Part 131
ကျန်းရှို့ချန်က ဘာမှသိပုံမပေါ်ပေ။
သူ့မောင်လေးက ကလေးအရွယ်ဘဲရှိသေးတာကြောင့် အများကြီးနားလည်နိုင်ဖို့ အခက်တွေ့နေတယ်ဆိုတာ ကျန်းယန်ရှန့် ချက်ချင်းသဘောပေါက်လိုက်သည်။
ဒီနေ့မှာတော့ ကျန်းရှို့ချန်က တကယ့်ကိုကလေးလေးပါလားဆို သူမ သေချာရှင်းရှင်းလင်းလင်းသိလိုက်ရ၏။
သေးငယ်လွန်းတယ်။
“ ကျန်းရှို့ချန်, မကြောက်ပါနဲ့..ငါနင့်ကို ဒီနေ့ မရိုက်ပါဘူး။ ”
ကျန်းယန်ရှန့်က ကတိပေးလိုက်သည်။
“ ဒီနေ့တော့ ငါ နင်ကို ဖြောင်းဖျတာလောက်ဘဲလုပ်မယ်။ ဘာလို့ဆို ဖြောင်းဖျရတာက နင့်ကိုထုရိုက်နေရတာထက် ပိုပြီးအရာရောက်တယ်လေ ”
“ အစ်မ သားကို တကယ်မရိုက်တော့ဘူးပေါ့ ”
..ရှို့ချန်က သူ့အစ်မမျက်လုံးထဲကို မယုံသင်္ကာဖြင့်ကြည့်သည်။
ကျန်းယန်ရှန်က ခေါင်းငြိမ့်လိုက်ပြီး “ မရိုက်တော့ဘူး ”
ကျန်းရှို့ချန်က ထိုအခါမှစိတ်သက်သာရာ ရသွားတော့သည်။
“ ငါ အခုပြောမှာကို သေချာနားထောင် ” ကျန်းယန်ရှန့်က ပြော၏။
ကျန်းရှို့ချန်က သူ့ခန္ဓာကိုယ်ကို သတိကပ်နေသည့်အနေအထားဖြင့် တင်းကြပ်လိုက်သည်။
“ သား နားထောင်နေပါတယ် ”
“ နားထောင်, ဒီနေ့ ငါပြောလိုက်တာတွေကို နင် သေချာမှတ်ထားရမယ်။ ကျန်းယန်ရှန့်ဆိုတဲ့ နင့်အစ်မကြီး... ”
ကျန်းယန်ရှန့်က သူ့မျက်လုံးများကို သေချာကြည့်ပြီးဆက်ပြောလိုက်သည်။
“...အဲ့အစ်မကြီးစိတ်ထဲမှာ နင် ဘောင်မကျော်ရမဲ့ စည်းမျဉ်းတွေဆိုတာရှိတယ် ”
သူမက ဘေးဘက်ကို တစ်ချက်ကြည့်လိုက်၏။
စာသင်ကျောင်းမှာ မရှိမဖြစ်အရာက မြေဖြူဘဲ။ သေချာသလောက် အခန်းထောင့်နားမှာ မြေဖြူထိပ်ပိုင်းအကျိုးလေးကို သူမ တွေ့လိုက်သလိုပင်။ ကျန်းယန်ရှန့်က လမ်းလျှောက်သွားလိုက်ပြီး ထိုမြေဖြူအကျိုးလေးကို သွားကောက်လာသည်။ ပြီးနောက် ကျန်းရှို့ချန်ဆီပြန်လာကာ ထိုင်ချလိုက်ပြီးနောက် သူ့မောင်လေးရပ်နေသည့် နေရာတစ်ဝိုက်မှာ မြေဖြူနှင့်စက်ဝိုင်းပုံလေး ဝိုင်းလိုက်တော့သည်။
သူမက ကျန့်ရှို့ချန်ကို စက်ဝိုင်းနှင့် ဝိုက်လိုက်တာဖြစ်သည်။
“ နင့်ကိုပတ်လည်ဝှိုက်ထားတဲ့ ဒီ စက်ဝိုင်းတွေလိုဘဲ။ စက်ဝိုင်းရဲ့အတွင်းပိုင်းက နင်ကိုယ်တိုင်သာဆို စက်ဝိုင်းအပြင်ဘက်က နင် မဟုတ်တဲ့တခြားတစ်ယောက် ”
“ စက်ဝိုင်းထဲမှာရှိနေတဲ့အချိန်ဆို နင့် စိတ်ကြိုက် နင် လုပ်ချင်တာလုပ်လို့ရတယ်။ ကိုယ့်ကိုယ်ကို ဓားနဲ့ထိုးသတ်မယ်ဆိုရင်တောင် ငါဂရုစိုက်နေမှာ မဟုတ်ဘူး ”
“ ဒါပေမဲ့ နင် မှတ်ထားရမှာက စက်ဝိုင်းအပြင်ဘက်ရောက်သွားရင်တော့ တခြားသူတွေကို နာကျင်အောင်မလုပ်တာ ပိုကောင်းလိမ့်မယ် ”
“ ကိုယ်ကို သူများဘက်က အရင်စပြီး အနိုင်ကျင့်တာမျိုး မဖြစ်မနေ ခုခံရမှာမျိုးမဟုတ်ရင် သူများကိုလဲ ထိခိုက်အောင်မလုပ်မိစေနဲ့။ အထူးသဖြင့် မိန်းကလေးတွေကိုပေါ့ ”
ကျန်းယန်ရှန်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကျန်းရှို့ချန်၏ မျက်လုံးတွေထဲကို စိုက်ကြည့်လိုက်သည်။
သူ့မောင်လေးမှာ တခြားကလေးတွေလိုဘဲ ဖျစ်ညှစ်ချင်စရာကောင်းလောက်အောင် ပြည့်ပြည့်ဖောင်းဖောင်းမျက်နှာလေးတွေရော အရောင်တဖိတ်ဖိတ်တောက်ပြီး လုံးဝန်းနေသည့် မျက်ဆံမည်းလေးတွေပါရှိသည်။
ကျန်းယန်ရှန့်၏လက်တွေက ပါးဖောင်းလေး၏ဆံပင်ကို ဆုပ်ကိုင်လိုက်သည်။
“ နင်သာ တခြားသူတွေကို မနာကျင်စေဘူးဆိုရင် ငါလဲ နင့်အကြောင်း ဘာမှစိတ်မဝင်စားဘူး။ အကယ်၍သာ တစ်ယောက်ယောက်ကို ထပ်နာကျင်စေခဲ့မယ်ဆိုရင်တော့.... ”
သူ့အစ်မ၏လက်ချောင်းတွေက သူ့ပါးဖောင်းဖောင်းလေးတွေဆီမှတစ်ဆင့် သူ၏လည်ပင်းဆီ ပြေးဆင်းသွားကြသည်။
ကျန်းရှို့ချန်က သူ လည်ပင်းအညှစ်ခံလိုက်ရတာကို ခံစားမိလိုက်သည်။ တစ်ဆက်တည်းမှာပဲ ခက်ခက်ခဲခဲ လေရှုသွင်းနေရတာကြောင့် သူ့ဦးရေပြားတွေက ထုံထိုင်းလာသလိုပင်။
“ အဲ့လိုသာဆိုရင်တော့ ငါ နင့်ကို အလွှတ်မပေးတော့ဘူး ”
ကျန်းယန်ရှန့်က ကလေးငယ်၏ သေးသွယ်သည့်လည်ပင်းကို ညင်သာစွာ ညှစ်လိုက်သည်။
“ ငါဆိုတဲ့ နင့်ရဲ့အစ်မက ဘာကိုမှမကြောက်ဘူးဆိုတာ အမြဲသတိရ ”
သူမအပြောတွေထက် လူသတ်တော့မည့်ပုံပေါ်နေသည့် သူမမျက်လုံးတွေက ပိုကြောက်ဖို့ကောင်းနေ၏။
အခုအချိန်မှာ ကျန်းရှို့ချန်၏ ကျန်းယန်ရှန့်အပေါ်ကြောက်စိတ်က အထွဋ်အထိပ်တွင် ရှိနေပြီဖြစ်သည်။ သူမပြောခဲ့သည့် စကားတွေက သူ့စိတ်ထဲမှာ တမဟုတ်ချင်း သံမှိုစွဲသလိုစွဲသွားပြီဖြစ်သည်။
လက်ရှိမှာတော့ ကျန်းယန်ရှန့်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ့ကိုကြည့်လိုက်သည်။ သူမနှင့်တူသည့်ကောင်လေးကို ပြောနေချိန်တွင် သူမနှုတ်ခမ်းထောင့်လေး၌ အပြုံးတစ်ပွင့်ရှိနေဆဲဖြစ်၏။
ဒါက ကျန်းရှို့ချန်လေးကြီးပြင်းလာသည့်အခါ သူ့အတွေးတွေကို တဖြည်းဖြည်း ရှုပ်ထွေးလာစေခဲ့သည်။ မူလတန်းကျောင်းမှာတုန်းက သူ့အစ်မ သူ့ကိုလည်ပင်းညှစ်ခဲ့သောအချိန်ကို ပြန်တွေးမိတိုင်း သူ့အစ်မက ထိုအချိန်တုန်းက ကြမ်းတမ်းနေခဲ့တာလား ညင်သာနေခဲ့တာလားဆိုတာ ဝေခွဲမရတော့ပေ။
သို့သော်လည်း သူက သူ့အစ်မပြောခဲ့သည့် _တခြားသူတွေကို နာကျင်အောင်မလုပ်မိစေနဲ့။ အထူးသဖြင့်မိန်းကလေးတွေကိုပေါ့_ ဆိုသည့်စကားကိုတော့ မှတ်မိနေခဲ့သည်။
ကျန်းဟွမ်အထဲကိုဝင်သွားတော့ ကောင်မလေး၏အမေက အရင်ရောက်နှင့်နေပြီး ငိုနေသည့်ကောင်မလေးကိုနှစ်သိမ့်နေတာ တွေ့လိုက်ရသည်။
ကျန်းဟွမ်က အရမ်းရှက်မိသွားသည်။ ကောင်မလေးအမေ၏ မျက်လုံးထဲတွင် ဒေါသရိပ်တွေလွှမ်းမိုးနေတာတွေ့တော့ အလိုက်သင့် တောင်းပန်လိုက်သည်။
ပြဿနာကိုညှိလို့အပြီးမှာ အနည်းဆုံးတော့ ကျန်းရှို့ချန်၏အမေက သူ့အဖေထက် အမှန်တရားကို နားလည်ပေးနိုင်သေးတယ်ဆိုတာ ဆရာမက သဘောပေါက်လိုက်သည်။
“ ခဏလေးပါ။ ကျွန်မ ကျန်းရှို့ချန်ကို ဝင်လာဖို့ခေါ်လိုက်ပါ့မယ် ”
သူမက ပြောသည်။
ပြီးနောက် သူမက တံခါးဖွင့်ပြီး ကျန်းရှို့ချန်ကို အော်ခေါ်လိုက်သည်။
အထက်တန်းကျောင်းသူဖြစ်သည့် အစ်မဖြစ်သူက ကျောကိုနံရံမှာမှီရင်း ဖုန်းကြည့်နေသည်။ အစ်မဖြစ်သူထက် အနည်းငယ်ပိုငယ်ပုံပေါ်သော ကျန့်ရှို့ချန်ကလဲည်း မဆိုစလောက်လေး အံ့အားသင့်စရာကောင်းစွာဖြင့် ခြေဖဝါးထောက်ကာ သူ့အစ်မကဲ့သို့ပင် နံရံမှာမှီနေခဲ့သည်။
ဆရာမက အော်ခေါ်လိုက်ချိန်မှာတော့ အစ်မကြီးက သူ့ဖုန်းကိုဘေးချလိုက်ပြီး သူ့မောင်လေးကို ခပ်ဖွဖွကန်လိုက်သည်။ ကျန်းရှို့ချန်က အလောတကြီးမတ်တပ်ထရပ်လိုက်ပြီး ရုံးခန်းရှိရာဘက်ကို လမ်းလျောက်သွားခဲ့တော့သည်။
အစ်မကြီးက ခနလောက်တော့ ကျန်နေခဲ့ပေမယ့် ပြီးနောက်မှာတော့ လိုက်သွားခဲ့သည်။
“ ကောင်စုတ်လေး! ကလေးကို တောင်းပန်လိုက်စမ်း ”
ကျန်းဟွမ်က ဆရာမ၏မြေးအရင်းလိုမျိုး လေ့ကျင့်ပေးခံလာရတာဖြစ်သည်။ ထို့ကြောင့် သူလည်း ဆရာမနှင့်ထပ်တူ ဒေါသထွက်နေသည်။ စိတ်တိုလာတာကြောင့် သူက ကျန်းရှို့ချန်၏ခေါင်းကို ရိုက်ပစ်လိုက်သည်။
ကျန်းယန်ရှန်က သူ့ကိုအေးစက်စက်စိုက်ကြည့်လာတော့ ကျန်းဟွမ်က မသက်မသာဟန်ဖြင့် သူ့လက်ကိုပြန်ရုတ်သွားသည်။
ကောင်မလေးက တလဲ့လဲ့တောက်ပနေသည့်မျက်လုံးလေးတွေနှင့် ဖြူဖြူသန့်သန့်ချစ်စရာလေးပင်။ ဆံပင်တစ်ဝက်ကတော့ လျော့တိလျော့ရဲပြေကျနေပြီး ကျန်တစ်ဖက်ကိုတော့ စည်းထားသည်။ လျော့ကျနေသည့်ဘက်မှာ ကျန်းရှို့ချန်က ကတ်ကြေးနှင့်ညှပ်ချထားတာဖြစ်သည်။
တစ်ခြမ်းညှပ်ခံထားရတာကြောင့် တစ်ဖက်တို၊ တစ်ဖက်ရှည်ဖြစ်နေတဲ့ဆံပင်တွေက ကြောင်တောင်တောင်နိုင်တာကြောင့် လူတွေ သတိထားမိစရာဖြစ်နေ၏။ လောလောဆယ်တော့ သူမအမေက သူမဆံပင်ရှည်တွေကို ချည်ဖို့ ချော့မော့နှစ်သိမ့်ပြီး ပြောနေသည်။
ကောင်မလေး၏မျက်လုံးတွေက နီရဲနေတာကြောင့် သူမ အကြီးအကျယ်ငိုခဲ့တယ်ဆိုတာ ပြောပြစရာတောင်မလိုပေ။ ကျန်းရှို့ချန်ဝင်လာတာတော့ မြင်တော့ မျက်နှာပျက်ယွင်းသွားပြီး သူမမျက်နှာသေးသေးလေးက နှုတ်ခမ်းတွေစူကာ ပါးတွေဖောင်းလာခဲ့သည်။ ဒေါသပြန်ထွက်လာပေမယ့် မငိုမိအောင်လည်း သူ့ကိုယ်သူ အပြင်းအထန်ကြိုးစားနေရှာသည်။
ကောင်မလေးက မချစ်ဘဲမနေနိုင်စရာကောင်းလောက်အောင် ချစ်စရာကောင်းတာကြောင့် ကျန်းရှို့ချန်ကို မရိုက်တော့ဘူးလို့ ကတိပေးခဲ့တာကို ကျန်းယန်ရှန့် နောင်တရမိသွားသည်။ မကျေမနပ်ဖြစ်နေသည့်ကောင်မလေး၏ မျက်နှာကိုမြင်ပြီး သူ့မောင်ကို ခပ်နာနာ ထုထောင်းပစ်ချင်သည်။
Xxxxx,
Part 132
ကျန်းယန်ရှန်က ကျန်းရှို့ချန်ကို ရှေ့ဘက်ကိုတွန်းထုတ်လိုက်တော့ ကျန်းရှို့ချန်က ခေါင်းမော့လိုက်ပြီး ကောင်မလေးဆီ တည့်တည့်လျှောက်သွားခဲ့သည်။
“ ငါ တောင်းပန်ပါတယ်..ငါ မင်းဆံပင်တွေကို မညှပ်ခဲ့သင့်ဘူး။ ငါမှားသွားတာသိပြီမလို့ ငါ့ကိုခွင့်လွတ်ပေးပါ ”
သူက စကားအားလုံးကို တစ်ဆက်ထဲ ခပ်မြန်မြန်ပြောလိုက်၏။
ကောင်မလေး၏ပါးစပ်က မဲ့ရွဲ့သွားပြီး မျက်လုံးထဲမျက်ရည်တွေ အိုင်ထွန်းလာခဲ့သည်။
“ နင် ငါ့ဆံပင်တွေကို ဘာလို့ညှပ်ချင်ရတာလဲ ”
ကျန်းရှို့ချန်က အသက်ကို ခပ်ပြင်းပြင်းတစ်ချက်ရှုသွင်းလိုက်၏။
“ မင်းက ကြည့်လို့ကောင်းတယ်လို့ငါထင်တယ် အဲ့တာကြောင့် မင်း ငါ့ကို သဘောကျလာစေချင်လို့ ”
“ ငါချောတယ်လို့ နင်ထင်တယ်ပေါ့လေ ”
ကောင်မလေးက ပြန်မေးတော့ ကျန်းရှို့ချန်က ခေါင်းငြိမ့်လိုက်ပြီး
“ အင်း...ဟုတ်တယ်။ စာသင်ခန်းထဲမှာ မင်းကအချောဆုံးဘဲလို့ ငါထင်တယ်! ငါ့ကို ခွင့်လွှတ်ပေးမယ်မလား ”
ကောင်မလေးက ရွှတ်ခနဲ!နှာရှုံ့လိုက်ပြီးနောက်
“ ကောင်းပြီလေ ငါနင့်ကိုခွင့်လွှတ်ပေးပါ့မယ် ”
ကျန်းရှို့ချန်က ပျော်သွားပုံပေါ်ပြီး ပြောလိုက်သည်။
“ ငါ မင်းကို သဘောကျတယ်။ အဲ့တာဆို မင်းရော ငါ့ကိုပြန်သဘောကျပေးမလား ”
ကောင်မလေးက ချက်ချင်းပြန်မဖြေပေ။ သူမ၏ကြည့်ကောင်းတဲ့ မျက်ခုံးလေးတွေက မျက်မှောင်ကြုတ်သွားပြီး ကျန်းရှို့ချန်ကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လာသည်။ ကျန်းရှို့ချန်တစ်ကိုယ်လုံးမှာ ဘယ်နားက သဘောကျချင်စရာကောင်းလဲ သူမ စဉ်းစားနေမိသည်။
ကျန်းရှို့ချန်က သွက်လက်စွာ ကတိပေးလာ၏။
“ ငါ မင်းကို နောက်ခါ အနိုင်မကျင့်တော့ပါဘူး။ ငါ့အစ်မက ငါ့ကို ခုလေးတင်ဘဲ သင်ခန်းစာပေးပြီးသွားပါပြီ။ သူပြောတာ ငါ မိန်းကလေးတွေကို အနိုင်မကျင့်ရဘူးတဲ့။ နောက်ဆို မင်း အနိုင်ကျင့်ခံရတဲ့အခါ ငါ မင်းကို ကာကွယ်ပေးပါ့မယ် ”
“ တကယ်လား ” ကောင်မလေးက ပြန်မေးသည်။
“ တကယ်ပါဆို ငါလုံးဝ ကတိပေးတယ်! ” ကျန်းရှို့ချန်က သူ၏ လက်သန်းသေးသေးလေးတွေကို ကတိပြုဖို့ ဆန့်ထုတ်ပေးလာခဲ့သည်။
ကောင်မလေးက စိတ်ပြေသွားဟန်ပေါ်ပြီး သူမရဲ့လက်သန်းလေးကို ကျန်းရှို့ချန်ရဲ့လက်သန်းလေးတွေမှာ ချိတ်တွယ်လိုက်၏။
“ ငါ့ကို အနိုင်မကျင့်တော့ဘူးဆိုရင်တော့ ငါနင့်ကို သဘောကျပေးပါ့မယ် ”
ကျန်းဟွမ်/ကောင်မလေးရဲ့အမေ/အတန်းပိုင်ဆရာမ : “ . . . ”
ဒါ..ဒါက သူတို့ ကြိုတင် ထင်ထားသလိုမျိုး မဟုတ်ပေ။
ကောင်မလေး၏အမေက သူ့သမီးအတွက် အများကြီး စိတ်သက်သာရာ ရသွားခဲ့သည်။ အခန်းထဲကို ကျန်းရှို့ချန် ဝင်လာသည့်အချိန်ထိ သူမ စိတ်ဆိုးနေသေးတာဖြစ်ပြီး ထို အသေးလေးနှစ်ယောက်လုံးကို ဒေါသထွက်နေသေးတာဖြစ်သည်။
ဘယ်လိုဘဲဖြစ်ဖြစ် သူ့ကလေးအတွက် စံနမူနာ ဖြစ်နေချင်သည်။ သူမက သူမသမီး၏ခေါင်းကို ခပ်ဖွဖွထိလိုက်ရုံမျှသာ တတ်နိုင်ပြီး ကျန်းရှို့ချန်ကို လေသံမာဖြင့်ပြောလိုက်သည်။
“ ဟုတ်ပြီနော်။ မင်း Coco ကို နောက်ထပ်အနိုင်မကျင့်ရတော့ဘူး ”
ကျန်းရှို့ချန်က ဖြတ်ထိုးဉာဏ်ကိုသုံးပြီး သတ္တိမွေးကာပြောလိုက်သည်။
“ ကတိပေးပါတယ်ဆို ”
အဲ့လိုမှမဟုတ်ရင် သားအစ်မ က သားကို သေတဲ့ထိ လည်ပင်းညှစ်သတ်လိမ့်မယ်။
ကျန်းရှို့ချန်နှင့်ကျန်းဟွမ်တို့၏ တောင်းပန်မှုကြောင့် နောက်ဆုံးတော့ ပြဿနာက ပြေလည်သွားပြီဖြစ်သည်။
သူတို့က ချက်ချင်း မထွက်သွားသေးပေ။ ကျန်ရှို့ချန်းကိုတော့ ကျန်ရှိနေသေးသည့်ကျောင်းချိန်ကို သွားတက်ခိုင်းခဲ့ပြီး ကျန်းဟယ်လင်းနှင့်အတူ အိမ်ပြန်လာရန် အမှာပါးလိုက်သည်။
လူလေးယောက်ဖြစ်တာကြောင့် ကျန်းဟွမ်က ကားတံခါးကိုဖွင်ပြီး ရှေ့ခန်းမှာ ထိုင်ချင်ခဲ့သည်။ ဒါပေမဲ့ ကျန်းယန်ရှန့်က ထိုနေရာမှာ ခပ်သွက်သွက်ဘဲ ဝင်လုထိုင်လိုက်ပြီး ဘာမှမဖြစ်ခဲ့သလို အရှေ့ကိုကြည့်ရင်း အေးဆေးထိုင်နေ၏။
ကျန်းဟွမ် : “ ... ” ကောင်းပြီလေ။
ကျန်းဟွမ်က အနောက်ခန်းမှာဘဲ ကလေးတွေနှင့်ထိုင်လိုက်ရသည်။ ပြီးတော့ သူက ကျန်းရှို့ချန်ကို ဆုံးမဩဝါဒပေးခန်းဖွင့်နေသည်။ သူ့ဆုံးမစကားတွေက ပိဋကတ်ကျမ်းစာတွေကို အလွတ်ရွတ်ပြနေတာနှင့် အတူတူဘဲဖြစ်တာကြောင့် ကျန်းရှို့ချန်မှာ အိပ်ငိုက်လာသလိုပင်။
ကျန်းယန်ရှန့်က အိမ်ရောက်တဲ့အထိ စိတ်တိုနေတုန်းပင်။ အတန်းထဲမှာ သူ နောက်ကျကုန်ပြီ။ အရေးအကြီးဆုံးက မှတ်စုတွေဘဲ..အဲ့ဒါတွေလုပ်ရမှာ စိတ်ရှုပ်ဖို့ကောင်းတယ်။
ကျောပိုးအိတ်ကို ယူပြီး သူမ အပေါ်ထပ်ကို တက်ခဲ့လိုက်သည်။ အခန်းထဲရောက်လို့ ကျောပိုးအိတ်ကို ချပြီးသွားတော့ အတန်းဖော်တွေရဲ့ group ထဲ စာပို့ပြီး ဒီနေ့လုပ်ရမယ့် မှတ်စုတွေကို တောင်းဖို့ ကြံလိုက်၏။
ဖုန်းကိုဖွင့်လိုက်သည့်အချိန် သူငယ်ချင်းအဖြစ်တောင်းခံသည့် သတိပေးချက်တစ်ခုကို တက်လာတာကြောင့် နှိပ်လိုက်သည့်အခါ ထိုအရာက ကျန်းကျစ်ယွမ်ဖြစ်နေတာ တွေ့လိုက်ရသည်။
ပုံမှန်ဆို မူလတန်းတွေက အထက်တန်းတွေထက် ကျောင်းစောစောဆင်းတတ်လေရာ ခုချိန်ထိ သူတို့ ကျောင်းမဆင်းလောက်သေးပေ။
အဲ့ဒါကို ဘာလို့ ကျန်းကျစ်ယွမ်က သူမကို friend လာ add တာလဲ။
ကျန်းယန်ရှန့်က accept ကို နှိပ်လိုက်သည်။
ဖုန်းကိုပစ်ချထားခဲ့ပြီးမှ အိမ်နေအဝတ်အစားတွေဝတ်ပြီးပြန်ရောက်လာတော့ ကျန်းကျစ်ယွမ်က သူ့ကို စာတွေ တစ်သီကြီးပို့ထားတာကို တွေ့လိုက်ရသည်။ ပို့ထားသည့်စာတွေကို ကြည့်လိုက်တော့ သူတောင်းဖို့ကြံနေသော မှတ်စုစာတွေဖြစ်နေခဲ့သည်။ ကျန်းယန်ရှန့်က group ထဲမှာတောင် မမေးရသေးပေ။
ကျန်းကျစ်ယွမ်..
ဒါက တုန့်ပြန်ဖို့ ခက်ခဲတဲ့အခြေအနေပင်။
ကျန်းယန်ရှန့်က နှုတ်ခမ်းကိုစေ့စေ့ပိတ်လိုက်၏။ အနှီကောင်လေး၏ စိတ်ကို သူမ အပြည့်အဝနားလည်နေသလိုပင်။ ဒါက သေချာပေါက် သူမကို ကြိုက်လို့မဟုတ်ဘဲ ချစ်နေလို့ဆိုတာ အနည်းငယ်သိသာနေသည်။
ယင်းက မကောင်ပး။ ချန်ပီယံတစ်ယောက်၏အသည်းကိုခွဲလိုက်လျှင် သူ၏ ကျောင်းလုပ်ဆောင်ချက်တွေကိုလည်း ထိခိုက်လာနိုင်သည့်အတွက် တကယ့်ကို အပြစ်ကြီးဖြစ်သည်။
ကျန်းယန်ရှန်က “ ကျေးဇူးဘဲ ”ဟုသာ ရိုးရိုးရှင်းရှင်း စာပြန်လိုက်သည်။
ကျန်းကျစ်ယွမ်က ရှက်သွေးဖြာနေသည့် အပြုံးအီမိုဂျီလေး ချက်ချင်းပြန်ပို့လာခဲ့၏။
ဖုန်းကို စားပွဲပေါ်တင်လိုက်ပြီးနောက် ကျန်းယန်ရှန့်ဘက်က စာမပြန်လာတော့ပေ။
မှတ်စုတွေလုပ်နေရခြင်းနှင့် အိမ်စာတွေလုပ်ရသည့်ညနေတွေဆိုသည်မှာ အထက်တန်း ကျောင်းသားတွေအတွက်တော့ ကျောင်းတစ်ရက်ထပ်တက်ရသလိုပင်။ ပါတီလုပ်ရတာ၊သောက်စားပျော်ပါးရတာတွေနှင့် ယှဉ်ကြည့်လျှင် ထိုအရာတွေက ပိုပြီးရိုးရှင်းသလိုထင်ရပေမယ့် ပိုပြီးတော့ ငြီးငွေ့ဖွယ်လည်း ကောင်းသည်။ သို့ပေမဲ့ အဲ့တာက စိတ်ငြိမ်စေတာကိုတော့ ငြင်းမရချေ။
မအိပ်ခင် သူမ ရေချိုးလိုက်ပြီး ဆံပင်ခြောက်သွားတော့မှ အိပ်ယာပေါ်တွင် ခြေချိတ်ထိုင်လိုက်ရင်းဖြင့် ဖုန်းကောက်ကိုင်ကာ friend request တွေရှိနေသည့် နေရာဆီသွားလိုက်သည်။
ကျန်းကျစ်ယွမ်ရဲ့ friend request အောက်မှာ တော်တော်ကြာတဲ့အချိန်ကတည်းက ပို့ထားတဲ့ friend request တစ်ခုရှိ၏__ရှုလီချန်။
သူမရဲ့ ဖုန်းနံပါတ်ကို ဘယ်လိုရသွားပြီး friend အဖြစ် add လာတာလဲမသိပေမဲ့ ကျန်းယန်ရှန်က ဒီတိုင်းဘဲထားကာ လျစ်လျူရှုလိုက်တော့သည်။
စဉ်းစားလိုက်ရင် ထိုအချိန်တုန်းက ရှုလီချန်ရယ် ဝမ့်ချမ်ရယ် သူမရယ်က အကုန် ကလေးလေးတွေဘဲ ရှိသေးတာဖြစ်သည်။
အထက်စီးဆန်တဲ့ကလေးရယ် အကြံကြီးတဲ့ကလေးရယ် ခပ်တုံးတုံးကလေးရယ်က ဘာမှ များများစားစားကွာခြားမှုမရှိ။
သူတို့အားလုံး ငယ်ငယ်လေးဘဲ ရှိသေးခဲ့တာ။
ကျန်းယန်ရှန့်လို လူစားမျိုးတောင် အသက် 21 နှစ်အရွယ်ရောက်လာတော့ တော်တော်ရင့်ကျက်လာခဲ့တာဘဲလေ။
ကျန်းယန်ရှန့် သူမ၏ဖုန်းကို အချိန်အတော်ကြာတဲ့အထိ ငေးကြည့်နေမိသည်။ ပြီးမှ ရှုလီချန်၏ friend request ကို လက်ခံလိုက်၏။
အချိန်က အရမ်းကြီးနောက်မကျသေး။ ရှုလီချန်အကြောင်း သူမသိထားသလောက်ဆို သူ ဒီအချိန်မအိပ်သေးပေ။ အဲ့ဒါကြောင့် သူသာ friend requestကို လက်ခံလိုက်ရင် သူက သူမကို စာပို့လာလိမ့်မယ်လို့ ထင်နေမိသည်။
သို့ပေမယ့် သူမအိပ်ပျော်သွားသည်အထိ ဖုန်းက အသိပေးသံတစ်ချက်တောင်ထွက်မလာပေ။
ရှုလီချန်က ညရောက်တော့ သူ့ဖုန်းကို ဖွင့်လိုက်ပြီး သူ့ဆီပို့ထားသည့် စာအချို့ကို ဖတ်နေခဲ့သည်။ ထိုစဉ် ရုတ်တရက်ကြီး ကျန်းယန်ရှန့်က သူ၏ friend requestကို လက်ခံလိုက်တာ မြင်လိုက်ရ၏။
အံ့ဩလွန်းလို့ သူ့မျက်ခုံးတွေတောင် အပေါ်ဘက်ကို ခပ်မြင့်မြင့်တက်သွားတော့သည်။
chatting room ထဲကို သူဝင်လိုက်တော့ app system ဆီကနေ ပို့ထားသော : ကျွန်ုပ်သင့်၏သူငယ်ချင်းဖြစ်ခွင့်တောင်းဆိုမှုကိုလက်ခံလိုက်ပါပြီ။ အခုကစပြီး ကျွန်ုပ်တို့တွေ အချင်းချင်းစာပို့လို့ရပါပြီ :..ဟူသောစာက သူ့ကို ဆီးကြိုနေသည်။
ရှုလီချန်က စာပို့ရန်နေရာကို ခဏလောက်စိုက်ကြည့်နေခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဖုန်း screen ကိုသာ ပိတ်လိုက်တော့သည်။ ပြီးတော့ ဖုန်းကို ဘေးဘက်ကို ပစ်ချလိုက်ပြီး ဘောပင်ကိုဘဲ ကောက်ကိုင်လိုက်တော့သည်။
သူအဲ့ဒီလိုလုပ်လိုက်တာကို ကျန်းယန်ရှန်သာ ကိုယ်တိုင်မြင်လိုက်ရရင် အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသားဖြစ်သွားလိမ့်မည်ထင်၏။
Xxxxxx