အပိုင်း ၁၁၇-၁၁၈
Viewers 22k

Part 117


တောင်ပေါ်တွင် အလွန်ပျော်စရာကောင်းလှသည်။

ကျန်းယန်ရှန့်တွေးထင်ထားသကဲ့သို့မဟုတ်ပေ။


အဘွားကျန်း၏နေအိမ်မှာ တောင်ပေါ်လမ်းတစ်ဝက်၌ တည်ရှိသည်။အိမ်၏အထက်တွင် တောင်တန်းများရှိပြီးအောက်သို့ကြည့်လိုက်ပါကလည်း မြူခိုးများကြားတွင်ဖုံးလွှမ်းနေသော ရွာငယ်ကလေးများကိုတွေ့ရသေးသည်။


လေနုသွေးသည် လတ်ဆတ်ရုံသာမက ဆောင်းဦးရာသီအငွေ့အသက်က သစ်တောနှင့် တောင်တန်းများကြားတွင် ဖုံးလွှမ်းနေ၏။


ထိုမျှသာမက အသီးအနှံများကလည်း ပေါများသေးသည်။


အနောက်ဘက်တောင်ကုန်း၌ ရေတံခွန်နှင့် ရေကန်များစွာရှိသည်။ထိုနေရာများအား အဘွားကျန်းက စရိတ်ခံကာ ပြုပြင်မွမ်းမံထားခြင်းဖြစ်၏။

ဤနေရာရှိမြေများအား အသုံးပြုခွင့်ကို အဘွားကျန်းကဝယ်ယူထားသည်။မြေဝယ်ယူရသည့်အကြောင်းရင်းမှာ အခြားသူများကဲ့သို့ စိုက်ပျိုးရေးလုပ်ရန်မဟုတ်ပေ။တိတ်ဆိတ်သောပတ်ဝန်းကျင်အား ခုံမင်၍သာဖြစ်သည်။


ဥပမာဆိုရသော် အနောက်ဘက်တောင်ကုန်းရှိရေကန်သည် ပြုပြင်မွမ်းမံပြီးနောက်တွင် အဘွားကျန်း၏အပန်းဖြေအိမ်နှင့်သက်ဆိုင်သော သီးသန့်နေရာဖြစ်လာခဲ့သည်။


ဤနေရာသည် မြို့ထဲရှိ အိမ်တွင်းရေကူးကန်များထက် အဆများစွာသာလွန်၏။


ဆောင်းဦးဝင်စဖြစ်၍  အပူအချိန်အသင့်အတင့်ရှိသည့်နေ့ခင်းဘက်တွင်သာ ရေဆော့ကစားနိုင်သည်။


သို့သော်လည်း ကျန်းရှို့ချန်မှာတော့ အူးမြူးနေဆဲသာဖြစ်၏။ရှို့ချန်သည် သစ်ပင်များပေါ်သို့တွယ်တက်သည်။အကောင်ပလောင်များနှင့်ဆော့သည်။

သစ်သီးများခူးသည်။ထိုမျှသာမက တောင်ပေါ်ရှိရွံ့ဗွက်အိုင်များထဲ၌ ပေတူးချာလန်နေအောင် ဆော့တတ်သည်။


ကျန်းရှို့ချန်မှာ ပျော်ရွှင်စွာဆော့ကစားနေခဲ့ပြီး အမှန်တကယ်ပင် ပြဿနာရှာခြင်းမရှိခဲ့ပေ။


လူကြီးများမှာ ကျန်းရှို့ချန်အား အစာစားခိုင်းပြီး အိမ်စာလုပ်ရန်သတိပေးရုံသာရှိသည်။


ရက်အနည်းငယ်ကြာစောင့်ကြည့်ပြီးနောက် အဘွားကျန်းမှာ အံ့ဩသွား‌၏။


လျန့်ယင်းယင်းသည် ကျန်းဟွမ်၏နေအိမ်တွင် နှစ်အတော်ကြာနေထိုင်ခဲ့ပြီးသော်လည်း အဘွားကျန်းက ထိုကလေးများအား သူမ၏မြေးအရင်းများအဖြစ် သတ်မှတ်ထားခြင်းမရှိသောကြောင့် ကလေးနှစ်ယောက်ဖြင့် မရင်းနှီးခဲ့ချေ။


တစ်ဦးမှာ လူကြောက်တတ်ပြီး အခြားတစ်ဦးမှာ ကြည့်ရုံဖြင့်ပင် ဉာဏ်ရည်မထက်ကြောင်းသိသာနေခဲ့၏။


မတွေ့ဖြစ်ကြသည့် အချိန်အတောအတွင်း၌ ကလေးများမှာ လွန်စွာပြောင်းလဲသွားကြသည်။


ကျန်းရှို့ချန်သည် နာခံတတ်လာပြီး ကျန်းဟယ်လင်း၏စကားကို နားထောင်၏။


" ဟယ်ဟယ် ဒီကိုလာပါဦး" တောင်ပေါ်၌လမ်းလျှောက်နေစဉ်တွင် အဘွားကျန်းက ကျန်းဟယ်လင်းအား လက်ယပ်ခေါ်လိုက်သည်။


" အဘွားကိုပြောပြပါဦး... မောင်လေးကို ဘယ်လိုလုပ်ပြီးတော့ အခုလို စကားနားထောင်တတ်အောင် သင်ပေးလိုက်တာလဲ " အဘွားကျန်းက မေး၏။


ကျန်းဟယ်လင်းသည် နေကာဦးထုပ်ကိုဝတ်ဆင်ထားပြီး သူမ၏လက်ထဲတွင် အင်းဆက်ဖမ်းသည့်တုတ်တံတစ်ခုအား ကိုင်ဆောင်ထားသည်။


" အစ်မက ထိန်းခိုင်းထားတာပါ စကားနားမထောင်ဘဲ ဂလန်ကဆန်လုပ်ရင် အစ်မကသူ့ကိုရိုက်မှာလေ ကျန်းရှို့ချန်က အစ်မကိုအကြောက်ဆုံးပဲ "


ကျန်းဟယ်လင်းပြောပြသည့် ကျန်းယန်ရှန့်မှကျန်းရှို့ချန်အားရိုက်ရသည့်အကြောင်းအရင်းကို အဘွားကျန်းက စိတ်ဝင်တစား‌နားထောင်နေသည်။


" ရိုက်သင့်တာပေါ့ ဒါကတော့ ! "


ဇာတ်ကြောင်းပြီးဆုံးသည်နှင့် အကြောင်းအရာတွင် နစ်ဝင်သွားသည့် အဘွားကျန်းက အားတက်သရောတုံ့ပြန်သည်။


ကျန်းဟယ်လင်းက ပါးစပ်ကိုလက်ဖြင့်ပိတ်ပြီး ကြိတ်ရယ်၏။


အရယ်လွန်သဖြင့် ကျန်းဟယ်လင်း၏ မျက်ခုံးများပင် တွန့်ချိုးကုန်ပြီဖြစ်သည်။


အဘွားကျန်း၏မျက်လုံးထဲတွင် ကျန်းဟယ်လင်းမှာ ယခင်ကထက် ပိုမိုချစ်စရာကောင်းလာ၏။


" သွား သွား ဆော့‌ချေ... "  အဘွားကျန်းက ကျန်းဟယ်လင်း၏ ခေါင်းအား ခပ်ဖွဖွပုတ်လျက် ပြောသည်။


" မမရေ ! မမ !  လာပါဦးဗျ အစိမ်းရောင်ပိုးကောင်ကြီးးး ! " 


တစ်ချိန်တည်း၌ပင် ကျန်းရှို့ချန်၏ အော်သံက ထွက်ပေါ်လာ၏။


" လာ‌ပြီ လာပြီ သတ်မပစ်နဲ့နော် "


ကျန်းဟယ်လင်းက တုတ်တံကိုကိုင်ပြီး ကျန်းရှို့ချန်ရှိရာသို့ တစ်ချိုးတည်းပြေးတော့သည်။


မြေးသုံးယောက်စလုံးမှာ ကောင်းစွာကြီးပြင်းလာကြ၏။ကလေးများနှင့် လက်ပွန်းတတီးမနေခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သော အဘွားကျန်းသည် သူမ၏အပြုံးများအား မထိန်းချုပ်နိုင်တော့ပေ။


ကျန်းချီက အဘွားကျန်းရှိရာသို့လျောက်လာသည့်

အချိန်တွင် အငယ်နှစ်ယောက်မှာ မြေကြီးပေါ်၌လူးလှိမ့်နေပြီး တစ်ယောက်နှင့်တစ်ယောက် ပိုးကောင်ဖြင့်တို့လျက် စနောက်နေကြ၏။


ခပ်လှမ်းလှမ်း၌ ထိုမျောက်လောင်းနှစ်ကောင်အား ခါးထောက်လျက် စိုက်ကြည့်နေသော ကျန်းယန်ရှန့်ရှိသည်။


" ယန်ယန်ဒီကိုလာတာက အရိုအသေပြုဖို့လို့ထင်နေတာ အခုတော့ အငယ်နှစ်ယောက်ကိုထိန်းပြီး အဘွားနဲ့စကားပြောဖို့တောင်အချိန်မရှိဘူးပဲ " ကျန်းချီက ရယ်လျက်ပြောသည်။


အဘွားကျန်းက ညင်သားစွာ ပြုံးလိုက်သည်။


" သူက အစ်မအကြီးဆုံးလေ ကလေးတွေဂရုစိုက်ပေးတာက ဖြစ်သင့်တာပေါ့ ဒါကသူ့ဝတ္တရားပဲလေ "


အဘွားကျန်း၏စကားအဆုံးတွင် ကျန်းယန်ရှန့်က သူမတို့နှစ်ဦးဆီသို့ ဦးတည်လာနေ၏။


" အဘွား ပင်ပန်းနေပြီလား ပင်ပန်းရင်ပြန်တော့နော် သူတို့က ဆော့လို့မဝကြသေးဘူး " ကျန်းယန်ရှန့်က ပြောသည်။


" ငါ့ကိုလျှော့မတွက်စမ်းပါနဲ့ " အဘွားကျန်းက စိတ်မရှည်စွာပြန်ဖြေ၏။


" ဒီလမ်းလောက်ကတော့ ချွေးတောင်မပြန်ဘဲ လျှောက်နိုင်တယ် "


" အဘွားကိုစောင့်ရှောက်ဖို့ငါရှိတာပဲ

ကလေးတွေကိုသာ သွားစောင့်ပါ လျှောက်မသွားဖို့ပြောလိုက်ဦး တောတောင်တွေက အန္တရာယ်များတယ် " ကျန်းချီက ကျန်းယန်ရှန့်အားပြောလိုက်သည်။


" ကိစ္စမရှိဘူး ဟိုမှာသွားထိုင်ကြရအောင် " အဘွားကျန်းက သူတို့နှင့်မလှမ်းမကမ်း၌ရှိသော သစ်ပင်အောက်မှ ခုံတန်းအား ညွှန်ပြ၏။


" ကလေးတွေကိုအတူတူစောင့်ကြတာပေါ့ "


ကျန်းယန်ရှန်တို့သုံးယောက်သား ခုံတန်းဆီသို့ ဦးတည်လိုက်ကြသည်။


ခုံတန်းမှာ ကျန်းရှို့ချန်တို့ဆော့ကစားနေသောနေရာမှ မနီးမဝေးတွင်ရှိသည်။


ထိုနေရာမှ ကျန်းရှို့ချန်တို့ကစားနေသည်ကို မြင်နိုင်ရုံသာမက အသံများကိုပင် ရှင်းလင်းပြတ်သားစွာကြားနိုင်သေး၏။


ကျန်းရှို့ချန်က အစိမ်းရင့်ရောင်တုတ်ကောင်ကြီးအား ကင်ချင်နေသည်။


ကျန်းဟယ်လင်းက အလွန်ရက်စက်သည်ဟုခံစားရသဖြင့် ကျန်းရှို့ချန်အား တားနေ၏။


ကျန်းမောင်နှမက အာခေါင်ခြစ်၍ ငြင်းခုံနေကြသည်။


ခုံတန်း၌မထိုင်မီတွင် ကျန်းချီက စကားစလာ၏။


" ယန်ယန် ကျောင်းမှာဘယ်လိုနေလဲ အတန်းပြောင်းရမယ်လို့ထင်လား "


ဤအကြောင်းအရာအား အဘွားကျန်းကလည်း စိတ်ဝင်စားသည်။


" ဟုတ်တယ် ရီအထက်တန်းကျောင်းက ဘယ်လိုနေလဲ " အဘွားကျန်းက ဝင်မေး၏။


" ကျောင်းက အရမ်းကောင်းပါတယ် သမီးကသာ မဟုတ်တာ " ကျန်းယန်ရှန့်က ရိုးရိုးသားသားပင် ဝန်ခံသည်။


" လပတ်စာမေးပွဲအဆင့်က ဆိုးတယ် နောက်ဆုံးတော့မဟုတ်‌ပေမဲ့ အဆင့်က မကောင်းဘူး မကြိုးစားရင်တော့ ကျောင်းထုတ်ခံရတော့မှာ "


မာနထောင်လွှားမှုနှင့် ရှုတ်ချမှုတို့က ကျန်းချီ၏မျက်နှာတွင် အထင်းသားပေါ်လာခဲ့သည်။


အဘွားကျန်းက ရယ်မောပြီး ကျန်ယန်ရှန့်၏ကျောပြင်အား ခပ်ဖွဖွပုတ်ပေးသည်။


" မလုပ်နိုင်တဲ့အရာဆိုရင်တော့ မလုပ်နိုင်ကြောင်း အသေအချာသိမှာပါကွယ် အောင်မြင်မှုနဲ့ အရာရာကိုမဆုံးဖြတ်နိုင်ပါဘူး ကောင်းကောင်းကြိုးစားခဲ့တယ်ဆိုရင်ကိုပဲ လုံလောက်နေပါပြီ "


" ဒီလိုဆိုပေမဲ့လည်း ကျောင်းမှာတော့ အရာအားလုံးကို အဆင့်နဲ့ပဲတိုင်းတာတယ် သမီးတို့ကျောင်းမှာ ေတာ်တဲ့ ကျောင်းသားတွေအများကြီးပဲ...သမီးသူငယ်ချင်းတစ်ယောက်ဆို မှတ်စုရေးတာကအစ ပုံနှိပ်စာအတိုင်းပဲ ... ဒါပေမဲ့ ယောက်ျားလေးနော်...သမီးလိုလူမျိုးက ကိုယ်ပိုင်ကျောင်းကိုသွားရင် အပျင်းတစ်ပြီးတော့ ဘာမှသင်ယူနိုင်မယ်မထင်ဘူး ပတ်ဝန်းကျင်ကိုက စိတ်ဖိစီးစရာကောင်းပြီးတော့ အားလုံးကလည်း စာကိုအရူးအမူးလုပ်နေကြတာဆိုတော့လေ ...

အဲ့လိုကြီးကျတော့ သမီးအတွက် အဆင်မပြေဘူးရယ် "


" လူမှုအဖွဲ့အစည်းမှန်သမျှမှာ အားနည်းချက်နဲ့ အားသာချက်တွေက ဒွန်တွဲနေတတ်တာပါပဲ " အဘွားကျန်းကပြောသည်။


" အဘွားဆိုရင် သားသမီးတွေကို ဘယ်တော့မှ ကိုယ်ပိုင်ကျောင်းမထားဘူး အဘွားတို့တိုင်းပြည်က အခြေခံပညာရေးခိုင်တယ် အကောင်းဆုံးသင်ကြားရေးကို အစိုးရကျောင်းတွေမှာပဲ ရနိုင်တာ အနာဂါတ်မှာ နိုင်ငံခြားထွက်ချင်ရင် အခြေခံပိုင်ဖို့က အရေးကြီးတယ် တခြားဟာတွေဘာမှမလိုဘူး "


အဘွားကျန်း ထိုစကားပြောသည့်အချိန်တွင် 

ကျန်းချီ၏ သက်တောင့်သက်သာမဖြစ်မှုတို့အား ကျန်းယန်ရှန့်အတိုင်းသား ခံစားမိနေသည်။


Xxxxxx


Part 118


ကျန်းချီသည် ကျန်းမိသားစု၏မြေးဦးဖြစ်သည့်အလျောက် သူမမွေးဖွားပြီးနောက်တွင် အဘွားကျန်းက လွန်စွာအရေးပေးခဲ့၏။


အဘွားကျန်း၏ ကြပ်မတ်မှုအရ သူမသည် အစိုးရကျောင်းသို့ သွားခဲ့ရသည်။


သို့သော်လည်း ကျန်းယန်ရှန့်၏အဒေါ်ဖြစ်သူ(ကျန်းချီအမေ)က ဘဝင်မကျပေ။ပေါ်ပေါ်ထင်ထင်ကန့်ကွက်ခြင်းမပြုခဲ့သော်လည်း ဆိတ်ကွယ်ရာတွင် အလိုမကျမှုတို့က ကြီးစိုးခဲ့သည်။


အဘွားကျန်းက အခြေအနေအမှန်အား ရိပ်မိခဲ့သည်။ထို့ကြောင့် မြေးယောက်ျား‌လေးဖြစ်သည့် ကျန်းလင်း၏ အရေးကိစ္စများ၌ ဝင်ရောက်စွက်ဖက်ခြင်းမပြုတော့ချေ။


ထိုအခါကျန်းယန်ရှန့်၏အဒေါ်ဖြစ်သူတောင့်တသည့်ဆန္ဒမှာ ပြည့်ဝသွားပြီး ကျန်းလင်းအား ကိုယ်ပိုင်ကျောင်းသို့ ပို့လိုက်သည်။


တစ်ဖက်၌လည်း အဘွားကျန်းသည် ကျန်းယန်ရှန့်၏အမေဖြစ်သူအပေါ်သို့ ပို၍မှီခိုအားထားလာခဲ့၏။


ကျန်းချီနှင့်ကျန်းလင်းတို့မောင်နှမအား ယခင်ကဲ့သို့ စိတ်နှစ်ခြင်းမရှိတော့ပေ။မေတ္တာတရားနှင့် စိုးရိမ်စိတ်တို့မှာလည်း တစ်ပါတည်း လျော့နည်းလာခဲ့သည်။


ထိုအခါ ကျန်းချီ၏အမေဖြစ်သူမှာ စိုးရိမ်စိတ်လွန်ကဲပြီး ကျန်းလင်းအား အစိုးရကျောင်းသို့ပြန်ပို့ရန် ခင်ပွန်းဖြစ်သူနှင့်တိုင်ပင်တော့၏။


အဘွားကျန်းမှ ဖြစ်ကြောင်းကုန်စင်အား သိရှိသွားသောအခါ ကျန်းယန်ရှန့်၏ဦးလေးအားခေါ်၍ ဆူ‌ပူတော့သည်။


" လမ်း‌ရွေးပြီးသွားရင် ဆက်သွားဖို့ပဲရှိတော့တယ် ပြန်လှည့်ချင်လို့မရဘူး ကလေးကိုဘာလို့စိတ်ရှုပ်အောင်လုပ်နေတာလဲ... ရှောင်လင်းလည်း ကိုယ်ပိုင်ကျောင်းမှာ နေသားကျနေပြီ အစိုးရကျောင်းပို့တာနဲ့ အကုန်အဆင်ပြေသွားမှာတဲ့လား "


ထိုကိစ္စမှာ ပြီးဆုံးခဲ့ပြီဖြစ်သည်။


သို့သော်လည်း ကျန်းချီ၏အမေဖြစ်သူက အဘွားကျန်းမှာ ကျောသားရင်သားခွဲခြားမှုရှိနေပြီး နောင်တစ်ချိန်အမွေခွဲဝေကြသည့်အချိန်တွင် မိသားစုပြိုကွဲမည်ကို စိုးရိမ်သည်ဟူ၍ ညဉ်းညူပြနေခဲ့သည်။


ကျန်းချီငယ်စဉ်ကပင် အမေဖြစ်သူ၏ ညဉ်းညူမှုတို့်အား အတိုင်းသားကြားလာရပြီး နောက်ဆုံး၌မူ ကျန်းယန်ရှန့်အား သူမ၏ ပြိုင်ဘက်အနေဖြင့် သတ်မှတ်ထားလိုက်တော့သည်။


ကျန်းချီငယ်စဉ်က လူကြီးများမှာ ဝမ်းကွဲညီမဖြစ်သူအား မည်သူကမျှယှဥ်နိုင်မည်မဟုတ်ဟု တထစ်ချယုံကြည်ထားခဲ့ကြ၏။


ကျန်းယန်ရှန့်အား မည်သူနှင့်မဆို ပုခုံးချင်းယှဉ်နိုင်မည့်သူဖြစ်လာမည်ဟူ၍ တရားသေ သတ်မှတ်ထားခဲ့ကြသည်။


ကံကောင်းထောက်မစွာဖြင့် ကျန်းယန်ရှန့်၏အမေက ဆုံးပါးသွားခဲ့သည်။နောက်ဆက်တွဲရလဒ်အနေဖြင့် ဝမ်းကွဲညီမမှာ ပိုမိုအားနည်းလာပြီး သူမတို့မောင်နှမက ထိပ်ဆုံးနေရာသို့ တဟုန်ထိုးတက်သွားနိုင်ခဲ့၏။


အဒေါ်ဖြစ်သူ၏ လမ်းညွှန်ကြပ်မတ်မှုမရှိတော့သည့်အခါ ကျန်းယန်ရှန့်မှာ ပို၍ပင် ထိုင်းမှိုင်းသွားတေ့သည်။ကျန်းချီမှာ ကြိတ်ပျော်နေခဲ့သော်လည်း အထက်တန်းသို့ရောက်သောအခါ အရာရာအား နားလည်စပြုလာခဲ့သည်။


အဘွားကျန်းကတော့ ဘက်လိုက်လွန်းသည်။

ကျန်းချီမည်မျှပင်ကြိုးစားနေပါစေ ကျန်းယန်ရှန့်မှ နည်းနည်းပါးပါးကောင်းပြလိုက်သည်နှင့် ကျန်းယန်ရှန့်ဘက်သို့ ယိမ်းသွားမြဲဖြစ်၏။


ကျန်းချီ သူမ၏နှုတ်ခမ်းများအား မသိမသာ ကိုက်မိသည်။


ထိုရက်များ၌ ကျန်းချီနှင့်ကျန်းယန်ရှန့်မှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်စောင့်ကြည့်နေခဲ့သည်။

သူမတို့နှစ်ယောက်လုံးအတွက် အကျိုးအမြတ်ရှိ၏။


အဘွားကျန်းကတော့ သူမတို့နှစ်ယောက်အား စောင့်ကြည့်နေခဲ့သည်။


ညစာစားပြီးနောက်တွင် ကျန်းယန်ရှန့်က ခြံထဲတွင်ရှိသော ခုံတစ်ခုပေါ်၌ထိုင်လျက် ကြယ်တာရာများကိုကြည့်နေ၏။


ထိုအချိန်တွင် တစ်စုံတစ်ဦးက သူမ၏ခေါင်းသို့လာထိသည့်အထိအတွေ့ကို ကျန်းယန်ရှန့်ခံစားလိုက်ရသည်။


ကျန်းယန်ရှန့်မော့ကြည့်လိုက်သောအခါ အဘွားကျန်းအားတွေ့သည်။


ထို့ကြောင့်ထိုင်နေရာမှ ကမန်းကတမ်းထပြီး အဘွားကျန်းအား နေရာပေးလိုက်၏။


" အဘွား ဝမ်ပုတင်းဖြန်းပြီးပြီလား "


( ဝမ်ပုတင်း = ခြင်ရန်မှ ကာကွယ်ရန် ဖြန်းသော စပ‌ရေးတစ်မျိုး။ )



တောင်ပေါ်တွင် မြေ ၊ လေ ၊ ရေ တစ်ခုမှ အပြစ်ဆိုဖွယ်မရှိသော်လည်း ခြင်အများအပြားရှိ၏။

ကျန်းယန်ရှန့် သူမတွင်ပါလာသော ဆေးဘူးကိုထုတ်ကာ အဘွားကျန်းအားဖြန်းပေးလိုက်သည်။


" လူတွေကိုပိုဂရုစိုက်တတ်လာတာပဲ သမီးအမေမြင်ရင်တော့ ပျော်တော့မှာသေချာတယ် " အဘွားကျန်းက သက်ပြင်းချလျက်ပြော၏။ 


" ထားလိုက်ပါ သမီးအမေသာရှိနေသေးရင် ဟိုနှစ်ကောင်ကြောင့် အဖေနဲ့ရန်တကျက်ကျက်ဖြစ်နေရမှာ " ကျန်းယန်ရှန့်က ပြောသည်။


တရားမဝင်ကလေးများရှိလာသောကြောင့် ချွေးမလတ်အပေါ်အား ဖောက်ပြန်ခဲ့သူမှာ သူမ၏သားပင်ဖြစ်သည်။


အဘွားကျန်းမှာ အပြစ်ရှိသလိုခံစားနေရပြီး သက်ပြင်းချ၏။


" တောင်းပန်ပါတယ်ကွယ် သားဖြစ်သူကို သေချာ မဆုံးမနိုင်ခဲ့တဲ့ အဘွားရဲ့အပြစ်ပါ "


" အဘွားအပြစ်မဟုတ်ပါဘူး ... သူလည်း ကလေးမှမဟုတ်တော့တာ... သူဘာတွေလုပ်နေလဲ သူကိုယ်တိုင်သိပါတယ် " ကျန်းယန်ရှန့်ကပြောသည်။


အဘွားကျန်းက သက်ပြင်းထပ်မံချပြီး ထိုကိစ္စနှင့်ပတ်သတ်၍ ဘာမှမပြောတော့ချေ။


" အခုတော့ အစ်မကြီးပီသလာပြီပဲ ဟယ်ဟယ်တို့ ရှို့ရှို့တို့နဲ့ရော အဆင်ပြေတယ်မလား "


ကျန်းယန်ရှန့်က မျက်လွှာကိုချသည်။


" ‌သူတို့နှစ်ယောက်လည်းမွေးလာပြီးပြီပဲ အဘွားရယ် အခုမှတော့ ဗိုက်ထဲပြန်ထည့်လို့လည်းမရတော့ဘူးလေ...ပြဿနာရှာတဲ့ အဖေနဲ့အဲ့မိန်းမကပဲ အားနာစိတ်ရှိကြရမှာပါ ကလေးတွေနဲ့မဆိုင်ပါဘူး " 


ကျန်းယန်ရှန့်က ပြောသည်။


" လူကြီးတွေကို လွှတ်ထားလိုက်ပါ သမီးက ကလေးပဲရှိသေးတယ် ရှောင်မင်ဆုံးသွားတာတောင် နှစ်တွေကြာလှပြီ... သူလည်း သမီးကောင်းကောင်းနေနေဖို့ကို မျှော်လင့်နေမှာပဲ

ဟယ်ဟယ်တို့အမေအပေါ် အရမ်းအငြိုးမထားပါနဲ့

သူဘာမှလုပ်နိုင်မှာမဟုတ်ဘူး သမီးအဖေကလည်း ငြိမ်နေမှာမဟုတ်ဘူးလေ "


အဘွားကျန်းက ကျန်းယန်ရှန့်အား နှစ်သိမ့်ပေး၏။


ကျန်းရှန်ယန့်သည့် ဤအခြေအနေအား ရင်းနှီးသလိုခံစားနေရသည်။


အတိတ်ဘဝ၌လည်း အဘွားကျန်းသည် သူမအား အလားတူပင် ဖြောင်းဖြခဲ့ဖူး၏။သို့သော်လည်း ငယ်ရွယ်၍ နာကျဉ်းချက်အပြည့်ရှိနေသည့်အတွက် အဘွားကျန်းပြောသမျှအား သူမ နားမဝင်ခဲ့ပေ။အဆုံးသတ်၌ အဘွားကျန်းနှင့် ကွဲကွာသည်အထိ ဖြစ်သွားခဲ့သည်။


ကျန်းယန်ရှန့်က ခဏတာ ငြိမ်သက်သွားပြီးနောက် ပြန်ဖြေ၏။


" သမီးသိပါတယ်  သူ့ကို သမီးဘဝထဲဝင်စွက်ဖက်ခွင့်မပေးတော့ဘူး "


အဘွားကျန်းမှာ လွန်စွာ စိတ်သက်သာရာရသွားသည်။


" ဒီမှာအကြာကြီးထိုင်နေတာတွေ့တယ် ဘာတွေထိုင်‌စဉ်းစားနေတာလဲ " အဘွားကျန်းက ကျန်းယန်ရှန့်အား မေး၏။


" အစ်မချီချီအကြောင်းတွေးနေတာပါ " ကျန်းယန်ရှန့်က အမှန်တိုင်းဖြေသည်။


အဘွားကျန်း၏တုံ့ပြန်ပုံအရ ကျန်းယန်ရှန့်၏စကားမှာ စိတ်ဝင်စားဖွယ်ကောင်းပုံရ၏။


" အစ်မချီချီမှာ ရည်မှန်းချက်အတိအကျရှိပြီးသားလေ " ကျန်းယန်ရှန့်ကပြောသည်။


" အစ်ကိုရှောင်လင်းရော ပါပဲ သူက နိုင်ငံခြားသွားပြီး ကျောင်းတက်ဖို့ပြင်နေတာလို့ကြားတယ် 

ကျောင်းလည်းရွေးပြီးသားပဲ သူဘာသင်ချင်တာလဲ ဆိုတာကိုလည်း သေသေချာချာသိတယ် "


အဘွားကျန်းက စိတ်ရှည်လက်ရှည် နားထောင်နေသည်။


" ဒါပေမဲ့ သမီးမှာ အဲ့လိုမျိုးမရှိဘူး " ကျန်းယန်ရှန့်က ပြောသည်။


" အဘွား သမီးစာကြိုးစားသင့်မှန်းသိတယ် 

ဒါပေမဲ့ သမီးရည်မှန်းချက်ကို အခုထိ မသိသေးဘူး သမီးဘေးက စာကြိုးစားနေတဲ့လူတွေကိုမေးကြည့်လိုက်တော့လည်း သူတို့အတွက်တော့ စာလုပ်တယ်ဆိုတာက ဖြစ်ကိုဖြစ်သင့်တဲ့အရာပဲတဲ့...စာကြိုးစား ၊ တက္ကသိုလ်ကောင်းတက်ပြီး ဘွဲ့ကောင်းကောင်းရမှ လစာကောင်းတဲ့အလုပ်ရမှာ လို့ပြောကြတယ် "


ကျန်းယန်ရှန့်က ဆက်ပြောသည်။


" ဒါပေမဲ့ သမီးမှာ ပိုက်ဆံပြတ်လပ်တဲ့အချိန်မရှိခဲ့ဖူးဘူး ပြီးတော့ တခြားသူတွေ သူတို့ရဲ့အနာဂါတ်မှာ ဘယ်လောက်ပဲကြိုးစားကြပါစေ အခုသမီးလက်ထဲမှာရှိနေတဲ့ ပိုက်ဆံပမာဏလောက်ကို ရှာနိုင်သေးမှာမဟုတ်ဘူး... ဒီလိုတွေတွေးကြည့်လိုက်တော့ စိတ်ရှုပ်လာရတယ်... သမီးကြိုးစားသင့်မှန်းသိပေမဲ့ ဘာအတွက်ကြိုးစားရမယ်မှန်း နားမလည်ဘူး အဘွားရယ် "


Xxxxxx