အပိုင်း ၄
Viewers 98

အခန်း (၄) ပထမဆုံး စီးပွားရှာခြင်း


 လီဖူသည် ရိုက်နှက်မှုကြောင် နာကျင်သွားပြီး လက်ကို အမြန်ပြန်ရုတ်လိုက်သည်။ တချိန်တည်းမှာပင် သူမကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ပြီး ကျယ်ကျယ်လောင်လောင် အော်လိုက်သည်။ “ဘာလို့ ငါ့ကိုရိုက်တာလဲ”


“ငါ နင့်ကို ထိုင်ခိုင်းလား”ဟု လီယောင်က အေးတိအေးစက်ဖြင့် မေးလိုက်သည်။ “ငါ နင့်ကို စားခိုင်းလား” 


လီဖူတယောက် သူ့အမကြီးထံမှ ဤသို့စကားများကို ထွက်လာသည်ကို ယုံကြည်ဖို့ ခက်ခဲလွန်းလှသည်။ သူ့အစ်မကြီးသည် သူ့အား အမြဲတမ်း အလိုလိုက်ပြီး သည်းခံခဲ့လေသောသူလည်း ဖြစ်သည်။ 


“ဒါက ဘာကိုပြောတာလဲ အစ်မ”ဟု လီဖူက ပြောခဲ့သည်။ “ဒါက ကြက်သားနည်းနည်းလေးလေ။  မျှစားဖို့ကို နင်က ဝန်လေးနေတာလား။ အနာဂတ်မှာ နင့်ဆီမှာ အခက်အခဲရှိရင် ငါတို့ကို ကျောထောက်နောက်ခံ မလိုချင်တော့ဘူးလား “


လီယောင်လည်း စိတ်မရှည်ဖြစ်လာကာ “ငါ ဂရုမစိုက်ဘူး၊ ထွက်သွားစမ်း။” 


“ထွက်သွားစမ်း”ဟူသော စကားလုံးတလုံးသည် လီဖူကို ဒေါသ အပီအပြင် ထွက်စေခဲ့သည်။ သူ၏ အစ်မကြီးသည် သူ့အား ဘယ်တုန်းကမှ နစ်နစ်နာနာဖြစ်အောင် ရိုင်းပျစော်ကားခြင်းမရှိခဲ့ချေ။ 


သူသည် ချက်ချင်းဆိုသလို မတ်တပ်ထရပ်ကာ လီယောင်အား လက်ညှိုးထိုးပြီး စတင်ဆဲဆိုခဲ့တော့သည်။ “နင့်မှာ ကြက်နှစ်ကောင်ရှိနေလို့ နင့်ကိုနင် အရမ်းတော်နေပြီလို့ ထင်နေတာလား။ နင်က နင့်မိသားစုကိုတောင် အသိအမှတ်မပြုတော့ဘူး။ နောက်နောင် နင့်မိသားစုမှာ အခက်ကြုံလာရင် ငါ့မိသားစုနာမည် “လီ”လို့ မသုံးရတော့ဘူး ဆိုရင်တောင် နင့်တို့ကို ကူဖို့ တခွန်းမပြောပေးတော့ဘူး”


လီယောင်သည် တာ့ကျွမ်းဘက်ကို လှည့်လိုက်ပြီး “သူ့ကို တုတ်နဲ့ရိုက်လိုက်စမ်း”ဟု ပြောလိုက်သည်။ 


ထိုစကားကို တာ့ကျွမ်းကြားလိုက်သောအခါ ချက်ချင်းပင် တံခါးနောက်ရှိ သစ်သားတုတ်ရှည်ကို ထုတ်ယူခဲ့သည်။  


ဒီဦးလေးကို သူ သည်းခံခဲ့သည်မှာ အတော်ကြာခဲ့ပြီ ဖြစ်သည်။ အခွင့်ကြုံလာခဲ့လျှင် သက်ညှာသနားတော့မည် မဟုတ်ချေ။


ထိုအရာကို လီဖူမြင်သောအခါ “နင်တို့က ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နေကြတာပဲ”ဟု ဆိုပြီး သူ၏ ဒွါရ ခုနှစ်ပေါက်လုံးမှ အငွေ့ထွက်လာသည်အထိ ဒေါသထွက်ခဲ့သည်။ “ကောင်းပြီ၊ ကောင်းပြီ။ နင်တို့က ကျေးဇူးကန်းတဲ့သူတွေ၊ ငါ့ကိုလာ အပြစ်မတင်တော့နဲ့။ အခုချိန်ကစပြီး ငါ့ညီ လီရှန်းနဲ့ နင့်တို့ဝမ်အာ စာသင်ဖို့အတွက် မေ့လိုက်တော့”


“ရိုက်စမ်း” 


လီယောင်မှ အမိန့်ပေးသည့်အတွက် တာ့ကျွမ်းလည်း လီဖူကို ရိုက်နှက်ခဲ့လေတော့သည်။ လီဖူလည်း ကြောက်ရွံ့သွားပြီး ဆဲဆဲဆိုဆိုဖြင့် ထွက်ပြေးသွားခဲ့သည်။  


“အခုချိန်ကစပြီး လွယ်လွယ်ကူကူ ဝင်လာတဲ့ ဘယ်သူ့ကိုမဆို ရိုက်ပစ်လိုက်၊ အထူးသဖြင့် နင့်တို့အဖွားရဲ့ မိသားစုဝင်တွေကို။ နင်တို့ ဘယ်သူ့ကိုမှမသတ်သရွေ့ ဘာမှမဖြစ်အောင် အမေကာကွယ်ပေးမယ်။”ဟု လီယောင်က ပြောခဲ့သည်။ 


“ဟုတ်ကဲ့ပါ”ဟု ကလေးတွေက ပြန်ဖြေခဲ့ကြသည်။ သူတို့သည် တိတ်တိတ်ကလေးလည်း စိတ်များလည်း လှုပ်ရှားနေခဲ့ကြသည်။ နောက်ဆုံးတွင် အမေသည် အဖွားမိသားစုတွေသည် သူတို့၏ ပစ္စည်းများကိုသာ လိုချင်နေမှန်း သိသွားခဲ့ပြီ ဖြစ်သည်။ အဖွားမိသားစု အားလုံးသည် တစ်ယောက်မှ လူကောင်း မဟုတ်ကြချေ။


“ကဲ.. မြန်မြန်စားကြတော့။” 


တောကြက်သားသည် မွေးထားသော ကြက်များထက် ပိုအရသာရှိသည်။ 


၎င်းတို့သည် တောကြက်ငယ်များဖြစ်သောကြောင့် အသားများသည် နူးညံ့ပြီး အရသာခပ်ပြင်းပြင်း မရှိချေ။ ကြက်သားအရသာ ပေါများပြီး အဆီပေါကာ ဆိမ့်နေသည်။  ကလေးများသည် ပါးစပ်နှင့် လက် အဆက်မပြတ်အောင်ကိုပင် စားသောက်ကြလေတော့သည်။ 


တမိသားစုလုံး အရင်က ကြက်သားစားဖူးကြသော်လည်း နှစ်ပေါင်းများစွာ မွေးမြူထားသည့် ကြက်ဖြစ်သည့်အတွက် ပြုတ်ထားသော ကြက်သားသည် အရမ်းရင့်သည်။ ဤကြက်ကင်လောက် မနူးညံ့ကာ အရသာလည်း သိပ်မရှိခဲ့ပါ။ 


ကလေးများသည်  အပြည့်အ၀ ကျေနပ်စွာဖြင့် သီတံများကို ပြောင်နေအောင် လျှက်နေကြသည်ကို လီယောင်မြင်သောအခါ ထူးထူးဆန်းဆန်း အောင်မြင်မှု၏ အရသာကို ရုတ်တရက် ခံစားလိုက်ရသည်။  


“မေမေ၊ ကျွန်တော် ပန်းကန်သွားဆေးလိုက်မယ်။”


“မေမေ၊ ကျွန်တော် မေမေမျက်နှာသစ်ဖို့ ရေခပ်ပေးမယ်” 


“မေမေ၊ ကျွန်တော် ခြေထောက်ဆေးပေးမယ်။”


“မေမေ၊ အဝတ်စားလဲလိုက်၊ ကျွန်တော်လျှော်ပေးမယ်...” 


ညစာစားပြီးနောက် ကလေးများသည် ၎င်းတို့၏ ဝေယျာဝစ္စများကို စတင်လုပ်ဆောင်ကြပြီး ဘုရင်မကဲ့သို့ပင် သူမ၏ လမ်းညွှန်ချက်များကို  စောင့်ဆိုင်းနေခဲ့ကြသည်။ 


လီယောင်လည်း အားလုံးကို ပျော်ပျော်ရွှင်ရွှင်နှင့် လက်ခံခဲ့သည်။ 


မိခင်တစ်ယောက် ဖြစ်ရသည်မှာ အရမ်းမဆိုးလှပါ။ 


သို့သော်လည်း သူမသည် ဝမ်အာ တခုခုဖြစ်နေခဲ့သည်ကိုမူ သတိထားမိခဲ့သည်။ သူသည် ခြံထဲတွင် တစ်ယောက်တည်း ကြယ်များကို ကြည့်နေခဲ့သည်။ 


“တာ့ကျွမ်း၊ ဝမ်အာက ဘာဖြစ်နေတာလဲ” 


တာ့ကျွမ်းလည်း ခြံထဲကိုလှမ်းကြည့်လိုက်သည်။ မဖြေခင် တုန့်ဆိုင်းတုန့်ဆိုင်းနှင့် ဖြစ်နေခဲ့ပြီး “ဦးလေးက သူ့ကို ဦးလေးငယ်နဲ့ စာသင်ခွင့်မပေးတော့ဘူးလို့ ပြောခဲ့တယ်လေ” ဟု ဖြေခဲ့သည်။ 


လီဖူ ထို့ကဲ့သို့ ပြောခဲ့သည်ကို လီယောင်လည်း သတိရလိုက်သည်။ သို့ပေမဲ့ သူမအမြင်မှာ ဤအရာသည် ကြီးကြီးမားမား မဟုတ်ပါ။ အကြီးဆုံးက အလုပ်ကြိုးစားသည်။ ဒုတိယက ထက်မြက်ပြီး တတိယနှင့် စတုထ္ထက လျှောက်ကစား လျှောက်သွားသည်ဟုသော အဆိုတခု ရှိလေသည်။ 


ဝမ်အာသည် ငယ်စဉ်အရွယ်ကတည်းက ဉာဏ်ကောင်းပြီး စာသင်ရသည်ကို နှစ်သက်သည်။ 


တိုက်ဆိုင်စွာပင် မူလသူမ၏ မောင်အငယ်ဆုံးဖြစ်သူ လီရှန်းသည်လည်း စာသင်နိုင်ခဲ့သည်။ အသက် ဆယ့်နှစ်နှစ်အရွယ်မှာပဲ မြို့ကျောင်းတွင် ကလေးကျောင်းသား ဖြစ်လာပြီး အနာဂတ်တွင် သူသည် ရာထူးဝင်စာမေးပွဲကို အောင်နိုင်မည်ဟုလည်း အာမခံခဲ့သော ဆရာဖြစ်သူ၏ တန်ဖိုးထားခြင်းကိုလည်း ခံခဲ့ရသည်။ 


လွန်ခဲ့သော နှစ်နှစ်ခန့်က မူလကိုယ်သည် ဝမ်အာကို လီရှန်းနှင့်အတူ စာသင်စေခဲ့သည်။ တခုခုကို သင်ယူနိုင်ရန်နှင့် မိသားစုတွင် စာရေးစာဖတ် ပေးနိုင်သူတယောက် ဖြစ်လာစေရန် မျှော်လင့်ခဲ့သည်။ သူမ၏ မိခင်မိသားစုအပေါ်မှာ အရှက်မရှိ တောင်းဆိုခဲ့ခြင်းမှာလည်း ဤအကြောင်းပြချက်သာလျှင် ဖြစ်ခဲ့သည်။ 


အတူတကွ လေ့လာသည်ဟု အပြောအရ ကောင်းသောငြားလည်း အမှန်တွင်မူ ဝမ်အာသည် အနှိပ်စက်ခံ ခိုင်းဘက်တယောက်အဖြစ် အသုံးခံရခြင်းသည်သာ ဖြစ်ခဲ့သည်။ 


ဝမ်အာသည် ဦးလေးငယ်၊ အဖွားမိသားစု နှင့် ဦးလေးငယ်၏ အတန်းဖော်များသာမက ဆရာအိုကြီး၏ ညှဉ်းပန်းနှိပ်စက်မှုကိုပါ ကြံကြံခံခဲ့ရသည်။ ကလေးငယ်တစ်ယောက်အတွက် အလွန်တရာမှ သနားစရာ ကောင်းလှပါသည်။ 


ထို့အပြင် လက်ထပ်ထိမ်းမြားရန်အတွက်လည်း ငြင်းဆိုခံခဲ့ရသည့်အတွက် ယနေ့အဖို့ သူ့ခမျာ နှစ်ထပ်ကွမ်း ခံစားခဲ့ရသည်။ 


သူမသည် ခြံထဲသို့ သွားခဲ့ပြီး ဝမ်အာဘေးတွင်ထိုင်ကာ ကောင်းကင်မှ ကြယ်များကို ကြည့်လိုက်သည်။ 


“မေမေ ကျွန်တော် အဆင်ပြေပါတယ်။”ဟု ဝမ်အာက ပြောခဲ့သည်။ “ကျွန်တော် စာမသင်တော့ပါဘူး။ အစ်ကိုကြီးဆီကနေ လယ်လုပ်တာပဲ သင်တော့မယ်။” 


ဝမ်အာသည် ယခုနှစ်မှ ၁၃နှစ်သားသာ ရှိသေးသည်။ 


လီယောင်၏ နားလည်မှုအရ ဤအရွယ်သည် စာသင်ဖို့သာ ဖြစ်သင့်သည်။ 


သို့သော်လည်း ဤကမ္ဘာကြီးတွင် ဆင်းရဲသော မိသားစုမှ ကလေးများသည် စာသင်ရန်အတွက် အလွန်ခက်ခဲသည်။ စာသင်ကြားနိုင်ဖို့အတွက် တမိသားစုလုံး အစွမ်းကုန် ကြိုးစားဖို့ လိုအပ်ပြီး ထို့တိုင်အောင် တတ်နိုင်မည် မဟုတ်ပေ။ 


ထို့ကြောင့် ဝမ်အာသည် ပညာသင်ကြားခြင်းကို စွန့်လွတ်လိုကြောင်း နားလည်နိုင်သည်။ 


“မင်း စာမသင်ချင်ဘူးလား”ဟု လီယောင်က မေးခဲ့သည်။ 


“အခု ကျွန်တော်တို့က အဖွားမိသားစုကို စော်ကားလိုက်ပြီလေ။ နောက်ပြီး ဦးလေးငယ်ဘက်ကလည်း …”ဟု ဝမ်အာက ခေါင်းငုံ့ပြီး တိုးတိုးလေး ပြောခဲ့သည်။ “သူတို့က ကျွန်တော်ကို သေချာပေါက် စာသင်ခွင့်ပေးတော့မှာ မဟုတ်ဘူးလေ” 


“အတူတူ စာမသင်လို့ စာမသင်ရဘူးလို့ မင်းကို ဘယ်သူပြောလဲ။”ဟု လီယောင်က ပြောလိုက်သည်။ “အရမ်းတွေးမနေနဲ့။  မင်းစာသင်ချင်တယ်ဆိုရင် သင်လို့ရအောင် ငါလုပ်ပေးမယ်။ မင်း မြို့ကျောင်းကို သွားသင်နိုင်တယ် ဒါမှမဟုတ် မင်းအိမ်မှာသင်ဖို့ ဆရာတယောက် ငါငှားပေးမယ်။” 


ဝမ်အာတစ်ယောက် အရမ်း အံအားသင့်သွားခဲ့သည်။ 


အိမ်ကို ဆရာငှားလာဖို့ဆိုတာ အရမ်းကို မဖြစ်နိုင်ဘူး မဟုတ်လား။ 


မြို့ပေါ်ရှိ ချမ်းသာသည့် ကုန်သည်များ၊ အဆင်နိမ့်အရာရှိများနှင့် မြို့နယ်တရားသူကြီးများပင် အိမ်တွင် စာလာသင်ရန်အတွက် မငှားနိုင်ကြပေ။ သို့သော်လည်း သူ့အမေ၏ စကားများသည် သူ့အား စိတ်အေးချမ်းသာစေသည်။ 


“ကျေးဇူးတင်ပါတယ် မေမေ။ ကျွန်တော် ကြိုးကြိုးစားစား လေ့လာပြီး နောက်မှ အမေ့ကို ကျေးဇူးဆပ်ပါ့မယ်။”


“ကဲ စောစောအိပ်တော့။ မနက်ဖြန် ငါတို့ ဈေးသွားမယ်။”


အိမ်တွင် အခန်းလေးခန်းရှိပြီး တခုသည် ပင်မခန်းမဖြစ်ပြီး ၊တာ့ကျွမ်းနှင့် ဇနီးသည်အတွက် တခန်းရှိသည်။ 


ဝမ်အာနှင့် ဝမ်စန်းတို့က တခန်းကို အတူတူမျှနေရပြီး လီယောင်က ဝမ်ရှောင်စစ်နှင့်အတူ တခန်းတည်းတွင် နေရသည်။ ဝမ်ရှောင်စစ်သည် ၇နှစ်သာ ရှိသေးပြီး မူလကိုယ်၏ သားအရင်းဖြစ်သော်လည်း လီယောင်အတွက်မူ အနည်းငယ် မသက်မသာ ဖြစ်နေဆဲဖြစ်သည်။ 


ထို့အပြင် ပတ်ဝန်းကျင်အသစ်ဖြစ်သည့်အတွက် သူမ တညလုံး ကောင်းမွန်စွာ အိပ်မပျော်ခဲ့ပေ။ မနက်စောစော အိပ်ယာထပြီး တာ့ကျွမ်း၊ ဝမ်အာနှင့်အတူး စျေးသို့ သွားခဲ့သည်။ 


ဟဲဝမ်ကျေးရွာသည် မြို့စျေးသို့  ၂၀လီ (၆မိုင်) ကွာဝေးသည်။ 


ရွှံ့လမ်းကျဉ်းကျဉ်းလေးသည် တွန့်လိမ်ကွေ့ကောက်နေပြီး လှည်းတစီးသွားရန်သာ လုံလောက်သည်။ ရွာထဲသို့  မြင်းရထားလုံးများ လုံး၀ မဝင်နိုင်ပေ။ 


အမှန်တကယ်တွင် ဟဲဝမ်ရွာတွင်လည်း မည်သူမျှ မြင်းရထားစီးရန် မတတ်နိုင်ကြပေ။ 


သူမတို့ မြို့ထဲသို့ရောက်ရန် တနာရီအပြည့် ကြာခဲ့သည်။


လီယောင်သည် ဆေးဖက်ဝင်အပင်များ ရောင်းသည့်အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ခဲ့ရသည်။ သူမ၏ ဆေးဖက်ဝင် အပင်အားလုံးသည် အရည်အသွေးကောင်းပြီး သက်တမ်းရင့်နေပြီဖြစ်သည့်အတွက် ဆေးဆိုင်ပိုင်ရှင်သည် ဝမ် ၈၀၀ ပေးခဲ့သည်။ 


“နောက်လည်း ဆေးပင်တွေ ပိုယူလာခဲ့၊ ငါ စျေးမှန်ပေးမယ်”ဟု သူက ကတိပေးခဲ့သည်။  


လေးလံသော ကြေးနီးပြားများကို ကိုင်ဆောင်ကာ သူမသည် တာ့ကျွမ်းနှင့်အတူ ခေါက်ဆွဲဆိုင်သိုသွားကာ ဖက်ထုတ်ပြုတ် သုံးပန်းကန်နှင့် ပေါက်စီ ငါးလုံးတို့ကို မှာယူခဲ့သည်။ အပြန်တွင်လည်း အိမ်အတွက် ပေါက်စီအလုံး၂၀ကိုလည်း ဝယ်ယူခဲ့သည်။ 


အငတ်ဘေးကျရောက်သည့်နှစ်ဖြစ်သည့်အတွက် စပါးစျေးက အတော်မျှတက်သွားခဲ့သည်။ ဤအစားအသောက်အတွက် ၁၀၅ ဝမ် ရှိသည်။ လီယောင်သည် ငွေကြေးအတွက် စိတ်ပူမနေပဲ ဆန်၊ ဂျုံမှုန့်၊ အသား၊ ဆီ၊ ဆား၊ သကြားညို၊ ဟင်းသီးဟင်းရွက်များ၊ ပဲငံပြာရည်နှင့် ဆန်ရှာလကာရည်အချို့ကို ဝယ်ရန် တာ့ကျွမ်းကို ၅၀၀ ဝမ် ပေးခဲ့သည်။ 


သူမသည် မြို့တွင်းရှိ တဆိုင်ပြီးတဆိုင်သွားရင်းဖြင့် တမြို့လုံးရှိ လမ်းများပေါ်တွင် နေရာအနှံ့ လျှောက်သွားခဲ့သည်။  


ပိုင်ချွမ်းမြို့လေးသည် တောင်များနှင့် နီးကပ်စွာ တည်ရှိနေသည်။ ၎င်း၏တည်နေရာသည် ဝေးလံခေါင်းပါးသော်လည်း မြို့နယ်၏ တရားစီရင်ပိုင်ခွင့်ကမူ အလွန်ကြီးမားသည်။ လူဦးရေ ၄၀၀၀၀ ကျော်ရှိပြီး စုစုပေါင်းအားဖြင့် ကျေးရွာပေါင်း ၃၃ရွာရှိသည်။ အနီးအနားရှိ မြို့တော်များကြားတွင်လည်း အကြီးဆုံးဖြစ်သည်။ 


ထို့ကြောင့် ကိုယ်စားလှယ်ခရိုင်တရားသူကြီးရှိသည့် ပိုင်ချွမ်းမြို့တော်သည် ဒေါင်လိုက်နှင့် အလျားလိုက်ရှိနေသော လမ်းမကျယ်ငါးခုဖြင့် အတော်အသင့် ကျယ်ဝန်းသည်။ လူချမ်းသာများလည်း အပြည့်ရှိသည်။ 


စားသောက်ဆိုင်များ၊ အရက်ဆိုင်များ၊ အသေးစားတည်းခိုဆောင်များ၊ လက်ဖက်ရည်ဆိုင်များ၊ အပေါင်ဆိုင်များ၊ အထည်ဆိုင်များ၊ ဆီစက်များ၊ ဝိုင်ဆိုင်များ၊ အလှကုန်ဆိုင်များ၊ စာအုပ်ဆိုင်များ၊ ပန်းထိမ်ဆိုင်များ၊ လက်သမားရုံများ စသည်ဖြင့် အရာအားလုံး စိတ်ကြိုက် ရနိုင်သည်။ 


စီးပွားရေးလည်း အလွန်ကောင်းမွန်သည်။ 


အငတ်ဘေးကျသည့်နှစ် မဟုတ်ပါက ပိုမို ပျားပန်းခပ်စွာဖြင့် စည်ပင်သာယာပြီး ကြွယ်၀ချမ်းသာလိမ့်မည်။ 


အမဲလိုက်ခြင်းနှင့် ဆေးပင်စုဆောင်းခြင်းသည် လတ်တလော အရေးကြီးသော လိုအပ်ချက်များကိုသာ ဖြေရှင်းပေးနိုင်သည်။ လီယောင်သည် အမဲလိုက်ရန်နှင့် ဆေးဖက်ဝင်အပင်များတူးရန် တောင်ပေါ်သို့ နေ့တိုင်း မသွားနိုင်ပေ။ 


ငွေရှာရန် အမြန်ဆုံးနှင့် အသက်သာဆုံးနည်းလမ်းမှာ စီးပွားရေးလုပ်ငန်းလုပ်ရန် ဖြစ်သည်။ 


သူမသည် အစားအသောက်လုပ်ငန်းများကို အထူးသဖြင့် သတိထားလေ့လာခဲ့သည်။

 

ဤခေတ်တွင် အစားအသောက်များသည် အရသာအလွန်မရှိပါ။ ချက်ပြုတ်နည်းများသည် အလွန်တရာပင် ရိုးစင်းလှသည်။ ပါဝင်ပစ္စည်းများသည် ပေါ့ပေါ့ပါးပါးရှိကာ ငံပြာရည်နှင့် ဟင်းခတ်အမွှေးအကြိုင်များကို အနည်းငယ်မျှသာ သုံးကြပြီး ဟင်းချက်နည်းများကလည်း တူညီကြသည်။ 


မြို့တော်၏အကောင်းဆုံး စားသောက်ဆိုင်ဖြစ်သော ဟယ်ကျီစားသောက်ဆိုင်တွင်ပင် ကိုယ်ပိုင်ဟင်းပွဲ ခုနှစ်မျိုး သို့မဟုတ် ရှစ်မျိုးသာရှိပြီး ဆန်းသစ်တီထွင်မှုလည်း လုံး၀ကင်းမဲ့နေသည်။ 


ထိုကြောင့် လီယောင်သည် သူမ၏ ပထမဆုံး စီးပွားရေးကို အစားအသောက်ရောင်းချရန် ဆုံးဖြတ်ခဲ့သည်။