အခန်း (၃) ကံကောင်းရင် ညကျ ကြက်သားစားရလိမ့်မယ်
တောင်ကုန်းအနည်းငယ်ကို ဖြတ်ကျော်ခဲ့ပြီးနောက် လီယောင်သည် တောင်ပေါ်ရှိ တောအုပ်ခပ်ထူထူ၏ အစွန်းသို့ ရောက်ရှိလာခဲ့သည်။
ဤနေရာသည် ရွာသူရွာသားများ အရောက်အပေါက် နည်းပါသည့်အတွက် ဟင်းသီးဟင်းရွက်များကို တူးယူးခူးယူနိုင်ဆဲဖြစ်သောလည်း ဆေးဖက်ဝင်အပင်များကိုမူ တွေ့မြင်ဖို့ အရိပ်အယောင်တောင် မရှိတော့ပေ။ လီယောင်က တောအုပ်ထဲသို့ တယောက်တည်း ဝင်သွားနေစဉ် ကလေးများကိုတော့ အနီးအနားမှာရှိသော ဟင်းသီးဟင်းရွက်များကို တူးစေခဲ့သည်။
တနာရီကျော်ကြာ လမ်းလျှောက်လာပြီးသော်လည်း ဆေးဖက်ဝင်အပင်များကိုတော့ မတွေ့ခဲ့ရပေ။ သို့သော်လည်း မမျှော်လင့်ထားသည့်ကိုတော့ တွေ့ခဲ့ရသည်။ ဟင်းခတ်အမွှေးအကြိုင် အမြောက်အမြားကို တွေ့ခဲ့ရသည်။
စမုန်ညှင်းပွင့်၊ စီချွမ်ငရုတ်ကောင်း၊ စမုန်နက်၊ သစ်ကြံပိုးခေါက်၊ ကရဝေးရွက်နှင့် ဂျင်းတက်၊ စသည်ဖြင့် ထိုအရာအားလုံးကို အများအားဖြင့် အသုံးပြုကြပြီး စျေး၌လည်း ဝယ်လို့ရနိုင်သည်။
သို့ရာတွင် သစ်ကြံပိုးခေါက်၊ ဖာလာစေ့၊ ငရုတ်ကောင်းနှင့် ဂျင်းတက်တို့ကို ဤကမ္ဘာရှိ လူတို့သည် သုံးလို့ရနိုင်မှန်း မသိကြသေးပေ။ ထို့အတွက် ဟင်းချက်ရာတွင် အသုံးပြုရန် နှင့် နောက်ပိုင်းမှာ ဆားရည်စိမ်နိုင်ရန်အတွက် တခုချင်းဆီတိုင်းကို အနည်းငယ်မျှ ယူခဲ့သည်။
တောတွင်းထဲသို ထပ်မံ၍ ခပ်နက်နက်ဝင်သွားနေခိုက်တွင် တောင်-မြောက်ချိုင့်ဝှမ်းတခုက သူမ၏လမ်းကို ပိတ်ဆို့ထားခဲ့သည်။
နှစ်ဘက်လုံးတွင် မတ်စောက်နေသော ချောက်ကမ်းပါးများ ရှိနေကြပြီး မီတာတရာကျော်ခန့်နက်ကာ မြင်ကွင်းတလျှောက်လုံး အဆုံးမသတ်ပေ။ ချိုင့်ဝှမ်းအတွင်းတွင် သစ်ပင် ပေါင်းပင်များဖြင့် ထူထပ်နေပြီး လူသူအရိပ်အချ မမြင်ရချေ။
ဤသည်မှာ ရွာသူရွာသားများကို တောင်ပေါ်တက်ခြင်းကို ဟန့်တားပိတ်ဆို့ထားခဲ့သည့် ချိုင့်ဝှမ်းတစ်ခုလည်း ဖြစ်သည်။ အတွေ့အကြုံရှိသော မုဆိုးများပင် ဤချိုင့်ထဲ့သို မဆင်းဖူးပေ။ သို့သော် လီယောင်သည် ရဲရင့်ပြီး ကျွမ်းကျင်သည်။ ရွာသူရွာသားများ မကျော်လွှားနိုင်သည့် ဤအရာသည် သူမအတွက်တော့ အလွန့်အလွန် လွယ်ကူပါသည်။
မြေပြင်အခြေအနေကို သေချာလေ့လာပြီးနောက် လီယောင်သည် ချိုင့်ဝှမ်းထဲသို့ တဖြည်းဖြည်းချင်း ဆင်းသွားနိုင်ရန် ကမ်းပါးပေါ်ရှိ အပင်များကို အသုံးပြုပြီး လမ်းကြောင်းတခုကို ရေးဆွဲခဲ့သည်။ ချောက်ကမ်းပါးသည် အမှန်တကယ်ကို အန္တရာယ် ရှိပါသည်။ သူမအတွက်ပင် အကာအကွယ် တစုံတရာမရှိပဲ မြန်မြန်ဆန်ဆန် မဆင်းဝံ့ပေ။ ချိုင့်ဝှမ်းအောက်ခြေရောက်ဖို့ရာအတွက် သူမသည် အချိန် နာရီဝက်ခန့် ယူခဲ့ရသည်။
ချိုင့်ဝှမ်းထဲသို့ ရောက်သည့်အခါ သယံဇာတပေါင်းများစွာရှိသော ဘဏ္ဍာတိုက်တစ်ခုရှိနေသာ ကမ္ဘာသစ်တခုအတွင်းသို့ ဝင်ရောက်သွားခဲ့သလို ခံစားခဲ့ရသည်။
နေရာတိုင်းတွင် ဆေးဖက်ဝင်အပင် အမျိုးအစားပေါင်းစုံကို တွေ့မြင်ရသည်။
တိ၀ုတ်ပင်၊ အဖြူရောင်ပျိုနီပင်အမြစ်၊ ပျိုနီမြစ်၊ ဆေးမြက်ပင်၊ လီလီနှင်းပန်း၊ ကလျာဏီပင်၊ ဂျပန်မြက် စသည်တို့မှာ သက်တမ်းအနည်းငယ်သာ ရှိနေသေးသည်။ အချိန်သိပ်မကြာခင် တောင်းတဝက် ပြည့်အောင် ခူးနိုင်ခဲ့သည်။ ဆေးမြက်တစုကို တူးပြီးနောက် ရုတ်တရက် လီယောင်ကို အလွန်အမင်း ပျော်ရွှင်စေနိုင်သည့် အသံခပ်တိုတို ခပ်စူးစူးတခုကို ကြားလိုက်ရသည်။
တောကြက်တွေလား။
သူမသည် ခြင်းတောင်းကို ချလိုက်ပြီး လေးနှင့်မြှားကို ကိုင်ကာ အသံလာရာသို့ တိတ်တဆိတ် ချဉ်းကပ်သွားခဲ့သည်။ မကြာခင်အချိန်တွင် မီးခိုးရောင် ကြက်ပေါက်လေးတကောင်သည် ချုံနွယ်ပင်များ၏ အောက်ခြေကို ထိုးဆိတ်နေသည်ကို တွေ့ခဲ့ရသည်။
၎င်းသည် အကြိမ်အနည်းငယ်ဆိတ်ပြီးနောက် အနီးအနားရှိ အသံများကို နားစွံ့ရန် ခေါင်းကို မြှောက်ထားခဲ့သည်။
လီယောင်သည် မြှားမပစ်မှီ သုံးမီတာအကွာအဝေးခန့်ကို တိတ်ဆိတ်ညှင်သာစွာဖြင့် ချည်းကပ်လာခဲ့သည်။
“ဝှစ်”
ဝါးမြှားသည် တောကြက်၏အနောက်ခြေထောက်ကို ထိမှန်သွားပြီး စူးစူးရှရှ မြည်တွန်ကာ အထိတ်တလန့်နှင့် ထွက်ပြေးဖို့ ကြိုးစားခဲ့သည်။
လီယောင်သည် ခုန်အုပ်လိုက်ပြီး လည်ပင်းကို ဆွဲကာ လိမ်လိုက်သည်။ ထိုနည်းဖြင့် သူမသည် တောကြက်ကို အလွယ်တကူ ဖမ်းမိခဲ့သည်။
တကောင်ရှိလျှင် နှစ်ကောင်ရှိလိမ့်မည်။ နှစ်ကောင်ရှိလျှင် သုံးကောင်ရှိလိမ့်မည်။ လီယောင်လည်း အနီးအနား၌ရှိသော နောက်ထပ် တောကြက်နှစ်ကောင်ကို မြန်မြန်ဆန်ဆန် ပစ်ခဲ့သည်။
တောကြက်သုံးကောင်လုံးသည် သေးငယ်ပြီး တစ်ကောင်လျှင် တစ်ပေါင်ကျော်ကျော်ခန့်သာ ရှိသည်။ ၎င်းတို့သည် အလွန်ငယ်ရွယ်ပြီး နူးညံ့ပုံရသည်။ ဤသို့သော ကြက်အမျိုးအစားသည် နူးနူးညံ့ညံ့ အသားများရှိသည့်အတွက် ကြော်ရန် သို့မဟုတ် ကင်ရန်အတွက် သင့်တော်သည်။
အရေအတွက်အားဖြင့်တော့ နည်းနေသေးသည်။
သို့သော်လည်း သူမကို ကံကြမ္မာက မျက်နှာသာပေးခဲ့သည်၊ သို့မဟုတ် ဤချိုင့်ဝှမ်းက အရင်းအမြစ်များ အလွန်ပေါများနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ မကြာခင်မှာပင် သူမသည် ပြည့်ပြည့်ဖြိုးဖြိုး ယုန်တစ်ကောင်ကို တွေ့ခဲ့ရပြီး အောင်အောင်မြင်မြင် ပစ်နိုင်ခဲ့သည်။
တောကြက်အကောင်ငယ် သုံးကောင်နှင့် ယုန်အကြီးတစ်ကောင်တို့သည် နောက်ဆုံးတွင်မူ ယနေ့ညစာအတွက် လုံလောက်ခဲ့ပြီဖြစ်သည်။
ဆေးဖက်ဝင်အပင်များကို မနက်ဖြန် မြို့ထဲသို့ ယူဆောင်သွားခြင်းဖြင့် လက်တလောတွင် ရင်ဆိုင်နေရသည့် ပြဿနာကို ဖြေရှင်းပေးသော ငွေတချို့ကိုလည်း ရရှိနိုင်မည် ဖြစ်သည်။
ချောက်ကမ်းပါးထိပ်သို့ တက်လာရင်း လီယောင်သည် သူ့ကိုယ်သူ အိမ်မြန်မြန် ပြန်ရန်အတွက် ရှေးရှုခဲ့သည်။
တောအုပ်အစွန်နားသို့ မရောက်မီ သူမ ရုတ်တရက် ခြေသံကြားလိုက်ရပြီး လက်ထဲမှ ဓားမကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
“ဘယ်သူလဲ”
“ငါပါ။”
မကြာမီ လေးနှင့်မြှားကို ကိုင်ဆောင်ထားသော မုဆိုးလျှို့သည် သစ်ပင်တစ်ပင်နောက်မှ ထွက်လာခဲ့သည်။
ဤသည်က လီယောင်ကို သတိဝီရိယ ပိုရှိစေခဲ့သည်။ ဤကဲ့သို့ တောအုပ်အတွင်းတွင် ငယ်ရွယ်လှပသော မုဆိုးမတစ်ယောက်သည် သန်မာသော ယောက်ျားတဦးနှင့် တွေ့ဆုံမှုသည် သားရဲတစ်ကောင်နှင့် တွေ့ခြင်းထက် အဆပေါင်းများစွာ အန္တရာယ်များသည်။
ကံကောင်းထောက်မစွာဖြင့် မုဆိုးလျှို့က ဖြောင့်မတ်သည်။ သူမကို တစ်ယောက်တည်း မြင်တွေ့လိုက်ရသောအခါ သူမအနားသို့ ကပ်မလာခဲ့ပေ။
“ငါက တခြားသူလို့ ထင်နေခဲ့တာ၊ လီယောင်ပဲ” မုဆိုးလျှို့သည် လီယောင်၏ ဇာတိရွာမှ ဖြစ်သည့်အတွက် သူမကို ချက်ချင်း မှတ်မိခဲ့သည်။
“တောထဲကို တစ်ယောက်တည်း ဘာလာလုပ်နေတာတုန်း”
“အမဲလိုက်ဖို့ လာတာ။”
“မင်းက အမဲလိုက်ဖို့လား” မုဆိုးလျှို့က ရယ်ခဲ့သည်။ အမျိုးသမီးတစ်ယောက်က အမဲလိုက်ဖို့ တောင်ပေါ်ကို လာတယ်။ ဒါက ဟာသ မဟုတ်ဘူးလား။
“ဪ..၊ မင်း အမဲလိုက်ဖို့ တခုခု လုပ်ပြီးပြီလား “ဟု မုဆိုးလျှို့က မရေမရာ ခပ်ပြုံးပြုံးဖြင့် မေးခဲ့သည်။
“သိပ်မများပါဘူး၊ တောကြက်သုံးကောင်နဲ့ ယုန်တစ်ကောင်ပဲ”
မုဆိုးလျှို့ …..
လီယောင်၏ လက်ထဲတွင် ရှိသော တောကြက်နှင့်ယုန်များကို မြှားဖြင့် ပစ်သတ်ခဲ့သည်ကို မြင်လိုက်ရသောအခါ မုဆိုးလျှို့၏ မျက်လုံးများသည် ပြူးထွက်လာခဲ့သည်။
သူမ တကယ်ကို ဒီလောက်ရအောင် အမဲလိုက်ခဲ့သည်ပင်။
သူသည် သစ်တောထဲတွင် ထောင်ချောက်ပေါက်များစွာ ဆင်ခဲ့ပြီး နေတိုင်းလိုက်လံ စစ်ဆေးသော်လည်း ဆယ်ရက်တိုင်တိုင် ဆက်တိုက်ဆိုသလို လက်ဗလာဖြင့်သာ ပြန်ခဲ့ရသည်။
ယနေ့တွင်မူ ကံကောင်းစွာဖြင့် တောကြက်ငယ်သုံးကောင် ဖမ်းမိခဲ့သည့်အတွက် လက်ဗလာဖြင့် အိမ်ပြန်ဖို့ မလိုခဲ့ချေ။
သို့သော်ငြား သူမနှင့် ယှဉ်ရင်တော့ သေလောက်အောင် ဒေါသထွက်ဖို့ လုံလောက်သည်။
“အစ်ကိုကြီးလျှို့” ဟု လီယောင်က ပြောခဲ့သည်။ မုဆိုးလျှို့တွင် မကောင်းသော ရည်ရွယ်ချက် မရှိသည်ကို မြင်ရသည့်အတွက် “ရှင့်ရဲ့ ကြက်တွေကို တစ်ခုခုနဲ့ လဲချင်လား” ဟု မေးလိုက်သည်။
“ဘာနဲ့လဲမှာလဲ”
“ရှင့်ကြက်သုံးကောင်နဲ့ ငါ့ယုန်ကို လဲမယ်။”
လီယောင်ဖမ်းလာခဲ့သောယုန်သည် အလွန်ပြည့်ဖြိုးပြီး ကြက်သုံးကောင်ထက် မနည်းပေ။ အမွေးကိုလည်း ရောင်းနိုင်သည်။ တွက်ချေကိုက်သည့်အတွက် လဲလှယ်ရန် မုဆိုးလျှို့လည်း သဘာဝကျကျပင် သဘောတူခဲ့သည်။
အဘယ်ကြောင့် တောယုန်အား သူမလဲလှယ်မှု ပြုလုပ်ခဲ့သလဲဆိုသည်မှာ ဟင်းချက်ဝိုင်မရှိပဲ တောယုန်၏ အနံဆိုးကို ဖယ်ရှားဖို့ ခက်ခဲ့သည့်အတွက် လဲခဲ့ခြင်းဖြစ်သည်။
လဲလှယ်ခြင်းက ပိုကောင်းပါသည်။ ထည့်ပြောရလျှင် ကြက်ခြောက်ကောင်သည် သူမ၏ မိသားစုအတွက် တယောက်တကောင်မျှ သင့်တော်သည်။
လဲလှယ်ပြီးနောက် မုဆိုးလျှို့က ဖော်ရွေစွာဖြင့် သတိပေးခဲ့သည်။
“ဒီရာသီမှာ တောဝက်တွေ ဒီတောင်တွေကို စရောက်လာတော့မှာ။ မင်းတစ်ယောက်တည်း တောထဲ တောင်ထဲကို ထပ်မဝင်ရင် ပိုကောင်းမယ်”
“တောဝက်လား။”
လတ်ဆတ်သော ဆလတ်ရွက်ဖြင့် ထုပ်ထားသော ကြွပ်ရွမွေးကြိုင်နေသော ဝက်ဗိုက်သားကို တွေးမိယုံဖြင့် လီယောင့်နှလုံးသား ဂနာမငြိမ် ဖြစ်သွားသည်။ ဤတောင်ပေါ်သို့ သူမ မကြာမကြာ လာရမည့်ပုံပေါ်သည်။
“နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ် အစ်ကိုကြီးလျှို့”
ကြက်များကို သယ်ဆောင်ကာ လာရာလမ်းအတိုင်း ပြန်သွားပြီး တာ့ကျွမ်းနှင့် ကလေးများကို တွေ့ခဲ့သည်။ ထိုအချိန်တွင် နေမင်းကြီးသည် အနောက်ဘက်သို့ စောင်းနေခဲ့ပြီ နေဝင်ခဲ့ပြီ ဖြစ်သည်။ သူမသည် အမှန်တကယ်ပင် တောကြက်များကို အမဲလိုက်ခဲ့ကြောင်းနှင့် ၎င်းတို့သည် ခြောက်ကောင်ရှိသည်ကို မြင်လိုက်ရသော ကလေးငယ်များသည် သူတို့၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရန်အလို့ငှာ ခက်ခဲလှသည်။
ထို့အပြင် သူတို့အားလုံး အရမ်းစိုးရိမ်နေခဲ့ကြသည်။
ယခင်ကဲ့သို့ အဖွားတို့မိသားစုကို ကြက်များအားလုံး ပေးလိုက်မည်လား သူတို့ မသိပါ။
သို့သော် သူတို့၏ စိုးရိမ်ပူပန်မှုသည် မလိုအပ်တော့သည်ကိုလည်း တွေ့ခဲ့ရသည်။
အိမ်ပြန်ရောက်သည့်အခါ လီယောင်သည် ချက်ချင်းပင် ပစ္စည်းများကို စတင်စီစဉ်ခဲ့သည်။ တာ့ကျွမ်းနှင့် ဝမ်အာတို့သည် ကြက်ကို သန့်စင်သည်။ စန်းအာနှင့် ဝမ်ရှောင်စစ်တို့သည် မီးမွှေးပြီး မီးသွေးရစေခဲ့သည်။ ဟဲရှောင်ယာသည် ဆေးဖက်ဝင်အပင်များနှင့် ဟင်းသီးဟင်းရွက်များကို ခွဲထုတ်ကာ နွေဦးကြက်သွန်နှင့် ဂျင်းတက်များကို ဆေးကြောပေးသည်။ သူမသည် ဟင်းခတ်အမွှေးအကြိုင်များကို အပူချိန်နည်းနည်းဖြင့် အခြောက်ခံကာ ရိုးရှင်းသော ၁၃မျိုးပါ ဟင်းခတ်အမွှေးအကြိုင်အမျိုးအစား တခုလုပ်ရန် ပြင်ဆင်ခဲ့သည်။
“မေမေ” ဟု ဟဲရှောင်ယာက ခေါ်လိုက်ပြီး တချို့သော ဟင်းခတ်အမွှေးအကြိုင်များကို သူမ မသိသောကြောင့် “ဒါတွေက ဘာတွေလဲ၊ အနံ့လေးတွေက မွှေးနေတာပဲ” ဟု မေးလိုက်သည်။
“တောထဲက ကောက်လာတာ။ အနံမွှေးလို့ စမ်းကြည့်ဖို့ ယူလာတာ။ ကျောက်ငရုတ်ဆုံ ဘယ်မှာလဲ။”
“စင်အောက်မှာ၊ သမီးယူလိုက်မယ်။”
ဟင်းခတ်အမွှေးအကြိုင် အခြောက်များကို ကျောက်ငရုတ်ဆုံတွင် ထည့်ကာ တဖြည်းဖြည့်ချင်း ထောင်းကာ အမှုန့်ဖြစ်စေခဲ့သည်။ ရနံမွှေးမွှေးများက ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။ ဟဲရှောင်ယာလည်း ၎င်းတို့ကို အနံ့ခံနေခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူမအရင်တွေ့ခဲ့ဖူးသော ဟင်းခတ် အမွှေးအကြိုင်များထက် ပိုမွှေးနေခဲ့သည်။
ရောစပ်ထားသော ဟင်းခတ်အမွှေးအကြိုင်များ၏ ရနံ့က သူမကို ပို၍ သက်တောင့်သက်သာဖြစ်စေခဲ့သည်။
တမိသားစုလုံး အလုပ်များနေကျသော်လည်း စနစ်တကျရှိကာ တက်ကြွနေကြသည်။ ယိုယွင်းပျက်စီးနေသည် သက်ကယ်အိမ်မဟုတ်ပါက၊ ဤအိမ်မှာ ဟဲဝမ်ရွာရှိ အဆင်းရဲဆုံး မိသားစု၏ အိမ်ဟု မည်သူက ထင်ကြမည်နည်း။
ကြက်များကို သန့်စင်ပြီးနောက် လီယောင်သည် အရသာတိုးလာစေရန် ဆား၊ ကြက်သွန်၊ ဂျင်းနှင့် ၁၃မျိုးပါ ဟင်းခတ်အမွှေးအကြိုင်နှင့် ရောမွှေပြီး နာရီဝက်ခန့် နှပ်ထားခဲ့သည်။ ထို့နောက် ကြက်များကို ဝါးသီတံများပေါ်တွင် ချည်နှောင်ကာ မီးရဲရဲပေါ်တွင် တဖြည်းဖြည်းချင်း ကင်ခဲ့သည်။
ကြက်များ ကျက်ခါနီးသောအခါ ကြက်အသည်းအမြစ်များကို အပေါက်ဖောက်ကာ ဝါးသီတံတွင် ထိုးပြီး အပူနည်းနည်းဖြင့် ကင်ခဲ့သည်။ နောက်ဆုံးတွင် ဆီတထပ်သုတ်ခဲ့ပြီး ၁၃မျိုးဟင်းခတ်ကို ဖျူးလိုက်သည်။ သင်းပျံ့သောရနံ့များ ချက်ချင်းထွက်ပေါ်လာပြီး ခြံတခုလုံး အနံမွှေးမွှေးများဖြင့် ပြည့်နှက်နေတော့သည်။
ကလေးများလည်း ရွှေညိုရောင်ကြက်ကင်ကို ကြည့်ကာ ဆက်တိုက်ဆိုသလို သွားရည်များ ယိုကျနေတော့သည်။
“ကဲ အားလုံးလက်ကို ပြောင်နေအောင် သွားဆေးကြ၊ ထမင်းချိန်ရောက်ပြီ။”
တမိသားစုလုံး စားပွဲဝိုင်းမှာ ထိုင်နေကြပြီး လူတိုင်းရှေ့တွင် ကြက်ကင်တကောင် ရှိနေခဲ့သည်။
ကြက်ကင်သည် ရွှေညိုရောင်သန်းနေပြီ အသားများသည် နူးညံ့ကာ အရည်ရွှမ်းပြီး လတ်ဆတ်နေသည်။ ဟင်းခတ်အမွှေးအကြိုင်များကလည်း အလောတကြီး အားရပါးရ စားသောက်ဖို့ မငြင်းနိုင်အောင် လုပ်ခဲ့သည်။
ပန်းကန်ပြားတစ်ချပ်ပေါ်တွင် ကြက်အသည်းအမြစ်ကင်များကလည်း ရွှေအိုရောင်သန်းကာ ကြွပ်ရွလတ်ဆတ်နေသည်။
သူတို့စတင် စားသောက်တော့မည့်အခိုက် အစေးမကပ်သော အသံတခုသည် အပြင်မှ အော်ခေါ်လာသည်။ “အနံအရမ်းမွှေးနေတာပဲ ဘာတွေစားနေကြတာတုန်း”
လီယောင် ခေါင်းမော့ကြည့်လိုက်သောအခါ ဖိတ်မခေါ်ပဲ ဝင်လာသူမှာ သူမ၏မောင်ငယ်ဖြစ်သူ လီဖူ ဖြစ်နေခဲ့သည်။
စားပွဲပေါ်ရှိ တောကြက်များကို မြင်သောအခါ လီဖူ၏မျက်လုံးများသည် လောဘတကြီးနှင့် တောက်ပလာခဲ့သည်။ ထို့နောက် တုံ့ဆိုင်းခြင်းကင်းမဲ့စွာနှင့် ထိုင်ချခဲ့သည်။
“အစ်မ နင်တို့မှာ ကြက်တွေ အများကြီးရှိနေတာကို ငါတို့ကိုလည်း မပို့ဘူး။ တော်သေးတာပေါ့။ ငါ အချိန်မှီရောက်လာလို့။”ဟု ပြောလိုက်ရင်း ဝမ်ရှောင်စစ်၏ ရှေ့မှ ကြက်ကင်ကို ပေါ့ပေါ့ပါးပါးဖြင့် ကောက်ယူခဲ့သည်။
ဤသည်ကို မြင်သော်လည်း ကလေးများသည် တချက်မျှ ခိုးမကြည့်ရဲကြပေ။
များသောအားဖြင့် ဤဦးလေးသည် သူတို့အပေါ်တွင် ကောင်းမွန်သော သဘောထားမရှိချေ။ သူသည် ဤအိမ်ရှိ စားကောင်းသောက်ကောင်းမှန်သမျှကို ယူသည့်အပြင် သူ့အိမ်မှာထက် သူတို့၏ အိမ်တွင် ပိုပြီး ပေါ့ပေါ့ပါးပါး ဖြစ်လေ့ရှိသည်။ ထို့အပြင် အမေသည် သူ့အား မည့်သို့ပင်ဖြစ်စေ အမြဲတမ်း ကာကွယ်ပေးခဲ့သည်။
ယခုအခါလည်း ကြက်ကင်စားချင်လာသောအခါ အမေက လက်နှစ်ဖက်ဖြင့် အလွယ်တကူ ယူပေးရုံသာမက နောက်ထပ်လည်း ယူခွင့်ပေးလိမ့်မည်ဟု သူတို့ ထင်နေခဲ့ကြသည်။
အခု ကြက်ကင်စားချင်လာတော့ အမေ့ကို လက်နှစ်ဖက်စလုံးနဲ့ အလွယ်တကူ လွှဲပေးရုံသာမက အကြိမ်ပေါင်းများစွာလည်း ပြန်ယူခွင့်ပေးမယ်လို့ သူတို့ထင်နေကြတယ်။ သို့သော် လီဖူက ပန်းကန်ကို မထိခင် လီယောင်၏တူများသည် လျှပ်စီးကဲ့သို့ လက်သွားပြီး သူ့ကို တားလိုက်ခြင်းက လူတိုင်းကို အံဩသွားစေသည်။