အခန်း (၁) ခွာပြဲခြင်း အစ
“အိုး .. အကိုကြီးရေ အမေ သတိလစ်သွားပြီ”
“မြန်မြန်လာပါဦး”
“ဘာလဲ”
“မေမေ၊ ဘာဖြစ်လို့လဲ”
“မြန်မြန်လေး သူ့နှာဖျားကို နှိပ်၊ အားနဲ့နှိပ်။”
အသံကျယ်ကျယ်တွေကြားထဲမှာ လီယောင်သည် သူမ၏ နှာဖျားမှာ နာကျင်ကိုက်ခဲမှုကို ခံစားလိုက်ရသဖြင့် ချက်ချင်းကိုပင် နိုးထလာခဲ့သည်။
သူမ မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ သူမက သစ်သားကုတင်ပေါ်မှာ လဲလျောင်းနေခဲ့ပြီး ဆင်းရဲသား ကလေးလေး လေးယောက်ရဲ့ မျက်နှာတွေမှာ စိုးရိမ်တကြီးနဲ့ သူမကို ဝိုင်းရံနေတာကို တွေ့ခဲ့လိုက်ရသည်။
သူမမျက်လုံးဖွင့်လာတာကို မြင်သောအခါ ပျော်ရွှင်မှုတွေ သူတို့လေးတွေရဲ့ မျက်နှာမှာ ပျံနှံ့သွားသည်။
“မေမေ နိုးလာပြီ”
“ကျေးဇူးတင်လိုက်တာ၊ မေမေ နေကောင်းလာပြီဟေ့”
လီယောင်က ထထိုင်လိုက်ပြီး လုံးဝကို ခေါင်းခြောက်သွားခဲ့သည်။
သူမ၏အရှေ့တွင် အသက်အရွယ်နှင့် အရွယ်အစား အမျိုးမျိုးရှိနေသော ကလေးငါးယောက် ရှိနေခဲ့ပြီး တထည်လုံး အဖာရာများနဲ့ ပြုပြင်ဖာထေးထားသော လျှော်ကြမ်းအဝတ်အစားများကို ဝတ်ဆင်ထားတဲ့ ယောက်ျားလေး လေးယောက်၊ မိန်းကလေးတယောက်ရှိနေခဲ့သည်။
မိန်းကလေး၏ ခြေဖဝါးမှာ အပေါက်တွေပါသော ဖိနပ်လေးတရံ ဝတ်ထားသည်မှလွဲ၍ ကျန်သော ကောင်လေးတွေကတော့ ခြေဗလာများနဲ့ ဖိနပ်မပါ ဖြစ်နေခဲ့သည်။
“မင်းတို့ အခု ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ...”
ကလေးတွေက တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြရင်း စိုးရိမ်စွာနဲ့ “ကျွန်တော်တို့ မေမေလို့ခေါ်လိုက်တာလေ” လို့ ပြန်ဖြေခဲ့သည်။
လီယောင်နှုတ်ခမ်း မဲ့သွားသည်။
သူမက မိဘမဲ့တယောက်လေ။
သူမ အသက်၆နှစ်မှာ ပဟေဠိဆန်တဲ့ လှို့ဝှက်ဆန်းကြယ်သည့် အဖွားအိုတစ်ယောက်က ခေါ်ဆောင်သွားခဲ့ပြီး သူမ၏ လေ့ကျင့်သင်ကြားပေးမှုကြောင့် နောက်ပိုင်းတွင် ထိတ်တန်းလူသတ်သမားဖြစ်လာခဲ့သည်။
လွန်ခဲ့သည့်တစ်လခန့်က အဘွားအို ကွယ်လွန်သွားခဲ့ပြီးနောက် သူမသည်လည်း အလုပ်မှ အနားယူခဲ့သည်။ ထို့နောက် ချမ်းမြေ့ဖွယ်ရာ ရှုခင်းလှလှများနဲ့ ခြံလေးတစ်ခြံကို ဝယ်ယူခဲ့ပြီး ထိုအချိန်မှစ၍ အေးချမ်းသာယာသော ကျေးလက်ဘဝမှာ တိတ်တိတ်ဆိတ်ဆိတ်နေထိုင်ရန် ရည်ရွယ်ခဲ့ပါသည်။
သို့သော် ခြံဝယ်ပြီးကာစ ထိုခြံမှာ ပထမညအဖြစ် သူမအိပ်ပျော်သွားခဲ့ပြီး အိပ်ရာကနေ ပြန်နိုးလာတဲ့အခါ ကလေးတွေအများကြီးနဲ့ သူမကိုသူမတွေ့ခဲ့ရသည်။
“ဒီမှာ ဘာတွေဖြစ်ကုန်တာလဲ..”
ရုတ်တရက်ဆိုသလို သူမစိတ်ထဲတွင် မရင်းနှီးသည့် မှတ်ဉာဏ်များက ဒီရေအလား တဖွဲဖွဲ တသဲသဲရောက်လာပြီး လီယောင်ကို ပိုပြီး စိတ်ရှုတ်သွားစေခဲ့သည်။
သူမ တကယ်ကို ကူးပြောင်းလာခဲ့ခြင်းဖြစ်သည်။
အချိန်နှင့် နေရာ မသိသော ရှေးခေတ်ကာလတခုကို ရောက်လာခဲ့ခြင်းဖြစ်သည်။
မူလပိုင်ရှင်မှာလည်း လီယောင်လို့ ခေါ်ပြီး အသက် ၃၁နှစ် ရှိနေပြီ ဖြစ်သည်။
အိမ်ထောင်သက် ဆယ်နှစ်ကျော်ရှိနေခဲ့ပြီး သူမ၏ခင်ပွန်းသည်မှာလည်း လွန်ခဲ့သော ၆လခန့်က ကွယ်လွန်သွားခဲ့ပြီး မုဆိုးမအဖြစ် ကျန်ရစ်ခဲ့သည်။ သူ့ရှေ့မှာ ယောက်ျားလေးလေးယောက်က သူမ၏ သားများဖြစ်ပြီး ၊ ပိန်ပိန်ပါးပါး မျက်နှာဖြူဖွေးဖွေး မိန်းကလေးကတော့ သူ့အကြီးဆုံးချွေးမဖြစ်ပြီး အိမ်ထောင်သက် တစ်နှစ်ခွဲကျော်ရှိနေခဲ့ပြီ ဖြစ်သည်။
မူလပိုင်ရှင်သည် ဟယ်ပင်လယ်အော် တရွာလုံးတွင်သာမက ပိုင်ချွမ်းခရိုင်တစ်ခုလုံးမှ အပေါက်အဆိုးဆုံး အမျိုးသမီးဖြစ်သည်။
သူမ ပါးစပ်ဖွင့်လိုက်သည်နှင့် နယ်မြေတခုလုံးကို မှောင်မိုက်မှုကို ယူဆောင်လာပေးနိုင်သည်။
သူမ၏ တင်ပါးကို လက်တင်ထားတာနှင့် သူမကို ယှဉ်မည့်သူ မရှိသူနိုင်မှန်း သိသည်။
ရွာသားတွေက သူမကို တစ္ဆေသရဲများရဲ့ အော့ကြောလန်၊ ခွေးတွေတောင်လန့်စေသူလို့ ခေါ်ကြသည်။ ခွေးတွေတောင်မှ သူမ လာနေတာကို မြင်ရင် လှည့်ပတ်ရှောင်ကွင်းသွားကြသည်။
ဒါတင်မကသေးဘဲ မူလပိုင်ရှင်ကလည်း အလွန်မိုက်မဲလွန်းလှသည်။
အိမ်ထောင်ကျပြီး ဒုတိယနေ့မှာ သူမ၏ယောက္ခမနဲ့ ကြောင်နှင့်ခွေးလို ရန်ဖြစ်ခဲ့ပြီး သားအကြီးဆုံး တစ်လသားအရွယ်မှာ ခင်ပွန်းဖြစ်သူရဲ့ မိသားစုနဲ့ ခွဲခွာရတဲ့အတွက် တအားငိုခဲ့ရသည်။ ထိုအချိန်မှစ၍ သူမသည် ဟမ်းစတာကြွက်တစ်ကောင်လို နေထိုင်ခဲ့သည်။
သူမသည် ကောင်းမွန်သော အရာမှန်သမျှကို သူမ၏ မိဘအိမ်သို့ ပြန်ပို့ကာ သူမ၏ ကိုယ်ပိုင်မိသားစုကိုတော့ ရေဆူအောင်ပင် မလုပ်နိုင်သော အိုးအလွတ်များဖြင့် စားစရာ သောက်စရာ ကင်းမဲ့နေစေခဲ့သည်။ ဆင်းရဲမွဲတေစွာဖြင့် တမိသားစုလုံး ရက်ပေါင်းများစွာ မျှမျှတတ မစားနိုင်ခဲ့သည့်အပြင် ပျက်စီးယိုယွင်းနေသော သက်ကယ်မိုးထားသည့် တဲလေးတွင် ဆယ်နှစ်ကျော်နေခဲ့ရသည်။
ခင်ပွန်းဖြစ်သူ ဝမ်ယွမ်ရှန်သည် လွန်ခဲ့သော ၆လခန့်က တောင်ပေါ်မှာဟင်းသီးဟင်းရွက်များ သွားခူးနေရင်း ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျသေဆုံးသွားပြီးနောက် သူမသည် ပိုပြီး အတောမသတ်နိုင်ဖြစ်လာခဲ့သည်။ မြေဆီလွှာအပေါ်ယံကိုတောင် ဖယ်ပြီး သူမ၏ မိဘအိမ်သို့ ပို့ဆောင်လိုခဲ့သည်။
သူမ၏ မွေးမိခင်က သူမမောင်လေးရဲ့ ကျန်းမာရေးအတွက် ဥအနည်းငယ်အတွက် သူမ၏ ကြက်မကို ငှားလာတဲ့အခါ ကြက်မကော ကြက်ဥကိုပါ သူမရဲ့လက်နဲ့ ကိုယ်တိုင်ကိုယ်ကျ ချက်ချင်းလက်ဆောင်ပေးခဲ့သည်။ အိမ်မှာ ကျန်နေသေးသော စားစရာနည်းနည်းလေးရဲ့ ထက်ဝက်ကျော်ကိုလည်း ပေးပစ်ခဲ့သည်။
အခုတော့ သူမမိသားစုဝင်တွေဟာ ဟင်းသီးဟင်းရွက်စွပ်ပြုတ်ကိုပဲ သုံးရက်ဆက်တိုင် သောက်နေခဲ့ရသည်။
ဒီလို ရူးရူးမိုက်မိုက် စွာစိလန်ရဲ့ ခန္ဓာကိုယ်ထဲ ကူးပြောင်းလာခြင်းဟာ သူမကို ဒဏ်ခံဖို့အတွက်လား။
ပြန်သွားဖို့ရာလည်း ဖြစ်နိုင်ချေ မရှိနေပါ။
ဒီမှာ ရှိနေပြီဆိုကတည်းက ဖြစ်သမျှ အရာအားလုံးကို လက်ခံဖို့သာလျှင် ရှိနေတော့သည်။
သူမသည် အငြိမ်းစားယူပြီး ကျန်နှစ်များကို အေးချမ်းစွာ ကျော်ဖြတ်ဖို့ ရည်ရွယ်ထားသည့်အတွက် ယခုနေရာသည် ဆင်းရဲနေသော်လည်း အလွန်ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ကောင်းကြီးတစ်ခု ဖြစ်နေခဲ့သည်။
ဒီကလေးတွေအတွက်ကတော့ အရှိအတိုင်းသာ သူ့ဖာသာသူ ဖြစ်နေခွင့်ပြုလိုက်တော့သည်။
“မေမေ၊ အခု ခေါင်းကွဲသွားတာလား”လို့ သူ့ချွေးမကြီး ဟဲရှောင်ယာက စိုးရိမ်တကြီးနဲ့ မေးလိုက်သည်။
လီယောင်လည်း သူမ၏ခေါင်းနောက်က ဖုကြီးကိုထိလိုက်သောအခါ သွေးများထွက်ကာ စိုစွတ်နေသေးသည်။
လီယောင်က “အဆင်ပြေပါတယ်”ဟု ပြောလိုက်သည်။
“အမေ” သူမရဲ့ သားအကြီးဆုံး ဝမ်တာ့ကျွမ်းက “တင်းမိသားစုက အခုထိ ဒါကို မရပ်သေးဘူး။ ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ “
လွန်ခဲ့သော တစ်နှစ်က သူမ၏ ဒုတိယသား ဝမ်အာသည် အနီးနားရွာမှ တင်းရှောင်ရန်နှင့် စေ့စပ်ခဲ့သည်။
သို့သော် အခုအခါ တင်းမိသားစုက စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းဖို့အတွက် မူလပိုင်ရှင်က သဘောမတူသော်လည်း ထပ်ခါတလဲလဲ အကြောင်းကြားပြီး အဆုံးသတ်ချင်ခဲ့သည်။ ဒီနေ့မှာတော့ လူအယောက် ၂၀၊ ၃၀ခန့်နှင့် အတင်းအကြပ် စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ လာရောက်ခဲ့သည်။
သူမတို့အိမ်၏ လက်ရှိအခြေအနေရ စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်ပါက သူမ၏ ဒုတိယသားလေးက တသက်လုံး လူပျိုကြီးဖြစ်သွားနိုင်သည်။
ထို့ကြောင့် မူလပိုင်ရှင်က ခေါင်းမာစွာနှင့် ဖျက်သိမ်းရန် ငြင်းဆိုခဲ့သည်။ သို့သော် ခပ်ဆိုးဆိုးအဘွားအို တစ်ဒါဇင်ကျော်၏ ဆူပူကြိမ်းမောင်းမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး အနိုင်လည်းမရခဲ့ပေ။
မိန်းကလေး၏ မိသားစုနှင့် ဆက်ဆံရေးသည် အစကတည်းက တင်းမာနေပြီဖြစ်ပြီး ထောက်ပံ့ငွေချေးဖို့ကိုလည်း ရှက်နေခဲ့သည်။
ရွာသားတစ်ရာကျော် လာခဲ့ကြသော်လည်း မူလပိုင်ရှင်၏ စိတ်အနှောက်အယှက်ပေး စော်ကားတတ်သော အော့ကြောလန် စရိုက်လက္ခဏာကြောင့် သူမအတွက် မည်သူတဦးတယောက်ကမှ စကားတစ်ခွန်းမှ မပြောပေးလိုပေ။
သူတို့သည် ဒီနေရာကို အတင်းအဖျင်းနှင့် ရှိုးကြည့်ရန်သာ လာခဲ့ခြင်း ဖြစ်သည်။
အငယ်ဆုံးသားလေးကို စစ်ကူရဖို့အတွက် သူမမိဘအိမ်ကို အကူသွားခေါ်ခိုင်းတဲ့အခါ သူမအမေက သတို့သမီးစရိတ်ရနိုင်တုန်း ဖျက်သိမ်းတာကို သဘောတူဖို့ ပြောခဲ့သည်။
မူလပိုင်ရှင်က ဒေါသအရမ်းထွက်ပြီး သူတို့တွေကို အဆိုးဆုံးကျိန်စာတွေနဲ့ တိုက်ခိုက်ဆဲဆိုခဲ့သည်။ တင်းရှောင်ရန်၏ အစ်ကိုဖြစ်သူက သူမကို မြေပြင်ပေါ်သို့လဲကျသည်အထိ ပါးရိုက်ချလိုက်သည့်အတွက် သူမ၏ ဦးခေါင်းကို ကျောက်တုံးခပ်ချွန်ချွန်နှင့် ထိကာ ချက်ချင်းသေဆုံးသွားခဲ့သည်။ လီယောင်သာ မကူးပြောင်းလာခဲ့ရင် အခုချိန်ဆို သူမ၏ အသုဘအခမ်းအနားကျင်းပနေတော့မည် ဖြစ်သည်။
“မေမေ” လို့ သူ့ရဲ့ ဒုတိယသားက ပြောလိုက်ပြီး “ကျွန်တော်တို့ ဘာလို့ သူတို့ ဖျက်သိမ်းဖို့ သဘောမတူရတာလဲ၊ အခု ကျွန်တော်တို့မိသားစုက...”
“ဖျက်သိမ်းဖို့လား” လီယောင် မျက်မှောင်ကြုတ်လိုက်သည်။
“ဘာဖြစ်လို့ ငါတို့က ဖျက်သိမ်းရမှာလဲ။” မူလပိုင်ရှင်ရဲ့ ပုံစံအတိုင်း သူမကိုယ်သူမ မှတ်ယူပြီး မူလပိုင်ရှင်အမြင်အတိုင်း ရှုထောင့်အတိုင်း ပြုမူနေထိုင်ရမည်။
သူမ၏ အိမ်တံခါး၀မှာ စေ့စပ်ပွဲတရားဝင်ဖျက်သိမ်းဖို့ရာအတွက် သတို့သား၏ အမေကို သေသည်အထိရိုက်ကာ ဖိအားပေးခြင်းကို ဘယ်လိုသည်းခံရမလဲ။
ဖျက်သိမ်းမည် ဆိုတောင်မှ တယောက်ယောက်က ပဏာမခြေလှမ်းရှိရမည်။
နောက်ပြီး ဒီနေ့ သေချာပေါက် မဖျက်သိမ်းစေရပါ။
“လာ၊ ငါ သူတို့နဲ့ ဘယ်လိုညှိမလဲ စောင့်ကြည့်လိုက်။” လီယောင်သည် တဲပျက်လေးထဲကနေ ထွက်လာခဲ့သည်။
ခြံထဲတွင် တင်းမိသားစုမှ လူနှစ်ဆယ်ကျော် ရှိနေခဲ့သည်။ သူမကို ဘာမှမဖြစ်ပဲ ရှိနေတာကို မြင်လိုက်ရတော့ သူတို့က တခါ ပွက်ပွက်ညံအောင် တောင်းဆိုမှုတွေ စလာတော့သည်။
သူတို့၏ တစ်တစ်ခွခွ စကားများဖြင့် ဝမ်မိသားစုအား အလွန်ဆင်းရဲသည်၊ ငန်းတစ်ကောင်ကို မက်မောသော ဖားပြုတ်တကောင်ကဲ့သို့ပင်… အစရှိသဖြင့် ပွင့်ပွင့်လင်းလင်း လုံး၀ဥသုံ စွပ်စွဲခဲ့သည်။
လီယောင်လည်း ဒေါသပြင်းထန်စွာ ထွက်သွားပြီး သူမတင်ပါးပေါ်လက်ထောက်တင်ကာ “နင်တို့ အားလုံးပါးစပ်ပိတ်ထား ကြက်နဲ့လက်ထပ်ပြီး ကြက်နောက်လိုက်၊ ခွေးနဲ့လက်ထပ်ပြီး ခွေးနောက်လိုက်၊ ဒီလို ရိုးရိုးရှင်းရှင်းကို နားမလည်ဘူးလား။ ငါတို့က ဆင်းရဲလွန်းတယ်လို့ထင်ရင် ဘာလို့ စပြီး စေ့စပ်ကြောင်းလမ်းထဲက ရှင်းရှင်းလင်းလင်း မလုပ်ခဲ့တာလဲ၊ အဲဒီတုန်းက နင့်မျက်လုံးတွေက နင့်ဘောင်းဘီခွကြားထဲမှာ ရှိနေခဲ့တာလား။”
“ဝမ်အမေ” “ ရှောင်ရန်ရဲ့ အဖေက အထက်စီးဆန်ဆန် ပြောခဲ့သည်။ “စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ သဘောတူရင် သတို့သမီးစရိတ်ကို ချက်ချင်းပြန်ပေးမယ်။ အဲဒီတုန်းက မင်းမိသားစုက ဝမ် ၅၀၀ ပေးခဲ့တယ်၊ အခု ငါက ရက်ရက်ရောရော ၁၀၀၀ ပြန်ပေးပါ့မယ်”
“ငါက တောင်းစားနေတယ်လို့ နင်ထင်နေတာလား”လို့ လီယောင်က ပြန်ပြောလိုက်သည် ။ “တင်းမျိုးရိုးတွေ၊ ကိုယ့်လူတွေ ကိုယ်ပြန်ခေါ်ပြီး လစ်လိုက်တော့။ ပြီးမှ မယဉ်ကျေးဘူးလို့ လာမပြောနဲ့”
“မင်း... ငါ ဝမ် ၁၀၀၀ ပေးနေပြီလေ၊ မင်းက ဘာထပ်လိုချင်နေသေးတာလဲ” တင်းအဖေက အော်လိုက်သည်။ “မင်းတို့မိသားစု ပိုင်ဆိုင်မှုအားလုံးပေါင်းရင်တောင် ဒီလောက်ရှိမနေဘူး”
“ငါ့မိသားစု ချမ်းသာသာ ဆင်းရဲရဲ နင်တို့နဲ့ဘာဆိုင်လို့လဲ။ စေ့စပ်ပြီးပြီဆို စေ့စပ်ထားတဲ့အတိုင်း ထားလိုက်၊ ထပ်လာလုပ်ရင် နင့်အိမ်ရှေ့မှာ လာထိုင်ပြီး မင်းဘိုးဘွားတွေ အုတ်ဂူထဲကနေ ဒေါသမုန်တိုင်း ထွက်လာအောင်အထိ နေ့တိုင်း လာဆဲမှာ။”
“အရိုင်းအစိုင်း ၊ နောက်တစ်ခါ ထပ်ရိုက်ခံချင်နေတာလား” ရှောင်ရန်၏ အစ်ကိုဖြစ်သူ တင်းလောင်အာ့က ထပ်ပြီး ကြမ်းကြမ်းကြုတ်ကြုတ် တိုက်ခိုက်လာပြန်သည်။ ခုနကပဲ မူလပိုင်ရှင် လဲကျသွားအောင် တွန်းချခဲ့တာလည်း သူပဲဖြစ်သည်။
လီယောင်က အချိန်ကိုက် ရောက်လာပြီလို့ တွေးခဲ့သည်။
အမျိုးကောင်းသားတစ်ယောက်သည် သူ့ပါးစပ်ကိုသာ သုံးပြီး သူ့လက်ကို မသုံးပါ။ သို့သော်လည်း သူမမှာ ဒီအဆိုးအပေကို သူကိုယ်သူဘယ်လို သေသွားလဲဆိုတာ မသိအောင်ပင် သတ်နိုင်သည့် နည်းလမ်းပေါင်းများစွာ သိနေခဲ့သည်။
သူမသည် နောက်ပြန်မဆုတ်သည့်အပြင် သူ့ဖက်ကို ချက်ချင်းဆိုသလို့ ခြေလှမ်းကျဲကျဲနှင့် လျှောက်ခဲ့သည်။ ထိုးနှက်ချက်ကို ရှောင်လိုက်ကာ တင်းလောင်အာ့၏ ဆံပင်ကို ဆွဲကာ သူ့ရဲ့ နောက်စေ့အား လက်ဝါးဇောင်းတချက်ဖြင့် ခပ်ဆတ်ဆတ်လေးရိုက်ကာ လည်ပင်းအနောက်ကို ဖိပေးလိုက်သည်။
တင်းလောင်အာ့လည်း သူ့တကိုယ်လုံး ထုံကျင်သွားပြီး ချက်ချင်း အင်အားလျော့သွားသလို ခံစားလိုက်ရသည်။ လီယောင်က သူ့ကို မြေကြီးပေါ် ပစ်ချဖို့သာလျှင် ခွင်ပြုလိုက်ရတော့သည်။
“နင် တကယ်ပဲ ငါ့ကို လက်တင်ရဲတာလားဟဲ့” ဆိုပြီး တံမြက်စည်းတချောင်းကို ကောက်ကိုင်ကာ ကြုံသလို ရိုက်တော့သည်။
တဖြန်းဖြန်းနဲ့ အချက်ရေတော်တော်များများ ဆက်တိုက် အရိုက်ခံရပြီးမှာသာ တင်းမိသားစုဝင်များသည် ထိုနေရာမှာ ပျော့ခွေစွာနဲ့ လဲနေသူမှာ တင်းလောင်အာ့ဆိုတာကို သိပြီး လီယောင်ရဲ့ အဝေးကို ဆွဲထုတ်ဖို့ အမြန်ရောက်လာခဲ့သည်။
“နောက်ထပ်ရှိသေးလား” လီယောင်လည်း တံမြက်စည်းကိုင်ပြီး ထိုလူအုပ်ကို မောက်မာစွာနှင့် စိန်ခေါ်လိုက်သည်။
“သေရမှာ မကြောက်ရင် လာခဲ့စမ်း”။ သူမရဲ့ သားတွေကလည်း လီယောင်ဘက်ကို ပြေးကာ လက်သီးများ ခပ်တင်းတင်းဆုပ်ထားကာ ရန်ဖြစ်ဖို့ အသင့်ရှိနေကြသည်။
နောက်ဆုံးမှာတော့ တင်းမိသားစုသည် ဟဲမြစ်ပင်လယ်အော်ရွာ၏ နံပါတ်တစ်အရိုင်းအစိုင်းကို ကိုယ်တွေ့ တွေ့ကြုံခဲ့ရသည်။ အမျိုးသမီးတွေက အရိုက်ခံရမှာကြောက်သည့်အတွက် အသံမထွက်ရဲတော့ပေ။ တင်းမိသားစု အမျိုးသားတချို့ကတော့ မျက်နှာပြန်ရဖို့အတွက် ထွက်လာခဲ့ချင်သော်လည်း အဖိုးကြီးတင်းက တားခဲ့သည်။
ဤနေရာသည် ဟဲမြစ်ပင်လယ်အော်ကျေးရွာ ဖြစ်သည်။
စကားများရန်ဖြစ်ခြင်းဆိုသည်မှာ အချက်တစ်ချက်ဖြစ်သော်လည်း အရွယ်ရောက်ပြီးသူ အများအပြားက မုဆိုးမနှင့် မိဘမဲ့ကလေးများကို ရိုက်နှက်ကြလျှင် ရွာသားများက မတ်တပ်ရပ်ရုံသာ ရှိတော့မည်မဟုတ်ပေ။ ပိုအရှိန်မြှင့်လာခဲ့လျှင် အဆုံးသတ်ကောင်းမည် မဟုတ်ပေ။
“ကောင်းပြီ၊ ကောင်းပြီ” အဖိုးကြီးတင်းက “နင်က မဖျက်သိမ်းဘူးဆိုတော့လည်း မဖျက်သိမ်းဘူးပေါ့၊ နင်တို့ ငါ့တို့ရဲ့ ရှောင်ရန်ကို လက်ထပ်မယ်ဆိုရင်တော့ သတို့သမီးစရိတ်အတွက် ငွေဆယ်ချောင်းအနည်းဆုံးနဲ့ အိမ်အသစ်တလုံး လိုအပ်တယ်။ မပေးနိုင်ရင်တော့ စဉ်းစားမနေတော့နဲ့”
လီယောင်က လှောင်ရယ်လိုက်ပြီး “ဘာလို့ ကိုယ့်ဟာကိုယ် မသရော်ရတာလဲ။ ကိုယ့်ဟာကိုယ် ပြန်ကြည့်ပါဦး၊ နင့်မိသားစုက တန်ရဲ့လားလို့”
“နင်...” အဖိုးကြီးတင်း က မုတ်ဆိတ်တွေ တုန်နေတဲ့အထိ ဒေါသအရမ်းထွက်နေပြီး ခြေထောက်ကို ဆောင့်နင်းလိုက်သည်။ “ဘယ်လိုဖြစ်လာမလဲ ကြည့်ကြတာပေါ့၊ သွားကြရအောင်”
ဒေါသတကြီး ဖြစ်နေသည့် အဖိုးကြီးတင်းသည် အားမရှိပဲ ပျော့ခွေနေတဲ့ တင်းလောင်အာ့ကို ထူဖို့ ကူညီစေခဲ့ပြီး ထွက်ခွာသွားခဲ့လေသည်။ ပွဲလာကြည့်ကြသော ရွာသူရွာသားများလည်း သူတို့အချင်းချင်း စကားပြောရင်းဆိုရင်းနဲ့ လူစုခွဲပြီး ထွက်သွားကြသည်။
“ဟဲ့ သူမသာ ရေနွေးတည်ဖို့တောင်မချန်ပဲ အိမ်ကပစ္စည်းတွေ သူ့အမေအိမ်ကို မရွှေ့ခဲ့ရင် စေ့စပ်ပွဲကို လာဖျက်သိမ်းမှာ မဟုတ်ဘူး။ “
“သနားစရာက ဒုတိယဝမ်လေးပဲ။ တသက်လုံး လူပျိုကြီး ဖြစ်သွားမလားပဲ “
“ဒီလိုအမေမျိုးနဲ့ မိန်းမယူဖို့ ဘယ်လိုတောင် တွေးလို့ရမှာလဲ၊ ငတ်မသေတာပဲ တော်လှပြီ”
လီယောင်က မူလကိုယ်၏ စရိုက်တွေကို တခြားသူတွေထက် ပိုသိသည်။ ပျင်းစရာကောင်းတဲ့ အတင်းအဖျင်းတွေကို နားထောင်ဖို့ အချိန်မရှိချေ။
လက်ရှိမှာ အင်မတန်ဆိုးလှတဲ့ ပြဿနာတခုနှင့် ရင်ဆိုင်နေခဲ့ရသည်။
သူမ ဗိုက်ဆာနေပြီ။