အခန်း (၁၆) ဘဲငန်းသားနှပ်ဟင်းလျာ
ဘဲငန်းသားနှပ်သည် လုပ်ငန်းစဉ်မှာ အလွန်ရှုပ်ထွေးပြီး အချိန်လည်းကုန်သည်။
ပထမဦးဆုံးမှာ အရသာဝင်စေရန် နှပ်ထားခြင်း ဖြစ်သည်။ ဘဲငန်းကို သေချာသန့်စင်ပြီးနောက် ရေကြည်ထဲတွင် ဝိုင်၊ ကြက်သွန်နီ၊ ဂျင်း၊ ဆားတို့ဖြင့် သုံးနာရီကျော်စိမ်ရပါမည်။
စွပ်ပြုတ်ရည်ကိုလည်း သီးခြားပြင်ဆင်ရန် လိုအပ်သည်။ ဘဲသားနှပ်သည် အသားနှပ်အရသာ ပြင်းပြင်းရရှိရန် လိုအပ်ပါသည်။ ထို့အတွက် ဟင်းခတ်အမွှေးအကြိုင်များစွာကို အသုံးပြုကြသည်။ ၎င်းတို့ကို အဝတ်စလေးများထဲတွင် ထဲ့ချည်ရန် လိုအပ်ပြီး ဆေးဖက်ဝင်အပင် အရသာ သို့မဟုတ် ခါးသည့် အရသာများကို ဖယ်ရှားရန် အရင်ဦးဆုံး ပြုတ်ရန်လိုအပ်သည်။
ယခင်က ဟင်းနှစ်ရည်အနည်းငယ်ကို ယူကာ ရေသန့် အနည်းငယ် ထည့်ပါ။ ထို့နောက် ဟင်းခတ်အမွှေးအကြိုင်ထုပ်များနှင့် ဆီ၊ ဆား၊ ပဲငံပြာရည် အနည်းငယ်နှင့် သကြားညိုတို့ကို အရောင်အတွက် ထည့်ရမည် ဖြစ်သည်။ ပွက်ပွက်ဆူအောင် တည်ထားပြီးနောက် ဟင်းချက်နှစ်ရည်အသစ်လုပ်ရန် အနံပိုမွှေးလာသည်အထိ နာရီဝက်ကျော် မီးအေးအေးဖြင့် နှပ်ထားရမည် ဖြစ်သည်။
ယခု နှပ်ထားသည့် ဘဲငန်းသားကို ထုတ်ကာ ရေနွေးဖျောပြီး ဟင်းနှစ်ရည်ထဲသို့ ထည့်ရမည် ဖြစ်သည်။ ထို့နောက် အသားများ နူးညံ့လာသည့်တိုင်အောင် မီးအလယ်အလတ်အပူချိန်ဖြင့် မိနစ်၂၀ခန့် နှပ်ရမည်။ ထို့နောက် မီးနည်းနည်းလျော့ကာ တစ်နာရီခန့် မီးအေးအေးဖြင့် နှပ်ရမည် ဖြစ်သည်။
ဝါးသီတံခပ်ပါးပါးတစ်ချောင်းဖြင့် ဘဲငန်းတခုလုံးကို သိပ်သည်းစွာ အပေါက်ငယ်လေးများ ထိုးဖောက်ခဲ့ပြီး အရသာများ ပိုမိုစိမ့်ဝင်နိုင်စေရန် အရည်ထဲတွင် နောက်ထပ် တစ်နာရီကြာ ဆက်၍ စိမ်ထားရမည် ဖြစ်သည်။
ထို့နောက် ထုတ်ယူကာ အအေးခံပြီးနောက် နှပ်ထားသော အဆီတလွှာကို သုတ်လိုက်ပါက ဘဲသားသည် ချက်ချင်းပင် တောက်ပြောင်လာပြီး ရွှေရောင် ဖြစ်လာပေလိမ့်မည်။
မိသားစုသည် ချမ်းသာကြွယ်၀လာကတည်းက သူတို့သည် နေ့တိုင်းနီးပါး အသားစားနိုင်ခဲ့သည်။ နေ့စဉ်နှင့်အမျှ အသားနှပ်နေသည် အနံများဖြင့် ပေါင်းလိုက်သောအခါ ကလေးများသည် အစားအသောက်အနံများကို အတော်အတန် ခံနိုင်ရည်ရှိလာခဲ့သည်။
ဒါပေမယ့် ဒီနေ့တွင်မူ သူတို့သည် နောက်ထပ် သွားရည်ပြန်ကျလာခဲ့ပြန်သည်။
“မေမေ၊ ဒီငန်းသားနှပ်က ရင်ပုံသားပြုတ်တာထက်ကို အနံကပိုကောင်းတယ်”ဟု ဟဲရှောင်ယာက ပြောခဲ့သည်။ လီယောင်သည် ဟင်းခတ်အမွှေးအကြိုင် မည်မျှသုံးခဲ့သည်ကိုသာ ကြည့်ရုံဖြင့် ဤသည်မှာ သဘာ၀ပင်ဖြစ်သည်ဟု သူမဖာသာသူမ တွေးခဲ့သည်။
“မေမေ၊ အသားနှပ်က ကျက်သွားပြီးလား။ အခု သားတို့စားလို့ရပြီလား”ဟု ဝမ်ရှောင်စစ်သည် နောက်ထပ်ပင် မစောင့်နိုင်တော့ပေ။
“မရသေးဘူး”
ဘဲငန်းသားနှပ်ကို ပိုကောင်းအောင် ပြုလုပ်ရန် အရေးအကြီးဆုံးအဆင့်ဖြစ်သည့် ဒုတိယအကြိမ်နှပ်ခြင်းက ကျန်နေသေးသည်။
နာရီအနည်းငယ်ကြာအောင် ထားပြီးမှ အပူချိန်အနည်းငယ်ဖြင့် နှစ်နာရီကြာအောင် ထပ်နှပ်ရမည် ဖြစ်သည်။
နောက်တဖန် ထုတ်ယူလိုက်သောအခါ ဘဲငန်းသားသည် နီညိုရောင်သို့ လျှင်မြန်စွာ ပြောင်းသွားခဲ့သည်။ လီယောင်သည် အခြေခံအားဖြင့် အောင်မြင်ခဲ့ပြီဖြစ်ကြောင်း သိခဲ့သည်။
အအေးပြန်ခံပြီး တောက်ပြောင်လာစေရန်နှင့် စိုစွတ်နေစေရန် ဟင်းနှစ်ဆီကို ထပ်မံ သုတ်လိမ်းခဲ့သည်။
ဘဲလေးကောင်လုံး ပြီးသွားသည့်အခါ မိုးလင်းခါနီးပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
မောပန်းနေသည့် လီယောင်နှင့် ဟဲရှောင်ယာတို့သည် ငန်းတကောင်လုံးကို လှီးဖြတ်ကာ ပန်းကန်ပြားကြီးများတွင် ထည့်ပြီး မနက်စာအဖြစ် ထမင်းနှင့် ကျွေးခဲ့ကြသည်။
ကောင်းမွန်စွာ စတင်ခြင်းသည် တဝက်ပြီးမြောက်ခြင်း ဖြစ်သည်။
မနက်ခင်းတွင် ဟက်ဟက်ပက်ပက်နှင့် ပြည့်၀စွာ စားသုံးခြင်းသည် တစ်နေ့တာအတွက် ခွန်းအားနှင့် တက်ကြွမှုကို ပေးသည်။
မနေ့ညက ငန်းသားနှပ်ကို မစားရသည့်အတွက် ကလေးများသည် တစ်ယောက်မျှ အိပ်မပျော်ခဲ့ချေ။ သို့သော် ဒီနေ့မနက်တွင် ဘဲငန်းကို စားလိုက်သည့် ပထမဆုံးတစ်ကိုက်မှာပင် တညလုံးစောင့်ရခြင်းမှာ ထိုက်တန်သည်ဟု သူတို့ ခံစားလိုက်ရသည်။
“အရမ်းမွှေးတာပဲ။ ရင်ပုံသားပြုတ်ထက် အများကြီး ပိုကောင်းတယ်။”
“အသားက သိပ်နူးညံ့တာပဲ။ အသာလေးကိုက်လိုက်ရုံနဲ့ တစ်စစီ ဖြစ်သွားတယ်။”
အများအားဖြင့် သီးသန့်ဖယ်ထားလေ့ရှိသည့် ဟဲရှောင်ယာပင် ဤတစ်ကြိမ်တွင် တခြားသူများနှင့်နည်းတူ သူမလက်များကို လျက်ကာ ထိန်းမထားနိုင်ခဲ့ချေ။
လီယောင်သည် သူမ၏ ငန်းသားနှပ်ကို အလွန်ပင် ကျေနပ်နေခဲ့သည်။ မနက်စာစားပြီးနောက် ကျန်နေသည့် သုံးကောင်ကို စျေးသို့ ယူသွားပြီး အသားပြုတ်ဆိုင်ကို သူမ၏ တတိယသားနှင့် ထားခဲ့ကာ တာ့ကျွမ်းနှင့်အတူ စားသောက်ဆိုင်များသို့ သွားခဲ့သည်။
ပိုင်ချွမ်းစျေးကွက်တွင် ဟယ်မိသားစု၊ လျို့မိသားစု၊ ကျန်းမိသားစုနှင့် ကျင်းရွှေလုံ ဟူ၍ စားသောက်ဆိုင် လေးခုရှိပါသည်။
လီယောင်သည် ရောင်းအားမြင့်မြင့် ပေးနိုင်စေရန် ထိုလေးဆိုင်လုံးနှင့် စီးဖွားဖက်လုပ်ရန် စီစဉ်ခဲ့ပါသည်။
သို့သော် လက်တွေ့ဘ၀တွင် နည်းပါးနေစဉ် စိတ်ကူးစိတ်သန်းများက ပေါများလွန်းလှပေသည်။
ပထမစားသောက်ဆိုင် သုံးဆိုင်တွင် ပိုင်ရှင်များသည် သူမအား စကားဆုံးအောင်ပင် ပြောခွင့်မပေးပဲ စားပွဲထိုးများကို သူမတို့အား မောင်းထုတ်စေခဲ့သည်။
“ ဝမ်းတွင်းသားရောင်းတဲ့သူက ငါတို့နဲ့ အလုပ်စကားပြောချင်နေတယ်။ ဟာသပဲ။”
တာ့ကျွမ်းသည် ဤကဲ့သို့ မောင်းထုတ်ခံရခြင်းကို မခံမရပ်ဖြစ်ကာ အနည်းငယ်လည်း စိတ်ဓါတ်ကျသွားခဲ့သည်။ သို့သော် လီယောင်သည် တစက်မှပင် ဂရုမစိုက်ပဲ နောက်ဆုံးတစ်ဆိုင်ဆီသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။
“ဟယ်မိသားစု စားသောက်ဆိုင် “
“ပိုင်ရှင်၊ ရှင့်မှာ အချိန်ခဏလောက် ရမလားရှင့်။”
“ဒါက စွပ်ပြုတ်ရောင်းတဲ့ အမျိုးသမီးလီ မဟုတ်လား။ ကျွန်တော် ဘာကူညီပေးရမလဲ ခင်ဗျာ” မန်နေဂျာဖန်သည် ဆိုင်အတွက် တံခါးများကို ဖွင့်နေသည့်အတွက် ခေါင်းမော့လာကာ လီယောင်ကို ချက်ချင်း မှတ်မိခဲ့သည်။
“ကျွန်မ ရှင်နဲ့ အသေးစား လုပ်ငန်းကိစ္စလေး တခုနဲ့ ဆွေးနွေးချင်လို့ပါရှင့်”
“ရတာပေါ့ဗျာ”ဟု မန်နေဂျာဖန်သည် ကျေနပ်စွာဖြင့် ကောင်တာနောက်မှ ယဉ်ကျေးစွာ ထွက်လာခဲ့သည်။ “ကျေးဇူးပြုပြီး အပေါ်တက်ခဲ့ပါဦး။” သူသည် စားပွဲထိုးကို ခေါ်ခဲ့သည်။ “လက်ဖက်ရည် ယူလာပေးပါ”
လီယောင်၏ အသားနှပ်စွပ်ပြုတ်သည် ပိုင်ချွမ်းစျေးကွက်တွင် ကျော်ကြားနေခဲ့ပြီး အနီးနားရှိစျေးများတွင်လည်း အလွန်ပင် ရောင်းကောင်းလှသည်။ ဤသည်ကို မန်နေဂျာဖန် ရှင်းရှင်းလင်းလင်းပင် သိခဲ့သည်။
သူသည် ယခင်က စားရန် ဝယ်ဖူးခဲ့ပြီး သူ၏စားဖိုးမှုးများကို ပုံစံတူချက်ရန် ကြိုးစားခဲ့သော်လည်း အနံနှင့်အရသာသည် မမှီနိုင်ခဲ့ပေ။
ယခုအခါ လီယောင်သည် ပွင့်လင်းစွာပင် သူနှင့်အတူ စီးပွားဖက်ဖြစ်ချင်နေသည်ဆိုမှတော့ ဒီအခွင့်အရေးကို သူဘယ်လို လက်လွတ်ခံနိုင်မည်နည်း။
အပေါ်ထပ်ရှိ သီးသန့်အခန်းထဲတွင် ထိုင်နေရင်း တာ့ကျွမ်းသည် ငန်းသားနှပ်တဝက်ကို ထုတ်ယူခဲ့သည်။ တချက်မျှ ဝေ့ခနဲ့ အနံရလိုက်ရုံဖြင့် မန်နေဂျာဖန်သည် အခြေအနေများကို နောင်တရစ ပြုလာခဲ့သည်။
နောက်ဆုံးတွင် သူသည် အတွေ့အကြုံရှိသည့် စားသောက်ဆိုင်ပိုင်ရှင်တစ်ဦး ဖြစ်ပြီး အရသာရှိသည့် စားသောက်ဖွယ်ရာများကို အာရုံခံနိုင်စွမ်း ပျောက်ဆုံးနေခဲ့သည့်မှာ အချိန်အတော်ကြာပင် ဖြစ်ခဲ့သည်။ ယခုတွင်မှု မမြည်းရသေးခင်ပင် သူ၏ သွားရည်ကျမှုများကို မရပ်နိုင်ခဲ့ပေ။
အမှန်တကယ်ပင် ကသိကအောက် ဖြစ်ခဲ့ရသည်။
သူ၏ သွားရည်မျာကို လျှင်မြန်စွာဖြင့် တိတ်တဆိတ် မြိုချခဲ့ပြီး မန်နေဂျာဖန်သည် ဘဲငန်းတဝက်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခဲ့သည်။
နီညိုသည့်အရောင်နှင့် အရည်လဲ့ကာ တောက်ပြောင်နေခြင်းသည် အလွန်ပင် ဆွဲဆောင်သည့် ပုံပေါက်သည်။ တူနှင့်အသာအယာ ထိုးစိုက်လိုက်သောအခါ အသားထဲသို့ လွယ်လွယ်ကူကူ နှစ်မြုတ်သွားခဲ့သည်။ ၎င်းသည် အလွန်ပင် နူးညံ့နေလိမ့်မည်ဖြစ်သည်။ သို့သော် အပြင်ပိုင်းသည် ပကတိအတိုင်း ရှိနေဆဲပင် ဖြစ်သည်။
ဤအရာသည် များစွာသော အကျော်အမော်စားဖိုးမှုးများပင် လက်လှမ်းမမီနိုင်အောင် ဖြစ်နေပြီ ဖြစ်သည်။
“မန်နေဂျာဖန်၊ ဘာလို့ တချို့ကို မစမ်းကြည့်တာလဲ။”
“ဒါပေါ့၊ ကျွန်တော် သူတို့ကို ခုချက်ချင်း တုံးခိုင်းလိုက်မယ်။”
မန်နေဂျာဖန်သည် ပထမဆုံး အရသာသွင်းရန် အခက်ဆုံးဖြစ်သည့် ရင်အုပ်ပိုင်းနှင့် ခြေထောက်ပိုင်းကို ရွေးချယ်ခဲ့ပြီးနောက် အရသာကို လွယ်လွယ်ကူကူ စုပ်ယူနိုင်သည့် ဗိုက်သားကိုလည်း မြည်းခဲ့သည်။ အစိတ်အပိုင်းတိုင်းကို ဂရုတစိုက် မြည်းပြီးနောက် သူ၏ တူချောင်းမျာကို ညင်သာစွာ ချလိုက်သည်။
“ရှင် ဘယ်လိုထင်လဲ”
မန်နေဂျာဖန်သည် ပြန်မဖြေချင် ခဏမျှ တွေးဆနေခဲ့သည်။ “ကျွန်တော်ရဲ့ ပညာရေးအကန့်အသတ်က ဒါကို ကောင်းကောင်း ထုတ်ပြောဖို့အတွက် တားဆီးနေမှာကို ကျွန်တော်ဝန်လေးပါတယ်။ ကျွန်တော်ပြောနိုင်တာတော့ ဒါ ကျွန်တော်စားဖူးသမျှမှာ အရသာအကောင်းဆုံး ငန်းသားပါပဲ။”
ထို့သို့ တန်ဖိုးဖြတ်သည်ကို ကြားရသောအခါ လီယောင်သည် အရောင်းအဝယ်သဘောတူညီမှုသည် ပြီးမြောက်ခဲ့ပြီဟု သိခဲ့သည်။ ထို့နောက်တွင် စျေးနှုန်းနှင့် အရေအတွက်ကို ဆွေးနွေးခဲ့ကြသည်။
ငန်းများကို သတ်ပြီး ပြုတ်သည့်အခါ ၎င်းသည် ၄၀ ရာခိုင်နှုန်းခန့် ကျုံ့သွားလိမ့်မည်။ ထို့အပြင် ဟင်းခတ်အမွှေးအကြိုင်များကို ပိုသုံးရသည့်အတွက် နောက်ဆုံးထွက်ကုန်တစ်ကျင်းလျှင် ၄၅ ဝမ်ခန့် ကျသင့်သည်။
ကလီစာများကိုလည်း ထိုစျေးဖြင့်ပင် ရောင်းချနိုင်သည်။ လီယောင်သည် တဂျင်လျှင် ဝမ် ၁၀၀ တောင်းဆိုခဲ့ပြီး တဂျင်လျှင် အမြတ် ၅၅ဝမ် ရရှိမည် ဖြစ်သည်။ ငန်းတစ်ကောင်လျှင် ဝမ် ၄၀၀ခန့် ရနိုင်ပါသည်။
မန်နေဂျာဖန်သည် ဤစျေးနှုန်းကို သဘောမတူခင်တွင် လုံး၀ပင် တွန့်ဆုတ်မနေခဲ့ချေ။
“ကျွန်တော် တစ်နေ့ကို ငန်းသုံးကောင်ယူမယ်။ မင် အဆင်ပြေမယ်ဆိုရင် ငါဒီနေ့ ပထမဆုံး စမ်းကြည့်ဖို့အတွက် တစ်ကောင် ယူမယ်”ဟု သူက ပြောခဲ့သည်။
လီယောင်သည် ချက်ချင်း အလုပ်မဖြစ်နိုင်မှန်းသိခဲ့သည်။
ငန်းတကောင်ဖြင့် ပထမဦးစွာ ကြိုးစားပြီး တယောက်စကားတစ်ယောက်နား ပြန့်နှံ့လာစေရန် စောင့်ဆိုင်းခြင်းသည် ရောင်းအား ပိုကောင်းလာစေရန် ရက်ပေါင်းများစွာ ကြာပေလိမ့်မည်။
၎င်းတို့နှင့် ရေရှည်စီးပွားဖက် ဖြစ်လာသောကြောင့် စီးပွားရေးလှို့ဝှက်ချက်အချို့ကို မျှဝေပေးခြင်းသည် နှစ်ဦးနှစ်ဖက် အကျိုးရှီလိမ့်မည်ဟု လီယောင်က ခံစားခဲ့ရသည်။
လီယောင်၏ စိတ်ကူးကို ကြားသောအခါ မန်နေဂျာဖန်သည် သူ့ပါးစပ်ဟောင်းလောင်းဖြစ်ကာ ပွင့်သွားသည်အထိ အလွန်ပင် တုန်လှုပ်သွားခဲ့သည်။ ပိုင်ရှင်သက်တမ်း အနှစ်နှစ်ဆယ်အတွင်းမှာ ဖောက်သည်ကို ဆွဲဆောင်ရန်အတွက် ဤသို့သောနည်းလမ်းကို သူ တခါမျှ မကြားဖူးခဲ့ချေ။
ဒီအမျိုးသမီးလီက ဒါနဲ့ ဘယ်လိုများ လာခဲ့တာပါလိမ့်။
“သိပ်ကောင်းတယ် ဒီအတိုင်းပဲ လုပ်ကြရအောင်။”
သူသည် ငန်းများအားလုံးကို ဝယ်ကာ တစ်ဝက်ကို စားသောက်ဆိုင်တွင် ရောင်းရန် သိမ်းထားပြီး ကျန်တစ်ဝက်ကို အတုံးအသေးသေးများတုံးကာ ၎င်းတို့ကို ဝင်ပေါက်တွင် လင်ပန်းကြီးတချက်တွင် ပြုံထည့်ခဲ့သည်။
“ဖြတ်သွားဖြတ်လာလုပ်ရင်း မလွတ်သွားစေနဲ့နော်။”
“ဟယ်မိသားစု စားသောက်ဆိုင်ရဲ့ ဟင်းပွဲအသစ်၊ ဟဲဝမ်ရွာက လီမိသားစုရဲ့ ဘဲသားနှပ်။ အခမဲ့ မြည်းစမ်းလို့ ရပါတယ်။”
“အရေအတွက် ကန့်သတ်ထားလို့ အရင်လာ အရင်ရမယ်နော်။”
တခုခု အလကားရသည်ဟု ကြားသောအခါ ဖြတ်သွားနေသည့် လမ်းသွားလမ်းလာများသည် အနားတဝိုက်တွင် စုရုန်းနေခဲ့သည်။ စားပွဲထိုးများသည် လူတစ်ယောက်ချင်းစီအတွင် ဝါးချောင်းများပေါ်တွင် သေးငယ်သည့် အပိုင်လေးများကို ထိုးစိုက်နေစဉ် စနစ်တကျ ထိန်းသိမ်းထားခဲ့သည်။
“ကောင်းလိုက်တဲ့ အနံ့”
“ဒါက တကယ်ပဲ ငန်းသားလား။ ဘယ်လိုတောင်များ ဒီလောက်အရသာရှိနေတာပါလိမ့်။”
“ဝေစုလေးက အရမ်းနည်းလွန်းတယ်။ နောက်တစ်ခုလောက် ထပ်ရဦးမလား။”
“တစ်ယောက်ကို တခုစီပါပဲ။ ဒုတိယတစ်ခါ မရပါဘူးခင်ဗျာ။ အကယ်၍ လူကြီးမင်း အပြည့်အ၀စားချင်ရင် အထဲကို ကြွခဲ့ပါ။ လူကြီးမင်း လုံလောက်အောင် စားရမယ်လို့ ကျွန်တော်တို့ အာမခံပါတယ်ခင်ဗျာ။”ဟု စားပွဲထိုးများသည် လျင်မြန်စွာ ကြော်ငြာခဲ့သည်။
ရှီချန်ထက်ဝက်ခန့်မျှတွင် ဟယ်မိသားစုစားသောက်ဆိုင်သည် ကိုယ်ပိုင်ဟင်းလျာအသစ်တခုကို လက်ဆောင်ပေးနေကြောင်း ပိုင်ချွမ်းစျေးကွက်တခုလုံး သတင်းပျံနှံ့သွားခဲ့သည်။
မြည်းစမ်းပြီးကြသူများသည် ငန်းသားနှပ်ကို နဂါးအသည်းနှင့် ဖီးနစ်ခြင်ဆီကဲ့သို့ အားပါးတရ ချီးမွမ်းကြသည်။ မမြည်းရသေးသည့် သူများသည် လက်ဆောင်ရသည်ဟု ကြားသောအခါ အလျင်အမြန် သွားစားခဲ့ကြသည်။
ဟယ်မိသားစု စားသောက်ဆိုင် ဝင်ပေါက်သည် တချိန်လုံး ပခုံးချင်းတိုက်ကာ ပြည့်ကျပ်နေခဲ့သည်။
သို့သော် တခြားစားသောက်ဆိုင် သုံးဆိုင်၏ ပိုင်ရှင်များအတွက်မူ ဤမြင်ကွင်းသည် ရယ်စရာ တစ်ခု ပါပဲ။
“အလကားပဲ ပေးပေး၊ သူတို့ ဘယ်လောက်ပဲစားစား၊ အဲ့မှာ ၀ိုင်နဲ့ ဟင်းလျာတွေ တကယ်ဝယ်မဲ့သူ တစ်ယောက် တောင် ရမှာ မဟုတ်ဘူး။ အလဟဿပါကွာ။”
“ဒီအကြောင်းကို ဟယ်မိသားစုရဲ့ပိုင်ရှင် သိလား သိချင်လိုက်တာ။ စိတ်ဆိုးလွန်းလို့ သွေးတောင် အန်နိုင်တယ်။”
“ကျွန်တော်တော့ ဒါကြောင့် မန်နေဂျာဖန် အလုပ်ဖြုတ်ခံရတော့မယ်ဆိုတာကို မြင်နေတယ်ဗျို့ “