အပိုင်း ၁၁၅-၁၁၆
Viewers 27k

Part 115


ဗုဒ္ဓဟူးနေ့တွင် အတန်းချိန်ရှိသည်။


နောက်တစ်ရက်သည် အပြည်ပြည်ဆိုင်ရာ အားလပ်ရက်ဖြစ်၏။


အားလပ်ရက်မတိုင်ခင်တွင် လျန့်ယင်းယင်းက ကျန်းဟွမ်အား မည်သည့်နေရာသို့သွားချင်ကြောင်းမေးလာတော့သည်။


ကျန်းဟွမ်၏မျက်နှာမှာ ပျက်ယွင်းသွား၏။


" မင်းရဲ့ညီအစ်မတွေနဲ့ပဲသွားပျော်လေ... ငါ့မှာ အလုပ်တွေရှိသေးတယ် " 


" ရှင်မသွားဘူးဆိုရင် ကျွန်မလည်း အိမ်မှာပဲ ရှင်နဲ့အတူနေပါ့မယ် "


" ငါ့မှာတွေးစရာတွေအများကြီးပဲ တစ်‌ယောက်တည်းနေချင်တယ် ... မင်းဘာသာမင်းသွားလိုက် "


ကျန်းဟွမ်မှာ သူမအား တမင်တကာပင် ငြင်းဆန်နေခြင်းဖြစ်ကြောင်း လျန့်ယင်းယင်းနားလည်လိုက်သည်။


ရှက်ရွံ့သွားသောလျန့်ယင်းယင်းက သူမ၏သူငယ်ချင်းများဖြင့်သာ အလည်အပတ်သွားရန် ဆုံးဖြတ်လိုက်တော့၏။


" သမီးတို့သုံးယောက် ဘယ်သွားမလဲ အဖေဘယ်ကိုလိုက်ပို့ပေးရမလဲ " ကျန်းဟွမ်က  ကျန်းယန်ရှန့်အားမေးလိုက်သည်။


" အဖေ့အချစ်ကလေးကို သွားချော့ဖို့ မလိုဘူးလား "


ကျန်းယန်ရှန့်က ဖန်ခွက်ကိုကိုင်လျက် ကျန်းဟွမ်အားမကြည့်ဘဲ ပြန်ဖြေသည်။


ထိုအခါ ကျန်းဟွမ်က ရှက်သွေး‌ဖြာနေသော မျက်နှာထားဖြင့်...


" သမီးနဲ့ဟယ်ဟယ်က အဖေ့အချစ်ကလေးတွေပဲလေ "


ကျန်းယန်ရှန့် လည်ချောင်းတစ်ဝက်မှ အချိုရည်အား ဆက်၍မျိုမချနိုင်တော့ပေ။


ကျန်းဟွမ်၏စကားကြောင့် အော့အန်ချင်စိတ်ပေါက်လာသည်။


ဖျော်ရည်အား အောင်မြင်စွာ မျိုချပြီးနောက်တွင် ကျန်းယန်ရှန့်က မတ်တပ်ထရပ်ပြီးပြောလိုက်သည်။


" သမီးမအားဘူး လုပ်စရာတွေရှိသေးတယ် "


" ဪ စီစဉ်ထားပြီးသားလား "


ကျန်းဟွမ်က အနည်းငယ် အားမလိုအားမရဖြစ်သွားပုံရ၏။


" ဘယ်တတ်နိုင်ပါ့မလဲ သုံးစရာပိုက်ဆံကျန်သေးလား... မလောက်ရင် အဖေ့ကိုပြောနော် "


အားလပ်ရက်သို့ရောက်သောအခါ ကျန်းဟွမ်နှင့် လျန့်ယင်းယင်းက နိုင်ငံခြားသို့ အပန်းဖြေခရီးထွက်သွားကြသည်။


" အဖေ ဒီမိသားစုမှာ ကလေးက လုံလုံလောက်လောက်ရှိပြီးသားနော် "


ကျန်းဟွမ်မထွက်ခွာမီတွင် ကျန်းယန်ရှန့်ကပြော၏။


" နောက်ထပ် မောင်တွေ ညီမတွေ ထပ်မလိုချင်တော့ဘူး အဖေ ဆင်ခြင်တာကောင်းလိမ့်မယ် "


ကျန်းယန်ရှန့် အသက်၁၅နှစ်အရွယ်တွင် လျန့်ယင်းယင်းကသာ ကျန်းဟွမ်၏အချစ်စစ်ဟူ၍ တုံးအစွာဖြင့် ကောက်ချက်ချခဲ့ဖူးသည်။


သို့သော်လည်း နောက်ပိုင်းတွင် ကျန်းဟွမ်က လျန့်ယင်းယင်းထက် ပိုမိုချောမောငယ်ရွယ်သည့်မိန်းမများဖြင့် တွဲခုတ်နေသည်ကိုသိခဲ့ရ၏။


လျန့်ယင်းယင်းသည် ကျန်းဟွမ်၏နှလုံးသားထဲသို့ တစ်ကြိမ်တစ်လေမျှ ဝင်ရောက်နိုင်ခြင်းမရှိခဲ့ပေ။

ကြက်ကန်းဆန်အိုးတိုးမိသွားခြင်းသာဖြစ်သည်။


လျန့်ယင်းယင်းသည် သားယောက်ျားလေးမွေးဖွားနိုင်ခဲ့ရုံသာမက တိုက်ဆိုင်စွာဖြင့် ကျန်းဟွမ်၏ဇနီးကပါ ကွယ်လွန်သွားသဖြင့် ဤနေရာအထိ ရောက်လာနိုင်ခြင်းဖြစ်သည်။


အပြင်တွင် ပွထနေသော ကျန်းဟွမ်၏ရောင်စုံအလံများကို လျန့်ယင်းယင်း ဂရုမစိုက်ပေ။

အိမ်၌ရှိသော သူမ၏အနီရောင်အလံ ကျဆုံးမသွားရန်ကိုသာ ဂရုထားသည်။


သို့သော်လည်းယခုဘဝတွင် ကျန်းယန်ရှန့်တစ်ယောက် ငယ်ငယ်ရွယ်ရွယ်နှင့် အသေခံမည်မဟုတ်တော့ပေ။


အေးချမ်းစွာနေထိုင်ချင်သောကြောင့် မောင်နှမအသစ်များထွက်ပေါ်လာမည့်အရေးကို တွေးပူနေရသည်။


သားဖြစ်သူ ကျန်းရှို့ချန်၏ကျရှုံးမှုအတိုင်းအတာအရ သူမသာကျန်းဟွမ်ဖြစ်ခဲ့လျှင် ကျန်းရှို့ချန်အားဖျက်ချပြီး အသစ်‌တစ်ယောက်သာ ထပ်မွေးလိုက်မည်။


" ဘာတွေ‌လာပြောနေတာလဲ "


ကျန်းဟွမ်က မျက်နှာထားကိုထိန်းမထားနိုင်တော့ဘဲ ရှက်သွေးဖြာလျက်ပြော၏။


" ဟယ်ဟယ်က ဘယ်‌က ရောက်လာတယ်ထင်လို့လဲ အဖေ့ဘာသာအဖေ အရမ်းတွေ စွမ်းဆောင်နိုင်တယ်ထင်နေတာမလား နံရံကိုတောင်ဖောက်သွားနိုင်တဲ့အထိလေ ...လုံးဝမသိပါဘူးလို့ပြောချင်နေရင် အဘွားရဲ့သားလုပ်မနေတော့နဲ့ .... သမီးအဘွားက မျက်နှာပျက်မခံနိုင်ဘူးတဲ့ "


သမီးအကြီးဆုံးဖြစ်သူမှာ မည်သည့်အချိန်မှစ၍ အသိဉာဏ်များ ကြွယ်ဝလာသည်ဖြစ်ကြောင်း ကျန်းဟွမ်မသိတော့ပေ။


ကျမ်းဟွမ်တစ်ယောက် ခေါင်းခဲသွားသည်။


ကလေးများက မိမိအား အမြင်မကြည်ဖြစ်နေသည့်အချိန်တွင် မည်သည့်နေရာမှရရှိလာကြောင်းမသိရသည့်ဗဟုသုတများ အမျိုးစုံအောင်ထွက်လာတတ်၏။


လျန့်ယင်းယင်းသည် ကျန်းဟယ်လင်းအား မည်ကဲ့သို့ကိုယ်ဝန်လွယ်ခဲ့ရသည်ကို ကျန်းဟွမ်က အချိန်အတော်ကြာ သံသယဝင်နေခဲ့ပြီး အမှန်တရားအား တစ်ကိုယ်တည်း အကြမ်းဖျင်းမှန်းဆထား၏။


 ထိုအချိန်က သူနှင့် ကျန်းယန်ရှန့်၏အမေဖြစ်သူမှာ ကျန်းမာရေးပြဿနာကြောင့် ဖြစ်ရိုးဖြစ်စဥ် အိမ်ထောင်မှုမျိုးမရှိခဲ့ပေ။


သူမသည် ကလေးထပ်မံမွေးပေးနိုင်မည်မဟုတ်တော့ဟု ကျန်းဟွမ်၏ဇနီးက ယူဆထားခဲ့သည်။


ထိုအချိန်တွင် လျန့်ယင်းယင်းက ကိုယ်ဝန်ရှိနေကြောင်း အသိပေးလာခဲ့၏။


သူမ၏နှလုံးသားထဲတွင် လျန့်ယင်းယင်း၏ကိုယ်ဝန်အား သားယောက်ျားလေးဖြစ်စေရန် မျှော်လင့်ခဲ့သည်။


ထို့ကြောင့် လျန့်ယင်းယင်းအား ကလေးမွေးဖွားရန် ခွင့်ပြုပေးခဲ့၏။


မိန်းကလေးမွေးဖွားလာခြင်းကြောင့် ကျန်းဟွမ်က အနည်းငယ်စိတ်ပျက်သွားခဲ့သည်။သို့သော်လည်း လျန့်ယင်းယင်းအား နောက်ထပ်တစ်ကြိမ် အခွင့်အရေးပေးခဲ့၏။ဤတစ်ကြိမ်တွင် ကံကောင်းထောက်မစွာဖြင့် ကျန်းရှို့ချန်မွေးဖွားလာခဲ့သည်။


သို့သော်လည်း ကျန်းဟွမ်သည် ဆယ့်ငါးနှစ်အရွယ်ကျန်းယန်ရှန့်အား ဤကိစ္စမျိုးနှင့်ပတ်သတ်၍  မည်သည့်အခါမှ ပွင့်လင်းမည်မဟုတ်ချေ။


ကျန်းဟွမ်က ပုခုံးကိုအနည်းငယ်မြှင့်တင်ပြီး အံကိုကြိတ်သည်။


" သမီးဘာတွေပြောနေမှန်း အဖေနားမလည်ဘူး

ကလေးက လူကြီးကိစ္စတွေကို မစိုးရိမ်ပါနဲ့... မုန့်ဖိုးကျန်သေးလား အဖေလွှဲပေးမယ် "


" အရမ်းရက်ရောတာပဲ အမွေတွေအကုန်လွှဲပေးရင်တော့ ပိုကောင်းတာပေါ့ " ကျန်းယန်ရှန့်က ပြောပြီးသည်နှင့် အခန်းသို့ပြန်လာခဲ့၏။


" ဘယ်လိုလုပ်ပြီး ဒီလိုမျိုးပြောနိုင်ရတာလဲ 

ဒီကလေးကတော့ ငယ်တာလား ကြီးတာလားတောင်မသိတော့ဘူး " 


ကျန်းဟွမ်က ညဉ်းညူပြီးနောက် ကျန်းယန်ရှန့်ကို လှမ်းပြောလိုက်သည်။


" အားလပ်ရက်ကျ မောင်လေးနဲ့ညီမလေးကိုကြည့်ပေးလိုက်ဦး ပစ်မထားနဲ့နော် အဖေက မုန့်ဖိုးပေးမယ် " 


ကျန်းယန်ရှန့်က ကျန်းဟွမ်အား စီစဉ်ထားသည်များရှိကြောင်းပြောခဲ့သည်မှာ လိမ်ညာခြင်းမဟုတ်ပေ။


သူမကိုယ်တိုင်စီစဉ်ထားသည့်အရာများ အမှန်တကယ်ရှိသည်။


အစောပိုင်းတွင် သူမတစ်ကိုယ်တည်းသာသွားရန် စီစဉ်ထားခဲ့သော်လည်း ကျန်းဟွမ်နှင့်လျန့်ယင်းယင်းတို့နှစ်ဦးစလုံး အိမ်တွင်မရှိကြပေ။

တာဝန်မကင်းသကဲ့သို့ခံစားရသည့်အတွက် ကျန်းဟယ်လင်းအား ‌အတူခေါ်သွားရန် ကျန်းယန်ရှန့် စဉ်စားခဲ့သည်။


သို့သော်လည်း ကျန်းရှို့ချန်ကိုသာ အိမ်တွင် တစ်ဦးတည်းထားခဲ့ပါက ကမ္ဘာမပျက်ရုံတမယ်ဖြစ်လိမ့်မည်။ကျန်းရှို့ချန်အား အန်တီများအားလုံးလက်မှိုင်ချထားရသည်ဖြစ်၏။အဆုံးသတ်တွင် အငယ်နှစ်ယောက်လုံးအား တစ်ပါတည်းခေါ်ဆောင်သွားရန်သာ ဆုံးဖြတ်လိုက်ရတော့သည်။


ကျန်းယန်ရှန့်က ကလေးနှစ်ယောက်အား

ကျန်းဟွမ်၏အမေဖြစ်သော သူမတို့၏အဘွားဆီသို့  ဆွဲခေါ်သွား၏။


အတိတ်ဘဝတွင် ကျန်းဟွမ်က ကျန်းယန်ရှန့်အား နှိမ့်ချသမျှကို အဘွားဖြစ်သူက မသိကျိုးကျွံပြုထားခဲ့သည်။


သို့သော် ကျန်းယန်ရှန့်သည် အမျိုးအဆွေများအား ပြုစုစောင့်ရှောက်ရန် မငြိုငြင်ခဲ့ပေ။


ဝမ်းကွဲအစ်မဖြစ်သူ ကျန်းချီကျော်ဖြတ်လာခဲ့သည်များအား ကျန်းယန်ရှန့်တွေ့မြင်ခဲ့ရသည်။


ကျန်းချီသည် လွန်စွာသိတတ်သည်။နှစ်သစ်ကူးပိတ်ရက်တိုင်း ဘိုးဘေးများအား အရိုအသေပြုလေ့ရှိ၏။ဘိုးဘွားများအား သူမ‌နှင့်အတူ ဗီလာ၌နေထိုင်စေသည်။ကမ်းခြေသို့ခေါ်ဆောင်သွားသည်။သူမ၏ဆွေမျိုးများအား အရောင်အသွေးစုံလင်သော အဝတ်အစားများဖြင့် အပန်းဖြေစေသည်။


ပြန်လည်ရရှိသည့်အကျိုးကျေးဇူးမှာလည်း ကြီးမားလွန်းလှသည်။


ကျန်းချီဘွဲ့ရပြီးနောက်တွင် အဘွားက သူမအားမွေးစားလိုက်ပြီး ကိုယ်တိုင်ကိုယ်ကျစီမံပေးတော့၏။


Xxxxxxx


Part 116


ကျန်းမိသားစုထဲ၌ သူမတွင်  " မိန်းမကောင်း " ဟူသည့် ခန့်မှန်း၍ပင်မရနိုင်သော အနေအထားတစ်ခုရှိသည်။


ဆွေမျိုးများ၏ စကားဝိုင်းတွင် ထိုအကြောင်းအား ပြောလာကြသည့် လူအချို့ကို ကျန်းယန်ရှန့်တွေ့ခဲ့ရသည်။


တစ်စုံတစ်ယောက်က မချိုမချဉ်လေသံဖြင့်ပြော၏။


" ဒါဆိုရင် မိသားစုကိစ္စမှန်သမျှကို ချီချီကပဲ ဦးဆောင်တော့မှာပေါ့ "


" မိသားစုထဲမှာ မြေးယောက်ျားလေးမရှိရင်တော့ ရှောင်လင်းပဲဖြစ်မှာပေါ့ "


" ရှောင်လင်းက သူ့အစ်မထက်ပိုငယ်တယ်လေ 

ချီချီကပဲ ဦးဆောင်သူဖြစ်မှာ ‌၂နှစ်စောမွေးရင် မွေးသလောက် ကွဲပြားသွားတာပဲ "


မည်မျှပင် မနာလိုဝန်တိုငြူစူကြပါစေ သူတို့၏နှလုံးသားတွင်း၌ဝယ် ကျန်းချီ၏ အနေအထားကို လက်သင့်ခံနိုင်ထားကြ၏။


စကားဝိုင်းအစအဆုံး ကျန်းဟွမ်၏ ကလေးသုံးယောက်အကြောင်းအား မည်သူကမျှ ထည့်သွင်းပြောကြားခြင်းမရှိခဲ့ပေ။ကျန်းဟွမ်သည် ဤအရေးနှင့်ပတ်သတ်၍ အမှန်တကယ်ပင် ကျဆုံးခဲ့ပြီဖြစ်သည်။


နောက်ပိုင်း၌ ကျန်းဟွမ်၏ဆံပင်များဖြူလာသည်မှာ အံ့ဩစရာမရှိပေ။


ပွဲတော်မတိုင်မီတွင် ကျန်းယန်ရှန့်က အဘွားဖြစ်သူအားဖုန်းဆက်ပြီး သူမလည်းတစ်နေရာရာသို့သွားချင်ကြောင်းပြောပြခဲ့သည်။


ထိုအခါအဘွားဖြစ်သူက ကျန်းယန်ရှန့်အား သူမ၏တောင်ပေါ်အိမ်သို့ အတူခေါ်သွားမည်ဟု ကတိပြုခဲ့သည်။


ကျန်းယန်ရှန့်၏အဘွား၌ တောင်ပေါ်အိမ်တစ်လုံးရှိသည်။


သူမသည် အသက်ကြီးပြီဖြစ်၍ ပွဲလမ်းသဘင်များအား မခုံမင်တတ်ပေ။


အားလပ်ရက်များ၌ ထိုအိမ်သို့သွားပြီး အပန်းဖြေလေ့ရှိ၏။


ကားဒရိုင်ဘာက ကျန်းယန်ရှန့်တို့မောင်နှမတစ်စုအား လိုက်ပို့ချိန်တွင် ကျန်းချီက အဘွား၏နံဘေး၌ ရပ်နေသည်။


ကျန်းယန်ရှန့်အလွန်တရာပင် အံ့ဩမိသည်။


သူမသည် လျန့်ယင်းယင်းအား မလိုမုန်းထားဖြစ်နေသည့်အချိန်တွင် ကျန်းချီက ဆက်ခံသူနေရာအားရရှိရန် ရေကုန်ရေခမ်းကြိုးစားအားထုတ်နေခဲ့သည်။


ကျန်းယန်ရှန့် ကျန်းချီအား စိတ်မပျက်နိုင်တော့ပေ။


အတိတ်ဘဝတွင် ကျန်းယန်ရှန့်သည် အမှိုက်သာသာအဆင့်ရှိသည့် ပြန်မပြောနားမထောင်လူစားမျိုးဖြစ်ခဲ့သည်။


သို့သော်လည်း ယခုဘဝ၌သူမသည် ၁၅နှစ်အရွယ်သာရှိသေး၏။ကြိုတင်မှန်းဆ၍ပြောရန် အချိန်စောလွန်းသေးသည်။ယခုဘဝ၌ သူမလျန့်ယင်းယင်းအား အာရုံထားတော့မည်မဟုတ်ပေ။


သို့ရာတွင် ကျန်းဟွမ်ကိုလည်း ကူညီစောင့်ရှောက်သူဟူ၍ မသတ်မှတ်ခဲ့ဖူးချေ။ခြုံငုံကြည့်ပါက အဘွားဖြစ်သူကသာ ကျန်းယန်ရှန့်၏ အားထားရာဖြစ်သည်။သူမ၏ကိုယ်ပိုင်အနာဂါတ်အတွက် လမ်းဖောက်ရတော့မည်ဖြစ်သည်။


သူမနှင့်ကျန်းမိသားစု၌ အာဏာအရှိဆုံးသူသည် 

အတိတ်ဘဝမှာကဲ့သို့ ကွဲကွာနေမည်မဟုတ်တော့ပေ။


ကျန်းယန်ရှန့်က မောင်နှမနှစ်ယောက်အား တစ်ပါတည်းခေါ်ဆောင်လာသည်ကိုမြင်သောအခါ အဘွားက အံ့ဩသွားသည်။


သို့သော် စကားစလာသူမှာ ကျန်းချီဖြစ်၏။


" ဒီကလေးနှစ်ယောက်ကို ဘာလို့ခေါ်လာတာလဲ "


ကျန်းချီသည် စိတ်မကြည်ဖြစ်နေပုံရသော်လည်း သိမ်မွေ့သောလေသံဖြင့်သာပြောသည်။


" အဘွားက ဒီမှာအနားယူမှာလေ ဒီကလေးနှစ်ယောက်က ငြိမ်ငြိမ်နေနိုင်ကြပါ့မလား "


" သမီးအဖေနဲ့ သူတို့အမေက နိုင်ငံခြားကိုထွက်သွားတယ်သူတို့ကိုအိမ်မှာထားခဲ့ရမှာစိတ်မချလို့ပါ 


အန်တီတွေလည်းဝန်ပိမှာစိုးလို့ အဲ့ဒါကြောင့် သူတို့ကိုပါ ခေါ်လာခဲ့တာပါ " ကျန်းယန်ရှန့်က အဘွားဖြစ်သူအား ရှင်းပြသည်။


" ဟုတ်ပါတယ် သူတို့ကစိတ်မချရဘူး အန်တီတွေလည်း ထိန်းလို့နိုင်မှာမဟုတ်ဘူး "


အဘွားဖြစ်သူက ခေါင်းငြိမ့်လျက်ထောက်ခံသည်။


" အစ်မရေစိတ်မပူနဲ့နော် တုတ်ကောက်လာခဲ့တယ် "


ကျန်းယန်ရှန့်က ကျန်းချီအား ဟာသနှော၍ပြောသည်။


ပြောရင်းဆိုရင်းပင် ကျန်းယန်ရှန့်က ကျန်းရှို့ချန်၏ငယ်ထိပ်အား သူမ၏လက်ဖဝါးဖြင့်အုပ်မိုးလိုက်၏။


" ကျန်းရှို့ချန်ရေ နားလည်တယ်ဟုတ်... "


ကျန်းယန်ရှန့်၏လေသံကြောင့် ကျန်းရှို့ချန်၏မျက်နှာမှာ ဇီးရွက်လောက်သာကျန်တော့သည်။


" သား ပြဿနာမရှာပါဘူး " ကျန်းရှို့ချန်က မျက်နှာငယ်လေးဖြင့်ပြော၏။


" သမီးလည်းသူ့ကို ထိန်းမှာပါ ! " ကျန်းဟယ်လင်းကပါ အားတက်သရော ဝင်ပြောသည်။


အဘွားကအံ့အားသင့်သွား၏။


" ဒါငါတို့ရဲ့ရှို့ရှို့လေးလား ချောလာတာများကြည့်ပါဦး အဘွားက တစ်ခြားအိမ်က ကလေးထင်နေတာ "


ကျန်းရှို့ချန်၏မျက်နှာထားမှာ ပုတ်သိုးနေပြီး နှုတ်ခမ်းက အရှေ့သို့တစ်မိုင်လောက်စူထွက်နေပြီဖြစ်သည်။


ကျန်းဟယ်လင်းက ပါးစပ်ကိုလက်ဖြင့်ပိတ်ပြီး ကြိတ်ရယ်သည်။


အဘွားက ကျန်းဟယ်လင်းကို ပွေ့ဖက်လိုက်သည်။


" ငါတို့ဟယ်ဟယ်လည်း အတော်ကြီးလာတယ်

အခုတော့ အစ်မနဲ့ပိုတူသွားပြီ "


ကျန်းဟယ်လင်းအား ပြုံးပြလျက်စကားပြောနေချိန်တွင် စိတ်သက်သာရာရသွားသော ကျန်းယန်ရှန့်၏ပုံစံအား အဘွားဖြစ်သူမြင်လိုက်ရ၏။


ယန်ယန်သည် အမှန်တကယ်ကြီးပြင်းလာခဲ့ပြီး အစ်မအကြီးဆုံးတစ်ယောက်၏ အငွေ့အသက်ရှိသည်။


ကျန်းချီက အချိန်ကိုက်ပင် ကြားဖြတ်ပြောသည်။


" ယန်ယန်က တွေးတတ်သားပဲ ရှောင်လင်းကလည်း လိုက်ချင်ပါတယ်တကျီကျီလုပ်နေတာလေ တွေးကြည့်လိုက်တော့ အဲ့မျောက်လောင်းက ငြိမ်ငြိမ်နေမှာမဟုတ်ဘူး ရန်ပတ်ဖြစ်နေမှာမလို့ အိမ်မှာထားခဲ့တာ  ရှို့ရှို့သာပါလာမယ်မှန်းသိရင် သူ့ကိုလည်းခေါ်ခဲ့ပါတယ် "


၁၅နှစ်အရွယ်ကျန်းယန်ရှန့်မှာ နားလည်ချင်မှနားလည်လိမ့်မည်။


သို့သော် ၂၁နှစ်အရွယ်ကျန်းယန်ရှန့်မှာမူ လူမှုဘဝပတ်ဝန်းကျင်၌ ကျင်လည်ပြီးဖြစ်သည်။


လက်ဖက်ရည်ကြမ်းနှင့်ပဒုမ္မာကြာပွင့်ဖတ်ကဲ့သို့သောလူပေါင်းမျိုးစုံနှင့် သူမကြုံဆုံဆက်ဆံဖူးသည်။လက်ဖက်ရည်ဓလေ့ကဲ့သို့သိမ်မွေ့သော အပေါ်ယံသကာရည်လောင်းထားသည့်သူမျိုးများအကြောင်း ကျန်းယန်ရှန့် နောကြေနေပြီဖြစ်၏။


ကျန်းချီမှ ထိုစကားပြောလိုက်သည့်အချိန်တွင် ကျန်းယန်ရှန့်၏နှာခေါင်းထဲသို့ လက်ဖက်ရည်ကြမ်းရနံ့က တိုးဝင်လာတော့သည်။


သူမတို့နှစ်ယောက်နောက်ဆုံးအကြိမ်တွေ့ကြသည့်အချိန်၌ပင် ကျန်းချီထံမှ ပြိုင်ဆိုင်လိုစိတ်ပြင်းပြမှုနှင့် သူမအား မသိမသာနှိမ်ချမှုတို့ကို ကျန်းယန်ရှန့်သတိပြုမိခဲ့သည်။ 


သို့သော်လည်း ကျန်းချီထံမှ မျက်နှာချိုသွေးသည့်စကားများကို ကြားလိုက်ရချိန်တွင် ကျန်းယန်ရှန့်၏ ကျန်းချီအပေါ်လေးစားမှုတို့မှာ တစ်ဆင့်နိမ့်ကျသွားတော့၏။


အတိတ်ဘဝတွင် ပညာရေး၌ထူးချွန်ပြီး ဆွေမျိုးများထံမှအရေးပေးခြင်းခံရလျက် အခြားသူများအား မနာလိုဝန်တိုစိတ်ဖြစ်ပေါ်စေသူကျန်းချီသည် အဝေးကကြည့်မှသာ ပေါ်လွင်နိုင်သည့် အလှတရားတစ်ခုဖြစ်ချေမည်။


သို့သော် ကျန်းယန်ရှန့်က အာရုံမထားခဲ့ပေ။


ကျန်းချီထံမှစကားလုံးများ၏ဆိုလိုရင်းကို ကျန်းယန်ရှန့်ကြားနိုင်သည်။


ဘဝတစ်လျှောက်လုံး သန်မာသောမိန်းမသားတစ်ယောက်ဖြစ်ခဲ့သည့် အဘွားဖြစ်သူလည်း ထိုဆိုလိုရင်းကို အကဲခတ်နိုင်ပါမည်လော။


ပြန်လည်မွေးဖွားချိန်၌ သူမသည် ကျန်းဟွမ်၏ပုံစံအစစ်အမှန်အား တစ်ကြိမ်တစ်လေမျှ နားလည်နိုင်ခဲ့ခြင်းမရှိကြောင်း ကျန်းယန်ရှန့်သဘောပေါက်ခဲ့သည်။


ထို့ကြောင့် လူတိုင်းအား အသစ်တစ်တဖန်ပြန်လည် အကဲခတ်ရန်ကြိုးစားခဲ့၏။


တုံးအလျက် တစ်စွတ်ထိုးဆန်ခဲ့သည့်အချိန်များ၌ သူမသည် လူတိုင်းအား အနုတ်သဘောဆောင်သည့်အမြင်ဖြင့်သာ ကြည့်နိုင်ခဲ့သည်။


အဘွားက အခြေအနေအား နားလည်သဘောပေါက်သည်မှာ သေချာ၏။


" ကိစ္စမရှိပါဘူးကွယ် အဘွားက ဆူညံတာတွေနဲ့ပတ်သတ်ပြီး ထိရှမလွယ်ပါဘူး အဘွားမြေးတွေက ကောင်းချီးတွေပဲလေ တခြားသူတွေနဲ့အစားထိုးလို့မရတဲ့ မြေးငါးယောက်ပဲ " အဘွားက ကျန်းချီ၏နောက်ကျောအား ခပ်ဖွဖွပုတ်လျက်ပြောသည်။


ကျန်းချီမှာ အနည်းငယ်စိတ်ပျက်သွားပုံရသော်လည်း အမူအရာကို ချက်ချင်းထိန်းလိုက်နိုင်သည်။ထို့နောက်အဘွားနှင့်စကားလက်ဆုံကျကာ ရယ်မောနေတော့၏။


ကျန်းယန်ရှန့်သည် ဘေးမှတည်ငြိမ်စွာဖြင့်စောင့်ကြည့်နေလိုက်သည်။ သူမ၏မျက်လုံးများထဲ၌ ဝမ်းကွဲအစ်မ၏သရုပ်မှန်မှာ တစ်လွှာချင်းကွာကျလျက်ရှိနေသည်။


Xxxxxxxxx


Xxxx