အခန်း (၂၀) - စာလေ့လာချင်တယ်
“အမေ သား အိမ်ပြန်လာပါပြီ”
လီယောင်သည် အိမ်ထဲတွင် ဆေးဖက်ဝင်အပင်များ ပြင်ဆင်နေချိန်တွင် အပြင်ဘက်မှ ဝမ်အာ၏အသံ ထွက်ပေါ်လာခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း၌ ရွာတိုင်းတွင် ရေတွင်းတူးရန် ခရိုင်တရားသူကြီးမှ စေလွှတ်လိုက်သော လူများနောက်ကို လိုက်ကာ အလုပ်အရမ်းရှုပ်နေခဲ့ပြီး ကိုယ်အလေးအချိန်များပင် အများကြီး ကျသွားခဲ့သည်။
“အမေ” ဝမ်အာသည် စိတ်လှုပ်ရှားစွာဖြင့် သူ၏ရလဒ်များကို အစီခံဖို့အတွက် ဆန္ဒစောကာ ခြံဝင်းထဲသို့ ပြေးဝင်သွားခဲ့သည်။ "ကျွန်တော် ရေတွင်းတူးဖို့ နေရာပေါင်း ၁၂၀ ရွှေးကူပေးခဲ့တယ်။ အကုန်လုံးကလည်း ရေထွက်တယ်။”
“မဆိုးပါဘူး။”
ရိုးရှင်းသည့် စကားလုံးနှစ်လုံးမျှသာ ဖြစ်သော်လည်းပဲ ၎င်းသည် ဝမ်အာ၏ ရင်ထဲတွင် ဘဝင်ခိုက်ကာ အူမြူးစေခဲ့သည်။
သူ့အမေသည် လူများကို အလွယ်တကူ ချီးကျူးခဲလှပေသည်။
“ဝမ်အာက ဒီတစ်ခေါက်တော့ တကယ်ကို ထွက်လာခဲ့တာပဲ။ ခရိုင်တရားသူကြီးကလည်း တအားဝမ်းသာနေတယ်။ ပြီးတော့ သူ့ကို ဆုချမယ်လို့လည်း ပြောလိုက်သေးတယ်။”ဟု လီကျန်းကလည်း ဝင်ပြောခဲ့သည်။
လီယောင်သည် ဆုလာဘ်များအတွက် ဂရုမစိုက်ခဲ့ပေ။
သို့သော် ယခုအခါ မိသားစုတွင် ပိုက်ဆံရှိလာသောအခါ ဝမ်အာ၏ ပညာရေးအတွက် အစီအစဉ်များ ပြုလုပ်ရန် အချိန်ကျလာပြီ ဖြစ်သည်။
နောက်နေ့မနက်စောစောတွင် လီယောင်သည် ဝမ်အာကို တက္ကသိုလ်သို့ ခေါ်သွားခဲ့သည်။ သို့သော် ဂိတ်တံခါးပေါက်တွင် ဂိတ်စောင့်က သူတို့အား ရပ်စေခဲ့သည်။
“ဒီမှာစောင့်”
ဂိတ်တံခါးစောင့်၏ စိတ်မရှည်သည့် အမူအရာကို မြင်ရသောအခါ လီယောင်သည် တက္ကသိုလ်အပေါ် ထင်မြင်ယူဆချက်များ လျော့ကျသွားစေခဲ့သည်။
…………………………………………….
တက္ကသိုလ်အတွင်းထဲတွင် ဆရာလျှို့သည် ကျောင်းသားများ၏ စာဖတ်ခြင်းကို ကြီးကြပ်နေခဲ့သည်။
တံခါးစောင့်မှ တစ်စုံတစ်ယောက်က တက္ကသိုလ်တွင် ကျောင်းအပ်ချင်သည်ဟု ပြောလာသောအခါ သူက မေးခဲ့သည်။
"သူတို့က ဘယ်ကတဲ့လဲ။”
“ဟဲဝမ်ရွာကပါတဲ့။ အရင်တုန်းက လီရှန်းရဲ့ အတန်းဖော်ပါ။”ဟု ဂိတ်တခါးမှုးက ပြန်ဖြေခဲ့သည်။
၎င်းကို ကြားသောအခါ ဆရာလျှို့က မျက်ခုံးပင့်ကာ မျက်မှောင်ကြုတ်ခဲ့သည်။ "သူတို့က ငါ့ကို လာတွေ့တာလား။”
လီယောင်သည် ဝမ်အာကို ဆရာလျှို့၏ ရှေ့တွင် ရပ်ခိုင်းခဲ့သည်။
သူမ ဘာမှမပြောသေးခင် ဆရာလျှို့သည် အေးစက်စွာ ပြောခဲ့သည်။ "ဒီတော့ မင်းကိုး။ ကိုယ့်ရဲ့အကြီးအကဲကို လူကြားထဲမှာ စော်ကားခဲ့တဲ့ လူတိရိစ္ဆာန်လေး။”
ဆဲရေးမှုနှင့် သူစပြောသည်ကို သူမကြားလိုက်သောအခါ မျက်မှောင်ကြုတ်သွားခဲ့သည်။
"ရှင် ဘာပြောလိုက်တာလဲ။”
“ပါးစပ်ပိတ်ထားစမ်း။ ဒါက ဂုဏ်သိက္ခာရှိတဲ့ တက္ကသိုလ်။ နင့်လို ရွာသူမတွေ ပြောချင်တဲ့အတိုင်း ပြောလို့ရတဲ့ နေရာမဟုတ်ဘူး။”ဟု ဆရာလျှို့က အော်ခဲ့သည်။
လီယောင်လည်း ဒေါသခြောင်းခြောင်းထွက်သွားခဲ့သည်။
သူမသည် သူမ၏သားအား ပညာသင်ကြားရန် ဤနေရာသို့ လိုလိုလားလား ခေါ်ဆောင်လာခဲ့ပြီး သင်တန်းကြေးပေးရန်အတွက်လည်း ပြင်ဆင်ခဲ့ပါသည်။ သို့သော်လည်း ဤကဲ့သို့ အထင်အမြင်သေးမှုများနှင့် သူမအား ဆက်ဆံခဲ့သည်။
“တက္ကသိုလ်မှာ အမျိုးသမီးတွေ စကားမပြောရဘူးလို့ ဘယ်ဥပဒေက ပြောတာလဲ။”
ဆရာလျှို့သည် အေးစက်စက် ရယ်သံတချက် ထုတ်ခဲ့ပြီး "နင်က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အရိုင်းအစိုင်းဆိုတာ ငါကြားဖူးတာ ကြာပြီ။ ဘာလဲ။ နင်က ငါ့တက္ကသိုလ်မှာ လာပြီး ၀ုန်းဒိုင်းကြဲချင်နေတာလား။”
ကြားဖူးနေတာ ကြာပြီ ဟုတ်လား။
ထိုနေရာတွင် ထိုင်နေသည့် လီရှန်းကို ကြည့်လိုက်ရင်း လီယောင် ချက်ချင်းပင် နားလည်သဘောပေါက်ခဲ့သည်။
လီရှန်းသည် လိမ္မာပါးနပ်ပြီး ဆရာ၏ မျက်နှာသာပေးခြင်းကိုလည်း ခံရသည်ဟု သူမကြားဖူးခဲ့သည်။ ဆရာက သူမတို့အား လူသိရှင်ကြား ဝေဖန်ပြစ်တင်ပြီး လီရှန်းဘက်မှ ရပ်တည်စေရန်အတွက် ဝမ်အာနှင့်ဖြစ်သည့် ရန်ပွဲအကြောင်းကို ရည်ရွယ်ချက်ရှိရှိ တမင်ပင် ပြောထားပေလိမ့်မည်။
ပညာရှင်တစ်ယောက်၊ သို့သော်လည်း အလွန်ပင် သဘောထားသေးလွန်းသည်။
တက္ကသိုလ်တက်ရန် အခွင့်အရေး မရှိသည့် ပုံပေါ်နေခဲ့သည်။ တက်ခွင့်ရခဲ့လျှင်တောင် နေရာတိုင်းတွင် ခွဲခြားဆက်ဆံခံရပေလိမ့်မည်။
သို့သော် တက္ကသိုလ် မဟုတ်ပါက ဘယ်နေရာတွင် ဝမ်အာ ပညာသင်ကြားခွင့် ရနိုင်လိမ့်မည်နည်း။
“ဒီမှာ ဘာတွေ ပွက်လောရိုက်နေကြတာလဲ။”
ထိုအချိန်မှာပင် အဖိုးအိုတစ်ဦးသည် သူ၏လက်နှစ်ဖက်ကို နောက်ဘက်သို့ပစ်ကာ လမ်းလျှောက်လာခဲ့သည်။ ဆရာလျှို့သည် လျှင်မြန်စွာဖြင့် ရှေ့တက်လာပြီး အရိုအသေပေးခဲ့သည်။ “ဆရာကြီးရှန်း၊ ဒီကိုလာတာလား ခင်ဗျာ။”
ကြည့်လိုက်သောအခါ သူမအား ယခင်က ထမင်းဖိုးတစ်လစာ ကြိုပေးထားသည့် အကြီးအကဲ ဖြစ်သည်ကို လီယောင် မှတ်မိခဲ့သည်။ ပထမဆုံး တွေ့ဆုံချိန်မှာပင် ထိုအဖိုးအိုသည် သာမာန်လူတစ်ယောက် မဖြစ်နိုင်ကြောင်း သူမပြောနိုင်ခဲ့သည်။ သူသည် တက္ကသိုလ်၏ အကြီးအကဲ ဆရာကြီးရှန်း ဖြစ်မည်ဟုသာ မမျှော်လင့်ခဲ့ပါ။
“အိုး.. မင်းတို့ နှစ်ယောက်ပဲ။” ဆရာကြီးရှန်းသည် ရယ်မောလိုက်ပြီး "မင်းက တက္ကသိုလ်တက်ဖို့ အပ်မလို့လား”ဟု ဝမ်အာကို မေးခဲ့သည်။
ဝမ်အာက ခေါင်းငြိမ့်ခဲ့သည်။
“စာသင်ချင်တယ်ဆိုတာ ကောင်းတဲ့အရာပဲ။”ဟု ဆရာကြီးရှန်းက ပြောခဲ့သည်။ “မနက်ဖြန် ကျောင်းလခ သွင်းပြီးတော့ မင်း ချက်ချင်းပြန် စတက်နိုင်တယ်။”
“ဆရာကြီး၊ ဒီလိုလုပ်လို့ မရပါဘူးခင်ဗျာ”ဟု ဆရာလျှို့က အလောတကြီး အကြံပေးခဲ့သည်။ "ဒီကောင်လေးက သူ့ရဲ့အကြီးအကဲကို လူပုံလည်မှာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်။ သူ့ရဲ့ကိုယ်နှုတ်အမူအယာက ချို့တဲ့နေတာ မရှိတာဖြစ်မယ်။ ကျွန်တော်တို့ တက္ကသိုလ်က ဒီလိုဒုက္ခပေးမဲ့သူကို ဘယ်လိုလုပ်ပြီး တက်ရောက်ခွင့်ပြုနိုင်မှာလဲ။”
“တစ်ဦးတစ်ယောက်ကို ကိုယ်ထိလက်ရောက် ကျုးလွန်တာက အကျင့်စာရိတ္တ ချို့တဲ့နေတာလို့ ဆိုလိုတာလား။”ဟု ဆရာကြီးရှန်းက အေးစက်စွာဖြင့် မေးခဲ့သည်။ "သူဘာလို့ လူပုံလည်မှာ ရန်ဖြစ်တာလဲဆိုတာ မင်းမေးဖူးလား”
“ဒါက ……” ဆရာလျှို့သည် တုံ့ဆိုင်းသွားခဲ့သော်လည်း ဘူးခံနေကာ တပြားသားမှ မလျော့ပဲ ရှိနေခဲ့သည်။
"ဘာအကြောင်းပဲရှိရှိ၊ လူတစ်ယောက်က လူပုံအလည်မှာ အကြီးအကဲကို ကိုယ်ထိလက်ရောက် ကျုးလွန်တာဟာ တရားမျှတမှု မရှိပါဘူး။ ဆရာကြီးခင်ဗျာ၊ သူ့ကို အလောတကြီး လက်ခံလိုက်ရင်၊ ခရိုင်တရားသူကြီးက ရှာတွေ့သွားခဲ့ရင် ဆရာကြီးပါ အပြစ်ပေးခံရနိုင်ပါတယ်။”
ဆရာကြီးရှန်း မျက်မှောင်အနည်းငယ် ကြုံ့သွားခဲ့သည်။
ဆရာလျှို့သည် ခရိုင်တရားသူကြီးကို ဤကဲ့သို့ ပြောကာ ခေါ်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
“ဒါဆို ရှင်ဆန္ဒမရှိရင်လည်း သူ့ကို လက်မခံပါနဲ့တော့။” လီယောင်သည် အဖိုးကြီးနှစ်ယောက်၏ အငြင်းအခုံများကို နားထောင်ရန် စိတ်မရှည်တော့ပေ။ "တက္ကသိုလ်မတက်လဲ ကျွန်မတို့ စာသင်နိုင်ပါသေးတယ်။” သူမသည် ဝမ်အာကို ပြောခဲ့သည်။ "သွားကြစို့။”
သားမိနှစ်ယောက် ထွက်ခွာသွားပြီးနောက် ဆရာလျှို့၏ ပါးစပ်ထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ဟဲဝမ်ရွာမှ အရိုင်းအစိုင်းလေးသည် ပညာသင်ကြားရန်နှင့် လူရတတ်တစ်ယောက် ဖြစ်လာရန် အိပ်မက်မက်နေခဲ့သည်။
အိပ်မက်သာ ဆက်မက်နေပါတော့။
………………………………..
“သား တောင်းပန်ပါတယ် အမေ”
တက္ကသိုလ်ဂိတ်ပေါက်မှ ထွက်လာသည်နှင့် တပြိုင်နက် ဝမ်အာက စတင်တောင်းပန်ခဲ့သည်။ “အမေ အခုလို အရှက်တကွဲဖြစ်ရတာ ကြုံရတာတွေက ကျွန်တော့ကြောင့်ပါ။”
“မင်းနဲ့ ဘာမှ မသက်ဆိုင်ပါဘူး။”
“မဟုတ်ဘူး။ အဲဒါ ကျွန်တော်ကြောင့် ဖြစ်ရမယ်။ ဆရာလျှို့က ကျွန်တော့ကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး။”ဟု ဝမ်အာက ပြောခဲ့သည်။
ဝမ်အာ၏ ပြောကြားချက်အရ သူသည် ပထမဆုံး လီရှန်း၏ စာဖတ်ဖော် စဖြစ်သည့်အခါ ဆရာလျှို့သည် လုံလဝီရိယရှိကာ စာသင်ကြားရန် စိတ်အားထက်သန်သည့်အတွက် သူ့အား ပိုနှစ်သက်ခဲ့သည်။ အကူတစ်ယောက်မျှသာ ဖြစ်သော်လည်း သူ့အား စာသင်ချိန်များတွင် ပြတင်းပေါက်အပြင်ဘက်တွင် နားထောင်ရန် ခွင့်ပြုခဲ့သည်။
သို့သော် တစ်နေ့တွင် ရုတ်တရက် ဆရာလျှို့၏ သဘောထားများ လုံး၀ပြောင်းလဲသွားခဲ့သည်။ သူသည် ဝမ်အာကို ပြတင်းပေါက်နားတွင် နားထောင်ခြင်းကို တားမြစ်ရုံသာမက ဝမ်အာအား ထိခိုက်နာကျင်စေရန်အတွက် မကျေမနပ်ဖြစ်စေရန်အတွက် စော်ကားမော်ကား ပြောဆိုခြင်း၊ ကဲ့ရဲ့အပြစ်တင်ခြင်းများကို အကြောင်းပြချက်မျိုးစုံဖြင့် ရှာဖွေကာ ပြောလေ့ ရှိသည်။
ဤသည်ကို ကြားသောအခါ လီယောင်သည် အရမ်းအံဩသွားခဲ့သည်။ “ဘာလို့ အဲလိုဖြစ်သွားတာလဲ သိလား။”
ဝမ်အာက ခေါင်းယမ်းခဲ့သည်။
သူသည်လည်း ဤကိစ္စနှင့် ပတ်သက်၍ အမြဲတမ်း ဇဝေဇဝါ ဖြစ်နေခဲ့သည်။
“ဒါပေမဲ့ ကျွန်တော်တို့ ဟဲဝမ်ရွာက လူတွေက တစ်ယောက်မှ မကောင်းကြဘူးလို့ သူပြောတာ ကျွန်တော်ကြားဖူးတယ်။”
ဤသည်မှာ ပို၍ပင် ထူးဆန်းပေသည်။
ဆရာလျှို့များ ဟဲဝမ်ရွာနှင့် ရန်စတစ်ချို့များ ရှိနိုင်မလား။
ထားလိုက်ပါတော့လေ။ လီယောင်သည် ထိုအကြောင်းနှင့် ပတ်သက်၍ ထပ်မံ မစဉ်းစားချင်တော့ပေ။
ထိုသို့ ဖြစ်ပျက်ပြီးနောက် လီယောင်သည် ဝမ်အာကို တက္ကသိုလ်သို့ ပို့ရန် စွန့်လွှတ်ခဲ့ပြီး ထိုအစား အိမ်မှာပင် သီးသန့်ဆရာ တိုက်ရိုက်ငှားရန်အတွက် ဆုံးဖြတ်ခဲ့သည်။ သို့သော် ပိုင်ချွမ်းခရိုင်တွင် အရည်အချင်းပြည့်မှီသော ပညာရှင်များ ရှားပါးကာ သူတို့အားလုံးနီးပါးသည် တက္ကသိုလ်နှင့် ခရိုင်အစိုးရရုံးများတွင်သာ ဇောက်ချအလုပ် လုပ်ကိုင်နေခဲ့ကြသည်။ ထို့ကြောင့် သူမသည် သင့်တော်သည့် ဆရာတစ်ယောက်ကို ရှာဖွေရန် နေရာကို သေချာစွာ စဉ်းစားဆုံးဖြတ်ရန် လိုအပ်ပေလိမ့်မည်။
“ပထမဆုံး မင်းအတွက် တခုခု သွားဝယ်ကြရအောင်။”
လီယောင်သည် ဝမ်အာကို ဦးဆောင်ကာ စာအုပ်ဆိုင်ထဲသို့ ဝင်ရောက်လာခဲ့သည်။
“ဒီနေ့မှာ ဘာလေးများ စိတ်ဝင်စားလို့ပါလဲခင်ဗျာ” ဆိုင်အကူလေးသည် တက်တက်ကြွကြွနှင့် ရောက်လာခဲ့သည်။
“ကျွန်တော်တို့ ဒီမှာက စာအုပ်တွေ အစုံရှိပါတယ်။ နောက်ပြီး စာရေးကိရိယာတွေလည်း အစုံရှိပါတယ်ခင်ဗျာ။”
လီယောင်သည် ဝမ်အာကို သူ့ဖာသာသူ စာအုပ်များ ရွေးချယ်ရန် ခွင့်ပြုခဲ့သည်။
သင်ပုန်းကြီးသင်ခန်းစာများကို လေ့လာပြီးသား ဖြစ်သည့်အတွက် ဤတစ်ခေါက်သည် သူသည် စာအုပ် ၄အုပ်နှင့် ဂန္တဝင်စာအုပ် ၅အုပ်တို့ကို ရွေးချယ်ခဲ့သည်။
ဤစာအုပ်များကို သေသေချာချာ စေ့စေ့စပ်စပ် ဖတ်ပါက အစိုးရအမှုထမ်း စာမေးပွဲကို ဖြေဆိုအောင်မြင်ရန်အတွက် ပြဿနာရှိလိမ့်မည် မဟုတ်ပေ။
စာအုပ်များကို ရွေးချယ်ပြီးနောက် စုစုပေါင်း ကျသင့်ငွေသည် ငွေ၃ချောင်း ဖြစ်ခဲ့သည်။ လီယောင်သည် စာရေးကိရိယာများအတွက်လည်း မေးခဲ့ပြီး စျေးနှုန်းများ မြင့်မားသည့်အတွက် အံအားသင့်သွားခဲ့သည်။
စျေးအသက်သာဆုံး ဆိတ်မွေးဖြင့် ပြုလုပ်ထားသည့် စုတ်တံသည်ပင် ငွေတစ်ချောင်းကျသင့်ပြီး အကောင်းဆုံး ဖြစ်သည့် ဝံပုလွေမွေးစုတ်တံမှာ ငွေချောင်း ၁၅ချောင်း ကျသင့်ပေသည်။
မှင်သွေးကျောက်တုံး၊ စက္ကူနှင့် မှင်များသည်လည်း ကုန်ကျငွေကြောင့် အသက်ရှုမှားလောက်သည်အထိ အလွန်ပင် စျေးကြီးပေသည်။
ထို့အပြင် စက္ကူနှင့် မှင်တို့သည် ကုန်လွယ်ပေသည်။ စာတမ်းတိုတစ်ပုဒ်ထဲအတွက်ပင် ပုံသေ ငွေဝမ် ၁၀ သို့မဟုတ် ဝမ် ၂၀ကျော် လွယ်လွယ်ကူကူ ကုန်ကျနိုင်သည်။
“ရပါတယ် အမေ။ ကျွန်တော်တို့ ဒါတွေကို အခုဝယ်ဖို့ မလိုအပ်ပါဘူး။” ဝမ်အာက ညှာညှာတာတာ ပြောခဲ့သည်။
“သား မြေကြီးပေါ်မှာ စာရေးကျင့်လို့ရပါတယ်။”
သူမတို့သည် ၎င်းပစ္စည်းများအတွက် ယခုမတတ်နိုင်သေးသော်လည်း ထိုမျှလောက်လည်း မွဲတေနေသည် မဟုတ်ပေ။ လီယောင်တွင်လည်း အကြံတစ်ခု ရှိနေခဲ့ပြီး ဖြစ်သည်။
သူမသည် သင့်တော်သော ဆရာတစ်ယောက်ကို တွေးခဲ့ပြီး ဖြစ်သည်။
အိမ်သို့ ပြန်ရောက်သောအခါ လီယောင်သည် လီကျန်းကို ရှာရန် သွားခဲ့သည်။
“အမျိုးသမီးလီ၊ တခြား ဘာလုပ်ဖို့ လိုလို့လဲ။”
“ကျွန်မအတွက် ကျောက်ပြားနှစ်ချပ် လုပ်ပေးစေချင်လို့ပါ။”ဟု လီယောင်က ပြောခဲ့သည်။ “ဝမ်အာ စာရေးကျင့်ဖို အတွက်လေ။”
၎င်းတို့ကို ကောင်းမွန်သင့်တော်စွာ အသုံးပြုရန်အတွက်ဟု ကြားရသောအခါ လီကျန်းသည် ချက်ချင်းပင် သဘောတူခဲ့သည်။
“ဒါပေမဲ့ ဝမ်အာအတွက် အိမ်မှာပဲ စာလေ့လာဖို့ဆိုတာ အမြဲတမ်းအတွက် ဖြေရှင်းနည်း မဟုတ်နေဘူးနော်။”
“ဒါကြောင့်လည်း ဒီနေ့ ကျွန်မ ရှင့်ကို လာရှာတာပါ”ဟု လီယောင်က ပြောခဲ့သည်။ ”ဆရာလွီ သူ့ကို စာသင်ပေးဖို့ ကျွန်မ မေးချင်လို့ပါ။ ဒါပေမဲ့ ရှင် မေးပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။”
“သူလား။ မဟုတ်တာ မဟုတ်တာ မဟုတ်တာ။”
လီကျန်းသည် အကြံပြုရာတွင် ချက်ချင်းကို ခေါင်းယမ်းခဲ့သည်။
ပညာသင်ကြားရန် ဝင်ခွင့်အဆင့် အောင်မြင်ပြီးသည့် ပညာရှင်တစ်ယောက်ဖြစ်သည့် ရှို့ချိုက်ဟု ခေါ်သော်လည်း လွီသည် တကယ်တမ်းတွင်မှု အစိုးရအမှုထမ်းစာမေးပွဲ ပြီးမြောက်သူတစ်ယောက် မဟုတ်ပေ။
ထိုအချိန်တုန်းက သူ့မိသားစုသည် သူ့ပညာရေးအား ထောက်ပံ့ရန် သူတို့တွင် ရှိသမျှ ပိုက်ဆံအကုန်ကို သုံးစွဲခဲ့သည်။
သို့သော် အရည်အချင်း နည်းပါးသောကြောင့် အသက်ငါးဆယ်နားရောက်နေပြီး ကျောင်းသားပင် ဖြစ်နေဆဲ ဖြစ်သည်။
စာမေးပွဲ အကြိမ်ကြိမ် ကျရှုံးခဲ့ပြီး သူ၏မိဘများသည်လည်း စောစောစီးစီး ကွယ်လွန်သွားခဲ့ကြသည်။ ပြီးနောက် သူတွင် သားသမီးလည်း မရှိပေ။ လက်တွေ့ကျကျ လုပ်နိုင်ကိုင်နိုင်သည့် အရည်အချင်းမဲ့နေသည့်အတွက် ဆရာလွီသည် လုံး၀ပင် အသုံးမကျ ဖြစ်လာခဲ့ပြီး အသက်ရှင်သန်ရေးအတွက် သူ့အမျိုးသမီး၏ လယ်ယာလုပ်ငန်းကိုသာ မှီခိုနေခဲ့ရသည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က သဘာ၀ဘေးအန္တရာယ်ကြောင့် ၎င်းတို့မိသားစုသည် အစားအစာပင် မတတ်နိုင်ကြတော့ပေ။