အချက်အပြုတ်နတ်ဘုရားလေး၏ ခရီးစဉ်
အပိုင်း ၈
ကလေးငယ်သည် တဗြဲဗြဲ ငိုနေပြီး အမျိုးသမီးသည်လည်း ကူရာမဲ့နေပုံရသည်။ အမျိုးသမီး၏ တောင်းဆိုချက်ကို သဘောပေါက်သောကြောင့် စုခယ်သည် အမြန်ဘေးသို့ ဖယ်ပေးကာ ပြောလိုက်သည်။
"ဘာတွေပြောနေတာလဲ။ ကျူးကျယ်ကျဲ၊ ကျေးဇူးပြုပြီး ဝင်လာခဲ့ပါနော်။ ကလေးတွေကြိုက်ရင် ကျွန်မ တစ်ပန်းကန် ထည့်ပေးပါ့မယ်။ ဝယ်စရာမလိုပါဘူး"
အမျိုးသမီးသည် အသားအရေဖြူဖွေးနေပြီး အဖြူစွတ်စွတ် ဂါဝန်ကြောင့် သူမတူပုံပေါက်နေသည်။ သူမ၏ စပျစ်သီးနှင့်တူသော မျက်လုံးများတွင် အပြုံးများ အပြည့်ရှိသည်။ ထို မျက်လုံးများထဲတွက် မှော်တစ်မျိုး ရှိနေပုံရကာ လူများတုံ့ပြန်နိုင်ခြင်း မရှိခင်မှာပင် အိမ်ထဲသို့ ၀င်ပြီးဖြစ်နေသည်။
စုခယ်သည် လူတိုင်းကို စားပွဲတွင် ထိုင်ခိုင်းကာ မီးဖိုချောင်ထဲသို့ ၀င်သွားပြီး ပြုံးလျက် ပြောလိုက်သည်။ " ကျူး ကျဲ၊ ခဏလောက်ထိုင်နေပါဦး။ ကျွန်မ ရေတစ်ခွက်ခပ်ပေးပြီး ခဏနေရင် ဟင်းထည့်ပေးပါ့မယ်နော်"
သူမသည် အမျိုးသမီးအတွက် ရေနွေးတစ်ခွက်နှင့် ကလေးငယ်အတွက် အိမ်လုပ် သစ်သီးလက်ဖက်ရည်တစ်ခွက် ထည့်ပေးလိုက်သည်။ တဗြဲဗြဲ ငိုနေသည့် ကလေးငယ်သည် သစ်သီးလက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်နှင့် ချက်ချင်း အငိုတိတ်သွားသည်။
သူသည် ခေါင်းကိုငုံ့ကာ လက်ဖက်ရည်ကို အာရုံစိုက်သောက်နေသည်။ ထိုမြင်ကွင်းကိုတွေ့သော စုခယ်သည် ပြုံးလိုက်ပြီး ဟင်းခပ်ရန် မီးဖိုချောင်သို့ ပြန်သွားသည်။
ကျူးကျင်းဝေသည် တဟုန်းဟုန်းငိုနေပြီး ချွေးများရွှဲနေသည့် သူ့သားကို ထိကြည့်ကာ ကလေး၏ နဖူးမှ ချွေးများကို လက်ကိုင်ပုဝါဖြင့် သုတ်ပေးပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
မိသားစု အဆောက်အအုံရှိ တိုက်ခန်းသည် ပုံမှန် စံနှုန်းမှီ ပုံစံဖြစ်ပြီး အိပ်ခန်းနှစ်ခန်း၊ ရေချိုးခန်းတစ်ခန်း၊ ဧည့်ခန်းနှင့် မီးဖိုချောင်ပါဝင်သည်။ တိုက်ခန်းက သန့်ရှင်းသပ်ရပ်သည်။ ကော်ဖီစားပွဲပေါ်တွင် ပန်းစည်းတစ်စည်းရှိပြီး လေထဲတွင် ပန်းရနံ့သင်းသင်းလေးများ ပြည့်နှက်နေသည်။ တစ်ချိန်တည်းမှာပင် သံသယအနည်းငယ်ပေါ်လာရသည်။ စုခယ်သည် ကောလာဟလများထွက်နေသည့်ပုံစံနှင့် မတူညီပုံရသည်။
သူမ သား ငိုယိုပြီး စားစရာကို အော်တောင်းနေလို့သာ မဟုတ်ပါက သူမ အပေါ်ထပ်ကိုတက်ပြီး တံခါးခေါက်ခဲ့မည် မဟုတ်ပေ။
ကျူးကျင်းဝေသည် သူမဘဝတွင် စုခယ်နှင့် မည်သည့်ခင်မင်ရင်းနှီးမှုမှ ရှိလိမ့်မည်မဟုတ်ဟု ခံစားခဲ့ရသည်။ သူမ အမုန်းဆုံးအရာမှာ နောက်ခံကိုအသုံးချပြီး အခြားသူများကို အနိုင်ကျင့်သည့်သူများဖြစ်သည်။ သူမသည် ဆင်းရဲသော မိသားစုမှ ဆင်းသက်လာပြီး နောက်ပိုင်းတွင် သူမကိုယ်ပိုင်ကြိုးစားမှုဖြင့် ကျောင်းတက်နိုင်ခဲ့သည်။
စစ်သားတစ်ဦးနှင့် မိတ်ဆက်ပေးခံရပြီးနောက် လက်ထပ်ကာ ၀န်ထမ်းအိမ်ရာရှိ မူလတန်း ကျောင်းဆရာမ တစ်ဦးဖြစ်လာခဲ့သည်။ သူမ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းသည် အောက်ခြေမှစတင်ခဲ့သည်။
တစ်ဖက်တွင် စုခယ်သည် ချမ်းသာသောမိသားစုမှ ဆင်းသက်လာပြီး သူမ၏ခင်ပွန်းသည် ထူးချွန်သော စွမ်းရည်ရှိသူအဖြစ် အသိအမှတ်ပြုခံထားရသည်။
ရလဒ်အနေဖြင့် သူမ၏ အရင်းနှီးဆုံး သူငယ်ချင်းက မပြောပြခဲ့လျှင် ချန်းလင်ထံ သူမတင်ပြခဲ့သည့် ပြင်းထန်သော စည်းကမ်းချက်များကို မည်သူမျှ သိနိုင်မည် မဟုတ်ပေ။ သူမ၏ အရင်းနှီးဆုံးသူငယ်ချင်း အဆိုအရ စုခယ်သည် အိမ်တွင် မည်သည့်အရာကိုမျှ မသန့်ရှင်း၊ ချက်ပြုတ်ခြင်းမရှိ၊ အိမ်မှုကိစ္စများကိုလည်း မလုပ်ဆောင်ပေ။ အိမ်တွင် အမှိုက်များ အလွန်များပြားနေ၍ ခြေချစရာနေရာပင်မရှိဘဲ ချန်းလင်တစ်ဦးတည်းသာ အိမ်မှုကိစ္စများကို လုပ်ရသည်။
တကယ်တော့ သူမသည် ဤအရာအားလုံးကို နားလည်နိုင်သည်။ အိမ်မှုကိစ္စများကို အမျိုးသမီးများကသာ လုပ်ရမည်ဟု မဆိုလိုပါ။ သူမကို အံ့အားအသင့်စေဆုံးအရာမှာ ပြီးခဲ့သည့်ညက ခြံဝန်းအတွင်းရှိ အစ်မများထံမှ ကြားခဲ့ရသောအရာဖြစ်ပြီး စုခယ်သည် ဗိုလ်ကြီးချန်း၏ နောက်ကွယ်တွင် အခြားအမျိုးသားတစ်ဦးနှင့် လျှို့ဝှက်စာများလဲလှယ်ကာ လျှို့ဝှက်ချစ်ကြိုက်နေသည်ဟူ၍ဖြစ်သည်။
သူမသည် ထိုအရာကိုကြားသောအခါ စိုးရိမ်ခဲ့သည်။ မိသားစုဝန်းအတွင်းရှိ စုခယ်နှင့်ပတ်သက်သည့် ကောလာဟလများသည် မကောင်းသော်လည်း သူမသည် အခြားအမျိုးသားများနှင့် စာပေးစာယူလုပ်လိမ့်မည်မှာ မဖြစ်နိုင်လောက်ပေ။ ယခင်နှစ်များကကဲ့သို့ စီမံခန့်ခွဲမှုသည် ယခုအခါ အလွန်တင်းကျပ်ခြင်းမရှိသော်လည်း သူမတို့သည် အရေးပေး ဂရုစိုက်ရန် လိုအပ်နေသေးသည်။
သို့သော် ယနေ့တွင် ကောလာဟလများသည် ကောလာဟလများသာဖြစ်ပြီး လက်တွေ့သည် လက်တွေ့ဖြစ်၍ အချို့အရာများသည် ဆွေးနွေးနိုင်ရန် သက်သေအထောက်အထားများ လိုအပ်နေသေး ပုံပေါ်သည်။
"ကျူးကျဲ၊ ဒီနေ့ ကျွန်မတို့လုပ်ထားတာ ဒါပဲရှိတယ်။ တောင်းပန်ပါတယ်။" စုခယ်သည် အပူထိန်းဘူးကို ယူလာပြီး ထိုင်ခုံတစ်ခုကို ဆွဲကာ ထိုင်လိုက်သည်။ "အစကတော့ ကျွန်မ အများကြီးချက်ထားတာ၊ စုန့်ကျဲရဲ့အိမ်ကို တစ်ပန်းကန်ပို့လိုက်လို့ အများကြီး မကျန်တော့ဘူး"
"မေမေ၊ သားစားချင်တယ်။ သား စားချင်တယ်။"
အပူထိန်းဘူးကို ဖွင့်လိုက်သည်နှင့် ကလေးငယ်သည် သူမပေါ်သို့ တက်လာကာ ငိုယို အော်ဟစ်ပြီး အစားအစာတောင်းတော့သည်။ သူမသား၏ စားချင်စိတ်ပြင်းပြနေသော မျက်နှာကိုမြင်သော ကျူးကျင်းဝေသည် အလွန်ရှက်ရွံ့သွားသည်။ သူမသည် ယခုနှစ်တွင် အသက်နှစ်ဆယ့်ခုနစ်နှစ်ရှိပြီး အသက်နှစ်ဆယ့်နှစ်နှစ်တွင် သားတစ်ယောက်မွေးခဲ့သည်။
"စိတ်မပူပါနဲ့ ကလေးလေး။ အန်တီက သားကို အစားအစာ နည်းနည်းပေးပါ့မယ်။"
သူမသည် ထိုသို့ပြောကာ ပန်းကန်တစ်ခုကို ကောက်ယူပြီး ငါးအနည်းငယ်ကို ကလေးငယ်အား ပေးကာ ညင်သာစွာ ချော့မော့လိုက်သည်။ ယခင်ဘဝတွင် မိသားစုညစာစားပွဲများကို တည်ခင်းသောအခါ သူမ အလုပ်ရှင်များ၏ ကလေးအချို့သည် ယခုထက်ပို၍ ဆိုးသွမ်းစွာ ပြုမူခဲ့ကြသည်။ စုခယ်သည် ချော့မော့ရာတွင် အတွေ့အကြုံများရရှိထားပြီး အစားအစာပေးသောအခါ စားမှ နှစ်သက်သည်။
"ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်။" ကျူးကျင်းဝေ သည် သူမသား အရသာခံစားကာ စားနေသည်ကို ကြည့်ရင်း အလွန်ရှက်ရွံ့သွားသည်။
"စုခယ်၊ ငါ နင့်ကို တောင်းပန်ချင်တယ်။"
သူမသားကို ပြုံးရွှင်စွာကြည့်နေသော အမျိုးသမီးကို ကြည့်ရင်း ကျူးကျင်းသည် တောင်းပန်ခြင်း မပြုဘဲ မနေနိုင်တော့ပေ။ ရှေးလူကြီးများ ပြောသည့်အတိုင်း မြင်မှ ယုံကြည်ရမည် ဖြစ်သည်။ ယခုအခါ အခြေအမြစ်မရှိသော ကောလာဟလများသည် ယုံကြည်ထိုက်ခြင်း မရှိပုံပင်။ လူအများနောက်လိုက်ပြီး သူတစ်ပါးအကြောင်းကို နောက်ကွယ်တွင် ပြောဆိုခြင်းသည် အမှန်တကယ် မှားယွင်းခဲ့သည်။
"?"
စုခယ်သည် ကျူးကျင်းဝေ ရုတ်တရက် တောင်းပန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ခြံဝန်းထဲက လူတွေက နင့်ကို ဆိုးဆိုးရွားရွား ဆက်ဆံခံရတယ်လို့ ကောလာဟလတွေကြားပြီး နင့်အကြောင်းကို နောက်ကွယ်မှာ လျှောက်ပြောခဲ့မိတယ်။ ငါ တကယ်တောင်းပန်ပါတယ်။" ကျူးကျင်းဝေ၏ မွေးရပ်မြေသည် ဂန်စူး ပြည်နယ်ဖြစ်သည်။ သူမသည် စိတ်သဘောထားကြီးပြီး သူမမှားယွင်းခဲ့လျှင် သဘာဝကျကျ ပြင်ဆင်ရမည်ဟု ယုံကြည်သည်။
"ရပါတယ်"
ရှင်းပြချက်ကို နားထောင်ပြီးနောက် စုခယ်သည် လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။
"စုခယ်၊ ပြောချင်တာတစ်ခုရှိတယ်၊ နင့်ရဲ့သူငယ်ချင်းကောင်း ဟဲထင်ကို ဂရုစိုက်ဖို့ ငါမျှော်လင့်တယ်"
ယနေ့ အတူတကွ အချိန်ဖြုန်းပြီးနောက် ကျူးကျင်းဝေသည် စုခယ်အပေါ် သူမတွင်ရှိခဲ့သော ပုဂ္ဂိုလ်စွဲ မလိုမုန်းတီးမှုများ၏ အရင်းအမြစ်မှာ ဟဲထင် ဖြစ်ကြောင်း သိရှိလိုက်ရသည်။ ၀န်ထမ်းအိမ်ရာရှိ သူမအစ်မရှေ့တွင် ချဲ့ကားပြောဆိုမှုမရှိခဲ့ပါ။ စုခယ်နှင့် ချန်းလင်တို့၏ ဆက်ဆံရေးဆိုင်ရာ အသေးစိတ် အချက်အလက်အားလုံးကို ဟဲထင်ကပြောပြခဲ့သည်။
"ကျူးကျဲ၊ ဘာလို့ရုတ်တရက် ဟဲထင်ကို ဂရုစိုက်ဖို့ ကျွန်မကို ပြောတာလဲ။" စုခယ်သည် အေးဆေးနေသေးသည်။
ကျူးကျင်းဝေသည် စဉ်းစားပြီး မနေ့ညက သူမကြားခဲ့ရသည့် ကောလာဟလကို ကောင်မလေးအား ပြောပြခဲ့သည်။ သူမပြောပြီးသည့်နောက် ကလေးလေးသည် ပန်းကန်ထဲရှိ အသားများကို အကုန်စားပြီးသွားပြီဖြစ်သည်။ ကျူးကျင်းဝေသည် သူမသား ထပ်ငိုပြီး အစားအစာထပ်တောင်းမည်ကို ကြောက်သောကြောင့် အမြန်ထကာ သူမသားကို ခေါ်သွားခဲ့သည်။
"တာ့တာ ကျွင့်ကျွင့်"
တံခါးဝသို့ ပို့ပြီးနောက် စုခယ်သည် ကလေးငယ်အား ပြုံးလျက် နှုတ်ဆက်ခဲ့သည်။ ကျူးကျင်းဝေ သား၏ နာမည်ပြောင်မှာ ကျွင့်ကျွင့် ဖြစ်သည်။
"အရသာရှိတဲ့ အစားအစာတွေချက်တဲ့ အန်တီလှလှလေး တာ့တာ"
ကောင်လေးသည် အစားအစာကို အရသာခံစားခဲ့ပြီး သူ့မျက်နှာပေါ်ရှိ အပြုံးသည် နေရောင်ကဲ့သို့ တောက်ပနေသည်။
ကျူးကျင်းဝေသည် ရေနွေးအိုးကို သန့်ရှင်းရေးလုပ်ပြီး ပြန်ပေးရန် ထပ်ခါထပ်ခါပြောဆိုကာ မိခင်နှင့်သား ထွက်သွားပြီးနောက် အေးချမ်းမှုသည် ပြန်လည်ရောက်ရှိခဲ့သည်။
ဟဲထင်သည် နောက်နှစ်ရက်အတွင်း လုပ်ငန်းစလိမ့်မည်ဟု ထင်ခဲ့သော်လည်း သူမက လုပ်ငန်း စ၍တောင် ပြီးပြီဟု မထင်ထားခဲ့ပေ။ စုခယ်သည် ကိစ္စအားလုံး အလွန်မြန်မြန် ဖြစ်ပျက်သွားသည့်အပေါ် သက်ပြင်းချခြင်းမပြုဘဲ မနေနိုင်ခဲ့ချေ။ သူမ အစားကိုတောင် အရသာခံစားရန် စိတ်မပါတော့။ သူမသည် အနည်းငယ်သာ စားပြီးနောက် အခန်းသို့ အလျင်အမြန်ပြန်သွားကာ စာရွက်ကိုကောက်ယူပြီး စာရေးရန် စတင်ခဲ့သည်။ ဟဲထင် မပြန်လာခင်တွင် သူမသည် ကိစ္စကို အပြီးသတ်ရမည်ဖြစ်သည်။
ညနေ ရှစ်နာရီတိတိတွင် ဟဲထင်သည် သီချင်းလေး တညည်းညည်းဖြင့် အိမ်ပြန်လာပြီး စုခယ်သည် တံခါးကို ဖွင့်ပေးကာ လသာဆောင်ပေါ်တွင် ပြန်လှဲနေလိုက်သည်။
"ဟဲထင်၊ ဘယ်မှာ ညစာစားခဲ့တာလဲ။"
စုခယ်သည် လက်ဖက်ရည်ကို တစ်ငုံသောက်ကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"အော်~ ဒီနေ့ ခြံဝန်းထဲက အဒေါ်တွေနဲ့ စကားပြောနေတာ၊ အဒေါ် လျိုစုန့်ကျစ်က ညစာစားဖို့ အတင်းခေါ်လို့ မတတ်သာတာနဲ့ နေလိုက်ရတာ။" ဟဲထင်သည် စိတ်ကြည်လင်နေပြီး အစီအစဉ်သည် အဆင်ပြေသွားခဲ့သည်။ "ဒီည ဘာစားခဲ့လဲ။"
နေ့လယ်ပိုင်းတွင် အစီအစဉ်က အဆင်ပြေ ချောမွေ့သွားခဲ့သည်သာမက မိသားစုဝန်း အတွင်းရှိ အဒေါ်များ၏ အုပ်စုထဲသို့လည်း အောင်မြင်စွာ ၀င်ရောက်နိုင်ခဲ့သည်။ နောင်တွင် ချန်းလင်နှင့် အောင်မြင်စွာ လက်ထပ်နိုင်သောအခါ သူမသည် မိသားစုဝန်းအတွင်းရှိ လူများနှင့် ကောင်းမွန်စွာ အဆင်ပြေစွာ နေထိုင်နိုင်မည် ဖြစ်သည်။
"စုခယ်၊ နင် ရေးခိုင်းထားတဲ့ စာရေးပြီးသွားပြီ။ ကျေနပ်ရဲ့လား။ ကျေနပ်ရင် မနက်ဖြန် စာတိုက်သွားပြီး ပို့လိုက်" ကောင်းသောအရာများ ဖြစ်ပျက်သောအခါ လူများသည် စိတ်ဝိညာဥ်များ တက်ကြွကြသည်။ ဟဲထင်သည် မနက်ဖြန် စုခယ်၏ အရှက်ရဖွယ် ကံကြမ္မာကို တွေးပြီး စိတ်သက်သာရာရစွာ သက်ပြင်းချခဲ့သည်။
နောက်ဆုံးအပိုင်းကို အတည်ပြုပြီးသည်နှင့် ဤအိမ်၏ အိမ်ရှင်မအမည်သည် ယခုမှစ၍ ပြောင်းလဲသွားမည်ဖြစ်သည်။
စုခယ် - "ဖတ်ပြီးပြီ၊ အရမ်းကောင်းတယ်။ မနက်ဖြန် စာပို့ဖို့ ငါနဲ့လိုက်ခဲ့ပါ။"
"ရတယ်လေ”
နှစ်ဦးသားသည် တစ်ဦးကိုတစ်ဦး ပြုံးပြကာ မတူညီသော အတွေးများကို ဖုံးကွယ်ထားကြသည်။
"စုခယ်၊ နင် စာတွေကို ဂရုတစိုက် သိမ်းထားတတ်တာ ငါမှတ်မိပါတယ်။ ဘယ်လိုဖြစ်လို့ ဒီနေ့ နေ့လယ် အံဆွဲထဲမှာ စာရွက်တစ်ရွက်မှ မတွေ့တာလဲ။" ဟဲထင် သည် နေ့လယ်က အံဆွဲထဲတွင် စာရွက်တစ်ရွက်မှ မတွေ့ရသည့်အတွက် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
"အံဆွဲထဲမှာထားတာ မလုံခြုံလို့ ဗီရိုထိပ်က သစ်သားသေတ္တာထဲမှာ ထားလိုက်တယ်။ ဘာလဲ။ ကြည့်ချင်လို့လား။" ဟဲထင်က စာအကြောင်းမေးတာကို မြင်တော့ စုခယ်လန့်သွားပြီး မီးရှို့ထားတဲ့ စာကို တွေးကာ တည်ငြိမ်ဟန်ဆောင်လိုက်သည်။
"ဪ၊ တကယ်ကောင်းကောင်း ဝှက်ထားရမှာပဲ။"
အောင်ပွဲနီးလာသည့် ပျော်ရွှင်မှုတွင် နစ်မြှုပ်နေသော ဟဲထင်သည် ဤအကြောင်းအရာကို သိပ်မစဉ်းစားခဲ့ချေ။ စုခယ်က ကြီးကြီးမားမား ပြဿနာ လှိုင်းထန်မှုများ ဖြစ်ပေါ်လောက်အောင် မလုပ်နိုင်လောက်ပေ။
ရေချိုးသန့်စင်ပြီးနောက် သူတို့သည် အိပ်ယာဝင်ခဲ့ကြသည်။
အရုဏ်တက်တော့ သူ့ဘေးက အိပ်ယာလှုပ်သွားသည်။ အိပ်ချင်မူးတူးဖြစ်နေသော စုခယ်သည် ထကာ မည်သူမျှမရှိနေသော အိပ်ယာဘေးကို ကြည့်လိုက်သည်။
မကြာမီ တံခါးပွင့်လာပြီး ဟဲထင် သည် ဗိုက်ကိုကိုင်ကာ နာကျင်သည့်ပုံစံဖြင့် လမ်းလျှောက်ဝင်လာခဲ့သည်။
"ရှောင်ခယ်၊ ငါ ဆိုးတာ တစ်ခုခုစားမိသွားတယ်၊ ဗိုက်မကောင်းလို့ ဒီနေ့ နင်နဲ့ စာတိုက်မလိုက်နိုင်တော့ဘူး။"
"နင် နေမကောင်းဘူးဆိုတော့ နောက်ရက်မှ ပို့ရင်ရော။ နင့်ကို အိမ်မှာ ငါဂရုစိုက်ပေးမယ်။"
စုခယ်သည် ဗိုက်ကိုကိုင်ကာ နာကျင်သည့်အမူအရာဖြင့် ဟန်ဆောင်နေသော မျက်နှာပေါ်တွင် ချွေးအနည်းငယ်မျှ မတွေ့ရသော အမျိုးသမီးကို ကြည့်နေသည်။
"မလိုပါဘူး၊ မလိုပါဘူး၊ နင် ငါ့ကို အဖော်ပြုမနေနဲ့။ ခဏလောက် လှဲနေရင် သက်သာသွားမှာပါ။ သိပ်မဆိုးပါဘူး။ နင့်ရဲ့အလုပ်ကိုလည်း ငါ မနှောင့်နှေးစေချင်ဘူး။"
စာတိုက်မသွားရအောင် အကြောင်းပြချက်ရှာပြီး ၀မ်းလျှောဟန်ဆောင်ရန် မူလက ရည်ရွယ်ခဲ့သော ဟဲထင်သည် လက်များကို ထပ်ခါထပ်ခါ ဝှေ့ယမ်းလိုက်သည်။ စုခယ်မသွားရင် အစီအစဉ်တစ်ခုလုံး ပျက်စီးသွားမှာ မဟုတ်ပါလား။
"ကောင်းပြီလ၊ ဒါဆို ငါစောစောသွားပြီး စောစောပြန်လာခဲ့မယ်။ မြန်မြန် အိပ်ယာပေါ်တက်ပြီး လှဲနေလိုက်တော့။" သရုပ်ဆောင်မှု စွမ်းရည်ကောင်းမွန်စွာဖြင့် ဗိုက်ကိုကိုင်ကာ ညည်းတွားဟန်ဆောင်နေသော ဟဲထင် ကို စုခယ်သည် ကြည့်ကာ သူမနောက်အသာလေးလိုက် လိုက်သည်။
"..." ဟဲထင်သည် ကိစ္စများ အလွန်ချောမွေ့စွာပြီးသွားမည်ဟု မထင်ထားခဲ့။ သူမသည် သုံးစက္ကန့်မျှ အံ့အားသင့်သွားပြီး ပြန်ဖြေလိုက်သည်။ "...ကောင်းပြီ"
အရုဏ်တက်ပြီဖြစ်သည်။ စုခယ် ထွက်သွားပြီးနောက် ဟဲထင်သည် အမြန်ထကာ ရေချိုးသန့်စင်ပြီး မနက်စာစား၍ အောက်ထပ်သို့ စုရုံးရန် သွားခဲ့သည်။
မိသားစုဝန်း၏ တံခါးဝတွင် လူအတော်များများ ရပ်နေကြပြီဖြစ်သည်။ ဟဲထင် ထွက်လာသည်ကို မြင်သောအခါ သူတို့သည် အမြန် သူမကို ပတ်ပတ်လည်ကာ ဝိုင်းဖွဲ့လိုက်ကြသည်။
"ဟဲထင်၊ စုခယ်က နင်၀မ်းလျှောလို့ အိပ်ယာထဲက မထနိုင်ဘူးလို့ ပြောတာ မဟုတ်ဘူးလား။ ဘာလို့ အောက်ထပ်ကို ဆင်းလာတာလဲ။"
"ဟဲထင်၊ မနေ့က နင်ပြောတာတွေ အမှန်လား။ လိမ်မပြောနဲ့နော်။"
ခေါင်းဆောင်ဖြစ်သော လျိုစုန့်ကျစ်သည် သူတို့လာသည်ကို မြင်သည်နှင့် ချက်ချင်းလူများကို မေးခွန်းထုတ်ရန် တက်လာခဲ့သည်။ ထိုမေးခွန်းသည် လူအုပ်စု တစ်ခု၏ အထောက်အပံ့ကို အမြန်ရရှိသွားသည်။
"အဒေါ် လျို၊ မြင်မှယုံပါ။ ကျွန်မကို မယုံရင် စာတိုက်ကို သွားကြည့်ကြတာပေါ့။"
ဟဲထင်သည် စုရုံးနေသော အလယ်အလတ်အရွယ် အမျိုးသမီးများကို ကြည့်ကာ စိတ်မရှည်ဖြစ်နေသည်။ သူမသည် ဤလူများ၏ အကူအညီဖြင့် အလုပ်များလုပ်ရန်နှင့် သူမ၏ နောင်လာမည့် ချန်းလင်နှင့် ဆက်ဆံရေးတွင် သူမကို ကူညီရန် မျှော်လင့်မထားပါက ဤပညာမတတ်သော အမျိုးသမီးအုပ်စုကို အာရုံစိုက်ရန် မလိုအပ်ပါ။
လျိုစုန့်ကျစ်သည် အမျိုးသမီးကို ကြည့်ကာ သူ့နှလုံးသားသည် အလျင်အမြန်ခုန်နေသည်။ မနေ့ညက လူအုပ်စုတစ်စုသည် မိသားစုဝန်းအတွင်းတွင် စကားပြောနေကြပြီး ဟဲထင်က စုခယ်သည် အခြားအမျိုးသားတစ်ဦးနှင့် စာများလဲလှယ်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ဤအရာသည် ခြံဝန်းအတွင်းရှိ လူများကြားတွင် ဒေါသဖြစ်စေခဲ့သည်။ စုခယ်သည် ဆိုးသွမ်းသော မိန်းကလေးတစ်ဦးဖြစ်သော်လည်း သူမသည် ချန်းလင်နှင့် မကွာရှင်းမီ သူ့ကို လှည့်စားခဲ့သည်။ ဤအရာက လွန်လွန်းသည်။
ထို့အပြင် ချန်းလင်သည် အလွန်ကောင်းမွန်သောသူတစ်ဦးဖြစ်သည်။ သူသည် ခြံဝန်းအတွင်းရှိ အဒေါ်များကို သူတို့၏ အလုပ်များတွင် မကြာခဏ ကူညီပေးသည်။ မည်သူမဆို အကူအညီလိုအပ်ပါက သူသည် မည်သည့်နည်းနှင့်မဆို ကူညီပေးလိမ့်မည်။
ယခု နောက်ဖေးမီးလောင်နေပြီ ဖြစ်သောကြောင့် သူတို့သည် အစ်မများအနေဖြင့် သဘာဝကျကျ တရားမျှတမှုကို ရှာဖွေရမည်ဖြစ်သည်။
"ကောင်းပြီ၊ ဒါပေမယ့် ငါပြောချင်တာတစ်ခုရှိတယ်၊ ဟဲထင်၊ မင်းပြောတာကို မင်းတာဝန်ယူရမယ်။" လျိုစုန့်ကျစ်သည် ဒေါသထွက်နေသော်လည်း သူ့တွင် ဆင်ခြင်တုံတရားအနည်းငယ် ကျန်ရှိနေသေးသည်။
"နင် စုခယ်က အမျိုးသားတစ်ဦးနဲ့ သီးသန့်စာပေးစာယူရှိတယ်လို့ မနေ့ညက ရုတ်တရက်ပြောတုန်းက နင့် ရည်ရွယ်ချက်က ဘာလဲဆိုတာ ငါ မသိဘူး၊ ဒါပေမယ့် နင်ပြောတာ မမှန်ရင် ငါတို့ ဘယ်သူမှ နင့်ကို အလွတ်ပေးမှာမဟုတ်ဘူး။"
ဟဲထင် ထွက်သွားပြီးနောက် လျိုစုန့်ကျစ်သည် ပို၍ပို၍ မှားယွင်းသည်ဟု ထင်နေသည်။
"အဒေါ်လျို၊ ကျွန်မ ဘယ်လိုလုပ်ပြီး အဒေါ့်ကို လိမ်မှာလဲ။" မနေ့ညက သူမကို ညစာစားဖို့ စိတ်အားထက်သန်စွာ ဖိတ်ခေါ်ခဲ့သော အဘွားအိုသည် ယနေ့ အဘယ့်ကြောင့် မျက်နှာပြောင်းကာ ရန်လိုနေသည်ကို ဟဲထင် မသိခဲ့ပါ။ သူမသည် စိတ်ရှည်ရှည်ဖြင့် ချော့မော့ပြောဆိုလိုက်သည်။
"စုခယ်နဲ့ ကျွန်မက နှစ်ပေါင်း ဆယ်နှစ်ကျော် သူငယ်ချင်းကောင်းတွေပါ။ သူလုပ်ခဲ့တာတွေက လွန်လွန်းလို့သာ မဟုတ်ရင် ကျွန်မ ဘယ်လိုလုပ်ပြီး ဒါတွေကို ပြောမှာလဲ။ တိုင်းပြည်ကို ကာကွယ်ပေးတဲ့ ဗိုလ်ကြီး ချန်း ဖောက်ပြန်ခံရတာကို မကြည့်ရက်လို့ပါ။"
"ဒီလိုဆို ပိုကောင်းတာပေါ့။"
လျိုစုန့်ကျစ်သည် နှာခေါင်းရှုံ့ကာ သူ့စိတ်ထဲရှိ မသက်မသာခံစားချက်ကို လျှို့ဝှက်စွာ ဖိနှိပ်လိုက်သည်။
"ဒါဆို ကျွန်မတို့ စထွက်ကြမလား။"
ဟဲထင်သည် သူတို့အားလုံး စိတ်သက်သာရာရသွားသည်ကို မြင်သောအခါ လူတိုင်းကို ပြုံးပြလိုက်သည်။ ထို့နောက် လူအုပ်စုကြီးတစ်ခု ထွက်ခွာခဲ့ကြသည်။