အခန်း (၁၇) ငါနဲ့ မင်း
ဟယ်ကျားကျင်းသည် ပိုင်ချွမ်းရွာရှိ ဟယ်ကျီစားသောက်ဆိုင်၏ ပိုင်ရှင် ဖြစ်သည်။
စျေးတွင် ဟယ်ကျီစားသောက်ဆိုင် ဖွင့်ထားသည့်အပြင် သူ၏မိသားစုသည် လယ်မြေကောင်း မူတရာကျော်ကိုလည်း ပိုင်ဆိုင်ထားခဲ့ပြီး ပိုင်ချွမ်းရွာတွင် အံမတုနိုင်သည့် ဒေသခံမြေပိုင်ရှင်တစ်ယောက် ဖြစ်သည်။
ရိတ်သိမ်းမှု ညံ့ဖျင်းသော နှစ်များအတွင်း ၎င်းတို့သည် စားသောက်ဆိုင်၏ ဝင်ငွေပေါ်တွင် မှီခိုခဲ့ရသည်။
မန်နေဂျာဖန်၏ စီမံခန့်ခွဲမှုအောက်တွင် စားသောက်ဆိုင်လုပ်ငန်းသည် အတော်လေး တည်ငြိမ်ခဲ့သော်လည်း ယနေ့တွင်မှု မန်နေဂျာဖန်သည် လမ်းများပေါ်ရှိ ဆင်းရဲသားများကို အစားအစားများ အခမဲ့ပေးနေခဲ့ကြောင်း ရုတ်တရက် သူကြားခဲ့ရသည်။
ထို့အပြင် ၎င်းသည် ငန်းသားဖြစ်သည်။
ဟယ်ကျားကျင်းသည် အလွန်ပင် ဒေါသထွက်ကာ အသက်ပင် မရှုနိုင်လုနီးပါး ဖြစ်ခဲ့သည်။ သူသည် အစေခံတစ်ချို့ကို ချက်ချင်းခေါ်ကာ စားသောက်ဆိုင်သို့ ကမန်းကတန်းသွားခဲ့သည်။
တံခါး၀တွင် လူတစ်ရာကျော်ခန့် အခမဲ့စားစရာများအတွက် တန်းစီနေသည်ကို သူတွေ့ခဲ့ရသည်။ သူ့၏မျက်နှာသည် ချက်ချင်းပင် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။ သူသည် လူအုပ်ကြီးကို တိုးဝှေ့ကျော်ဖြတ်ကာ အတွင်းသို့ ဒေါနှင့်မာန်နှင့် ဝင်သွားခဲ့သည်။
သူ့ကို မြင်သောအခါ မန်နေဂျာဖန်သည် ချက်ချင်းရောက်လာခဲ့သည်။ “ပိုင်ရှင်၊ ဘာလို့ ဒီကိုရောက်လာတာလဲ ခင်ဗျာ။”
“ငါက ဘာလို့ရောက်လာတာလဲ” ဟယ်ကျားကျင်းသည် သူ့၏ ဒေါသများကို ချုပ်တည်းထားကာ “ငါ နောက်မှများ လာခဲ့ရင်၊ ငါ့တစ်ဆိုင်လုံးကိုများ မင်းပေးပစ်လိုက်တော့မှာလား။”
“ပိုင်ရှင်၊ ကျေးဇူးပြုပြီး ကျွန်တော့် ရှင်းပြပါရစေဦး။”
“ရှင်းပြစရာ ဘာရှိသေးလို့လဲ။ အစားအသောက်တွေကို ချက်ချင်းပြန်ယူ။ ပြီးတော့ မင်း၊ အခုချက်ချင်း ဒီကနေ ထွက်သွား”
ဟယ်ကျားကျင်းသည် သူ့ကို သေသည်အထိ ကန်ပစ်ချင်နေခဲ့သည်။
“ပိုင်ရှင်၊ စိတ်မဆိုးပါနဲ့ဦး၊ ကျွန်တော်ပြောတာ အရင်နားထောင်ပါဦး။ အဲဒါပြီးလို့ ကျွန်တော်မှားနေတယ် ထင်ရင် မောင်းထုတ်စရာမလိုပဲ ကျွန်တော်ထွက်သွားပေးမှာပါ။”ဟု မန်နေဂျာဖန်က ပြောခဲ့သည်။
သူ ထို့ကဲ့သို့ ပြောလာသဖြင့် ဟယ်ကျားကျင်းသည် အနည်းငယ်မျှ ပိုကြာအောင် စောင့်နေရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်ငြား နားထောင်ပြီးသည့်အခါ သူသည် ပို၍ပင် စိတ်ဆိုးလာခဲ့သည်။ အနားတွင် ထိုင်နေသည့် လီယောင်ကို လက်ညှိုးထိုးကာ “ဒါတွေက အကုန် သူရဲ့အကြံတွေလား။”
“ဟုတ်ကဲ့။”
“မင်းက အရူးပဲ။” ဟယ်ကျားကျင်းသည် စိတ်ဆိုးမာန်ဆိုးဖြင့် ကျိန်ဆဲခဲ့သည်။ “မင်းက အတွေ့အကြုံရှိတဲ့ မန်နေဂျာတစ်ယောက်လေ။ ဒါကို မင်းက စဉ်းစားဉာဏ်မရှိတဲ့ မိန်းမတစ်ယောက်ရဲ့ စကားကို ဘယ်လိုများ နားထောင်လိုက်တာလဲ။ အခုချက်ချင်း ထွက်သွားတော့။”
ပိုင်ရှင်ဖြစ်သူ ဒေါသ ပြင်းပြင်းထန်ထန်ထွက်နေသည်ကို မြင်သောအခါ မန်နေဂျာဖန်သည် သက်ပြင်းချကာ ထွက်သွားဖို့ ပြင်ဆင်နေခဲ့သည်။
ထိုအချိန်တွင် လီယောင်သည် အနည်းငယ် မျက်မှောက်ကြုတ်နေခဲ့သည်။
ဟယ်ကျားကျင်းသည် သူ၏ ကန့်သတ်ထားသည့် ရှုထောင့်ကြောင့် သူမ၏ နည်းလမ်းများကို သဘောမကျသည်ကို နားလည်နိုင်သည်။ သို့သော် သူမကို စဉ်းစားဉာဏ်မရှိဟု ခေါ်သည်ကိုတော့ လက်မခံနိုင်ပေ။
လီယောင် ရုတ်ခြည်း ထရပ်ကာ လက်တစ်ဖက်က ခါးထောက်လိုက်ရင်း တခြားတစ်ဖက်က ဟယ်ကျင်းကျင်းကို လက်ညှိုးထိုးကာ “နင် ငါ့ကို အခုလေးတင် ဘယ်လိုခေါ်လိုက်တာ။ သတ္တိရှိရင် ထပ်ပြောစမ်း။ နင့်ပါးစပ်ကို တခြားဆီ ဖြစ်အောင် ငါ ဖြဲပစ်မယ်။”
ဟယ်ကျားကျင်းတစ်ယောက် ကြက်သေ သေသွားခဲ့သည်။ ရိုင်းပြသည် ရွာသူမတစ်ယောက်သည် သူ့အား လက်ညှိုးထိုးကာ ၀ုန်းဒိုင်းထကြဲပြီး သူ့ပါးစပ်ကိုပင် တခြားစီ ဖြစ်အောင် ဖြဲမည်ဟု ကြိမ်းဝါးနေမည်ကို မမျှော်လင့်ခဲ့ချေ။
ကမ္ဘာကြီးက ဘာတွေ ဖြစ်လာကုန်ပြီလဲ။
“သူမကို ကန်ထုတ်ပစ်စမ်း”
စားပွဲထိုးများစွာ ထွက်လာခဲ့ကြသည်။ သို့သော် လီယောင်သည် ခုံတန်းရှည်တစ်ခုကို ကောက်ကိုင်ကာ “သေရမှာ မကြောက်ရင် လာခဲ့စမ်း”
စားပွဲထိုးများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သူမအနားသို့ ချဉ်းကပ်ရမလား မချည်းကပ်ရမလားဆိုတာကို မသေချာခဲ့ကြပေ။
ဟယ်ကျားကျင်းသည် ဒေါသအလွန်ထွက်ကာ အသက်ကိုပင် ခက်ခက်ခဲခဲရှုခဲ့ရသည်။ ပထမဆုံး မန်နေဂျာကို ပြဿနာရှာသည်။ ယခုတစ်ခါလည်းပဲ စားပွဲထိုးများသည် သူစကားကို နားမထောင်ရဲကြပေ။ ဒါက သူ့ရဲ့ စားသောက်ဆိုင် ဟုတ်ကော ဟုတ်သေးရဲ့လား။
“ကောင်းပြီ။ နင့်ကိုကြောက်လို့ ငါ နင့်ကို နေခွင့်ပေးမယ်။ နင်ထွက်သွားချင်တဲ့အခါ ထွက်သွားလိုက်ပါ။”
“ဒါက ပိုကောင်းတယ်။” လီယောင်သည် ခုံတန်းလျားကို အောက်သို့ ချလိုက်သည်။”ကောင်းကောင်းမွန်မွန်ပြော၊ သဟဇတဖြစ်တာက ကြွယ်၀ချမ်းသာခြင်းကို ခေါ်လာတတ်တယ်။ ဘာဖြစ်လို့ အော်နေဟစ်နေရတာလဲ။”
ဟယ်ကျားကျင်းက “ဒါဆို နင်က ဘာလိုချင်တာလဲ။”
“ဘာမှ မလိုချင်ဘူး။ မန်နေဂျာဖန်ကို နမူနာအဖြစ် အလကား ဝေပေးခိုင်းတာ ငါရဲ့ စိတ်ကူးတွေပဲ။ အခု နင်က မစုံစမ်း မစစ်ဆေးပဲနဲ့ သူ့ကို မောင်းထုတ်ချင်နေတယ်။ ဒါကို ငါက သဘောမတူနိုင်ဘူး”ဟု လီယောင်က ပြောခဲ့သည်။
“နင်က ငါ့ပစ္စည်းတွေကို အလကားပေးခဲ့တယ်လေ။ အဲဒါကို နင်မှန်တယ်လို့ ထင်နေတာလား”
“အဲဒါ နင့်ကို ဝင်ငွေနှစ်ဆရအောင် ကူညီပေးလိမ့်မယ်။ နင် ငါ့ကိုမယုံဘူးလား”ဟု လီယောင်က မေးခဲ့သည်။ ဤကဲ့သို့အဓိပ္ပါယ်မရှိသည့်ကိစ္စရပ်အား ဟယ်ကျားကျင်းက မည်သို့ယုံနိုင်မည်နည်း။ ကမ္ဘာပေါ်တွင် မည့်သည် အခမဲ့နေ့လည်စာက အမြတ်နှစ်ဆ ယူလာနိုင်မည် မဟုတ်ပေ။
အလွန်ရယ်စရာကောင်းသော စိတ်ကူးယဉ်အတွေးပဲ။
“ကောင်းပြီ။ အဲဒါ အလုပ်မဖြစ်ဘူးဆိုရင် ဒီငန်းကင်အတွက် ငါပိုက်ဆံမယူဘူး။ နင့်အတွက် ငါရဲ့လက်ဆောင်ပဲ”ဟု လီယောင်က ပြောခဲ့သည်။ ဟယ်ကျားကျင်းသည် လုံး၀မဖြစ်နိုင်သည့်တိုင်အောင် သူ့က မေးခဲ့သေးသည်။
“အလုပ်ဖြစ်သွားခဲ့ရင်ကော ဘယ်လိုလုပ်မှာလဲ။”
“နင် မန်နေဂျာဖန်နဲ့ ငါ့ကို ဝန်ထမ်းတွေ အားလုံးရှေ့မှာ တောင်းပန်ရမယ်။”
ဟယ်ကျားကျင်းသည် ခဏမျှ တုံ့ဆိုင်းသွားခဲ့ပြီးနောက် သဘောတူခဲ့သည်။
“ငါ ကောင်တာမှာ စောင့်ကြည့်နေမှာမို့ ဘယ်သူမှ ငါ့ကို လှည့်စားလို့မရဘူးနော်။”
သို့သော် သူ ထိုင်မချခင်မှာပင် စျေးဝယ်တချို့ ဝင်လာခဲ့ပြီး “ငန်းကင်ကို အရင်ယူလာခဲ့ပါ။ ကောလဟလအတိုင်း အရသာရှိမရှိ ငါတို့ ကြည့်ချင်လို့။” ဟု ပြောလာခဲ့သည်။
“အခုချက်ချင်း လာပါပြီ။ ဒီက ဧည့်သည်အတွက် ငန်းကင်ပါ။” စားပွဲထိုးသည် ချက်ချင်းပင် သူတို့အား ထိုင်စေခဲ့သည်။
ပထမအဖွဲ့ကို ဝန်ဆောင်မှု ပေးသည့်အတိုင်း လူများပိုမိုကာ ရောက်လာခဲ့ကြသည်။ စားပွဲထိုးများသည် အမှာစာများကို ယူရန် အပြေးအလွှား သွားခဲ့ရသည်။
“ငန်းကင်တစ်ကောင်၊ ဝိုင်ကောင်းကောင်း…”
“ငန်းကင်တစ်ကောင်၊ ဝက်သားတောက်တောက်ကြော်တစ်ပွဲ…”
“ငန်းကင်တစ်ကောင်...”
မိနစ်အနည်းငယ်အတွင်းမှာပင် စားသောက်ဆိုင်သည် ပြည့်ကျပ်သွားခဲ့သည်။ အပေါ်ထပ်မှာလည်း အခန်းလွတ်မရှိတောပေ။
ဤသည်ကို မြင်သောအခါ ဟယ်ကျားကျင်းသည် အံအားသင့်သွားခဲ့သည်။
အလုပ်အများဆုံး အချိန်တွေမှာတောင် စီးပွားရေးသည် ဤမျှလောက် တခါမှ မကောင်းခဲ့ချေ။ ထို့အပြင် ထမင်းစားချိန်ပင် မရောက်သေးချေ။
ဟယ်ကျီစားသောက်ဆိုင်၏ စားပွဲထိုးများ အလွန်အမင်း ရှုပ်ပွသွားခဲ့သည်။
ပထမအုပ်စု သူတို့၏အစားအသောက်များ စားမပြီးသေးခင် လူတော်တော်များများသည် အပြင်မှာ တန်းစီနေကြပြီး ဝန်ဆောင်မှုပေးရန် ပွက်ပွက်ညံအောင် တောင်းဆိုနေခဲ့ကြသည်။ ပုံမှန်လာသူပဲ ဖြစ်ပါစေ အသစ်လာသူပဲဖြစ်ပါစေ အားလုံးသည် နာမည်ကျော်ကြားသည် ငန်းကင်ကို စမ်းကြည့်ရန် လာခဲ့ကြခြင်း ဖြစ်သည်။
မန်နေဂျာဖန်နှင့် စားဖိုမှုးများသည် အလွန်ပင် အလုပ်ရှုပ်ကာ စိတ်ပူနေခဲ့ကြသည်။
အခမဲ့မြည်းစမ်းကြည့်ရန် အလျင်စလို ဆုံးဖြတ်ခဲ့ကြသည့်အတွက် မီးဖိုချောင်တွင် ဤမျှလောက် ပစ္စည်းအများကြီးကို မသိုလှောင်ထားခဲ့ပေ။ သူတို့သည် ပါဝင်ပစ္စည်းများကို ဆက်တိုက် ဝယ်နေခဲ့ရသည်။
တကယ့် ပြဿနာအစစ်မှာ ငန်းကင် မလုံလောက်ခြင်းပင် ဖြစ်သည်။
အခြေအနေကို သဘောပေါက်သည့်အတွက် မန်နေဂျာဖန်သည် အရွယ်အစားတဝက်လျော့ချရန် ရဲရင့်စွာဖြင့် ဆုံးဖြတ်ချက် ချခဲ့သည်။
မလုံလောက်သေးပါက ထပ်ပြီးတဝက်ခွဲစေသည်။
ရည်ရွယ်ချက်ကတော့ စားပွဲတိုင်း အနည်းဆုံး အနည်းငယ်မျှ အရသာခံနိုင်စေရန် ဖြစ်ပါသည်။
“အားလုံးကို အရမ်းတောင်းပန်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ ငန်းကင်ကို လုံလုံလောက်လောက် မပြင်ထားခဲ့မိပါဘူး။ ကျေးဇူးပြုပြီး မနက်ဖြန်မှ ပြန်လာခဲ့ကြပါခင်ဗျာ”
နောက်ဆုံးဧည့်သည်များ ထွက်သွားပြီးနောက် မန်နေဂျာဖန်သည် သူ့နဖူးကို သုတ်လိုက်ပြီး သက်ပြင်းအရှည်ကြီး ချခဲ့သည်။
ဟယ်ကျီတွင် မန်နေဂျာအဖြစ် သူလုပ်ကိုင်နေသည် နှစ်များအတွင်း ဤသည်မှာ သူတို့ နိုင်နိုင်နင်းနင်း လုပ်ကိုင်ရန်နိုင်ရန် ခဲယဉ်းစွာဖြင့် စီးပွားရေးသည် သိသိသာသာ တိုးတက်ခဲ့သည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ အမှန်တကယ်ပင် ပထမဆုံးဖြစ်သည်။
နောက်ဆုံးတွင် လီယောင်၏ ငန်းကင်နှင့် သူမ၏ အခမဲ့ မြည်းစမ်းစေသည့် စိတ်ကူးကို ကျေးဇူးတင်ရမည် ဖြစ်သည်။
“ပိုင်ရှင်၊ ဒါ ဒီနေ့ဝင်ငွေပါ။”ဟု မန်နေဂျာဖန်သည် နေ့စဉ်စာရင်းကို တင်ပြခဲ့သည်။
“ပြောသာ ပြောလိုက်ပါ။”
“စုစုပေါင်း ငွေချောင်း ၁၃၂ချောင်းနဲ့ ငွေဒင်္ဂါး ၄ပြားပါ။”
“ဘယ်လောက်…”
ပြင်ဆင်ထားသော်လည်း ဟယ်ကျားကျင်းသည် ထိတ်လန့်တုန်လှုပ်မှု မြင့်တက်နေသေးသည်။ သူ့စားသောက်ဆိုင်၏ အကောင်းဆုံးနေ့မှာပင် ငွေချောင်း ၃၀ကျော်သာ ရရှိခဲ့သည်။ ယနေ့ဝင်ငွေနှင့် နှိုင်းယှဉ်ပါက အိတ်ပြောင်းရမည် ဖြစ်သည်။
“မြန်မြန်လေး၊ အမျိုးသမီးလီကို ဖိတ်လိုက်ဦး.. နေဦ.. နေဦး.. ငါဖာသာငါပဲ ဖိတ်လိုက်တော့မယ်။”
ဟယ်ကျားကျင်းသည် ခန်းမထဲတွင် လက်ဖက်ရည်သောက်နေသည့် လီယောင်ရှိရာ အောက်ထပ်သို့ အလျင်အမြန်ပြေးဆင်းကာ ဦးညွှတ်ကာ ပြုံးရင်း “အမျိုးသမီးလီ၊ အပေါ်ထပ်ကို ကြွခဲ့ပါဦး။”
လီယောင်သည် မော့ပင်မကြည့်ပဲ “အရင်ဆုံး တောင်းပန်ပါ။”
စားပွဲထိုးများသည် လန့်သွားခဲ့သည်။
သူမသည် အမှန်တကယ်ပင် ပိုင်ရှင်က သူမကို တောင်းပန်အောင် လုပ်ခဲ့သည်။
သူ့အဆင့်အတန်းကို သူမ မသိဘူးများလား။
ဟယ်ကျားကျင်းသည် ခေတ္တမျှ အံအားသင့်သွားခဲ့ပြီး အလျင်အမြန်ပင် တုံ့ပြန်ခဲ့သည်။
ယခင်က ဝန်ထမ်းများအားလုံးရှေ့တွင် ရွာသူအမျိုးသမီးကို တောင်းပန်ရခြင်းသည် သူ့ရပ်တည်ချက်ကို နိမ့်ကျစေသည်ဟု ထင်ရသည်။
သို့သော် လီယောင်သည် သာမာန်ရွာသူအမျိုးသမီး တစ်ယောက်ပေလား။
မဟုတ်ပေ။
သူမသည် လူယောင်ဆောင်ထားသည့် ကံကြမ္မာနတ်ဘုရားပင် ဖြစ်ပေသည်။
ကံကြမ္မာနတ်ဘုရားကို တောင်းပန်ခြင်းသည် အဘယ်ကဲသို့ ရှက်စရာရှိလိမ့်မည်နည်း။
“ကျုပ် အင်မတန်ကို တောင်းပန်ပါတယ် အမျိုးသမီးလီ။ ကျုပ် အစောက အလွန်သောင်းကျန်းပြီး အလွန်ရိုင်းပြခဲ့ပါတယ်။ မင်းကစိတ်သဘောထား ကြီးမြတ်သူလို့ မျှော်လင့်ပါတယ်။ ကျုပ်ကို ခွင့်လွတ်ပေးပါ။”
သူ့အသံသည် နောင်တရနေသည့် ကျောင်းသားတစ်ယောက်ကဲ့သို့ပင် ညင်သာစွာ ပြောခဲ့သည်။ မန်နေဂျာဖန်နှင့် စားပွဲထိုးများသည် ဤပိုင်ရှင်ကို မမှတ်မိနိုင်ခဲ့ပေ။
သူ့ရိုးသားမှုကို မြင်သောအခါ လီယောင်သည် ခေါင်းငြိမ့်ခဲ့သည်။
“ကောင်းပါပြီ။ ရှင်က လေးစားပြနေမှတော့ ကျွန်မက ပိုပေးရမှာပေါ့။ အခုချိန်ကစပြီး ပိုင်ချွမ်းရွာမှာ ကျွန်မရဲ့ ငန်းကင်ကို ရှင့်ရဲ့ စားသောက်ဆိုင်မှာပဲ ရောင်းချပါမယ်။ နောက်ထပ်လာမဲ့ ဖန်တီးမှုအသစ်တွေကိုလည်း ရှင်တို့နဲ့ အရင်ဆုံးပူးပေါင်းဖို့ စဉ်းစားပါမယ်။”
“မင်းက အရမ်းကို ညှာတာလွန်းတာပဲ။ အရမ်းညှာလွန်းတယ်။” ဟယ်ကျားကျင်းသည် အလွန်အမင်း ပျော်ရွှင်သွားခဲ့သည်။ လီယောင်သည် အလွန်ဒေါသပြင်းသော်လည်း သူ၏ငန်းကင်သည် မယုံကြည်နိုင်လောက်အောင် ထူးခြားပေသည်။ သူ၏စားသောက်ဆိုင်မှာပင် သီးသန့်ရောင်းချခြင်းသည် စီးပွားရေး အလျင်အမြန် တိုးတက်လာမှာ အသေအချာပင် ဖြစ်သည်။
“တခြားဘာမှမရှိတော့ဘူးဆိုရင် ငါတို့တွေ စာရင်းရှင်းလို့ရပြီ။”
“အဆင်သင့် ဖြစ်နေပါပြီ။”