အခန်း (၁၁) ရေရပြီ
အဘိုး ဝမ်ကျားကွေ့က ကူညီရန် ရောက်လာခဲ့သည့်အတွက် ရေတွင်းတူးခြင်းကို မရပ်ပဲ ဆက်လက်လုပ်ဆောင်ခဲ့သည်။
“ကောင်မလေး၊ မြန်မြန်လုပ်၊ မင်းတို့အဘိုးကို စားစရာ တခုခု ထည့်ပေးလိုက်ဦး”
“ဟုတ်ကဲ့ပါ”
ပြောင်းဆန်ယာဂုပူပူနွေးနွေး ပန်းကန်လုံးကြီးတစ်လုံး၊ ကြီးမားလုံးဝန်းသော ပေါက်စီဖြူဖြူဖွေးဖွေး တစ်ပန်းကန်၊ ကြက်ဥပြုတ်တစ်လုံးနှင့် ကြွပ်ယွလတ်ဆတ်နေသော မုန်လာဥဆားရည်စိမ်တို့ ဖြစ်သည်။
ဝမ်ကျားကွေ့သည် ဤကဲ့သို့ ငွေကုန်ကြေးကျများပြီး ခမ်းနားများပြားလှသော နံနက်စာကို နောက်ဆုံးစားခဲ့ရသည့် အချိန်ကိုပင် မေ့နေခဲ့ပြီ ဖြစ်သည်။ အမှန်တကယ်တမ်းကတော့ သူသည် သူ့ဘ၀တွင် ဤကဲ့သို့ ခမ်းနားသည့် နံနက်စာကို တခါမျှ မစားခဲ့ရဖူးပေ။
သူ့ချွေးမသည် ခက်ထန်သည်ဟု ထင်ရသော်လည်း သူ့အပေါ်တွင်မူ အတော်အတန်ပင် ၀တ္တရား ကျေပွန်နေဆဲ ဖြစ်သည်။
သူ၏ ကျေနပ်စဖွယ် ဖြည့်တင်းစားသောက်ပြီးနောက် ဝမ်ကျားကွေ့သည် ရေတွင်းကို စတူးခဲ့သည်။ နောက်ဆုံးတွင် သူသည် အသက်အရွယ်တချို့ရလာပြီ ဖြစ်သည့်တွက် သန်မာသော လူငယ်တစ်ယောက်ကဲ့သို့ သွက်သွက်လက်လက် မလုပ်နိုင်တော့ပေ။ နာရီဝက်မျှတူးပြီးနောက် အနားယူရန် တက်လာခဲ့ရသည်။
“ဝမ်အာ”
အိမ်နီးချင်း၏ အကြီးဆုံးသမီးဖြစ်သူ တုရှောက်ဟွေ့သည် ခြံအပြင်ဘက်ဆီမှ ဝမ်အာကို မဝံ့မရဲဖြင့် လှမ်းအော်ခေါ်ခဲ့သည်။
“ဘာဖြစ်လို့လဲ”
“အမ်... အမေက နင်တို့ အကူအညီလိုသေးလားလို့ ငါ့ကို မေးခိုင်းလိုက်လို့။”
“ခဏနေဦး။ အမေ့ကို သွားမေးလိုက်ဦးမယ်။”
အဘိုးက လာရောက်ကူညီခြင်းကို လီယောင် မအံဩခဲ့သော်လည်း အိမ်နီးနားချင်းများက ကူညီရန် လာရောက်ကြခြင်းသည် သူမအား တော်တော်ကို အံအားသင့်စေခဲ့သည်။
ရှေးခေတ်ကတည်းက ယောက္ခမ၊ ယောင်းမနှင့် အိမ်နီးနားချင်းတွေသည် ကိုင်တွယ်ရန် အခက်အခဲဆုံး ဆက်ဆံရေး သုံးခုဟု ပြောခဲ့ကြပြီး မူလကိုယ် ကိုယ်တိုင်သည်လည်း လူတိုင်းနှင့် ဇာတ်ရှုပ်ကာ ရှုပ်ထွေးနေခဲ့ကြသည်။ ဟုတ်ပေသည်။
အနီးအနားတွင် နေထိုင်သော တုမိသားစုသည် သူတို့နှင့် ကပ်လျက် တည်ရှိမှုကြောင့် အကျိုးကျေးဇူးများ ပိုခံစားရသည်။ နေ့တိုင်း အနည်းဆုံးတကြိမ်ခန့် သူမ၏ ဆဲဆိုကြိမ်းမောင်းမှုကို ခံခဲ့ရသည်။ အချိန်ကြာလာသည်နှင့်အမျှ အိမ်နီးချင်းများက သူမအား မြွေနှင့်ကင်းများကဲ့သို့ ရှောင်ရှားခဲ့ကြပြီး မိသားစုနှစ်စုသည် သူစိမ်းများကဲ့သို့ ဖြစ်လာခဲ့ကြသည်။
သူတို့ ရုတ်တရက် လာရောက် ကူညီကြရသည်မှာ တွင်းမှရေထွက်လာခဲ့လျှင် သူတို့မိသားစုလည်း ရေသုံးရန် အချိန်မကုန်ပဲ အဆင်ပြေနိုင်သည်ဟု သူတို့ထင်သည့်အတွက်ပင် ဖြစ်ပေမည်။
“လာလေ အထဲကိုဝင်။”
လီယောင်သည် ဤအကူအညီကို မငြင်းပယ်ခဲ့ချေ၊ တုကျားချင်သည် ရိုးသားပြီး အလုပ်ကြိုးစားသူ ဖြစ်ပြီး သူ၏ဇနီး ဖန်းရှီသည်လည်း အလွန်ပင် အကျင့်ကောင်းပေသည်။ ထို့အပြင် သူတို့သည် အစကတည်းက နက်နက်နဲနဲ မုန်းတီးမှုများ မရှိသည့်အတွက် အိမ်နီးချင်းဆက်ဆံရေးကို ပြုပြင်ရန် ဤအခွင့်အရေးကို ယူခဲ့သည်ခြင်းသည် မဆိုးပေဟု သူမတွေးခဲ့သည်။
သိပ်မကြာခင်မှာပဲ တုကျားချင်သည် သံတူရွင်းပြားနှင့်ယူကာ လာခဲ့ပြီး ဖန်းရှီကလည်း နောက်က လိုက်လာခဲ့သည်။
“မတူးခင် အရင်ဆုံး မနက်စာစားပါဦး ။”
“မလိုဘူး၊ မလိုဘူး” တုကျားချင်သည် စည်တီးသကဲ့သို့ အားမာန်အပြည့်နှင့် ခေါင်းခါလိုက်ပြီး “ဦးလေးဝမ်နဲ့ အခုချက်ချင်း လူစားလဲလိုက်တော့မယ်။”
ထို့နောက် တုကျားချင်သည် ဝမ်ကျားကွေ့အတွက် တာဝန်လွှဲယူရရန် ရေတွင်းထဲသို့ အလျင်အမြန် ဆင်းသွားခဲ့သည့်အတွက် လီယောင်တစ်ယောက် သူလုပ်သမျှကိုသာ ခွင့်ပြုလိုက်ရတော့သည်။
သို့သော် သူမသည် အိမ်ထဲသို့ ပြန်မဝင်သွားပဲ ထို့အစား ဖန်းရှီနှင့် လက်ရှိဖြစ်ပျက်နေသမျှကို စကားစမြည် ပြောခဲ့သည်။
ဖန်းရှီသည် လီယောင်တစ်ယောက် ဤမျှ နူးညံ့သိမ်မွေ့လာသည့် အချိန်တခု ရှိလာလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဘူးချေ။ အစပိုင်းတွင် အလွန်အမင်းပင် နေသားမကျဖြစ်နေကာ စကားပြောဖို့ပင် မစနိုင်ခဲ့ချေ။ ဟဲရှောင်ယာ ဝင်မပြောမချင်း စကားဝိုင်းသည် တိုးတက်မှု မရှိခဲ့ပေ။
သူတို့ မသိလိုက်ခင်မှာပင် အချိန်သည် နေ့လည် ဖြစ်ခဲ့ပြီး တုကျားချင်သည် ရွှံဖုံးနေသည့် ရေတွင်းထဲမှ ထွက်လာခဲ့သည်။
“ငါတို့ ထမင်းစားဖို့ အိမ်ပြန်လိုက်ဦးမယ်။ နေ့လည်ခင်းကျရင် ပြန်လာခဲ့မယ်။ “
“ဘာလို့ အိမ်ပြန်စားကြမှာလဲ”ဟု လီယောင်က ပြောခဲ့သည်။ “နင်တို့က ငါတို့မိသားစုကို အလုပ်လာ လုပ်ကူတာလေ။ ဒီမှာပဲ စားသင့်တယ်။”
“မလိုဘူး၊ မလိုဘူး။”
လင်မယားနှစ်ယောက်သည် ယုန်များထက် ပိုမြန်စွာဖြင့် အိမ်သို့ တရကြမ်းပြေးသွားခဲ့ကြပြီး လှစ်ခနဲ ပျောက်သွားကြသည်။
လီယောင်လည်း အကူအညီမဲ့စွာဖြင့် ခေါင်းခါခဲ့သည်။ လူတိုင်း၏စိတ်ထဲတွင် အပေါက်ဆိုးဆိုး၊ အာကြမ်းလျှာကြမ်း နှင့် ခက်ထန်သည့် ဇနီးသည်ပုံရိပ်သည် ခိုင်ခိုင်မာမာ အမြစ်တွယ်နေပုံရသည်။
ဒါပေါ့။ အဘိုး ဝမ်ကျားကွေ့ကတော့ နေ့လည်စာ စားဖို့ ကျန်နေခဲ့သည်။
သန်သန်မာမာလူငယ်လေး မြန်မြန်ဆန်ဆန် နေပြန်ကောင်းလာစေရန် လီယောင်သည် ဝက်နံရိုးစွပ်ပြုတ်ကို အထူးချက်ခဲ့သည်။ ဟင်းရည်ကို အီဆိမ့်ပြီး နို့နှစ်ရောင် သန်းလာစေရန် ကြီးမားသော အရိုးအနည်းငယ်ထည့်ခဲ့ပြီး နံရိုးများသည် နူးညံ့ပြီး အရသာအလွန်ရှိသည်။
ပဲငံပြာရည် ခပ်ထူထူနှင့် ကြက်သွန်ဖြူ အနံပြင်းပြင်းဖြင့် နှပ်ထားသော ဝက်သားနှပ်တစ်ပန်းကန်သည် သွားရည်ကျစေခဲ့ပါသည်။
အသဲနှင့် ဝမ်းတွင်းသားကြော် တစ်ပန်းကန်သည် နူးအိပြီး ကြွပ်ရွနေခဲ့သည်။
အသီးအရွက် မွှေကြော်တစ်ပန်းကန်သည် အရသာပေါ့ပါးပြီး လန်းဆန်းစေသည်။
ဟင်းလျာများ ချက်ပြုတ်ပြီးနောက် သူမသည် ပေါက်စီအနည်းငယ်နှင့် တွဲထည့်ကာ တခုချင်းဆီကို ကော်ခပ်ခဲ့ပြီး တုမိသားစုထံသို့ ပို့ပေးရန် ပြင်ဆင်နေခဲ့ပါသည်။
လီယောင်သည် အစက ဝမ်ရှောင်စစ်ကို ပို့ခိုင်းရန် စီစဉ်ထားသော်လည်း နောက်ပိုင်းတွင် စိတ်ကို ပြောင်းလဲခဲ့သည်။ မနက်တုန်းက အိမ်နီးချင်း၏ အကြီးဆုံးသမီးကြီးသည် ဝမ်အာကို ကြည့်နေသည်မှာ သေချာပေါက် မသင်္ကာစရာ ရှိသည်ကို သူမ သတိပြုမိခဲ့သည်။
“ဝမ်အာ၊ ဒါကို သွားပို့လိုက်။”
“ဟုတ်ကဲ့။”
သူတို့သည် အိမ်နီးချင်းများ ဖြစ်သောကြောင့်၊ သူသည် ထိုနေရာသို့ လျှင်မြန်စွာဖြင့် ရောက်သွားခဲ့သည်။ ဤဝမ်အာသည် ကျောင်းတွင် ကောင်းကောင်းမွန်မွန် လုပ်ခဲ့သော်လည်း လုံး၀ပင် နလပိန်းတုံး အဖြောင့်ကြီးတစ်ယောက်ပင် ဖြစ်သည်။
သူသည် တံခါး၀တွင် ပစ္စည်းများကို ထားကာ မည်သူကိုမျှ စကားတခွန်းမျှပင် ဖလှယ်ခြင်းမရှိပဲ သုတ်ခြေတင် ပြန်ပြေးလာခဲ့သည်။
ဒါပေမယ့် ပြန်တွေးကြည့်သော် ဝမ်အာသည် ယခုနှစ်မှ ၁၃နှစ်သာ ရှိသေးသည်။
ဤကဲ့သို့ အတွေးဖြင့်ပင် လီယောင်သည် သူမကိုယ်သူမ မိခင်ဇာတ်ရုပ်ကို ပို၍ ကျင့်သားရလာခဲ့သည်ကို ရုတ်တရက် သတိထားမိခဲ့သည်။
မသိလိုက်ခင်မှာပင်၊ သူမသည် ကလေးများအတွက် ဖြစ်နိုင်သမျှ နည်းအမျိုးမျိုးဖြင့် စိတ်ပူစပြုနေခဲ့ပြီ ဖြစ်သည်။
နောက်နှစ်ရက်အကြာတွင် ရေတွင်းတူးခြင်းသည် ချောမွေ့စွာ တိုးတက်လာခဲ့သည်။ သို့သော် သူတို့ တူးတာ နက်လေ၊ အခက်အခဲလည်း ပိုတိုးလာလေ ဖြစ်လာခဲ့သည်။ လေးရက်မြောက်နေ့တွင် ရွာသားတွေ ပြောနေကြသည့် မြေနီအလွှာသို့ ရောက်သွားခဲ့သည်။
“တာ့ရွှမ်းဇနီး” အဖိုးအို ဝမ်ကျားကွေ့သည် သက်ပြင်းဖွဖွချခဲ့ပြီး “ငါတို့ အောက်ခြေထိ ရောက်ပြီ။”
“ဒီနေရာမှာ ရေရှိမယ်မထင်ဘူး။ နောက်တနေရာ ဘာလို့ မစမ်းကြည့်တာလဲ။”ဟု သုံးရက်မျှကြာအောင် ကြိုးကြိုးစားစား အလုပ်လုပ်ပြီးနောက် တုကျားချင်လည်း အနည်းငယ်မျှ နောင်တရသလို ခံစားခဲ့ရသည်။
“ပြောင်းဖို့ မလိုပါဘူး။ ဆက်တူးကြ” ဟု လီယောင်က ပြောခဲ့သည်။
“ဒါပေမယ့်...” ဟု ဝမ်ကျားကွေ့သည် အံအားသင့်သွားခဲ့ပြီး “တို့တွေ ထပ်တူးရင်တောင် ဒီရွှံနီတွေပဲ ရှိနေမှာ။”ဟု ပြောခဲ့သည်။
“ဒီအောက်မှာ သဲလွှာ ရှိရမယ်။ သဲရှိရင် ရေရှိတယ်”
အောက်ခြေမှာ သဲနဲ့ အနီရောင် ရွှံ့စေး ဝမ်ကျားကွေ့သည် သူဘ၀တစ်လျှောက်လုံး ဤကဲ့သို့သော အရာများကို မကြားဖူးခဲ့ပေ။
“တော် ဒီမှာနေ့တိုင်း ကောင်းကောင်းစားနေတုန်းက တော့်ကို တူးဖို့ ကျုပ်ပြောတယ်လေ။ ပြီးတော့ တော်တူးတယ်လေ။ အခုလည်း ဒီလောက်ထိတူးပြီးနေပြီ။ နည်းနည်းထပ်တူးရင် ဘာဖြစ်သွားမှာမို့လို့လဲ။ သေအောင် တူးရမှာ မို့လို့လား။” အကျပ်အတည်းဆိုက်နေသော အချိန်အခါတွင် ယောက္ခမသည် အခြေအနေကို ဆက်လက် ထိန်းထားနိုင်ခဲ့သည်။
“တူးမယ်၊ တူးမယ်”
ဝမ်ကျားကွေ့သည် စိတ်တင်းကာ သံတူရွင်းပြားဖြင့် ရွှံစေးနီများကို စတင် ခုတ်ထစ်ခဲ့သည်။
ဤအရာသည် အလွန်မာကျောသော မြေလွှာဖြစ်ပြီး တူးဖော်ရန် ပြင်းထန်စွာ အားစိုက်ထုတ်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် တာ့ကျွမ်း၏ ဒဏ်ရာများလည်း သက်သာလာခဲ့ပြီး သုံးယောက်သား တလှည့်စီ အလှည့်ကျ လုပ်ဆောင်ခဲ့ကြသည်။
ဤသို့ဖြင့် ၎င်းသည် နောက်ထပ်နှစ်ရက်လုံး ကုန်လွန်ခဲ့သည်။
အနီရောင်ရွှံ့စေးများကို သုံးမီတာအနက်ထိ တူးခဲ့ပြီး ခြံနံဘေးတွင် ကြီးမားသော နီညိုရောင် မြေတုံးပုံကြီး ပုံထားခဲ့ပြီး သဲလွှာ၏ လက္ခဏာကို လုံး၀ မတွေ့ရ မမြင်ရဆဲ ဖြစ်ခဲ့သည်။
ထုံးစံအတိုင်း ဤရလဒ်ကို ရွာသူရွာသားများက လှောင်ပြောင်သရော်ခဲ့ကြသည်။
“ဒီလောက်ကြာအောင် တူးနေတာကို ၊ ရေတစ်စက်တောင် မရသေးဘူး။”
“ကြည့်ပါဦး၊ ကြုံရာကျပန်း တစ်နေရာရွှေးပြီး ရေတွင်းတူးတာနဲ့ ရေရနိုင်မယ်လို့ သူထင်နေတာလား မသိဘူး” နောက်ဆုံးတွင် လီကျန်းလည်း ရပ်ကြည့်ရင်း မနေနိုင်တော့ပေ။ သူသည် တံခါး၀သို့ လူကိုယ်တိုင်လာကာ တွင်းနက်ကြီးကို ငုံ့ကြည့်ကာ ခေါင်းယမ်းကာ ဖျောင်းဖျခဲ့သည်။
“ဒီ အလဟဿ အားထုတ်မှုကို ရပ်လိုက်တော့၊ မင်းတို့ဆက်တူးနေရင်တောင် ဒီရွှံစေးနီတွေပဲ ရှိနေမှာ”
ချွပ်...
ထိုအချိန်တွင် ရေတွင်းထဲမှ အသံဖျော့ဖျော့လေး ရုတ်တရက် ထွက်ပေါ်လာပြီး လီယောင်၏ ဝိညာဉ်များကို ချက်ချင်း မြှင့်တက်လာခဲ့သည်။ ထိုအရာသည် သဲမြေကို သံတူရွင်းပြားဖြင့် ထိခိုက်မိသည့် အသံဖြစ်သည်။
“အမေ၊ အမေ”
တာ့ကျွမ်း၏ အသံသည် ရေတွင်းထဲမှ လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။
“ရေတွေ၊ ကျွန်တော်တို့ ရေကြော ထိပြီ။”
ဘာလဲ။
လီကျန်းသည် မယုံကြည်နိုင်စွာ စိုက်ကြည့်နေရင်း ရေတွင်း၀ကိုမှီကာ အလျင်အမြန် ငုံကြည့်ခဲ့လိုက်သည်။ တာ့ကျွမ်း၏ ခြေဖဝါးအောက်တွင် ဗလုံစီ၍ တက်နေသော ရေကြည်များနှင့် ထွက်ပေါက်ငယ်လေးတခုကို ရှိသည်ကို မြင်တွေ့လိုက်ရသည်။
“ဘယ်လိုလုပ်... ဒီရွှံ့နီအောက်မှာ ရေတွေ ဘယ်လိုလုပ်များ ရှိနေတာလဲ”
သို့သော် မည်သို့ပင် မယုံနိုင်စေကာမူ သူ့မျက်စိရှေ့တွင် ဖြစ်ရပ်မှန်များသည် ရှိနေခဲ့သည်။ ဤသတင်းသည် တခဏချင်းပင် ရွာအနှံ့ ပြန့်နှံ့သွားခဲ့ပြီး နောက်ကွယ်မှ အတင်းအဖျင်းပြောသူများကို မျက်နှာပူကာ အရှက်ရစေခဲ့သည်။
သို့သော် ရေထွက်ခြင်းသည် ပထမခြေလှမ်းသာ ဖြစ်သည်။ အလုပ်ကြီးသည် လုံး၀မပြီးမြောက်သေးပေ။ သဲအလွှာကို အကုန် ရှင်းထုတ်ရမည်ပြီးဖြစ်ပြီး ရွှံ့နီအလွှာ နောက်တစ်လွှာအထိ တူးကာ ရေတွင်းကို အပြာရောင်အုတ်များဖြင့် စီကာ တွင်းဘောင်ကို ကျောက်ပြားအဟန့်များဖြင့် ကာထားပြီး စနစ်တကျ ရေတွင်းတစ်တွင်းကို တည်ဆောက်ခဲ့သည်။
အဘိုးနှင့် တုကျားချင်တို့၏ အကူအညီနှင့်အတူ လီကျန်း၏ ဟိုဟိုဒီဒီ နေရာများမှ အထောက်အပံ့တို့သည် လီယောင်၏ စိုးရိမ်ပူပန်မှုများကို သက်သာစေကာ ဖြည်းညှင်းစွာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ ထို့အပြင် သူမ၏ အသီးအရွက်ဆားရည်စိမ် အချဉ်တည်သည့်လုပ်ငန်းကိုလည်း နောက်ထပ် မနှောင့်နှေးစေခဲ့ပေ။
နောက်ဆုံးတွင် ရေတွင်း ပြီးသွားခဲ့သည်။ လီကျန်းသည် သူ၏မာနကို ဖယ်ချကာ”တရွှမ်းဇနီး၊ငါ တခုလောက် ဆွေးနွေးချင်တယ်” ဟု ပြောခဲ့သည်။
လီကျန်း ဝမ်ကျားဖူသည် လီယောင်၏ယောက္ခမ ဝမ်ကျားကွေ့၏ ညီအစ်ကိုဝမ်းကွဲ ဖြစ်သောကြောင့် သူမသည် သူ့ကို ဦးလေးဟု ခေါ်ခဲ့သည်။
“ဦးလေးလီကျန်း ပြောပါ”
“မင်း ရေတွင်းတူးနိုင်မှာ မဟုတ်ဘူးလို့ ငါ အရင်ကပြောခဲ့မိတာ ငါမှားသွားတယ်။”ဟု လီကျန်းက ပြောခဲ့သည်။ “မင်း သိတဲ့အတိုင်း ရွာမှာက လူတွေအများကြီး၊ ရေတွင်းဟောင်းက ရေခန်းတော့မယ်။”
“ရေလိုချင်ရင် ကိုယ့်တွင်းကို တူးကြပါ။”
“ဟုတ်တာပေါ့.. မှန်ပါတယ်။ မင်းရဲ့ရေတွင်းကနေ ရေလာခပ်ကြဖို့ထိ အရှက်မဲ့ကြလိမ့်မယ်လို့လည်း ငါမထင်ပါဘူး။ ငါပြောချင်တာ မင်း နေရာတချို့ကို ကူရှာပေးဖို့ မျှော်လင့်တာပါ။ “
လီယောင် နှုတ်ခမ်းမဲ့ခဲ့သည်။
စဉ်းစားချင့်ချိန်နိုင်မှုသည် ဤမျှလောက် သိသာနေခဲ့ပြီ ဖြစ်သည်။ ခပ်နက်နက် တူးရုံသာ၊ သေချာပေါက် ရေရှိနေလိမ့်မည် ဖြစ်သည်။ ထို့တိုင် သူသည် သူမအား နေရာရှာကူရန် လိုချင်နေသေးသည်လား။
သို့သော် ကောင်းကျိုးတချို့ ရရန် အကျိုးမယုတ်နိုင်ပေ။ ထို့ကြောင့် သူမသည် လီကျန်းအား ရွာတ၀ိုက်သို့ ခေါ်ဆောင်ကာ မြေနိမ့်ပိုင်းနေရာတချို့ကို ရေတွင်းအသစ်များအတွက် အသေးစိတ် စီစဉ်ပေးခဲ့သည်။
“တကယ်ရေထွက်လာရင် တရွာလုံးက နင့်ကို ကျေးဇူးရှိသွားပြီ။”
လီကျန်း၏ ဦးဆောင်မှုအောက်တွင် ဟဲဝမ်ရွာလေး၌ ထူးကဲလှသော ရေတွင်းတူးသည့် လုပ်ဆောင်မှုများကို စလုပ်ခဲ့သည်။ ရက်အနည်းငယ်အတွင်းမှာပင် တချို့နေရာများသည် အနီရောင် ရွှံစေးအလွှာကို ဖြတ်၍ မြေအောက်ရေနက်ပိုင်းသို့ ရောက်ရှိသွားခဲ့သည်။
ရေပေးဝေမှု ပြဿနာကို ဖြေရှင်းပြီးသွားသဖြင့် လီကျန်း၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများဖြင့် လျော့သွားခဲ့သည်။ ဒီအချိန်မှာ လီယောင်သာ မရှိခဲ့လျှင် ဤအကြောင်းအရာသည် ဤမျှလောက် လွယ်လွယ်ကူကူ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။
အဘွားဝမ်လည်း တိတ်တဆိတ် သက်ပြင်းချခဲ့လိုက်သည်။
ယခုတစ်ခေါက်တွင် နောက်ဆုံးအနေဖြင့် လီယောင်သည် ဝမ်မိသားစုကို မျက်နှာသာပေးကာ အလေးထားခဲ့သည်။
အနာဂါတ်တွင် လူတွေသည် ၎င်းတို့ဆန္ဒရှိပါက လီယောင်ကို လိမ္မာပါးနပ်သူဟု ခေါ်နိုင်သည်။
သို့သော် လီယောင်ကို မိုက်မဲသူက ထပ်ခေါ်ရဲခဲ့ပါက သူမသည် ၎င်းတို့၏ပါးစပ်များကို အပိုင်းပိုင်းအစစဖြစ်အောင် ဦးစွာပင် ဆုတ်ဖြဲပေလိမ့်မည်။