အပိုင်း (၁)
Viewers 79

တိတ်ဆိတ်သည့် ကမ္ဘာလောကကြီးက တဖြေးဖြေး ပျောက်ကွယ်လာပြီး ဆူညံသည့် အသံများက နီးကပ်သထက် နီးကပ်လာသည်။ ချွီးဟယ်ချင်းက မျက်လုံးများကို ဖွင့်လိုက်ပြီး အကြောဆန့်ချင်သော်လည်း တစ်ခုခုက မှားယွင်းနေကြောင်း သတိထားမိလိုက်၏။ 


သူ မှတ်မိသည်က မှန်ကန်လျှင် သူက အခု အိပ်ခန်းထဲတွင် ရှိသင့်ပြီး ဆေးရုံခန်းအတွင်း၌ မရှိသင့်ပေ။ 


သို့သော် ယခု သူ့ရှေ့၌ ရှိနေသော အရာအားလုံးက ပြောပြနေသည်မှာ သူက ညလယ်ခေါင်ကြီး သူ့ အိပ်ခန်းထဲနေ ဆေးရုံသို့ ရောက်ရှိလာကြောင်းကိုပင်။ 


သူက ဒုက္ခိတဖြစ်သွားခဲ့ပြီး ဝှီးလ်ချဲပေါ်တွင် ထိုင်နေရသည်မှာ သုံးနှစ်ပင် ရှိနေပြီ ဖြစ်လေရာ ညဘက် အိပ်ရင်း လမ်းလျှောက်ကာ ဤမျှ အဝေးကြီးထိ ရောက်လာရန်မှာ လုံးဝကို မဖြစ်နိုင်ပေ။ 


ကံကောင်းထောက်မစွာနှင့် ဆရာဝန်က ဝင်လာပြီး သူ့ကို စစ်ဆေးလိုက်သည်။ 


ချွီးဟယ်ချင်းက နောက်ဆုံး၌ ဘာတွေဖြစ်နေသလဲ ရှာတွေ့သွား၏။


ဖြစ်ချင်တော့ လွန်ခဲ့သည့် သုံးရက်လောက်က သူက အသည်းကွဲပြီး အလွန် ဝမ်းနည်းနေခဲ့သည်။ ထို့ကြောင့် ဘားသို့ သွားကာ သောက်စားရင်း က,နေစဥ် ခေါင်းကို မတော်တဆထိခိုက်မိကာ သတိလစ်သွားခဲ့ခြင်း ဖြစ်သည်။ 


ထို့နောက် သူက ဆေးရုံသို့ ပို့ခံလိုက်ရကာ အရေးပေါ်ကုသခံရပြီးနောက် ယနေ့တွင် သတိရလာခြင်း ဖြစ်သည်။ 


ချွီးဟယ်ချင်းက ထိုအကြောင်းကို ကြားသည့်အခါ ထူးဆန်းသလိုရော ရင်းနှီးနေသလိုပါ ခံစားလိုက်ရသည်။ 


ထူးဆန်းသည်မှာ သူက ထိုအကြောင်းအရာများကို မည်သည့်အခါကမှ ကြုံတွေ့ခဲ့ဖူးခြင်း မရှိသောကြောင့် ဖြစ်ပြီး ရင်းနှီးနေရခြင်းမှာ လွန်ခဲ့သော ရက်အနည်းငယ်က သူ၏ တပည့်များ မျှဝေပေးခဲ့သော ဝတ္ထုတစ်ပုဒ်နှင့် ဆင်တူနေသောကြောင့် ဖြစ်သည်။ 


၎င်းမှာ ယုံကြည်ရန်ခက်ခဲသော်လည်း ချွီးဟယ်ချင်းသည် သူက ဝတ္ထုတစ်ပုဒ်ထဲသို့ ကူးပြောင်းလာပြီး သူနှင့် မျိုးရိုးရော နာမည်ပါ တူညီသည့် ဇာတ်လိုက် Gong ကို ချစ်ခင်နှစ်သက်နေသော အမြောက်စာဇာတ်ကောင်လေး ဖြစ်သွားခဲ့ကြောင်း ခန့်မှန်းလိုက်မိသည်။ 


ဝတ္ထုထဲမှ ချွီးဟယ်ချင်းက သူနှင့် အနည်းငယ် တူညီသည်။ သူသည်လည်း သရုပ်ဆောင်တစ်ယောက် ဖြစ်၏။ သူက အနုပညာလောကအတွင်း နှစ်အတော်ကြာအောင် ရုန်းကန်ခဲ့သော်လည်း သူ့တွင် အင်အားနှင့် အဆက်အသွယ် ကင်းမဲ့နေသောကြောင့် လူမသိသူမသိ ၁၈ တန်း သရုပ်ဆောင်လေးတစ်ယောက်အဖြစ်မှ အဆင့်မြင့်တက်လာခြင်း မရှိပေ။ 


ပို၍ ကြေကွဲစရာကောင်းသည်မှာ မူလပိုင်ရှင်က သူ၏ အသက်မွေးဝမ်းကြောင်းအလုပ်ကို သေချာအောင်မြင်အောင် မလုပ်နိုင်သေးခင် မှားယွင်းသော လူကို ချစ်မိသွားခဲ့လေသည်။ ၎င်းက ဤဝတ္ထု၏ ဇာတ်လိုက် Gong ဖြစ်သော ချင်ဖန့်ထျန်း ဖြစ်သည်။ 


ချင်ဖန့်ထျန်းကို အချိန်အတော်ကြာအောင် တိတ်တခိုး ချစ်နေခဲ့ပြီးနောက် မူလပိုင်ရှင်သည် သူ့သူငယ်ချင်းများထံမှ ပိုက်ဆံချေးငှားကာ ဘရန်းနာမည်ရှိသည့် အဝတ်အစားများ၊ ဇိမ်ခံအသုံးအဆောင်များ ဝယ်ယူပြီးနောက် ၎င်းတို့ကို ဝတ်ဆင်သုံးစွဲကာ ရူးမိုက်စွာဖြင့် အမျိုးသားဇာတ်လိုက် Gong ကို ဝန်ခံရန် သွားခဲ့သည်။ 


သို့သော် လတ်တလောတွင် ဇာတ်လိုက် လျန်ယွီနှင့် ရန်ဖြစ်စကားများထားသော ချင်ဖန့်ထျန်းက အလွန် ဒေါသထွက်ကာ မူလပိုင်ရှင်ကို ငြင်းဆန်ရုံမျှမက လှောင်ပြောင်သရော်ကာ သိမ်ငယ်နစ်နာအောင် ပြောဆိုပြုမူခဲ့သည်။ 


မူလပိုင်ရှင်က အသည်းကွဲသွားပြီးနောက် သူက စိတ်ရှုပ်ထွေးသွားကာ ဇာတ်လိုက်ကို ထပ်တလဲလဲ ဒုက္ခပေးရန် ကြံစည်တော့သည်။ 


ထိုအပြုအမူများက ချင်ဖန့်ထျန်းအား အလွန်အမင်း ဒေါသထွက်သွားစေသည်။ ချင်မိသားစုက အနုပညာလောကတွင် ကျယ်ပြန့်သော အဆက်အသွယ်များ ရှိသည်။ ချင်ဖန့်ထျန်းက သူ့ အဆက်အသွယ်များကို သုံးကာ မူလပိုင်ရှင်အား ရိုက်ကူးရေးအဖွဲ့ထဲမှ ကန်ထုတ်ခဲ့သည်။ 


မူလပိုင်ရှင်က အနုပညာလောကထဲတွင် မထင်ရှားသူဖြစ်ပြီး ပစ်မှတ်ထားခံရပြီးနောက် သူ့တွင် ရိုက်ကူးစရာ မည်သည့် အလုပ်မှ မရှိတော့ဘဲ အနုပညာလောကမှ အနားယူရန် ဖိအားပေးခံရတော့သည်။ 


ယခုတွင် မူလပိုင်ရှင်က အနားယူရန် ဖိအားပေးခံရသည့် အဆင့်ထိ မရောက်သေးသော်လည်း ဇာတ်ကြောင်းက ပြီးပြည့်စုံရန် ဆက်သွားနေမည်ဖြစ်ရာ အ​မြောက်စာဇာတ်ကောင်အနေနှင့် သူ၏ အနားယူမှုက မကြာခင် ဖြစ်လာပေလိမ့်မည်။


သူနှင့် မူလပိုင်ရှင်က အတော်လေး တူညီပေသည်။ သူတို့နှစ်ယောက်လုံးက မိဘမဲ့များဖြစ်ပြီး အနုပညာလောကအတွင်း လှုပ်ရှားရုန်းကန်နေရကာ ဝမ်းနည်းစရာကောင်းလောက်သည့် အကြောင်းရင်းမျိုးနှင့် အနားယူကာ အဆုံးသတ်ကြရသည်။ 


သို့သော် သူက သူ့ခြေထောက်များ ဒုက္ခိတဖြစ်သွားရသောကြောင့် နောင်တတပွေ့တပိုက်နှင့် အနားယူလိုက်ရခြင်း ဖြစ်သည်။


သူ့တွင်သာ ကျန်းမာသည့် ခြေထောက်တစ်စုံရှိနေလျှင် သူ၏ အိပ်မက်များ အမှန်တကယ် ဖြစ်လာသည့်တိုင်အောင် ဆက်လက်၍ သရုပ်ဆောင်နေလိမ့်မည် ဖြစ်သည်။ 


ဟမ်... နေပါဦး! ချွီးဟယ်ချင်းက ရုတ်တရက် ထိတ်လန့်သွားပြီး စောင်ကို လှပ်ကာ ခုတင်ပေါ်မှ ဆင်းရန် ကြိုးစားလိုက်သည်။ အောက်ခံကြမ်းခင်းမှ အေးစက်သည့် ခံစားမှုက သူ့ခြေထောက်များမှတဆင့် ပျံ့နှံ့လာပြီး သူ့ကို ထိန်းမရနိုင်အောင် တုန်ယင်သွားစေသည်။ 


သူ မတ်တပ်မရပ်နိုင်တာ ဘယ်လောက်ကြာပြီလဲ။ သူသည် ယခင်က ထိုမေးခွန်းကို တွေးပင် မတွေးရဲခဲ့ချေ။ 


သို့သော် ယခုတွင် သူ့ခြေဖဝါးမှ တက်လာသည့် အေးစိမ့်မှုသော ခံစားချက်က သူ့ကို ပြောပြနေသည်မှာ သူက လမ်းလျှောက်နိုင်သည့်အပြင် ပြေးလည်း ပြေးနိုင်ပြီး ခုန်လည်း ခုန်နိုင်ပေသည်။ 


သူ၏ တောင်းဆုက အမှန်တကယ် ဖြစ်လာခဲ့ပြီး သူက အလွန့်အလွန် စိတ်လှုပ်ရှားနေခဲ့သည်။ သူက ပြတင်းပေါက်ရှိရာသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်၏။ 


ကြည်လင်သည့် ပြတင်းပေါက်မှ အစုလိုက်ဖြစ်နေသော သစ်ပင်များ၊ ဆော့ကစားနေသည့် ငှက်ကလေးများကို မြင်နေရပြီး အလွန် သက်ဝင်လှုပ်ရှားနေသည်။  


သူက မနေနိုင်တော့ဘဲ ပြတင်းပေါက်ကို ဖွင့်ကာ သူ့လက်ကို ဆန့်ထုတ်၍ လက်ချောင်းထိပ်လေးများကို ဖြတ်တိုက်သွားသည့် လေနုအေးကို ခံစားပျော်ရွှင်နေသော်လည်း သူ့နောက်ဘက်မှနေ၍ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ 


"ချွီးဟယ်ချင်း မင်း ပြတင်းပေါက်ကနေ ခုန်ချရဲရင် ငါ မင်းနဲ့အတူ သေပစ်မယ်။" 


စူးရှသည့် ထိုအော်သံက ဒေါသဖြစ်နေသည်ထက် ထိတ်လန့်တုန်လှုပ်နေသည်က ပိုပေသည်။ အစပိုင်းတွင် သူက ထိုသူနှင့် မူလပိုင်ရှင်ကြားတွင် ရန်ငြိုးတစ်ခုခု ရှိနေသည်ဟု တွေးလိုက်မိသော်လည်း လှည့်ကြည့်လိုက်သည့်အခါ ၎င်းက မူလပိုင်ရှင်၏ အေးဂျင့် လိန်ဖန်းဖန်း ဖြစ်နေလေသည်။ 


လိန်ဖန်းဖန်း၏ ပုံက အသက်ကြီးကြီး လူတစ်ယောက်နှင့် တူသည်။ သူက သုံးဆယ်အစောပိုင်းမျှသာ ရှိသေးသော်လည်း အသက်လေးဆယ် အရွယ်လောက်နှင့် တူနေသည်။ 


သူက ဇာတ်ညွှန်းရေးဆရာတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့သော်လည်း အလွန်ဆင်းရဲကာ စားသောက်ရန်ပင် အနိုင်နိုင်ဖြစ်ခဲ့ရသဖြင့် အလုပ်အကိုင်ကို ပြောင်းလဲကာ အေးဂျင့်တစ်ယောက် ဖြစ်လာခြင်း ဖြစ်သည်။ 


မူလပိုင်ရှင်က သုံးလေးနှစ်လောက် အနုပညာလောကအတွင်း ကျင်လည်ခဲ့သော်လည်း သူ့နာမည်ကို ကျော်ကြားအောင် မလုပ်နိုင်သေးပေ။ ထို့ပြင် သူက ဇာတ်လိုက်ကို ဆန့်ကျင်ခဲ့လေရာ သူ၏ မူလအေးဂျင့်က သူ့အား အလုပ်အား ကောင်းမွန်စွာ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်သော လိန်ဖန်းဖန်းဆီ ထိုးထည့်ပေးလိုက်ပြီး သူတို့ ခြေထောက်ပေါ် သူတို့ ရပ်တည်ရန် ပြောလိုက်သည်။ 


မူလပိုင်ရှင်က လိန်ဖန်းဖန်းအား တစ်ခါတွေ့ဆုံဖူးသည်ကို အမှတ်ရလိုက်ကာ ချွီးဟယ်ချင်းက သူ့ကို နှုတ်ဆက်လိုက်သည်။ "လောင်လိန် ဘာလို့ ဒီကို ရောက်လာတာလဲ။" 


လိန်ဖန်းဖန်းက အရပ်မရှည်သော်လည်း တောင့်တင်းသည့် ခန္ဓာကိုယ်ရှိသည်။ 


သူက ချွီးဟယ်ချင်းအား ပြတင်းပေါက်နားမှ ဆွဲခေါ်လာပြီး မပျော်မရွှင်နှင့် ပြောလိုက်သည်။ "မင်းက ငါရောက်လာမှ ပြတင်းပေါက်ကနေ ခုန်ချမလို့ လုပ်တာ။ မင်း ငါ့ကို အနိုင်ကျင့်ဖို့ စဥ်းစားနေတာလား။" 


ချွီးဟယ်ချင်းက ဤကဲ့သို့ အထင်လွဲခံရမည်ကို မထင်ထားသဖြင့် အလျင်အမြန် ရှင်းပြလိုက်သည်။ 


"လောင်လိန် ခင်ဗျား အထင်လွဲနေပြီ။ ကျွန်တော်က အရမ်း ပျော်တာကို။ ဘယ်လိုလုပ် သေချင်ပါ့မလဲ။" ချွီးဟယ်ချင်းက ပြောလိုက်သည်။ 


"ဟားဟား" လိန်ဖန်းဖန်းက မျက်ဆံကို လှိမ့်ရင်း ပြောလိုက်၏။ "မင်း ဘာလို့ ဆေးရုံရောက်လာလဲ သိရဲ့လား။ အရက်သောက်ပြီး သတ်သေလို့လေ။"


ချွီးဟယ်ချင်း : "......"  အဲဒီလိုကြီး မဟုတ်ပါဘူး။ ခင်ဗျား အရမ်း ပုံကြီးချဲ့လွန်းရာ ကျသွားပြီနော်။ 


"ငါ့ကို မယုံမကြည် မဖြစ်စမ်းနဲ့။" လိန်ဖန်းဖန်းက ဘေလ်စာရွက်တစ်ခုကို ထုတ်ယူကာ ပြောလိုက်သည်။ "ကိုယ့်ဘာသာကိုယ်ကြည့်။ တစ်ညတည်းနဲ့ ဒေါ်လာတစ်သောင်းကျော်လောက် ကုန်တဲ့ ဝိုင်တွေကို သောက်ပစ်တာလေ။ အဲဒီဘေလ်စာရွက်မှာ ရှင်းရှင်းကြီး ရေးထားတယ်။"


ဘေလ်စာရွက်ကို ကြည့်ပြီးနောက် ချွီးဟယ်ချင်းက အသံတိတ်သွားသည်။ 


မူလပိုင်ရှင်က အမှန်တကယ် လက်ဖွာ၍ အသုံးအဖြုန်းကြီးလွန်းသည်။ ဇိမ်ခံထုတ်ကုန် ပစ္စည်းများက ပိုက်ဆံနှင့် ပြန်လဲ၍ ရသည်။ အရက်ကို မည်သို့ ပြန်လဲရမည်နည်း။ 


အရေးကြီးဆုံးအရာမှာ သူ့တွင် ဘာမှ မရှိသော်လည်း အခြားသူများထံမှ ချေးငှားရဲပြီး သူက ပြန်ဆပ်ရန်အတွက် ဘယ်လိုလုပ်မလဲဆိုတာ မသိပေ။ 


သူ မျက်မှောင်ကြုတ်လိုက်သည်ကို မြင်သောအခါ လိန်ဖန်းဖန်းက နောက်ဆုံး၌ အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။ 


"မင်း အခု နောင်တရနေပြီလား။ အရင်က မင်း ဘာလုပ်နေတာလဲ။" လိန်ဖန်းဖန်းက ပြောလိုက်သည်။ 


ချွီးဟယ်ချင်းသည် မနေ့ကပင် သူ့တပည့်များကို သရုပ်ဆောင် သင်ပေးနေခဲ့သေးသည်။ သို့သော် ယနေ့တွင် ထိုအခြေအနေတစ်ခုလုံးက သူ့ခေါင်းပေါ် ပုံကျလာပြီး အကြွေးများက သူ့ဟာ ဖြစ်လာသည်။ 


မူလပိုင်ရှင်ကို ပိုက်ဆံ ချေးငှားပေးသည့် သူငယ်ချင်းများက ကောင်းမွန်သည်တော့ မဟုတ်ပေ။ သူ ပြန်မဆပ်နိုင်လျှင် တစ်ခုခု ကျိန်းသေ ဖြစ်လာလိမ့်မည် ဖြစ်သည်။


*********