အပိုင်း ၁၉
Viewers 101

အခန်း (၁၉) ဟဲဝမ်ကျေးရွာ၏ အချမ်းသာဆုံး အမျိုးသမီး

 

အဖိုးကြီးကျန်းသည် သူ၏ ဘဲငန်းများ အားလုံးကို လီယောင်ထံသို့ ရောင်းချပြီးနောက် ကတိပေးထားသည့်အတိုင်း ရွာထဲမှ ဘဲငန်းများကိုလည်း စုဆောင်းရန် စတင် ကူညီပါတော့သည်။ 


သို့သော် သူသွားကြည့်သည့် ပထမဆုံး မိသားစုကပင် သူ့အား ပိတ်ဆို့ထားလိမ့်မည်ဟု ထင်မထားခဲ့ချေ။ 


“တစ်ကတ်တီ ၂၄ဝမ်ကတော့ စျေးနည်းလွန်းတယ်။ ငါတို့ မရောင်းဘူး။”


“လူအိုကြီးကျန်း၊ ခင်ဗျားက သိပ်ရိုးလွန်းတယ်။ ဟဲဝမ်ရွာက အဲ့အမျိုးသမီးလီက ငန်းနှပ်ရောင်းပြီး ပိုက်ဆံဘယ်လောက်တောင် ရှာနိုင်ခဲ့လဲ။ တကတ်တီကျတော့ ၂၄ဝမ်ပဲ ပေးတယ်။ ခင်ဗျားငွေတွေ မဆုံးရှုံးဘူးလား”


“ငါတို့ ငန်းတွေမရှိရင် သူလည်း အလုပ်လုပ်လို့မရဘူး။ နောက်မှ သူ့ဖာသာသူ စျေးတက်ပေးလိမ့်မယ်။ စောင့်ပြီး ကြည့်နေလိုက်။”


တရွာလုံးကို သွားကြည့်ပြီးနောက် အဖိုးကြီးကျန်းသည် အလွန်ပင် စိုးရိမ်နေခဲ့သည်။  


သူ ကြိုးစားပမ်းစား အလုပ်လုပ်ထားသည့်အတွက် ငန်းတစ်ကောင်လျှင် ဆယ်ဝမ် ရရှိပြီး သူသည် လီယောင်အား ဤကိစ္စပြီးမြောက်အောင် ကူညီပါမည်ဟု အာမခံကာ ကတိပေးခဲ့သည်။ 


သို့သော် ရွာသူရွာသားများသည် သူတို့၏ငန်းများကို မရောင်းတော့ပဲ တောင့်ခံနေခဲ့ကြသည်။ ဤသည်ကို အမျိုးသမီလီအား သူ မည်သို့ရှင်းပြရမည်နည်း။ 


နောက်ဆုံးတွင် သူသည် ဝမ်၃၀အပိုပေးကာ သနားခံတောင်းပန်ပြီးနောက် မိသားစုတစ်စုဆီမှ ငန်း၃ကောင်ကို ဝယ်ယူနိုင်ခဲ့သည်။ ထို့နောက် သူသည် လီယောင်ဆီသို့ ပို့ပေးခဲ့သည်။ 


“တောင်းပန်ပါတယ် အမျိုးသမီးလီ။ ကျုပ်ကူညီချင်ပါတယ်။ ဒါပေမဲ့ ကျုပ်က အသုံးမကျဘူးထင်ပါရဲ့။” ဟု အဖိုးကြီးကျန်းက ပြောခဲ့သည်။


“ဒါက ဦးလေးအပြစ်မဟုတ်ပါဘူး။ ဘာလို့တောင်းပန်နေတာလဲ။”


“ဒါပေမဲ့ ငန်းတွေမရှိရင်၊ ခင်ဗျားရဲ့စားသောက်ဆိုင်က ဘယ်လိုဆက်လုပ်မှာလဲ။”ဟု အဖိုးကြီးကျန်းက မေးခဲ့သည်။


“ဦးလေးတို့ရွာမှာ တခြားတစ်ယောက် ဘဲတွေလာဝယ်တာမျိုး ကြားသေးလား။”ဟု လီယောင်က မေးခဲ့သည်။


“အင်း….” အဖိုးကြီးကျန်းသည် အပြင်းအထန် စဉ်းစားပြီးနောက် နောက်ဆုံးတွင် ပြောခဲ့သည်။ 


“တစ်ယောက်ကတော့ သူတို့ကို တကတ်တီကို ၂၇ဝမ် ပေးတယ်လို့ ပြောတာ ကျုပ် ကြားခဲ့ဖူးတယ်။ အဲ့တုန်းက ကျုပ်က အလျင်လိုနေခဲ့တာဆိုတော့ သေချာနားမထောင်ခဲ့မိဘူး။” 


ထိုဟာပဲ ဖြစ်ပေလိမ့်သည်။ 


ရွာသူရွာသားများ သူတို့၏ ဘဲများကို မရောင်းသည့် အကြောင်းအရင်း ၂ခုသာလျှင် ရှိသည်။ 


ပထမတစ်ခုသည် သူတို့ စျေးမြှင့်ချင်ကြသည့်အတွက် ဖြစ်သည်။ ဒုတိယတစ်ခုမှာ တစ်စုံတစ်ယောက်က ဤအရာကို တမင်ဖျက်ဆီးနေခြင်း ဖြစ်သည်။ 


ဒုတိယတစ်ခု ဖြစ်ပုံရသည်။ 


ထိုအဖျက်အစီးသမားများသည် စျေးထဲမှ စားသောက်ဆိုင်သုံးဆိုင်၏ ပိုင်ရှင်များ သို့မဟုတ် သူဌေးများပင် ဖြစ်ရမည်။ 


သူတို့သည် ဟယ်စားသောက်ဆိုင်ကို မနာလိုခဲ့ကြပြီး တိတ်တဆိတ် ဒုက္ခပေးချင်ခဲ့ကြသည်။ 


သူတို့ မရပါက သူတို့သည် လီယောင်ကိုလည်း အောင်မြင်ခွင့် ပေးမည်မဟုတ်ချေ။ 


ဤပြဿနာကို အပြည့်အ၀ ဖြေရှင်းရန် နည်းလမ်းတခုသာ ရှိပါသည်။ 


“ဦးလေးကျန်း၊ ဘဲငန်းတွေရှိတဲ့ တခြားနေရာတွေကို သိလား”ဟု လီယောင်က ထပ်မေးခဲ့သည်။


“အင်း… တချို့နေရာတွေမှာ ရှိတယ်။ ဒါပေမဲ့ တအားဝေးတယ်။ တို့ရွာလောက်လည်း များများစားစား မရှိဘူး။”


“ဒါဆို ဒီလိုလုပ်ရအောင် ဦးလေး။” ဟု လီယောင်က ပြောခဲ့သည်။ “အခုကစပြီး နေရာတိုင်းက ဘဲငန်းတွေဝယ်ဖို့ ကျွန်မကို ကူညီပါဦး။ စျေးကို မသတ်မှတ်ပါနဲ့။  ပေါက်စျေးအတိုင်း ဝယ်ပါ။ နောက်ပြီး ဦးလေး ကြိုးစားပန်းစား လုပ်ထားတဲ့ အဖိုးအခအနေနဲ့ ကျွန်မ တကတ်တီကို  ၁ ဝမ် ထပ်ပေးပါမယ်။ ဦးလေး ဘယ်လိုထင်လဲ”


“အဲလောက်တောင်လား”


သူသည် တနေ့ကို ဘဲငန်း ၃ကောင် ဝယ်ခဲ့ပါက အပိုငွေ ဝမ် ၃၀ကျော် ပိုရပေလိမ့်မည်။ တစ်လလျှင် ဝမ် ၁၀၀၀ကျော် ရရှိပေလိမ့်မည်။ အညစ်အကြေးထဲသို့ တဝက်ရောက်နေသည့် သူလို လူဆင်းရဲအတွက် ဤမျှလောက် ငွေဝင်လိမ့်မည်လား။ 


ငန်းဝယ်ခြင်းကိစ္စရပ်ကို ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားစေခဲ့သည့်တိုင် သူအား အပြစ်မတင်ရုံသာ မက ကောင်းမွန်သည့် သဘောတူညီမှုကိုလည်း ပေးခဲ့သေးသည်။


“အမျိုးသမီးလီ၊ မင်းက မသေမျိုးနတ်ဘုရားပဲ ဖြစ်ရမယ်။”


“ကျွန်မက ရှေ့လျှောက် ပမာဏအများကြီး လိုအပ်လာမှာ။ ဒါကြောင့်မို့ ဦးလေးက ခရီးဝေးတွေ သွားရလိမ့်မယ်။ ၁ကတ်တီကို တစ်ဝမ်က အဲလောက်မများပါဘူး။”ဟု လီယောင်က ပြောခဲ့သည်။ “ဒါပေမဲ့ ဦးလေးက ဘဲတွေရဖို့နဲ့ အရည်အသွေးကောင်းဖို့ သေချာရမယ်နော်။”


အဖိုးကြီးကျန်းသည် သူ့ရင်ဘက်ကို သူပုတ်ကာ ကတိပေးခဲ့သည်။ “စိတ်မပူပါနဲ့ အမျိုးသမီးလီ။ ကျုပ်ကတိပေးသမျှကို ကျုပ် ကောင်းကောင်းလုပ်မှာပါ။ ဟွမ်ဟွာရွာမှာ ဘဲငန်းတွေ မွေးတဲ့သူတစ်ချိုု့ ရှိတာ ကျုပ်သိတယ်။ ကျုပ် အခုပဲ သူတို့ဆီက သွားဝယ်လိုက်မယ်။”


လီယောင်သည် သူ့အား ရင်းနှီးငွေအဖြစ် ဝမ် ၂၀၀၀ကို ပေးလိုက်သည်။ သူမသည် ငန်းပေါက်လေးများ သို့မဟုတ် ငန်းဖောက်နိုင်သည့် ငန်းဥများ ဝယ်ဖို့ ကူညီရန်အတွက်လည်း သူ့အား ဝမ် ၅၀၀ ပေးခဲ့သည်။  နေရာအနှံ့မှ ဘဲငန်းများ ဝယ်ယူခြင်းသည် ရေရှည်တွင် သိသိသာသာ ထိန်းမထားနိုင်ပေ။ ထို့ကြောင့် သူမဖာသာ မွေးမြူရန် ရည်ရွယ်ခဲ့သည်။ 


…………………………………………………………………………………


ကျန်းစားသောက်ဆိုင်


ဆိုင်ပိုင်ရှင် သူဌေး ကျန်းကွမ်ရှန်က ဆိုင်မန်နေဂျာအသစ်အား မေးမြန်းနေရင် ရေနွေးသောက်နေခဲ့သည်။


“မင်း အဲဒါ လုပ်ခဲ့ပြီလား။”


“လုပ်ပြီးပါပြီ။”ဟု မန်နေဂျာ၀ူက ပြောခဲ့သည်။ “ပိုင်ယွမ်ရွာမှာရှိတဲ့ မိသားစုတိုင်းကို စပေါ်ငွေ ဝမ်၁၀ ပေးခဲ့ပါတယ်။ သူတို့က လီမျိုးရိုး တစ်ယောက်ကိုမှ ငန်းတစ်ကောင်တောင် ရောင်းမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူဝယ်တဲ့ စျေးတက်လာမှာကိုတော့ ကျွန်တော် စိုးရိမ်မိတယ်။ အဲဒါဆိုရင်တော့……………”


“သူစျေးတက်ရင် ငါတို့လည်းတက်မယ်။”ဟု ကျန်းကွမ်ရှန်က ပြောခဲ့သည်။ “ဆင်းရဲတဲ့ အဲရွာသားတွေကတော့ မင်းကတိပေးထားတဲ့ တကတ်တီကို ဝမ်တစ်ဝက် ပိုပေးနေသရွေ့ သူတို့က မရောင်းပဲ ဆက်ထိန်းထားနေမှာပဲ”


“ဒါပေမဲ့ ကျွန်တော်တို့က တကယ်မဝယ်ဘူးလေ။ ဒါကိုသာ ဆက်လေးဖင့်နေမယ်ဆိုရင် နောက်ဆုံးတော့ သူမကို ရောင်းပစ်မှာ မဟုတ်ဘူးလား။”


“မင်းက ငတုန်းလား”ဟု ကျန်းကွမ်ရှန်က ပြောခဲ့သည်။ “ငါတို့က စပေါ်ငွေ ပေးခဲ့ပြီးပြီ။ ဒါဆိုရင် ဘာပဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့ ရက်မကျော်မချင်း သူတို့ရောင်းနိုင်မှာ မဟုတ်ဘူး။ ဆယ်ရက် ဆယ်ငါးရက်လောက် အချိန်ဆွဲလိုက်ရုံနဲ့ ဟယ်မိသားစုမှာ ဘဲငန်းကင် ရောင်းစရာ မရှိလို့ စီးပွားရေးက တို့ဘက်ကို ပြန်လှည့်လာလိမ့်မယ်။”


“သူဌေးကတော့ လက်ဖျားခါလောက်ပါတယ်။”


ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်လိုက်သောအခါ ဟယ်မိသားစု စားသောက်ဆိုင်သည် အဝေးကနေ သူမြင်လိုက်ရသောအခါ ကျန်းကွမ်ရှန်က ပြုံးခဲ့သည်။ တစ်ခါတစ်ရံတွင် ကြီးမားသည် ကိစ္စရပ်များကို လုပ်ဆောင် ပြီးမြောက်စေဖို့ရာ သေးငယ်သည့် အသုံးစရိတ်များကို လိုအပ်ပေသည်။ ထို့နောက် စားပွဲထိုးတစ်ယောက်သည် တုန်လှုပ်ခြောက်ခြားစွာဖြင့် ပြေးဝင်လာခဲ့သည်။


“သူဌေး.. ဒုက္ခတော့ ရောက်ပြီ။”


“မင်း ဘာလို့ ထိတ်ထိတ်ပျာပျာ ဖြစ်နေလာတုန်း။”


“ဟယ် စားသောက်ဆိုင်မှာ ဒီနေ့လည်း ဘဲကင်တွေ ရှိတယ်။”


“ဘာများ ထိတ်လန့်စရာရှိလို့လဲ သေချာပေါက် မနေ့က အကျန်တွေပဲ ဖြစ်မှာပေါ့။”


သို့သော် နောက်သုံးရက်ကြာအထိ နေ့တိုင်း ဘဲသားနှပ် ရှိနေလိမ့်မည်ဟု ကျန်းကွမ်ရှန် မမျှော်လင့်ထားခဲ့ချေ။ ထိုမျှသာမက လီယောင်သည် စျေးအနီးတွင်ရှိသော စားသောက်ဆိုင် ၃ဆိုင်နှင့်လည်း စီးပွားဖက်အဖြစ် လက်တွဲခဲ့ကြသည်။ ပိုင်ယွမ်ရွာမှ ဘဲငန်းတစ်ကောင်မှ မရောင်းရသေးချေ။ 


“သူ ဘယ်က ငန်းတွေ ရလာခဲ့တာလဲ။”


“ကျွန်တော် အနီးနားတဝိုက် မေးကြည့်တာတော့ သူက အနီးနားက ခရိုင်တွေဆီက ငန်းတွေဝယ်ဖို့ အဖိုးကြီးတစ်ယောက်ကို ငှားထားတယ်တဲ့။” 


ကျန်းကွမ်ရှန်သည် မချင့်မရဲ ခံစားခဲ့ရသည်။ သူသည် လီယောင်အား နုံအကာ အကူအညီမဲ့သည့် လယ်သမားတစ်ဦး၏ ဇနီးတဦးဟုသာ တွေးထင်နေခဲ့သည်။ ပိုင်ယွမ်ရွာမှ ဘဲငန်းများမပါပဲ သူမ အကူအညီ လိုအပ်နေလိမ့်မည်ဟုလည်း ထင်နေခဲ့သည်။ ငတုံးအဖြစ်သို့ ပြောင်းလဲသွားသည်မှာ သူသာလျှင် ဖြစ်ပေတော့သည်။


“သူဌေး၊ အဖိုးကြီးကို ကျွန်တော်တို့ သင်ခန်းစာ ပေးလိုက်ရမလား”ဟု မန်နေဂျာ၀ူက မေးခဲ့သည်။ 


“ဘယ်လိုတောင် အဓိပ္ပါယ်မရှိတဲ့ စိတ်ကူးလဲ။”ဟု ကျန်းကွမ်ရှန်က မာဆတ်ဆတ်နှင့် ပြောခဲ့သည်။ 


“မင်း အဲ့အဘိုးကြီးကို သတ်တော့ကော ဘာဖြစ်သွားမှာလဲ။ သူက နောက်တစ်ယောက် ရှာလိမ့်မယ်။ ဒါ့အပြင် ခရိုင်တရားသူကြီးအသစ်က ထိထိရောက်ရောက် နှိမ်နင်းနေတာကွ။ ငါ့ကို ဒုက္ခလာမပေးနဲ့။”


“ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ဒါဆို ကျွန်တော်တို့ ပိုင်ယွမ်ရွာက စရန်ငွေတွေကို ဘယ်လိုလုပ်ရမလဲ။”


သူတို့ ဘယ်လိုလုပ်နိုင်လိမ့်မည်နည်း။ ပိုက်ဆံများကို ရေထဲသို့ ပစ်လိုက်သည်ဟုသာ မှတ်သားရုံပင် ဖြစ်ပေတော့သည်။ 


“ဒီနားကခရိုင်တွေမှာ ဘဲငန်းတွေ အဲလောက်အများကြီး မရှိပါဘူး။ ကုန်သွားရင် သူမဘာကို သုံးမလဲ ငါကြည့်ချင်သေးတယ်။”


……………………………………………………


အဖိုးကြီးကျန်းသည် ခရိုင်များစွာသို့ ခရီးထွက်ခဲ့သော်လည်း ငန်းပေါက်လေးများကို မဝယ်နိုင်ခဲ့ချေ။ သို့သော် ဘဲဥများထည့်ထားသော ဖာကြီး ၂ဖာကိုတော့ ဝယ်ယူနိုင်ခဲ့သည်။ 


ဟဲရှောင်ယာသည် အနည်းငယ်မျှ စိုးရိမ်နေခဲ့သည်။ 


သူတို့အိမ်မှာ ကြက်မကြီးတစ်ကောင်သာ ရှိသည်။ 


ဤကဲ့သို့ ဘဲဥအများကြီးကို ဥဖောက်နိုင်ဖို့ ဘယ်လို လုပ်ရလိမ့်မည်နည်း။


လီယောင်က ပြောခဲ့သည်။ “ကြက်မလိုပါဘူး။ ငါတို့ဖာသာ ငါတို့ သားဖောက်ကြမယ်။”


ဟဲရှောင်ယာ - ... 


အမေ ဒီနေ့ ခေါင်းနောက်နေတာပဲ ဖြစ်ရမည်။ 


ဘယ်လိုလုပ်ပြီးး လူက ဘဲတွေကို ဥဖောက်အောင် လုပ်နိုင်မည်နည်း။ 


ဘဲငန်းဥတွေကို တစ်လလောက် အိပ်ယာထဲမှာ ပွေ့ဖက်ပြီး အိပ်ရမည်လား။ 


လူဖန်တီးထားသည့် သားဖောက်စက်အတွက် အကြီးမားဆုံး စိန်ခေါ်မှုမှာ အပူချိန်အတိအကျကို ထိန်းချုပ်ခြင်းပင် ဖြစ်သည်။ ခက်ခက်ခဲခဲ စဉ်းစားပြီးနောက် လီယောင်သည် သားဖောက်ရန်အတွက် အပူပေးထားသော အုတ်ကုတင်ကို သုံးရန်  ဆုံးဖြတ်ခဲ့သည်။ 


သူမသည် သစ်သားအမြောက်အမြားကို ဝယ်ယူခဲ့ပြီး လီကျန်းအား နံရံနှစ်ထပ်နှင့် အမိုးနှစ်ထပ်အား ကြားထဲတွင် မြက်ခြောက်များ အပြည့်ထည့်ကာ ဆောက်စေခဲ့သည်။ ဤအရာသည် သားဖောက်ခန်းပင် ဖြစ်သည်။ 


သားဖောက်သည့် အိပ်ရာဆောက်လုပ်ခြင်းက ပို၍ခက်ခဲသည်။  


အပူအချိန် အညီအမျှ ထုတ်လွှတ်ရန်အတွက် လီယောင်သည် ပန်းပဲသမားအား လေးထောင့်ပုံ ၁မီတာရှိပြီး အထူ ၁၅ စင်တီမီတာရှိသည့် သံစည်ပိုင်းကို ရွှံကွင်းကြီးများဖြင့် ဒေါက်ထောက်ထားစေရန် ပုံမှန်ထက် ပိုမိုကြီးမားများပြားစွာ သုံးစေခဲ့သည်။ 


စည်ပိုင်းကြီးကို ရေပူအပြည့်ဖြည့်ကာ အပေါ်မှ မြက်ကို မီးရှို့ထားသော ပြာများ၊ အဝတ်များနှင့် ပါးလွှာသော အိပ်ယာခင်းများနှင့် အုပ်ထားခဲ့သည်။ 


အပူချိန်ကို ထိန်းသိမ်းထားရန် အောက်တွင် ဆီမီးအိမ်များစွာဖြင့် အပူပေးခဲ့သည်။ 


ပြင်ဆင်မှုအားလုံး ပြီးစီးခဲ့ပြီ ဖြစ်သည်။  


အကယ်၍ အောင်မြင်ခဲ့ပါက အနာဂတ်တွင် သူတို့သည် ကြက်နှင့်ဘဲများကိုပင် သားဖောက်နိုင်တော့မည် ဖြစ်သည်။ 


အိပ်ယာအပူချိန်သည် ခန္ဓာကိုယ် အပူချိန်နှင့် တူညီလာသည့်အခါ သူမသည် ဘဲငန်းဥများကို သန့်ရှင်းစွာ ဆေးကြောခဲ့ပြီး အိပ်ယာထဲတွင် တစ်လုံးပြီးတစ်လုံး ဖြန့်ခင်းထားပြီး အပေါ်မှ စောင်ထူနှစ်ထည်ဖြင့် ဖုံးအုပ်ထားစေခဲ့သည်။ 


သားဖောက်သည့် တာဝန်ကို ဟဲရှောင်ယာအား လက်လွဲပေးခဲ့သည်။  


“၁၅ မိနစ်တိုင်း အပူချိန်ကို စစ်ရမယ်။ မင်းခန္ဓာကိုယ် အပူချိန်အတိုင်းဆိုရင် အဲဒါက မှန်တဲ့အပူချိန်ပဲ”ဟု လီယောင်က လေးလေးနက်နက် သင်ပေးခဲ့သည်။ ”ပူလွန်းရင် ဆီမီးခွက်တခွက် ဖယ်လိုက်၊  အေးလွန်းရင် တခုထပ်ထည့်။ ဥတွေကိုလည်း ၂နာရီတခါ လှန်ပေး၊ ၃ရက်တခါ အတွင်းဘက်နဲ့ အပြင်ဘက်က ဥတွေကို လဲပေးရမယ်။”


“ဟုတ်ကဲ့ပါ မေမေ၊ သမီး သေသေချာချာ ဖောက်လိုက်ပါမယ်။”


ဤသည်မှာ ဘဲငန်းဥ ၂၀၀ ဖြစ်သည်။ မအောင်မြင်ပါက ကြီးမားသော ဆုံးရှုံးခြင်းဟု ဆိုပေသည်။ 


ဟဲရှောင်ယာသည် လွယ်လွယ်ကူကူပင် သားဖောက်သည့် အခန်းသို့ ပြောင်းသွားခဲ့သည်။ ၁၅မိနစ်တခါ သူမသည် ဘဲဥတစ်လုံးကို အပူချိန်စမ်းရန်နှင့် လိုအပ်သလို ဆီမီးခွက်များကို ချိန်ညှိရန်အတွက် သူမ၏အဝတ်အတွင်းသို့ ထားခဲ့သည်။ 


ငါးရက်ကြာပြီးနောက် လီယောင်သည် ငန်းဥများကို ဆီမီးအိမ်အောက်တွင် ဥပေါက်မပေါက် စစ်ဆေးခဲ့သည်။ အတွင်းထဲတွင် သွေးကြောမျှင်မရှိသည့် ဥများသည် အကောင်မဖောက်ပေးနိုင်ပေ။ 


သူမသည် ၎င်းတို့ထဲမှ အလုံး၅၀ကို ယူကာ ဟယ်စားသောက်ဆိုင်အတွက် လက်ဖက်ဘဲဥ နှပ်ပေးခဲ့သည်။ မမျှော်လင့်ထားပဲ ၎င်းတို့သည်လည်း လူကြိုက်များခဲ့သည်။ 


သိပ်မကြာခင်မှာပင် လီယောင်သည် ကြက်မ မရှိပဲ သားဖောက်သည့် သတင်းသည် တစ်ရွာလုံးအနှံ့ ပြန့်သွားခဲ့သည်။ 


“သူက တကယ်ပဲ ဘာမဆိုတွေးရဲပြီး လုပ်ရဲတယ်”


“သူသာ အောင်မြင်သွားရင် တကြိမ်တည်းနဲ့ ရာဂဏန်း ထောင်ဂဏန်း တခါတည်း သားဖောက်နိုင်တော့မှာမို့လား။”


“အိမ်မက်မက်နေတာပါကွာ။ တကယ်လို့ သူသာ အဲသလောက် စွမ်းဆောင်နေနိုင်ရင် ငါ့နာမည်ကို နောက်ပြန်ဖတ်ပြမယ်။”


ဘဲဥများကို သားပေါက်လာရန် စောင့်ဆိုင်းနေစဉ်တွင် ငန်းသားနှပ်ရောင်းချမှုသည်လည်း တည်ငြိမ်နေခဲ့သည်။ 


သူတို့သည် စျေး လေးစျေးနှင့် စားသောက်ဆိုင် ၄ဆိုင်တွင် နေ့စဉ် ဘဲနှပ်၁၀ကောင် ရောင်းနိုင်ခဲ့ပြီး နေ့စဉ် အမြတ်ငွေ ဝမ် ၄၀၀၀ခန့် ရရှိခဲ့သည်။ 


အသားစွပ်ပြုတ်ဆိုင်များကိုပါ ပေါင်းထည့်လိုက်ပါက ယခုအခါ စုစုပေါင်း နေ့စဉ် အမြတ်ငွေမှာ ဝမ် ၆၆၀၀ အထိ ရလာခဲ့သည်။ 


လီယောင်သည် ယခုအခါ ငွေချောင်း ၅၀ကို ခိုင်ခိုင်မာမာ ကိုင်ထားနိုင်ပြီး သူမကိုယ်သူမ ဟဲဝမ်ရွာ၏ နံပါတ်တစ် ချမ်းသာသည့် အမျိုးသမီးအဖြစ်သို့ တည်ထောင်နိုင်ခဲ့သည်။ 


ဤသို့ တည်ငြိမ်သည့် ဝင်ငွေအရင်းအမြစ်များနှင့် လီယောင်သည် နောက်ဆုံးတွင် ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီကို လေ့လာရန် အချိန်ရရှိခဲ့သည်။