အခန်း (၇) ဒီနေ့ ဝက်သားဟင်းစားမယ်
တစ်မနက်ခင်းလုံး ဟဲရှောင်ယာတယောက် ဂနာမငြိမ်ဖြစ်နေခဲ့ပြီး တံမြက်စည်း လှည်းနေချိန်မှာပင် စိတ်ပါလက်ပါ မရှိခဲ့ပေ။ ပိုက်ဆံ အများကြီး သုံးထားခဲ့ပြီး၊ ရောင်းမကုန်ပဲ အရှုံးပေါ်ခဲ့ပါက... ဟု သူမ စိုးရိမ်ပူပန်နေခဲ့သည်။
“အကြီးဆုံးခယ်မ၊ ကျွန်တော်တို့ ပြန်လာပြီ။”
ဝမ်ရှောင်စစ်သည် လေတပ်မှူးတစ်ယောက်ကဲ့သို့ ယုံကြည်မှုအပြည့်ဖြင့် ဝက်သား သုံးပေါင်ခွဲကို သယ်ကာ အိမ်ထဲ့သို့ တရကြမ်း ဝင်ရောက်လာခဲ့သည်။
“ဘယ်လိုသွားပြီလဲ၊ အကုန်ရောင်းခဲ့တာလား”
“ရောင်းကုန်တာ ကြာပေါ့” ဟုတ် ဝမ်ရှောင်စစ်သည် အားရဝမ်းသာ ပြောခဲ့သည့်။
“အကြီးဆုံးခယ်မ၊ ကျွန်တော်တို့ပိုက်ဆံ ဘယ်လောက်ရခဲ့လဲ မှန်းကြည့်”
“မြန်မြန်ပြောစမ်းပါ။ ငါဖြင့် စိတ်တွေပူလှပြီ”
“၃၂၅ ဝမ်”
ဟဲရှောင်ယာ၏ နှလုံးသားများ ပေါက်ကွဲထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
နေ့တိုင်းသာ ဤမျှ ရှာနိုင်ခဲ့လျှင် သူမတို့သည် ထပ်မံ၍ ဆင်းရဲဒုက္ခများကို တောင့်ခံရန် မလိုအပ်တော့ချေ။ သူမ၏ မိသားစုသည် တာ့ကျွမ်းကို အထင်အမြင်သေးတော့မည် မဟုတ်ပဲ သူမ၏ မိဘအိမ်သို့ ပြန်လာခြင်းကိုလည်း တားဆီးတော့မည် မဟုတ်ချေ။
ထိုသို့ စဉ်းစားလိုက်ရုံမျှဖြင့် ဟဲရှောင်ယာသည် နှာခေါင်းထိပ်မှာ စပ်ဖျဉ်းဖျဉ်းဖြစ်လာပြီး မျက်ရည်များ ကျလာတော့မည့်အတိုင်း ခံစားလာခဲ့ရသည်။
“အကြီးဆုံးခယ်မ၊ ဘာလို့ ငိုနေတာလဲ။”ဟု ဝမ်ရှောင်စစ်က မေးခဲ့သည်။
“ဘာမှ မဟုတ်ပါဘူး” ဟဲရှောင်ယာက သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး “ငါတို့အမေ ဘယ်မှာတုန်း” ဟု မေးလိုက်သည်။
“သူတို့က အနောက်မှာ။ မကြာခင် ရောက်လာလိမ့်မယ်။” ဝမ်ရှောင်စစ်က ဝက်သားများကို သူမအား ပေးလိုက်ရင်း “မေမေက ဒီညစာ ငါတို့ ဝက်သားနှပ်စားမယ်လို့ ပြောတယ်”ဟု ပြောခဲ့သည်။
ဟဲရှောင်ယာလည်း မျက်ရည်များ တခါ ထပ်ကျလာပြန်လေသည်။
သာမာန်မိသားစုများသည် ဤကဲ့သို့သော ပစ္စည်းများကို နှစ်ကူးမှသာ ဝယ်ယူနိုင်သည်။
ဝမ်အာ၏ စေ့စပ်ပွဲ ဖျက်သိမ်းခံရသည့် နေ့မှစ၍ အမေတယောက် ပြောင်းလဲသွားခဲ့သည်။ သူမသည် အနည်းငယ်မျှ အေးတိအေးစက်နိုင်သော်လည်း ဟဲရှောင်ယာကိုမူ နောက်ထပ်ကြိမ်းမောင်းခြင်း မပြုတော့ပေ။ သူမသည် စားကောင်းသောက်ဖွယ်များကို စီစဉ်ပေးခဲ့ပြီး ဝင်ငွေများစွာရရှိရန် လမ်းကြောင်းတခုကိုလည်း ရှာဖွေ့ခဲ့သေးသည်။
ချွေးမတစ်ယောက်အနေဖြင့် ၀တ္တရားရှိသည့်အတိုင်း သူမလည်း မိသားစုကို ပြုစုစောင့်ရှောက်ရမည်။
သိပ်မကြာခင်မှာပဲ လီယောင်နှင့် တခြားသူများလည်း အိမ်ပြန်ရောက်လာခဲ့ကြသည်။
နေ့လယ်စာ အမြန်စားခဲ့ပြီးနောက် တမိသားစုလုံးသည် သူတို့၏ များပြားလှသော အလုပ်များကို ပြန်စလုပ်ခဲ့ကြတော့သည်။
ယနေ့တွက် ချက်စရာများသည် များလှသည့်အတွက် အိုးနှစ်ခုခွဲကာ ချက်ပြုတ်ခဲ့သည်။ ငွေရှာနိုင်မည် ဖြစ်သည့်အတွက် လူတိုင်းက တက်ကြွနေပြီး မိုးမချုပ်မှီ အားလုံးပြီးအောင် လုပ်နိုင်ခဲ့ကြသည်။ လီယောင်သည် ခဏမျှ အနားယူပြီးနောက် “ငါ ဝက်သားနှပ် လုပ်တော့မယ်။ ရှောင်ယာ လာကြည့်ပြီး သင်ထား”ဟု လီယောင်က ပြောခဲ့သည်။
“ဟုတ်ကဲ့ မေမေ။”
သူမသည် အသားများကို ရေနွေးဖြင့် ဆေးကြောပြီး အတုံးသေးများ တုံးကာ ရေနွေးပွက်ပွက်ဆူတွင် ထည့်ပြုတ်ကာ ရေများ စစ်ထုတ်ခဲ့သည်။
သူမသည် အိုးကို အပူပေးလိုက်ပြီး ဆီထည့်ကာ အသားများကို မျက်နှာပြင်များ ရွှေရောင်ပြောင်းသည်အထိ မွှေကြော်ခဲ့သည်။ ထို့သို့ဖြစ်လာသောအခါ သူမသည် ရေနှင့် အရသာအတွက် ဆား၊ ဂျင်းအလွှာပါး ၊ ကြက်သွန်နီ၊ နာနတ်ပွင့်၊ သစ်ကြံပိုးခေါက်၊ သကြားအနည်းငယ်နှင့် အရောင်အတွက် ပဲငံပြာရည် တို့ကို ထည့်ခဲ့သည်။ ထို့နောက် သူမသည် မီးပြင်းပြင်းတွင် ပွက်ပွက်ဆူအောင် တည်လိုက်ပြီးနောက် မိနစ်လေးဆယ်ကြာအောင် မီးအေးအေးဖြင့် နှပ်ထားခဲ့သည်။
သူမ အိုးအဖုံးကို ဖွင့်လိုက်သောအခါ သင်းရနံ့များသည် ပျံလွင့်လာခဲ့သည်။
နူးနူးညံ့ညံ့ အသားများသည် ခပ်နီနီဖြစ်နေပြီး တောက်ပြောင်ကာ တလှုပ်လှုပ်ဖြင့် တုန်နေသည်။ ၎င်း၏အရောင်သည် တောက်ပသော အနီရောင် ရှိနေပြီး ပါးစပ်ထဲတွင် အရည်ပျော်သွားနိုင်သည်။
ဟဲရှောင်ယာလည်း တအံတဩဖြင့် စိုက်ကြည့်နေခဲ့သည်။
သူမ၏ ဘ၀တစ်လျှောက်လုံး ဤကဲ့သို့ မွေးကြိုင်လှပသော ဝက်သားနှပ်ကို တခါမျှ မတွေ့ဖူးချေ။
ဝင်ငွေများစွာ ရရှိခဲ့ပြီး ဝက်သားနှပ်လည်း ရှိနေသည့်အတွက် မိသားစုတခုလုံး ပျော်ပျော်ရွှင်ရွှင်ဖြင့် ပျော်ရွှင်ဖွယ်ရာ ညစာတပွဲကို သုံးဆောင်ခဲ့ကြသည်။
ညစာ စားပြီးသောအခါ တာ့ကျွမ်းသည် တွန်းလှည်းကိုဆွဲကာ အိမ်ဟောင်းကို လာခဲ့သည်။
“အဖွား၊ ကျွန်တော် တွန်းလှည်းပြန်လာပေးတာ”
“ဘာဖြစ်လို့လဲ၊ ထပ်မလိုတော့ဘူးလား”ဟု ဝမ်ရွှယ်ရှစ် က မေးခဲ့သည်။ “မေးဖို့လိုသေးလို့လား”ဟု တတိယယောင်းမက ချက်ချင်း ကြားဖြတ် ဝင်ပြောလာသည်။ “စီးပွားရေးလုပ်တာ အဲ့လောက်မလွယ်ဘူး။ သူတို့ဘာမှမရောင်းခဲ့ရလို့ ရှုံးရောပေါ့”
“ဖွီး၊ ခွေးပါးစပ်က ဆင်စွယ် မထွက်လာဘူး၊ အမြဲတမ်း မကောင်းတာပဲမြင်တယ်” ဝမ်ရွှယ်ရှစ်က သူမကို စိုက်ကြည့်ရင်း ပြောခဲ့သည်။ “ကျွန်မ အမှန်ပြောတာကို..”
ဝမ်ရွှယ်ရှစ်က သက်ပြင်းတချက်ချရင် တာ့ကျွမ်းကို ပြောခဲ့သည်။ သူမသည် သူမ၏ အကြီးဆုံးချွေးမနှင့် မကြာခဏ အချင်းပွားပြီး သူမနေရာသူမ မသိသည့်အတွက် ဝေဖန်ခဲ့သော်လည်း စီးပွားရေးကိုမူ အောင်မြင်လိမ့်မည်ဟု မျှော်လင့်ထားဆဲ ဖြစ်သည်။ သို့သော်လည်း ယခုအခါ လှည်းကို ပြန်ပေးခဲ့ပြီး သူတို့မရောင်းနိုင်ခဲ့သည်ကို ညွှန်ပြနေခဲ့သည်။
“သူ နည်းနည်းတော့ အရှုံးလေး ခံစားပါလိမ့်စေ။ ဒါမှ တချိန်လုံး ဂနာမငြိမ် မဖြစ်တော့မှာ။”ဟု အဖွားဝမ်က ပြောခဲ့သည်။ “တာ့ကျွမ်း ၊ စားစရာမရှိတော့ဘူးဆိုရင် ဒီမှာ ဂျုံမှုန့်နည်းနည်းကျန်သေးတယ်။ ယူသွားပြီး မင်းတို့ဖာသာ ရက်နည်းနည်းကြာအောင် တောင့်ခံထားလိုက်”
“အဲ့လို မဟုတ်ပါဘူး အဖွားရဲ့။ သားတို့ အကုန်ရောင်းကုန်ခဲ့တယ်”ဟု တာ့ကျွမ်းက အမြန်ရှင်းပြခဲ့သည်။
“ဘာ၊ အကုန်ရောင်းခဲ့တာလား။” အဖွားဝမ်လည်း ထိတ်လန့်သွားခဲ့သည်။
“ဟုတ်တယ်၊ လှည်းအသစ်တခု ဝယ်လာလို့ ဒီလှည်းကို ပြန်လာပေးတာ “
“ဟုတ်ပြီး..၊ မင်းတို့ ပိုက်ဆံရခဲ့လား”
“ရခဲ့တယ်။”
အဖွားဝမ်သည် ဤသို့ မလိုအပ်သော မေးခွန်းများကို မေးလိုက်သည့်အတွက် သူမကိုယ်သူမ ကျိန်ဆဲခဲ့သည်။ တာ့ကျွမ်းအမေ -သူမ၏ အပေါက်ဆိုးသည် ချွေးမသည် ကျောက်တုံးမှ တောင် ငွေပြားတဝက်ကို ညှစ်ယူလာနိုင်ခဲ့ပြီ။ အမြတ်အစွန်းတစုံတရာကို သူမ လုပ်နိုင်ပါလိမ့်မည် မဟုတ်လား။
“ကောင်းတာပေါ့။ မင်းတို့ပိုက်ဆံရှာနိုင်လေ၊ ငါ့စားစရာတွေ ငါသိမ်းထားလို့ ရတာပေါ့”
အဖွားဝမ်သည် နှလုံးသားနူးညံ့သော်လည်း လေသံမာမာကို ထိန်းထားခဲ့သည်။
“အိမ်ပြန်ပြီး မင်းအမေကိုပြောလိုက်၊ သူမှာ သားတွေရှိနေလို့ သူကိုယ့်သူ တခုခုလို့ ထင်မနေနဲ့လို့။ တချိန်လုံး ပိုက်ဆံတွေကို မဆင်မခြင် သုံးနေတယ်။ ဝမ်အာလက်ထက်ဖို့လည်း သိမ်းထားဦးလို့၊ နောက် သူ့မိသားစုကို ပစ္စည်းတွေ ပို့နေတာလည်း ရပ်ခိုင်းလိုက်ဦး”
“ဟုတ်ကဲ့ပါ။”
အနားတွင် မြက်ခုတ်နေသော ရှန်းရှီသည် ခိုးနားထောင်နေသည့်အတွက် ကြားလိုက်ရသောအခါ သူမနှလုံးသားတွင် ခါးခါးသီးသီး ခံစားလိုက်ရသည်။”ကြည့်ပါဦး၊ တကိုယ်ကောင်းဆန်တဲ့သူ။ ကိုယ့်ချွေးမက ပိုက်ဆံတွေ အများကြီးရှာနိုင်လာတာအောင် သူမမိသားစုအတွက် ကြည့်ပဲ။ အမေ့ကို တပြားမှတောင် မပေးဘူး။”
ထိုစကားကို အဖွားအိုဝမ်ကြားသောအခါ ဒေါသထောင်းခနဲ ထလာသည်။ “နင် ဒီနေ့ ရန်ဖြစ်ချင်နေတာလား။ သူ့မှာ သူ့ဟာသူ သားလေးယောက်ကို လုပ်ကျွေးနေရတယ်။ ငါ့ကို ဘာပေးရမှာလဲ။ နင်ဆို တချိန်လုံး အပြောပဲ ကောင်းနေတာလေ၊ ဒါပေမဲ့ ငါ့ကို ဘယ်နှပြားပေးဖူးလို့လဲ။”
ရှန်းရှီတယောက် ကျိုးကျိုးနွံ့နွံ့နှင့် နာခံမှုရှိစွာ ပါးစပ်ပိတ်ထားခဲ့သော်လည်း စိတ်ထဲတွင် မခံမရပ်နိုင် ဖြစ်နေခဲ့သည်။ “သူမခင်ပွန်း၏ ဝင်ငွေအားလုံးကို ဤမိသားစုအတွက် ပေးခဲ့သည် မဟုတ်ပေလား”
“ဒါနဲ့ အဖွား၊ အမေက ဒါ လှည်းအတွက်တဲ့” ဟုဆိုကာ တာ့ကျွမ်းသည် ငွေဆယ်ပြားကို ထုတ်ယူခဲ့သည်။
“ဘာလို့ယူရမှာလဲ။ ပြီးတော့ ပိုက်ဆံပြန်သိမ်းထားလိုက်။ အပိုငွေတွေ အဲလောက်တောင် တကယ်အများကြီး ရှိလို့လား”
“အမေက ပေးခဲ့ရမယ်တဲ့။ မဟုတ်ရင် နောက်တခါ ငှားဖို့ခက်လိမ့်မယ်တဲ့။”
သူ့စကားကို ကြားလိုက်သောအခါ အဖွားဝမ်၏ နှလုံးသား အနည်းငယ် နွေးထွေးသွားခဲ့သည်။ နောက်ဆုံးတွင်မူ သူမ၏ အကြီးဆုံးချွေးမသည် အရာရာကို ဂရုစိုက်ရန် သင်ယူခဲ့ပြီ ဖြစ်သည်။
“ကောင်းပြီလေ၊ ငါလက်ခံမယ်။”
သို့သော်လည်း ဤအကြီးဆုံးချွေးမ အနည်းငယ်ပြောင်းလဲသွားသည်ကို မတွေးပဲ မနေနိုင်ချေ။
အရင်ကဆိုလျှင် ငွေဆယ်ပြားမပေးရသည်တိုင် ဤသို့ရက်ရောမှုသည် မဖြစ်နိုင်ပေ။ အဖွားဝမ်သည် ပိုက်ဆံများကို ပျော်ရွှင်စွာ လက်ခံခဲ့ပြီး ရှန်းရှီကို ခက်ခက်ထန်ထန် စိုက်ကြည့်ခဲ့သည်။
သူမဆီမှ သင်ယူစမ်းပါ။ ဒါကမှ သားသမီး၀တ္တရား ကျေပွန်တာပဲ။
နောက်ပိုင်းရက်များတွင်လည်း လီယောင်သည် ကလေးများဖြင့် ဆိုင်ကို အတူတကွ လိုက်လာခဲ့သည်။
နေ့တိုင်း ဆိုင်ပိတ်ချိန်ရောက်လျှင် လီယောင်သည် ကလေးများကို ပိုက်ဆံများ ရေတွက်ခိုင်းပြီး သူတို့ကိုယ်တိုင် သူတို့ဖာသာ စာရင်းသွင်းစေခဲ့သည်။ ဝမ်အာသည် ဂဏန်းသင်္ချာအချို့ကို သင်ယူခဲ့ရသည်အတွက် အတွက်အချက်များကို ခက်ခဲ့မှု မရှိပေ။ သူ၏လမ်းညွှန်မှုအောက်တွင် တာ့ကျွမ်းနှင့် စန်းအာတို့သည် ရိုးရှင်းသော တွက်ချက်မှုများကို ကိုင်နိုင်ခဲ့ရုံမျှ ဖြစ်သည့်အတွက် ကိန်းဂဏန်းကြီးများအတွက်ကိုမူ အပတ်တကုတ် ကြိုးစားရရှာသည်။
လီယောင်ကို အံဩစေသည်မှာ ဝမ်ရှောင်စစ်သာ ဖြစ်သည်။
အငယ်ဆုံးဖြစ်သည့်အပြင် ဂဏန်းသင်္ချာများကို တခါမျှ မသင်ဖူးသော်ငြား လျှင်မြန်စွာ သင်ယူနိုင်ခဲ့သည်။ ရက်အနည်းငယ်အတွင်းမှာပင် ရိုးရှင်းသော အဆတိုးမြှောက်နည်းများကိုပင် ပြုလုပ်လာနိုင်ခဲ့သည်။ အနာဂါတ်တွင် သူသည် လိမ္မာပါးနပ်သော လူဆိုးလူရှုပ်ငယ်လေး ဖြစ်လာနိုင်ပေသည်။
တာ့ကျွမ်းနှင့် စန်းအာတို့သည် ပညာသင်ကြားရန် အထုံပါရမီ မပါသည်မှာ ထင်ရှားသဖြင့် လီယောင်သည် အခြေအနေပေါ်မူတည်၍ အစီအစဉ်များ ပြုလုပ်ခဲ့သည်။
“မေမေ၊ ကျွန်တော်တို့ ဒီနေ့ ဝမ် ၇၅၀ ရတယ်၊ မနေ့ကထက် ၁၅ဝမ် ပိုများတယ်။”
“စာရင်းစာအုပ်ထဲ မှတ်ထားလိုက်”
“ကျွန်တော် ရေးပြီးသွားပြီ။”
စာရင်းစာအုပ် ထားရှိခြင်းသည် ဝမ်အာအတွက် လီယောင်ပေးထားသော အလုပ်အသစ်တခုဖြစ်သည်။ နေ့စဉ်ဝင်ငွေ၊ ဝယ်ယူစရိတ်နှင့် အခြားအသုံးစရိတ်များအားလုံးကို မည်မျှပင် အသေးအဖွဲပင်ဖြစ်ပါစေ စာရွက်ပေါ်တွင် စေ့စပ်တိကျစွာ စာရင်းသွင်းထားခဲ့ပါသည်။
အိမ်တွင် ငွေမည်မျှ ကျန်ရှိကြောင်းကို အလွယ်တကူ ကြည့်နိုင်သည်။
ရက်အနည်းငယ်အတွင်းမှာပင် သူတို့သည် အမြတ်ငွေ ဝမ်၃၀၀၀ ရရှိနေပြီး ဖြစ်သည်။
ဆေးပင်တူးရောင်းခြင်းနှင့် မယှဉ်နိုင်သော်လည်း ဤအရာသည် ပုံမှန်ငွေဝင်သည့် လမ်းကြောင်းတခုဖြစ်ပြီး အကောင်းဆုံးအပိုင်းကတော့ တာ့ကျွမ်းနှင့် တခြားသူများ ကိုင်တွယ်လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် လီယောင် အများကြီး စိတ်ပူနေရန် မလိုအပ်တော့ပေ။
ငွေဝင်သည်နှင့်အမျှ တမိသားစုလုံး အောင်မြင်မှု အရသာကို ရရှိခဲ့ကြပြီး မနက်အစောမှ ညမိုးချုပ်သည့်တိုင်အောင် စိတ်အားထက်သန်စွာဖြင့် အလုပ်လုပ်ခဲ့ကြသည်။
သို့သော် ၆ရက်မြောက်နေ့တွင် ရုတ်တရက် ဝယ်သူအရေအတွက် သိသိသာသာ လျော့သွားခဲ့ပြီး နေ့လည်ထိတိုင်အောင် မရောင်းရသေးသည့် ပွဲ၃၀ခန့် ကျန်ရှိနေသေးသည်။
“အများကြီး ကျန်နေတုန်းပဲ။ ဘယ်လိုလုပ်ကြမလဲ။”
“ငါတို့ ဒီနေ့ လျော့လုပ်ခဲ့ရမှာ။”
တာ့ကျွမ်းသည် အလွန်စိုးရိမ်နေသည့်အတွက် နဖူးတွင် ချွေးများ ရွှဲစိုနေသော်လည်း အဖြေကောင်းကောင်း မထုတ်နိုင်ခဲ့ပေ။
တခြားတဖက်တွင်မူ လီယောင်သည် စိတ်ပူပန်ခြင်း မရှိခဲ့ပေ။
အသစ်အဆန်းများကို ကနဦးစိတ်ဝင်စားမှုများ ကွယ်ပျောက်သွားပြီး အစားရေစာ ရှားပါးသည့်နှစ် ဖြစ်သောကြောင့် ဖောက်သယ်များ လျော့နည်းလာခြင်းသည် ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်ပေသည်။
သူမသည် အခြေအနေများကို ကြိုတွက်ထားခဲ့သဖြင့် အစီအစဉ်တခုကို ကြိုပြင်ထားခဲ့ပြီး ဖြစ်သည်။
“နေရာပြောင်းကြမယ်”ဟု လီယောင်က အကြံပြုသည်။ “သိပ်နောက်မကျခင်၊ တက္ကသိုလ်ကျောင်းပေါက်ကို ရွှေ့ကြရအောင်။”
ဝမ်အာ၏ နှလုံးသားများ အခုန်မြန်သွားခဲ့သည်။
တက္ကသိုလ်ကျောင်းပေါက်ကို သွားခဲ့လျှင် သူ့ဦးလေး၊ အတန်းဖော်များနှင့် တခြားသော ကျောင်းသားများနှင့် တွေ့ဆုံနိုင်ပေလိမ့်သည်။
အတိတ်က သူတို့၏လက်ထဲတွင် သူခံစားခဲ့ရသော အရှက်တရားများက သူအား အစွမ်းကုန် တွန်းလှန်ကာ ခြေထောက်မကြွနိုင်အောင် ဖြစ်ခဲ့သည်။
သူ၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်ရသော် သူဘာဖြစ်နေသည်ကို လီယောင် အတိအကျသိခဲ့ပြီး ဆက်မမေးခဲ့တော့ပေ။
ငယ်ရွယ်သော ကောင်လေးသည် ဤသို့သော ကိစ္စရပ်များကို တယောက်တည်း ရဲရင့်စွာဖြင့် ရင်ဆိုင်ခဲ့ရသည်။