အပိုင်း ၂
Viewers 85

အခန်း (၂) မင်းဗိုက်ပြည့်တဲ့အထိ စောင့်ပါ


ဟဲဝမ်ရွာလေးသည် အရပ်သုံးဘက်မှာ တောင်တန်းများဖြင့် ဝန်းရံထားသည်။ လီယောင်တို့ အိမ်လေးသည် အနောက်ဘက်တောင်ခြေလေးတွင် တည်ရှိသည်။ အနောက်တောင်ခြေတွင် လီယောင်၏အိမ်နှင့် တခြားဘက်သုံးဘက်တွင် တောင်တန်းများဖြင့် ဝန်းရံထားသည်။ 


သက်ကယ်တဲလေးလုံးသည် ခေါင်မိုးများ ဆွေးမြေ့နေပြီး အပေါက်ကြီး နှစ်ခုလည်း ရှိနေခဲ့သည်။ 


အရပ်ရှစ်မျက်နှာလုံး ပေါက်နေသော ခနော်ခနဲ့သက်ငယ်တဲလေးသည် မီးဖိုချောင်ဖြစ်ပါသည်။


“မေမေ” အကြီးဆုံးချွေးမဖြစ်သူ ဟဲရှောင်ယာက “ကျွန်မ ထမင်းချက်တော့မယ်။”ဟုပြောလိုက်သည်။ လီယောင်သည် ဗိုက်နှင့်ကျော တသားတည်းဖြစ်သည်အထိ ဗိုက်ဆာနေခဲ့သည်။ တခုခုစားဖို့ အချိန်ရောက်လာပြီ ဆိုသည့်အတွက် သူမ၏မျက်လုံးများ ချက်ချင်း အရောင်တောက်လာခဲ့သည်။


“ဘာချက်မှာလဲ”


“ဟင်းသီးဟင်းရွက်ပြုတ်”ဟု ဟဲရှောင်ယာက ညင်ညင်သာသာ ဖြေသည်။ 


ဟဲရှောင်ယာ ပြောသော ဟင်းဆိုသည်မှာ ဟင်းသီးဟင်းရွက်များကို ဆူပွက်နေသောရေထဲသို့ ထည့်လိုက်ခြင်းဖြစ်သည်။ ဆီတစက်၊ ဆားတပွင့် မပါချေ။ အလွန့်အလွန်ကို ပေါ့ရွှတ်နေသည်။ 


ထိုဟင်းသည် လည်ချောင်းကို နာကျင်သွားရုံစေသာမက အူကိုပါ တစဆီ သန့်စင်စေနိုင်သည်။ 


ကျန်းမာရေးနှင့် ညီညွတ်သော်လည်းပဲ လီယောင် ယခုလက်ရှိ လိုအပ်နေသည်မှာ အာဟာရပါ။


“ဒီနေ့ တခြားတစ်ခုခု စားရအောင်။” လီယောင် အိပ်ခန်းထဲသို့ ပြန်ဝင်သွားသည်။ အခန်းထဲက ဗီဒိုလေးထဲတွင် ဆန်ကြမ်းအိတ်သေးလေး တခုရှိသေးသည်။ ဆန်ကြမ်း ၃ကတ်တီနှင့် ဥ ၄လုံးသည် ဘယ်လောက်ကြာနေပြီဆိုသည်တောင် မသိတော့နိုင်တော့ပါ။ မူလပိုင်ရှင် ချန်ခဲ့သော နောက်ဆုံး အစားအစာများသာဖြစ်သည်။


သူမသည် ဥနဲ့ အားလုံးပါသော အိတ်ကို ဟဲရှောင်ယာထံသို့ ပေးလိုက်ပြီး “အကုန်လုံး ချက်လိုက်။” ဟု ပြောလိုက်သည်။


ဤသည်မှာ တမိသားစုလုံး၏ နောက်ဆုံးအစားအစာ‌မှန်း ဟဲရှောင်ယာ သိသော်လည်း ယောက္ခမဖြစ်သူက ပြောလာသည့်အတွက် ထပ်မမေးရဲတော့ပဲ မီးဖိုချောင်ထဲသို့ ဆန်များယူကာ အမြန်သွားလိုက်သည်။ 


သို့သော်လည်း တဝက်ကို တိတ်တိတ်လေးခွဲလိုက်ပြီး မီးဖိုချောင်ထဲရှိ စင်တခုပေါ်တွင် ဝှက်ထားလိုက်သည်။ 


ဟဲရှောင်ယာ ထမင်းချက်နေစဉ် လီယောင်သည် အိမ်အနောက်ဘက် တောင်စောင်းသို့ သွားကာ ငရုတ်သီးနှင့် ကြက်သွန်ဖြူတချို့ကို တူးခဲ့သည်။ 


သူမ ပြန်ရောက်လာသောအခါ ဟဲရှောင်ယာက ထမင်းရည်ကို ငှဲ့နေ့ခဲ့ပြီး ဟင်းရည်ကို စတင်ချက်ပြုတ်တော့မည် ဖြစ်သည်။ 


လီယောင်က ချက်ချင်းဆိုသလို “ဟင်းသီးဟင်းရွက်တွေကို ငါချက်လိုက်မယ်”ဟု လွှဲယူလိုက်သည်။ 


ဟဲရှောင်ယာလည်း အနည်းငယ် အံဩသွားခဲ့သည်။ 


သူမ ဒီမိသားစုမှာ အိမ်ထောင်ကျပြီးကတည်းက အိမ်မှုကိစ္စများအားလုံးကို လုပ်ခဲ့ရသည်။ သူမယောက္ခမက လက်တချောင်းတောင် မ'မ’ဖူးပါ။ သို့တိုင် ဒီနေ့မှာတော့ သူမကိုယ်တိုင် ချက်ပြုတ်ချင်နေသည်။


လီယောင်က ဟင်းချက်ဖို့ရာ ပါဝင်ပစ္စည်းများကို ကြည့်လိုက်သည်။ ဆားပန်းကန်လုံးတဝက်နှင့် ပုလင်းအောက်ခြေမှာ ဆီဖင်ကပ် အနည်းငယ်သာ ကျန်တော့သည်။ 


ထို့အတွက် ဟင်းသီးဟင်းရွက်မွှေကြော်နှင့် ကြက်ဥစွပ်ပြုတ် လုပ်ခဲ့သည်။ 


ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူများကို ဆေးကြောပြီးနောက် သူမက ဟဲရှောင်ယာကို မီးပြင်းပြင်းနှင့် အိုးပူတိုက်ခိုင်းခဲ့သည်။ 


“သေချာကြည့်ထား” ဟု လီယောင်က ပြောလိုက်သည်။ 


“အခုကစပြီး ဒီလိုလုပ်တော့။” သူမမှာ ရေရှည်အတွက် ချက်ဖို့ပြုတ်ဖို့ရန် အစီအစဉ်မရှိသောကြောင့် တခြားသူတယောက်ကို သင်ကြားပေးထားခြင်းက အကောင်းဆုံးနည်းလမ်းပင် ဖြစ်သည်။


“ဟုတ်ကဲ့”


ဟဲရှောင်ယာလည်း သတိလက်လွတ် မခံဝံပဲ လှုပ်ရှားမှုတိုင်းကို မျက်တောင်မခတ် ကော်ခတ်ထားသည့်အတိုင်း ကြည့်နေခဲ့သည်။ 


ဆီပူလာသည့်အခါ လီယောင်လည်း အနံ့မွှေးလာစေရန် ကြက်သွန်ဖြူကို ထည့်ကြော်လိုက်ပြီး ဆား၊ နောက်ဆုံးတွင် ရေစစ်ထားသော အရွက်များကို ထည့်ပြီး မွှေကြော်လိုက်သည်။


“ရှဲ…”


မြေသားမီးဖိုးက ပူနေသည့်အတွက် ဟင်းသီးဟင်းရွက်များကို လျင်လျင်မြန်မြန် ကျက်သွားစေသည်။ 


ဆီနှင့်ကြော်ထားသော မွှေးကြိုင်နေသည့် အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို ကြည့်ကာ ဟဲရှောင်ယာသည် သူမ၏ နှလုံးသား ပွင့်ထွက်သွားသလို ခံစားလိုက်ရပြီး တံတွေးများကို မျိုချလိုက်သည်။


များသောအားဖြင့် သူမ အရွက်ကြော်သည့်အခါ ငှက်မွှေးနှင့် ထိသကဲ့သို့ ဆီတစက်မျှသာလျှင် ထည့်ခဲ့သော်လည်း သူမယောက္ခမက ဆီအလွန်အကျွံ သုံးစွဲပြီး ဖြုန်းတီးနေသည်ဟု ဆဲဆိုကြိမ်းမောင်းနေဆဲပင်။


သို့သော်လည်းပဲ သူမယောက္ခမက ဟင်းချက်ချိန်မှာ ဆီတွေကို ထိုမျှလောက် အများကြီးထည့်ခဲ့သည်။ ဒီနှုန်းနှင့်သာဆိုလျှင် သူတို့တွေ တနှစ်ကို ဆီ ၃၀ကတ်တီလောက် စားလိုက်မိမလား။ 


သူမကို ပိုအံအားသင့်စေသည်မှာ လီယောင်က ကြက်ဥလေးလုံးကို ထုတ်ယူလိုက်ခြင်း ဖြစ်သည်။


“ မေမေ၊ ကြက်ဥက ဘာအတွက်လဲ “


“ကြက်ဥစွပ်ပြုတ်”


ဟဲရှောင်ယာသည် အရင်က ကြက်ဥစွပ်ပြုတ်စားဖူးသော်လည်း ကြက်ဥလေးလုံးကိုတော့ တခါတည်း မစားဖူးပါ။ 


ကြက်ဥကို ဆား၊ ထမင်းရည်များနှင့် ရောမွှေပြီးနောက် ထမင်းပေါ်မှာ ပေါင်းလိုက်သည်။ လှီးထားသော နွေဦးကြက်သွန်လေးများကို ဖြူးလိုက်သည်။ အရသာပြေပြစ်ပြီး စားကောင်းမည့် ကြက်ဥစွပ်ပြုတ်လေးလည်း အဆင့်သင့် ဖြစ်ပါပြီ။ 


လီယောင်သည် ချက်ချင်း စမစားပဲ ထမင်းကို အိုးထဲမှ ကော်ခပ်လိုက်ပြီး ထမင်းကြွပ်အနည်းငယ်ကို ချန်ခဲ့လိုက်သည်။


 ထမင်းကြွပ်များ၏ အနားတလျှောက်ကို ဆီအနည်းငယ်လောင်းကာ ဒယ်အိုးကို အပူအနည်းငယ်ဖြင့် ကြော်ခဲ့သည်။ ၎င်းတို့ကို ယောင်းမဖြင့် အပိုင်းပိုင်းခွဲကာ ဆားတစက်နှစ်စက်ဖြူးလိုက်သည်။ ခဏအကြာတွင် အနံမွှေးပြီး ကြွပ်ရွနေသည့် ရွှေဝါရောင်သန်းနေသော ထမင်းကြွပ်ကြော်လည်း အဆင်သင့်ဖြစ်နေပါပြီ။


“ထမင်းစားဖို့ အချိန်ရောက်ပြီ”


ကလေးများသည် လေနှင့် ပါလာသော အနံများကြောင့် တံတွေးများကို မျိုချရင်း မီးဖိုးချောင် အပြင်ဘက်တွင် ရှိနေခဲ့သည်။ 


သို့သော် စားပွဲပေါ်တွင် အစားအသောက်များ အဆင်သင့်ရှိနေသော်လည်း မည်သူမှ သူတို့ရဲ့ ပန်းကန်နှင့် တူများကို မထိခဲ့ကြပါ။ လီယောင် ထမင်းထည့်ပေးသည်ကို နာခံစွာဖြင့် စောင့်နေကြသည်။ 


ဆန်ကြမ်း ၂ကတ်တီကျော်ကျော်ဖြင့် ထမင်းများများစားခဲ့ရသည်။ လူတယောက်လျှင် ထမင်း၂ပန်းကန် ရကြသည်။ 


လီယောင်သည် ကြက်ဥစွပ်ပြုတ်တဝက်ကို သူမနှင့်ကလေးများကြား ခွဲယူလိုက်ပြီး ကျန်သည်များကို ဟဲရှောင်ယာအား ပေးလိုက်သည်။


“မေမေ၊ ဘာလို့ ဒီလောက်တောင် အများကြီး ပေးတာလဲ”


ကြက်ဥစွပ်ပြုတ်ပန်းကန်တစ်၀က်ကို ကြည့်ရင်း ဟဲရှောင်ယာ သူမ၏ တူတောင် မကိုင်ရဲတော့ပေ။ 


ယခင်တုန်းက ထမင်းအနည်းငယ် ပိုယူခဲ့လျှင် သူမ၏ ယောက္ခမက သူမ၏ လက်တွေကို တူဖြင့်ခေါက်ကာ တတွတ်တွတ်ပြောကာ အပြစ်တင်တော့သည်။ ဤကိစ္စအတွက် မကျေနပ်ချက်များကို အဆုံးအစမဲ့ သူမ ခံစားခဲ့ရပြီးပြီ။ 


ဒီနေ့မှာတော့ သူမကို ပန်းကန်လုံးတဝက်တောင် တခါတည်း ပေးခဲ့သည်။ 


ဤသည်မှာ ကြက်ဥနှစ်လုံးတောင် တန်သည်။ 


သူမ၏ ယောက္ခမသည် ဒီနေ့မှာ တခြားလူတစ်ယောက်လို ဖြစ်နေသည်။


“ငါပေးရင် စားလိုက်။” ဟု လီယောင်က ပြောခဲ့သည်။ “နင် ထမင်း၊ ကြက်ဥ၊ အသီးအရွက်တွေကို များများပို စားရမယ်။ ထမင်းကြွပ်ကြော်ပဲ မစားနဲ့၊ အစာကြေဖို့ မလွယ်ဘူး။”


ဇနီးငယ်လေးသည် တမိသားစုလုံးတွင် ကျန်းမာရေး အညံ့ဆုံး အားနည်းဆုံး ဖြစ်သည်။ 


အိမ်ထောင်သက် ၆လကျော်ရှိနေခဲ့‌ပြီ ဖြစ်သည့်အတွက် အချိန်မရွေး ကိုယ်ဝန်ရလာနိုင်သောကြောင့် သူမ၏ကျန်းမာရေးသည် ပထမ ဦးစားပေးဖြစ်ရမည်။


“အားလုံး စားကြတော့။”


ကလေးတွေက ချက်ချင်းဆိုသလို သူတို့၏ ပန်းကန်နှင့် တူများကို ကောက်ကိုင်ခဲ့ကြသည်။ ထမင်းနှင့် ဆီပါသော အရသာရှိသည့် အစားအစာတွေကို စားခဲ့ရသည်မှာ အတော်ကြာရှိနေခဲ့ပြီ ဖြစ်သည်။ သူတို့သည် မြိန်ရေရှက်ရေဖြင့် စားခဲ့ကြသည်။ 


အထူးသဖြင့် အငန်ဓါတ်လေးနှင့် ရွှေဝါရောင် ထမင်းကြွပ်ကြော်၏ အရသာသည် သူတို့လျှာကိုတောင် ပြန်မျိုချချင်ခဲ့သည်။ 


စားပြီးသွားသော်လည်း အာသာမပြေကြသေးပေ။ ဝမ်ရှောင်စစ်သည် ဆေးထားသည်ထက်တောင် ပိုပြောင်သွားအောင် ပန်းကန်လုံးကို လျှာဖြင့်လျှက်ခဲ့သည်။


“မေမေ၊ ထမင်းကြွပ်ကြော်က အရမ်းအရသာရှိတာပဲ၊ နောက်တခါ ထပ်လုပ်ပါဦးနော်”


ဝမ်ရှောင်စစ်၏ ပူပင်ကြောင့်ကြမဲ့နေသည့် စိတ်နေစိတ်ထားနှင့် မတူစွာဖြင့် တာ့ကျွမ်းနှင့် ဟဲရှောင်ယာတို့၏ မျက်လုံးများတွင် စိုးရိမ်ကြောင့်ကြမှုများ ပေါ်လွင်နေသည်။ 


သူတို့ ဒီအစားအသောက်တွေကို ဗိုက်အပြည့် စားခဲ့ကြပြီ။ 


သို့သော် ညစာအတွက်ကော၊ မနက်ဖြန်အတွက် ဘယ်လိုလုပ်ရမလဲ။


ထမင်းစားပြီးနောက် လီယောင်သည် ထမင်းရည်ပန်းကန်တလုံးသောက်ခဲ့ပြီး နောက်ဆုံးတွင်တော့ ခွန်အားပြန်လည် ပြည့်တင်းလာတော့သည်။ 


သူမသည် ထိုင်ခုံတလုံးယူကာ ခြံထောင့်တွင်ထိုင်ကာ ရွာရှိ တခြားမိသားစုများနှင့် လယ်ကွင်းပြင်ကျယ်ကြီးများကို ကြည့်နေခဲ့သည်။ ဤမိသားစု ရှင်သန်နေထိုင်ဖို့အတွက် အသည်းအသန် စဉ်းစားဖို့ လိုအပ်သည်။ 


ယမန်နှစ်တွင် လွန်ကဲသော မိုးခေါင်ရေရှားမူကြီး ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံအနှံ သီးနှံများ ပျက်စီးစေခဲ့သည်။ နေရာအနှံ့တွင် စားနပ်ရိက္ခာများ ပြတ်လတ်နေကြပြီး လူအမြောက်အမြား ထွက်ပြေးလာကြသည်။


 အနောက်နယ်စပ်တွင် နိုင်ငံတော်အရန်တပ်ဖွဲ့များစွာ အသုံးပြုရသော ဆယ်စုနှစ်များစွာကြာနေသော စစ်ပွဲရှိနေသည့်အတွက် နန်းတော်ကလည်း ဒီသာမာန်ပြည်သူများကို ဂရုမစိုက်နိုင်ခဲ့ချေ။


ဟဲဝမ်ကျေးရွာသည် တောင်တန်းများဘေးတွင် တည်ရှိနေသည့်အတွက် မနှစ်က စပါးအချို့ကို ရိတ်သိမ်းနိုင်ခဲ့သော်လည်း ယခုနှစ်တွင်မူ လုံးဝဆုံးရှုံးခဲ့သည်။ မိသားစုတိုင်းတွင် ဆန်အပိုမရှိပါ။ ဟင်းသီးဟင်းရွက်များတောင် မျိုးသှဉ်းပျောက်ကွယ်သွားခဲ့သည်။ 


ထို့အတွက် အစားအသောက် ရနိုင်ဖို့ရာအတွက် သူတို့ကံကြမ္မာများကို တောင်ပေါ်မှာသာ မှီတင်းကြိုးစားခဲ့ရသည်။


အနောက်ဘက်မှ တောင်ကုန်း ငါးတောင် သို့မဟုတ် ခြောက်တောင်သည် အဆုံးမရှိသော တောင်ပေါင်းတစ်ထောင်ဖြစ်လာခဲ့သည်။ စိမ်းလန်းစိုပြေသော တောအုပ်များနှင့် ရှုပ်ယှက်ခတ်နေသော စပျစ်နွယ်ပင်များ၊ အတည်တကကျမရှိသော နွံနစ်တွင်းများ၊ ထို့အပြင်ခွေးအများ၊ မြေခွေးများ၊ ဝံပုလွေများနှင့် ကျားသစ်များလည်း ရှိသည့်အတွက် မုဆိုးများပင် အလွယ်တကူ မဝင်ရဲကြပေ။ 


သို့သော် လီယောင်အတွက်မူ ဤသည်မှာ ဘာမှမဟုတ်ချေ။ 


ဆယ်နှစ်သမီးအရွယ်ကပင် တောနက်ထဲသို့ ခြေစုံပစ်ဝင်ခဲ့ပြီး အနည်းဆုံး တလခန့် တကိုယ်တည်း ရှင်သန်နေထိုင်ခဲ့သည်။ ဆယ့်ငါးနှစ်အရွယ်မှာလည်း အမေဇုန်သစ်တောထဲ့သို့ တယောက်တည်း ဖြတ်သန်းခဲ့ပြီး ပိုပြီးပြည့်ဖောင်းစွာနဲ့ပင် ထွက်လာနိုင်ခဲ့သည်။ 


ထို့ကြောင့် ဒီနက်ရှိုင်းသောတောင်သည် သူမအမေအိမ်သို့ ပြန်သည်နှင့် သိပ်မခြားနားပေ။ 


အရမ်းဝေးဝေးမသွားသရွေ့ သူမ မမှောင်ခင် ပြန်ရောက်လာနိုင်သည်။


စိတ်ပိုင်းဖြတ်ပြီးနောက် လီယောင်သည် ဝါးဟောင်းတလုံးကို ခပ်ရိုးရိုး လေးနှင့် မြှား ပြုလုပ်ခဲ့ပြီးနောက် မိသားစုဝင်အားလုံးကို အတူတကွ ခေါ်လိုက်သည်။ 


လေးနှင့်မြှားကိုမြင်လိုက်သောအခါ ဝမ်ရှောင်စစ်၏ မျက်လုံးများသည် စိတ်အားထက်သန်စွာဖြင့် တောက်ပလာပြီး “မေမေ ဒါ သားအတွက်လား”


“သွားစမ်း ဘယ်ကလေးတွေက လေးတွေ၊ မြှားတွေနဲ့ ဆော့လို့လဲ”ဟု လီယောင်က ပြောလိုက်သည်။ “ဒီနေ့လည် နင်တို့အားလုံး ငါနဲ့အတူ တောင်ပေါ်တက်ရမယ်။”


“ကျွန်မတို့ တောင်ပေါ်ကို ဘာတက်လုပ်ရမှာလဲ။”ဟု ဟဲရှောင်ယာက ကြောက်ရွံစွာဖြင့် တိုးတိုးလေး မေးလိုက်သည်။ အယင်တနေ့တုန်းက တိမ်ဖြူရွာမှ မိသားစုတစုသည် စားစရာ မရှိသည့်အတွက် သူတို့မှာ ရှိသမျှ အစားအသောက်အားလုံးကို တခါတည်း စားလိုက်ပြီးနောက် တမိသားစုလုံး အတူတူ ပိုးသတ်ဆေး သောက်ကြတော့မှာလား။ 


မဟုတ်မှလွဲရော…မေမေက သူမတို့ကို ….ဖြစ်နိုင်မလား …


“မေမေ သမီးတို့မှာ ထမင်းတဝက်လောက် ကျန်ပါသေးတယ်။”


“နင်ဖွက်ထားတာက ငါ့အတွက် ထမင်းရည်တပန်းကန်အပြည်တောင် ရမှာမဟုတ်ဘူး”ဟု လီယောင်က ပြောခဲ့သည်။ “ခဏလောက် နင်တို့တွေက ဟင်းသီးဟင်းရွက်နဲ့ သစ်ဥသစ်ဖုတွေ တူး၊ ငါက တောကြက်နဲ့ တောယုန်တွေ အမဲလိုက်လို့ရမလား သွားကြည့်မယ်”


ကလေးများအားလုံး အချင်းချင်း အပြန်အလှန် စိုက်ကြည့်နေခဲ့ကြသည်။ အမေက ဘယ်လို အမဲလိုက်ရမယ်ဆိုတာကို  ဘယ်တုန်းကများ  သိခဲ့တာပါလိမ့်။