အပိုင်း ၉
Viewers 102

အခန်း (၉) ယုံကြည်မှု ပြင်းထန်လွန်းသော အမျိုးသား


လီ‌ယောင်သည် ဝမ်အာကို သီးသန့်မေးမြန်းရန် ခေါ်ခဲ့သည်။


“မေမေ၊ ကျွန်တော်မှားသွားပါတယ်။ ကျွန်တော် ဦးလေးငယ်ကို မရိုက်ခဲ့သင့်ပါဘူး။” ဝမ်အာသည် ယနေ့တွင် သူကြောင့် ပြဿနာဖြစ်စေခဲ့သည်ကို သိသောကြောင့် ချက်ချင်းပင် သူ့အမှားများကို စ၍ ဝန်ခံခဲ့သည်။ 


“မဟုတ်ဘူး၊ မင်း ဘာမှမှားခဲ့ဘူး။ မင်း သူ့ကို ကောင်းကောင်းရိုက်ခဲ့တယ်လေ” ဟု လီယောင်က ပြောခဲ့သည်။ 


ဟမ်…


ဝမ်အာသည် မယုံကြည်နိုင်စွာဖြင့် မောကြည့်ခဲ့သည်။ 


ဦးလေးငယ်သည် ရာထူးဝင်စာမေးပွဲကို အောင်ရန် မျှော်လင့်ထားခဲ့သည်။ အမေသည်လည်း  ၎င်းအား တချိန်လုံး ချီးမွမ်းလေ့ရှိသည်။ ဦးလေးငယ်အကြောင်း အနည်းငယ်မျှ ညည်းညူမိသော် သူ့ကို နေ့တဝက်ခန့်မျှ ဆူလေ့ရှိသည်။ 


ယခုတွင်မူ ဦးလေးငယ်ကို ရိုက်ခဲ့သည့်တိုင်အောင် သူဘာမှ အမှားမလုပ်မိဟု အမေ ဘယ်လိုများ ပြောနိုင်ခဲ့သနည်း။


“ဝမ်အာ၊ အမေ ဒါကို ဒီတစ်ကြိမ်ပဲ ပြောမှာ၊ ကောင်းကောင်းမှတ်ထား” ဟု လီယောင်ကဆိုကာ “ဘယ်လို အဆင့်အတန်းရှိကြပါစေ၊ လူတွေက ညီမျှကြတယ်။ မင်း ကောင်းကောင်းမွန်မွန်လုပ်ပြီး တည့်တည့်မတ်မတ်ထိုင်သရွေ့ တခြားသူတွေကို ခေါင်းငုံစရာမလိုဘူး။ အဆင်မပြေမှုတွေ ကြုံလာရင်၊ မင်းမှာ အရှုံးမပေးတဲ့ စိတ်ရှိရမယ်။ ဖိနှပ်ခံရရင် မင်း ခုခံနိုင်ရမယ်။ မင်း အနာဂါတ်မှာ အမှုထမ်းဖြစ်လာရင် ဆိုးယုတ်တာတွေ၊ မြှောက်ပင့်တာတွေ၊ အသရေပျက်အောင် လုပ်တာတွေကိုလည်းပဲ မလုပ်ဖို့ သတိရရမယ်။ အများပြည်သူနဲ့ တိုင်းပြည်ကို စိတ်မှာ နှလုံးသားများ ယုံကြည်လက်ခံပြီး ထားရမယ်။ သိက္ခာတဲ့ လူတစ်ယောက် ဖြစ်ပါစေ။ ကိစ္စရပ်တွေကို တရားနည်းလမ်းကျကျ ကိုင်တွယ်ပါ။”


ဝမ်အာတစ်ယောက် ကြက်သေ သေသွားခဲ့သည်။  


အမေ ဘယ်အချိန်ကများ ဒီလောက် နှံ့နှံ့စပ်စပ် သိလာခဲ့တာပါလိမ့်။ 


ဒါ တကယ်ကော ငါ့အမေ ဟုတ်ပါရဲ့လား။ 


သို့သော်လည်း အမေ့၏စကားများသည် အလွန်ပင် အကျိုးအကြောင်းသင့်လျှော်ကာ အဓိပ္ပါယ်အပြည့်ရှိသည့်အတွက် သူသည် လက်သီးကိုသာ ခပ်တင်းတင်း ဆုပ်ထားခဲ့လေတော့သည်။  


“မေမေ၊ ကျွန်တော် အားလုံးကို မှတ်မိနေမှာပါ။”


“ပြောတာ သိပ်ကောင်းတယ်။ သိပ်ကောင်းတယ်။” သက်ကြီးရွယ်အိုတစ်ယောက်၏ အသံက ထွက်ပေါ်လာခဲ့သည်။  “စာတတ်ပေတတ်တွေထက် ပိုပညာရှိပြီး အဓိပ္ပါယ်ပြည့်နေတဲ့ ဒီလိုစကားမျိုးကို သာမာန်အမျိုးသမီးတစ်ယောက်က ပြောမယ်လို့ ငါထင်မထားခဲ့ဘူး”


လီယောင် နောက်သို့ လှည့်ကြည့်လိုက်သောအခါ ပြောသူသည် တစ်ခေါင်းလုံး ဆံပင်ဖြူနေသည့် အဘိုးအိုတစ်ယောက် ဖြစ်သည်ကို တွေ့ခဲ့ရသည်။ သူသည် အိုးကို ငုံ့ကာကြည့်လိုက်ပြီး ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ “ဒါပေမဲ့လည်း မင်း အကျိုးအကြောင်း မသင့်နေသေးဘူး”


“အကြီးအကဲ၊ ကျွန်မက ဘယ်လိုများ အကျိုးအကြောင်း မသင့်ခဲ့လို့လဲ”


“မင်းက ဒီလောက်အရသာရှိတဲ့ စွပ်ပြုတ်ကို လုပ်ထားတယ်။ ဒါပေမဲ့ ငါမစားရပဲ အနံ့ပဲ ခံလိုက်ရတယ်။ ဒါက အကျိုးအကြောင်းသင့်လို့လား”ဟု အဘိုးအိုက ပြောခဲ့သည်။ လီယောင်သည် အနည်းငယ်မျှ စိတ်အနှောက်အယှက် ဖြစ်သွားခဲ့သည်။ “စွပ်ပြုတ်မရှိတော့ပေမဲ့ ဟင်းအနှစ်တွေ၊ ထမင်းနဲ့ ပေါက်စီတွေ ကျန်ပါသေးတယ်။ စိတ်မရှိဘူးဆိုရင်….”


“စိတ်မရှိဘူး။ စိတ်မရှိဘူး။ မြန်မြန်လေး တပွဲထည့်ပေးပါ။”


တာ့ကျွမ်းသည် ထမင်းမထည့်မှီ ဟင်းနှစ်နှစ်ဇွန်းကို ကော်ခပ်ကာလောင်းထည့်ပြီး တစ်ပန်းကန်လုံးအပြည့် ထမင်းထည့်ပေးခဲ့သည်။ အဘိုးအိုသည် လျှင်မြန်စွာဖြင့် အငမ်းမရ စားသောက်ခဲ့ပြီး ထမင်းပေါင်းတစ်ပန်းကန်လုံးကို အပြီးသတ်ခဲ့သည်။


“အံဩစရာ ကောင်းလိုက်တာ၊ တကယ်ကို အံဩစရာပဲ။”


အဘိုးအိုသူ သူ၏အင်္ကျီလက်ထဲမှ အတော်အတန်ကြီးမားသော ငွေချောင်းကြီးကို ထုတ်ယူပြီး စားပွဲပေါ်တင်ခဲ့သည်။


“အကြီးအကဲ၊ ဒါက အရမ်းများနေပါတယ်။”


“ရတယ်၊ အဲဒါကို စားသောက်စရိတ် ကြိုပေးထားတယ် မှတ်ထားလိုက်၊ အခုကစပြီး ငါ နေ့တိုင်း တစ်ပွဲလာစားမယ်”ဟု အဘိုးအိုက ပြောခဲ့သည်။ 


ထိုသို့ပြောပြီးနောက် အဘိုးအိုသည် လေမှာ လွင့်သွားသကဲ့သို့ပင် ကျေနပ်စွာဖြင့် ထွက်သွားခဲ့သည်။ 


လက်ထဲမှ ငွေတုံးကို ကြည့်ရင်း တာ့ကျွမ်းနှင့် သူ့ ညီများ လုံး၀ကို ဇဝေဇဝါဖြစ်သွားခဲ့သည်။ ဤလူသည် အလွန်ပင် ထူးဆန်းလွန်းလှပေသည်။ 


ဤငွေပြားသည် အနည်းဆုံး ငွေဒင်္ဂါး၅ပြားခန့် ရှိသည်။ 


တစ်နေ့လျှင် တစ်ပန်းကန်မျှစားခဲ့လျှင်တောင် တစ်လကျော်မျှ စားနိုင်သည်။ ဘာကိုမှ မစားရသေးပဲ ငွေပေးချေခြင်းသည် အဓိပ္ပါယ်မရှိချေ။


“ယူထားလိုက်၊ နောက်မှ ဒင်္ဂါးပြားနဲ့ သွားလဲလိုက်။ ဝမ်အာ၊ သူ့အတွက် စာရင်းသပ်သပ်မှတ်ထားလိုက်။ သူ ဒီနေရာကို ထပ်လာလာ မလာလာ၊ နေ့တိုင်း သူ့ဆီကို တစ်ပွဲပို့ဖို့ မမေ့နဲ့။”ဟု လီယောင်က ပြောခဲ့သည်။ 


“ဟုတ်ကဲ့ မေမေ။”


“သွားစို့ ၊ ဟင်းအမည်တွေဝယ်ပြီး အိမ်ပြန်ကြရအောင်။”


ဝမ်အာသည် လိုက်သွားဖို့ မလှည့်မှီ တက္ကသိုလ်ပေါက်၀ကို နောက်ဆုံးတချက် ကြည့်ခဲ့သည်။ 


လီယောင်သည်  ၎င်းကို မြင်ခဲ့ပြီး သူဘာကို တွေးနေသည်ကိုလည်း သိခဲ့သည်။ 


စွပ်ပြုတ်လုပ်ငန်း တည်ငြိမ်သွားပါက သူမသည် သူ့အား ပညာသင်ကြားရန် ကျောင်းသို့ စေလွှတ်မှာပင် ဖြစ်သည်။


ယခုတလော နေ့တိုင်း အရသာရှိသော အစားအစာများဖြင့် လီယောင်သည် ထွန်ခြစ်ကဲ့သို့ ပိန်ကပ်မနေတော့ပဲ အနည်းငယ် ဝိတ်တက်လာသည်ဟု ခံစားခဲ့ရသည်။ 


ဤကိုယ်ခန္ဓာသည် အမှန်တွင်မူ ကောင်းမွန်သော အခြေခံရှိခဲ့သည်။ 


စုပ်ယူလိုက်သော အာဟာရများသည် သွားရမည့်နေရာကို သိနေပုံရပြီး လိုအပ်သည့်နေရာတိုင်းကို အားဖြည့်ထောက်ပံ့ခဲ့သည်။ သူမ၏ အသားအရေသည် လျင်မြန်စွာဖြင့် စိုပြေပြီး ချောမွတ်လာခဲ့သည်။ ရေချိုးသောအခါ လီယောင်သည် သူမကိုသူမ မြင်လိုက်ရသောအခါ ရှက်သွေးဖြာသွားခဲ့သည်။ 


ဤကဲ့သို့ ပုံပန်းသဏ္ဌန်သည် မော်ဒန်ခေတ်တွင် ထိပ်တန်းမော်ဒယ်တယောက် ဖြစ်လာနိုင်ပေသည်။  


သူမ၏  ဆံပင်ရေစိုများကို အခြောက်ခံရင်း လီယောင်သည် မနက်ဖြန်မှစ၍ တာ့ကျွမ်းနှင့် စျေးကိုမလိုက်တော့ရန် ဆုံးဖြတ်ခဲ့သည်။  


ဤကဲ့သို့ အသေးအဖွဲကိစ္စများကို နောက်ဆုံးတွင်မူ သူတို့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရန်အတွက် လွှတ်ထားခဲ့ရမည် ဖြစ်သည်။ 


သို့သော် အိမ်တွင်လည်း သူမ အချိန်မဖြုန်းနိုင်ပေ။ 


ဟင်းခတ်အမွှေးအကြိုင်များ အိမ်တွင် နည်းပါးနေပြီ ဖြစ်သည့်အတွက် ဤတစ်ခေါက်တွင် တောင်ပေါ်၌ ပိုမိုစုဆောင်းရန်အတွက် သူမ စီစဉ်ထားခဲ့သည်။ 


နောက်တနေ့တွင် တာ့ကျွမ်းနှင့် သူ့ညီများ စျေးဆိုင်ခင်းရန်ထွက်သွားသောအခါ လီယောင်သည် တစ်ယောက်တည်း တောင်ပေါ်သို့ တက်လာခဲ့သည်။  


ရွာသူရွာသားအမြောက်အမြားကလည်း ဟင်းသီးဟင်းရွက်တူးရန် အုပ်စုလိုက်ဖွဲ့ကာ တောင်ပေါ်သို့ တက်ခဲ့ကြသည်။ သို့သော် လီယောင်သည် ၎င်းတို့ကို ရှောင်ရှားခဲ့ပါသည်။ 


သူမ သဘောထားသေးသည့်အတွက် မဟုတ်ပေ။ 


ဟင်းခတ်အမွှေးအကြိုင်များ၏ လျှို့ဝှက်ချက်များကို အခုထိ မထုတ်ဖော်နိုင်သေးပေ။ 


ထို့အပြင် ထိုချိုင့်ဝှမ်းသည် အလွန်ပင် အန္တရာယ်များလှသည်။ သာမာန်လူများသည် ထိုထဲသို့ မဆင်းနိုင်ပေ၊ သို့မဟုတ်ပါက ၎င်းတို့၏အသက်များ ဆုံးရှုံးနိုင်ပေသည်။  ထိုတာဝန်ကို သူမ မယူနိုင်ပေ။ သို့သော် သူမတောထဲသို့ မဝင်မှီပင် တစုံတယောက်သည် သူမနောက်မှာ လိုက်လာခဲ့သည်။ 


ထိုလူ၏ ပုံပန်းသွင်ပြင်ကို အဝေးမှာ လှမ်းမြင်လိုက်သောအခါ လီယောင် ချက်ချင်းပင် မျက်မှောင်ကြုတ်ခဲ့သည်။


“ကျူးယိုကွေ့“ 


ဤလူသည် မြစ်ကွေ့ရွာမှ နာမည်ဆိုးဖြင့် အကျော်ကြားဆုံး ငပျင်းတယောက် ဖြစ်သည်။ အသက် ၃၀ ကျော်နေပြီဖြစ်သော်လည်း လူပျိုကြီးတစ်ယောက် ဖြစ်နေဆဲပင် ဖြစ်သည်။ သူ့မိခင်မှ ထောက်ပံ့ခြင်း မပြုပါက ငတ်မွတ်နေလိမ့်မည် ဖြစ်သည်။ 


သေသည်အထိ အရိုက်ခံရလျှင်တောင် ဤသို့သော လူစားမျိုးသည် ဟင်းသီးဟင်ရွက်တူးရန် လာသည်ဟု လီယောင် မယုံကြည်နိုင်ပေ။ 


ထို့ကြောင့် သူမနောက်သို့ လိုက်လာသည့် သူ့ရည်ရွယ်ချက်ကို လွယ်လွယ်ကူကူ ခန့်မှန်းနိုင်ခဲ့သည်။ သူမ ယနေ့တွင် သူ့အား သင်ခန်းစာ မပေးနိုင်ခဲ့လျှင် အနာဂါတ်တွင် သူမအား မဆုံးနိုင်အောင် အနှောက်အယှက်ပေးလိမ့်မည် ဖြစ်သည်။ 


“ကျူးယိုကွေ့” လီယောင်သည် သစ်ပင်နောက်မှ လမ်းလျှောက်လာကာ အေးစက်စွာဖြင့် မေးလိုက်သည်။ “နင် ဘာလို့ ငါ့နောက်ကို လိုက်နေတာလဲ။”  


ကျူးယိုကွေ့သည် လီယောင် ပျောက်သွားသည်ဟု ထင်ကာ နောင်တရနေပြီး  သူမအရင် ထွက်လာသည်ကို မြင်သောအခါ သူ့မျက်နှာတွင် ပျော်ရွှင်မှုများ ချက်ချင်းပေါ်လာခဲ့သည်။  


“ဟီးဟီး ငါက မင်း တကယ် သည်းခံနေလိမ့်မယ် ထင်နေတာ” ဟု ကျူးယိုကွေ့က ပြောပြီး အနားကပ်လာရန် ကြိုးစားခဲ့သည်။  “မုဆိုးမလေး၊ မင်း မုဆိုးမဖြစ်နေတာလည်း တော်တော်လေး ကြာနေပြီ၊ ယောက်ျားတစ်ယောက်ကို တကယ်လွမ်းနေမှာပဲ။ မြန်မြန်လေး၊ငါက လူပျိုဖြစ်နေတုန်းပဲ။ မင်းအတွက် အမြတ်ကြည့်ပဲ။ ပြီးရင်တော့ မင်းရဲ့ စွပ်ပြုတ်ပွဲလေး နည်းနည်းပါးပါး ပို့ဖို့ မမေ့နဲ့ပေါ့ကွာ။” 


လီယောင်သည် လှောင်ရယ် ရယ်ခဲ့သည်။  


ခေတ်တိုင်းတွင် လူဖျင်းလူညံ့များ ရှိနေပုံ ရသည်။ 


“ဖြန်း”


သူမ၏ လက်ထဲမှ ကြိမ်လုံးဖြင့် ကျူးယိုကွေ့၏ ခန္ဓာကိုယ်အား ရက်ရက်စက်စက် ရိုက်ခဲ့သည်။


 “မင်း… မိန်းမပျက်၊ ငါ့ကို ဘာလို့ ရိုက်တာလဲ။” နာကျင်မှုကြောင့် ကျူးယိုကွေ့သည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားကာ မကျေနပ်မှုအပြည့်ဖြင့် “နင် ငါ့ကို အရင်လာသွေးဆောင်တာ။ အခုမှ မျက်နှာလွဲပြီး ငါ့ကို မသိချင်ယောင်ဆောင်နေတာလား”


လီယောင်သည် ဒေါသထွက်လွန်းသဖြင့် ရယ်ချလုနီးပါးဖြစ်ခဲ့သည်။ “ငါက နင့်ကို သွေးဆောင်တယ်။”


“နင်က တအားလှလှပပ ဆွဲဆောင်မှုရှိရှိ ဝတ်လာတယ်လေ။ ပြီးတော့ တခြားသူတွေကို တမင်သက်သက်ရှောင်ပြီး ငါ့ရှေ့ကို တမင်တကာ လျှောက်လာတာလေ။ ဒါ သွေးဆောင်တာမဟုတ်ရင် ဘာလဲ။”


လီယောင် အမှန်တကယ်ပင် ပြောစရာစကားမရှိတော့ပေ။  


ဤကဲ့သို့ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းသော လူတန်းစားများအတွက် ယဉ်ကျေးနေရန် မလိုအပ်ပေ။ အကျပ်ကိုင် ဆောင်ရွက်ပြီး တည့်တည့်သွားခြင်းသာလည်း နည်းလမ်း ဖြစ်ပေတော့သည်။  


ဖြန်း၊ ဖြန်း၊ ဖြန်း။ 


သူမ၏ လက်ထဲမှာ ကြိမ်လုံးဖြင့် မရပ်မနားလိုက်ဖမ်းပြီး ကျူးယိုကွေ့အား ပြင်းထန်စွာ ရိုက်ခဲ့သည်။ 


ကျူးယိုကွေ့သည် ရှောင်တိမ်းကာ ထွက်ပြေးချင်ခဲ့သော်လည် ကြိမ်လုံးသည် မျက်စိရှိနေသကဲ့သို့ပင် သူ မည်သို့ပင် ချာလည်လှည့်နေကာမူ အချိန်တိုင်း သူ့ခန္ဓာကိုယ်အား မလွဲတမ်းအတိအကျ ထိခိုက်ခဲ့သည်။ သူသည် ဝါးကြိမ်လုံး တစ်ပိုင်းတစ်စဆီ ကွဲသွားသည့်တိုင်အောင် နာကျင်စွာဖြင့် ငယ်သံပါအောင် အော်ဟစ်ကာ ငိုကြွေးခဲ့သည်။ မရပ်ခင်အထိ သူ့ခန္ဓာကိုယ်တခုလုံးသည်လည်း ရောင်ကိုင်းကာ ပွန်းပဲ့ခဲ့သည်။ 


“ငါ့နဲ့ ခြေလှမ်းငါးဆယ်အကွာကို ထပ်ပြီး လာရဲရင်လာခဲ့စမ်း။ နင် နောင်တရစေရမယ်။ ထွက်သွားစမ်း။”


ကျူးယိုကွေ့တယောက် ကြောက်လန့်တကြား ထွက်ပြေးသွားသည်ကို ကြည့်ရင်း လီယောင်သည် သက်ပြင်းဖွဖွ ချခဲ့သည်။ 


ဤခေတ်တွင် လှပလွန်းပြီး ပုံပန်းသွင်ပြင် ကောင်းလွန်းခြင်းသည် အထူးသဖြင့် အသက်ငယ်ရွယ်သော မုဆိုးမငယ်တစ်ဦးအတွက် ဗျာများရသည့်ပုံပေါ်သည်။ 


အနာဂတ်တွင် သူမ အပြင်သို့ ထွက်သည့်အခါတွင် သူမကို အာရုံစိုက် မခံရစေရန် ထားရမည့် ပုံပေါ်သည်။ 


သူမ၏ စိတ်သက်တောင့်သက်သာဖြစ်စေပြီးမှ လီယောင်သည် ချို့ဝှမ်းအတွင်းသို့ ထပ်ဆင်းလာခဲ့တော့သည်။ 


ယခုတခေါက်တွင် သူမသည် ဟင်းခတ်အမွှေးအကြိုင်များကို လုံလုံလောက်လောက် စုဆောင်းခဲ့ရုံသာမက အထူးဆေးပင်များနှင့် အပင်ရိုင်းတချို့ကိုပါ တူးယူခဲ့သည်။ 


အိမ်တွင် ခြင်ထောင်မရှိသောကြောင့်  ညတိုင်း ခြင်များကြောင့် သူမ စိတ်ဒုက္ခရောက်ခဲ့ရသည်။ သူမ တကိုယ်လုံး ခြင်ကိုက်သည့်အတွက် ကောင်းမွန်စွာ မအိပ်နိုင်ခဲ့ပေ။ ထို့အတွက် သူမသည် ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီတချို့ကို ပြုလုပ်ရန် ရည်ရွယ်ခဲ့သည်။