အပိုင်း ၁၄
Viewers 93

အခန်း (၁၄) နူးညံ့သိမ်မွေ့သော


ဒုတိယယောင်းမကျိုးသည် လီယောင်က သူမအား အသားပြုတ်အလုပ်အတွက် အကူညီပေးစေလိုကြောင်း ကြားရသောအခါ အလွန်ပင် စိတ်လှုပ်ရှားခဲ့ပြီး မဆိုင်းမတွပင် လက်ခံခဲ့သည်။


“ယောင်းမ၊ စိတ်မပူနဲ့။ ကျုပ် သေချာပေါက် ကောင်းကောင်းလုပ်မယ်။”


“တစ်ယောက်တည်း လုပ်နိုင်မှာမဟုတ်ဘူး။ နောက်ကျရင် ဒုတိယခဲအိုကိုလည်း ပြန်လာပြီး ကူဖို့မေးပေါ့”ဟု လီယောင်က ပြောခဲ့သည်။ 


“ကောင်းပါပြီ။ ကျုပ် အိမ်ပြန်ရောက်ရင် အမေ့ကို ပြောလိုက်ပါမယ်။”


ကျိုးရှီ၏ ခင်ပွန်းမှာ ဝမ်ယွမ်တင်း ဖြစ်သည်။ သူသည် သူ့မိသားစုတွင် ဒုတိယသားဖြစ်သည်။ 


မိုးခေါင်မှုကြောင့် အိမ်တွင် လယ်လုပ်ငန်းလုပ်ရန် မရှိပေ။ ထို့ကြောင့် သူသည် ယီကျိုးဆိပ်ကမ်းတွင် အလုပ်ကြမ်းသမားတယောက်အဖြစ် သွားခဲ့သည်။ 


လီယောင်၏ မှတ်ဉာဏ်တွင် ဝမ်ယွမ်တင်းသည် ဝမ်ယွမ်ရှန်ကဲ့သို့ပင် ရိုးသားပြီး ရိုးစင်းသည်။ ထို့ကြောင့် သူမသည် လုပ်ငန်းအတွက် ဤမိသားစုကို ပထမဦးဆုံး ထည့်သွင်းစဉ်းစားခဲ့သည်။ 


လီယောင်သည် အသားပြုတ်၊ ထမင်းနှင့် ပေါက်စီများ ပြုလုပ်ရန် တာဝန်ရှိသည်။ မနက်တိုင်း ကျိုးရှီနှင့် ဝမ်ယွမ်တင်းသည် ယုန်တင်းစျေးတွင် ရောင်းချရန် ၎င်းတို့ကို လာယူပေလိမ့်မည်။ ထို့နောက် နေ့လည်တွင် စာရင်းပြန်လာရှင်းမည် ဖြစ်သည်။ 


လီယောင်သည် လက်ကားစျေးဖြင့် တပွဲလျှင် ၁၃ ဝမ် ဟု တွက်ချက်ခဲ့သည်။ ဤနည်းဖြင့် ကျိုးရှီသည် တပွဲလျှင် ၂ ဝမ် ရနိုင်သည်။ သူတို့ တနေ့လျှင် ပွဲ ၁၀၀ ရောင်းခဲ့ပါက သူတို့ အမြတ်ငွေ ၂၀၀ ၀မ် ရရှိနိုင်မည် ဖြစ်သည်။ 


လီယောင်သည်လည်း ဝမ် ၅၀၀ ရှာနိုင်မည် ဖြစ်သည်။  


ကျိုးရှီသည် နေ့တိုင်း ထိုမျှလောက် ငွေရှာနိုင်သည်ဟု ကြားသောအခါ မူးဝေသွားခဲ့သည်။ 


သူမ၏ ယောက်ျားသည် သင်္ဘောကျင်းတွင် အလုပ်ကြမ်းသမားတယောက်အနေဖြင့် တလလျှင် ဝမ် ၇၀၀မှ ၈၀၀သာ ရရှိခဲ့သည်။ 


ယခုအခါ အသားပြုတ်ရောင်းရုံမျှဖြင့် သူတို့သည် ဝမ်ထောင်နဲ့ချီကာ အလွယ်တကူ ဝင်ငွေရရှိနိုင်သည်။ ဤဟာသည် သူမ၏  မျှော်လင့်ထားသည်ထက် ပိုကောင်းပေသည်။ 


“လှည်းတွေ၊ စားပွဲတွေ၊ ထိုင်ခုံတွေ၊ မီးဖိုတွေနဲ့ တခြားပစ္စည်းတွေကိုတော့ ကိုယ့်ဖာသာ ပြင်ထားဖို့ လိုလိမ့်မယ်။ နေ့တိုင်း အဲဒါတွေကို အသွားအပြန်ဆွဲသွားနေမဲ့အစား အဲ့ဒီမှာ သိမ်းဖို့ နေရာတခုရှာထားရင် အကောင်းဆုံးပဲ။”


ကျိုးရှီသည် “ကျုပ်အမေအိမ်က အဲ့ဒီနားမှာ ရှိတယ်။ စျေးနဲ့မဝေးဘူး။ ကျုပ်တို့အဲမှာ အကုန်သိမ်းခဲ့လို့ရတယ်”ဟု ပြောခဲ့သည်။ လီယောင်က ခေါင်းငြိမ့်ခဲ့သည်။ ကျိုးရှီသည် တော်တော် ဉာဏ်ထက်သည်။ 


အသေးစိတ်တချို့ကို ထပ်မံဆွေးနွေးပြီးနောက်  ကျိုးရှီသည် အိမ်ဟောင်းသို့ စိတ်လှုပ်ရှားစွာဖြင့် ပြန်ခဲ့ပြီး ထိုအကြောင်းကို ယောက္ခမအား ချက်ချင်း ပြောပြခဲ့သည်။ 


“နင်က ရိုးရှင်းပြီး ရိုးသားတဲ့သူလေ။ အဲဒါကြောင့် နင့်ယောင်းမက ဒီအလုပ်အခွင့်အရေးကို ပေးတာ”ဟု နားထောင်ပြီးနောက် အဘွားအိုက ပြောခဲ့သည်။”နင်လိုအပ်တာတွေဝယ်ဖို့ ငါပိုက်ဆံပေးမယ်”


“ကျေးဇူးတင်ပါတယ် အမေ”


“မနက်ဖြန် သူ့နောက်လိုက်ပြီး အရင်လေ့လာချေ။”ဟု ဝမ်ရွှယ်ရှီက ပြောခဲ့သည်။ နင်ရဲ့ ဒုတိယအစ်ကိုကို အမြန်ပြန်ခေါ်ဖို့ စတုတ္ထမတ်ကို လွတ်လိုက်မယ်။ နင်တို့နှစ်ယောက်လုံး အခုကစပြီး ကြိုးစားကြတော့။”


ကျိုးရှီသည် လုံး၀ပင် စိတ်ချလက်ချ ဖြစ်သွားခဲ့သည်။ 


ထိုညက သူမသည် တနေ့လျှင် အမြတ်ငွေ ၂၀၀ ဝမ်အကြောင်း စဉ်းစားရုံမျှဖြင့် အိပ်မပျော်နိုင်ပဲ စိတ်လှုပ်ရှားနေခဲ့ပါသည်။ သူမသည် အာရုံမတက်မီ လီယောင်ထံသို့ ကူညီရန် သွားခဲ့ပြီး ဆိုင်ဘယ်လို ခင်းရမလဲဆိုသည်ကို လေ့လာသင်ယူရန် တာ့ကျွမ်းနှင့်အတူ စျေးသို့ လိုက်သွားခဲ့သည်။ 


ကျိုးရှီသည် အတော်ပင် သွက်လက်ချက်ချာသည်။ စာရင်းရေးသွင်းခြင်းနှင့်ပတ်သက်၍ အသေးအဖွဲကိစ္စများမှလွဲပြီး သူမသည် ကောင်းမွန်စွာ လိုက်လျောညီထွေစွာ နေတတ်သူ ဖြစ်သည်။ 


သုံးရက်မြောက်နေ့တွင် ဝမ်ယွမ်တင်းက အိမ်သို့ ပြန်ရောက်လာခဲ့သည်။ လိုအပ်သော ပစ္စည်းများကိုလည်း စီစဉ်ပြီးသားဖြစ်သည်။ လီယောင်သည် သူတို့အား သူတို့ကိုယ်တိုင်ရောင်းရန် စွတ်ပြုတ် အပွဲ၁၀၀ကို ပေးခဲ့သည်။ 


ထိုနေ့က ဝမ်ရွယ်ရှစ်သည် ဘယ်ကိုမှ မသွားခဲ့ချေ။ သူမသည် အိမ်ရှေ့တံခါးအနီးတွင် ထိုင်ကာ ဟင်းရွက်များကို အခြောက်လှန်းနေရင်း ရံဖန်ရံခါ ရွာအဝင်၀ဆီသို့ လှမ်းကြည့်ခဲ့သည်။ မွန်းတည့်ပြီး သိပ်မကြာခင် ဝမ်ယွမ်တင်းနှင့် ကျိုးရှီ ပြန်လာခဲ့သည်။ 


“နင်တို့ အစောကြီး ပြန်လာတာလား”


“အမေ” 


ကျိုးရှီ၏ မျက်နှာသည် ပျော်ရွှင်မှုများ ပွင့်ဖူးနေခဲ့သည်။ ထို့နေ့က သူမတို့ ရရှိခဲ့သော ငွေအားလုံးကိုလည်း လွဲပေးခဲ့သည်။ “ယောင်းမရဲ့ အသားစွပ်ပြုတ်က ရောင်းရတာ သိပ်မြန်တာပဲ။ တနာရီမပြည့်သေးဘူး။ ပွဲ၁၀၀လုံး ရောင်းကုန်သွားတယ်။”


“ကောင်းတယ် အရမ်းကောင်းတယ်”


လေးလံသော ငွေအိတ်ကို ကိုင်ထားရင်း ဝမ်ရွယ်ရှစ်လည်း စိတ်အေးသွားခဲ့သည်။ ဝမ်ယွမ်တင်းသည် မျက်နှာလိုမျက်နှာရလုပ်ကာ ဝက်သားတစ်ပိုင်းကို ထုတ်ယူခဲ့သည်။ “အမေ၊ ကျွန်တော် အသားဝယ်လာတယ်။ ဒီညစာအတွက် ကြော်စားရအောင်။” 


“မင်းက ဖြုန်းတီးတဲ့ လူနုံပဲ။ ဘာလို့အများကြီးဝယ်လာခဲ့တာတုန်း။ နင်က နင့်ခယ်မလိုပဲ။ ပိုက်ဆံနည်းနည်းပဲ ရှာရသေးတယ်။ ဦးတည်ရာကို မပြောနိုင်တော့ဘူး။”


“အမေ၊ ကျွန်တော်တို့ ခယ်မနေရာမှာ သွားကူတော့မယ်။ ချောင်အာ၊ ရန်ဇီ၊ ငါတို့နဲ့လိုက်ခဲ့။”


သူ့မိခင်ကြီး၏ နားပူနားဆာလုပ်ခြင်းကို မခံယူနိုင်တော့ပဲ ဝမ်ယွမ်တင်းသည် ယုန်တင်းစျေးမှ သူဝယ်ယူခဲ့သော ဝက်ခြေထောက် ၂ချောင်းကို အလျင်အမြန်ယူခဲ့သည်။ ကျိုးရှီနှင့်အတူ သူ့သမီးနှစ်ယောက်ကို ထားခဲ့သည်။ 


“စောင့်ဦး” ဝမ်ရွှယ်ရှီသည် ခြင်းတောင်းတစ်တောင်းကို ယူကာ ဟင်းသီးဟင်းရွက်စိုက်ခင်းထဲမှ မုန်လာဥ တောင်းတဝက်ကို နုတ်ယူခဲ့သည်။  


“ဒါတွေ မင်းခယ်မဆီ ယူသွား။ ဒါဆို သူ သူများတွေဆီက ဝယ်နေစရာ မလိုတော့ဘူး။”


“အိုး”


ဝမ်ယွမ်တင်း ထွက်ခွာသွားသည့်နောက်တွင် ရှန်းရှီသည် သူမကိုယ်သူမ မချုပ်ထိန်းထားနိုင်တော့ပေ။ 


သူမ၏ ယောင်းမသည် သိသိသာသာပင် ဘက်လိုက်နေခဲ့သည်။ 


ဒုတိယမိသားစုတွင် သမီးနှစ်ယောက်သာရှိသည်။ သသို့သော် သူမသည် သားတစ်ယောက်မွေးခဲ့သည်။ 


အကြောင်းပြချက်အားလုံးဖြင့် သူမ၏ ယောင်းမသည် ဒုတိယမိသားစုကို ပထမဦးဆုံး အလုပ်အခွင့်အရေး ပေးခဲ့သည်။ 


“အမေ၊ ယောင်းမက တခြားတစ်ယောက်ကို မျက်နှာသာပေးတာကို ကြည့်နေတော့မှာလား။”


“ငါ့ကို ပြဿနာဖြစ်အောင် လာသွေးထိုးမနေနဲ့။” ဝမ်ရွှယ်ရှီသည် သူမ၏ ဆိုလိုရင်းကြောင့် ဒေါသခြောင်းခြောင်းထွက်လာခဲ့သည်။ “နင့်ယောင်းမက ကျိုးရှီကို ရွှေးခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျိုးရှီက တည်ငြိမ်တယ်။ နောက်ပြီး နေရာတိုင်းမှာ အလာဟဿ အတင်းမဖျင်းပြောဘူးဆိုတာ သိလို့ပဲ။ နင့်ကို နင့်ယောင်းမ အလုပ်အခွင့်အရေး ပေးစေချင်တယ်ဆိုရင် ဘယ်လိုက္ကန္ဒြေရရ နေရထိုင်ရမလဲ အရင်သင်။”


ရှန်းရှီသည် စူပုတ်ပုတ်နှင့် နှုတ်ခမ်းဆူခဲ့သည်။  


ဘက်လိုက်တာက ဘက်လိုက်တာပဲ ဖြစ်ပေသည်။ သို့သော် သူမ၏ ယောက္ခမက ဆင်ခြေဆင်လက်ပေါင်းများစွာ ထွင်ခဲ့သေးသည်။


“နင် ဘာလို့ဒီနားမှာ နေးတိနှေးကန်လာလုပ်နေသေးတာလဲ။ မြန်မြန်သွားပြီး မြက်သွားခုတ်စမ်း။”


…………………………………


လီယောင်၏ခြံဝန်းထဲတွင် ဝမ်ယွမ်တင်းနှှင့် ကျိုးရှီတို့သည် ဆန္ဒာအလျောက် သန့်ရှင်းရေးလုပ်ရန် ကူညီခဲ့ကြသည်။ 


“ယောင်းမ၊ နားပါဦး။ ကျုပ်တို့ လုပ်ပါ့မယ်။” 


ချောင်အာနှင့် ရန်ဇီတို့လည်း လိုက်လာခဲ့သည်။ မိန်းကလေးနှစ်ယောက်သည် ဆယ်နှစ်နှစ်နှင့် ဆယ်နှစ် ဖြစ်သည်။ 


သူတို့သည် လီယောင်ကို ကြောက်လွန်းလို့ ဖြစ်ပေလိမ့်မည်။ ခြံထောင့်တွင် မလှုပ်ရဲပဲ ငြိမ်သက်စွာဖြင့် ထိုင်နေခဲ့သည်။ 


မိန်းကလေးနှစ်ယောက်သည် မျောက်လေးများကဲ့သိုပင် ပိန်လွန်းလှသည်။ အိမ်တွင်လည်း အစာပြေ မရှိခဲ့ပေ။ သူမတို့၏ ဆာလောင်ခြင်းကို လျော့ကျစေရန် သကြားညိုနှစ်တုံးကို လှီးဖြတ်ခဲ့သည်။


“ကျေးဇူးတင်ပါတယ် ဒေါ်လေး။”


“စားလိုက် ပြီးရင် ရှောင်စီနဲ့ သွားဆော့လေ။”


‘ဟုတ်ကဲ့ပါ။”


မိန်းကလေးနှစ်ယောက်သည်ဝမ်ရှောင်စစ်ကို တခြားနေရာသို့ ဆော့ကစားရန် မခေါ်ခင် သူတို့၏လက်ချောင်းများပေါ်ရှိ သကြားညိုများကို တစက်မျှ မကျန်အောင် လျက်ခဲ့သည်။


“ယောင်းမ၊ တော်က သူတိုကို အလိုလိုက်လွန်းနေတာပဲ။ ခုချိန်မှာ သကြားက စျေးမပေါဘူး။”ဟု ကျိုးရှီက ပြောခဲ့သည်။ လီယောင်သည် သကြားညို တပိုင်းမျှသာဖြစ်ပြီး သိပ်ကြီးကြီးမားမားမဟုတ်ဟု တွေးခဲ့သည်။ 


ဝမ်ရှောင်စစ်ဆို နေ့တိုင်း အပိုင်းတော်တော်များများကို နေ့တိုင်း ခိုးစားနေသည်လေ။ 


“ရှင့်အမေအိမ်မှာ ပစ္စည်းတွေ ထားတဲ့အတွက် မကြာခဏ ကျေးဇူးသိတတ်ဖို့ မမေ့နဲ့ဦး။”


“ကျုပ် သိပါပြီ ခယ်မ။ မနက်ဖြန်ကျရင် သူတို့အတွက် အသားတချို့ဝယ်သွားလိုက်မယ်။”ဟု ဝမ်ယွမ်တင်းက ပြောခဲ့သည်။ ခယ်မသည် အမေနှင့် တူသည်။ 


ဝမ်ယွမ်တင်းသည် သူ့ခယ်မကို အရင်က ကြောက်နေကျဖြစ်သည်။ ယခုတွင်မူ သူမကို ကျေးဇူးအများကြီး တင်နေခဲ့သည်။ 


နောက်ထပ် လူနှစ်ယောက်၏ ကူညီမှုဖြင့် သန့်ခြင်းရေးလုပ်ခြင်းကို အမြန်ပြီးမြောက်စေခဲ့သည်။ ဝမ်ယွမ်တင်းသည် စဉ်းစားဉာဏ်မရှိစွာ မီးဖိုချောင်ထဲသို့သွားကာ မီးထည့်ရန် ကူညီချင်ခဲ့သည်။ ကျိုးရှီသည် သူ့လက်မောင်းကို ဆုပ်ကိုင်ကာ အိမ်သို့ တရွတ်တိုက် ဆွဲခေါ်ခဲ့သည်။ 


“တော် အသိတရား မရှိဘူးလား။”


“ဘာမှားနေလို့လဲ။” ဝမ်ယွမ်တင်းသည် အလွန်ပင် နားမလည်နိုင်ခဲ့ပေ။


“ယောင်းမရဲ့ အသားပြုတ်က တအားရောင်းရတယ်။ ဘယ်သူမှ ကူးချလို့မရဘူး။ ဒါက ယောင်းမမှာ လှို့ဝှက်ချက်နည်း ရှိတယ်ဆိုတာ ပြနေတယ်။ ဒါကို တော်က မဆင်မခြင် မီးဖိုထဲ ဝင်သွားခဲ့ရင် သူရဲ့ချက်နည်းကို တော်က ခိုးဖို့လုပ်နေတယ်လို့ ယောင်းမက ထင်သွားရင် ဘယ်လိုလုပ်မလဲ။ သူ့ဒေါသလည်း တော်သိနေတာပဲ။ နည်းနည်းတောင် ဒေါသထွက်တဲ့သူ။ တကယ်လို့ ကျုပ်တို့ကို အလုပ်ပေးတာ ရပ်လိုက်ရင်၊ ငိုနေရင်တောင် အကူအညီမဖြစ်ဘူး။”ဟု ကျိုးရှီက ရှင်းပြခဲ့သည်။ 


ဝမ်ယွမ်တင်းသည် ပေါကြောင်ကြောင်နိုင်စွာ ပြုံးခဲ့သည်။ “မင်းပြောတာ မှန်ပါတယ်။ ငါမင်းစကားကို နားထောင်ပါမယ်။” 


သူမ မတွေ့တာ အတော်ကြာပြီဖြစ်သည့် သူမခင်ပွန်းကို မြင်သောအခါ ကျိုးရှီ၏နှုတ်ခမ်းသည် အပြုံးကြောင့် ကွေးတက်ခဲ့သည်။ 


ယုန်တင်းစျေးတွင် ယာယီတဲထိုးမည့်နေရာကို ဆုံးဖြတ်ခဲ့ကြသည်။ 


စျေးရက် နှစ်ရက်အကြာတွင် လီယောင်သည် စိတ်ဝင်းစားမှုများသော နေရာတွင် စျေးဆိုင်ဖွင့်ရန်လည်း ရည်ရွယ်ခဲ့သည်။ 


သူမသည် ဘယ်သူကို ဆိုင်ပေးမယ်။ ဘယ်သူ့ကို ဘယ်လိုနေရာချထားမယ်ဆိုသည့် အစီအစဉ်တွေပါ ရှိပြီးသား ဖြစ်သည်။ 


လုပ်ငန်းကို ဝယ်ရန် စျေးကမ်းလှမ်းကာ လေလံဆွဲသည်။


သူမသည် လီကျန်းအား ထိုလေလံဆွဲခြင်းသဘောတရားကို သူနားလည်သည်အထိ အချိန်အတော်ကြာအောင် ရှင်းပြခဲ့ရသည်။ 


“ငါ နားမလည်ဘူး”ဟု လီကျန်းက ပြောခဲ့သည်။ “ဒါက အခွင့်အရေးကောင်းပဲ။ ဘာလို့ အပြင်လူတွေကို ပေးချင်နေတာလဲ။ ဝမ်ယွမ်ကော့က ယီကျိုးမှာ အလုပ်ကြမ်းသမား လုပ်နေတုန်းပဲ မဟုတ်ဘူးလား”


“ကျွန်မရဲ့ မိသားစုကို ဝေစုတခုပေးထားပြီးသားပါ။ ဒါကို ဦးစားပေးထားတဲ့ အပြုအမူလို့ စဉ်းစားထားပါတယ်။ ပြီးတော့ အလုပ်ထဲမှာ မိသားစုတွေကြည့်ပဲ ထားရင် တခုခုဖြစ်လာခဲ့ရင် ပြဿနာတက်လိမ့်မယ်။”ဟု လီယောင်က ဆိုခဲ့သည်။ 


“မင်းပြောတာ အဓိပ္ပါယ်ရှိတယ်။”


ထို့ကြောင့် လီကျန်း၏ သတိပေးချက်အရ ရွာသူရွာသားများသည် ဤကိစ္စနှင့်ပတ်သက်၍ လျင်လျင်မြန်မြန် သိရှိသွားခဲ့သည်။ ထိုနေ့နေလည်ပိုင်းတွင် လီကျန်း၏ခြံအပြင်ဘက်တွင် ရွာသူရွာသား ရာနှင့်ချီကာ စုရုံးနေခဲ့ကြသည်။ သူတို့အားလုံးသည် ဤသို့ မယုံနိုင်စရာကို တွေ့ရှိခဲ့ကြရသည်။


“သူက ဒီလောက်ကောင်းတဲ့အခွင့်ရေးတွေ ငါတို့ကို ပေးချင်နေတာလား၊ ဒါ ရိုက်စားပဲ ဖြစ်ရမယ်။”


“လီကျန်းက လှည့်စားရင် ငါတို့က သူ့ကို တာဝန်ယူခိုင်းမှာပေါ့။”


“ဝမ်ယွမ်တင်းတို့ ယုန်တင်းစျေးမှာ တရက်တည်း ရောင်းတာတောင်မှ ငွေရှာနိုင်တယ်လို့ ငါကြားတယ်။”


ပွက်ပွက်ညံ့သည့် အသံတွေများကြားထဲတွင် ရှန်းရှီတစ်ယောက် အိုးပူတစ်လုံးပေါ်မှ ပုရွတ်ဆိတ်များကဲ့သို့ စိတ်သောကရောက်နေခဲ့သည်။ 


သူမ၏ ယောင်းမသည် ပထမဆိုင်ခွဲအား ဒုတိယမိသားစုကို ပေးလိုက်သည့်အတွက် သူမ လက်လွှတ်ခဲ့ရသည်။ ယခုတွင်မူ ကျန်ရှိသည့် ဆိုင်၂ဆိုင်အား အပြင်လူများကို ပေးနေခဲ့သည်။ ဘယ်လိုများ တွေးတောဆင်ခြင်နေတာပါလိမ့်။ သူမသည် သူမ၏ မိသားစုကို သိသိသာသာပင် လစ်လျူရှုကာ တံတောင်ဆစ် အပြင်ကိုထုတ်နေခဲ့သည်။ 


သူမသည် သူမ၏ ယောက္ခမထံသို့ ချက်ချင်းသွားခဲ့သည်။ နောက်ထပ်ပြစ်တင် ကြိမ်းမောင်းခြင်းကိုသာလျှင် ရခဲ့သည်။ 


“နင့်ယောင်းမက ငါ့တို့ကို တခုပေးထားပြီးသားလေ။ ဘာလို့ ဒီလောက် လောဘကြီးနေသေးတာလဲ။”


“နင်တကယ်လုပ်ချင်ရင်၊ မင်းယောင်းမရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်လုပ်ချေ။”