အပိုင်း ၈
Viewers 87

အခန်း (၈) အထက်တန်းလွှာတွေကို သိက္ခာကျစေတယ်


ပိုင်ချွမ်းတက္ကသိုလ်သည် ပိုင်ချွမ်းကောင်တီမှ တရားဝင် တည်ထောင်ထားသော ခရိုင်တက္ကသိုလ်‌ ဖြစ်ပြီး ပိုင်ချွမ်းခရိုင်၏  အကောင်းဆုံး တက္ကသိုလ်လည်း ဖြစ်သည်။ 


ချမ်းသာသော မိသားစုများ လူများဖြစ်စေ၊ ပညာသင်ရန် အထုံပါရမီရှိသည့်အတွက် တမိသားစုလုံး အနစ်နာခံကာ ထောက်ပံ့ပေးခဲ့သော လီယောင်၏မောင်ငယ်ဖြစ်သူ လီရှန်းကဲ့သို့ ဖြစ်စေ ဤနေရာသို့ ပညာသင်ကြားရန် လာရောက်ခဲ့ကြသည်။  


ကျောင်းသားထက်ဝက်ခန့်က အဝေးရှိ ရွာများမှ လာရောက်ခဲ့ကြသည့်အတွက် သူတို့အားလုံးသည် တက္ကသိုလ်အတွင်း၌ပင် နေထိုင်ခဲ့ကြသည်။ အစားအသောက်များကို မိသားစုက ပို့၍သော်လည်းကောင်း သို့မဟုတ်ပါက သူတို့သည် မြို့ထဲမှ ဝယ်ယူစားသောက်ရန်အတွက် ငွေသုံးရသည်။ 


အတိုချုပ်အားဖြင့် ပြောရသော် ဤနေရာသို့ စေလွှတ်ခံရသူများသည် မိသားစု၏ အထူးအခွင့်ရေးခံများ ဖြစ်ကြပြီး မုန့်ဖိုးငွေများ ရှိကြသည်။ 


အတန်းများ ပြီးသွားသည်နှင့် တပြိုင်နက် သူတို့သည် ဆိုင်ခန်းငယ်ကို ခင်းကျင်းခဲ့ပြီး ဖြစ်သည်။ 


သန့်ရှင်းခံ့ညားသော ကျောင်းသား နှစ်ယောက်၊ သုံးယောက် ထွက်လာသည်ကို မြင်သောအခါ တာ့ကျွမ်းနှင့် စန်းအာတို့သည် ချက်ချင်းဆိုသလို အားသွန်ခွန်စိုက်ဖြင့် စအော်ခဲ့တော့သည်။ 


သူတို့ အသားစွပ်ပြုတ်ရောင်းသည်ဟု ကြားသောအခါ ကျောင်းသားများသည် ချက်ချင်းဆိုသလို သိချင်လာခဲ့ကြသည်။ သူတို့ကိုယ်သူတို့ အသိပညာ ဗဟုသုတ ကြွယ်၀သည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း အနံ့များ မွှေးကြိုင်နေသည့် အသားစွပ်ပြုတ်ကိုမူ တခါမျှ မကြားဖူးခဲ့ကြပေ။ 


အများစုက လာရောက်ကြည့်ရှုကြပြီး ပမာဏများပြီး စျေးသက်သာသည့်အတွက် သူတို့ထဲမှာ တော်တော်များများသည်  စားကြည့်ရန် ထိုင်ခဲ့ကြသည်။


“အိုး.. ဒီအသားစွပ်ပြုတ်ရဲ့ အရသာကတော်တော်ထူးခြားတာပဲ။ ပါးစပ်ထဲမှာ စွဲနေတာပဲ။”


“ငါထင်တာတော့ အသားက အကောင်းဆုံးပဲ။ မွှေးပြီး နူးညံ့နေတာပဲ”


“မဟုတ်ဘူး မဟုတ်ဘူး။ မင်း အကောင်းဆုံးလို့ ပြောချင်ရင် အဲဒါ မုန်လာဥကိုပြောရမှာ။ အသားထက်တောင် ပိုအရသာရှိတယ်။”


ချီးမွမ်းသံ အမြောက်အမြားကြားတွင် လီရှန်းသည် အတန်းဖော်များစွာနှင့်အတူ တက္ကသိုလ်တွင်းမှ ထွက်လာခဲ့သည်။ ဝမ်အာသည် အဝေးမှ သူအားမြင်သောအခါ ပုန်းရန် နေရာတခုကို ရှာချင်ခဲ့သည်။ 


“မင်း မပုန်းရဘူး” လီယောင်သည် “အဲမှာ ရပ်နေစမ်း”ဟု ပြောလိုက်သည်။ ဝမ်အာလည်း မနာခံပဲ မနေရဲသည့်အတွက် ကျောက်ရုပ်ကဲ့သို့ တောင့်တင်းစွာဖြင့် ရပ်နေခဲ့သည်။ ရနံ့များက ဆွဲဆောင်နေသည့်အတွက် လီရှန်းသည် ပြန်လာသည့်အတန်းဖော်တဦးကို လှမ်းဆွဲကာ “အဲ့မှာ ဘာတွေရောင်းနေတာလဲ”ဟု မေးလိုက်သည်။


“အသားစွပ်ပြုတ်၊ အသားတွေ၊ ထမင်းတွေ၊ အသီးအရွက်တွေနဲ့ စားရတာ သိပ်အရသာရှိတာပဲ။ မင်းစားချင်ရင် မြန်မြန်သွား၊ အများကြီး မကျန်တော့ဘူး”


အသားစွပ်ပြုတ်ဆိုတာ ဘာလဲ။ လီရှန်းလည်း စူးစမ်းလိုက်သည့်အခါ လူအုပ်ကြားထဲတွင် အလုပ်များနေသော လီယောင်ကို တွေ့သွားခဲ့ပြီး သူ့နှလုံးသား ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့သည်။ 


“ဒါ ငါ့အစ်မကြီးမဟုတ်လား။” သူမသည် အမှန်တကယ်ကို ဒီမှာ လာရောင်းချနေခဲ့သည်။ 


“အစ်ကိုဝမ်၊ အစ်ကိုလျှို့၊ အစ်ကိုဖန်” လီယောင်သည် အနည်းငယ်ပြုံးလိုက်ပြီး ပြောခဲ့သည်။ “လာ၊ ဒီနေ့ ကျွန်တော် ဒီ အသားစွပ်ပြုတ်ကို ကျွေးမယ်။”


“မလုပ်ပါနဲ့။ ငါတို့ အသိအမှတ် မပြုတာ မဟုတ်ပါဘူး။ မင်းမိသားစု အခြေအနေကြောင့်ပါ။”


“ဒါက သိပ်ယဉ်ကျေးလွန်းနေပြီ။ ဒီနေ့ မယဉ်ကျေးနေတော့နဲ့။ ကျွန်တော် ကျွေးကိုကျွေးရမယ်”ဟု လီရှန်းက ပြောခဲ့သည်။ သူ၏အစ်မဆိုင်သို့ သွားစားသည့်အခါ ငွေပေးချေဖို့ လိုအပ်မည်လား။ ထမင်းပွဲ အနည်းငယ်ကို မေ့လိုက်ပါ။ သူတောင်းဆိုခဲ့လျှင် သူ့အစ်မသည် တဆိုင်လုံးကိုပင် ပေးလိမ့်မည်။ သူ့အတန်းဖော်သုံးယောက်နှင့် ဆိုင်အရှေ့သို့ ဦးဆောင်သွားခဲ့ပြီး လီယောင်ကို အခုမှ သတိပြုမိသကဲ့သို့ ဟန်ဆောင်ခဲ့သည်။ 


“အိုး.. ဘယ်လိုလုပ် နင်ဖြစ်နေတာလဲ။”


“ဘာအဒေါ်ကြီးလဲ။ ငါက နင့်အဒေါ် မဟုတ်ဘူး နင့်အစ်မ”ဟု လီယောင်က အေးစက်စက်ဖြင့် ပြောခဲ့သည်။  “မင်းက အစ်မကို အဒေါ်ကြီးလို့ခေါ်နေတာ၊ နင့်ဘယ်ဆရာက သင်ပေးလိုက်တာလဲ”ဟု ရုတ်တရက်ဆိုသလို သူမ၏  ပြစ်တင်ကြိမ်းမောင်းမှုကြောင့် လီရှန်းသည် အနည်းငယ် အံဩသွားခဲ့သည်။ 


သူ့အစ်မကြီး ဒီနေ့ ဘာဖြစ်နေတာပါလိမ့်။ ဘာကြောင့် သူ့ကို ဒီလောက်များ ခက်ထန်နေရတာပါလိမ့်။ 


“ဘာလို့ ငါ့ကို အော်နေတာလဲ” သူ့အတန်းဖော်များရှေ့တွင် မျက်နှာပျက်ရသည့်အတွက် လီရှန်းသည်လည်း မပျော်ရွှင်နိုင်တော့ပေ။ “မြန်မြန် အသားစွပ်ပြုတ် လေးပွဲပေး၊ ငါတို့အားလုံး ဗိုက်ဆာနေပြီ။”


လီယောင်လည်း စိတ်ထဲတွင် လှောင်ရယ်ရယ်ခဲ့သည်။  မူလကိုယ်သည် ယခင်က ဒီမောင်ငယ်အား အလွန်အစ်မင်း အလိုလိုက်ခဲ့သည့်အတွက် သူသည် အလွန်အစ်မင်း မာနကြီးကာ အထက်စီးဆန်လာခဲ့သည်။ သူစားချင်လျှင် အဆင်ပြေပါသည်။


“၄ပွဲကို ဝမ် ၆၀”


လီရှန်း၏ နှုတ်ခမ်း မဲ့သွားသည်။ ဒီနေ့ သူ့အစ်မကြီး ရူးသွားခဲ့သလား။


“ငါ ဒီမှာလာစားတာကို နင်က ပိုက်ဆံတောင်းနေတယ် ဟုတ်လား။”


“ဘာဖြစ်လဲ။ နေ့ခင်းကြောင်တောင်ကြီးမှာ နင်က ငါ့ကို ပြောင်ပြောင်တင်းတင်း ဓါးပြတိုက်ချင်နေတာလား”ဟု လီယောင်က အေးစက်စွာဖြင့် မေးခဲ့သည်။


“ငါ…”


လီရှန်းသည် သူ့ဒွာရခုနှစ်ပေါက်မှ မီးခိုးများ ထွက်လာလုနီးနီးပင် လွန်စွာ ဒေါသထွက်လာခဲ့သည်။ သို့သော်လည်း သူမကို မချေပနိုင်ခဲ့ချေ။ 


သူမသည် သူ့အစ်မကြီးဖြစ်သော်လည်း လက်ထပ်သွားခဲ့သည်မှာ ၁၀နှစ်ကျော်ရှိနေပြီး လီမိသားစုဝင်တယောက် မဟုတ်တော့ချေ။  


သနားကြင်နာမှုအရ သူမအတွက် အစားအသောက် အလကား ပေးခဲ့သည်မှာ ပုံမှန်ဖြစ်သကဲ့သို့ စည်းမျဉ်းအရ ပိုက်ဆံကျသင့်သည်မှာလည်း ပုံမှန်ပင်ဖြစ်သည်။ 


ယခင်က အမြဲလိုလို သူ့အား အလျော့ပေးကာ နာခံတတ်သော သူ့အစ်မကြီးကို သူနားမလည်နိုင်တော့ပေ။ ယနေ့တွင် ရုတ်တရက် တခြားသူတယောက်ကဲ့သို့ ဖြစ်လာခဲ့ပြီး သူ့အား အပြုံးတချက်ပင် မပေးခဲ့ချေ။


“အစ်ကိုလီ” သူ့အတန်းဖော်သုံးယောက်လည်း အဖြစ်အပျက်များကို တွေ့မြင်ခဲ့ကြပြီး “ဘာဖြစ်လို့ ကျွန်တော်တို့ဖာသာ ကျွန်တော်တို့ မဝယ်ရတာလဲ။”ဟု အကြံပေးလာခဲ့သည်။ 


“မရဘူး”


ဘယ်လိုလုပ် လီရှန်းတယောက် မျက်နှာအပျက်ခံရမည်လဲ။ “ကတိက ကတိပဲ။ ငါ ကျွေးမယ်လို့ ပြောထားပြီးပြီ။  ငါကျွေးကို ကျွေးမှာ” ဟု ပြောခဲ့သည်။ သို့သော် ပြဿနာမှာ သူတွင့် ပိုက်ဆံမလောက်ချေ။


“အစ်မ၊ မြန်မြန်လုပ် ၊ ထမင်းပေး”


လီယောင်သည် တုတ်တုတ်မှ မလှုပ်ချေ။


 “ပိုက်ဆံအရင်ပေး”


“နင်.. နင်..” 


လီရှန်းတစ်ယောက် အခု စိုးရိမ်နေသည်။ သူသည် ရုတ်တရက် ဘေးတွင်ရပ်နေသော ဝမ်အာကို မြင်သွားပြီး “မင်း ဘာကြည့်နေတာလဲ၊ ငါ့ကို ထမင်းပေး”ဟု ပြောခဲ့သည်။ 


လီယောင်သည် အလိုအလျောက် အနည်းငယ်လှုပ်ရှားသွားခဲ့သော်လည်း နောက်ဆုံးတွင် ချုပ်တည်းထားခဲ့သည်။ 


ယခု အမေသည် ဦးလေးကို မထောက်ခံတော့ပေ။ သူသည်လည်း ဦးလေး၏ စာသင်ဖော်လုပ်ရန် မလိုအပ်တော့ပေ။ ထို့ကြောင့် မည်သည့်အတွက် သူ့စကားကို နားထောင်ရတော့မည်နည်း။ ဝမ်အာ မလှုပ်သည်ကို မြင်သောအခါ “မင်းကို ထပ်ခိုင်းလို့ မရတော့ဘူးလား၊ ဒီဦးလေးက၊ မင်းကို ဒီနေ့သင်ခန်းစာ တခုပေးပြမယ် ကြည့်နေ။” လီရှန်းတယောက် ပို၍ ဒေါသထွက်လာခဲ့သည်။ 


ထိုသို့ပြောရင်း လီရှန်းသည် ခြေလှမ်းအနည်းငယ်လှမ်းကာ ဝမ်အာ၏  အင်္ကျီကော်လာကို လှမ်းဆွဲကာ မြေပေါ်သို့ ဖိထားခဲ့သည်။ 


တာ့ကျွမ်းနှင့် စန်းအာတို့က ကူညီချင်ကြသော်လည်း လီယောင်က တချက်ကြည့်ကာ ရပ်စေခဲ့သည်။ 


ဝမ်အာသည် ယခုနှစ်တွင် ၁၃နှစ်ဖြစ်ပြီး လီရှန်းက ၁၄နှစ်ဖြစ်သည်။ 


သူတို့သည် လအနည်းငယ်သာ အသက်ကွာပြီး အရွယ်အစား ပုံစံအားဖြင့် တူညီသည်။ 


ထို့ကြောင့် လီယောင်သည် ဝမ်အာကို ဤကိစ္စအား သူ့ဖာသူ ကိုင်တွယ်စေခဲ့သည်။ 


အနိုင်ရသည်ဖြစ်စေ ရှုံးသည်ဖြစ်စေ အရေးမကြီးပေ။ 


အရေးအကြီးဆုံး အရာမှာ သူ့ကိုယ်သူ ၎င်းကို ရင်ဆိုင်ရန်  သတ္တိဆွဲထုတ်စေခြင်းဖြစ်သည်။ အတိတ်၏အရိပ်များမှ ရုန်းထွက်နိုင်စေရန်ပင် ဖြစ်ပါသည်။


ဝမ်အာသည် လီရှန်းကို  သိသိသာသာပင်  အလွန်ကြောက်နေသေးသည်။ မြေပြင်ပေါ်သို့ လဲကျအောင် အချက်ပေါင်းများစွာ လက်သီးဖြင့် အထိုးခံရသည့်အတွက် သူ့ခေါင်းကို လက်ဖြင့်သာ ကာထားနိုင်ခဲ့ပြီး လုံး၀ ပြန်မတိုက်ရဲခဲ့ပေ။ 


တာ့ကျွမ်းသည် ၎င်းအဖြစ်အပျက်ကို ကြည့်နေရင်း စိတ်သောကရောက်နေခဲ့ပြီး စိုးရိမ်စွာဖြင့် ပြောခဲ့သည်။ “အမေ၊ ဒါကို ကြည့်ပါဦး..”


“မကူရဘူး”ဟု လီယောင်က အေးစက်စွာ ပြောခဲ့သည်။ “သူကလေးမဟုတ်တော့ဘူး။ သူ့ကိစ္စသူ ဖြေရှင်းတတ်အောင် သင်ရမယ်။ အမြဲတမ်း အသုံးမကျနေလို့ မရဘူး။” 


မလှုပ်မယှက် အရိုက်ခံနေရစဉ် ထိုစကားများကို ကြားသောအခါ ဝမ်အာတယောက် အံတင်းတင်းကြိတ်လိုက်သည်။  


သူ့အမေပြောတာ မှန်သည်။ သူ အသုံးမကျနေလို့ မရပေ။  


ယခင်က အနိုင်ကျင့်ဗိုလ်ကျပြီး အရှက်ခွဲကြသည့်အခါ သူသည် လုံး၀ မခုခံဝံပဲ တိတ်တဆိတ်သာ သည်းခံခဲ့သည်။ 


ယခုတွင်မူ မတူတော့ပေ။ 


သူသည် စာသင်ရန် ဦးလေးနောက်သို့ ထပ်လိုက်ရန် မလိုတော့ပေ။ ဒါဆိုလျှင် သူသည် ဤအနိုင့်ကျင့်မှုကို  ဘာကြောင့် ခံယူသင့်သေးသနည်း။ 


ဘာကြောင့် ပြန်မတိုက်ခိုက်ပဲ အရိုက်ခံနေသေးသင့်သနည်း။ 


“ခင်ဗျား ကျွန်တော့ကို ထပ်ရိုက်ရင် ကျွန်တော်လည်း ပြန်ရိုက်တော့မှာ။”


“မင်းက ပြန်ရိုက်ရဲသလား” ထိုစကားကို ကြားသောအခါ လီယောင် ပို၍စိတ်ဆိုးသွားခဲ့သည်။ သူသည် ဝမ်အာကို တိုက်ရိုက် လွယ်လွယ်ကူကူ ကန်လိုက်ပြီး သူ့ဒေါသများ အားလုံးကို ထွက်ပေါက်ရှာခဲ့သည်။


“ငါ ဒီနေ့သင်ခန်းစာ တခုပြမယ် စောင့်ကြည့်လိုက်” 


“အာ…”


ဝမ်အာလည်း နောက်ဆုံးတွင်မူ ထပ်၍ သည်းမခံနိုင်တော့ပေ။ သူသည် ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်ပြီး မြေပြင်မှထကာ လက်သီးဆုပ်ပြီး လွှားကနဲခုန်ကာ လီရှန်း၏ မျက်နှာကို ထိုးခဲ့သည်။ 


လီရှန်းသည် သူ့အား တကယ် ပြန်တိုက်ခိုက်လာမည်ကို မမျှော်လင့်ခဲ့ချေ။ ရုတ်တရက်ဆိုသလို့ အံအားသင့်သွားပြီး နှာခေါင်းမှ သွေးထွက်လာသည့်အထိတိုင်အောင် အချက်ပေါင်းများစွာ ပြင်းပြင်းထန်ထန် အရိုက်ခံခဲ့ရသည်။ 


“ငါက မင်းဦးလေးကွ။”လီရှန်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ “အယုတ်တမာ၊ မင်းက အကြီးကိုတောင် ရိုက်ဝံ့တယ်။ ကောင်းကင်ဘုံက ဒဏ်ခတ်မှာ မကြောက်ဘူးလား”


ဝမ်အာသည် တစ်လက်မမျှ နောက်မဆုတ်ပဲ “မင်းတောင် ရိုက်နိုင်ရင် ငါက ဘာလို့ ပြန်မရိုက်နိုင်ရမှာလဲ” ဟု ပြန်ပြောလိုက်သည်။


“အစ်မ၊ နင့်သားကို နင်ဒီလို အလိုလိုက်ထားတာလား။” လီရှန်းသည် လီယောင်ဘက်သို့ ဒေါသတကြီးဖြင့် လှည့်လိုက်ပြီး “နင် ဒီနေ့ဖြစ်တာတွေအတွက် ရှင်းပြချက်ပေးကိုပေးရမယ်။”


“နာလား”ဟု လီယောင်က မေးခဲ့သည်။ 


“မနာပဲနေမလား၊ ငါ့နှာခေါင်းက သွေးတောင် ထွက်နေပြီလေ”


“နာတယ်ဆိုလို့ ကောင်းတယ်” ဟု လီယောင်က လှောင်ပြုံးပြုံးကာ ပြောခဲ့သည်။ “သူအားမရှိမှာတောင် ငါက စိုးရိမ်နေတာ။ နည်းနည်းတောင် ရိုက်ကူတော့မလို့။”


“နင်.. နင်. လုပ်ရဲသလား။”


“ဘာလို့ မလုပ်ရဲရမှာလဲ။” လီယောင်သည် အေးစက်စက်ပြုံးပြီး ပြောခဲ့သည်။ “ဦးလေးက တူကို ရိုက်တာ သာမာန်ပဲ။ အစ်မကြီးက သူ့မောင်ကို ဆုံးမတာကလည်း သဘာ၀ပဲ မဟုတ်ဘူးလား”


လီရှန်းသည် သွေးအန်တော့မတတ်ပင် ဒေါသထွက်နေခဲ့သည်။ သူ့ အစ်မကြီးသည် သူ့ကို နာခံတတ်သော်လည်း သူမသည် ဟဲဝမ်ရွာတွင် ကျော်ကြားသည့် အရိုင်းအစိုင်းဖြစ်ကြောင်း သတိရမိခဲ့သည်။ 


အကယ်၍ သူမ အမှန်တကယ်ပင် ရန်လိုလာပါက သူသည် သူမအား ငြင်းခုံခြင်း သို့မဟုတ် ရန်ဖြစ်ခြင်းအတွက် အနိုင်ယူနိုင်မည် မဟုတ်ပေ။ 


သို့သော်လည်း ဤသည်မှာ တက္ကသိုလ်ကျောင်းပေါက်၏ အရှေ့တွင်ဖြစ်ပြီး အနားတွင် အတန်းဖော် အမြောက်အမြား ရှိနေသည်။ ထို့ကြောင့် သူသည် ကျယ်လောင်စွာဖြင့် အော်ခဲ့သည်။


 “လူတိုင်း လာပြီး ထင်မြင်ချက်ပေးကြပါဦး။ ဘယ်သူက သူတို့ကလေး အကြမ်းဖက်နေတာကို ပေါ်တင်ကြီး အလိုလိုက်နေတာလဲ။ ကောင်းကင်နဲ့ မြေကြီးကြားမှာ ကိုယ်ကျင့်တရားနဲ့ ကျင့်ဝတ်တွေ မရှိကြတော့ဘူးလား။” 


သူသည် သူ၏ ခံစားချက်အပြည့်နှင့် စကားသံများသည် သူမအား ပူးပေါင်းရှုတ်ချရန် သူ၏အတန်းဖော်များက ထောက်ခံကြလိမ့်မည်ဟု ထင်ခဲ့သည်။ 


သို့သော်ငြား သူ၏ပတ်ဝန်းကျင်တခုလုံးသည် ငြိမ်သက်တိတ်ဆိတ်နေခဲ့သည်။ 


မျက်လုံးပါသူတိုင်း ဖြစ်ပျက်သမျှကို မြင်တွေ့နိုင်သည်။ 


သူနှင့်အတူပါလာသော အတန်းဖော် သုံးယောက်သည် လူပုံအလည် အရှက်ရစေခဲ့သည်။ 


“ရှက်ဖို့ကောင်းလိုက်တာကွာ။”


“တက္ကသိုလ်တံခါး၀မှာ ကျယ်ကျယ်လောင်လောင် အော်ဟစ်နေတာ မသင့်တော်ပါဘူးကွာ။”


“ငါတို့ ထမင်းသွားစားတော့မယ်။ နောက်မှတွေ့မယ်။”


သုံးယောက်လုံး လှည့်ကာ မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားခဲ့ကြသည်။ လီယောင်၏မျက်နှာ ဖြူဖျော့သွားခဲ့သည်။ သူ၏ သဘာ၀ကျသည့် လုပ်ရပ်များသည် သူ့ကို ပစ်ထားခဲ့စေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ 


“ကောင်းပြီ၊ ငါ့ကိုစောင့်နေ။  အမေ့ကို သွားပြောတော့မှာ။ နင်သူနဲ့ ဘယ်လိုဖြေရှင်းမလဲ ကြည့်ကြတာပေါ့။” ဟု ပြောကာ လီရှန်းသည် လှည့်ထွက်သွားခဲ့သည်။


“ကောင်းသားပဲ။ ငါ့ကို ကူမေးခဲ့ပေးပါဦး။” လီယောင်သည် သူ့နောက်မှ လှမ်းအော်ခေါ်လိုက်ပြီး “ငါ့ကို ဥဥဖို့ ငှားထားတဲ့ ကြက်မကြီး ဘယ်တော့ပြန်ပေးမှာလဲလို့”ဟု ပြောလိုက်သည်။ 


ဥဥဖို့ ကြက်မတကောင်ကို ငှားခဲ့တာလား။ 


ကျောင်းသားများ၏ မျက်လုံးများ ပြူးကျယ်လာခဲ့သည်။ သူတို့သည် အစက ဟာသ ဥပမာတခုက ထင်ခဲ့ကြပြီး ဤသို့ ရယ်ဖို့ ကောင်းပြီး အဓိပ္ပါယ်မရှိသော ကိစ္စတရပ် အမှန်တကယ်ရှိနေမည်ဟု မမျှော်လင့်ခဲ့ပေ။


သူတို့၏ ထူးဆန်းသော အကြည့်များကို ခံစားလိုက်ရသောအခါ လီရှန်းသည် ခလုတ်တိုက်ပြီး လဲကျလုနီးပါး ဖြစ်ခဲ့သည်။ 


ယနေ့တွင် သူ အမှန်တကယ်ကို အရှက်ရခဲ့လေပြီ။ 


မင်းတို့ စောင့်နေလိုက်။  


သူအိမ်ပြန်သွားသောအခါ သူ့အစ်မကြီး၏ လုပ်ရပ်အား ဒေါသတကြီးဖြင့် ပြောဆိုနေလိမ့်မည်။ သို့မဟုတ်ပါက သူ့ဒေါသများ ဘယ်လိုမှ ဖယ်နိုင်လိမ့်မည် မဟုတ်ပေ။