အခန်း (၆) ငွေရှာမယ်
မနက်လေးနာရီထိုးချိန်တွင် ရှောင်ယာသည် ထမင်း ထချက်သည်။
တာ့ကျွမ်းသည် မီးဖိုနှစ်ခု၊ အိုးများ၊ ပေါင်းအိုးများ၊ စားပွဲနှင့် ခုံများ ၊ ခုံရှည်များကို လှည်းတခုလုံး ပြည့်သည်အထိ တင်ခဲ့သည်။
မနက်နေစထွက်လာသောအခါ တမိသားစုလုံး စထွက်ရန် အဆင်သင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ယနေ့တွင် စျေးသို့ သွားသည့် လူတော်တော်များများ ရှိနေခဲ့သည်။ အရသာရှိမည့် သင်းရနံ တကြိုင်ကြိုင်ထွက်နေပြီး လှည်းအပြည့် ပစ္စည်းများ တင်ထားသည်ကို တွေ့သောအခါ လူတိုင်းက စပ်စုခဲ့ကြသည်။
“တာ့ကျွမ်း ဘယ်သွားမလို့လဲကွ”
တာ့ကျွမ်းလည်း မေးခွန်းတိုင်းကို ရိုးသားစွာဖြင့် ပြန်ဖြေခဲ့သည်။
အစားအသောက်ရောင်းရန် မြို့ပေါ်သို့ သွားကြမည်ဟု ကြားသည့်အခါ တခရီးတည်းသွားကြသူများသည် တိတ်တိတ်လေး ခိုးရယ်ကြသည်။
ရွာသူရွာသားများသည် လီယောင်တယောက်သည် အိုးကိုပင် ပြောင်အောင်မဆေးနိုင်မှန်း သိခဲ့ကြသည်။ ဤကဲ့သို့သော သူမသည် တခြားသူများကဲ့သို့ အစားအသောက် ရောင်းချဖို့ သင်ယူချင်နေသေးသည်။
ငန်းသားကို တက်မက်သော ဖားပြုတ်ကဲ့သို့ ပိုကံကောင်းရန် ဖြစ်လာနိုင်မှာပင် ဖြစ်သည်။
“ဒီရက်ပိုင်း ငါတို့တောင် သေတော့မလို ငတ်နေကြတာ။ ဘယ်သူက ဝယ်စားကြမှာလဲ”
“တစ်ပန်းကန်ကို ၁၅ ဝမ်၊ ဒီလောက် ငွေပမာဏနဲ့ဆို ပြောင်းဖူး ၂ကျင်း ဝယ်ပြီး တမိသားစုလုံးကို သုံးရက် ကျွေးလို့ ရတယ်လေ”
“စီးပွားရေးဆိုတာ လူတိုင်းလုပ်လို့ရတာ မဟုတ်ဘူး။ မဟုတ်ရင် တလမ်းလုံး စီးပွားရေးသမားတွေ ပြည့်နေမှာပေါ့။”
ရွာသူရွာသားများ တလမ်းလုံး တိုးတိုးတိတ်တိတ် အတင်းအဖျင်းများ ပြောကြသည်ကို ကြားရသောအခါ တာ့ကျွမ်းနှင့် သူ့ညီများသည် သူတို့ကိုယ်သူ့တို့ ယုံကြည်နေသည့်စိတ်များ လျော့လာခဲ့သည်။
“မေမေ၊ တကယ်လို့ ရောင်းမကောင်းရင် ဘယ်လိုလုပ်ကြမလဲ။”
“ရောင်းကောင်းတယ် မရောင်းကောင်းဘူးဆိုတာ သူတို့ပြောတဲ့အပေါ် မူတည်နေတာ မဟုတ်ဘူး။ သူတပါး ပြောသမျှ ယုံမနေနဲ့။ မင်းတကယ် ကိုယ့်ဖာသာကိုယ် ကြိုးစားပြီး အတွေ့အကြုံရမှ ဘာလဲဆိုတာ တကယ်သိလာမှာပေါ့။”ဟု လီယောင်က ဆိုခဲ့သည်။
တာ့ကျွမ်းတယောက် မျက်နှာမှာ ရှက်သွေးဖြာသွားပြီး လှည်းကိုဆွဲရန် ခေါင်းကို အလျင်အမြန်ငုံခဲ့သည်။
သူ့အမေ ပြောသည်မှာ မှန်သည်။ မကြိုးစားကြည့်ပဲ သူတို့အဖြေ ဘယ်လိုမှ မသိလာနိုင်ပေ။
မြို့သို့ရောက်သောအခါ စျေးအနီးရှိ လူသွားလူလာ အများဆုံးနေရာတခုကို သူမတို့၏ စျေးဆိုင်နေရာအဖြစ် ရွေးချယ်ခဲ့သည်။
သူမတို့ထဲမှ တချို့သည် ဆိုင်ခန်းငယ်လေးကို ကိုးရိုးကားယားနှင့် နေရာချခဲ့သည်။ လီယောင်သည် အိုးအဖုံးကို ဖွင့်ကာ မွှေးပျံသော ရနံများကို ချက်ချင်းထုတ်လွှင့်ခဲ့သည်။
တာ့ကျွမ်းနှင့် သူ၏ညီငယ်လေးများသည် ဆိုင်ခန်းငယ်လေးနောက်တွင် ရစ်သီရစ်သီ လုပ်နေခဲ့ကြသည်။
ထိုကဲ့သို့ ဖြစ်နေသည် သူတို့ကို မြင်သောအခါ လီယောင်တယောက် ခေါင်းခါခဲ့သည်။ ဒီကောင်လေးတွေ အကျင့်အကုန် ကောင်းကြတယ်။ ရိုးလွန်းကြတာနှင့် ရှက်တက်လွန်းကြရုံလေးပင်။
“ဘယ်လိုလုပ်ရမလဲ ဆိုတာ ငါပြမယ်။ နောက်ကျရင် မင်းက အခုငါအော်သလို အော်ခေါ်ရုံပဲ။”ဟု လီယောင်က ပြောခဲ့သည်။
လီယောင်တစ်ယောက် သူမလည်ချောင်းကို ရှင်းလိုက်ပြီး ကျယ်ကျယ်လောင်လောင် စအော်ခဲ့သည်။ “လာ၊ လာ၊ မလွတ်သွားစေနဲ့နော်”
“လတ်လတ်ဆတ်ဆတ် နဲ့ အရသာရှိတဲ့ ဝက်သားပြုတ်တွေ ရမယ်။ ထမင်းနဲ့ဖြစ်စေ ပေါက်စီနဲ့ဖြစ်စေ ရမယ်။ တပွဲကို ၁၅ဝမ်ပဲနော်”
“အများကြီးလည်း ရမယ်။ ဗိုက်ပြည့်အောင်လည်း စားရမယ်။”
ရနံ့မွှေးမွှေးများနှင့် အော်ခေါ်သံ အနည်းငယ်သည် ဖြတ်သွားဖြတ်လာတချို့ကို ချက်ချင်း ဆွဲဆောင်ခဲ့သည်။ သို့သော်လည်း ဝက်ဝမ်းတွင်းသားများ ဖြစ်သည်ကို မြင်သောအခါ သူတို့သည် တညီတညွတ်တည်း ခေါင်းခါခဲ့ကြသည်။
“အနံတော့ ကောင်းပါတယ်။ ဒါပေမဲ့ အဲ့ဟာက တအားပြင်းတဲ့ အောက်သိုးသိုး အရသာကြီး။ စားကောင်းမှာ မဟုတ်ပါဘူး”
“ဦးလေး၊ ကျွန်မတို့စွပ်ပြုတ်က အောက်သိုးသိုး အရသာမရှိဘူးဆိုတာ ကျွန်မ အာမခံပါတယ်။ စားကြည့်ပါ။ သိလာလိမ့်မယ်”ဟု လီယောင်က ပြန်ပြောခဲ့သည်။
“စားကြည့်စရာမလိုပါဘူး။ စားဖူးတဲ့သူတိုင်း သိတယ်။”
“’ဒါဆို ဒီလိုလုပ်ရအောင် ဦးလေး။ ဦးလေးက ပထမဆုံး ဝယ်ချင်တဲ့သူဆိုတော့ ဒီတစ်ပွဲ အလကားကျွေးမယ်။”
ထိုလူ၏ မျက်လုံးများတောက်ပလာခဲ့သည်။
“တကယ် အလကားလား”
“တကယ်ပါ။”
“ဒါဆို ထမင်းနဲ့ တပွဲပေး”
အလကားဆိုမှတော့ ရူးနေမှ မစားတော့မှာပေါ့။ တခြားအဖော်များ၏ အားကျနေသည့် အကြည့်များကို ဆွဲဆောင်ရင်း ထိုလူက ချက်ချင်း ထိုင်ချခဲ့သည်။
ဒီနေ့ ဒီကောင် တော်တော်ကံကောင်းနေတာပဲ။ အမှန်က ကောင်းတာက ပြေးလာတာပဲ။
ထိုလူ အားပါးတရ စားနေသည်ကို မြင်သည့်အခါ သူနှင့်ပါလာသော တခြားသူများလည်း တံတွေးများကို မျိုချရင်း နောက်ဆုံးတွင် မအောင့်ထားနိုင်တော့ချေ။
“ငါကော တပွဲ အလကား ရဦးမလား”
“မရတော့လို့ အားနာပါတယ်။ ဒါပေမဲ့ ပထမဆုံး ဝယ်တဲ့သူ ၁၀ယောက်ကို ၂၀ ရာခိုင်နှုန်း လျော့ပေးမယ်။ အကန့်အသတ်နဲ့ပဲနော်။ ဦးသူလာ ဦးသူ ရပဲ”ဟု လီယောင်က ပြောခဲ့သည်။
“ငါ ထမင်းနဲ့ တပွဲ လိုချင်တယ်။”
“ငါကောပဲ။ ပေါက်စီနဲ့ယူမယ်”
“ငါကို တပွဲပေးပါ။”
ခဏလေးအတွင်းမှာ စားပွဲသေးလေး ၂ခုလုံး ပြည့်သွားခဲ့သည်။ တာ့ကျွမ်းနှင့်ဝမ်အာတို့က မနားတမ်း ထမင်းခူးနေရပြီး စန်းအာနှင့် ဝမ်ရှောင်စစ်တို့သည် ဟင်းပွဲထည့် ဟင်းရည်လိုက်ရန် ကူညီခဲ့ကြသည်။
“စားကောင်းလိုက်တာ။ တအားအရသာရှိတာပဲ”
“ဒီလောက်မွှေးတဲ့ ထမင်းနဲ့ ဟင်းတွေ ငါ တခါမှ မစားဖူးဘူး”
“ဒီအနံ့က အဝေးကြီးကို ပြန့်နေပြီ”
တယောက်စကား တယောက်နားကြားရစေသည့် နှုတ်ထွက်စကားသည် အကောင်းဆုံးသော ကြော်ငြာသာ ဖြစ်ပေသည်။
အဆက်မပြတ် အမွှမ်းတင်သံများနှင့် မကြုံစဖူး ထူးကဲစွာ အရသာရှိသော ဤအစားအစာကို မြည်းစမ်းရန် လူများ ပို၍ ထိုင်လာကြသည်။
မွန်းတည့်ချိန် ရောက်ခါနီးသောအခါ စားပွဲသေးနှစ်ခုလုံးတွင် လူတိုင်းမထိုင်နိုင်တော့ပဲ မတ်တပ်ရပ်ကာ စားခဲ့ကြသည်။
ယခုလို အေးခဲလှသည့် ရာသီဥတုတွင် ပူပူနွေးနွေး ရနံ့မွှေးလှသည့် စွတ်ပြုတ်တစ်ပွဲစားရသည်မှာ ဤသို့ ခက်ခဲကြမ်းတမ်းလှသော နေ့ရက်များကို ပိုကောင်းသွားစေသည်ဟု ခံစားခဲ့ရသည်။
အစပိုင်းတွင် တာ့ကျွမ်းနှင့် သူ့ညီများသည် အနည်းငယ်မျှ ကို့ရိုးကားယားနိုင်ခဲ့ကြသော်လည်း အချိန်နှင့်အမျှ သူတို့၏ လုပ်ဆောင်ချက်များသည် ပိုမိုချောမွေ့လာပြီး တဖြည်းဖြည်းချင်းလည်း ပွင့်လင်းလာခဲ့ကြသည်။ ဖောက်သည်များကို ဆွဲဆောင်ရန် တက်ကြွစွာဖြင့် အော်ခေါ်ခဲ့ကြသည်။
ငွေပုံးထဲသို့ ငွေများ ဆက်တိုက်ကျလာသည်ကို မြင်လိုက်ရသောအခါ သူတို့၏မျက်နှာများတွင် စိတ်လှုပ်ရှားမှုခပ်ယဲ့ယဲ့လေး ပေါ်ထွက်လာသည်။ စဖွင့်သည့်နေ့ ဖြစ်သောကြောင့် သူတို့သည် ပွဲ၅၀ခန့်သာ ပြင်ထားခဲ့သည်။ မွန်းမတည့်မှီပင် အကုန်ရောင်းထွက်ခဲ့ပြီ ဖြစ်သည်။
“အားလုံးပဲ မနက်ဖြန်မှ ပြန်လာကြတော့နော်”
နောက်ကျမှရောက်လာသူများသည် စွဲကျန်နေသော ရနံ့များကိုသာ ခပ်နက်နက်ရှူသွင်းကာ စိတ်ပျက်လက်ပျက် ဖြစ်ကြကုန်သည်။
“သေချာပေါက်လာမယ်။ မနက်ဖြန် စောင့်ဖို့ စောစောလာခဲ့မယ်။”
တာ့ကျွမ်းသည် လေးလံ့သော ငွေပုံးကို တင်းကြပ်စွာ ပွေ့ထားရင်း မျက်ရည်များ ကျလုနီးပါး ဖြစ်ခဲ့သည်။
“အမေ ကျွန်တော်တို့ အကုန် ရောင်းပြီးပြီ။”
ညီငယ်သုံးယောက်လည်း အလွန်တရာ စိတ်လှုပ်ရှားနေခဲ့သည်။ ကြောက်ရွံ့စွာ စိတ်လှုပ်ရှားခြင်းက ပိုခဲ့သည်။ သူတို့ ငွေ ဘယ်လောက်ရှာခဲ့လည်း မသိပေ။
“ပိုက်ဆံ ရေရအောင်။”
“ကောင်းပြီ”
ညီအစ်ကိုများသည် ချက်ခြင်း သေတ္တာကိုဖွင့်ကာ တစေ့ပြီး တစေ့
“၁၊ ၂...၆၄၄၊ ၆၄၅”
“၆၄၅”
ကောင်လေးများသည် ထီပေါက်သကဲ့သို့ ကြည်နူးပီတိဖြစ်ကာ စိတ်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်များလည်း တဆတ်ဆတ် တုန်ယင်နေကြသည်။ “ငါတို့ရဲ့ စစချင်း အရင်းက ဝမ် ၃၂၀”ဟု လီယောင်က ပြောခဲ့သည်။
“ပြောပါဦး။ ငါတို့ ငွေဘယ်လောက် ဝင်ခဲ့တုန်း။”
ဝမ်အာမှလွဲ၍ တခြားသုံးယောက်လုံး အခက်တွေ့ခဲ့သည်။
ဒီမျှလောက် ဂဏန်းများအတွက် သူတို့တွင် ခြေချောင်းလက်ချောင်းများ လုံလောက်စွာ မရှိခဲ့ပါ။
“၃၂၅ ဝမ်။” ဟု ဝမ်အာက မြန်မြန်ပြန်ဖြေခဲ့သည်။
“မေမေ၊ သားပြောတာ မှန်လား”
လီယောင်က ခေါင်းညိတ်ခဲ့သည်။
“ဒီလောက်အများကြီး၊ အံ့သြစရာကြီးပဲ”
တရက်မှာ ၃၂၅ဝမ်၊ တလဆိုလျှင်….။ ဝမ်အာတောင် ယခု မတွက်နိုင်တော့ပေ။
“၁၀၀၀၀ လောက် ရှိလိမ့်မယ်” ဟု လီယောင်က ပြောခဲ့သည်။ “ဒါပေမယ့် အခုက အစပဲ ရှိသေးလို့။ နောက်ဆို ပမာဏက ထပ်တိုးလားဦးမှာ သေချာတယ်။ အချိုးနည်းနည်းပြောင်းပြီး ထပ်မြှောက်လို့ ရနိုင်သေးတယ်။ ငါတို့ ငွေပိုရှာနိုင်လိမ့်မယ်။”
ဝမ် ၁၀၀၀၀။
ငွေ ၁၀ ချောင်း။
ဆတိုးမြှောက်လို့ရသေးတယ်။
ရွာစျေးကိုသာ အဝေးဆုံး သွားဖူးသည့် ဤကောင်လေးများအတွက် စိတ်ကူးတောင် မယဉ်နိုင်သည့် အလွန်ကြီးမားသည့် ကိန်းဂဏန်းများ ဖြစ်ပြီး ဤမျှလောက် သူတို့ရှာနိုင်ခဲ့သည်ကို မယုံကြည်နိုင်ပေ။
အလွန့်အလွန် ပျော်ရွှင်နေမှုသည် သူတို့ခေါင်းအား ချာချာလည်စေခဲ့သည်။
သူတို့အမေသည် တကယ်ကို အံဩဖို့ ကောင်းလွန်းလှသည်။
“ကဲ ပစ္စည်းတွေ မြန်မြန်သွားဝယ်တော့၊ မနက်ဖြန် နှစ်ဆလုပ်ကြမယ်။” ဟု လီယောင်က ပြောခဲ့သည်။
“သွားကြမယ်”
မြို့ထဲတွင် ဝက်သားဆိုင် နှစ်ဆိုင်သာ ရှိသည်။ လီယောင်သည် ၎င်းတို့၏ဝမ်းတွင်းသားများကို အကုန်ဝယ်ယူခဲ့သည်။ သူမသည် စွပ်ပြုတ်ပွဲ ၁၀၀ အထိ ရောင်းမည်ဟု ခန့်မှန်းခဲ့သည်။
သူမသည် ဝက်ဗိုက်သား ကျင်းတော်တော်များများကိုလည်း ရဲရဲတင်းတင်း ဝယ်ယူခဲ့သည်။
မည်မျှပင် ဆင်းရဲနေစေကာမူ ကြီးထွားနေသော ယောက်ျားလေးများ၏ အာဟာရကို မလျော့ချနိုင်ပေ။
လှည်းအသစ် တစ်စီးကိုလည်း ဝယ်ယူခဲ့သည်။
ယနေ့ ရသမျှ ငွေအကုန် ကုန်သွားခဲ့သော်လည်း ကိုယ်ပိုင်ပစ္စည်းများ ဝယ်ယူခြင်း ဆိုသည်မှာ နောက်ထပ်အကူအညီများကိုမှ မယူတော့ခြင်းပင် ဖြစ်သည်။ အကူအညီ ရယူခြင်းက လွယ်ကူသော်ငြား ပြန်ဆပ်ရန်အတွက် ခက်ခဲလှသည်။