အပိုင်း ၁၀
Viewers 96

အခန်း (၁၀) ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ ဖော်စပ်နည်းသည် မိသားစုအတိုင်းအတွက် မတူပေ။ လီယောင်သည် စမ်းသပ်စစ်ဆေးပြီး အမှားများမှတဆင့် သူမ၏ ကိုယ်ပိုင်ဖော်စပ်နည်းကို တိုးတက်ပြောင်းလဲခဲ့သည်။ ၎င်းသည် ဘယ်လိုအင်းဆက်ပိုးမွှားများ အကိုက်ခံရစေကာမူ ချက်ချင်းအလုပ်ဖြစ်ခဲ့သည်။ တစ်ခုတည်းသော အားနည်းချက်မှာ နှစ်လိုဖွယ်ကောင်းသည့်ပုံ မပေါ်ခြင်းပင် ဖြစ်သည်။ ဤအချက်ကို သူမ ဖြေရှင်းနိုင်ခဲ့ပါက နောက်ထပ် အကျိုးအမြတ်ရှိသော လုပ်ငန်းတခု ဖြစ်လာနိင်ပေသည်။ ယခုအချိန်တွင်မူ အစားအသောက်နှပ်ဆိုင်အား ကလေးများကို လွှဲပြောင်းပေးလိုက်ပြီ ဖြစ်သဖြင့် တဖြည်းဖြည်းချင်း လေ့လာရန် အချိန်ရှိနေပြီ ဖြစ်ပါသည်။ သို့သော် သူမ မတ်တပ်ထမခင်ခင်မှာပင် ဝမ်ရှောင်စစ်သည် အိပ်ခန်းအတွင်းသို့ အမောတကော ပြေးဝင်လာခဲ့သည်။ “အမေ၊ အကြီးဆုံး အစ်ကိုကြီး ရန်ဖြစ်နေတယ်။” “ဘယ်သူနဲ့လဲ၊ ဘယ်မှာလဲ” “ကျူးယိုကွေ့နဲ့၊ ရေတွင်းနားလေးမှာ” ဟဲဝမ်ရွာတွင် ရေတွင်း ခုနစ်တွင်း ရှိသည်။ မိုးခေါင်ခြင်းက ပိုဆိုးလာသည့်အတွက် ၎င်းတို့အနက်မှ ရေတွင်း ၆ခုသည် ရေခန်းခြောက်ခဲ့ပြီး ရွာသားထောင်ကျော်ကို ရေထောက်ပံ့ရန် တွင်း ၁တွင်းသာလျှင် ကျန်ခဲ့သည်။ နောက်ဆုံး ရေတွင်း၏ ရေအနက်သည်ပင် တနေ့တခြား လျော့နည်းလျှက် ရှိနေသည်။ ထို့အတွက် နေ့တိုင်း ဆိုင်မဖွင့်မှီ တာ့ကျွမ်းသည် တနေ့တာအတွက် ရေအလုံအလောက်ကို သွားခပ်ခဲ့သည်။ သူသည် အလုပ်လုပ်ကာ ငွေရှာနိုင်ကတည်းက တခြားသူများသည် သူ့အား မနာလို ဖြစ်နေခဲ့ကြသည်။ ကျူးယိုကွေ့သည် အရင်ရက်က လီယောင်ကို ရှုံးခဲ့သည့်အတွက် တာ့ကျွမ်းအား ရေအများအပြား ခပ်ယူရန် ခွင့်မပြုခဲ့ပေ။ ရေမရှိခြင်းသည် အသားနှပ်မရှိခြင်းဟု ဆိုလိုသည်။ ။ ဒါ့အပြင် ရေမရှိလျှင် လီယောင်လည်း ရေချိုးနိုင်မည် မဟုတ်ဟုလည်း ဆိုလိုသည်။ ထို့အတွက် တာ့ကျွမ်းသည် ၎င်းကို ခွင့်မပြုနိုင်ချေ။ ရေတွင်းမှာပင် တစ်ယောက်တစ်ခွန်းဖြင့် အပြန်အလှန် အချီအချ စကားအနည်းငယ်များခြင်းမှ ထိုးကြိတ်မှုထိ ဦးတည်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် လူတော်တော်များများက ထိုနေရာတွင် ရေသယ်နေခဲ့ကြီးပြီး သူတို့အား ချက်ချင်းပင် ခွဲထားခဲ့ကြသည်။ လီယောင် ရောက်သွားသောအခါ လူအုပ်ကြီးသည် စုံရုံးနေကြပြီး ရွာသူကြီးပင် ရောက်နေပြီ ဖြစ်သည်။ တာ့ကျွမ်းသည် မရှုံးခဲ့သော်လည်း ကျူးယိုကွေ့လို လူမျိုး၏ အနိုင်ကျင့်ခံရခြင်းသည် လီယောင်အား အမှန်ပင် ဒေါသထွက်စေခဲ့သည်။ “ကျူးယိုကွေ့၊ အသားတွေ ယားနေတာလား။” မနေ့ကပင် အရိုက်ခံခဲ့ရသည့်အတွက် ကျူးယိုကွေ့သည် အထိတ်တလန့် ဖြစ်နေဆဲ ဖြစ်သည်။ ယနေ့တွင်မူ သူသည် အကြောင်းပြချက် ခိုင်ခိုင်လုံလုံနှင့် ရပ်နေပြီး ရွာသူရွာသားများကလည်း သူဘက်တွင် ရှိနေသည့်အတွက် ခေါင်းမာစွာဖြင့် ပြန်လည် ငြင်းခုံခဲ့သည်။ “ငါက မျှမျှတတပြောနေတာ။ ရေတွင်းမှာ ရေက ဒီလောက်ပဲရှိတော့တယ်။ မင်းတို့မိသားစုက အများကြီးယူသွားလို့ တခြားသူတွေအတွက် ဘာမှမကျန်တော့ဘူး။ အဲဒါ မမှန်ဘူးလား။”ဟု ကျူးယိုကွေ့က ပြောခဲ့သည်။ လူအုပ်စုအားကိုးဖြင့် ရွာသူရွာသားများသည် သူမ၏ မိသားစုကို ကျယ်လောင်စွာဖြင့် စတင်စွပ်စွဲလာခဲ့ကြသည်။ “ဒီရေတွင်းက ရွာက ပိုင်တာ၊ တခြားသူတွေက ချက်စရာတောင် မရှိနေတုန်း မင်းတို့ လက်ဝါးကြီးအုပ်လို့မရဘူးကွ” “ရေတွင်းရေက နေ့တိုင်း နည်းလာပြီ။ ဒီပုံနဲ့ဆိုရင် မကြာခင် တခြားသူတွေ သောက်ရေတောင် မရနိုင်တော့ဘူး။” လီယောင် မတုံ့ပြန်ရသေးခင် အဖွားဝမ်သည် ခါးထောက်ကာ ဇွတ်တိုးဝင်လာခဲ့သည်။ “အဲတော့ သူတို့ရေ ပိုသုံးရင် ဘာဖြစ်မှာလဲ။ ငါ့မြေးရဲ့ လုပ်ငန်းအောင်မြင်နေတာကို နင်တို့အားလုံး မျက်စိဆံပင်မွှေးဆူးနေကြတာ မနာလိုနေကြတာ ငါသိတယ်။ နင်တို့တွေ စီးပွားရေး ကောင်းကောင်းလုပ်နိုင်တယ်ဆိုရင် ရေတွင်းကရေ အကုန်ယူနိုင်တယ်။ ငါဂရုမစိုက်ဘူး။” ရှင်းရှင်းလင်းလင်းပင်း ယုတ္တိကင်းမဲ့စွာဖြင့် အဖွားအိုဝမ်၏ ဒေါသကြောင့် ပေါက်ကွဲမှုသည် လီယောင်ကို အနည်းငယ် အံအားသင့်စေခဲ့သည်။ “အဖွားကြီးဝမ်၊ အာကျယ်အာကျယ်နဲ့ အနှောက်အယှက်မပေးနဲ့။ အကြီးအကဲက ဒီမှာ။ သူမျှမျှတတ စီရင်ပါစေဦး။” ရွာလူကြီး ဝမ်ကျားဖူသည် ဤပြဿနာအတွက် ရက်ပေါင်းများစွာ စိတ်ပူနေခဲ့သည်။ နောက်ဆုံးအသုံးပြုနေသော ရေတွင်းမှ ရေများသည် တနေ့တခြား လျော့နည်းလာသည်နှင့်အမျှ ၎င်းပါ ရေခမ်းခြောက်သွားခဲ့လျှင် ရွာသူရွာသားများ မည်သို့ လုပ်ကြရမည်နည်း။ “ရေတွင်းရေကို အားလုံး မျှသုံးသင့်တယ်” အားလုံးက အကြီးအကဲကို မျက်နှာမလိုက်ပဲ အပေါက်ဆိုးသည့် အမျိုးသမီးအား ဆန့်ကျင်ရန် သတ္တိရှိသည့်အအတွက် တိတ်တဆိတ် ချီးမွမ်းခဲ့ကြသည်။ သို့သော် သူ့ထင်မြင်ချက်ကို အသေအချာပြောဆိုပြီးနောက် ဝမ်ကျားဖူသည် လီယောင်ကို တချက်ခိုးကြည့်ခဲ့သည်။ သူသည် အလွန်အမင်း စိတ်မသက်မသာ ဖြစ်နေခဲ့သည်။ ပုံမှန်အားဖြင့် ဒီလိုအခြေအနေမျိုးတွင် အပေါက်ဆိုးသည့် လီယောင်သည် ကုန်းအော်ကာ ငိုယိုပြီး တခြားလူများ၏တံခါးဝတွင် သူကိုယ်သူ အန္တရာယ်ပြုမည်ဟု ခြိမ်းခြောက်ပေလိမ့်မည်။ ယနေ့တွင်မူ သူမ၏ ပုံမှန်မဟုတ်သည့် တိတ်ဆိတ်မှုသည် တခုခုကြီးကြီးမားလုပ်ရန် အရှိန်ယူနေခဲ့သည်ဟု သူ့အား နက်နက်နဲနဲ သံသယဖြစ်စေခဲ့ပါသည်။ “နင် ဘယ်လိုထင်လဲ တာ့ကျွမ်းအမေ”ဟု သူက အစ်အောက်မေးမြန်းခဲ့သည်။ “မထင်ပါဘူး” ကြည့်ပါလား၊ ဤအမျိုးသမီးက လုံးဝ အရှုံးမပေးခဲ့ပေ။ “ဒါပေမယ့် ရေတွင်းရေတွေက ...” “နင်တို့ ဒီရေတွင်း ငါ့ကို မသုံးခိုင်းရင် ငါမသုံးဘူး”ဟု လီယောင် ကျယ်လောင်စွာဖြင့် ပြတ်ပြတ်သားသားပြောခဲ့သည်။ “နောက်နောင် ရေခန်းသွားရင်၊ ငါ့တွင်းက ရေလာမတောင်းကြနဲ့” လူအုပ်ကြီးသည် ဇဝေဇဝါဖြစ်သည့် အကြည့်များ ဖလှယ်ကြကာ သူမ၏ ဆိုလိုရင်းကို နားလည်သဘောပေါက်ရန် အချိန်ယူခဲ့ရသည်။ “နင်က နင့်ကိုယ်ပိုင်ရေတွင်း တူးချင်တာလား” ဤနေ့ ဤခေတ်ကြီးတွင် ရေတွင်းတူးခြင်းသည် အသေးအဖွဲကိစ္စ မဟုတ်ပေ။ အတွေ့အကြုံရှိ အကြီးအကဲများသည် တည်နေရာကို ရွေးချယ်ကြရမည်ဖြစ်ပြီး အောင်မြင်မှုကို အာမမခံနိုင်ကြပေ။ ဟဲဝမ်ကျေးရွာကို စတင်တည်ထောင်စဉ်က ရေတွင်းခုနစ်တွင်း ကောင်းမွန်စွာ မတူးဖော်နိုင်ခင် နေရာပေါင်း နှစ်ဆယ်ကျော်ကို ရွေးချယ်ခဲ့ရကြောင်း ယုံတမ်းစကားများ ရှိခဲ့ပါသည်။ ယခု လီယောင်သည် သူမကိုယ်တိုင် ရေတွင်းတူးနိုင်မည်ဟု ထင်နေခဲ့သည်။ သူမ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေခြင်း ဖြစ်ရမည်။ “ရွာက ရေတွင်းအားလုံး ကျောက်နီလွှာကို ထိသွားပြီ” ဟု အကြီးအကဲက ပြောသည်။ “အခြားနေရာတွေက အခုရှိတဲ့ ရေတွင်းတွေလို ရေရမှာ မဟုတ်ဘူး။” လီယောင်သည် ထို”ကျောက်နီလွှာ” ကို မသိပေ။ သူမသိသမျှသည် သူတို့၏ အနောက်မှ တောတောင်ပေါင်း တသိန်းနှင့်အတူ ဟဲဝမ်ရွာသည် ဘယ်တော့မှ မြေအောက်ရေ ပြတ်လပ်နေမည် မဟုတ်ပေ။ ရေမထွက်ခြင်းသည် သူတို့ မှားယွင်းစွာ တူးနေခြင်း ဖြစ်ပေမည်။ လုံလောက်သည့် အနက်တူးခဲ့လျှင် ကန္တာရမှာပင် ရေရနိုင်သည်။ သို့သော် ယခုအချိန် ငြင်းခုံနေခြင်းသည် အသုံးမဝင်ပေ။ “အိမ်ပြန်ကြရအောင်။ ရေတွင်းတူးဖို့ ဒီနေ့ကစပြီး စွပ်ပြုတ်ရောင်းတာ ရပ်ကြမယ်။” “ဟုတ်ကဲ့ မေမေ” သူမ၏ ယုံကြည်မှုသည် မည်သည့်နေရာမှ လာခဲ့မှန်း မသေချာကြသော်လည်း ကလေးများသည် အမေ့စကား နားထောင်ရန်သာ သိကြသည်။ သူတို့သည် ရေတွင်းအတွက် ခြံနားက အနည်းငယ်မြင့်သောနေရာကို ရွေးခဲ့ကြသည်။ ပို၍ နက်နက်တူးရန် လိုအပ်သော်လည်း ထိစပ်မှုသည် အနာဂတ်တွင် ရေရယူနိုင်ရန် ပိုမိုလွယ်ကူစေပါသည်။ တာ့ကျွမ်းသည် အဓိက တူးသူဖြစ်ပြီး ကျန်သူများသည် ရွှံများကို ဆွဲငင်ကာ သယ်ယူကြသည်။ ပထမနေ့မှာပင် နှစ်မီတာကျော် အနက်တူးခဲ့ပြီး အမှန်ပင် ကောင်းကောင်းမွန်မွန် တိုးတက်ခဲ့သည်။ သို့သော် ဤအနက်မှာပင် ရွှံ့များကို ဆွဲယူရန် ပိုမို ခက်ခဲလာခဲ့သည်။ လီယောင်သည် အလွယ်တကူ “မ”ယူနိုင်ရန် တွင်းပေါ်တွင် မောင်းတန်အရှည်ပါသည့် သုံးချောင်းထောက်စင်ရှည်တခုကို တည်ဆောက်ခဲ့သည်။ မရောင်းရသေးသည့် အသားနှပ် စားစရာများကို အိမ်မှာ စားသုံးရန် သိမ်းထားခဲ့သည်။ သူမသည် ဝမ်အာကို တက္ကသိုလ်ဂိတ်ပေါက်၀မှ အဖိုးအိုဆီသို့ တပွဲပို့ဆောင်စေကာ ယာယီရပ်တန့်မှုအတွက် အသိပေးစေခဲ့သည်။ တဦးတစ်ယောက်၏ ငွေကိုယူပြီးပါက ဝန်ဆောင်မှုကောင်းကောင်း တစ်ခုပေးရမည် ဖြစ်သည်။ ထိုမှသာ သိက္ခာရှိခြင်းဖြစ်သည်။ ကျေးဇူးတင်လောက်စွာဖြင့် လူတိုင်း၏ ကြိုးစားအားထုတ်မှုကြောင့် ပထမနေ့မှာပင် အထင်ကြီးလောက်သည့် အရှိန်အဟုန်ဖြင့် သုံးမီတာကျော် တူးဖော်ခဲ့သည်။ သို့သော် ထင်မှတ်မထားစွာဖြင့် တစ်နေ့တာ ပြီးဆုံးခါနီးအချိန်တွင် ကျောက်တုံးတစ်တုံးသည် တာ့ကျွမ်း၏ ခြေချောင်းကို ထုခွဲခဲ့သည်။ “အဆင်ပြေပါတယ်။ သိပ်မနာပါဘူး။ အိပ်ပီးရင် ကောင်းသွားမှာပါ။” ခြေချောင်းများသည် နှလုံးနှင့် ချိတ်ဆက်ထားသည်။ ခြေသည်းများ အက်ကွဲသွားခြင်းသည် ဘယ်လိုမှ မနာဘူးဆိုသည်မှာ မဖြစ်နိုင်ပေ။ လီယောင်သည် သူ့ခြေထောက်ကို သန့်စင်အောင် ဆေးကာ သွေးထွက်ရပ်စေရန်နှင့် ရောင်ရမ်းမှုကို လျော့ချရန် ဆေးလိမ်းပေးခဲ့သည်။ “မနက်ဖြန် နားလိုက်” “ဒါပေမယ့်.. အမေ၊ ရေတွင်းက မပြီးသေးဘူးလေ...” “ရေတွင်းက မင်းကျန်းမာရေးထက် ပိုအရေးကြီးလား။ ငါက တရက်နားဆို တရက်နားလိုက်ပေါ့။ “ ဟု လီယောင်က ကြိမ်းမောင်းခဲ့သည်။ “ရေတွင်းကို အလျင်မလိုနဲ့။ မင်းခြေထောက် သက်သာမှ ငါတို့ ပြန်စနိုင်တယ်။ မနှောင့်နှေးဘူး။” “ဟုတ်ကဲ့ မေမေ။” ဝမ်မိသားစု အိမ်ခြံဝင်းကြီးတွင် အဒေါ်ကျိုးသည် အိမ်သို့ပြန်ရောက်ရောက်ချင်း တာ့ကျွမ်း၏ဒဏ်ရာကို သတင်းပေးခဲ့သည်။ “စိုးရိမ်ရလား” အဘွားဝမ်သည် အထိတ်တလန့်ဖြင့် မေးခဲ့သည်။ “မသိဘူး။ ဒါပေမဲ့ နောက်ရက်နည်းနည်းလောက်တော့ သူတို့ဆက်တူးနိုင်မယ် မထင်ဘူး” ဟု အဒေါ်ကျိုးက ပြောခဲ့သည်။ “ဟန်ဆောင်တာပဲ ဖြစ်ရမယ်၊ သူ တမင်တကာ ဒဏ်ရာရအောင် လုပ်တာ ငါ သေချာပြောရဲတယ်။”ဟု တတိယချွေးမ ရှန်းက အခွင့်ကောင်းယူကာ ကြားဖြတ်ဝင်ပြောခဲ့သည်။ “မျက်နှာပြောင်ပြောင်နဲ့ ကြွားလုံးထုတ်ပြီးမှ သူတို့ ရေမရနိုင်ဘူးဆိုတာ သူသိနေလို့ဆိုတာ အသိသာကြီးပဲ။ ဒါကြောင့် ကြော့ကြော့မော့မော့ လက်လျော့လို့ရအောင် ဆင်ခြေတစ်ခု ရှာနေတာနေမှာပေါ့။” “နင့် စဉ်းစဉ်းစားစား အသိဉာဏ်ရှိရှိနဲ့ ပြောစရာမရှိဘူးဆိုရင်လည်း နင့်လှည့်ကွက်တွေ သွားသိမ်းထားလိုက်။ သွား ကောက်ရိုးသွားခုတ်။” တတိယချွေးမရှန်းကို ကြိမ်းမောင်းပြီးနောက် အဖိုးအိုဝမ်သည် အပြင်မှ ပြန်လာခဲ့သည်။ “အဖိုးကြီး၊ မနက်ဖြန် သူတိုကို ရေသွားတူးကူလိုက်ဦး” “သူတို့နေရာက.. တူးလို့မရနိုင်ဘူး...” “ကျုပ်က သွားဆို သွားလိုက်။ ဘာလို့ ပေါက်တတ်ကရတွေ တအားပြောနေတာလဲ။”ဟု အဘွားဝမ်က ဆူပူကြိမ်းမောင်းခဲ့သည်။ “တူးတာက ရေထွက်လာနိုင်တယ်။ မတူးရင် ဘာထွက်လာဖို့မှ အာမခံချက်မရှိဘူး။ ဒီအသက်အရွယ်ရောက်နေပြီ။ ဒါလေးကို နားမလည်ဘူးလား” “ကောင်းပြီ၊ ကောင်းပြီ။ မင်း တောင်းဆိုနေမှာတော့ ငါသွားလိုက်မယ်။” အဖိုးအိုဝမ်သည် ခွေးကတက်တွင် ထိုင်ချလိုက်ပြီး သက်ပြင်းချခဲ့သည်။ ဒီအမျိုးသမီးတွေက ဒီမိသားစုကို စီမံခန့်ခွဲကာ လည်ပတ်ကြသည်လေ။ သူ့ဘ၀တစ်လျှောက်လုံး သူ့ဇနီးသည်အား ကြောက်ရပြီး၊ သူ့ ဒုတိယသားနှင့် တတိယသားတို့ကလည်း သူတို့ အမျိုးသမီးများကို နာခံကြရသည်။ ကွယ်လွန်သွားသော အကြီးဆုံးသားပင်လျှင် အသက်ရှိစဉ်အခါက စကားတခွန်းမှ မပြောပဲ တာ့ကျွမ်းအမေ၏စကားကို နားထောင်ခဲ့ရသည်။