ချွမ်းက အိမ်ထဲမှာ စောင့်နေပြီ။ မူလက ဆေးရုံသွားချင်ပေမယ့် ဖုန်းခေါ်ပြီးနောက် မုရှောင်ယနဲ့ မာမားမုက အိမ်ပြန်လာနေပြီဆိုတာ သိလိုက်ရတဲ့အတွက် သူတို့ဒီမှာ နာခံမှုအပြည့်နဲ့ စောင့်နေခဲ့သည်။
"ချင်းယီ ဘယ်လိုလဲ။ " မုရော့ကျုံးက စိုးရိမ်စိတ်ဖြင့် မေးသည်။
"ဟုတ်ပါတယ်၊ မယုံရင် သမီးလက်ထဲက ဆေးစစ်ချက် အစီရင်ခံစာတွေကို ကြည့်လို့ရတယ် " ရှန်ချင်းယီက ရယ်မောရင်း ပြောလာသည်။ “ဒါက ရောဂါဟောင်းပဲ ထပ်တလဲလဲ ဖြစ်နေတော့ သွေးတွင်းသကြားဓာတ် နည်းတာနဲ့ အတူတူ ပြန်ဖြစ်သွားတယ်။ ရှောင်ယက စိုးရိမ်တာကြောင့် သူမက ကျွန်မကို သေသေချာချာ စစ်ဆေးဖို့ ဆေးရုံကို အတင်းအကြပ် သွားခိုင်းခဲ့တယ်”
"စစ်ဆေးတာ ကောင်းပါတယ် " မုရော့ကျုံးက သူ့ဇနီး၏ပြဿနာအကြောင်းကို ရှင်းရှင်းလင်းလင်းသိပြီး ပြောလိုက်သည်။ "မင်း ခေါင်းမူးတာ ပြင်းထန်တဲ့ ပြဿနာမဟုတ်ပေမယ့် ကုသနိုင်ရင် ပျောက်ကင်းအောင် ကုသရမယ်"
“ပြဿနာက ဆေးစစ်ချက်မှာ ဘာမှမတွေ့ဘူး”
"မကြာသေးခင်ကပဲ မင်းအရမ်းပင်ပန်းနေလိမ့်မယ်၊ ကျောင်းဆရာမရာထူးက ထွက်ရင် ဘယ်လိုလဲ။" မုရော့ကျုံးက သူ့မိန်းမကို အလုပ်အရမ်းမလုပ်ချင်ဘူး။
"ကျွန့မအလုပ်က လမ်းကြောင်းမှန်ပေါ်ရောက်နေပြီ ကျွန်မကလေးတွေက ကျွန်မကို လိုအပ်နေတယ် ကျွန်မမပြောင်းလဲနိုင်ဘူး" ရှန်ချင်းယီက တွေးမနေဘဲ ငြင်းလိုက်သည်။
ပိုင်ချွမ်းက စကားများများစားစား မပြောဘဲ ယောက္ခမ တံခါးထဲဝင်လာတာနဲ့ သူက မုရှောင်ယ အနားမှာပဲ ရပ်နေပြီး သူ့မျက်လုံးတွေက စိုးရိမ်မှုကို ဖော်ပြလာပသည်။
ရှန်ချင်းယီက ပိုင်ချွမ်းရဲ့ အကြည့်ကို သတိပြုမိပြီး ပြောလိုက်သည်။ "စိတ်မပူပါနဲ့ မားအဆင်ပြေပါတယ်"
“အင်း” ပိုင်ချွမ်းက စိတ်သက်သာရာ ရသွားသည်။
"ပါး၊ မား ရေခဲသေတ္တာထဲမှာ စားစရာမကျန်တော့ဘူး သမီး စားစရာဝယ်ဖို့ ပိုင်ချွမ်းနဲ့သွားလိုက်မယ်၊ နောက်မှပြန်လာပြီး မားတို့အတွက် ညစာ ချက်ပေးမယ် " မုရှောင်ယက သူမလက်ထဲက ဆေးစစ်ချက်စာရွက်ကို ဧည့်ခန်းရှိ ကော်ဖီစားပွဲပေါ်တင်ကာ ပိုင်ချွမ်းနဲ့ ထွက်သွားသည်။
အိမ်ရဲ့ တံခါးနဲ့ မနီးမဝေးမှာ ဟင်းသီးဟင်းရွက်ဈေးတစ်ခုရှိတယ်၊ ဒါပေမယ့် ဈေးရဲ့ ရှုတ်ထွေးတဲ့ ပတ်ဝန်းကျင်ကို ကြည့်ပြီး မုရှောင်ယက နောက်ဆုံးမှာတော့ စူပါမားကတ်ကို သွားဖို့ ရွေးချယ်ခဲ့သည်။ သူတို့ပြန်သွားသည့်အချိန်မှစ၍ မုရှောင်ယက စိုးရိမ်သောကများဖြင့် သယ်ပိုးခဲ့ပြီး ပိုင်ချွမ်း ဘက်မှ အနည်းငယ် ဆုံးရှုံးသွားခဲ့သည်။ သူက စကားစမြည်ပြောဖို့တောင် ကြိုးစားပေမယ့် မုရှောင်ယက သူ့ကို 'အင်စ' သို့မဟုတ် 'အမ်' နဲ့သာ ပယ်လိုက်သည်။
ပိုင်ချွမ်းက စကားကောင်းကောင်း မပြောတတ်သလို၊ ဒီအချိန်မှာ မုရှောင်ယက ဆက်သွယ်ဖို့ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်တာက ပိုင်ချွမ်းကို နည်းနည်းတော့ ကြောက်ရွံ့သွားစေသည်။ လူနေရပ်ကွက်၏ ဂိတ်ပေါက်သို့ ရောက်သောအခါ၊ ပိုင်ချွမ်းက နောက်ဆုံး သည်းမခံနိုင်တော့ဘဲ သူ့ခြေလှမ်းများကို ရပ်လိုက်ပြီး တစ်ချိန်တည်းတွင် သူ့ဘာသာ လျှောက်နေသော မုရှောင်ယကို လှမ်းဆွဲလိုက်သည်။
"အာ။ ဘာကြီးလဲ။" နောက်ဆုံးတော့ သူမရဲ့ အာရုံတွေဆီ ပြန်ရောက်လာတဲ့ မုရှောင်ယက ပြောလာသည်။
"ကိုယ် မင်းကို ပြောနေတယ်၊ ဒါပေမယ့် မင်း ဂရုမစိုက်ဘူး" ပိုင်ချွမ်းက ညည်းညူလိုက်သည်။
"တောင်းပန်ပါတယ် မားရဲ့ရောဂါအတွက် စိတ်ပူနေတာကြောင့် ရှင်ပြောတာကို မကြားမိဘူး။ အစောက ဘာပြောလိုက်တာလဲ။" မုရှောင်ယက မေးသည်။
"နားလည်ပါပြီ၊ ပြန်ကြရအောင် " ပိုင်ချွမ်းက မုရှောင်ယကို လွှတ်ပေးလိုက်ပြီး အသီးအရွက်တွေ သယ်ပြီး လမ်းလျှောက်သွားသည်။ မုရှောင်ယ ဘာတွေတွေးနေလဲ သိချင်ရုံပါပဲ။
“…” ဘာနားလည်တာလဲ။ မုရှောင်ယ အနည်းငယ် စိတ်ရှုပ်သွားသည်။
အိမ်ပြန်ရောက်သောအခါ မုရှောင်ယက ပါဝင်ပစ္စည်းများကို မီးဖိုချောင်ဆီ တိုက်ရိုက်သယ်သွားခဲ့ပြီး ပိုင်ချွမ်းက ဧည့်ခန်းတွင်နေကာ သူ့ယောက္ခမနှင့် ညစာစားရန် စောင့်နေသည်။
"ရှောင်ချွမ်း၊ ရှောင်ယရဲ့ အစားအစာက အရသာရှိလား။ " ဤသည်မှာ သူမ၏ ဖခင်အရင်း၏ မေးခွန်းတစ်ခုဖြစ်သည်။ သူမသည် ဤမျှကြီးပြင်းလာခဲ့သော်လည်း မုရော့ကျုံးက သူ့သမီးလေး ထမင်းချက်သည်ကို မမြင်ဖူးခဲ့ပေ။
“အရသာရှိတယ် ” ပိုင်ချွမ်းက ခေါင်းညိတ်လိုက်သည်။
"ရှင်ရှောင်ချွမ်းကို မေးနေတာလား။ ဒါပေါ့သူက အရသာရှိတယ်ပဲပြောလိမ့်မယ်။ " ရှန်ချင်းယီက ရယ်လိုက်သည်။ ပိုင်ချွမ်းရဲ့ အတွေးတွေက သူမသမီးအပေါ်မှာပဲ ထားခဲ့တာကို မျက်လုံးရှိတဲ့သူတိုင်း မြင်နိုင်သည်။ ဒါပေမယ့် လက်ထပ်ပြီးတဲ့ နောက်မှာတော့ ပိုင်ချွမ်း ရဲ့ အခြေအနေက အရင်ကထက် အများကြီး ပိုကောင်းလာသလို သူ့ရဲ့ အပြောအဆိုနဲ့ တုံ့ပြန်မှုက ပိုပြီး မြန်ဆန် စူးရှလာခဲ့သည်။
“အင်း၊ မှန်တယ် ” မုရော့ကျုံးလည်း ရယ်သည်။
ပိုင်ချွမ်းက သက်တောင့်သက်သာ ရယ်မောပြောဆိုနေသော အသက်ကြီးသူ နှစ်ယောက်ကို ကြည့်ကာ ရုတ်တရက် မတ်တတ်ထပြီး ဦးညွှတ်လိုက်သည်။
"ရှောင်ချွမ်း မင်း ဘာလုပ်နေတာလဲ။" လူနှစ်ယောက် လန့်ပြီး ခုန်မိသွားသည်။
"တစ်ခုလောက်မေးချင်ပါတယ်" ပိုင်ချွမ်းက ပြောလိုက်သည်။
"ဘာကိစ္စလဲ။ မင်းပြောနိုင်တယ် " နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ မျက်နှာများ စူးစူးစိုက်စိုက်ကြည့်နေကြသည်။
"မားတို့ နှစ်ယောက်စလုံး အနာဂတ်မှာ ဖျားတာရပ်ပေးလို့ရမလား...။"
.......
ET/N;
အိုး။ ရှောင်ယရောဂါအတွက်သော့ချက်။ (・∀・)
ရှောင်ယ ရှောင်ချွမ်းကိုပြောပြပါ။ ဒီတစ်ခါ သူ မင်းကို ကူညီပေးနိုင်တယ်!! ゞ◎Д◎ヾ