Part 83
လျန်ယင်းယင်း တနင်္လာနေ့ မနက်မှာနိုးလာချိန်တစ်အိမ်လုံး တိတ်ဆိတ်နေတာကို တွေ့လိုက်ရသည်။ သူမ အောက်ထပ်ကို ဆင်းသွားတဲ့အချိန်ထိဘယ်သူမှကို မတွေ့ပေ။
လျန်ယင်းယင်းက အန်တီတစ်ယောက်ကို အထူးတဆန်း မေးလိုက်သည် "ကလေးတွေ ဘယ်မှာလဲ..."
ထိုအန်တီက ပါးစပ်ကို အုပ်ကာ ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်
"သူတို့အားလုံး အောက်ထပ်မှာလေ... သူတို့ရဲ့ဂိမ်းစက်တွေ ရောက်လာလို့ တပ်ဆင်ထားပြီးပြီ... ဟယ်ဟယ်နဲ့ ရှို့ရှို့တို့ အရမ်း စိတ်လှုပ်ရှားနေကြတာ"
အိုး.. ဆိုတော့ အဲ့ဒါက ကျန်းယန်ရှန့်ပြောတဲ့ VR ခန်းပေါ့။
T/N Virtual Reality ပုံရိပ်ယောင်တွေနဲ့ ဆော့ရတဲ့ဂိမ်းပါ
သူမရဲ့ ရူးရူးမိုက်မိုက် အပြုအမူတွေကြောင့် ကျန်းဟွမ်က သူမကို စက်တွေ အစုံလိုက် ထားပေးထားတဲ့ အခန်း လုပ်ပေးခဲ့သည်။ ကလေးနှစ်ယောက်ကပါ စိတ်လှုပ်ရှားစွာနဲ့ လိုက်သွားကြလေသည်။
လျန်ယင်းယင်း သူမနှုတ်ခမ်းကို တွန့်လိုက်သည်။
သူမက မနက်စာစားနေရင်းနဲ့ ကျန်းယန်ရှန့် အရင်တစ်ခေါက်က သူမလည်ပင်းကို အရူးလို လာညှစ်တဲ့အချိန်ကတည်းက အများကြီး ပြောင်းလဲသွားတဲ့အကြောင်းကို တွေးလိုက်မိသည်။ သူမကို ရန်စလာတာမျိုးလည်း မရှိတော့သလို အဲ့ဒီအစား သူမရဲ့ကလေး နှစ်ယောက်နဲ့ အရမ်း သင့်မြတ်နေသည်။
လျန်ယင်းယင်း သရော်ပြုံးပြုံးလိုက်သည်။
အဲ့ဒီ ကျန်းယန်ရှန့်က သူမမွေးထားတဲ့ကလေး တွေကို မောင်နှမအရင်းလို ဘယ်တုန်းက ဆက်ဆံခဲ့ဖူးလို့လဲ...အမှန်တရားကို ဘယ်လိုများ လက်ခံလိုက်တာလဲ? သူမက အရှုံးကို ဝန်ခံလိုက်တော့တာလား...
ပြောစရာတောင် မလိုဘူး။ ကျန်းယန်ရှန့်က ကျန်းရှို့ချန်းကို နှစ်ခါရိုက်လိုက်တယ် ဆိုရင်တောင် ကျန်းရှို့ချန်းက နေ့တိုင်း သူ့အိမ်စာတွေကို အချိန်မီ လုပ်လာတာပဲ။ အဲ့ဒီကိစ္စကြောင့် ကျန်းဟွမ်က အရမ်းဝမ်းသာနေတာ... သူမ မွေးထားတဲ့သားက သူ့အဖေကို ကျေနပ်စေတာပဲလေ။ သဘာဝကျကျပဲ လျန်ယင်းယင်း အလွန် သဘောကျနေမိသည်။
လျန်ယင်းယင်းက ဒီကိစ္စက အရမ်းကောင်းတဲ့ ကိစ္စပဲလို့ ရုတ်တရက်တွေးမိပြီး တော်တော်လေး စိတ်သက်သာရာ ရသွားတယ်။ ဒါကြောင့်မို့ပဲ သူမက ကျန်းယန်ရှန့်ကို ကလေးတွေရဲ့ နာနီ ဖြစ်ခွင့်ပြု ထားလိုက်တော့မယ်..ဟားဟားဟား
လျန်ယင်းယင်းက စိတ်ကြည်သွားတာကြောင့် မိတ်ကပ်လိမ်းပြီး အပြင်ကို လှလှပပလေး ထွက်သွားတော့သည်။
လျန်ယင်းယင်း မသိခဲ့တာကတော့ တာဝန်သိစိတ်နဲ့ လုပ်ပိုင်ခွင့်က ဒွန်တွဲနေတယ် ဆိုတာပါပဲ။
တာဝန်သိစိတ်ကို စွန့်လွှတ်လိုက်ရင် လုပ်ပိုင်ခွင့်တွေ ဆုံးရှုံးသွားမှာ ဖြစ်လေသည်။
ညနေခင်းမှာ ကျန်းဟွမ် အိမ်ပြန်ရောက်လာတော့ ကလေးနှစ်ယောက်က သူ့နားကို အပြေးရောက်လာကြသည်
"ဖေဖေ... ဖေဖေ သွားကြည့်ရအောင်... အားလုံးဆင်ပြီးသွားပြီ"
ကျန်းဟွမ်က အဝတ်တောင် မလဲနိုင်ဘဲ ကလေးနှစ်ယောက်က သူ့ကို မြေအောက်ခန်းဆီ ဆွဲခေါ်သွားတာကို ခံလိုက်ရသည်။ သူ့ခမျာ ရယ်ရမလား ငိုရမလားတောင် မသိတော့ဘူး။
သူသွားကြည့်လိုက်တော့ သီချင်းသံတွေ ထွက်နေတဲ့ ဖန်သားပြင် အကြီးကြီးနဲ့ စက်တွေကို တွေ့လိုက်ရသည်။ မော်တော်ဆိုင်ကယ်စီးဖို့ စက်တစ်လုံး၊ ကားမောင်းဖို့ စက်တစ်လုံး၊ ရိုလာကိုစတာ စီးသလို ပုံစံ စက်တစ်လုံး၊ အခြားသော ဘယ်လိုသုံးရမှန်း သူမသိတဲ့ စက်တွေအများကြီးကို တပ်ဆင်ထားသည်။ ကျန်းယန်ရှန့်က ခေါင်းဆောင်းကို တပ်ထားပြီး ထိန်းချုပ်စက်ကို ကိုင်ထားသည်။ ဖန်သားပြင်ပေါ်မှာတော့ သူမလက်ထဲမှာ ကိုင်နေတဲ့အရာက လေဆာဓါးတစ်ခု ဖြစ်နေပြီး သူမက လေဆာဓါးကို ကျွမ်းကျွမ်းကျင်ကျင် လွှဲယမ်းကာ နေရာစုံကနေ ပေါ်လာတဲ့ မွန်းစတားတွေကို ခုတ်ပိုင်းနေသည်။
"ဖေဖေ ကြည့်လိုက်" ကျန်းဟယ်လင်းက ကျန်းဟွမ်ကို ဆွဲကာ တီးတိုးပြောလိုက်သည်
"အစ်မက အရမ်းမိုက်တာပဲ"
ကျန်းဟွမ်က ရှေ့တိုးပြီး ကြည့်လိုက်သည်။ ကျန်းယန်ရှန့်က သေချာ လေ့ကျင့်ထားသူ ဖြစ်တာကြောင့် သူမရဲ့ လှုပ်ရှားမှုတွေက သာမန်လူတွေရဲ့ ကိုးယို့ကားယား ခုတ်ချက်တွေနဲ့ ကွာခြားလေသည်။ သူမက စည်းချက်ကျပြီး လှုပ်ရှားမှုတွေမှာ အားပါကာ
အရမ်းကို စွမ်းအားအပြည့် ဖြစ်နေသည်။။ အတိုချုပ် ပြောရရင်တော့ ကြည့်ရတာ အရမ်းကို လှပသည်ပင်။
ကြည့်ကောင်းရုံလေးတင် မဟုတ်ဘူး! ခမ်းနားထည်ဝါနေတာ! မျက်စိ ဖမ်းစားဖွယ်ရာလေး!
လက်တစ်ဖက်ကို ကိုင်ထားတဲ့ ကျန်းရှို့ချန်တောင်မှ ကျန်းယန်ရှန့်ရဲ့ လှုပ်ရှားပုံတွေကို စိုက်ကြည့်ပြီး အတုခိုးနေလေရဲ့။
ကျန်းယန်ရှန့် ဆော့ပြီးသွားတော့ အောင်ပွဲကြီးကြီး တစ်ခု ရလိုက်ပြီး သူမရဲ့ရလဒ်တွေက အမြင့်ဆုံး စံချိန်သစ်ကို ရသွားလေသည်။ သေချာတာပေါ့... စက်တွေက အသစ်တွေဆိုတော့ ရမှတ်ဇယားကလည်း အသစ်ပဲ။ အတန်းတစ်ခုလုံးက ကျန်းယန်ရှန့်ရဲ့ နာမည်တွေ အပြည့်ပဲ။
ကျန်းယန်ရှန့် ခေါင်းဆောင်းကို ချွတ်လိုက်ပြီး နောက်လှည့်ကြည့်လိုက်တော့ ကျန်းဟယ်လင်းရဲ့ လက်ကို ကိုင်ထားသည့် ကျန်းဟွမ်ကို တွေ့လိုက်ရသည်။ သူမက မေးကို မြှောက်ကာ ဆိုလိုက်သည် "ပြန်လာပြီလား?"
သူမရဲ့ ဘေးဘက်မျက်နှာက ကွယ်လွန်သွားတဲ့ ဇနီးနဲ့ တော်တော်လေး တူနေပြီး မှိန်ဖျော့ဖျော့ အကြည့်တို့နဲ့ အသံအနေအထားက ပိုပြီးတော့တောင် တူနေသေးတယ်။
ကျန်းဟွမ် သူ့ရင်ဘတ်ထဲကနေ နာကျင်လာရသလိုပင်။
သိသိသာသာပဲ သူမက သူ့ရဲ့ အရင်းနှီးဆုံး သမီးကလေး ဖြစ်ခဲ့ပေမယ့် ဘာကြောင့်များ သူနဲ့ ခပ်တန်းတန်း ဖြစ်ပြီး စိမ်းသက်သွားရပါလိမ့်..
လူအိုကြီးက သူ့ရဲ့ဝမ်းနည်းမှူတွေကို ဖိနှိပ်ပြီး အပြုံးလေးနဲ့ ပြောလာခဲ့သည်
"အားလုံး ဆင်ပြီးသွားပြီလား... ကြည့်ရတာ ပျော်စရာ ကောင်းမဲ့ပုံပဲ... ဒါဘယ်လိုဆော့ရတာလဲ?"
"ဖေဖေ! သား ဖေဖေ့ကို ပေးမယ်... သေနတ် အကြီးကြီးလေ!" ကျန်းရှို့ချန်က သေနတ်ကြီးကို စိတ်လှုပ်ရှားစွာ ကောက်ယူလိုက်ပြီး ကျန်းဟွမ်ကို ကမ်းပေးလိုက်သည်။
"ဖေဖေ ဆော့ကြည့်.... အရမ်းမိုက်တယ်!"
ကျန်းဟွမ်လည်းပဲ စိတ်ဝင်စားလာရသည်
"ကောင်းပြီလေ! ဖေဖေလည်း ဆော့ကြည့်တာပေါ့... ယန်ယန် ဒါ ဘယ်လို လုပ်ရတာလဲ?
ကျန်းယန်ရှန့်က သူမရဲ့ ခေါင်းဆောင်းကို ပြန်တပ်လိုက်ပြီး "ဟယ်ဟယ် ဖေဖေ့ကို
ခေါင်းဆောင်း ကူတပ်ပေးလိုက်... ကျန်းရှို့ချန် ဖေဖေ့ကို သေနတ် ဘယ်လို သုံးရမလဲ ပြပေးလိုက်"
ကျန်းဟွမ် သေချာ သိလိုက်ရတာက ကျန်းယန်ရှန့်သာ အမိန့်ပေးရင် ကလေးနှစ်ယောက်က သူမရဲ့အမိန့်ကို လိုက်နာဖို့ တုန့်ဆိုင်းနေမှာ မဟုတ်ဘူး ဆိုတာပါပဲ။
ဆူညံပူညံလုပ်တတ်ပြီး တစ်ခါတစ်ရံ စိတ်ဂယောင်ချောက်ချား ဖြစ်တတ်တဲ့ အစ်မအကြီးဆုံးက အခုချိန်မှာ တကယ့် အစ်မကြီး ဖြစ်လာသလိုပါပဲ။ သူမသာ တစ်ခုခု ပြောရင် သူမရဲ့ မောင်လေးနဲ့ ညီမလေးက သူမစကားကို နားထောင်ကြလိမ့်မယ်။
ကျန်းဟွမ်က ကိုယ်ကို ကိုင်းကာ ကျန်းဟယ်လင်းရဲ့ အကူအညီနဲ့ ခေါင်းဆောင်းကို ဝတ်လိုက်သည်။ သူ့သမီးလေးက ငယ်ရွယ်သော်လည်း သိမ်မွေ့ပြီး စိတ်ရှည်သည်။ သူမက သူမ အဖေရဲ့ မျက်နှာကို ညှပ်မိမှာ စိုးတာကြောင့် မေးသိုင်းကြိုးကို သေချာလေး ချိန်ညှိပေးလေသည်။
သူ့သား ကျန်းရှို့ချန်ကတော့ ပိုပြီး စိတ်လှုပ်ရှားလာကာ အရမ်းဆန္ဒစောနေလို့သူ့ရဲ့နားတွေနဲ့ ခေါင်းတွေကို ကုတ်ခြစ်နေလေရဲ့။ သူက သေနတ်ကို ကိုင်ပြီးပြီးချင်း သူ့အဖေကို မြန်မြန် သင်ပေးလိုက်သည်။
"ဒီမှာ ဒီခလုတ်က ပစ်ဖို့... ဒါက ပြန်ဖြည့်ဖို့..."
ပြီးတော့ သူက ထပ်ပြီး အထွန့်တက်လိုက်သေးသည် "သေနတ်က အရမ်းလေးတယ်"
ယောကျ်ားလေးတွေက သေနတ်ပစ်ရတဲ့ ဂိမ်းတွေကို ကြိုက်ကြသူများ ဖြစ်ကြသည်။ ကျန်းရှို့ချန်က သေနတ်အကြီးနဲ့ ဆော့ချင်ပေမယ့် သေနတ်အကြီးတွေက အရွယ်ရောက်သူတွေ အတွက်ပဲ ဖြစ်တော့ သူ့အတွက် အရမ်းလေးလွန်းနေသည်။ သူက သေနတ်ကို ကောင်းကောင်း မကိုင်နိုင်သေးတာကြောင့် သေနတ်ပစ်ဆော့ဖို့အတွက် ထိန်းချုပ်ကိရိယာကိုပဲ ကိုင်ဆော့နိုင်လေသည်။
ကျန်းဟွမ်က ခေါင်းဆောင်းရဲ့ ခလုတ်ကို နှိပ်ကာ သေနတ်ကို ကိုင်ပြီး ကျန်းယန်ရှန့်နဲ့အတူ စကစားတော့သည်။
လူသား သဘာဝအရ ယောကျ်ားတွေဟာ သေဆုံးသည်အထိ ဆယ်ကျော်သက်စိတ်များသာ ဖြစ်ကြသည်ပင်။ ပြီးတော့လည်း သေနတ်ပစ်ဂိမ်းကို မကြိုက်သည့် ယောကျ်ားများက မရှိသလောက်ပင်။ ကျန်းဟွမ်က ဆယ်စုနှစ်တစ်ခုလောက် မကစားခဲ့ရပေမယ့်လည်း အထူးသဖြင့် ဒီလိုVR နည်းပညာမျိုးကို စကစားချင်း အရမ်းကို ပျော်ရွှင်လာခဲ့ရသည်။
သူ့ရဲ့အမှတ်တွေကတော့ သူ့သမီးလေးထက် နည်းလေသည်။ ဂိမ်းဆော့ပြီးသွားတော့ ကျန်းယန်ရှန့်ရဲ့ အမှတ်တွေက သူ့ထက်နှစ်ဆ နီးပါးပင်။
သို့သော်ငြား ကျန်းဟွမ်က အချိန်ကောင်းလေးကို ပိုင်ဆိုင်ခဲ့ရသည်။ အထူးသဖြင့် သူ့သားနဲ့ သမီးက သူ့ကို အော်ဟစ်အားပေးနေပြီး ခုန်ပေါက်နေကြချိန်မှာပေါ့။
ဒီလို နွေးထွေးပြီး ပျော်စရာကောင်းတဲ့ လေထုက အရမ်းကို ကောင်းတာပဲ။
ကျန်းရှို့ချန်က ခုန်ပေါက်ပြီး အော်လိုက်သည်
"သားလည်း နှစ်ယောက်တွဲဂိမ်းဆော့ချင်တယ်! သားလည်း ဆော့ချင်တယ်လို့!"
ကျန်းဟွမ်က ပြောလိုက်သည်
"အိုကေ.. အိုကေ ... ဖေဖေ တူတူ ဆော့ပေးမယ်နော်"
ကျန်းရှို့ချန် ဆော့နိုင်သော နှစ်ယောက်တွဲဂိမ်းက ပိုရိုးစင်းပြီး ကာတွန်းဆန်သည်။ ကျန်းယန်ရှန့်က သူမရဲ့ခေါင်းဆောင်းကို ချွတ်လိုက်ပြီး ပြောလိုက်သည် "ဖေဖေတို့ ဆော့လိုက်ကြ... သမီး အပေါ်တက်နှင့်တော့မယ်"
သူမက ကျန်းဟယ်လင်းဆီ ခေါင်းဆောင်းကို ကမ်းပေးလိုက်သည် "သူ့ကို ကြည့်ထား... ခလုတ်တွေ လျှောက် မနှိပ်စေနဲ့... အဲ့တာက ကျိုးလွယ်တယ်"
ကျန်းဟယ်လင်းက အသက်ပြင်းပြင်းရှူကာ ပြန်ဖြေလိုက်သည် "ဟုတ်!"
Xxxxxxx
Part 84
ကျန်းဟွမ်က သူ့သားကို ချော့မော့နေဆဲ ဖြစ်ပြီး သူ့ခေါင်းကို လှည့်လိုက်ချိန်မှာတော့ သူ့သမီးကြီးကို မတွေ့ရတော့ပေ။
ကျန်းဟွမ် ရုတ်တရက် အထီးကျန်လာသလို ခံစားလိုက်ရသည်။ ဒီနေ့လိုမျိုး သူ့သမီးကြီးနဲ့ အတူ ကစားခဲ့ရတဲ့ အချိန်တွေက သူ့မှတ်ဥာဏ်ထဲမှာ အလွန်ဝေးကွာ သွားပြီပင်။
သူ့သမီးငယ်ကို ပြန်ကြည့်လိုက်တော့ သူ့သားဆီကို လာပြီး ခေါင်းဆောင်းကို ကူတပ်ပေးကာ ခလုတ်တွေ လျှောက်မနှိပ်ဖို့ ပြောနေသည်။ သတိမထားမိခင်မှာပင် သူ့သမီးငယ်လေးလည်း အရွယ်ရောက်လာပြီး သူ့သမီးကြီးနဲ့ တူတူလာသည်။
ပြီးတော့ သူ့သားကလည်း တကယ့်ကို နာခံနေသည်။ သူ့သဘောထားက အရင်ကနဲ့ ကွာခြားနေခဲ့သည်။ အတိတ်မှာတုန်းက ကျန်းရှို့ချန်က ကျန်းဟယ်လင်းစကားကို ဘယ်တုန်းကများ နားထောင်ဖူးလို့လဲ...
ကျန်းဟွမ်က နည်းနည်း အံ့သြသွားပြီး မေးလိုက်သည်။
"ရှို့ရှို့က သူ့မမရဲ့ စကားကို အရမ်း နားထောင်တာပဲလား..."
ကျန်းရှို့ချန် :"ဟမ့်!"
ကျန်းဟယ်လင်းက သူမခေါင်းကို မော့လိုကွသည်
"သူ နားမထောင်ရဲရင် အစ်မကို ပြောလိုက်မှာပေါ့... အစ်မက သူ့ကို ရိုက်ပစ်မှာ! တုတ်နဲ့ ရိုက်ရင် သူငိုသွားရမှာပဲ!"
ကျန်းရှို့ချန် : "တော်တော့!"
ကျန်းဟွမ်က အရမ်းကို ပျော်ရွှင်နေသည်။ သူရယ်လို့ ပြီးသွားတော့ အတွေးထဲနစ်သွားတဲ့ပုံ ပေါ်လာပြန်သည်။
ကျန်းရှို့ချန်က စိတ်မရှည်တော့။ "ဖေဖေ မြန်မြန်လုပ်!"
"အေးပါ အေးပါ" ကျန်းဟွမ်က သူ့ခေါင်းဆောင်းကို ခလုတ်နှိပ်ကာ ထိန်းချုပ်စက်ကို ကောက်ကိုင်လိုက်သည်။
သူ့သမီးကြီးနဲ့ အပြိုင်တိုက်ကာ သူ့သားငယ်လေးနဲ့ တူတူဆော့ပေးပြီးတော့ ကျန်းဟွမ်က အရမ်းပျော်နေပြီး ကျန်းဟယ်လင်းကို ပြောလိုက်သည်။ "သမီးမောင်လေးနဲ့ ဆော့လိုက်တော့နော်"
ကျန်းဟယ်လင်းက ကျန်းရှို့ချန်အတွက် တစ်ဦးတည်း ကစားသူဂိမ်းကို ပြောင်းပေးလိုက်ပြီးနောက် သူ့နောက်ကို အပြေးအလွှား လိုက်လာခဲ့သည်။ "ဖေဖေ... ဖေဖေ!"
"ဘာကိစ္စ ရှိလို့လဲ?" ကျန်းဟွမ်က ခေါင်းကိုလှည့်ကာ ရပ်လိုက်သည်။
ကျန်းဟယ်လင်းက ခဏလောက် တွန့်ဆုတ်နေတာကို သူတွေ့လိုက်သည်။ ဒါပေမယ့်လည်း ခဏလောက် တွန့်ဆုတ်ပြီးတော့ သူ့အဖေကို တစ်ခါမှ မမေးရဲခဲ့တဲ့ ကောင်မလေးက စိတ်မောင်းတင်းက သူသိချင်တာကို မေးလိုက်သည်။
"အဲ့ဒါက.... ကြာသပတေး နေ့ကျရင်... လာမှာလားဟင်?"
ကျန်းဟွမ်က ရုတ်တရက် သဘောပေါက်သွားကာ ပြုံးပြလိုက်သည်။
ဒီနေ့က တနင်္လာနေ့ ဖြစ်တာကြောင့် ခါတိုင်းလိုပဲ သူ့အတွင်းရေးမှူးက တစ်ပတ်စာ အချိန်ဇယားကို ဒီမနက်မှာပဲ သူ့ဆီ တင်ပြခဲ့ပြီးသား ဖြစ်လေသည်။ ဒီတစ်ပတ် ကြာသပတေးနေ့က သြဂုတ် 2ရက်နေ့ ဖြစ်ပြီး သူ့သမီးငယ်လေးရဲ့ မွေးနေ့ပင်။
အရင်က သူ့သမီးကြီးက သူ့အတွင်းရေးမှူးကို အထူးတလှယ် ဖုန်းခေါ်ပြီး သူ့အချိန်စာရင်းထဲကို ကစားကွင်းကို သွားဖို့ အချိန် ထည့်ပေးဖို့ ပြောခဲ့တယ်။
ဒါကြောင့်မို့ ကျန်းဟယ်လင်း ပြောလာကတည်းက ကျန်းဟွမ် နားလည်သွားခဲ့သည်။
ကျန်းဟွမ်က သူမနှာခေါင်းကို တို့ကာ ပြုံးပြလိုက်ပြီး ပြောလိုက်သည်။
"မပူနဲ့ ဖေဖေ အချိန် စီစဥ်ထားပြီးပြီ... ဒါကြောင့်မို့ ဖေဖေတို့ သွားရမှာပေါ့..."
သူ့ သမီးငယ်လေးရဲ့ မျက်လုံးတွေက ပျော်ရွှင်မှုကြောင့် တောက်ပလာပြီး စိတ်သက်သာရာရသွားလို့ သူမပုခုံးတွေ ပြေလျော့သွားတာကို တွေ့လိုက်တော့ ကျန်းဟွမ်ရဲ့ နှလုံးသား လှုပ်ရှားသွားခဲ့ရသည်။ သူက သူမရှေ့ ဒူးထောက်ချထိုင်ကာ မေးလိုက်သည်။
"သမီးက သမီးအမေနဲ့ သွားချင်လား... သမီးအစ်မနဲ့ သွားချင်တာလား...."
ကျန်းဟယ်လင်းက အံ့ဩသွားပြီး မေးလိုက်သည်။
" တစ်မိသားစုလုံး တူတူသွားလို့မရဘူးလား...."
ကျန်းဟွမ်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
"သမီးအစ်မရဲ့ စိတ်ကို မသိဘူးလား... သူက သမီးအမေနဲ့ အတူမရှိချင်ဘူးလို့ ပြောခဲ့တယ်လေ"
ကျန်းဟယ်လင်းက တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။ "သမီး အစ်မနဲ့ပဲ သွားမယ်"
ကျန်းဟွမ်က သိချင်သွားသည် "သမီးအမေကို ဘာလို့ မရွေးတာလဲ..."
ကျန်းဟယ်လင်းက သဘာဝကျကျပဲ ပြောလိုက်သည် "မေမေက သမီးကို ခေါ်မသွားချင်လောက်ဘူး.... သူက ရှို့ရှို့ကိုပဲ အပြင်ခေါ်သွားချင်တာ"
ကျန်းဟွမ်: "...."
ဒီကလေးက ကျန်းယန်ရှန့်နဲ့ ကျန်းရှို့ချန်တို့နဲ့ ကွဲပြားလေသည်။ ကျန်းယန်ရှန့်က အနည်းဆုံးတော့ သူမအမေမဆုံးခင်အထိ မိသားစုရဲ့ တစ်ဦးတည်းသော မင်းသမီးလေး ဖြစ်သည့်အပြင် သူမက သမီးအကြီးဆုံးလည်း ဖြစ်သေးသည်။ ကျန်းရှို့ချန်ကလည်း သူ့ရဲ့ လိင်အမျိုးအစားကြောင့် မွေးကတည်းက မြှောက်စားခံခဲ့ရသည်။
အလတ် ဖြစ်နေတဲ့ ဒီကလေးကတော့ ကွဲပြားလေသည်။
သူမက အသက်လေးနှစ် မတိုင်ခင်အထိ အပြင်မှာ ကြီးပြင်းခဲ့ပြီး ကျန်းဟွမ်က သူမကို တစ်ပတ် နှစ်ပတ်လောက်မှ တစ်ခါသာ တွေ့ခဲ့သည်။ သူ့အချိန်တွေကို သူမရဲ့အမေနှင့် မောင်လေးဆီသာ ပေးထားပြီး သူမကို အလွန်အမင်း လျစ်လျူရှုထားခဲ့သည်။
နောက်ပိုင်းတော့ သူတို့ ဒီအိမ်ထဲ ရောက်လာခဲ့တာတောင်မှ ဒီကလေးက သူ့ကို အကူအညီလာတောင်းတာ အရမ်းရှားသည်လေ။
ကျန်းဟွမ်က သူ့သမီးငယ်ကို ကြည့်လိုက်ပြီး ဒီကလေးကို သိပ်ဂရုမစိုက် ဖြစ်ခဲ့ဘူးလို့ တကယ် ခံစားလိုက်ရသည်။
အခုတောင်မှ သူမက စကားပြောဖို့ တွန့်ဆုတ်နေတာလေ။ ကျန်းရှို့ချန်သာဆို ဘယ်တော့မှ တုန့်ဆိုင်းနေမှာ မဟုတ်ဘဲ ဒီလို မေးမြန်းတဲ့ အသံအနေအထားကို သုံးမှာလည်း မဟုတ်ဘူး။ သူက တိုက်ရိုက်ပဲ "သား လိုချင်တယ်"ဆိုတဲ့ စာကြောင်းကို သုံးမှာ ဖြစ်ပြီး ပိုပြီး ခိုင်မာတဲ့ စာကြောင်း ဖြစ်တဲ့ "သား ရမှ ဖြစ်မယ်"ဆိုတာကိုတောင် သုံးနိုင်သေးသည်။
ကျန်းဟွမ်က မတတ်နိုင်ဘဲ နှလုံးသားနူးညံ့သွားကာ ရက်ရက်ရောရော ကတိပေးလိုက်သည်
"ကောင်းပြီလေ..ဒါဆို သမီးအစ်မကိုပဲ ခေါ်သွားပြီး မေမေ့ကို ထားခဲ့ကြရအောင်!"
စကားပြောပြီးတော့ သူ့သမီးငယ်ရဲ့ မျက်လုံးများ ထပ်ပြီး တောက်ပလာတာကို တွေ့လိုက်ရသည်။
သို့သော်ငြား သူမက တုံ့ဆိုင်းနေပြီးမှ "ဒါပေမယ့် တကယ်လို့ အစ်မသာ မေမေ့ကို တွေ့သွားရင်..."
ကျန်းဟွမ်က လှောင်ရယ်ရယ်ကာ သူမကို မေးလိုက်သည်
"သမီး မေမေက မနက် စောစော ထနိုင်လို့လား..."
သူမက စောစော မထနိုင်တဲ့အပြင် သူမက ကျန်းရှို့ချန်ကို "သွား... သွား... သွား"လို့ ပြောလိုက်ပြီးတာတောင်မှ သူမ ထိုအကြောင်းကို မေ့သွားဖို့ များလေသည်။
ကျန်းဟွမ်က သူ့ဇနီး အကြောင်းကို ကောင်းကောင်း သိလေသည်။
ဒါကြောင့်မို့ပဲ သူမပြောလာလာချင်း နားလည်သွားတာ ဖြစ်သည်။
ကျန်းဟွမ်က သူ့အသံကို တိုးကာ သူမကိုထပ်ပြောလိုက်သည်။
"ရှို့ရှို့ကို မပြောနဲ့အုံး... သူမေ့သွားလောက်ပြီ... သူ့ကို ထပ်ပြီး သတိမပေးနဲ့တော့... မဟုတ်ရင် သူ့အမေကိုပါ သွားပြီး သတိပေးနေလိမ့်မယ်... သမီးအမေ စောစောထရင် သမီး အစ်မ လိုက်ရတော့မှာ မဟုတ်ဘူးနော်..."
"ဟုတ်!" ကျန်းဟယ်လင်းက ချက်ချင်း ကတိပေးလိုက်သည်။
သူမက မတတ်နိုင်ဘဲ သူမ လက်နှစ်ဖက်လုံးဖြင့် ပါးစပ်ကိုအုပ်ကာ ပြုံးနေလိုက်သေးသည်။ သူမမျက်လုံးလေးတွေက ကွေးကွေးလေး ဖြစ်နေပြီး လခြမ်းကွေးလေး အတိုင်းပင်။
သူမ အခန်းကို တစ်ယောက်ယောက်က တံခါးလာခေါက်ချိန်မှာတော့ ကျန်းယန်ရှန့်က အခန်းထဲမှာ စာအုပ်တွေကို လှန်လှောနေခဲ့တာ ဖြစ်သည် :
"ယန်ယန်... ဖေဖေပါ"
ကျန်းယန်ရှန့်က အံ့အားသင့်သွားပြီး တံခါးကို သွားဖွင့်ပေးလိုက်သည်
"ဘာကိစ္စရှိလို့လဲ..."
ကျန်းဟွမ်က ဝင်မလာခဲ့ဘဲ တံခါးကိုပဲ တိုက်ရိုက်မှီလိုက်ကာ ပြုံးပြလိုက်သည် "လာမယ့် ကြာသပတေးနေ့က သြဂုတ် 2ရက် ဆိုတာကို သတိလာပေးတာ... မမေ့နဲ့အုံးနော်"
ကျန်းယန်ရှန့်က မမေ့ခဲ့ပါဘူး။ သူမက ဖုန်းထဲမှာတောင် မှတ်ထားလိုက်သေးတယ်။
သူမက သူမလက်တွေကို ယှက်ကာ "သမီးပြောထားသလိုပဲ.... မလိုက်ဘူး"
"သိတယ်.. သိတယ်" ကျန်းဟွမ်က ပြောလိုက်သည်
"ကြည့်... သူအစောကြီးကတည်းက မေ့နေလောက်ပြီ... ပြီးတော့ သူကလည်း စောစော မထနိုင်ဘူးလေ... ဖေဖေတို့ပဲ သွားပြီး သူ့ကို ချန်ထားခဲ့ကြမယ်... အိုကေလား...."
အို... စကားလုံး နည်းနည်းနဲ့ ...ကေ။
ကျန်းယန်ရှန့် သူမမျက်လုံးတွေကို လှိမ့်လိုက်ချင်သည်။
ဒါပေမယ့် ကျန်းဟယ်လင်းရဲ့ မျှော်လင့်နေတဲ့ အမူအယာနဲ့ သနားစရာ ပုံစံလေးကို တွေးမိသွားတော့ သူမ သည်းခံလိုက်ပါမယ်လေ။
ဒီလို အလွန်ပူပြင်းတဲ့ နွေရာသီမှာ လျန်ယင်းယင်းရဲ့ အထိမခံတဲ့ ပုံစံနဲ့ဆို သူမကိုနေပူထဲသာ ထွက်ခိုင်းရင် သေချာပေါက်ကို မရပ်မနား ငြီးငြူနေမှာ။ သူမက ကျန်းဟယ်လင်းကိုတောင် မကျေမနပ် ပြောနိုင်သေးတယ်။
ဟုတ်တာပေါ့... လျန်ယင်းယင်းသာဆို ဒီလို နေ့ထူးနေ့ကောင်းလေးမှာ စိတ်ပျက်စရာတွေ လုပ်လာနိုင်တာပေါ့။ အဆုံးမှာတော့ သူမက ကျန်းဟယ်လင်းရဲ့ ခံစားချက်တွေကို ဂရုမစိုက်ဘူးလေ။ သူတို့ဘာသာ သွားတာပဲ ကောင်းပါတယ်။
"အိုကေလေ" ကျန်းယန်ရှန့်က ပွင့်ပွင့်လင်းလင်း သဘောတူလိုက်သည်။
ဒါကြောင့်မို့ ကြာသပတေးနေ့မှာ လျန်ယင်းယင်းက တဝါးဝါး သမ်းကာ အောက်ထပ်ကို ဆင်းလာတော့ မထင်ထားစွာ တစ်အိမ်လုံး တိတ်ဆိတ်နေသည်။
သူမက ထမင်းစားပွဲမှာ ထိုင်ကာ ထုံးစံအတိုင်း မေးလိုက်သည် "သူတို့ ဘယ်မှာလဲ?"
အိမ်အကူအန်တီက ခပ်ပြုံးပြုံးနဲ့ ပြန်ပြောလိုက်သည်
"သူတို့အားလုံး ကစားကွင်း သွားကြတယ်"
လျန်ယင်းယင်း :"..."
Xxxxxxx