အပိုင်း ၇
Viewers 49

အချက်အပြုတ်နတ်ဘုရားလေး၏ ခရီးစဉ်


အပိုင်း ၇




“ညီမ ဆန်မျိုးစုံပန်ကိတ်တွေ ကိုယ်တိုင်လုပ်ထားတယ်၊ ပြီးတော့ အဲ့ပန်ကိတ်ကို ငါးခြောက် နဲ့ငရုတ်သီးကြော်ထားတာနဲ့ လိပ်လိုက်တာ” သူမက ပန်ကိတ်တစ်ချပ်ကို ယူ၍ လိပ်လိုက်ကာ ချန်းရှုဟွားကို ကမ်းပေးလိုက်သည်။ “ပါဝင်ပစ္စည်းတွေက အကန့်အသတ်နဲ့ ဖြစ်နေတာ၊ ဒါပေမယ့် ရှိတာနဲ့ပဲ လုပ်လိုက်တာ၊ အရသာက အရမမ်းတော့ မစစ်မှန်ဘူး၊ ဒါပေမယ့် စားလို့တော့ရပါတယ်” 



ချန်းရှုဟွားသည် ပန်ကိတ်ကို ယူ၍ တစ်ကိုက်ကိုက်လိုက်သည်။ သူ ပါးစပ်ထဲထည့်လိုက်သည်နှင့် မျက်လုံးများပင် အရောင်တောက်ပသွားသည်။ ဆန်မျိုးစုံ ပန်ကိတ်ကို ငရုတ်သီးနှင့် ငါးခြောက်တို့ဖြင့် လိပ်၍ ပါးစပ်ထဲထည့်လိုက်သောအခါ အရသာနှစ်မျိုးသည် တစ်ခုနှင့်တစ်ခု အားဖြည့်ကာ ပါးစပ်ထဲတွင် ပေါက်ကွဲထွက်သွားသည်။



“အရသာ ဘယ်လိုနေလဲ?” 



“အရမ်းစားလို့ကောင်းတယ်” ထို့နောက် ချန်းရှုဟွားသည် နောက်တစ်ကိုက်ကိုက်ကာ ပြောလိုက်သည်။ “နင့်ရဲ့ အကိုတန့်က မြောက်ပိုင်းကလာတော့ ခေါက်ဆွဲစားရတာ ကြိုက်တယ်။ ခေါက်ဆွဲမချက်တတ်တဲ့ တောင်ပိုင်းသူ ကျွန်မနဲ့ လက်ထပ်လိုက်ရတာ နည်းနည်းတော့ နှမြောဖို့ကောင်းတယ်။ နင့်အကိုတန့်ရဲ့ ဇာတိမှာ ဒါကို အရင်က စားဖူးတယ်။ အဲဒီက ပေါင်မုန့်တွေက လည်ချောင်းထဲ စို့သွားသလိုပဲ။ နင်ရဲ့ဟာက အတော်အသင့်ပဲ”



နှစ်ယောက်သည် အလုပ်တွင် တွေ့ဆုံ၍ လက်ထပ်ခဲ့သော ဇနီးမောင်နှံများထဲမှ ရှားရှားပါးပါး ဥပမာတစ်ခုဖြစ်သည်။ စစ်တပ်နှင့်အတူ မိသားစုဝင်းထဲသို့ ရောက်လာပြီး အလုပ်မရှိသော စစ်သားမိန်းမများနှင့် မတူဘဲ ချန်းရှုဟွားတွင် ကိုယ်ပိုင်အလုပ်ရှိကာ ဇနီးမောင်နှံနှစ်ဦးသည် တန်းတူညီမျှရှိကြသည်။



စုခယ်က ပြုံး၍ လက်ကိုဝှေ့ယမ်းကာ ပြောသည်။ “ကျဲ ရယ်၊ ကျယ် စားရတာ ကြိုက်ရင် ညီမတို့အိမ်ကို မကြာခဏ လာလို့ရတာပဲဟာ၊ ချက်ပြုတ်နည်း သင်ချင်ရင်လည်း ညီမ သင်ပေးလို့ရပါတယ်” စုခယ်က တိုက်ရိုက်ပဲ ပြောလိုက်သည်။ “ကျဲ အဲဒီ ဘောပင်နဲ့ စာရွက်ကို ညီမကို ပေးလိုက်ပါလား။ ကျောက်ပုစွန်ကင်နည်းနဲ့ ဆန်အမျိုးစုံ ပန်ကိတ်လုပ်နည်းကို ညီမ ရေးပေးမယ်။ ကျဲတို့မိသားစုက ဒီနေ့ ပုစွန်လုံး မဝယ်ထားဘူးမှတ်လား။ နောက်တစ်ခါ ကျောက်ပုစွန်ကင်ရင် ညီမကို လာခေါ်ပေါ့။ ညီမ လာကြည့်ပေးမယ်” 



ချန်းရှုဟွားသည် ဘောပင်နှင့် စာရွက်ကို ရှာ၍ စုခယ်သည် စားပွဲပေါ်တွင် “အိမ်” ဟူသော စကားလုံးကို ဂရုတစိုက် ရေးနေသည်ကို ကြည့်နေလိုက်သည်။ ယနေ့တွင် မိန်းကလေးသည် ဖြူစွတ်နေသော ဂါဝန်ကို ၀တ်ထားပြီး ဆံပင်အနက်ရောင်ကို ခေါင်းနောက်တွင် ရာဘာကြိုးအနက်ရောင်ဖြင့် တစ်ဝက်ချည်ထားသည်။ ခေါင်းငုံ့၍ စာရေးသောအခါ ဆံပင်အနည်းငယ်သည် မျက်လုံးရှေ့သို့ ကျလာသည်။ မျက်လုံးထောင့်တွင် အပြုံးတစ်ခု ရှိနေသည်။



စုခယ်သည် မိသားစုဝင်းထဲသို့ ပထမဆုံး ပြောင်းလာစဉ်က ချန်းရှုဟွားသည် သူမအိမ်သို့ လာကြည့်ခဲ့သည်။ ထိုအချိန်က လှသည်ဟု ထင်ခဲ့သော်လည်း အတူတူ အချိန်ပိုကြာလာသောအခါ ထူးဆန်း၍ ပုံတုံးသော စကတ်များကို အမြဲဝတ်ဆင်သဖြင့် သူမအလှကို ဖုံးထားသလို ဖြစ်သွားသည်။ မိသားစုဝင်းထဲတွင် နောက်တစ်ကြိမ် တွေ့သောအခါ စိတ်နေစိတ်ထားသည် လုံးဝ ပြောင်းလဲသွားပြီး တွေ့သူတိုင်းကို ကဲ့ရဲ့ရှုံ့ချနေတော့သည်။ ဆန့်ကျင်ဘက်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားပြီးနောက် စိတ်နေစိတ်ထားသည် အများကြီး တိုးတက်လာကာ ပေါင်းသင်းဆက်ဆံရ လွယ်ကူလာပြီး ပို၍ ယဉ်ကျေးပျူငှာသူတစ်ယောက် ဖြစ်လာသည်။



သူမသည် ဤရက်ပိုင်းများတွင် လုပ်နေသော အရာများသည် ကောင်းသည့်အရာတစ်ခု ဖြစ်ချင်ဖြစ်မည်။ အကြောင်းမှာ သူမသည် ကောင်းမွန်သော ဘဝတစ်ခုကို နေထိုင်ချင်သောကြောင့် ဖြစ်သည်။



သူမသည် သူမယောက်ျား သဘောအကျဆုံး လက်အောက်ငယ်သားများအကြောင်းကိုလည်း အနည်းငယ် သိထားသည်။ ချန်းလင်သည် ကျေးလက်ဒေသမှ လာပြီး မည်သည့် ကိုယ်ရေးအထောက်အထား သို့မဟုတ် နောက်ခံမျိုးမှ မရှိသော်လည်း ကိုယ်ပိုင်အရည်အချင်းဖြင့် တပ်ရင်းအဆင့် ရာထူးကို ရယူနိုင်ခဲ့သည်။ မည်သူမဆို သူ၏ ကိုယ်ပိုင်အရည်အချင်းကို စိတ်ကူးကြည့်နိုင်သည်။



 ထို့ပြင် ကောင်လေးသည် အရပ်ရှည်ပြီး ခြေတံရှည်ကာ စိတ်နေစိတ်ထားကောင်းသဖြင့် သူ့အတွက် လိုက်ဖက်သောသူတစ်ယောက်ဖြစ်သည်။ လူငယ်လေးသည် ကောင်းမွန်သော ဘဝတစ်ခုကိုလည်း စိတ်ရင်းမှန်ဖြင့် နေထိုင်ချင်သည်။



“ကျဲ၊ ဘာလို့ ညီမကို စိုက်ကြည့်နေတာလဲ” စုခယ်သည် စာရေးပြီး မော့ကြည့်သောအခါ အမျိုးသမီး၏ မျက်လုံးများက သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ အမှန်အတိုင်းပြောရလျှင် ဒါက နည်းနည်းတော့ ကြောက်စရာကောင်းသည်။



ချန်းရှုဟွားသည် အသံကြောင့် လန့်သွားပြီး သတိပြန်ဝင်လာသည်။ သူမက အနီးအနားတွင် ထိုင်ခုံတစ်ခုကို ရှာ၍ ထိုင်လိုက်သည်။  “ရှောင်စု၊ နင် ကျဲကို အမှန်အတိုင်း ပြောပြ။ ချန်းလင်ကို နင် ဘယ်လိုထင်လဲ။ နင်တို့ရဲ့ အိမ်ထောင်ရေးက အစကတည်းက လူပြောသူပြော ဖြစ်ခဲ့တာ။ မိသားစုဝင်းထဲက လူတိုင်းက ဒါကို နောက်ပြောင်စရာတစ်ခုလို့ သဘောထားနေကြတယ်” 



သူမ၏ အလုပ်သည် မိသားစုဝင်းထဲမှ မိသားစုဝင်များကို စီမံခန့်ခွဲရန်ဖြစ်ပြီး သူမက ထောက်ပံ့ရေးအလုပ်များကိုလည်း လုပ်သည်။ ယနေ့တွင် ကျန်းမိသားစုက ရန်ဖြစ်သည်၊ မနက်ဖြန်တွင် လီနှင့် လျို မိသားစုများက ရန်ဖြစ်ကြပြီး လူတိုင်းသည် အိမ်နီးချင်း အငြင်းပွားမှုများတွင် အကူအညီတောင်းရန် သူမထံ လာကြသည်။



 သဘာဝကျကျပင် လျှို့ဝှက်ချက်များ ကြားရသည်မှာ စိတ်ရှုပ်ထွေးစရာကောင်းလေသည်။ စုခယ် မိသားစုဝင်းထဲသို့ ပြောင်းလာပြီးနောက် အငြင်းပွားမှုများကို ဖြေရှင်းရန် သူမ အပြင်ထွက်သောအခါတိုင်း သူ့အကြောင်း ဆွေးနွေးမှုများကို အမြဲ ကြားရသည်။



“နင်က ပန်းကန်ခွက်ယောက်တွေ ၀ယ်နေတာနဲ့ အိမ်ကို သန့်ရှင်းရေး လုပ်နေတာကို ငါ မြင်တယ်။ အသက်နဲ့ခန္ဓာကို ရင်းပြီး သေခါနီး အတွေ့အကြုံတွေ ဖြတ်သန်းပြီးတဲ့နောက် နင်က ချန်းလင်နဲ့အတူ ကောင်းမွန်တဲ့ ဘဝတစ်ခုကို နေထိုင်ဖို့ စီစဉ်နေတာပေါ့” စုခယ် မပြောခင်မှာပင် မချန်းရှုဟွားက သူမဖာသာ ပြောလာသည်။



မဟုတ်လျှင် စုခယ်သည် အဘယ်ကြောင့် ဤမျှလောက် ပြောင်းလဲသွားသည်ကို သူမ တကယ် နားမလည်နိုင်ပေ။

ဧည့်ခန်းပြတင်းပေါက်အပြင်တွင် ဘုဇပတ်ပင်တစ်ပင် စိုက်ထားသည်။ နွေလယ်တွင် လှုပ်ခတ်နေသော အရွက်များသည် အေးမြသော လေပြေကို သယ်ဆောင်လာသည်။ စုခယ်သည် ချန်းရှုဟွား၏ နှုတ်ခမ်းများကို စိုက်ကြည့်နေရင်း ချန်းရှုဟွား၏ အသံသည် တဖြည်းဖြည်း သေးငယ်သွားကာ ဟဲထင် မထွက်ခွာခင် ပြောခဲ့သော စကားများကို ပြန်အမှတ်ရသွားရသည်။



“ရှောင်စု၊ ဘာလို့ ဘာမှ မပြောတာလဲ” ချန်းရှုဟွားက သူမ အချိန်အတော်ကြာ ပြောနေသော်လည်း မိန်းကလေးငယ်က ဘာမှ မတုံ့ပြန်သည်ကို တွေ့သောအခါ မေးသည်။



စုခယ်က ရုတ်တရက် “ကျဲ၊ ကျွန်မကို တစ်ခု ကူညီပေးလို့ရမလား” ဟု ပြောလိုက်သည်။



“?” ချန်းရှုဟွားက အံ့အားသင့်သွားသည်။ “ဘာများလဲ?”



 “ကျယ်ကျဲ၊ မနက်ဖြန် စာတိုက်ကို ညီမနဲ့ အတူ လိုက်ပေးလို့ရမလား” စုခယ်က မျက်လုံးများ တောက်ပလာသည်။



အဆိပ်ရှိသော မြွေတစ်ကောင်သည် အဆိပ်ကို ထုတ်လွှတ်သောအခါ အနိုင်ရရန် စိတ်ပိုင်းဖြတ်ထားပြီး ထုတ်လွှတ်ခြင်း ဖြစ်သည်။ အခွင့်အရေးမရှိလျှင် အခွင့်အရေး တစ်ခုကို သူတို့ ဖန်တီးလိုက်ခြင်းက ပိုကောင်းသည်။



“စာတိုက်ကို ဘာသွားလုပ်မလို့လဲ”



 “ကျဲ၊ မနေ့က ဟဲထင်ကို ဂရုစိုက်ဖို့ ညီမကိုသတိပေးတုန်းက ဘာကို ဆိုလိုတာလဲ” စုခယ်က တိုက်ရိုက်မဖြေဘဲ ပြန်မေးသည်။



ထိုအခါ ချန်းရှုဟွားသည် မိသားစုဝင်းအတွင်း ဟဲထင် ဖြန့်ခဲ့သော ကောလာဟလအမျိုးမျိုးလည်း အပါအဝင် သူမ မြင်ခဲ့၊ ကြားခဲ့၊ ခံစားခဲ့ရသည်များကို ဟဲထင်အား ပြောပြသည်။ ထိုအခါမှ စုခယ်သည် သူမ မူလကိုယ်၏ ဂုဏ်သတင်းသည် 'အကောင်းဆုံးသူငယ်ချင်း' ၏ အကူအညီဖြင့် ပျက်စီးသွားကြောင်း သိလိုက်ရသည်။



 မူလကိုယ်သည် ချန်းလင်နှင့် လက်ထပ်ထားသည်မှာ ခြောက်လသာ ရှိသေးသည်။ အလုပ်သဘောအရ ချန်းလင်သည် မစ်ရှင်များ မကြာခဏ သွားရသောကြောင့် နှစ်ဦးသား အတူနေချိန် နည်းပါးသည်။



 တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိဖြင့် သူတို့နှစ်ဦးကြားက ချမှတ်ထားသော စည်းမျဉ်းများကို မဖွခဲ့လျှင် မိသားစုဝင်းတစ်ခုလုံး သိသွားမည် မဟုတ်ပေ။



ချန်းရှုဟွား၏ ပြောပြချက်ကို နားထောင်ပြီးနောက် စုခယ်သည် သူမ၏ အစီအစဉ်ကို အပြည့်အ၀ ထုတ်ဖော်ပြောကြားခဲ့သည်။ ဇာတ်လမ်းအရ ဟဲထင်သည် စောသည်ဖြစ်စေ နောက်ကျသည်ဖြစ်စေ စာအပေးအယူ ကိစ္စကို ကြိုးစားလုပ်ဆောင်မည်ဖြစ်သဖြင့် ဤကိစ္စကို အစကတည်းက ဖြတ်တောက်လိုက်ခြင်းက ပိုကောင်းသည်။



နံနက်ပိုင်းတွင် ဟဲထင်သည် သူမအား ကွာရှင်းပြတ်စဲမှုကို အစောပိုင်းကတည်းက အပြီးသတ်ရန် တိုက်တွန်းခဲ့သော်လည်း သူမက ငြင်းဆိုခဲ့သည်။ သူမသည် ယနေ့ အပြင်ထွက်သောအခါ စာတစ်စောင် ထပ်ရေးရန် တောင်းဆိုခဲ့သည်။ ထင်ရသလောက်တော့ သူမ ရက်အနည်းငယ်အတွင်း လုပ်ဆောင်တော့မည်ပင်။



နှစ်ဦးသားသည် မိသားစုကိစ္စအချို့ကို ပြောဆိုနေရင်း ကောင်းကင်သည် တဖြည်းဖြည်း မှောင်လာသည်။ စုခယ်က နှုတ်ဆက်ရန် ထရပ်လိုက်သည်။ တံခါးဝတွင် ဆူညံသံတစ်ခု ကြားလိုက်ရပြီး သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ပြုံးရွှင်သော မျက်နှာဖြင့် ဝင်လာပြီး ကလေးတစ်စုလည်း နောက်မှ လိုက်ပါလာသည်။



လူဝင်မလာခင်မှာပင် အသံတစ်ခု ထွက်လာသည်။ “ရှုဟွာ၊ ငါတို့ ငါးနီနှစ်ကောင် ရခဲ့တယ်။ ဒီည ကလေးတွေအတွက် သရေစာအဖြစ် ပေးလိုက်” ရှန်းကောတုန်းသည် အိမ်ထဲသို့ ဝင်လာသောအခါ တစ်စုံတစ်ယောက် ရောက်နေသည်ကို သိလိုက်သည်။ သူက မော့ကြည့်လိုက်ပြီး “ချန်းလင်ရဲ့ မိန်းမ ရောက်နေတာကိုး” 



ပြောနေစဉ် သူက လျင်မြန်စွာ ငါးနီတစ်ကောင်ကို ထုတ်၍ စုခယ်အား ပေးလိုက်ပြီး ယူရန် အချက်ပြသည်။ စုခယ်က လက်များကို ထပ်ခါထပ်ခါ ဝှေ့ယမ်း၍ ငြင်းဆိုသည်။ ယခုခေတ်တွင် ငါးနီသည် ရှားပါးသော အစားအစာ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပြီး သူမယူထားရန် မသက်မသာ ခံစားရသည်။ ရှန်းကောတုန်းက ငြင်းဆိုကာ ငါးကို သူမ၏ လက်ထဲသို့ ထိုးထည့်လိုက်သည်။



 ငြင်းဆိုရန် အခွင့်အရေး မပေးသဖြင် စုခယ်သည် သူ့၏ စိတ်အားထက်သန်မှုကို မတွန်းလှန်နိုင်တော့ဘဲ နောက်ပိုင်းတွင် တန်ဖိုးတူ လက်ဆောင်တစ်ခု ပြန်ပေးရန်သာ စီစဉ်လိုက်သည်။



နောက်ဆုံးတွင် သူမ ပြန်ထွက်သောအခါ ချန်းရှုဟွားကိုယ်တိုင် အချဥ်ဖောက်ထားသော ဂိတ်တံခါးအပြင်တွင် စုခယ်ပစ္စည်းများ ပြန်ပေးမည်ကို ကြောက်၍ တင်းတင်းကျပ်ကျပ် ပိတ်ထားသော တံခါးကို ကြည့်ကာ သူမ မတတ်သာစွာ ပြုံးလိုက်သည်။



ရှန်းကောတုန်း နေထိုင်သော ဧရိယာတွင် စုစုပေါင်း အိမ်ထောင်စု ဆယ့်နှစ်စုရှိပြီး အမှန်တကယ်တော့ ထိုနေရာတွင် လူသုံးဆယ်ခန့် နေထိုင်နိုင်သည်။ လူများသည် ကျဲကျဲပါးပါး နေထိုင်ကြပြီး ယခုနှစ်များတွင် မူဝါဒများ လျှော့ပေါ့လာသောကြောင့် အချို့သော ရဲရင့်သူများသည် ၎င်းတို့၏ တံခါးဝတွင် ကိုယ်ပိုင်စားသုံးရန် ဟင်းသီးဟင်းရွက်အချို့ စိုက်ပျိုးထားကြပုံရသည်။



စုခယ်သည် မုန်ညှင်းချဉ်ကို လက်တစ်ဖက်တွင် ကိုင်ကာ ငါးနီကို အခြားတစ်ဖက်တွင် ကိုင်လျက် မိသားစု အဆောက်အအုံသို့ ပြန်လျှောက်လာသည်။ လှေကားပေါ်တက်သောအခါ အနားမှ ဖြတ်သွားသော အိမ်နီးချင်းများသည် သူမကို ထူးဆန်းစွာ ကြည့်နေသည်ဟု အမြဲ ခံစားနေရသည်။



သူမ တံခါးဖွင့်လိုက်သောအခါ အိမ်တွင် မည်သူမျှ မရှိသေးသဖြင့် ဟဲထင် ဘယ်သွားသည်ကို မသိပေ။ ပစ္စည်းများကို မီးဖိုချောင်တွင် ပြန်ထားပြီးနောက် စုခယ်သည် သူမ၏ အခန်းသို့ ပြန်လာကာ စားပွဲပေါ်တွင် စာတစ်စောင်ကို တွေ့လိုက်သည်။ ဖွင့်ကြည့်လိုက်သောအခါ သွားများပင်ကိုက်လောက်အောင် ချိုမြိန်သည့် အချစ်စကားလုံးများဖြင့် ပြည့်နေသည်။



လက်မှတ်ထိုးထားသူနမှာ စုခယ်ဖြစ်နေသည်။

စာရွက်ကို ကိုင်၍ မူလကိုယ်၏ အတိတ်မှတ်ဉာဏ်များကို စဉ်းစားကာ ပုံမှန်လုပ်ရိုးလုပ်စဉ်အရ စာတစ်စောင်ရေးပြီးတိုင်း ဟဲထင်သည် စာတိုက်သို့ သွား၍ စာပို့ရန် ကူညီပေးလေ့ရှိသည်။ ယခု သူက စာရေးပြီးသော်လည်း မပို့သေးသဖြင့် ပြဿနာ တက်တော့မည်ဟု ထင်ရသည်။



[System မှဖော်ရွေစွာ သတိပေးခြင်း - စာအုပ်ရှိ အဓိက ဇာတ်ကွက်ကို စတင်တော့မည်ဖြစ်ပြီး အရေးကြီး တာဝန်များကို ဖုံးကွယ်ထားပါတော့မယ်။ လုပ်ငန်းများကို ပြီးမြောက်အောင် လုပ်ဆောင်လျှင် ရက်ရောသော ဆုလာဘ်များကို ပေးပါလိမ့်မည်။ Host စိန်ခေါ်မှုကို လက်ခံမလား။]ရင်းနှီးသော စက်ရုပ်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။



စုခယ်က လက်ခံရန် ရွေးချယ်နိုင်သည်။

[System သည် တာဝန်တစ်ခုကို ထုတ်ပြန်လိုက်ပြီဖြစ်သောကြောင့် အချိန်မီ စစ်ဆေးပေးပါ။ System ချောမွေ့စွာ စတင်ရန်အတွက် အတားအဆီးများကို ဖယ်ရှားပြီး ပျက်စီးတော့မည့် မူလပိုင်ရှင်၏ ဂုဏ်သတင်းကို ကယ်တင်ပါ။]



မစ်ရှင်ကို အောင်မြင်စွာ ထုတ်ပြန်လိုက်ပြီးနောက် စက်ရုပ်အသံ ပျောက်သွားသည်။



System က တာဝန်ကို မထုတ်ပြန်ခဲ့လျှင် ဟဲထင်က ဘယ်အချိန်မှာ လုပ်ဆောင်မလဲဆိုတာ စုခယ်က သေချာမသိနိုင်သော်လည်း ယခုတော့ သူမက ဒီရက်အနည်းငယ်အတွင်း ဖြစ်လိမ့်မည်ဟု သေချာသွားသည်။



စင်္ကြံတွင် တွေ့ခဲ့သော လူအနည်းငယ်သည် သံသယဖြစ်ဖွယ် ပြုမူနေသည်ကို ပြန်စဉ်းစားမိသောအခါ စုခယ်သည် အကြောင်းမဲ့ ရင်းနှီးသလို ခံစားလိုက်ရသည်။



 ယခု စဉ်းစားကြည့်သောအခါ လုပ်ငန်းခွင်တွင် အခြားသူများ၏ အိမ်ထောင်ဖောက်ပြန်မှုများအကြောင်း အတင်းအဖျင်း ပြောသောအခါ ပုံမှန် မျက်နှာထား အမူအရာမဟုတ်ပါလား။



စာကို ခေါက်၍ စာအိတ်ထဲသို့ ထည့်ပြီးနောက် စုခယ်သည် ငါးကို သန့်ရှင်းရေးလုပ်ရန် မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားသည်။



မည်သို့ပင်ဖြစ်စေ ဤအဖြစ်အပျက် မဖြစ်ပွားခဲ့သဖြင့် စုခယ်သည် ဟဲထင်ကိုလည်း ဖယ်ရှားရန် စီစဉ်ထားသည်။



အရာအားလုံးကို ကောင်းစွာ စီစဉ်ထားသဖြင့် စိုးရိမ်စရာ မရှိပေ။



ယခု အရေးကြီးဆုံးအရာမှာ စားရန်ဖြစ်ပြီး ညစာစားချိန် နီးကပ်လာပြီဖြစ်သည်။



မီးဖိုချောင်တွင် ပြတင်းပေါက်တစ်ခု ရှိသည်။ ညနေပိုင်းတွင် ဖွင့်လိုက်သောအခါ အရွက်များ လှုပ်ခတ်ပြီး လေပြေအနည်းငယ် အထဲသို့ တိုက်ခတ်လာနိုင်သည်။ စုခယ်သည် အိမ်ထောင်စုတစ်စုစီတွင် ချက်ပြုတ်နေသော ညစာ အနံ့ကို ရှင်းရှင်းလင်းလင်း ရနိုင်သည်။



ချန်းရှုဟွားပေးသော မုန်ညှင်းချဉ်သည် အလွန်ကောင်းသည်ကို သူမ တွေ့လိုက်ရသည်။ ရှန်းကောတုန်း ပေးသော ငါးနှင့် ပေါင်းစပ်၍ ငါးမုန့်ညှင်းချဉ် ပြုလုပ်လျှင် အလွန်ကောင်းပေမည်။



ဘေစင်ထဲရှိ ငါးသည် ခုန်ပေါက်နေသဖြင့် စုခယ်သည် အင်္ကျီလက်ကို လှန်တင်၍ ငါးကို စတင်ပြင်ဆင်တော့သည်။ ငါးခေါင်းနှင့် အမြီးကို စတင် ဖယ်ရှားလိုက်သည်။ ငါးရိုးတစ်လျှောက် အမြီးမှ အပေါ်သို့ ဓားကို လှီးလာကာ ဘေးရှိ ငါးရိုးများကို ဖြတ်၊ ငါးအသားကို အထူညီညီ အချပ်လိုက် လှီးဖြတ်ကာ ငါးရိုးများကို အတုံးသေးသေးများ ခုတ်ထစ်လိုက်သည်။ 



ဆယ်မိနစ်ခန့် ရေစိမ်ပြီးနောက် ထုတ်၍ ရေစစ်ထားရသည်။ ထို့နောက် ငါးညှီနံ့ကို ဖယ်ရှားရန် ကြိုတင်စိမ်ထားသော ကြက်သွန်နီ၊ ဂျင်းနှင့် ကြက်သွန်ဖြူတို့ကို လောင်းထည့်လိုက်သည်။ ဆားနှင့် ကြက်ဥအကာထည့်၍ ပြစ်လာသည်အထိ မွှေရ၏။



ငါးအသားလွှာများကို ပြင်ဆင်ပြီးနောက် မုန်ညှင်းချဉ်ကို စတင်ပြင်ဆင်ကာ ရေဖြင့် အကြိမ်ပေါင်းများစွာ ဆေးကြောကာ သင့်တော်သော အရွယ်အစား အတုံးလေးများ တုံးရသည်။



ဒယ်အိုးထဲတွင် ဆီပူအောင်တည်ပြီး မုန်ညှင်းချဉ်၊ ငါးရိုးနှင့် ဂျင်းအချပ်များထည့်၍ မွှေးလာသည်အထိ ကြော်ကာ သင့်လျော်သော ရေပမာဏကို လောင်းထည့်၍ ဆူအောင်တည်ပြီး  အရသာမှုန့်များထည့်၊ ဟင်းသီးဟင်းရွက်များထည့်၍ ကျက်သည်အထိ ပြုတ်ပြီးနောက် ထုတ်၍ ပန်းကန်တစ်ခုထဲသို့ ထည့်ရသည်။



 ငါးအသားလွှာများကို ကျက်သည်အထိ ပြုတ်ကာ ရေမှ ဖယ်ထုတ်၍ ဘေးဖယ်ထားလိုက်သည်။ ပါးပါးလှီးထားသော ကြက်သွန်မြိတ်၊ ငရုတ်သီးခြောက်နှင့် စီချွမ်းငရုတ်ကောင်းများထည့်ကာ အခြားအိုးတစ်လုံးတွင် ဆီပူအောင်တည်၍ အပေါ်မှ ဆီပူလောင်းထည့်လိုက်သောအခါ တရှဲရှဲ မြည်သံနှင့်အတူ အနံ့သည် မွှေးထွက်လာလိမ့်မည်။



စုခယ်သည် အရသာရှိသော ငါးချဉ်ကို ကြည့်ကာ လှည့်၍ တည်ထားသော ထမင်းဖြူ အဖုံးကို ဖွင့်ကာ အနံ့ကို တဝကြီး ရှူရှိုက်လိုက်သည်။



ဒါကမှ အနှစ်အရသာပင်။ မုန်ညှင်းချဉ်သည် စီချွမ်းအစားအစာကို သူမ ပထမဆုံး သင်ယူခဲ့သောအခါ အခြေခံဟင်းလျာဖြစ်သည်။



အိမ်နီးချင်းကို ငါးချဉ်တစ်ပန်းကန် ပို့ပြီးနောက် စုခယ်သည် ဇလုံကို စားပွဲပေါ်သို့ ယူလာကာ ထမင်းတစ်ပန်းကန် ခူးပြီး စားရန် ပြင်ဆင်လိုက်သည်။



“ဒေါက် ဒေါက် ဒေါက်” တံခါးကို မှန်မှန် ခေါက်သံထွက်လာခဲ့သည်။

စုခယ်သည် သူမကိုယ်သူမ ကံကြမ္မာထံ အလျှော့ပေးလိုက်ကာ တံခါးဖွင့်လိုက်သည်။ ဤနေရာသို့ ရောက်လာပြီးနောက် ညစာစားချိန်တိုင်း သူ့အိမ်ကို တစ်စုံတစ်ယောက်က လာနှောင့်ယှက်မည်ကို သူမ သိလိုက်ရသည်။



တံခါးဖွင့်လိုက်သောအခါ မျက်ရည်များနှင့် နှာရည်များ မျက်နှာအပြည့်ဖြင့် ငိုနေသော ကလေးငယ်တစ်ဦးကို ချီထားသော အမျိုးသမီးငယ်တစ်ဦးကို တွေ့လိုက်ရသည်။



“ကျူး ကျဲ လား။ ဘာဖြစ်လို့လဲ”



စုခယ်သည် အမျိုးသမီးကို မှတ်မိသည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူမ၏ အောက်ထပ်တွင် ပုရစ်များ ကောက်ယူခဲ့သော ကျူကျင်းဝေဖြစ်သည်။ သူမ၏ လက်ထဲတွင် ကိုင်ထားသော ကလေးငယ်သည် သူမ၏ ကလေးဖြစ်လောက်သည်။



ကျူးကျင်းဝေသည် ကျယ်လောင်စွာ ငိုနေသော သူမ၏ သားကို ကြည့်ကာ ခေါင်းကိုက်သွားသည်။ သူမသည် တံခါးအတွင်းမှ အမျိုးသမီးက သူမကို ကြည့်နေသည်ကို တွေ့သောအခါ တံခါးခေါက်ရခြင်း၏ ရည်ရွယ်ချက်ကို စဉ်းစားကာ အနည်းငယ် ရှက်သွားသည်။



“တကယ်တော့” ကျူးကျင်းဝေသည် ရက်အနည်းငယ်က နောက်ကွယ်တွင် သူများအကြောင်း အမှားတွေ သူမ ဖန်တီးခဲ့သည်ကို စဉ်းစားကာ ရှက်ရွံ့စွာ ခေါင်းကို ကုတ်ပြီး သူမပြောချင်သည်ကို မပြောနိုင်ပေ။



“မေမေ၊ သား .. ငါးစားချင်တယ်”



ကျူးကျင်းဝေ အခက်တွေ့လို့ မပြီးခင်မှာပင် ကလေးငယ်က ငိုသံဖြင့် အော်ဟစ်နေပြီဖြစ်သည်။



“ဒီလိုပါ၊ နင်ချက်တဲ့ ဟင်းက အရမ်းမွှေးနေတော့ ငါ့ကလေးက စားချင်တယ်လို့ တဂျီဂျီပြောနေလို့၊ သူ့ကို ဘယ်လို ချော့ချော့လဲ မရဘူး၊ ငါ မတတ်နိုင်တော့ဘူး။ ငါ့ကို တစ်ပန်းကန်လောက် ရောင်းပေးလို့ရမလား” ကျူးကျင်းဝေက ပြောလိုက်သည်။