Part 93
လျန့်ကျန်းထွက်သွားပြီးနောက်ပိုင်းတွင် အိမ်တွင်ရှိနေသောအချိန်များ၌ လျန့်ယင်းယင်းမှာ
ခေါင်းကိုငုံ့ထားရသည်။
ကျန်းယန်ရှန့်ကိုတွေ့လျှင်လည်း သူမဘက်မှ ပြုံးရွှင်လျက် စကားစပြောလေ့ရှိသည်။
သို့သော်လည်း ကျန်းယန်ရှန့်ကမူ သူမအား လုံးဝ ဥပေက္ခာပြုထားသည်။
များစွာသော အေးစက်လှသည့်ကျောခိုင်းမှုများကို လက်ခံရရှိပြီးနောက်တွင် အတတ်နိုင်ဆုံးကျန်းယန်ရှန့်နှင့် ခပ်ခွာခွာနေရတော့မည်ဖြစ်ကြောင်း လျန့်ယင်းယင်းတစ်ယောက် နားလည်သဘောပေါက်သွားတော့သည်။
သူမသည် အချိန်အတိုင်းအတာတစ်ခုအထိ
အပြင်ထွက်ရန် ဝန်လေးနေခဲ့၏။
နေ့တိုင်းနေ့တိုင်း အိမ်၌နေလျက် ကျန်းရှို့ချန် မလှုပ်မယှက်စာလုပ်သည်ကိုသာ စောင့်ကြည့်နေခဲ့သည်။
ကျန်းရှို့ချန်၏ စာလေ့လာချိန်များကို လျန့်ယင်းယင်းကိုယ်တိုင်စီမံခန့်ခွဲနေကြောင်း ကျန်းယန်ရှန့် သိရသည်။
ထို့ကြောင့် ကျန်းရှို့ချန်နှင့် သက်ဆိုင်သော ကိစ္စအရပ်ရပ်ကို လျန့်ယင်းယင်းနှင့်သာ လက်လွှဲထားလိုက်တော့၏။
တစ်ဖက်တွင်လည်း ကျန်းယန်ရှန့်တစ်ယောက် ကျန်းဟွမ်ထံ၌အရေးပေးခြင်းခံထားရသည်ကို လျန့်ယင်းယင်းက ကောင်းစွာ နားလည်သည်။
ကျန်းယန်ရှန့် စိတ်ကျေနပ်အောင်စွမ်းဆောင်နိုင်ပါက ကျန်းဟွမ်ထံမှ အသိအမှတ်ပြုခြင်းကိုလည်း ရရှိလိမ့်မည်ဖြစ်သည်။
သို့သော်လည်း သူမက ကျန်းရှို့ချန်အား အတင်းအကြပ် ဖိအားပေးခြင်း မပြုခဲ့ပေ။
အစ်မဖြစ်သူထံမှ လျစ်လျူခံနေရသည်ကို သိလိုက်ရချိန်တွင် ကျန်းရှို့ချန်၏အကျင့်စရိုက်မှာ ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားတော့သည်။
မနက်ခင်း၌နိုးထသည်လာနှင့် သူလုပ်သည့်အရာမှာ ဆော့ကစားခြင်းပင်။
လျန့်ယင်းယင်းက စောစောထ၍ ကျန်းဟွမ်နှင့် မနက်စာအတူစားရန် စောင့်ဆိုင်းနေ၏။
သို့သော်လည်း သူမတွင် စားပြီးချိန်၌ အိပ်ရာထဲသို့ပြန်သွားအိပ်မည့်အကြံအစည်ရှိသည်။
မွန်းတည့်ချိန်ရောက်သောအခါမှသာ ပြန်ထလာလိမ့်မည်။
ကျန်းရှို့ချန်သည် တစ်မနက်လုံး မငြီးမငွေ့ဆော့၏။
နေ့လည်စာစားပြီးသောအခါ လျန့်ယင်းယင်းက ခေတ္တအနားယူပြီး ကျန်းရှို့ချန်အိမ်စာလုပ်သည်ကို ထိုင်စောင့်ပေးတော့သည်။
သို့သော်လည်း ကျန်းရှို့ချန်သည် သူမ၏ရှေ့တွင်
ငြိမ်ငြိမ်နေခြင်းမရှိချေ။
စာတစ်ကြောင်းရေးပြီးလျင် အချိန်အတော်အတန်ကြာသည်အထိ ဆော့သည်။
ထိုအခါလျန့်ယင်းယင်းက ဒေါသထွက်ကာ
ကျန်းရှို့ချန်ကို ရိုက်သည်။
ကျန်းရှို့ချန်က မြေကြီးပေါ်၌လူးလှိမ့်ပြီး အာခေါင်ခြစ်ကာ အော်ငို၏။
ဤအခြေအနေကြောင့် အန်တီဝမ်ခမျာလည်း
ချွေးစို့ကာ ကြံရာမရဖြစ်နေပြီ ဖြစ်သည်။
" မမလေး ယန်ယန်ကိုပဲ ထိန်းခိုင်းလိုက်ပါတော့ "
လက်ပိုက်၍ကြည့်မနေနိုင်တော့သည့်အဆုံး အန်တီဝမ်က ဝင်ပြော၏။
လတ်တလော၌ ကျန်းဟွမ်နှင့်ကျန်းရှို့ချန်၏အရိပ်အခြည်ကို ကြည့်နေရသော လျန့်ယင်းယင်းက ဖြစ်ပျက်သမျှအား အန်တီဝမ့်အပေါ်ဒေါသပုံချတော့သည်။
" ဘာတွေလာပြောနေတာလဲ...ဘယ်သူက သူ့အမေလဲ ! "
လျန့်ယင်းယင်းက မျက်ခုံးကိုပင့်တင်လျက်
အန်တီဝမ်အား မထီမဲ့မြင်ပြန်ပြော၏။
သူ့ကိုယ်သူအမေဆိုတာတော့ သိသေးသားပဲ။
ဒါနဲ့များဘာကိစ္စ စောစောစီးစီးကတည်းက ဂရုမစိုက်ခဲ့လဲ...
ကလေးကိုခဏလောက် ဂရုစိုက်ချင်ယောင်ဆောင်ပြီးနှမ်းဝင်ဖြူးတာက အလုပ်ဖြစ်မယ်ထင်နေတာလား...
အန်တီဝမ် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
" ရှင့်ကို ဘယ်သူက လစာပေးထားတယ်ထင်နေလို့လဲ .. "
လျန့်ယင်းယင်းက ခါးထောက်လျက် ရင့်သီးစွာပြောသည်။
စကားတစ်ခွန်းမှ ပြန်မပြောနိုင်သော အန်တီဝမ်အား မြင်ရသောအခါ လျန့်ယင်းယင်း၏နှုတ်ခမ်းစွန်းများ ကော့ညွတ်သွား၏။
နောက်ကွယ်၌မူ အန်တီဝမ်က အခြားအန်တီများနှင့် တီးတိုးပြောဆိုနေခဲ့သည်။
" သူ့ကလေးတွေကို ဘယ်လိုကိုင်တွယ်မလဲ ကြည့်ရသေးတာပေါ့ "
ထိုကိစ္စပြီးသွားသည့်နောက်ပိုင်း ရက်အနည်းငယ်ကြာသည်အထိ ကျန်းယန်ရှန့် စကားတစ်ခွန်းမှမဟခဲ့ပေ။
သို့သော်လည်း မအောင့်အီးနိုင်သူက ကျန်းဟယ်လင်းဖြစ်သည်။
" ကျန်းရှို့ချန်အိမ်စာတွေမပြီးသေးဘူး အဖေ
၈လပိုင်းအလယ်ရောက်နေပြီ "
ကျန်းဟယ်လင်းက သည်းမခံနိုင်တော့သည့်အဆုံး
ကျန်းဟွမ်ဆီသို့ ပြေးသွားကာ အသိပေး၏။
" သမီးနဲ့ မမက သူအိမ်စာလုပ်တာကို ကူစောင့်မပေးကြဘူးလား " ကျန်းဟွမ်က အထူးအဆန်းဖြစ်နေသည့်ပုံစံနှင့်မေးသည်။
" အမေက သူ့ကိုစောင့်ကြည့်ပေးတာ
မမကို မစောင့်ခိုင်းဘူး ... အမေက နေ့တိုင်းအိမ်မှာပဲရှိနေပေမဲ့ ရှို့ရှို့ကို ကောင်းကောင်းမထိန်းနိုင်ဘူး.. ရှို့ရှို့ရေးထားသမျှအိမ်စာတွေက အကုန်အမှားတွေချည်းပဲ ! "
ကျန်းဟွမ်တစ်ယောက် နှဖူးပေါ်လက်တင်လျက် ခဏတာဆွံ့အသွားတော့သည်။
ကျန်းဟွမ်က ကျန်းယန်ရှန့် ရှိနေသော ဧည့်သည်ခန်းထဲသို့ရောက်လာသည်။
" မောင်လေးအိမ်စာလုပ်တာကို ကူစောင့်ပေးရောပေါ့... လျန့်ယင်းယင်းက ကလေးထိန်းတတ်တာမဟုတ်ဘူး " ကျန်းဟွမ်ကပြော၏။
" သူက သမီးရဲ့မောင်လေးပဲဥစ္စာ... ကဲ ဒီလိုလုပ်ပါ့လား...အဖေက သမီးကို လတိုင်း မုန့်ဖိုး ယွမ်ငါးသောင်း ပိုပေးမယ်လေ "
ကျန်းဟွမ်က ကျန်းယန်ရှန့်အား အပြုံးမျက်နှာဖြင့် ချိုချိုချိုသာသာပြောသည်။
" သားသမီးရှိတဲ့သူတိုင်း ကိုယ့်ကလေးကိုယ်ထိန်းကျောင်းရမှာပဲလေ... တခြားမိဘတွေလည်း ဒီလိုပဲ ... အဖေက သမီးကိုဘာလုပ်စေချင်လို့လဲ ... သူ့အမေနဲ့ပြိုင်ပြီးကလေးလုနေရမှာလား...စိတ်ရှုပ်စရာကောင်းတယ်... အိမ်စာတောင်မပြီးသေးတာကို "
ကျန်းယန်ရှန့်ကပြန်ပြော၏။
ရီအထက်တန်းကျောင်းသည် ထိပ်တန်းကျောင်းတစ်ကျောင်းဖြစ်ပြီး ဝင်ခွင့်ရကျောင်းသားများအား
အိမ်စာများကြောက်ခမန်းလိလိပုံပေးလေ့ရှိသည်။
ကျန်းယန်ရှန့်ပြန်လည်မွေးဖွားလာသောအချိန်တွင် သူမ၏ခေါင်းထဲ၌ ဗလာနတ္ထိပင်။ဗလာဖြစ်နေသော ဦးနှောက်အား အလယ်တန်းအဆင့် ဗဟုသုတများဖြင့် မီးကုန်ယမ်းကုန်ဖြည့်စွက်ခဲ့ရသည်။
သူမ ပထမဆုံးလေ့ကျင့်ခဲ့သောသင်ခန်းစာမှာ အလယ်တန်းသင်ရိုးဖြစ်သည်။
ထိုလေ့ကျင့်ခန်းများပြီးလုဆဲဆဲတွင် အထက်တန်းအိမ်စာများနှင့်ပါ အချိတ်အဆက်မိလာသည်။
ရီအထက်တန်းကျောင်းမှ ပေးအပ်သောအိမ်စာအများစုသည် စာသင်နှစ်အစတွင် သင်ယူရမည့် သင်ခန်းစာများ၏ အကြိုသုံးသပ်ချက်ပင်ဖြစ်သည်။
ဤအရာက အလယ်တန်းအဆင့်သင်ခန်းစာများထက်ပင် ပိုဆိုးနေသေး၏။
အနည်းဆုံးတော့ ကျန်းယန်ရှန့်တွင်
အကြိုသုံးသပ်ချက်အတွက် ယခင်ဘဝမှသင်ယူခဲ့သော မှတ်ဥာဏ်များရှိပေသည်။
သို့သော်လည်း နောက်ပိုင်းတွင် သူမသည် စာသင်ချိန်များစွာကို ပျက်ကွက်ခဲ့သည်ဖြစ်ရာ
ယခုဘဝ၌ ခက်ခဲလွန်းသော အထက်တန်းသင်ခန်းစာများနှင့် နဖူးတွေ့ဒူးတွေ့လုံးပန်းနေရပြီဖြစ်သည်။
သူမထံ၌ အိမ်စာများ တောင်လိုပုံနေသည်။
ကျန်းရှို့ချန်အား နည်းနည်းလေးမျှပင် ဂရုစိုက်ပေးချင်စိတ် ရှိမနေချေ။
မည်သို့ပင်ဆိုပါစေဦးတော့
ကျန်းရှို့ချန်အား သူ၏အမေဖြစ်သူမှ ကြပ်မတ်လိုသော ဆန္ဒရှိနေသေးသည်။
အမေဖြစ်သူအားဘေးဖယ်၍ အစ်မဖြစ်သူမှ ပြုစုရမည်ဆိုသည်မှာ အဓိပ္ပာယ်မရှိချေ။
အရာအားလုံးသည် ကျန်းဟွမ်၏ဇီဇာကြောင်မှုကြောင့်ဖြစ်တည်လာရသည်။
ကျန်းဟွမ်၏ အပြင်ပန်းအလှကိုသာမက်မောပြီး
သားရေးသမီးရေးကိစ္စများကို ကြိုမတွေးတတ်ခဲ့ခြင်းကြောင့်ပင် ဤကဲ့သို့ဖြစ်နေရခြင်းဖြစ်သည်။
ကျန်းဟွမ်တစ်ယောက် နေရထိုင်ရခက်လာ၏။
လျန့်ယင်းယင်းကိုသာ မနိုင်ဝန်ထမ်းစရာမလိုကြောင်း ပြောရန်ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဆိုပါစေ ကျန်းရှို့ချန်က သူ၏သားဖြစ်သည်။
ကျန်းဟွမ်က လျန့်ယင်းယင်းအား ကိုယ့်သားသမီးကိုယ် အခက်တွေ့အောင် မပြုမူရန် ပြောလိုက်၏။
ဤတစ်ကြိမ်၌ မမျှော်လင့်ထားသောလျန့်ကျန်း၏လုပ်ရပ်က ပြဿနာကို မီးမွှေးခဲ့သည်။
ကျန်းဟွမ်သည် လျန့်ကျန်းအား သင်ခန်းစာပေးခဲ့ရုံသာမက လျန့်မိသားစုနှင့်ပါ ဆွေခန်းမျိုးခန်းဖြတ်တောက်ခဲ့၏။
လျန့်ယင်းယင်းက ကျန်းဟွမ်အား စိတ်ကျေနပ်စေချင်သည်။
ထိုကိစ္စနှင့်ပတ်သတ်၍ ပြန်လည်စကားစပ်မိကြသည့်အချိန်တိုင်းတွင် ကျန်းဟွမ်၏မျက်နှာထားမှာ လွန်စွာလေးနက်၍ စိတ်အခြေအနေကောင်းသည့်ပုံမပေါ်ချေ။
လျန့်ယင်းယင်းဘက်မှ ကျန်းဟွမ်စိတ်ပျော်စေရန်
ကျန်းရှို့ချန်အား ဂရုစိုက်မည်ဖြစ်ကြောင်း ကတိအထပ်ထပ်ပေးခဲ့သည်။
လျန့်ယင်းယင်းအား မယုံကြည်သော်လည်း
ကျန်းဟွမ်ကအခွင့်အရေးပေးရန်ဆုံးဖြတ်ခဲ့သည်။
သူမကိုပင် ကလေးများအားဆက်လက်ဂရုစိုက်စေ၏။
ကျန်းရှို့ချန်အား အမှန်အကန်ထိန်းကျောင်းရန် လျန့်ယင်းယင်းစိတ်ပိုင်းဖြတ်ထားတော့သည်။
ထိုသို့မပြုလုပ်ပါက ကျန်းရှို့ချန်သည် ကျန်းယန်ရှန့်၏လက်တွင်းသို့ ရောက်ရှိသွားမည်ဖြစ်သည်။
နောက်ဆက်တွဲရလဒ်အနေဖြင့် ကျန်းရှို့ချန်၏တိုးတက်မှုများကြောင့် ကျန်းယန်ရှန့်သည် ကျန်းဟွမ်ထံတွင် ပို၍ပင် မျက်နှာသာပေးခြင်းခံနေရဦးမည်။
သူမ ထိုကဲ့သို့ အဖြစ်မခံနိုင်ချေ။
သို့သော်လည်း ဤကိစ္စသည် သူမဆုံးဖြတ်ချက်ချနိုင်သည့်အရာမဟုတ်ပေ။
မူလတန်းကလေး၏ အိမ်စာက လူကိုပြောင်းလဲစေသည်။
အလယ်တန်းပင်မအောင်ခဲ့သော လျန့်ယင်းယင်းလိုမိန်းမမျိုးက နောက်ဆုံး၌ နိုးထလာပြီး သူမ၏သားအား လွန်စွာလေးနက်သော အကြံဉာဏ်များပေးလိုခဲ့သည်။
သို့သော်လည်း မမျှော်လင့်စွာပင် သူမက ကြမ်းတမ်းစွာ ခေါင်းရှောင်သည့်သဘောမျိုး သက်ရောက်သွားတော့၏။
" ဘာလို့အဖြေက ၉ ထွက်တာလဲ ?
ဒီဂဏန်းနှစ်ခု နုတ်တာက ဘယ်လိုလုပ် ၉ ဖြစ်ရမှာလဲ ! "
" မေးခွန်းကိုရောဖတ်လား ... မြင်ရဲ့လားလို့ ! ဟမ် ! "
" နင့်ကိုဘယ်နှခါပြောရမလဲ ! နားမပါဘူးလား ! "
" အား...ငါ့ကိုစိတ်တိုအောင် လာလုပ်နေတာလား "
လောကကြီး၌ မူလတန်းကလေး၏အိမ်စာအား ကိုင်တွယ်နိုင်သောမိခင်မရှိပေ။
လျန့်ယင်းယင်းလည်း မတတ်နိုင်တော့ချေ။
သူမသည်ကြမ်းတမ်းလာပြီး ကျန်းရှို့ချန်ကို ရိုက်တော့သည်။
ထိုနှစ်ရက်တာအတွင်း လျန့်ယင်းယင်း၏ဟိန်းဟောက်သံနှင့် ကျန်းရှို့ချန်ထံမှ အမဲဖျက်ခံနေရသည့်သဖွယ် အော်ဟစ်နေသော အသံများကို တတိယထပ်မှ အမြဲတမ်းလိုလိုကြားလေတော့သည်။
Part 94
ကျန်းယန်ရှန့် အောက်ထပ်မှဖျော်ရည်ယူ၍ အပေါ်ပြန်တက်လာသောအခါ လှေကားလက်ရန်းနားမှနေ၍ အပေါ်ထပ်သို့ စိုးရိမ်တကြီး ချောင်းကြည့်နေသော ကျန်းဟယ်လင်းအား တွေ့လိုက်ရသည်။
ကျန်းယန်ရှန့်မှ ကျန်းဟယ်လင်း၏ ငယ်ထိပ်ကို လှမ်းကိုင်လိုက်သည်။
ထို့နောက် အားအနည်းငယ်သုံးကာ ကျန်းဟယ်လင်းအား သူမ၏အခန်းရှိသည့် ဦးတည်ရာဘက်သို့ ဆွဲလှည့်ပေးလိုက်၏။
" ကိုယ့်အိမ်စာကိုယ်သာလုပ် ! " ကျန်းယန်ရှန့်ကပြောသည်။
" မမ တစ်ခုခုလုပ်ပါဦး " ကျန်းဟယ်လင်းက ကျန်းယန်ရှန့်၏လက်မောင်းကို အားကိုးတကြီးဖက်တွယ်၍ တောင်းဆို၏။
ကျန်းယန်ရှန့် ဆွံ့အသွားတော့သည်။
" ငါကနင်တို့အမေရဲ့ ကိစ္စတွေအထိ လိုက်ဂရုစိုက်နေရဦးမှာလား ... ဖယ်စမ်းပါ အိမ်စာတွေအများကြီးလုပ်စရာရှိသေးတယ် "
သင်ကြားရေးနှင့် အကြံပေးခြင်းကိုဤပုံစံအတိုင်း ဆက်လက်ကျင့်သုံးနေပါက သားအမိနှစ်ယောက်အနက် တစ်ယောက်ယောက်မှာတော့ တစ်ချိန်ချိန်၌ ကျိန်းသေပေါက် တိုင်ပတ်တော့မည်ဖြစ်သည်။
ဦးစွာလက်လျှော့လိုက်သူက ကျန်းရှို့ချန်ပင်ဖြစ်၏။
သူမ၏အခန်းဆီသို့ဦးတည်လာနေသော ခြေသံခပ်ပြင်းပြင်းကို ကျန်းဟယ်လင်းကြားလိုက်ရသည်။
ထိုခြေသံ၏နောက်တွင် ကျန်းရှို့ချန်၏ ကျယ်လောင်သောအသံပါ တစ်ခါတည်းကပ်ပါလာ၏။
" မမ ! မမ ! "
ကျန်းရှို့ချန်အော်ခေါ်နေသောအသံမှာ လန့်ဖျပ်စရာကောင်းလွန်းလှ၍ သူမ၏အခန်းတံခါးကို ကျန်းဟယ်လင်းပြေးဖွင့်လိုက်တော့သည်။
ကျန်းရှို့ချန်၏မျက်နှာတွင် နှာရည်နှင့်မျက်ရည်များ ရောထွေးနေရှာသည်။
ကျန်းဟယ်လင်းက သူမ၏လက်ကို ဆန့်ထုတ်လိုက်သော်လည်း ကျန်းရှို့ချန်က ရှောင်ကွင်းသွား၏။
ကျန်းဟယ်လင်း ဆွံ့အသွားသည်။
လှုပ်လှုပ်ရွရွအသံများကြောင့် ကျန်းယန်ရှန့် စားပွဲမှထပြီး တံခါးကိုဆွဲဖွင့်လိုက်သည်။
မျက်မှောင်ကြုတ်နေသော ကျန်းယန်ရှန့်၏အသွင်အပြင်က စာလေ့လာချိန်တွင် ဆူညံသံများကြားရ၍မကျေမနပ်ဖြစ်နေသည့်ပုံရ၏။
တံခါးဖွင့်လိုက်သည်နှင့် ဗလုံးဗထွေးနှာရည်များပေကျံနေသောကျန်းရှို့ချန်က သူမဆီသို့ တစိုက်မတ်မတ်ပြေးလာသည်ကို တွေ့လိုက်ရသည်။
ကျန်းယန်ရှန့် ခြေထောက်မြှောက်မိမတတ်ဖြစ်သွား၏။
ဤနေရာတွင် ၁၃နှစ်အရွယ် သန်မာသော ကျန်းရှို့ချန်သာဆိုပါက သူမ ကျိန်းသေပေါက် ခြေထောက်ဖြင့် ကန်မိတော့မည်ဖြစ်သည်။
သို့သော်လည်း ကျန်းရှို့ချန်က ၇နှစ်သားအရွယ်သာရှိသေးသည်။
တို့ဖူးတုံးသေးသေးလေးလိုပင်။
အဆုံးသတ်၌ ကျန်းယန်ရှန့်ဘက်မှသာ လေထဲသို့ ကန်ပြီး ဖြေသိမ့်လိုက်ရသည်။
ကျန်းရှို့ချန်က ကျန်းယန်ရှန့်၏အနောက်သို့ အားကိုးတကြီးပြေးဝင်လာပြီး သူမကိုဖက်ထား၏။
" မမ ! မမ ! "
ကျန်းယန်ရှန့် လန့်သွားသည်။
သူမ၏အဝတ်အစားများပေါ်၌ နှာရည်နှင့်မျက်ရည်များ ပေခြင်းမပေခြင်းကို မစဥ်းစားနိုင်တော့ချေ။
သေချာသည့်အရာတစ်ခုမှာ ဤအဝတ်အစားများကို မည်သည့်အခါမှ သူမ ပြန်ဝတ်တော့မည်မဟုတ်ကြောင်းပင်။
တစ်ချိန်တည်း၌ လျန့်ယင်းယင်းက ကျန်းရှို့ချန်၏နောက်မှ ပြေးလိုက်လာသည်။
သူမသည် မောဟိုက်နေပုံရပြီး ကျန်းရှို့ချန်ကို ဒေါသအပြည့်ဖြစ်နေသောမျက်ဝန်းများဖြင့် စူးစူးရဲရဲကြည့်နေ၏။
လျန့်ယင်းယင်းက လက်ထဲတွင် အဝတ်ချိတ်တစ်ခုကို ကိုင်ဆောင်ထားသည်။
ကမ္ဘာပေါ်ရှိမိခင်တိုင်းအတွက် အဝတ်ချိတ်သည် လက်စွဲတော်တစ်ပါးကဲ့သို့ဖြစ်၏။
အထူးသဖြင့် ကလေးများအား သွန်သင်ဆုံးမခြင်းပြုသည့်အခန်းကဏ္ဍတွင် အရေးပါသည်။
" ဒီကိုလာစမ်း ! " လျန့်ယင်းယင်းက အော်ပြောသည်။
" မလာဘူးး ! " ကျန်းရှို့ချန်က ပြန်အော်သည်။
" နင့်လိုဦးနှောက်မရှိတဲ့ဟာကို ငါဘယ်လိုများမွေးမိထားတာပါလိမ့်...."
လျန့်ယင်းယင်းက ဒေါသထွက်လွန်းသဖြင့် အံကိုကြိတ်ထား၏။
" ငါနင့်ကိုသင်တယ် သင်တယ် သင်ပြီးရင်းသင်တယ်....ဒါကိုတောင်နင်က ဆက်တိုက်မှားနေနိုင်သေးတယ်...ဦးနှောက်ရော ပါသေးလား ...အရင်ဘဝက ဝက်ဖြစ်ခဲ့လို့လား ...ဒီကိုလာစမ်း ...."
" မလာဘူးလို့... " ကျန်းရှို့ချန်က အာခေါင်ခြစ်၍အော်သည်။
ကျန်းရှို့ချန်က ကျန်းယန်ရှန့်၏အနောက်တွင်ကပ်၍ ပုန်းနေ၏။
လျန့်ယင်းယင်းသည် ကျန်းယန်ရှန့်အား ရှိန်သဖြင့်
အနောက်တွင်ရှိနေသောကျန်းရှို့ချန်ကို တိုက်ရိုက်မထိရဲပေ။
သို့သော်ကျန်းရှို့ချန်က ဆက်တိုက်ငြင်းဆန်နေသဖြင့် လျန့်ယင်းယင်း၏ဒေါသမှာ ငယ်ထိပ်သို့ဆောင့်တက်သွားပြီး ကျန်းရှို့ချန်ကို အတင်းအကြပ်ဆွဲခေါ်တော့၏။
" လာစမ်း...! "
ကျန်းရှို့ချန်က ရုန်းကန်လျက် အော်ဟစ်နေသည်။
ထိုအချိန်၌ လျန့်ယင်းယင်း၏လက်ထဲမှ
အဝတ်ချိတ်က ပိုမိုမြင့်တက်သွား၏။
သို့သော်လည်း သူမ၏လက်ကောက်ဝတ်ကို လမ်းတစ်ဝက်၌ပင် ကျန်းယန်ရှန့်က ဖမ်းဆွဲထားလိုက်တော့သည်။
ကျန်းယန်ရှန့်ပြန်လည်မွေးဖွားလာပြီးနောက်တွင်
သူမ၏ ခွန်အားများ အဆမတန်တိုးပွားလာခဲ့သည်။
လျန့်ယင်းယင်း၏လက်ကောက်ဝတ်အား ဆွဲချုပ်ထားသော သူမလက်များသည် ပလာယာတစ်ခုသဖွယ်ဖြစ်၏။
နာကျင်လွန်းသဖြင့် လျန့်ယင်းယင်းက အော်ဟစ်သည်။
လျန့်ယင်းယင်းနှင့် အသားချင်းထိတွေ့ရသည်ကို မသတီ၍ ကျန်းယန်ရှန့် သူမ၏လက်ကိုဖယ်ထုတ်ပစ်လိုက်၏။
ထိုအခါ လျန့်ယင်းယင်းတစ်ယောက် ဟန်ချက်ပျက်ကာအနောက်သို့ နှစ်လှမ်းခန့်ဆုတ်သွားသည်။
ထို့နောက် နံရံသို့ကပ်ပြီး ဖင်ထိုင်ရက် လဲကျသွားတော့၏။
သို့သော်လည်း လျန့်ယင်းယင်းက ကျန်းယန်ရှန့်အား ဒေါသမထွက်ရဲဘဲကျန်းရှို့ချန်ကိုသာ ရန်လုပ်သည်။
" နင်ဒီနေ့မလာရင် သတ်ပစ်မှာနော် !!! "
" အမေဂရုစိုက်စရာမလိုဘူး ! အစ်မက သားကိုဂရုစိုက်ပေးတာပဲလိုချင်တာ ... "
ကျန်းရှို့ချန်က နှာရည် ၊ မျက်ရည်များဗလုံးဗထွေးဖြင့် ငိုလျက် အော်ပြောသည်။
ကျန်းရှို့ချန်၏အသံဆုံးသွားသည်နှင့်
ဒုတိယထပ်မှကော်ရစ်တာတစ်ခုလုံးတွင် ထူးဆန်းသည့်ငြိမ်သက်မှုတစ်ခုက စိုးမိုးသွားတော့သည်။
ကျန်းရှို့ချန်ရည်ညွှန်းသောသူမှာ ကျန်းဟယ်လင်းမဟုတ်ဘဲ ကျန်းယန်ရှန့်သာဖြစ်ကြောင်း အားလုံးသဘောပေါက်ကြ၏။
ကျန်းရှို့ချန်က သူ့အားပြုစုပေးရန် မည့်သည့်အချိန်မှစ၍ ကျန်းယန်ရှန့်အား ခခယယတောင်းဆိုလာခြင်းဖြစ်မည်နည်း။
ကျန်းယန်ရှန့်နှင့် လျန့်ယင်းယင်းတို့ နှစ်ဦးစလုံး စိတ်ရှုပ်ထွေးနေကြသည်။
သူမ၏နောက်တွင်ပုန်းနေသော ကျန်းရှို့ချန်အား
ကျန်းယန်ရှန့်ကြည့်လိုက်သည်။
ကျန်းရှို့ချန်၏လက်မောင်းပေါ်၌
အစိမ်းရောင်အမှတ်တစ်ခုက အထင်းသားပင်။
အဝတ်ချိတ်ဖြင့် အရိုက်ခံထားရခြင်းဖြစ်မည်။
သာမန်ရိုက်ခြင်းမျိုးမဟုတ်ဘဲ ဒေါသပါပါနှင့် လက်ကိုအားကုန်လွှဲ၍ ရိုက်ထားပုံရသည်။
ထိုအချိန်၌ အန်တီဝမ်သည် အပေါ်ထပ်မှ ပြေးဆင်းလာပြီး အန်တီလော က အောက်ထပ်မှ ပြေးတက်လာသည်။
လျန့်ယင်းယင်း၏ပုံစံကို မြင်လိုက်ရသည့်အချိန်တွင်
သူတို့နှစ်ဦးစလုံး သူမအား ဝင်ဆွဲကြတော့သည်။
" ကလေးကို မလုပ်ပါနဲ့ ! စကားနဲ့ပဲပြောပါ "
" ကလေးကငယ်သေးတယ်လေ ဘယ်နားလည်မလဲ "
ကျန်းရှို့ချန် ပြဿနာရှာသည့်အချိန်တိုင်း
လျန့်ယင်းယင်းက ထိုသို့တူညီသောစကားကိုပြောတတ်သည်။
သို့သော် တစ်နေ့နေ့၌ ဤစကားအား အခြားသူထံမှ
ပြန်ကြားရမည်ဟူ၍ လျန့်ယင်းယင်းစိတ်မကူးခဲ့ဖူးပေ။
" နင်က အလကားဟာပဲ ၁တန်းပဲရှိနေပြီ
ဒီလောက်ဂဏန်းလေးကို မနုတ်တတ်သေးဘူး ! "
လျန့်ယင်းယင်းဒေါသမပြေနိုင်သေး။
" ကျန်းရှို့ချန် ငါပြောနေတယ် နင်အခုမလာရင် နောက်နောင်ငါ့ကို အမေလို့ခေါ်ဖို့စိတ်မကူးနဲ့တော့ ! " လျန့်ယင်းယင်းက အော်ပြောသည်။
" မခေါ်ဘူး မခေါ်ဘူးဗျာ... " ကျန်းရှို့ချန်က စူးရဲစွာပြန်အော်၏။
" အေး ! အခုချိန်ကစပြီး နင့်ကို ဂရုမစိုက်တော့ဘူး
အနိုင်ကျင့်ခံရလည်း ငါ့လာမခေါ်နဲ့ ! လိုချင်တာရှိလည်း လာမပြောနဲ့ ဝယ်မပေးဘူး... "
လျန့်ယင်းယင်းက အဝတ်ချိတ်အား မြေပြင်ပေါ်သို့ အားပါပါဖြင့် လွှင့်ပစ်လိုက်သည်။
ထို့နောက် အန်တီနှစ်ယောက်ထံမှရုန်းကာ အပေါ်ထပ်သို့ ဒေါကြီးမောကြီး ပြန်တက်သွားတော့၏။
" သူဝယ်မပေးလည်း အဖေက ဝယ်ပေးမှာပေါ့ " ကျန်းရှို့ချန်က တစ်ကိုယ်တည်းပြောသည်။
ကျန်းရှို့ချန်ထံမှ နှာရည်များ၏တဗျစ်ဗျစ်မြည်သံကြောင့်
ကျန်းယန်ရှန့်ခမျာ အစာအိမ် ကွဲကြေမတတ်ဖြစ်နေရသည်။
သူမ၏အင်္ကျီအားဆုပ်ကိုင်ထားသော ကျန်းရှို့ချန်၏လက်များကို ကျန်းယန်ရှန့်ဆွဲထုတ်လိုက်၏။
ကျန်းရှို့ချန်က နှာရည်များအား သုတ်ပစ်ရန်လက်ကိုမြှောက်လိုက်သော်လည်း
" မလှုပ်နဲ့ ..." ကျန်းယန်ရှန့်က အော်ပြောသည်။
ကျန်းရှို့ချန်၏အဖြစ်က ကျားခံတွင်းဝမှလွတ်လာသော်လည်း တုန်လှုပ်စွာ တိုက်ခိုက်ရမည့် ဝံပုလွေတွင်းထဲ သို့ ထပ်မံခုန်ဆင်းလာမိသလိုဖြစ်နေ၏။
ကျန်းယန်ရှန့်က အခန်းထဲသို့ဝင်သွားပြီး တစ်ရှူးများကိုင်၍ပြန်ရောက်လာသည်။
" နင့်နှပ်ချေးတွေအရင်သုတ်လိုက် ! "
Xxxxx