အပိုင်း ၁၁၉-၁၂၀
Viewers 22k

Part 119


အားလပ်ရက်ပြီး နောက်တစ်နေ့တွင် ကျန်းဟွမ်မှာ မည်သည့်ရည်းစားလေးဖြင့် အပြင်ထွက်ကဲရမည်ကို မစဉ်းစားတတ်တော့ပေ။


ကျန်းဟွမ်ပြန်ရောက်လာသောအခါ အဖွားကြီးက သူ့အား ဆွဲခေါ်သွားသည်။


အဖွားကျန်းသည် မြေးများအပေါ်တွင်ချိုသာသော်လည်း ကျန်းဟွမ်အား နူးနူးညံ့ညံ့မဆက်ဆံတတ်ပေ။


" မင်းမိန်းမကိုသာဂရုစိုက် ငါ့မြေးမလေးကိုတစ်နေကုန် ပူညံပူညံမလုပ်စေနဲ့ "


မကြာသေးမီကဖြစ်ခဲ့သော လျန့်ကျန်း၏အရှုပ်တော်ပုံသည် ကျန်းဟွမ်၏ခေါင်းထဲ၌ အကွဲအရှတစ်ခုအနေဖြင့် ထင်ကျန်နေဆဲဖြစ်သည်။


" သူမလုပ်ရဲပါဘူး ကျွန်တော့်သမီးကိုလာရှုပ်ရဲရင် အိမ်ပေါ်က တစ်ခါတည်းနှင်ချလိုက်မယ် " ကျန်းဟွမ်က ပြော၏။


" အစကတည်းကကို အိမ်ပေါ်တက်လာခွင့် မပေးခဲ့သင့်တာ " အဘွားကျန်းက ပြန်ပြောသည်။


ကျန်းဟွမ်တိတ်တဆိတ် ပြုံးလိုက်သည်။


အဘွားကျန်းသည် လျန့်ကျန်း၏ကိစ္စအား သိ

ပုံမရပေ။ထို့ကြောင့် စိတ်ထဲတွင်ထားလိုက်ရန်သာ ဆုံးဖြတ်လိုက်၏။


" ယန်ယန်က သူ့ဟာနဲ့သူ တွေးတတ်နေပါပြီ "


အမေဖြစ်သူရှေ့၌ ကျန်းဟွမ်က တတ်နိုင်သမျှ ချီးမွမ်းခန်းထုတ်တော့မည်ဖြစ်သည်။


" သူက စာလုပ်ရကောင်းမှန်းလည်းသိတယ်

ကလေးလည်းထိန်းတတ်တယ်... ဟယ်ဟယ်နဲ့ရှို့ရှို့ဆိုရင် သူ့စကားကို သိပ်နားထောင်တာ "


ထို့ကြောင့်ပင် လတ်တလော၌ ကျန်းဟွမ်၏ မိသားစုဘဝမှာ သဟဇာတဖြစ်ပြီး ပျော်ရွှင်စရာကောင်းနေခဲ့သည်။


မထင်မှတ်ထားဘဲ အဖွားကျန်းလက်ဝါးသိုင်းက ကျန်းဟွမ်၏ခေါင်းပေါ်ကျလာသည်။


" အဲ့ဒါအဖေဖြစ်သူလုပ်ရမဲ့ အရေးတွေလေ !

ယန်ယန့်ဆီအကုန်ပုံချထားပြီး ဒီမျက်နှာနဲ့ပြောနေနိုင်သေးတယ် မင်းက အားလပ်ရက်မှာ အူမြူးနေသလောက် ယန်ယန့်မှာတော့ ကလေးနှစ်ယောက်ကို ထိန်းနေရတာ မွေးရကျိုးမနပ်တဲ့ကောင် !

ငါ့မြေးမလေးကမှ ငါ့အတွက်တွေးပေးသေးတယ် "


" တွေးပေးစေချင်ရင် ကျွန်တော့်ကို စိတ်ရှုပ်အောင်လာမလုပ်နဲ့လေဗျာ " ကျန်းဟွမ်က ‌အရိုက်ခံလိုက်ရသောနေရာအား ခပ်ဖွဖွပွတ်ရင်း ပြော၏။


" ယန်ယန့်ကို ကလေးထိန်းခိုင်းမထားပါဘူး အိမ်မှာ ကလေးထိန်းတွေ တွေမရှိလို့များလား "


ကျန်းဟွမ်စကားဆုံးသွားသည်နှင့် အဖွားကျန်း၏လက်ဝါးသိုင်းအား နောက်တစ်ကြိမ် ပြန်လည်မြည်းစမ်းလိုက်ရသည်။


" ကလေးထိန်းတဲ့လား... ဟမ် ? ဘာကိုကလေးထိန်းလဲ..မင်းငယ်ငယ်က ငါကုမ္ပဏီသွားနေတုန်း နာနီတစ်ယောက်က မင်းကိုအပ်နဲ့ထိုးတာ မမှတ်မိဘူးလား...ယန်ယန်က ကလေးနှစ်ယောက်ကို ဘယ်လိုစိတ်ချနိုင်မှာလဲ ...သူ့ခမျာ ကလေးတွေတစ်ဖက်နဲ့ ငါ့ဆီလာတွေ့ရတာ...မင်းကတော့ ကောင်းတာပေါ့ စုံတွဲလိုက် အပျော်ခရီးထွက်နေရတာဆိုတော့ "


ကျန်းဟွမ်ငယ်စဉ်က နာနီတစ်ဦး၏လက်ပေါ်၌ နှစ်အတော်ကြာကြီးပြင်းခဲ့သည်ဖြစ်သည်။


အဖွားကျန်းမှာ ထိုဖြစ်ရပ်အား ယခုအချိန်ထိ အခဲမကြေနိုင်သေးပေ။


ထို့ကြောင့် ကျန်းယန်ရှန့်မှ မောင်နှမများအား တစ်ပါတည်းခေါ်ဆောင်လာသည်ကိုမြင်လိုက်ရချိန်တွင် အဖွားကြီးမှာ စိတ်သက်သာရာရသွားခဲ့သည်။


" ယန်ယန်လေးက မျက်နှာတည်ပေမဲ့ စိတ်ထားနူးညံ့တယ် မြီးကောင်ပေါက်အရွယ်ကတော့ နည်းနည်းပါးပါး ပြောရဆိုရခက်တာ ထုံးစံပဲ... လျန့်မျိုးရိုးကိုသာ ဝင်မပါခိုင်းနဲ့ မင်းဘာသာမင်း ကလေးကို နားဝင်အောင်ပြော ... ကလေးက ငယ်သေးတယ် ဂရုစိုက်ပေးဖို့လိုတယ်... သူ့ဟာသူလွှတ်ထားလို့ရတယ်ဆိုပြီး လက်ပိုက်ကြည့်မနေနဲ့ ... အဖေဖြစ်ပြီး ဒီလိုလုပ်နေရင် နောက်နောင်ကျရင် နောင်တအကြီးကြီးရမယ် "


အတိတ်ဘဝတွင်လည်း အဖွားကျန်းသည် ဖြစ်ပျက်လာမည့်အရာများအား ကြိုတင်မှန်းဆခဲ့သည်ကို မည်သူမှ မသိကြပေ။


" လွှတ်မထားပါဘူး ကျွန်တော်ဂရုစိုက်ပါတယ် " 

ကျန်းဟွမ်က ပေါ့ပေါ့တန်တန်ပင်ပြန်ဖြေ၏။


အဖွားကြီးမှာ သူမ၏သားအကြောင်းကို နောကြေနေပြီဖြစ်သည်။သူမသည် ကျန်းဟွမ်ကို မယုံကြည်ပေ။ဖြစ်ကြောင်းကုန်စင်အား ကျန်းဟယ်လင်းထံမှ  အဖွားကြီးသိရှိပြီးဖြစ်သည်။


ကျန်းယန်ရှန့်ကသာ အရာရာကို ကြပ်မတ်နေရပြီး 

သားသမီးများ၏ပညာရေးအား ကျန်းဟွမ်က အလေးထားခြင်းမရှိပေ။ကျန်းဟယ်လင်းမှာ မူလတန်းကျောင်းသူအရွယ်ဖြစ်သည်။သို့သော်လည်းကျန်းဟွမ်က ကျန်းဟယ်လင်းအား ဖြစ်သလိုလွှတ်ထား၏။


ကျန်းရှို့ချန်ကိုလည်း ကျန်းယန်ရှန့်က ကြည့်ရှုပေးရသည်။သို့သော် ရှို့ချန်၏စာလေ့လာမှုအပိုင်းများအား ကျန်းယန့်ရှန့်က ထိထိမိမိတာဝန်မယူနိုင်ပေ။


အဖွားကြီး၏မြေးမဖြစ်သူမှာ အခြားသူများအား တာဝန်များခွဲဝေပေးရာ၌ ကျွမ်းကျင်အဆင့်ဖြစ်သည်။


ကျန်းယန်ရှန့်က ကျန်းရှို့ချန်၏ စာလေ့လာမှုအပိုင်းအား ကျန်းဟယ်လင်းထံ လက်လွှဲထား၏။ 


ဤသို့စီစဉ်ရခြင်းမှာ ဖအေတူမအေကွဲမောင်နှမဖြစ်နေခြင်းကြောင့်မဟုတ်ပေ။အကယ်၍သာ ကျန်းယန်ရှန့်သည် ကျန်းရှို့ချန်အား မွန်းကြပ်စရာကောင်းလောက်အောင် ထိန်းကျောင်းလိုက်ပါက

အဖွားကျန်းမှာ စိတ်မသက်မသာဖြစ်‌မည်။


အဖွားကြီးကျန်းသည်လည်း ပုထုဇဉ်လူသားတစ်ဦးဖြစ်သည်။ထွက်ရပ်ပေါက်မဟုတ်ချေ။


ကျန်းယန်ရှန့်သည် မောင်နှမများအပေါ် မညှာမတာဆက်ဆံပါကလည်း အဖွားကျန်းစိတ်မကောင်းဖြစ်ရမည်။အလွန်အကြူးအလျှော့ပေးနေလျှင်လည်း အဖွားကျန်းမှာ အပြစ်ရှိသလိုခံစားနေရဦးမည်ဖြစ်၏။


ထို့ကြောင့်ပင် ကျန်းယန်ရှန့်က စည်းမျဉ်းများရေးဆွဲပြီး ကျန်းဟယ်လင်းအား သင်ကြားရေးလက်နက်တစ်ခုအနေဖြင့် အသုံးချလိုက်ခြင်းဖြစ်သည်။


ဟယ်လင်းနှင့် ရှို့ချန်မှာ မောင်နှမအရင်းအချာများဖြစ်ကြ၏။ကျန်းယန်ရှန့်၏တာဝန်မှာ စည်းကမ်းမလိုက်နာသူအား အပြစ်ပေးရုံသာရှိသည်။


ကျန်းယန်ရှန့်၏လွှမ်းမိုးမှုအောက်တွင်ရှိနေသောကြောင့် ကျန်းရှို့ချန်သည် ကျန်းဟယ်လင်းအား ဂလန်ကဆန် မလုပ်ရဲတော့ပေ။ရလဒ်ကောင်းပင်ဖြစ်သည်။


အိမ်ထဲ၌  လေတွင်လွင့်မြောနေသောခွေးများနှင့် ကြက်ပျံများကိုလည်း တွေ့စရာအကြောင်းမရှိတော့ပေ။(ဆူညံပွက်လောရိုက်နေမဲ့သူများ)


လူတိုင်းသည် လုံခြုံပြီး အေးချမ်းစွာရှိနေ၏။

အခုမှပင် မိသားစုနှင့်တူတော့သည်။


သို့သော်လည်း ဤအရာများ၌ ကျန်းဟွမ်၏ အားစိုက်ထုတ်မှု တစ်စိုးတစ်စိမျှမပါချေ။

မြေးမလေး၏သိတတ်မှုကြောင့်သာဖြစ်သည်။


" အခု ယန်ယန့်ကို မုန့်ဖိုး သုံးဆတိုးပေးထားပါတယ်ဆို "


ကျန်းဟွမ်က မကျေမနပ်ပြော၏။


" ချီချီနဲ့ရှောင်လင်းမှာတောင် ပိုက်ဆံအဲ့လောက်ရှိမှာမဟုတ်ဘူးဗျ "


" ဟဲ့ ! အဲ့လောက်ကတော့ ရသင့်တာပဲလေ 

မင်းတာဝန်တွေအကုန်လုံး ယန်ယန်တစ်ယောက်တည်း ထမ်းထားရတာ ...သူက ဦးစီးဦးဆောင်လုပ်နေရတာလို့တောင်ပြောလို့ရတယ်... ယန်ယန်သာ အခုလိုမသိတတ်ခဲ့ရင် မင်းနောက်အိမ်ထောင်ပြုပြီးတာနဲ့ တစ်အိမ်လုံး ဘယ်လိုကပ်ဆိုးဆိုက်သွားမလဲ တွေးကြည့်လို့တောင်မရဘူး "


ကျန်းဟွမ်တစ်ယောက် ရှက်ရွံ့သွားသည်။

မည်သို့ပင်ဆိုပါစေ အမေဖြစ်သူသည် သူနှင့်ပတ်သတ်၍ စိတ်ကျေနပ်မှုရရှိမည် မဟုတ်ချေ။


ကျန်းယန်ရှန့်၏အမေအသက်ရှိနေစဉ်က ယောက္ခမထံမှ မျက်နှာသာပေးခြင်းခံခဲ့ရသည်။


ကျန်းဟွမ်သည်လည်း အမေဖြစ်သူထံမှ အကောင်းမြင်ခံခဲ့ရ၏။


သို့သော်လည်း အမေဖြစ်သူမှာ လျန့်ယင်းယင်းအား လုံးဝသဘောမတွေ့ချေ။ထို့ကြောင့်ကျန်းဟွမ်သည်လည်း အမေဖြစ်သူထံမှ အရေးပေးခြင်းမခံရတော့ပေ။


" ယန်ယန်က အခုအရမ်းထိရှလွယ်တဲ့အရွယ်ကိုရောက်နေတာ မင်းသူ့ကိုဂရုစိုက်ပေးရမယ် " အဖွားကြီးကပြောသည်။


" ငါမနေ့တုန်းက ယန်ယန်နဲ့စကားပြောခဲ့တယ်

သူတော်တော်စိတ်ရှုပ်နေပုံပဲ ...  စကားအများကြီးပြောနေလည်း သိပ်ပြီးတော့ အသုံးမဝင်ဘူး  သူ့ကို လောကကြီးအကြောင်းနားလည်အောင် သင်ပေးရမယ် ... အသိပညာတွေဆိုတာက ကျောင်းမှာသင်လို့ရတယ်... ဘဝအတွေ့အကြုံကတော့ အပြင်မှာပဲရနိုင်တာ ... အနာဂါတ်မှာ သူဘာဖြစ်ချင်တာလဲဆိုတာကို တိတိကျကျသိဖို့လိုနေတယ်.... "


Xxxxx


Part 120


လွန်ခဲ့သည့်နှစ်အနည်းငယ်မှစ၍ ကျန်းဟွမ်တို့၏ သားအဖဆက်ဆံရေးမှာ တင်းမာလာခဲ့ပြီး ကျန်းဟွမ်သည်လည်း ကျန်းယန်ရှန့်နှင့် စကားပြောရန် ခက်ခက်ခဲခဲပင်ကြိုစားခဲ့ရရှာသည်။


အဖွားကျန်း၏စကားကြောင့် ကျန်းဟွမ်မှာ အနည်းငယ်စိတ်ပြန်လည်လာခဲ့၏။


" ဟုတ်ပါပြီ ကျွန်တော် သမီးနဲ့ စကားပြောကြည့်ပါ့မယ် " ကျန်းဟွမ်က သဘောတူလိုက်သည်။


အဖွားဖြစ်သူမှာ ကျန်းဟွမ်နှင့် သူမ၏အကြောင်းအား အချိန်အတော်ကြာဆွေးနွေးခဲ့သည်ကို ကျန်းယန်ရှန့်မသိပေ။


အားလပ်ရက်၌ ကျန်းယန်ရှန့်က သူမခံစားနေရသည်များကို အဖွားကြီးထံ ရင်ဖွင့်ခဲ့သည်။


" နားမလည်နိုင်ရင် မတွေးနဲ့တော့ သိတောင်မသိနိုင်တဲ့ အနာဂါတ်အကြောင်းတွေးပြီး ဘာလို့ခေါင်းကိုက်ခံမှာလဲ လုပ်စရာရှိတာကိုပဲ အရင်အာရုံစိုက်ကြရအောင် " အဖွားကျန်းက ကျန်းယန်ရှန့်အား နှစ်သိမ့်ခဲ့သည်။


အဖွား၏စကားမှာ အလွန်အခြေခံကျသည်ဟု ကျန်းယန်ရှန့်ခံစားရသည်။နားမလည်ပါက ဆက်မတွေးဘဲ လက်တွေ့ကိုသာ အာရုံစိုက်ထားရမည်ဖြစ်၏။


အားလပ်ရက်ပြီး နောက်တစ်နေ့တွင် ကျောင်းသို့ယူနီဖောင်းဝတ်၍သွားရသည်။


ရီအထက်တန်းကျောင်း၏ ကျောင်းဝတ်စုံမှာ အခြားကျောင်းဝတ်စုံများကဲ့သို့ပင် အရုပ်ဆိုးသည်။သို့သော်လည်း ရုပ်ခံရှိသည့်သူများ၏ ကိုယ်ရည်ကိုယ်သွေးမှာ မည်သည့်အဝတ်အစားပင်ဝတ်ပါစေ ဖုံးကွယ်ထား၍မရပေ။


 ကျန်းယန်ရှန့်အတန်းထဲသို့ဝင်သွားသည်နှင့် တစ်ယောက်ပြီးတစ်ယောက် သူမကိုနှုတ်ဆက်ကြသည်။အားလပ်ရက်အတောအတွင်း၌ ကျန်းယန်ရှန့် မည်သည့်နေရာကိုမှ ခရီးမထွက်ခဲ့ပေ။


အဖွားဖြစ်သူက တောင်ပေါ်တွင် အေးချမ်းစွာအနားယူနေသည်ကို စောင့်ကြည့်ပြီး မောင်ငယ် ညီမငယ်တို့အား ထိန်းကျောင်း၍သာ အချိန်ကုန်ဆုံးခဲ့သည်။သူမ၏စိတ်အခြေအနေမှာ ယခင်ကထက် ပိုအဆင်ပြေလာ၏။


ကျောင်းသို့ပြန်ရောက်လာချိန်၌ ပြင်းထန်သည့် သင်ကြားရေးက သူမအား စောင့်ကြိုနေပြီဖြစ်သည်။ကျန်းယန်ရှန့် ဘာကိုမှတွေးမပူတော့ချေ။လက်ရှိကိုသာ အကောင်းဆုံးကြိုးစား၍နေထိုင်မည်။


စာလေ့လာရာတွင် အခက်အခဲရှိသည့်အချိန်များ၌ ကျန်းယန်ရှန့်က ကျန်းကျစ်ယွမ်ဆီသို့ သွားရောက်ဆွေးနွေးသည်။ကောလိပ်ဝင်ခွင့်စာမေးပွဲ၏ ချန်ပီယံလောင်းက ဤနေရာတွင်ရှိနေရာ အခြားမည်သူ့ကိုမှ ပြေးတွေ့စရာမလိုပေ။


ကျန်းကျစ်ယွမ်ထံတွင် ရှင်းလင်းသည့်အကြံပေးချက်များရှိပြီး ကျန်းယန်ရှန့်မေးသောမေးခွန်းများ၏ ဟာကွက်များကိုလည်း ချက်ချင်း ရှင်းပြနိုင်သည်။ဤကဲ့သို့သောရှင်းလင်းသွားသည့် ခံစားချက်မျိုးကို ဘဝတစ်လျှောက်လုံး ကျန်းယန်ရှန့် မခံစားခဲ့ဖူးချေ။


ထူးချွန်သောသူအားချဉ်းကပ်လျှင် မိမိပါ ဉာဏ်ထက်လာမည်ဖြစ်သည်။


အတန်း ၂ ၌ ကျန်းယန်ရှန့် တစ်ယောက် ကြိုးစားပမ်းစား စာလေ့လာနေခဲ့ချိန်တွင် အတန်း ၈ ၌ ကျန်းယန်ရှန့်အပေါ်အကောက်ကြံသူတစ်စုရှိနေခဲ့၏။


ဝမ့်ချမ်က ကျန်းယန်ရှန့်အား မကောင်းသတင်းများဖြင့် အဆုံးထိဆွဲချရန် စိတ်ကူးရှိနေသည်။


အလယ်တန်းတက်စဉ်ကလည်း ဝမ့်ချမ်က ကျောင်းသူတစ်ဦးအား အလားတူပုံစံဖြင့် အကောက်ကြံခဲ့ဖူးသည်။ဝမ့်ချမ်မကောင်းသတင်းလွှင့်သည့်ကျောင်းသူကို လူတိုင်းက ပယ်ကြပြီး နောက်ပိုင်းတွင် ထိုကျောင်းသူမှာ ခေါင်းမော့၍ လမ်းမလျှောက်ရဲသည်အထိ ဖြစ်သွားခဲ့၏


" အတန်း ၂ က ကျန်းယန်ရှန့်ဆိုတဲ့ဟာမက အပေါ်ယံမလေ... ဟိတ်ကြီးဟန်ကြီးလုပ်နေတာ " ဝမ့်ချမ်က ပြောသည်။


" ကျောင်းမှာတော့ ရှုလီချန်ကို အဖက်မလုပ်သလိုလို ဘာလိုလိုလုပ်နေပေမဲ့ အဲ့ဟာမ ရှုလီချန်ကားထဲကို ဝင်သွားတာတွေ့လိုက်တယ် .... ရှုလီချန်ရဲ့ ကားအကောင်းစားကြီးကို မလွန်ဆန်နိုင်တော့တာနေမှာပေါ့ "


" ရှုလီချန်က ဘာကိစ္စအဲ့လောက်တုံးရတာလဲ လူကဲမခတ်တတ်ဘူးလား " ဝမ့်ချမ်၏အဖွဲ့တွင်းရှိ ကျောင်းသူများမှာ ဒေါသထွက်လာကြသည်။


မဟုတ်ဘူး မဟုတ်ဘူး အဓိကပစ်မှတ်က ရှုလီချန်မဟုတ်ဘူး !


" ယောက်ျားလေးတွေက အရမ်းတုံးတယ် ကျန်းယန်ရှန့်လိုကြိုးရှည်ရှည်နဲ့လှန်တဲ့ဟာမမျိုးတွေကိုမှ အရှင်ရရ အသေရရ ဖြစ်ကြတာ... တခြားသူ‌တွေကတော့ ကျန်းယန်ရှန့်ကို မခုတ်တတ်တဲ့ကြောင်လေးလို့ပဲထင်နေမှာပေါ့ "


ဝမ့်ချမ်က အကြောင်းအရာကို လမ်းလွှဲသည်။


" ဟုတ်ပါ့ အရှက်မရှိနော် ... ရှုလီချန်ကို ချေပြီး ပြန်ကပ်ရဲတယ် "


" ဒီလောက်အပေါစားဆန်တာ မတွေ့ဖူးဘူး "


" စိတ်တွေတိုလိုက်တာ "


ဝမ့်ချမ်၏ အကြံအစည်အတိုင်း အားလုံးက ဒေါသထွက်နေကြသည်။ကျန်းယန်ရှန့်အားဟိတ်ကြီးဟန်ကြီးလုပ်သူအဖြစ် သတ်မှတ်ထားလိုက်ကြ၏။


ရှုလီချန်အား ကြိုးရှည်ရှည်ဖြင့်လှန်ပြီး နယ်ရုပ်သဖွယ်ပြုမူနေသောကျန်းယန်ရှန့်၏ သရုပ်မှန်ကို အားလုံးသိစေရမည်။


အထူးသဖြင့် အတန်း ၈ တွင်ရှိသော ရှုလီချန်၏အတန်းဖော် နှင့် အတန်း ၂ မှ ကျန်းယန်ရှန့်၏ သူငယ်ချင်းတို့ သိသွားရန်လိုအပ်သည်။


ထိုမှသာ ရှုလီချန်က သတိကပ်သွားတော့မည်ဖြစ်၏။


ကျန်းယန်ရှန့်၏ ရိုးတွင်းချဉ်ဆီထဲတွင်ရှိသော ဗီဇအမှန်ကို သူမဖော်ထုတ်မည်။ကျန်းယန်ရှန့်သည် လူတကာ၏ တံတွေးခွက်အတွင်း၌ ပက်လက်မြောစေရမည်။


မိန်းကလေးများက ထိုအကြောင်းကိုကြားသောအခါ အချင်းချင်း နားနားကပ်၍ တီးတိုးပြောနေကြသည်။အချို့သူများမှာ ခေါင်းချင်းဆိုင်၍ အတင်းအဖျင်းကို မြိန်ရေယှက်ရေပင်ပြောနေကြ၏။


ကောလဟာလသည် တစ်ဦးထံမှတစ်ဦးဆီသို့ အဆင့်ဆင့်ပျံ့နှံ့သွားသည်။ထိုသို့ပျံ့နှံ့သွားသည်နှင့် အကြောင်းအရာကို နဂိုကထက် ချဲ့ကားပြောဆိုသူများလည်းရှိလာ၏။


ယောက်ျားလေးတစ်ဦးထံသို့ သတင်းရောက်သွားသောအခါ ထိုကျောင်းသားက ရှုလီချန်ထံသို့ ရောက်လာတော့သည်။


" ဟေ့ မင်းရဲ့ကားကို မြေအောက်ရထားဘူတာမှာ ပြောင်းရပ်နေတယ်ဆို  ဘာဖြစ်လို့လဲ "


အကြောင်းသိသော ရှုလီချန်က အ‌ခြေအနေကို သဘောပေါက်သွား၏။


" မင်းကို ဘယ်သူပြောတာလဲ " ရှုလီချန်က မေးသည်။


ဝမ့်ချမ်ဟူသောအမည်တိုက်ရိုက်မပါသော်လည်း

ကောလဟာလဖြန့်သည်သူအများစုမှာ ဝမ့်ချမ်၏အဖွဲ့သားများဖြစ်သည်။ရှုလီချန်သဘောပေါက်သွားသည်။ဤသည်မှာ ဝမ့်ချမ်က ကျန်းယန်ရှန့်အား ချောက်ချခြင်းသာဖြစ်၏။


ဝမ့်ချမ်သည် အလွန်စိတ်ပျက်စရာကောင်းလွန်းသည်။အနည်းဆုံးတော့ သူမ၌ရုပ်ခံလေးရှိပါသေးသည်ဟု ဖြည့်တွေးပေးခဲ့သော်လည်း ဝမ့်ချမ်အားကြည့်လေလေ မာမားရုံနှင့် တူလာလေလေ ဖြစ်နေသည်။


( မာမားရုံဆိုသည်မှာ ဘုရင်မ၏ အာဏာကိုအသုံးချကာ စိန်နားကပ်ရောင်ဖြင့်ပါးပြောင်နေသော မောက်မာသည့်အစေခံချုပ်ကို ဆိုလိုသည်။ )


သို့သော်လည်း ဤကိစ္စကို ရှုလီချန်လည်း စိတ်ဝင်စား၏။


ဝမ့်ချမ်သည် ကျန်းယန်ရှန့်၏ဒေါသကို ဆွနိုင်ပါမည်လော။ကျန်းယန်ရှန့်၏တုံ့ပြန်မှုကို ရှုလီချန်လည်း မြင်ချင်မိသည်။


ကိစ္စများက ဆိုးရွားလာပြီး အတန်း ၈ မှ ကျောင်းသားများက ဝမ့်ချမ်တို့အုပ်စုဖြန့်သည့် အတင်းအဖျင်းများကို လက်ခံကြသည်။

သို့သော်ကျန်းယန်ရှန့်မှာ သူတို့နှင့်တစ်တန်းတည်းမဟုတ်ပေ။လူတိုင်းသည် နှစ်ဖက်မျှမကြည့်တတ်ကြဘဲ ကြားသည့်အရာကိုသာ အမှန်ဟုယူဆကြသည်။နစ်နာသူ၏ ပတ်ဝန်းကျင်ရှိသူများသည် သေစေနိုင်လောက်သည့် လက်နက်များသဖွယ်ဖြစ်လာတတ်၏။


မထီမဲ့မြင်ပြုခြင်း ၊ လှောင်ရယ်ခြင်းနှင့် ရှောင်ဖယ်ခြင်းများသည် နစ်နာသူအား အဆိပ်သင့်စေသည်။


ထို့ကြောင့် ဝမ့်ချမ်သည် အတင်းစကားများအား အတန်း၂အထိ ပျံ့နှံ့သွားစေရန် ကြံရွယ်ခဲ့၏။


သို့သော်လည်း ဝမ့်ချမ်နှင့် သူမ၏အုပ်စုတွင် အခက်အခဲရှိနေသည်။


ရီအထက်တန်းကျောင်းသည် ကျသင့်ငွေပေးသွင်း၍ တက်ရောက်ရသည့်ကျောင်းဖြစ်သော်လည်း စာလေ့လာသင်ကြားမှုမှာ အလွန်အားကောင်းသည်။


ထိပ်တန်းအတန်းနှင့် ကြိုတင်ပြင်ဆင်မှုအတန်း ၂တန်းတို့မှာ ကျောင်း၏ အဖိုးအတန်ဆုံး အတန်းများဖြစ်ကြ၏။


ထိုအတန်းသုံးတန်းအား စီမံခန့်ခွဲသည့်စနစ်မှာ တင်းကြပ်လွန်းသည်။


အတန်း ၁ ၊ အတန်း ၂ နှင့် အတန်း၃တို့မှာ စာသင်နှစ်လယ်ရောက်သောအခါ ဤကျောင်း၌ဆက်ရှိနေရမည့်ကံကြမ္မာအား အဆုံးအဖြတ်ပေးသည့်စာမေးပွဲကိုရင်ဆိုင်ကြရလေ့ရှိသည်။


ကျောင်းအုပ်က ထိုအတန်းများရှိကျောင်းသားတို့အား လျှပ်စီးမျက်လုံးတစ်စုံဖြင့်စောင့်ကြည့်ကာ ပြင်းပြင်းထန်ထန်‌တွန်း‌အားပေးလေ့ရှိ၏။


ထိုကျောင်းသားတို့၏ဖိအားကို အတန်း ၈ရှိ စာသင်သားများ စိတ်ကူးကြည့်၍ပင်မရချေ။


လွယ်လွယ်ပြောရလျှင် ထိုကျောင်းသားတို့၏ ဦးနှောက်လယ်ဗယ်မှာ ဝမ့်ချမ်တို့နှင့် လုံးဝကွဲပြားသည်။


ဝမ့်ချမ်က ကောလဟာလကို ကျန်းယန်ရှန့်ရှိသောအတန်းအထိပျံ့နှံ့စေချင်သော်လည်း ကျောင်းတွင်းဆရာကြီးများနှင့် ပေါ့တန်တန်နေသူများကြားမှ အတားအဆီးတံတိုင်းအား ရင်ဆိုင်နေခဲ့ရ၏။


" ကန်တင်းမှာ ငါ့ကိုတစ်ယောက်ယောက်က နင့်အကြောင်းလာပြောတယ် ငါနဲ့လည်းမသိဘဲနဲ့လေ " 


ကျန်းယန်ရှန့်၏ မိန်းကလေးအတန်းဖော်က ပြောလာသည်။


" ငါတောင်ကြောင်သွားတာ ဖျော်ဖြေရေးနယ်ပယ်က ပါပါရာဇီကျနေတာပဲ... ငါနင့်အကြောင်းသိချင်ရင် နင့်ကိုပဲမေးလိုက်မှာပေါ့... သူ့စကားဘာလို့နားထောင်နေရမှာလဲ...ဒါနဲ့နင် ဟွမ်ကန်း အကြောင်းလေ့လာပြီးပြီလား "


( ဟွမ်ကန်း = ရှေးခေတ်၌ ဟွမ်ကျိုးဟု အမည်တွင်ခဲ့ပြီးဟူပေပြည်နယ်ထဲတွင်ရှိသော မြို့တစ်မြို့ )


" ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက်ရော ပြင်နေပြီလား ဝေါဟာရစာရင်းကို ဘယ်နှခေါက်ကျက်ပြီး ချရေးထားလဲ "


" အာ တကယ့်ကို ရူးချင်စရာပဲ... "


Xxxxxx