အပိုင်း ၁၅
Viewers 103

အခန်း (၁၅) လက်ကားပေးခြင်း


ရှန်းရှီ ရောက်လာခဲ့သည်။ 


အခြားသူများကဲ့သို့ပင် သူမသည်လည်း လုံး၀ သဘောမပေါက်ခဲ့ပေ။ 


သူမသည်လည်း စျေးပြိုင်ခေါ်ကာ လေလံဆွဲခြင်းနှင့် တင်ဒါခေါ်ယူခြင်းအကြောင်းကို စကားတခွန်းမျှပင် နားမလည်ခဲ့ပေ။


လူအများစု ရောက်လာသည်နှင့် တပြိုင်နက်  လီကျန်းသည် “ကဲ အားလုံး အော်နေတာတွေ ရပ်လိုက်တော့။ ခင်ဗျားတို့အားလုံး ဘာတွေဖြစ်လို့လဲဆိုတာသိကြပြီးပြီ။ ဒါပေမဲ့ ကျုပ် နောက်တခေါက် ရှင်းလင်းသွားအောင် အသေးစိတ် ထပ်ရှင်းပြပေးမယ်။”ဟု ခုံရှည်တစ်လုံးပေါ်တွင် ရပ်ကာ ပြောခဲ့သည်။


 လီယောင်၏ အစီအစဉ်မှာ အခုချိန်မှစ၍ အိမ်မှာပဲ လက်ကားပေးရောင်းချရန် ဖြစ်သည်။ သူမ၏  စွတ်ပြုတ်ရောင်းချင်သူတိုင်း သူမထံမှ ကုန်ပစ္စည်းများကို ဝယ်ယူနိုင်ပါသည်။ အမြင့်ဆုံးလေလံဆွဲသူက အနိုင်ရပါမည်။ 


လေလံစျေးတူခဲ့ပါက ရောင်းချရမည်သူကို လီယောင်က ဆုံးဖြတ်နိုင်ပါသည်။ 


လေလံအနိုင်ရရှိသူသည် တနေ့လျှင် ပွဲ၅၀ အနည်းဆုံးဝယ်ယူရမည်ဖြစ်ပြီး “ဟဲဝမ်ရွာ လီမိသားစု အသားစွတ်ပြုတ်”ဆိုသည့် ဆိုင်းဘုတ်ကို အသုံးပြုရမည်ဖြစ်သည်။ 


သူတို့သည် လီယောင် သတ်မှတ်ထားသည့် စျေးနှုန်းဖြင့်သာ ရောင်းချရမည်ဖြစ်ပြီး ထင်တိုင်းကြဲကာ စျေးတက်ခြင်း သို့မဟုတ် စျေးလျော့ခြင်းများကို မပြုရပါ။ 


အမှတ်တံဆိပ်၏ ဂုဏ်သတင်းကို ထိခိုက်စေမည့် မည့်သည့်အရာကိုမျှ လုပ်ခွင့်မပြုချေ။ 


အရေအတွက် သို့မဟုတ် အရည်အသွေးကိုလည်း လိမ်လည်ကာ လှည့်စားခြင်း မပြုရပေ။ 


စည်းမျဥ်းစည်းကမ်းများကို ဖောက်ဖျက်ကြောင်း တွေ့ရှိပါက စာချုပ်သည် ချက်ချင်းရပ်စဲမည်ဖြစ်ပြီး ၎င်းတို့အား နောက်တစ်ကြိမ် ပူးပေါင်းဆောင်ရွက်လိမ့်မည် မဟုတ်ချေ။


လီကျန်းသည် အချက်တစ်ခုစီကို ရှင်းရှင်းလင်းလင်း ရှင်းပြခဲ့ပြီးနောက် အားလုံးသည် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ သို့သော်လည်း လူတိုင်းက အချင်းချင်းကြည့်နေခဲ့ကြပြီး တစ်ယောက်မျှ ရှေ့သို့ ဆက်မတိုးဝံ့ကျပေ။ 


နောက်ဆုံးတွင် ရှန်းရှီသည် ပထမဆုံး ထရပ်လာပြီး ၁၃ ဝမ်ဖြင့် လေလံဆွဲခဲ့သည်။ 


သူမသည် ကျိုးရှီကို မေးမြန်းထားရာမှ စျေးနှုန်းကို သိခဲ့ရသဖြင့် သူမ မမှားနိုင်သည်မှာ သေချာပေသည်။ 


ရှန်းရှီတစ်ယောက် အလွန်တက်ကြွနေသည်ကို မြင်သောအခါ တခြားသူများပါ ရဲရင့်လာကြပြီး သူတို့မိသားစုများနှင့် တီးတိုးစကားဆိုပြီးနောက် တယောက်ပြီးတယောက် လေလံစဆွဲလာခဲ့သည်။ 


အဆုံးတွင်မှု မိသားစု ၉စုက လေလံဆွဲခဲ့ကြသည်။ 


“ရလာဒ်တွေ ထွက်လာပြီ။ စျေးအမြင့်ဆုံးတွေက ဝမ်ယွမ်ချိုင့်နဲ့ ဖန်မင်းချွှမ်တို့ဆီကပါ။”ဟု လီကျန်းက ပြောခဲ့သည်။ 


လီယောင်သည် ရလာဒ်နှင့်ပတ်သက်၍ လုံး၀ပင် မအံဩခဲ့ပေ။ 


ဝမ်ယွမ်ချိုင့်သည် လီကျန်း အစ်ကိုအကြီးဆုံး၏ သားဖြစ်သည်။ 


လီကျန်းသည် ဤကိစ္စများကို ကိုယ်တွယ်ပြီး တခြားမိသားစုများကို လုံးလုံးလျားလျား အကျိုးအမြတ်များ သွားစေဖို့ရာ သူသည် မည်သို့မျှ ခွင့်မပြုနိုင်ပေ။ 


ဖန်မိသားစုသည် ဟဲဝမ်ရွာတွင် ဒုတိယအကြီးဆုံး မိသားစုအစ်မည် ဖြစ်သည်။ အတွေ့အကြုံများ၍ လိမ္မာပါးနပ်သည် မျိုးနွယ်စုခေါင်းဆောင် အဘိုး ဖန်ရှီအန်းသည် လေးစားကြည်ညိုရသည့် အကြီးကဲတစ်ဦးလည်း ဖြစ်ပေသည်။ ဖန်မင်းချွမ်သည် သူ၏ဒုတိယသားဖြစ်သည်။ 


မိသားစုနှစ်စုမှ ကမ်းလှမ်းသော စျေးနှုန်းများသည် ထမင်းနှင့်စွပ်ပြုတ်အတွက် ၁၄ ဝမ် နှင့် ပေါက်စီနှင့်စွပ်ပြုတ်အတွက် ၁၁ ဝမ်တို့ ဖြစ်သည်။ 


ဆိုလိုသည်မှာ သူတို့သည် တစ်ပွဲရောင်းချရပါက အမြတ်ငွေ ၁ ဝမ်သာ ရရှိမည်ဖြစ်သည်။ 


“သူတို့ လေလံစျေးက သိပ်မြင့်လွန်းတယ်။ အကုန်မရောင်းရရင် သူတို့ရှုံးမှာ မကြောက်ဘူးလားပဲ။” 


ထိုသို့သော မယုံသင်္ကာမှုများနှင့် တွေ့ကြုံရသောအခါ မိသားစု နှစ်စုလုံးသည် ပြန်မဖြေပဲ ပြုံးနေခဲ့ကြသည်။ 


ဘယ်လိုလုပ်များ သူတို့ ရောင်းမကုန်ပဲ နေပါလိမ့်မည်နည်း။ 


စျေးကိုသာ သွားကြည့်ပါက လီယောင်၏ စွတ်ပြုတ်အစားအသောက်များသည် လုံလုံလောက်လောက် မဖြည့်နိုင်အောင်ပင် ဝယ်လိုအား မြင့်သည်။ 


တည်ခင်းပေးရုံ ဝန်ဆောင်ပေးရုံဖြင့် အမြတ် ၁ ဝမ်သာ ရရှိသည့်အတွက် ထိုကိစ္စသည် မည့်သည့်အရေးကိစ္စနည်း။ 


တနေ့လျှင် ပွဲ၁၀၀ရောင်းချခြင်းသည် အရင်းအနှီးများစွာမလိုပဲ အမြတ်ငွေ ဝမ်၁၀၀ ကို ပုံမှန် ရှာနိုင်နေမည် ဖြစ်သည်။ ထိုမျှကောင်းသည့် အလုပ်မျိုး တခြားမည့်သည့်နေရာတွင် ရှာနိုင်ပါမည်နည်း။


 သူတို့ငွေအများကြီးရလာကာ မနာလိုဖြစ်လာနိုင်ခြင်းကို စိတ်မပူပဲ သူတို့အား လီယောင်က တမင်သက်သက်ပင် အမြတ်အများကြီး ရစေသည်ဟု ခံစားခဲ့ရသည်။ 


လီကျန်း၏ သက်သေခံမှုနှင့်အတူ လီယောင်သည် မိသားစုနှစ်ခုလုံးနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး သူတို့၏ ပူးပေါင်းဆောင်ရွက်မှုများကို တရားဝင် စတင်ခဲ့သည်။ 


မနက်ဖြန်မှ စတင်၍ ချန်းဟယ်ခရိုင်နှင့် လင်းယွမ်ခရိုင်ရှိ စျေးများတွင် ဟဲဝမ်ရွာ လီမိသားစု အသားပြုတ် ရောင်းချသည့်ဆိုင်များ ရှိလာတော့မည် ဖြစ်သည်။ 


မိသားစု နှစ်ခုလုံးသည် ရည်မှန်းချက်များ ကြီးမားကြပြီး ပထမဆုံးနေ့အတွက် တခုချင်းဆီအတွက် အစားအသောက် ပွဲ ၁၀၀စီ ကြိုတင်မှာယူခဲ့သည်။ 


ဆိုင်လေးခုအတွက် စုစုပေါင်း ပွဲ ၄၀၀ ဖြစ်သည်။ 


နောက်တစ်နေ့ မွန်းမတည့်မှီ ရွာသူရွာသားများ အားလုံးသည် သူတို့၏လည်ပင်းများကို ဆန့်ကာ ဝမ်ယွမ်ချိုင့်နှင့် ဖန်မင်းချွှမ်တို့  ပြန်လာသည်ကို စောင့်နေခဲ့ကြပြီး သူတို့ ဘယ်လိုလုပ်ခဲ့သလဲဆိုတာကို သိချင်နေခဲ့ကြသည်။ 


ဟုတ်ပေသည်။ ရလာဒ်များသည် အလွန်ပင် ချောမွေ့နေခဲ့သည်။ မိသားစုနှစ်စုလုံးသည် ပွဲ၁၀၀လုံးကို လွယ်လွယ်ကူကူ ရောင်းခဲ့သည်။ တခုလျှင် အမြတ်ငွေ ၁၀၀စီလည်း ရရှိခဲ့သည်။ 


ထိုရလာဒ်ကို ကြားသောအခါ မနေ့က လေလံစျေးအနိမ့်များ ပေးခဲ့ကြသူများသည်  အလွန့်အလွန်ပင် နောင်တရခဲ့သည်။ 


အလွန်အမင်း နောင်တရကာ  မကျေမချမ်းဖြစ်နေသူမှာ ရှန်းရှီပင် ဖြစ်သည်။ ကျိုးရှီသည် သူမအား ကြုံရာစျေးတခုပြောကာ လှည့်စားခဲ့သည်ဟု သူမခံစားခဲ့ရကာ ယောက္ခမဆီမှ အော်ဟစ်ငေါက်ငမ်းမှုများကိုလည်း ထပ်မံ ရရှိခဲ့သည်။ 


“နင့်ရဲ့ဝက်ဦးနှောက်နဲ့ နင်က စီးပွားရေး လုပ်ချင်သေးတယ်ပေါ့လေ။”


“နင့်အစ်မကြီးက ငါ့တိုကို ကြည့်ရှုစောင့်ရှောက်ဖို့ စျေးအနည်းဆုံးနဲ့ ပေးခဲ့တာလေ။”


“နင် မဟုတ်တာတွေ လျှောက်ပြောပြီး နင့်ဒုတိယခဲအိုရဲ့ အလုပ်ကို ဖျက်စီးရဲ ဖျက်စီးကြည့်။ နင့်ပါးစပ်ကို ဆုတ်ဖြဲပစ်မယ် စောင့်ကြည့်နေ။” 


စိတ်ထိခိုက်နေသည် ရှန်းရှီသည် သူ့ယောက္ခမသည် အကြီးဆုံးချွေးမကိုသာမက ဒုတိယချွေးမကို သာ၍ပင် မျက်နှာသာပေးကြောင်းကို သဘောပေါက်သွားသည်။ သူမ၏  ဒုတိယယောင်းမသည် ယခုထိ သားတစ်ယောက်ပင် မမွေးသေးချ။ ထို့အတွက် သူသည် အမှန်တကယ်ပင် ဘာအတွက် မျက်နှာသာပေးနေမှန်း လုံး၀နားမလည်ခဲ့ပေ။


...


“မေမေ”


ညစာစားပြီးနောက် ဝမ်အာသည် တစ်နေ့တာဝင်ငွေများကို တွက်ချက်ပြီးနောက် “ကျွန်တော်တို့ ဒီနေ့ စုစုပေါင်း ပွဲ ၄၀၀ ရောင်းရတယ်။ ၂၉၀၅ ဝမ် ရခဲ့တယ်”


လီယောင်သည် ခေါင်းငြိမ့်ခဲ့ပြီး “တအားနည်းလွန်းတယ်။” 


ကလေးများသည် အသက်ပင်မရှုဝံ့တော့ပဲ တိတ်ဆိတ်စွာဖြင့် လန့်သွားခဲ့သည်။ 


တနေ့ကို ငွေ ၂ချောင်း ရှာနိုင်တာကို အမေ့က နည်းလွန်းတယ်လို့ ထင်နေသေးသည်လား။ 


“အမေ၊ အဲဒါက မနည်းပါဘူး။”


“ဟုတ်တယ်။ တကယ် မနည်းပါဘူး”


သူတို့ စျေးထဲတွင် အိမ်တလုံးဝယ်ရန် နှစ်လသာလျှင် လိုပေသည်။ 


သို့သော် လီယောင်သည် တကယ်ပင် မလုံလောက်ဘူးဟု ခံစားနေရသည်။ 


မိသားစုတစ်စုလုံး စားစရာ သောက်စရာ ဖြည့်တင်းရေးနှင့် နွေးထွေးစွာ ဝတ်စားဆင်ယင်နိုင်ရေးသည် သူမ၏  ပထမဆုံးခြေလှမ်းသာ ဖြစ်သည်။ 


ထို့နောက် သူမ အိမ်တစ်လုံး ဆောက်ရန် လိုအပ်သေးသည်။ 


သူမ၏  ဒီဇိုင်းအရ ပင်မအဆောက်အဦးအတွက်ပင် ငွေချောင်း ၃၀၀ကျော် လိုအပ်ပေလိမ့်မည်။ သူတို့၏ လက်ရှိဝင်ငွေအရ ထိုမျှလောက်ငွေရရန် နှစ်ဝက်ကျော် ကြာလိမ့်မည် ဖြစ်သည်။ 


သိပ်မကြာခင် ဆောင်းရောက်တော့မည်ဖြစ်သည်။ သူမသည် ဆောင်းတွင်းကို ကျော်ဖြတ်ရန် ဤသို့ နည်းလမ်းတကျ ဝင်ငွေဖြင့် မမှီခိုချင်ခဲ့ပေ။ 


“တို့တွေ ပိုက်ဆံပိုရှာဖို့လိုတယ်။” 


ကလေးများသည် တယောက်ကိုတစ်ယောက်ကြည့်ကာ ဇဝေဇဝါ ဖြစ်နေခဲ့ကြသည်။ 


“အမေ၊ ကျွန်တော်တို့ ဘယ်လိုပိုရှာကြမလဲ။”ဟု တာ့ကျွမ်းက မေးခဲ့သည်။ 


“အဆင်မြင့်မြင့် စွပ်ပြုတ်ဟင်းလျာတွေ လုပ်ရာကနေ ရှာမယ်။”


လီယောင်၏ နောက်အစီအစဉ်မှာ လူချမ်းသာများထံမှ ဝင်ငွေရှာနိုင်ရန် အရည်သွေးမြင့် စွပ်ပြုတ်အစားအစာများကို ပြုလုပ်ရန် ဖြစ်သည်။ 


သို့သော် ပါဝင်ပစ္စည်များ ဖြည့်တင်းနိုင်မှုသည် ကြီးမားသည့် ပြဿနာတခုဖြစ်ပေသည်။


စျေးကို နေ့တဝက်လောက် လှည့်ပတ်ကာ ကြည့်ရှုပြီးနောက် သူမသည် ကြက်နှင့်ဘဲတချို့ကို သာတွေ့ခဲ့ရသည်။ ၎င်းတို့သည် နှစ်အနည်းကြအောင် မွေးမြူထားခဲ့သဖြင့် စွပ်ပြုတ်ပြုလုပ်ရန် မသင့်တော်ပေ။ 


နောက်ဆုံးတွင် လမ်း၏ဘေးဘက်တွင် ဘဲငန်းဖြူကြီးတစ်ကောင်နှင့် အဘိုးအိုတစ်ဦးကို ရုတ်တရက် သတိထားမိခဲ့ပြီး သူမ၏ မျက်လုံးများ ဝင်းလက်သွားခဲ့သည်။ 


များသောအားဖြင့် ဘဲငန်းသားသည် ကြမ်းတမ်းကာ ရင့်ထော်သည်။ ထို့အပြင် အကောင်ကြီးသည့်အတွက် တစ်ကောင်ဆိုလျှင်ပင် စျေးမပေါပေ။ 


အရေးအကြီးဆုံးအတွက်ကတော့ အမြတ်နည်းသည့်အတွက် ဤခေတ်တွင် သာမာန်လူများသည် ဘဲငန်းသားကို စားခဲလှသည်။ 


ဘဲငန်းမွေးသူအများစုသည် ဥရရန်အတွက်သာ မွေးမြူကြသည်။ 


သို့သော် ဘဲငန်းစွပ်ပြုတ်သည် ကောင်းမွန်သည့် ထွက်ကုန်တစ်ခု ဖြစ်လိမ့်မည်ဟု သူမ ခံစားခဲ့ရသည်။ 


“အဖိုးကျန်း၊ ဒီဘဲငန်းတွေ ဘယ်လိုရောင်းလဲ။” 


လူအိုကြီးကျန်းသည် ဤငန်းကိုရောင်းရန် ကြိုးစားနေသည်မှာ သုံးရက်ရှိခဲ့ပြီ ဖြစ်သည်။  တချို့က မေးကြသော်လည်း ကြီးလွန်းသည်ဟု စောဒကတက်ကြသည်။ 


တချိုု့က စျေးနည်းနည်းလေးဖြင့် ကမ်းလှမ်းကြသည်။  နောက်ထပ် ဝယ်နိုင်ချေရှိသူတစ်ယောက် ရောက်လာသောအခါ သူသည် မေးရန် ကြိုးစားခဲ့သည်။ “တစ်ပေါင်ကို ၂၅ ဝမ်၊ ဘယ်လိုလဲ။ ၂၄ ဝမ် ထားပေးနိုင်ပါတယ်။”


သူသည် သူမစျေးမညှိခင်မှာပင် ချက်ချင်း စျေးလျော့ပေးလာသဖြင့် ဤငန်းမှာ ရောင်းရခက်နေသည်မှာ သိသာလှပေသည်။ 


လီယောင်သည် ငန်းကို သူမလက်နှင့် ချိန်ဆလိုက်သည်။ ဤငန်းသည် အနည်းဆုံး ၁၀ပေါင်ခန့်ရှိသည်။ တစ်ကောင်တည်းနှင့်ပင် ဝမ်၂၀၀ကျော် ကုန်ကျပေမည်။ အမှန်တကယ်ပင် သာမာန်မိသားစုများ စားရန် မတတ်နိုင်ကြပေ။

 

“ကျွန်မ ယူမယ်”


“ကောင်းပြီ။ ငါ မင်းအတွက် ချိန်ပေးမယ်။”


နောက်ဆုံးတွင် ၁၁ပေါင်ရှိသည်ဟု ထွက်လာခဲ့သည်။ တာ့ကျွမ်းထံမှ ၂၆၄ဝမ် ယူလိုက်ရင်း လူအိုကြီးကျန်းသည် သက်ပြင်းအရှည်ကြီး ချခဲ့သည်။ 


“ကဲ၊ နောက်ဆုံးတော့ တစ်ကောင် ရောင်းခဲ့နိုင်ပြီ။”


လီယောင်က မေးခဲ့သည်။ “ဦးလေးစကားကြောင့် အိမ်မှာ နောက်ထပ် ကျန်သေးတာလား။”


“ဆယ်ကောင်ကျော် ရှိတယ်။ ငါဖြင့် အရမ်းစိုးရိမ်နေလို့ ငါသေနိုင်တယ်။”ဟု အဖိုးအိုက ပြောကာ သက်ပြင်းအရှည်ကြီး ချခဲ့သည်။ 


လူအိုကြီးကျန်းသည် တောင်များ၏ဘေးဘက်ရှိ ပိုင်ယွမ်ရွာမှ ဖြစ်သည်။ မြက်ပင်များပေါများသဖြင့် ရွာသူရွာသားများသည် ဥများအတွက် ဘဲငန်းများကို မွေးမြူကြသည်။ 


၎င်းတို့ ယီကျိုးစီရင်စုသို့ လာသည့် စျေးရောင်းသမားများကို ရောင်းချရန်အတွက် ဖြစ်သည်။ အဆက်မပြတ် မိုးခေါင်ရေရှားမှုကြောင့် မြက်ပင်များ အကုန်သေသွားခဲ့ပြီး ၎င်းတို့အစာမကျွေးနိုင်သည့်အတွက် ငန်းများသည် ဥများ မဥနိုင်ခဲ့ပေ။ ထို့ကြောင့် ရွာသူရွာသားများသည် ဝန်ထုပ်ဝန်ပိုးဖြစ်မည့်အစား ငွေရရန်အတွက် ရောင်းချခဲ့ကြသည်။ 


“တကယ်လို့ ငါတို့ တကယ်များမရောင်းနိုင်ခဲ့ရင် ငါတို့ဖာသာ စားဖို့အတွက် သတ်ရမှာ။ ဒါပေမဲ့ ရွာမှာက အကောင်ပေါင်း ၃၀၀ကျော်တယ်လေ။ ငါတို့က သူတို့ကို အကြီးအကျယ် ရင်းနှီးထားရတာ။”


လူအိုကြီးကျန်းသည် သူပြောနေတုန်းပင် သူ့မျက်လုံးများတွင် မျက်ရည်လည်လာသလိုဟု ခံစားခဲ့ရသည်။ 


“အဖိုးကျန်း၊ အိမ်ပြန်ပြီး ကျွန်မအတွက် နောက်ထပ် ၃ကောင် ယူခဲ့ပါဦး။ ပြီးတော့ ရွာသားတွေကို ပြောလိုက်ပါဦး မသတ်ပါနဲ့ဦးလို့။ ကျွန်မ အားလုံးကို ဝယ်ချင်ဝယ်မှာ။”ဟု လီကျန်းက ပြောခဲ့သည်။


“တကယ်လား။”


“ကျွန်တော့်အမေစကားကို ယုံလို့ အဆင်ပြေပါတယ်။ ကျွန်တော်တို့ မိသားစုက စျေးထဲမှာ စွပ်ပြုတ်ရောင်းတဲ့ ဆိုင်တဆိုင် ရှိပါသေးတယ်။ မယုံဘူးဆိုရင် ကျွန်တော်တို့ကို အချိန်မရွေး ရှာနိုင်ပါတယ်။”ဟု တာ့ကျွမ်းက ပြောခဲ့သည်။


ဤသည်ကို အဖိုးကျန်း ကြားသောအခါ “ဒီတော့ မင်းက စွပ်ပြုတ်ရောင်းတဲ့ သိကြတဲ့ လီအမေပဲ။ အံဩစရာ မဟုတ်ပါဘူး။ ငါက ဒီနေ့ ဂုဏ်သရေရှိတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့တာပဲ။”ဟု ပြောခဲ့သည်။ 


လီယောင်သည် သူမကိုယ်သူမ ပြုံးလိုက်မိသည်။ သူမ ဤမျှလောက် နာမည်ကြီးနေခဲ့သည်ကို သူမ မသိခဲ့ချေ။


“ငါ အခုချက်ချင်း အိမ်ပြန်ပြီး ဘဲသွားဖမ်းလိုက်ဦးမယ်။” လူအိုကြီးကျန်းသည် ပျော်ရွှင်စွာဖြင့် အိမ်သို့ ပြန်သွားခဲ့သည်။ သူပြန်လာသောအခါ စုစုပေါင်း ၃၅ပေါင် ရှိကာ ဝမ် ၈၄၀ ကျသင့်သည့် ပိုကြီးသော ဘဲငန်း၃ကောင်ကို သယ်လာခဲ့သည်။

 

“နောက်နှစ်ရက်နေရင် ပြန်လာခဲ့ပါ။ အဲကျရင် ကျန်တဲ့ဘဲတွေ လိုမလားဆိုတာ ကျွန်မသိလာလိမ့်မယ်။”


“ဒါပေါ့။ သေချာပေါက် ငါလာခဲ့မယ်။”