အပိုင်း ၈၉-၉၀
Viewers 24k

Part 89


အန်တီလျိုက ကျန်းယန်ရှန့်၏ မီးပူတိုက်ထား​သော အဝတ်များကို အ​ပေါ်ထပ်သို့ ပို့​ပေးလာခဲ့သည်။ 


သူမက တံခါးလက်ကိုင်ကို ကိုင်ကာ တံခါးဖွင့်ဖို့ လုပ်လိုက်​သောအခါတွင်​တော့ ထိတ်လန့်သွားရသည်- ကျန်းယန်ရှန့်၏ အခန်းတံခါးက ပွင့်​နေသည်။ သူမက ကျန်းယန်ရှန့် ထွက်သွားပြီး​နောက် အထဲဝင်ကာ အခန်းသန့်ရှင်း​ရေး လုပ်ပြီးတဲ့​နောက် သူမထွက်သွားတဲ့အချိန်မှာ တံခါး ပြန်ပိတ်ထားခဲ့တာကို ​ရှင်းရှင်းလင်းလင်း မှတ်မိပါ​သေးသည်။ 


ကျန်းယန်ရှန့်က အိမ်က တစ်ခြားသူ​​တွေ သူမအခန်းထဲ ဝင်တာကို မကြိုက်တာ​ကြောင့် သူမအိမ်မှာ မရှိတဲ့ အခါတိုင်း တံခါးအမြဲတမ်း ပိတ်ထားတာ ဖြစ်သည်။


အန်တီလျိုက တံခါးကို တွန်းကာ ဝင်လာပြီး​နောက် ​လျှောက်လာကာ ​​မေးလိုက်သည် "ယန်ယန်... ပြန်လာပြီလား?"


​ရေချိုးခန်းထဲမှာ ​ရေချိုးခန်းပစ္စည်း​တွေကို မ​တော်တဆ တိုက်မိသည့်အသံလို အသံအကျယ်ကြီး ထွက်လာပြီး ​​ကြမ်းပြင်​ပေါ် ပစ္စည်း​တွေ ကျသွားသည့် အသံများလည်း ထွက်လာသည်။ 


အန်တီလျိုက မူလက အင်္ကျီများထားသည့် အခန်းထဲကို လက်ထဲက အဝတ်များဖြင့် ဝင်သွားဖို့ လုပ်ခဲ့​​သော်လည်း ထိုအသံကို ကြားသည့်အချိန်မှာ ရပ်ပြီး ​​အော်လိုက်သည် "ယန်ယန် အဆင်​ပြေရဲ့လား..."


မထင်မှတ်ထားတာက ​ရေချိုးခန်းတံခါး ပွင့်သွားသွားချင်း သုတ်သီးသုတ်ပျာ ​ပြေးထွက်လာသူမှာ လျန့်ကျန်း ဖြစ်​နေခဲ့သည်။


အန်တီလျိုက ရုတ်တရက် ​ကြောင်အသွားပြီးမှ အံ့သြတကြီး ​မေးလိုက်သည်


 "ဘာလို့ ဒီထဲ​ရောက်​နေတာလဲ..."


လျန့်ကျန်းက ပြုံးပြကာ ​ပြောလိုက်သည်


 "ကျွန်​တော် ရှို့ရှို့နဲ့ တူတူပုန်းတမ်း​ဆော့​နေတာ​​လေ... ဒီထဲကို ပုန်းဖို့ ဝင်လာခဲ့တာ.." သူက လျန့်ယင်းယင်းရဲ့ တူဖြစ်​နေသော်လည်း အန်တီလျိုက သူ့ကို ​ဒေါတတကြီး ကြိမ်း​မောင်းလိုက်သည်


 "ဒါ မိန်းက​လေးတစ်​ယောက်ရဲ့ အခန်း! မင်းဝင်ချင်တိုင်း ​ဝင်လာလို့မရဘူး!"


လျန့်ကျန်း၏ သ​ဘောထားက အလွန်​ကောင်းမွန်​နေပြီး သူက သူ့အမှားကို ချက်ချင်းပဲ ဝန်ခံလိုက်သည်


 "ကျွန်​တော့အမှား..ကျွန်​တော့်အမှားပါ... ဒါ​ကြောင့်မို့ အခုပဲ ထွက်သွား​တော့မလို့" သူက ထိုစကားကို ​ပြောပြီးပြီးချင်း ထွက်​ပြေးချင်​နေသကဲ့သို့ မြန်မြန် ​လျှောက်သွား​တော့သည်။


အန်တီလျိုက တံခါးကို ညင်ညင်သာသာ ပိတ်ကာ လက်ထဲက အဝတ်များဖြင့် အဝတ်လဲခန်းကို ​လျှောက်သွားလိုက်သည်။ အဝတ်များကို ​သေချာ စီထားပြီးမှ ပြန်ထွက်သွားခါနီး ​ရေချိုးခန်းဘက်ကို တစ်ချက်ကြည့်လိုက်​မိသောအခါ အန်တီလျို မျက်​မှောင်ကြုတ်မိသွားကာ အထဲကို တစ်ချက်ဝင်ကြည့်လိုက်သည်။


ဘာအ​နှောင့်အယှက်မှ ရှိပုံမ​ပေါ်​​သော်လည်း အန်တီလျိုက​တော့ စိုးရိမ်​နေဆဲဖြစ်သည်။ သူမက လျန့်ကျန်း ကျန်းယန်ရှန့်၏အိမ်သာကို ခွင့်ပြုချက်မရှိဘဲ သုံးလိုက်မလားဆိုတာကို စိတ်ပူ​နေခဲ့သည်။ ထိုကဲ့သို့ ဖြစ်ခဲ့လျှင်​တော့ အရမ်းရွံရှာဖွယ်ရာ ဖြစ်နေမှာပင်။


သန့်ရှင်း​ရေး လုပ်ခြင်းက အန်တီလျို၏ အလုပ် မဟုတ်​ဘဲ သန့်ရှင်း​ရေးအန်တီများသာ တာဝန်ရှိ​ပေသည်။ သို့​သော်ငြား အန်တီလျိုက နှာရှုံ့ကာ သန့်ရှင်း​ရေးပစ္စည်းများကို သွားယူလာခဲ့ပြီး လက်အိတ်​တွေကို စွပ်ကာ အိမ်သာကို အတွင်း​​ရော အပြင်ပါ ​ပြောင်လက်​နေ​အောင် ပွတ်တိုက်​တော့သည်။ ​


အထူးသဖြင့် သူမက ထိုရွံစရာ ကိစ္စ​တွေကို ကျန်းယန်ရှန့်ကို မြင်ခွင့်မပြုနိုင်​ပေ။


ကျန်းယန်ရှန့် အိမ်ပြန်လာ​​သောအခါ အင်္ကျီလဲပြီး ​ရေချိုးရန် ​ရေချိုးခန်းထဲကို ဝင်သွားလိုက်သည်။ သူမဝင်သွားသွားချင်း နှာ​ချေလိုက်ကာ နှာ​ခေါင်းကိုပိတ်ပြီး ပြန်ထွက်လာခဲ့ရသည်။


"အန်တီလျို... အန်တီလျို!" သူမက စင်္ကြံလမ်းက​နေ နှစ်ကြိမ် ​​အော်​ခေါ်လိုက်တာပြီး အန်တီလျိုက ကြားကြားချင်းပဲ ​ရောက်လာခဲ့သည်။ သူမက အထွန့်တက်လိုက်သည်


 "သမီး​ရေချိုးခန်းက ဘယ်လို ဖြစ်တာလဲ... ​ဘာလို့ ချေးချွတ်​ဆေးအနံ့ပြင်းပြင်း​တွေ ရ​နေရတာလဲ? သမီး ​အသက်ရှုပါ ရပ်​တော့မလို့!" 


"အိုး... သမီး​လေးရယ်... အန်တီ ​လေ​တွေ အပြင်ထုတ်ဖို့ ​​မေ့သွားလို့" 


အန်တီလျိုက အမြန်ပဲ ဝင်လာပြီး ​​ရေချိုးခန်းထဲက လေထုတ်စက်ကို ခလုတ်ဖွင့်လိုက်သည်။


ကျန်းယန်ရှန့်က သူမနှာ​ခေါင်းကို ပိတ်ထားလျက် ပြောလိုက်သည်။


 "ဘာ​​ကြောင့်ပါလိမ့်... ဒီ​နေ့သန့်ရှင်း​ရေး အန်တီ​တွေကို ဘယ်လို ​လေ​တွေ တိုက်လွှတ်လိုက်လဲ မသိပါဘူး...ချေးချွတ်​ဆေး​တွေ ဘယ်​လောက်​တောင် သုံးလိုက်တာလဲ?"


အန်တီလျိုက ​ပြောလိုက်သည် "သူ မဟုတ်ပါဘူး... အန်တီ လုပ်ထားတာ"


"ဟမ်..."


အန်တီလျိုက ရှင်းပြလိုက်သည် "ဒီ​နေ့ ဟိုမိန်းမရဲ့ တူ ​ရောက်လာတယ်​လေ"


"လျန့်ကျန်း..."


"ဟုတ်တယ်... သူ​လေ" အန်တီလျိုက ​ပြောလိုက်ပြီး မျက်​မှောင်ကြုပ်ကာ ရွံရှာမှု အပြည့်ဖြင့် ဆက်​ပြောလိုက်သည်


 "​စော​စော အန်တီ သမီးအဝတ်​တွေထည့်ဖို့ ဝင်လာ​တော့ အခန်းထဲမှာ သူ​ရောက်​နေတာ​လေ"


အန်တီလျို စကား​ပြောလို့ မပြီးခင်မှာတင် ကျန်းယန်ရှန့်၏ မျက်နှာက နက်နဲလာသည်


 "သမီးအခန်းထဲကို သူက ဘာဝင်လုပ်​နေတာလဲ..

"


ကျန်းယန်ရှန့် ထိုအ​ကြောင်းကို သိတာနဲ့ ​သေချာ​ပေါက် ​ပေါက်ကွဲ​ပေါက်ကွဲ​တော့မည်ကို အန်တီလျိုက သိပြီးသားပင်။ သူမက ခပ်မြန်မြန် ​ပြောလိုက်သည် "သူက တူတူပုန်းတမ်း ​ဆော့ရင်း သမီးအခန်းထဲ လာပုန်း​နေတာတဲ့... စိတ်မဆိုးပါနဲ့... အန်တီက သူ သမီးရဲ့ အိမ်သာကို သုံးလိုက်မှာ စိုးရိမ်လို့ စိတ်သန့်​သွားအောင် တိုက်​ပေးထားတာ! အခု အရမ်း သန့်ရှင်းသွားပြီ! တကယ်​ပြောတာ!


ထိုကဲ့သို့ ဆိုရင်​တောင် ကျန်းယန်ရှန့် စက်ဆုပ်သွားဖို့ လုံ​လောက်ပြီ ဖြစ်သည်။


သူမက သူမမျက်ခုံးကို မြှင့်လိုက်သည်: "သူအခု ဘယ်မှာလဲ?"


အန်တီလျိုက ​ပြောသည် :"သူပြန်သွားပြီ"


ကျန်းယန်ရှန့်က ​ဒေါသ​ဖြေဖို့ ဘယ်သူ့ကိုမှ ရှာမ​တွေ့ခဲ့​လေဘူး။ သူမမျက်နှာ​ပေါ်မှာ ရန်လို​နေမှု​တွေ အထင်းသား​ပေါ်​နေခဲ့သည်။


အန်တီလျိုက သူမကို မြန်မြန် နှစ်သိမ့်​ပေးလိုက်သည်။


 "အန်တီ ဒါကို အကြိမ်အများကြီး တိုက်​ပေးပြီးသွားပြီ... ပိုးသတ်​ဆေး​တွေလည်း အများကြီး သုံးထားတာ"


ကျန်းယန်ရှန့် သူမအစာအိမ်ထဲက​နေ ​နေမ​ကောင်း ဖြစ်လာသလို ခံစားလိုက်ရသည်။ အန်တီလျိုရဲ့ နှစ်သိမ့်မှု​တွေကလည်း သူမကို မသက်သာ​စေခဲ့​​​ပေ။ သူမက စိတ်ဆိုးမာန်ဆိုး ​ပြောလိုက်သည်


 "တစ်​ယောက်​ယောက်ကို ရိုက်ပစ်ချင်​နေတယ်!"


"စိတ်မတိုပါနဲ့! စိတ်မတိုပါနဲ့!" အန်တီလျိုက သူမကို စိတ်​လျှော့ဖို့ ​ပြော​ပေး​နေသည် "မတန်ဘူး​လေ​နော်.. မတန်ပါဘူးကွယ်"


အတိတ်မှာတုန်းက ယန်ယန်က လက်​ဝှေ့ကို ​လေ့ကျင့်ခဲ့​သော်လည်း လျန့်ယင်းယင်း၏ စကားလုံးထိုးစစ်များကို ရှုံးနိမ့်ခဲ့ရချည်းသာ။ အခုတ​လော ယန်ယန်က အရမ်းကို အလင်းပွင့်လာခဲ့သည်။ ဘယ်သူကများ သူမနဲ့ငြင်းခုံနိုင်မှာလဲ? သူမက ထိုလူကို လက်သီးနဲ့သာ တိုက်ရိုက် ထိုးပစ်လိုက်မှာ ဖြစ်သည်။


ဒါက သူမသင်ခဲ့တာ​တွေကို အသုံးချတဲ့နည်းပဲ! မိသားစု တစ်ခုလုံးကို ​ပျော်ရွှင်​စေရတယ်​လေ!


ကျန်းယန်ရှန့်က အချိန်အ​တော်ကြာ​အောင် စိတ်ဆိုး​နေခဲ့​သော်လည်း သူမက ​ရေချိုးဖို့ လို​နေ​သေးသည်။ ​နေ့လည်ပိုင်းမှာ လက်​ဝှေ့ ​လေ့ကျင့်​ရေးဆင်းဖို့ သွားခဲ့တာ ဖြစ်သည်။ လက်​ဝှေ့ အားကစားခန်းမှာ ​ယောကျ်ား​တွေ အများကြီး ရှိတာ​ကြောင့် သူမက ထို​နေရာမှာ ​ရေမချိုးချင်ခဲ့ဘူး။ ထို့​ကြောင့်ပင် သူမက ​ချွေးအပြည့်ဖြင့် ပြန်လာခဲ့ရတာပင်။


​ရေချိုးခန်းထဲက ​ချေးချွတ်​ဆေးအနံ့​တွေ ​​ပျောက်လုနီးပါး ဖြစ်သည့်အချိန်မှ ကျန်းယန်ရှန့် သူမအဝတ်အစားများကို ပိုက်ကာ ဝင်လာခဲ့သည်။


သူမက လက်နှစ်ဖက်ဖြင့် တီရှပ်အင်္ကျီအစွန်းကို မကာ ချွတ်ပစ်ခါနီးပင်။ သူမက သူမ၏ဗိုက်သား​ဖွေး​ဖွေး​လေးနှင့် ​သေးသွယ်​သောခါး​လေးကို မှန်ထက်တွင် မြင်လိုက်ရချိန်မှာ​တော့ ကျန်းယန်ရှန့်၏လက်များ ရုတ်တရက် ရပ်သွား​တော့သည်။


သူမ​​ဒေါသများ လွင့်သွားပြီး စိတ်ငြိမ်လာချိန်မှာ​တော့ တစ်ခုခု မှား​နေ​ကြောင်း ခံစားလ်ုက်ရသည်။ 


ကျန်းရှို့ချန်နဲ့ တူတူပုန်းတမ်း ကစားတယ်...


လျန့်ကျန်းက ဘယ်တုန်းကများ ကျန်းရှို့ချန်နဲ့ ကစားဖို့ စိတ်ရှည်သွားရတာလဲ...တစ်ခြားသူ​တွေက ကျန်းရှို့ချန်အ​ပေါ် သူ့ရဲ့ စိတ်မရှည်မှု​တွေကို မမြင်နိုင်ဘူးလို့ သူထင်​နေတာလား..


ဒါ​ပေမယ့် သူလိမ်​နေတာဆိုရင် သူက သူမအခန်းထဲ ဘာဝင်လုပ်တာလဲ...


သူမရဲ့အရင်ဘဝမှာတုန်းက လျန့်ကျန်းက တံခါး​သေချာ မပိတ်ထားတဲ့အချိန်​တွေမှာ တံခါးအဟကြားက​နေ သူမပုံ​တွေကို တိတ်တိတ်​လေး ခိုးရိုက်တတ်သည့် နှာဘူးတစ်​ယောက်သာ ဖြစ်သည်။


ကျန်းယန်ရှန့်က ရုတ်တရက် သူမတီရှပ် အနားစကို ပြန်ဆွဲချလိုက်သည်!


......


ကျန်းဟွမ် အိမ်ပြန်လာ​သောအခါ သူ့​ရှေ့က အိမ်တံခါးဝမှာ ရပ်ထား​သော ​ရဲကားတစ်စီးကို ​တွေ့လိုက်သည်။ သူနဲ့ ဒရိုင်ဘာ နှစ်​ယောက်လုံး အံ့သြသွားကြ​လေသည်။


သူ့ကား ​နောက်က​နေ လိုက်ဝင်လိုက်သည်။ သူ ကားထဲက​နေ ထွက်လာချိန်မှာ​တော့ ကားထဲက​နေ အခု​လေးတင် ထွက်လာတဲ့ ရဲတစ်​ယောက်က သူ့ကို​တွေ့​တော့ ​သေချာကြည့်ကာ ​မေးလာခဲ့သည်။


 "ခင်ဗျားက ဒီမိသားစုနဲ့ ဘာ​တော်သလဲ..."


ကျန်းဟွမ်က ရှေ့ကို ​​လျှောက်လာကာ ​ပြောလိုက်သည် "ဒီအိမ်က ကျွန်​တော့်အိမ်ပါ... ခင်ဗျားတို့ ​ဘာအ​ကြောင်း​ကြောင့် ရောက်လာတာလဲဆိုတာကို ​​မေးလို့ရမလား..."


ထိုရဲအရာရှိက ​ပြောလိုက်သည် "ကျွန်​တော်တို့ ဌာနကို တိုင်ကြားမှုတစ်ခု ​ရောက်လာလို့ စစ်​ဆေးဖို့ လာခဲ့တာပါ"


ကျန်းဟွမ်က အ​ဖေတစ်​ယောက် အ​နေနဲ့​တော့ အနည်းငယ်မျှ ဆန်ကုန်​မြေ​လေး ဖြစ်ခဲ့​ပေမယ့် အပြင်ပန်းမှာ​တော့ တည်ငြိမ်​နေဆဲပင်။ သူ့ရဲ့ အံ့သြတကြီး ဖြစ်သွားမှုကို ဖိနှိပ်လိုက်ပြီး တည်ငြိမ်စွာ ​ပြောလိုက်သည်။


 "ဘယ်သူက ရဲ​တိုင်လိုက်တာလဲ... ဘာဖြစ်သွားလို့လဲ?"


"သမီးပါ" ကျန်းယန်ရှန့်က ခြံတံခါးဝမှာ ​ပေါ်လာခဲ့သည်။


ရဲအရာရှိက ထိုအသံကို ကြား​သောအခါ မ​မေးမြန်းခင် သူ့ပုခုံး​ပေါ်က အသံဖမ်းစက်ကို ဖွင့်လိုက်သည်။


 "ရဲတိုင်တဲ့သူက မင်းလား..."


"ဟုတ်" ကျန်းယန်ရှန့်က မျက်နှာကို ငုံ့လိုက်သည် "​ကျေးဇူးပြုပြီး သမီး​နောက်က လိုက်ခဲ့​ပေးပါ"


ကျန်းယန်ရှန့်က ရဲအရာရှိ​တွေကို အိမ်ထဲသို့ ​ခေါ်သွားခဲ့ပြီး ကျန်းဟွမ်က သူမကို လှမ်း​မေးလိုက်သည်


 "ယန်ယန်.. ဘာဖြစ်လို့လဲ..."


ကျန်းယန်ရှန့်က သူမ​ခေါင်းကို လှည့်မကြည့်ဘဲ ပြန်​ဖြေလိုက်သည် "သမီး​​နောက်သာ လိုက်ခဲ့ပါ... ​ဖေ​ဖေ သိလာလိမ့်မယ်"


ကျန်းယန်ရှန့်၏ သ​ဘောထားက သူ့ကို သံသယပွား​စေသည်။ သူက ရဲအရာရှိ​တွေနဲ့အတူ ​အ​ပေါ်ထပ်ကို တက်သွားကာ ကျန်းယန်ရှန့်ရဲ့ အိပ်ခန်းထဲက ရေချိုးခန်းထဲကို လိုက်ဝင်သွားခဲ့သည်။


Xxxxx


Part 90


ကျန်းယန်ရှန့်က ​ရေချိုးခန်းနံရံမှာ ကပ်ထားသည့် ​ရေပန်းချိတ်​သော ကွင်း​လေးကို ညွှန်ပြလိုက်သည်။


 "အဲ့ဒီမှာပါ"


ကျန်းဟွမ်က ရဲအရာရှိ​တွေ ဝင်သွားပြီး ဓါတ်မီးနဲ့ ထိုးကာ ရှာ​ဖွေ​နေကြသည်ကို ​တွေ့လိုက်ရသည်။ သူတို့က သူတို့၏ ကိရိယာများကို ထုတ်ကာ ကျွမ်းကျွမ်းကျင်ကျင် ဖြုတ်ယူလိုက်ပြီး အဆုံးမှာ​တော့ ဝက်အူ​လေးတစ်ခုကို ဖယ်ထုတ်နိုင်ခဲ့သည်။


သို့​သော်လည်း ထိုအရာက တကယ့်ဝက်အူတစ်ခု မဟုတ်ခဲ့​ပေ။ ၎င်းက အမှန်တကယ်​တော့ ဝက်အူ ပုံစံ ဖုံးကွယ်ထား​သော ​ချောင်းရိုက်ကင်မရာ​သေး​သေး​လေး တစ်ခု ဖြစ်​လေသည်။ 


ထိုအရာကို ထို​နေရာမှာ တပ်ဆင်ထားခဲ့သည်။ အကယ်၍ ကျန်းယန်ရှန့်သာ ​ရေဝင်ချိုးလိုက်ပါက သူမကို နှံ့နှံ့စပ်စပ် ရိုက်မိသွားနိုင်ပြီး အ​ဖော်အချွတ် ပုံများနှင့် ဗီဒီယိုများလည်း ​နေရာတိုင်း ပြန့်သွားနိုင်သည်။


ကျန်းဟွမ်၏ မျက်နှာ တစ်ခုလုံး ပြာနှမ်းသွား​လေသည်!


ကျန်းယန်ရှန့်က အ​ခြေအ​နေကို ရဲ​တွေဆီ တင်ပြလိုက်သည်။


"​နေ့လည်တုန်းက တစ်​ယောက်​ယောက်က သမီးရဲ့ ခွင့်ပြုချက်မရှိဘဲ ​သမီးအခန်းထဲက ရေချိုးခန်းထဲကို ဝင်သွားခဲ့တယ်... အဲ့အ​ကြောင်းကို ကြား​တော့ တစ်ခုခုမှား​နေသလို ခံစားလိုက်ရလို့ ရေချိုးခန်းထဲကို ​သေချာ ရှာကြည့်လိုက်​တော့ အဲ့တာကို လွယ်လွယ်ပဲ ​တွေ့ခဲ့တယ်​လေ... ဒီလိုပစ္စည်း​တွေက ​ရေပန်းမှာပဲ တပ်​လေ့ရှိကြတာ... ရုတ်တရက်ပဲ ဝက်အူ​လေးက အ​ရောင်ကွဲ​​နေတာကို ​တွေ့ခဲ့တယ်... အလင်း​ရောင်နဲ့ ထိုးကြည့်လိုက်​တော့ အလင်းပြန်​တာကို ​တွေ့​တွေ့ချင်းပဲ သမီး ရဲတိုင်လိုက်တာ..."


ရဲအရာရှိ​တွေ ဘာမှ မ​ပြောနိုင်ခင်မှာပဲ ကျန်းဟွမ်က မဲ​မှောင်​နေတဲ့ မျက်နှာကြီးနဲ့ ​ရှေ့တိုးလာကာ ​မေးလိုက်သည်။


 "ဘယ်သူလဲ... ဘယ်သူ လုပ်တာလဲ..."


ကျန်းယန်ရှန့်က သူ့ကို တစ်ချက်သာ ကြည့်လိုက်ပြီး ရဲကို လှည့်​ပြောလိုက်သည်


 "သမီး အ​ဖေရဲ့ မိန်းမရဲ့တူပါ"


ကျန်းဟွမ် ကြက်​သေ​သေသွား​တော့သည်။


သူမကို ​မေးမြန်း​နေတဲ့ ရဲက "အ​ဖေ့ရဲ့မိန်းမ"ဟူ​​သော အမည်ကို ​ရေရွတ်ကာ ​မေးလိုက်သည်။


 "ဒါဆို သမီးအ​မေရဲ့ တူ မဟုတ်ဘူးလား..."


သူ့​ရှေ့မှာ ရှိ​နေတဲ့ လှလှပပ မိန်းမငယ်​လေးရဲ့ မျက်နှာက သိသိသာသာ မဲ​မှောင်သွားသည် :


 "သူက သမီးအ​မေ မဟုတ်ဘူး!"


ထိုရဲက အလျင်အမြန် တောင်းပန်လိုက်သည်: "​တောင်းပန်ပါတယ်"


သူ့အကြည့်​တွေက သူ့လုပ်​ဖော်ကိုင်ဖက်ဆီ​ ​ရောက်သွားကာ အကြည့်ချင်းဆုံမိပြီး​နောက် သူတို့နားလည် လိုက်တာက ဒီမိသားစုရဲ့ အ​ခြေအ​နေက ပို၍ရှုပ်​ထွေးသည်ဟုသာ။


ထိုမိန်းက​လေးရဲ့ အ​ဖေက ဘာတစ်ခွန်းမှ မ​ပြောဘဲ အပြင်ထွက်သွားသည်။ မကြာခင်မှာပင် ရဲအရာရှိများက ထိုလူ ​ကော်ရစ်ဒါမှာ ​အော်ဟစ်​နေတာကို ကြားလိုက်ရ​လေသည် : "လျန့်ယင်းယင်း! ထွက်ခဲ့စမ်း!"


ရဲအရာရှိများက တစ်​ယောက်မျက်နှာ တစ်​ယောက် ကြည့်မိသွားကြသည်။ မိန်းမငယ်​လေးက သူမနှုတ်ခမ်း​ထောင့်​​လေးတွေ ညွှတ်ကာ အပြင်ထွက်ပြီး ​ပြောလိုက်သည်။


 "​အော်မ​နေနဲ့​တော့.. သူအိမ်မှာ မရှိဘူး"


ကြည့်ရတာ လျန့်ယင်းယင်းဆိုသူက မိန်းမလှ​လေးရဲ့ မိ​ထွေး ဖြစ်ပြီး သံသယရှိသူရဲ့ အ​ဒေါ် ဖြစ်ပုံပင်။


ရဲအရာရှိ​တွေက ထိုကဲ့သို့​သော အမှု​ပေါင်း များစွာကို ​ကြုံခဲ့ရပြီးပြီ။ သူတို့က အိတ်​ဆောင်ကွန်ပြူတာများနဲ့ အထူး​ဆော့ဖ်ဝဲ​ကို ယူလာခဲ့သည်။ သူတို့က ကျန်းယန်ရှန့် အခန်းထဲက ​ကော်ဖီစားပွဲ​ပေါ်မှာ ကင်မရာနဲ့ ချိတ်ဆက်လိုက်သည်။ 


"သူလား...." 


သူတို့က ကျန်းယန်ရှန့် မျက်နှာပြင်ကို ကြည့်နိုင်ဖို့ ​ဘေးကို ဆုတ်​ပေးလိုက်သည်။


ထိုသို့​သော ကင်မရာကို တပ်ဆင်သည့်အခါတွင် တပ်ဆင်သူ ကိုယ်တိုင်ကိုပါ ကင်မရာက ရိုက်ကူးမည် ဖြစ်သည်။ ဒီတစ်ကြိမ်ကလည်း ခြွင်းချက် မဟုတ်ခဲ့ပါဘူး။ ကင်မရာ တပ်​နေ​သော လျန့်ကျန်း၏ တစ်ကိုယ်လုံးကိုပါ ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားသည်။


ကျန်းယန်ရှန့်က ​သ​ရော်ပြုံး ပြုံးကာ ရဲ​တွေကို ပြန်မ​ဖြေဘဲ ကျန်းဟွမ်ကိုသာ လှည့်ကြည့်လိုက်သည်။


ကျန်းဟွမ်က မျက်နှာသာ ပူလာတော့သည်။


"သူပဲ သူပဲ!" 


သူအရမ်း စိတ်ဒုက္ခ​ရောက်​နေပေပြီ။


 "ဒီ အယုတ်တမာ​ကောင်ကို မြန်မြန်ဖမ်း​ပေးပါ!"


........


လျန့်ကျန်းက ကျန်းအိမ်​တော်က​နေ ​ပျော်​ပျော်ရွှင်ရွှင် ပြန်လာပြီး သူ​နေထိုင်တဲ့ ရပ်ကွက်ကို ပြန်လာခဲ့သည်။ ဒီ​နေ့လည်မှာ သူ ဘယ်နှကြိမ်​တောင်မှ ​စောင့်ကြည့် ကင်မရာရဲ့ ထိန်းချုပ် ​ဆော့ဖ်ဝဲကို ဖွင့်ကြည့်မိလဲ မသိ​တော့​ပေ။ ဒါ​ပေမယ့်လည်း သနားစရာ​ကောင်းတာက ကျန်းယန်ရှန့်က အခုထိပြန်မလာခဲ့ဘဲ ​ရေချိုးခန်းထဲမှာ တစ်​ယောက်မှ ရှိမ​နေခဲ့ဘူး။


သူက ​​ဝမ်းနည်းစွာပင် ​ဆော့ဖ်ဝဲကို ပိတ်လိုက်ရ​တော့သည်။


သူက သူ့သူငယ်ချင်း တစ်​ယောက်ကို ဖုန်းဆက်ပြီး လှမ်း​ပြောလိုက်သည်။ "တပ်ပြီးသွားပြီ"


ထိုလူက ဆိုလိုက်သည်: "ဖာခ့်! တကယ်ကြီးလား?"


လျန့်ကျန်း : ဒါ​ပေါ့! ငါ ဘယ်တုန်းက မဟုတ်ဘဲ ​ပြောဖူးလို့လဲ..."


ထိုလူက​​ပြောသည် : "မိုက်ချက်ပဲ! ရိုက်ပြီးရင် မင်းသူငယ်ချင်း​တွေကို ပြရမယ်​နော်!"


လျန့်ကျန်းက ဝံ့ကြွားစွာ ​ပြောလိုက်သည် : "မင်းတို့ကို ပြရုံတင်မကဘူး XXX ဝက်ဘ်ဆိုက်မှာ တင်ဖို့လည်း လုပ်ထားပြီးပြီ!"


လျန့်ကျန်းက အံ့ကြိတ်လိုက်သည် : "​ကောင်မ​လေး! မင်းငါ့ကို ဆန့်ကျင်ရဲတယ်! မင်းကို သင်ခန်းစာ ​ကောင်း​ကောင်း ​ပေးရ​တော့တာ​ပေါ့!"


ဆိုရိုးစကား​တွေ အတိုင်းပင် လျန့်ကျန်း၏ သူငယ်ချင်းများမှာလည်း သဘာဝကျကျပင် လူ​ကောင်းများ မဟုတ်ခဲ့​ပေ။ သူက ကျွတ်သပ်လိုက်ပြီး ​ပြောလိုက်သည်။


 "သူ့ဖုန်းနံပါတ်ပါ တင်​ပေးရင် ပို​တောင်​ကောင်း​​သေးတယ်!"


"​ဖာခ့်!" လျန့်ကျန်း ရုတ်တရက် အလင်းပွင့်သွားသည် " ​တော်လိုက်တာ ငါ့​ကောင်! ငါ အဲ့အ​ကြောင်း ​တွေးခဲ့သင့်တာ! ငါလုပ်လိုက်မယ်!"


သူက ​ဆော့ဖ်ဝဲကို ပြန်ဖွင့်လိုက်​ပေမယ့်လည်း ကျန်းယန်ရှန့်က ပြန်မလာခဲ့​သေး​ပေ။ ကြည့်ရတာ ဒီလို ကိစ္စမျိုးက အလျင်လိုစရာ မလိုဘဲ အချိန်ကြာကြာယူရမည့် ပုံပင်။


သူက စိတ်ကို ပြန်ထိန်းကာ ဂိမ်းစ​ဆော့​တော့သည်။ သူက ဂိမ်းစ​ဆော့​ဆော့ချင်းပဲ အချိန်ကို ​မေ့သွားပြီး မသိလိုက်ခင်မှာပဲ နာရီ​ပေါင်းများစွာ ကုန်သွား​လေသည်။ တံခါး​ခေါက်သံ ကြားသည့်အခါမှ လျန့်ကျန်းက ဖိနပ်ပါးကို စီးကာ တံခါးသွားဖွင့်​ပေးလိုက်သည် : "ဘယ်သူလဲ?"


ယခုအချိန်က လအစပဲ ရှိ​သေးတာ​ ဖြစ်သည့်အတွက် တစ်​ယောက်​ယောက်က ​ရေမီတာကို လာစစ်​ဆေးသည်ဟုသာ ထင်လိုက်တာကြောင့် တိုက်ရိုက်ပဲ တံခါးဖွင့်​ပေးလိုက်သည်။


တံခါးဖွင့်လိုက်ချိန်မှာ​တော့ သူ ကြက်​သေသေသွားရ​တော့သည်။ အ​ကြောင်းမှာ အပြင်ဘက်ရှိလူမှာ မီတာ ဖတ်သူ မဟုတ်ဘဲ လျှာထိုးဦးထုပ်ကြီးကြီး​ကို ​​ဆောင်းထား​သော ဝတ်စုံပြည့်ဝတ်ထားသည့် ရဲတစ်​ယောက် ဖြစ်​နေသည်။


ထိုအချိန်တွင် လျန့်ကျန်းတစ်​ယောက် ​ကြောက်လန့်လာရ​တော့သည်။


အရမ်း​နောက်ကျသွားတာက​တော့ သနားစရာပင်။


.....


လျန့်ယင်းယင်းက ရဲစခန်းကို မြန်မြန်​ရောက်လာခဲ့ပြီး ကျန်းဟွမ်ကို ​တွေ့​သောအခါ သူမ​ခြေလှမ်းကို မြန်ကာ သူ့ဆီ ​လျှောကက်လာခဲ့သည် :


 " ကျွန်မ​ရောက်ပြီ.. ကျွန်မ​ရောက်ပြီ... ဘာဖြစ်တာလဲ...ဘာလို့ ဖုန်းထဲမှာ ဘာမှ ​ပြောမသွားတာလဲ....."


သူမ​ပြောလို့ မပြီးခင်မှာပင် ကျန်းဟွမ်က ရပ်ကာ သူ့လက်ကို​မြှောက်လိုက်ပြီး သူမပါးကို ရိုက်ချလိုက်သည်!


လျန့်ယင်းယင်း ​ကြောင်အသွားရသည်။


ကျန်းဟွမ်က မိန်းမ​တွေကို ရိုက်တတ်သည့် လူစားမျိုး မဟုတ်​ပေ။ ဒါ​ပေမယ့် အခုအချိန်မှာ​တော့ သူတကယ့်ကို ​ဒေါသထွက်​နေသည်! သူမ တကယ့်ကို မှင်တက်သွားရသည်!


"မင်းရဲ့ အရမ်း​ကောင်းတဲ့တူ​လေး လုပ်ထားတာကို ကြည့်လိုက်စမ်း!" သူက အံတင်းတင်းကြိတ်ကာ ​ထိုစကားကို ပြောလိုက်သည်


လျန့်ယင်းယင်းက ရဲ​တွေ ​ပြောတဲ့စကားကို ကြားလိုက်ရချိန်မှာ​တော့ ပိုလို့ပင် ရှုပ်​ထွေးသွားခဲ့သည်။ သူမက အထစ်ထစ်အ​​ငေါ့​ငေါ့နှင့် ​မေးလိုက်သည် "အမှားလုပ်မိတာများလား..."


"ငါ့ဖင်ကြီးပဲ အမှား!" ကျန်းဟွမ်က သူ့​ရှေ့က စာရွက်အချို့ကို သူမ​ရှေ့ကို ပစ်​​ပေးလိုက်ပြီး ​အော်ဟစ်လိုက်သည် "မင်းဘာသာမင်း ကြည့်လိုက်!"


ရဲ​တွေက လျန့်ကျန်း ကျန်းအိမ်မှာ လုပ်ခဲ့တဲ့ အရာ​​တွေကို ​ချောင်းရိုက် ဗီဒီယိုက​နေ တဆင့် အတည်ပြုထားပြီးပြီ ဖြစ်သည်။


လျန့်ကျန်းက ရဲစခန်းကို ​ခေါ်သွားခံရချိန်မှာ​တော့ ငြင်းဆန်ချင်ခဲ့​ပေမယ့်လည်း ကံမ​ကောင်းစွာဖြင့် သူလုပ်ထားတဲ့ ပြစ်မှုရဲ့ သက်​သေကို သူကိုယ်တိုင် မှတ်တမ်းတင်ခဲ့တာ ဖြစ်သည်။ သူက ဗီဒီယိုကို ​တွေ့လိုက်ချိန်မှာ​တော့ ​ခြေကုန်လက်ပမ်းကျကာ ဝန်ခံလိုက်ရ​တော့သည်။


ရဲ​တွေက သူ့ရဲ့ အဝယ်မှတ်တမ်းကို ​မေးလိုက်​ပြီး သူက စိတ်ဓါတ်ကျစွာပင် ပြန်​ဖြေလိုက်သည် : "ကျွန်​တော် ​ရောင်းတဲ့သူကို WeChat က​နေ ဆက်သွယ်ခဲ့တာ"


ရဲများက သူ့WeChatကို ဖွင့်ကာ သက်​သေ​တွေကို စု​ဆောင်းလိုက်သည်။ ဘယ်သူက သိခဲ့မှာလဲ... သူ့အ​ကောင်းဆုံးသူငယ်ချင်းက ထိပ်ဆုံးမှာ ​ရောက်​နေပြီး ​နောက်ဆုံးမက်​ဆေ့က 'အ​ဖော်အချွတ် ဗီဒီယို​တွေကို ပိုက်ဆံနဲ့​ရောင်းတာ.. ဒါ​ကြောင့်မို့ အလကား မတင်လိုက်နဲ့' ဖြစ်​နေမယ်လို့.....


ရဲအရာရှိက ကြည့်ဖို့အတွက် တစ်ချက် နှိပ်လိုက်သည်... ကောင်းပြီ​လေ.. ကြည့်ရတာ သူတို့က ​​ချောင်းရိုက်ရုံတင်မကဘဲ ​ကောင်မ​​လေး​တွေရဲ့ အ​ဖော်အချွတ် ဗီဒီယိုကို ညစ်ညမ်းဝက်ဘ်ဆိုက်​တွေမှာ တင်ဖို့ စီစဥ်ထားကြတာ​ပေါ့...


လူမဆန်တဲ့​ကောင်​တွေ!


ကျန်းဟွမ် လျန့်ယင်းယင်းကို ပြလိုက်သည့် စာရွက်​​တွေက​တော့ အဝယ်မှတ်တမ်းများနှင့် အဆက်အသွယ် မှတ်တမ်းများကို ပုံနှိပ်ထား​သော စာရွက်များ ဖြစ်သည်။


လျန့်ယင်းယင်း မျက်လုံးများ မဲ​မှောင်သွားသည်။


ဒီ ​သောက်သုံးမကျတဲ့ တူက​တော့!


Xxxxx