အပိုင်း ၅
Viewers 105

အခန်း (၅) လုပေါင်


ပန်းပဲဖို တံခါးဝင်တွင် လီယောင်သည် တာ့ကျွမ်းနှင့် တွေ့ဆုံခဲ့သည်။ 


“အမေရေ၊ စျေးတွေက တအားတက်လာတယ်။ ဂျုံတကတ်တီကို ဝမ်၂၀၊ ဆန်တကတ်တီကို ၁၅ဝမ်တောင်၊ ကျွန်တော် တမျိုးကို ၁၀ကတ်တီဆီပဲ ဝယ်လာခဲ့တယ်။” ဟု တာ့ကျွမ်းက ပြောခဲ့သည်။


“ဘာမှမဖြစ်ဘူး”ဟု လီယောင်က ပြန်ပြောခဲ့သည်။ 


နောက်လည်း စျေးနှုန်းများက ဆက်တက်နေဦးမည် ဖြစ်သည်။ 


“ကျွန်တော် ဘာအသားမှ မဝယ်ခဲ့ဘူး။ ဝက်ဗိုက်သားကလည်း တအားစျေးကြီးတာပဲ”ဟု တာ့ကျွမ်းက ပြောသည်။ 


ရှေးခတ်တွင် အဆီများသော အသားသည် စျေးအကြီးဆုံးဖြစ်သည်။ တကတ်တီကို ဝမ် ၄၀ ကျသင့်သည်။ 


အဆီမပါသော အသား၊ ဝက်နံရိုးများနှင့် ဝက်ခြေထောက်များကသာ စျေးအနည်းငယ်သက်သာပြီး ဝက်ဝမ်းတွင်းသားများနှင့် အရိုးများက ထက်ဝက်နီးပါ ကျသင့်ပြီး စျေးအပေါဆုံး ဖြစ်သည်။ 


လီယောင်သည် ဝက်သားဆိုင်သို့သွားခဲ့ပြီး မရောင်းရသေးသည့် ဝက်ဝမ်းတွင်းသားများ ၂၅ကတ်တီခန့်ကို တွေ့လိုက်သည်။ စျေးအနည်းငယ်စစ်ပြီးနောက် သူမသည် အားလုံးကို ဝမ်၈၀ဖြင့် ဝယ်ယူခဲ့သည်။ တကတ်တီလျှင် ၃.၂ဝမ်သာ ကျသင့်တော့သည်။ 


ဖယ်ထုတ်ထားသော အရိုးများကိုလည်း ဝမ်၂၀ သုံး၍ ဝယ်ခဲ့သည်။ 

သူမသည် လူတိုင်းအတွက် ကောက်ရိုးဖိနပ် တယောက် တရံစီကိုလည်း ဝယ်ခဲ့သည်။ 


ဆောင်းရာသီ မဟုတ်သေးသော်လည်း မနက်ပိုင်းနှင့် ညပိုင်းများတွင် အေးစပြုလာပြီ ဖြစ်သည်။ ကောက်ရိုးဖိနပ်စီးခြင်းသည် ခြေဗလာသွားခြင်းထက်တော့ ပိုကောင်းပေသည်။ 


ဝမ် ၈၀၀ တန်သည့် ဆေးဖက်ဝင်အပင်များကို ရောင်းချပြီးနောက် သူမတွင်  ကြေးဒင်္ဂါးတစ်ဒါဇင်ကျော်ကျော်မျှသာ ကျန်တော့သည်။ လီယောင်သည် တာ့ကျွမ်းအား ပေးလိုက်ပြီး သိမ်းထားစေခဲ့သည်။ 


“အခုကစပြီး မင်းက မိသားစုမှာ ငွေကိုင်ပဲ”ဟု သူမက ဆိုသည်။ 


“အိုး..” ဟု ဆိုကာ တာ့ကျွမ်းလည်း ဒင်္ဂါးများကို ပျော်ပျော်ကြီး လက်ခံခဲ့သည်။ 


တမိသားစုလုံးကို ထိန်းသိမ်းရခြင်း မဟုတ်သော်လည်း သူ့အမေသည် သူ့ကို ပိုက်ဆံများကို စပြီး ထိန်းသိမ်းခွင့် ပေးခဲ့သည်လေ။  


“အမေ၊ ဝက်ဝမ်းတွင်းသားတွေ အများကြီး ဘာလို့ဝယ်လာတာလဲ”ဟု တာ့ကျွမ်းက နားမလည်နိုင်စွာဖြင့် မေးခဲ့သည်။ “အဲ့ဒါတွေက တအားနံပြီး စားလို့လည်း မကောင်းဘူး။”


“မင်း ဘာသိလို့လဲ”ဟု လီယောင်က ပြောခဲ့သည်။ 


၎င်းတို့သည် အရသာ မကောင်းခြင်း မဟုတ်ပါ။ ဘယ်လိုလုပ်ရမည်မှန်းကို မသိခြင်းသာ ဖြစ်သည်။ 


သူမသည် မနေ့က ဟင်းခတ်အမွှေးအကြိုင်များကို လုံလုံလောက်လောက် ရခဲ့သည့်အတွက် အသားပြုတ် စမ်းလုပ်ကြည့်ရန် ရည်ရွယ်ထားခဲ့သည်။ 


နေ့လည်စာကို ရိုးရိုးစင်းစင်း စားခဲ့ပြီးနောက် တမိသားစုလုံး ဝက်ဝမ်းတွင်းသားများကို အတူတကွ သန့်ရှင်းရေး စလုပ်ခဲ့တော့သည်။ ရေနွေးဖြင့် ထပ်ခါထပ်ခါ ဆေးကြောပြီး ဂျင်း၊ ကြက်သွန်နီနဲ့ ဆားရည်တို့ဖြင့် နှစ်နာရီကြာခန့် နှပ်ခဲ့ပြီး နောက်ဆုံးတွင် ရေနွေးဖြင့် ဖြောခဲ့သည်။ 


တချိန်တည်းမှာပင် အရိုးများကို ဟင်းချိုအဖြစ် အိုးတစ်လုံးထဲတွင်ထည့်ကာ  မီးအေးအေးဖြင့် နှပ်ထားသည်။ 


အရိုးဟင်းရည်က အနည်းငယ်အနံမွှေးလာပြီး ဖြူနောက်နောက်အရောင် ဖြစ်လာသည့်တိုင်အောင် ပြုတ်ထားပြီး ပါဝင်ပစ္စည်းများလည်း အရံသင့်ဖြစ်သောအခါ ရောမွှေထားသော ဟင်းခတ်အမွှေးအကြိုင်များကို ဟင်းရည်ထဲ့သို့ လောင်းထည့်လိုက်သည်။  ဆီ၊ ကြက်သွန်၊ ဂျင်းတက်၊ဆား၊ပဲငံပြာရည် နှင့် သကြားအညိုတို့ကို အရောင်အတွက် ထည့်လိုက်သည်။ ထိုနောက် ပွက်ပွက်ဆူအောင် တည်ထားပြီး ဝက်ဝမ်းတွင်းသားများကို ထည့်လိုက်သည်။ နောက်တကြိမ် ပွက်ပွက်ဆူအောင် ထပ်တည်လိုက်ပြီး အသားပြုတ်ကို လုံး၀ကျက်သွားအောင် မီးအေးအေးဖြင့် နှပ်ကာ မီးသေသည်အထိ ပြုတ်ထားခဲ့လိုက်သည်။ 


အရသာအပြည့် စိမ့်ဝင်သွားပြီးနောက် အသားများကို ဖယ်ထုတ်လိုက်ပြီး အရည်ပေါ်မှ အဆီများကို ဖယ်ထုတ်လိုက်သည့်အခါ  အရောင်ပိုတောက်လာပြီး စားချင်စဖွယ်ဖြစ်လာသည်။  


“မေမေ” ဟဲရှောင်ယာသည် တချိန်လုံး စောင့်ကြည့်နေပြီး တအံ့တဩဖြစ်နေခဲ့သည်။ “ဒီလိုလုပ်တာကို ဘယ်ကနေ သင်ခဲ့တာလဲ”ဟု ပြောခဲ့သည်။ 


“နင် ငါ ချက်ပြုတ်တာကို အရင်က တခါမှ မမြင်ဖူးလို့ ငါချက်တတ်တယ်ဆိုတာ နင်မသိတာ၊ ငါ ဒီနေ့ တစ်ခု နှစ်ခု လုပ်ပြမယ်။ သေချာကြည့်ထား”ဟု လီယောင်က ပြောခဲ့သည်။  


“အိုး” ဟဲရှောင်ယာလည်း အမေသည် သူမ၏ ကျွမ်းကျင်မှုများကို ဖုံးကွယ်ထားခဲ့ကြောင်းကို နားလည်သဘောပေါက်ခဲ့သည်။ 


စွပ်ပြုတ်လုပ်ရာတွင် အသားအပြင် ဟင်းသီးဟင်းရွက်များလည်း လိုအပ်သည်။ သို့သော် ဤရာသီတွင် စျေးမှာ လွယ်လွယ်ကူကူ ရနိုင်သည်မှာ ဂေါ်ဖီထုပ်နှင့် မုန်လာဥတို့သာဖြစ်သည်။ လီယောင်သည် နောက်တကြိမ်တွင် ဟင်းချက်အခြေခံအဖြစ် အသုံးပြုရန် ခွက်တခုထဲကို ဟင်းပြုတ်ရည်များကို ခပ်ထုတ်ယူခဲ့သည်။  ကျန်ရှိသော ဟင်းပြုတ်ရည်ထဲသို့ ထည့်ရန် မုန်လာဥနှင့် ဂေါ်ဖီထုပ်အချို့ကို လှီးခဲ့ပြီး အရသာများအားလုံး နူးနပ်ပျော်ဝင်သွားသည်အထိ မီးအေးအေးဖြင့်နှပ်ထားခဲ့သည်။ 


ထို့နောက် သူမသည် အာသာပြေ လန်းဆန်းစေရန်အတွက် အရံဟင်း နောက်တမျိုးအတွက် မုန်လာဥများကို ခပ်ပါးပါး လှီးခဲ့သည်။ 

ဟဲရှောင်ယာ၏ ပေါက်စီများ အဆင်သင့်ဖြစ်သည်နှင့် တပြိုင်နက် တမိသားစုလုံး ညစာအတွက် အတူတကွ ထိုင်ခဲ့ကြသည်။ 


ကလေးများသည် ယခုကဲ့သို့ အရသာရှိသော အနံ့များ မွှေးကြိုင်သင်းပျံ့နေသော ဟင်းပွဲများကို တခါမျှ မတွေ့ဖူးကြပေ။ အသားသည် နူးအိပြီး အရသာရှိနေရုံသာမက မုန်လာဥနှင့် ဂေါ်ဖီထုတ်များကပါ အသားလောက်နီးပါး အရသာကောင်းများဖြင့် ပြည့်နှက်နေသည်။ သူတို့ အရင်က စားဖူးသော ဝက်ဝမ်းတွင်းသားများနှင့် လုံး၀ကို မတူပေ။ ကြွရွလတ်ဆတ်ပြီး ချိုချိုချဉ်ချဉ် မုန်လာဥပါးပါးလေးများနှင့် နူးနူးညံ့ညံ့ပေါက်စီများကို ပူပူနွေးနွေး ဟင်းရည်ထဲ့သို နှစ်ပြီး တွဲစားလိုက်ခြင်းသည် အတိသုခ ရသကဲ့သို့ အလွန်အမင်းကို ပျော်ရွှင်ချမ်းမြေ့လာစေသည်။ 


“မေမေ၊ စွပ်ပြုတ်က တအားအရသာရှိတာပဲ။ ကြက်ကင်ထက်တောင် ပိုကောင်းတယ်။”


“မေမေက ဟင်းချက် သိပ်ကျွမ်းတာပဲ”


လီယောင်တယောက် နောက်ထပ် ချစ်ခင်လေးစား ကြည်ညိုမှုများကို ထပ်မံရရှိခဲ့ပြန်သည်။ 


“စျေးမှာ စွပ်ပြုတ်ရောင်းကြစို့” လီယောင်က “ထမင်းတွေ ပေါက်စီတွေနဲ့ တွဲပြီးတော့”ဟု ပြောလိုက်သည်။ 


ကလေးများ၏ မျက်လုံးများ တပြိုင်နက်ဆိုသလို တောက်ပလာကြသည်။ 


အရင်းအနှီး အနည်းငယ်သာ လိုအပ်သော အရသာရှိ အနံမွှေးသည့် တစုံတခုသည် အလွန်ရောင်းရမှာ သေချာပြီး ငွေရှာနိုင်မှာလည်း အမှန်ဧကန်ပင် ဖြစ်သည်။  


“မေမေ” တာ့ကျွမ်းမှာ စိတ်လှုပ်ရှားနေခဲ့ပြီး “ဒါ သိပ်ကောင်းတဲ့ အကြံပဲ။ ကျွန်တော်တို့လည်း ကူလုပ်ပေးပါ့မယ်”ဟု ပြောခဲ့သည်။ 


“ဒါဆို ဆုံးဖြတ်လိုက်ပြီနော်။  ငွေရင်းရဖို့ ငါ ဆေးပင်တွေ သွားတူးနေတုန်း မင်းတို့အားလုံးက အိမ်မှာ မနက်ဖြန်အတွက် ပြင်ထားကြ “ဟု ပြောခဲ့သည်။  


ဟဲရှောင်ယာအား ဟင်းရည်ကို သင်ထားသည့်အတိုင်း မှန်မှန်လုပ်ရန် ပြောပြီးနောက် လီယောင်သည် ဓါးမတချောင်းယူကာ တောင်ပေါ်သို့တခါ ပြန်တက်သွားခဲ့သည်။


ယခုတခေါက်မှာတော့ သူမသည် ချိုင့်ဝှမ်းအတွင်းကို အတက်အဆင်း ပိုမိုလွယ်ကူစေရန် ကြိုးရှည်တချောင်း ယူလာပြီး ဟင်းခတ်အမွှေးအကြိုင်များ ရိတ်သိမ်းရန်နှင့် ဆေးပင်များတူးရန် အချိန်ပိုပေးခဲ့သည်။ 


သူမ၏ အတွေ့အကြုံအရ ယခုအခါ သူမသည် တန်ဖိုးနည်းသော ဆေးပင်များကို ချန်ပြီး တန်ဖိုးကြီးသော အပင်များကို တူးယူရန် အာရုံစိုက်ခဲ့သည်။ 


တနေကုန်ပြီးနောက် သူမ၏ ခြင်းတောင်း တခုလုံး ပြည့်သွားခဲ့သည်။ 


ဆေးဆိုင်သို့ နောက်တကြိမ် ပြန်သွားရောင်းသည့်အခါ ဆိုင်ရှင်သည် အလွန်အံဩသွားခဲ့သည်။ 


သူသည် ဤကဲ့သို့ နှစ်ရက်အတွင်းမှာ အရည်အသွေးကောင်းမွန်ပြီး သက်တမ်းရင့်သည့် ဆေးဖက်ဝင်အပင်များကို တူးနိုင်သည့် တဦးတယောက်ကိုမျှ မတွေ့ဘူးပေ။ ထို့ကြောင့် တိတ်တိတ်လေး ပျော်နေခဲ့သည်။ “ဒီတခေါက် စုစုပေါင်း ဝမ် ၁၅၀၀ ရမယ်”ဟု သူက ပြောသည်။ 


လီယောင်သည် မျက်မှောင်ကြုတ်ကာ ထွက်သွားရန် သူမ၏ခြင်းတောင်းကို ကောက်ယူခဲ့သည်။ 


သူမကို အလွယ်တကူ လိမ်လို့ရမည့် တောသူမတယောက်ဟု သူထင်နေသည် မဟုတ်လား။ 


“ဟေး.. မသွားနဲ့ဦး” ဆိုင်ရှင်လည်း အရည်အသွေးမြင့် ဆေးပင်များကို အဆုံးရှုံးမခံနိုင်သည့်အတွက် ဖြင့် သူ၏ကောင်တာနောက်မှ အလျင်အမြန် ထွက်လာခဲ့သည်။ “စျေးက ညှိလို့ရပါတယ်ဟ၊ စျေးညှိပေးပါ့မယ်။”


“ငွေသုံးချောင်း၊ မဟုတ်ရင်  တခြားသူကို သွားရောင်းမယ်”


“ဒီလို ကျွမ်းကျွမ်းကျင်ကျင် ရောင်းစားတတ်တဲ့သူ ဘယ်သူကိုမှ အရင်က ငါမတွေ့ဖူးဘူး။” ငွေသုံးချောင်းသည် စျေးသင့်သည့်အတွက် ဆိုင်ရှင်သည် မဆိုင်းမတွ သဘောတူခဲ့သည်။ “နောက်တခါလည်း နင့်ဆေးပင်တွေ ငါ့ဆီ လာရောင်းရမယ်နော်။” 


ငွေချောင်းသုံးချောင်းသည် ၃၀၀၀ ဝမ် ဖြစ်သည်။ 


တရားဝင် အလုပ်သမားတဦးပင် တနှစ်ပတ်လုံးမှအလုပ်လုပ်မှာသာလျှင် ဤမျှငွေကို ရှာနိုင်သည့်အတွက် အလွန်များပြားသော ပမာဏဖြစ်သည်။ 


သို့သော်လည်း ဝယ်ယူရမည့် ပစ္စည်းများက အများကြီး ရှိနေသေးသည်။ ဆန်၊ ဂျုံမှုန့်၊ ဆီ၊ ဆား၊ ငံပြာရည်  ပြည့်ပြည့်စုံစုံ  လုံလောက်စေနိုင်ရေး၊ မိသားစု၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရေးသည်သာ ပထမဦးစားပေးဖြစ်သည်။ 


ဝက်ဝမ်းတွင်းသား၊ ဟင်းခတ်အမွှေးအကြိုင်အချို့၊ သံဒယ်အိုး၊ မီးဖို၊ စားပွဲ၊ ပန်းကန်လုံးများနှင့် တူချောင်းများ၊ ပေါင်းအိုး နှင့် ကြိုးများကို ဝယ်ယူခဲ့သည်။ ထို့အပြင် မြို့ထဲမှ ဓါးမကောင်းတလက်ကိုလည်း ဝယ်ယူခဲ့သည်။ 


နောက်တကြိမ် ထပ်သုံးပြီးနောက် သူမတွင် ကြေးနီဒင်္ဂါး ဒါဇင်အနည်းငယ်သာ ကျန်ခဲ့ပေတော့သည်။ ယခုတခါတွင် လှည်းတစင်းဝယ်ရန်အတွက် မလုံလောက်တော့ပေ။ 


ဝယ်ယူလာသော ပစ္စည်းများကို တမိသားစုလုံး အတူတကွ ရေဆေး၊ စွပ်ပြုတ်ချက် ၊ ပေါက်စီလုပ် စသည်တို့ကို လုပ်ခဲ့ကြပြီး နေဝင်သွားသောအခါ နောက်တနေ့မနက်တွင် ချက်ရမည့် ထမင်းမှလွဲ၍ အားလုံးအဆင်သင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။ 


မူလဟင်းချက်အခြေခံ စွပ်ပြုတ်အရည်ကို သုံးထားသောကြောင့် ဟင်းခတ်အမွှေးအကြိုင်များ၏ အရသာပြည့်နေပြီး အခါးဓါတ်နည်းပါးကာ စွပ်ပြုတ်အနံ ခပ်သင်းသင်းထွက်နေခဲ့ပြီး ဒီတခေါက်တွင်မူ အရသာပိုရှိစွာဖြင့် ပေါ်ထွက်လာခဲ့သည်။ 


စွပ်ပြုတ်ရည်ကို စနစ်တကျ ထိန်းထားလေလေ၊ အချိန်ကြာလာသည်နှင့်အမျှ အရည်ကျကာ ပိုအရသာရှိလေသာ ဖြစ်လာမည်။ 


“အမေ” တာ့ကျွမ်းလည်း ရုတ်တရက် သတိရသွားပြီး “ကျွန်တော် အဖွားတို့ဆီကို လှည်းငှားဖို့ သွားရဦးမယ်” ဟု ပြောခဲ့သည်။ လီယောင်သည် ဝက်အူတစ်ပန်းကန်ကို ခပ်လိုက်ပြီး အရည်နှစ်ဇွန်း ခပ်ထည့်လိုက်သည်။ 


ထို့နောက် ဟဲရှောင်ယာအား ပေါက်စီဆယ်လုံးလည်း ထုတ်ခိုင်းပြီး တာ့ကျွမ်းအား ယူသွားစေသည်။ သူတပါးထံမှ ပစ္စည်းများ ငှားရမ်းသည့်အခါ လက်ဗလာ ခြေဗလာ မဖြစ်သင့်ချေ။ 


မိုးလည်း ချုပ်တော့မည် ဖြစ်သည်။ 


လီယောင်၏ ယောက္ခမဖြစ်သူ ဝမ်ရွှယ်ရှစ်သည် ဟင်းသီးဟင်းရွက်များဖြင့် နံပြားနှင့် ဂျုံခေါက်ဆွဲများ ပြုလုပ်နေခဲ့သည်။ 


“အဖွား”တာ့ကျွမ်းလည်း ခြံထဲသို့ လမ်းလျှောက်လာခဲ့သည်။ “ကျွန်တော်.. ငှားချင်လို့။  


“ငါတို့မှာ ဘာမှမရှိဘူး”ဟု ဝမ်ရွှယ်ရှစ်သည် ခေါင်းပင် မော့မလာပဲ ချက်ချင်းလက်ငင်းကို ငြင်းခဲ့သည်။  “နင့်အမေကို ပြန်သွားပြီး ပြောလိုက် စားစရာ ချေးဖို့ဆို သူ့မိဘဆီ သွားချေး။ ငါတို့ ဒီမှာလည်း စားဖို့ ဘာမှမရှိဘူး”ဟု ငြင်းခဲ့သည်။ 


တာ့ကျွမ်းလည်း အလျင်အမြန် ရှင်းပြခဲ့သည်။ “စားစရာ ချေးဖို့ မဟုတ်ပါဘူး အဖွားရယ်၊ လှည်းငှားချင်လို့ပါ။” 


ထိုအခါမှ ဝမ်ရွှယ်ရှစ်သည် ပစ္စည်းထုပ်များ ကိုင်ထားသည်သည့် သူ့ကို ကြည့်ရန် ခေါင်းမော့လာပြီး “ဘာတွေ သယ်လာတာတုန်း” ဟု မေးခဲ့သည်။ 


“အိုး” တာ့ကျွမ်းလည်း ပစ္စည်းများကို စားပွဲပေါ်တင်ကာ “ဒါ အဖွားတို့အတွက် အမေက ကျွန်တော့ကို ယူသွားခိုင်းတဲ့ စားစရာတွေ” ဟု ဖြေခဲ့သည်။  


“နင့်အမေက..၊ သိပ်သိတတ်နေတယ်ပေါ့လေ” 


ဝမ်ရွှယ်ရှစ်သည် မယုံကြည်သော်လည်း ခြင်းတောင်းပေါ်ရှိ အဝတ်စကို ဖယ်လိုက်သောအခါ ကြက်သေသေသွားခဲ့သည်။ ဘုရားရေ၊ ပေါက်စီတွေ အများကြီးပဲတော်။ ၎င်းတို့ကို ဂျုံသန့်သန့်ဖြင့် ပြုလုပ်ထားပြီး အလွန်ကြီးကာ ဖွေးရွနေသည်။ အသားတစ်ပန်းကန်လည်း ပါသည်။ သူမ၏ ဘ၀တစ်လျှောက်လုံး ဤကဲ့သို့သော အနံ့မျိုး တခါမျှ မရခဲ့ဘူးချေ။ 


“ဒါ ဘယ်ကနေ ရလာခဲ့တာလဲ”


 “အမေက တောင်ပေါ်သွားပြီး ဆေးပင်တွေတူးပြီး ရောင်းတာ ၂ရက် ရှိပြီ အဖွားရဲ့” ဟု တာ့ကျွမ်းက ရှင်းပြခဲ့သည်။ “နင့်အမေက ပိုက်ဆံရတာနဲ့ တန်းဖြုန်းတာပဲလား၊ မင်းညီ လက်ထပ်ဖို့ စုဖို့ဆောင်းဖို့တောင် မတွေးဘူးလား၊ သားလေးယောက်မွေးထားတာနဲ့ ချမ်းသာတဲ့အတိုင်း နေနေတယ်ပေါ့လေ၊ ပေါက်စီဖြူတွေတောင် စားလို့သောက်လို့နဲ့”


“အဲလို မဟုတ်ပါဘူး အဖွားရယ်၊ သားတို့က မြို့ထဲက စျေးမှာ စားစရာရောင်းဖို့ လုပ်နေကြတာ”


 “သူမက.. စီးပွားရေးတောင် လုပ်မယ်။ ”ဘောင်းဘီဝတ်စရာမရှိအောင်တောင် ရှုံးတော့မှာပဲ”


တာ့ကျွမ်းလည်း သူမနှင့် နောက်ထပ်  ငြင်းခုံခြင်း မလုပ်ချင်တော့ပဲ  “အဖွား ဒါဆို လှည်းက…”


“ယူသွား၊ ယူသွား”


တာ့ကျွမ်းလည်း အရမ်းဝမ်းသာသွားခဲ့သည်။ အမေပြောတာမှန်ပေသည်။ တခုခုယူလာခြင်းသည် လှည်းငှားဖို့ ပိုလွယ်စေသည်။ 


“ဟုတ်၊ ဒါဆို သားယူသွားပြီနော်။” တာ့ကျွမ်းထွက်သွားပြီးနော် ဝမ်ရွှယ်ရှစ်လည်း ပေါက်စီနှင့် အသားပြုတ်များကို ခပ်ဝေးဝေးတွင် ထားခဲ့သည်။ ဝက်ဝမ်းတွင်းသားပန်းကန်က စားချင်စဖွယ် အနံရနေပြီး သူမ သွားရည်မကျပဲ မနေနိုင်တော့ပေ။ 


“ယောင်းမတောင်မှ ဆေးပင်တွေ တူးပြီး စီးပွားရေးလုပ်ဖို့ စဉ်းစားနေပြီ။ ပစ္စည်းငှားတာတောင် လက်ဗလာနဲ့ မဟုတ်တော့ဘူး”ဟု တာ့ကျွမ်း၏ ဒုတိယခယ်မကျိုးက ပြောခဲ့သည်။ “ကြည့်ရတာ ဘယ်လိုနေသင့်တယ်ဆိုတာ သိသွားပြီထင်ပါရဲ့”


“ဘာတွေကြံနေလဲမှ မသိတာ” တတိယခယ်မက ချက်ချင်း လိုက်ပြောလာခဲ့သည် ။ “သူ့အမေအိမ်ကို ပြန်ချင်နေတာလေ။ တကယ် ပြန်လို့မရတော့ဘူး ထင်ပါရဲ့။ ဒါကြောင့်မို့ ငါတို့ကို ကြိုပြီး မျက်နှာလုပ်နေတာ နေမှာပေါ့” 


“နင်တို့ ပြောစရာမရှိရင် ပါးစပ်ပိတ်ထားကြတော့” ထိုသို့ ပြောသည်ကို သူမကြားလိုက်သောအခါ ဝမ်ရွှယ်ရှစ်က အော်ခဲ့သည်။ “အကြီးဆုံးချွေးမက စားစရာတွေပို့ပေးတာလေ၊ အဲဒါ နင့်ကို စော်ကားနေလို့လား၊ သွား၊ ဝက်ကျွေးဖို့ မြက်သွားရိတ်” 


တတိယယောင်းမရှန်းလည်း နှုတ်ခမ်းစူကာ မြက်ရိတ်ရင်း သူမ၏ ခံစားချက်များကို အလျင်အမြန် ဖုံးကွယ်ခဲ့သည်။ 


ယောက္ခမက သူမတို့ရှေ့တွင် ကြမ်းကြမ်းတမ်းတမ်း ဆူပြနေခဲ့သော်လည်း  အကြီးဆုံးယောင်းမ၏ နောက်ကွယ်မှာပင် သူမဘက်မှာ ရပ်တည်နေဆဲ ဖြစ်သည်။ သူမသည် လီမိသားစုဘက်သို သိသိသာသာ ဘက်လိုက်ခဲ့သည်။ 


အကြီးဆုံးယောင်းမက သားလေးယောက် မွေးထားသည့်အတွက်သာ ဖြစ်သည်။ 


ဘာများ အရေးတကြီး ရှိလို့လဲ။ 


ကျိုးလောင်စန်းသည် ရိကျိုးဆိပ်ကမ်းမှာ တနှစ်ပတ်လုံး ကုန်တင်ကုန်ချအလုပ်သမား မလုပ်ပါက သို့မဟုတ် အိမ်မှာ မရှိခဲ့ပါက သူမတွင် ကလေးရှစ်ယောက်ရှိမည် မဟုတ်ချေ။