အပိုင်း ၁၈၇-၁၈၈
Viewers 22k

Part 187


မိုလင်း စီးလာသော လေယာဉ်သည် နံနက်အစောပိုင်းတွင် ကေမြို့ သို့ ဆင်းသက်လေသည်။ သူမက လေယာဉ်ပေါ်တွင် ခဏတာ တစ်ရေးတစ်မော အိပ်စက်ခဲ့ပြီးဖြစ်၍ လေယာဉ်ပေါ်မှ ဆင်းသည်နှင့် မျက်နှာသစ်၊ သွားတိုက်ကာ လေဆိပ် ရေချိုးခန်းတွင် မိတ်ကပ်လိမ်းလိုက်သည်။ ထို့နောက် ဟိုတယ်တွင် အခန်းပင် မယူသေးဘဲ ဖောက်သည်ဆီ အရင်သွားလိုက်သည်။


ဥက္ကဌ ယွဲ့ သည် ဘဏ္ဍာရေးဖိုရမ်တွင် မိုလင်း နှင့် တွေ့ဆုံခဲ့သည့်  မိတ်ဆွေသစ်ဖြစ်ပြီး သ၏ ပရောဂျက်တစ်ခုကို စိတ်ဝင်စားနေလေသည်။ သူမသည် ယခင်က ရင်းနှီး မြှုပ်နှံမှု မြှင့်တင်ရေး အစည်းအဝေးသို့ ဖိတ်ကြားခဲ့သော်လည်း  ဥက္ကဌ ယွဲ့ မအားလပ်၍  သူမ လာတွေ့ရခြင်း ဖြစ်သည်။


ထို့နောက် တွေ့ဆုံကြသောအခါ ဥက္ကဌ ယွဲ့ အနားတွင် ချောမောသော လူငယ်တစ်ယောက် ရှိနေပြီး သူက ဘေးတွင်ထိုင်ကာ စကားသိပ်မပြောဘဲ ငြိမ်သက်စွာ နားထောင်နေလေသည်။ မိုလင်း က သူသည် လက်ထောက် ၊ အတွင်းရေးမှုး သို့မဟုတ် ဝန်ထမ်း တစ်ယောက်ဟု ထင်မှတ်သွားသည်။ ဥက္ကဌ ယွဲ့ သည် အတွင်းရေးမှူးကို ရွေးချယ်သည့်အခါ အသွင်အပြင်ကို အာရုံစိုက်သည်ဟုပင် တွေးမိသွားရလေသည်။


အစည်းအဝေးက ချောမောစွာ ပြီးဆုံးသွားသည်။


မိုလင်း ကိုယ်တိုင်က အလွန်ကောင်းမွန်သော ပရော်ဖက်ရှင်နယ်တစ်ယောက်၏ အရည်အသွေးရှိပြီး ဥက္ကဌ ယွဲ့ ၏ မေးခွန်းများကို ကောင်းမွန်စွာ ဖြေကြားနိုင်ခဲ့သည်။ ဥက္ကဌ ယွဲ့ က ပြုံး၍ ခေါင်းညိတ်လိုက််ပြီး အလွန်ကျေနပ်နေပုံရသည်။ မိုလင်း စိတ်ထဲတွင် ခပ်ဖွဖွ သက်ပြင်းချလိုက်မိသည်။


နှုတ်ဆိတ်နေသော ဥက္ကဌ ယွဲ့ အနားမှ လူငယ်လေးသည် ရုတ်တရက် မေးခွန်းနှစ်ခု မေးလိုက်ရာ မိုလင်း ချက်ချင်းပင် ဝမ်းသာအားရနှင့် အသေးစိတ် ပြန်ဖြေလိုက်သည်။


ဖြေကြားပြီးနောက် သူမက ဥက္ကဌ ယွဲ့ ကိုကြည့်ကာ မေးလိုက်သည်။


 "သူက..." 


သူ့လေသံမှာ အတွင်းရေးမှုးတစ်ယောက်၏ လေသံမျိုး မဟုတ်ကြောင်း သူမ ခံစားမိလေသည်။


"သူက ကျွန်တော့် မြေး ယွဲ့စုန့် ပါ...."


သူမက မိတ်ဆက်လိုက်သည်။


"ကျွန်မ ကေမြို့ ကို ပထမဆုံး အကြိမ် ရောက်ဖူးတာပါ...တကယ့်ကို ထူးချွန်ထက်မြက်တဲ့  အထက်တန်းစား လူငယ် ပါရမီရှင်တွေ ရှိတဲ့ မြို့တစ်မြို့ပါပဲ... မနက်ဖြန် တွေ့မယ့် ဖောက်သည်ကလည်း ရင်းနှီးမြှပ်နှံဖို့ လေ့လာချင်ကြတဲ့ အထက်တန်း ကျောင်းသားတွေလေ....” 


"အိုး... အထက်တန်း ကျောင်းသားတွေလား...."


 ဥက္ကဌ ယွဲ့ က  ယွဲ့စုန့် ကို ပြုံးကြည့်လိုက်ပြီး မေးလိုက်သည်။


"ဘယ် မိသားစုကပါလိမ့် ...ငယ်ငယ်ရွယ်ရွယ်နဲ့ သင်ယူချင်စိတ် ရှိလိုက်တာ....."


ယွဲ့စုန့် က မိုလင်းကို ကြည့်ရင်း ပြုံးလိုက်သော်လည်း သူမက ဖောက်သည်၏ အချက်အလက်များကို မပြောဘဲ အသာနေလိုက်သည်။ဥက္ကဌ ယွဲ့ နှင့် ယွဲ့စုန့် တို့ကလည်း ထပ်မမေးတော့ပေ။


 "သူတို့က ဘာအတွက် ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတာလဲ....." 


 “ ရုပ်ရှင်...သိပ္ပံ-စိတ်ကူးယဉ်ရုပ်ရှင် အတွက်ပါ...”


ယွဲ့စုန့် အံ့သြသွားရသည်။


"ပြည်တွင်းဖြစ် သိပ္ပံ-စိတ်ကူးယဉ် ရုပ်ရှင်လား..." 


 “ဟုတ်ကဲ့...” 


 "ဒါဆို... 'နေအဖွဲ့အစည်းမှ ထွက်ခွာခြင်း" ဟုတ်တယ်မလား..."


 "ရှင်က အဲ့ဒီဝတ္ထုရဲ့ ပရိသတ်လား..."


ဤဝတ္ထုသည်  ရုပ်ရှင်အဖြစ် မရိုက်ကူးကြသေး၍ ပရိသတ်များက မျှော်လင့် နေကြခြင်း ဖြစ်သည်။


 “ကျွန်တော်က မူရင်းလက်ရာရဲ့ ပရိတ်သတ်ပါ... မူရင်းလက်ရာက အရမ်းကောင်းပါတယ်....” 


ယွဲ့စုန့် ကခဏမျှ စဉ်းစားလိုက်ပြီး မေးလိုက်သည်။


"ဒီပရောဂျက်က ငွေလိုအပ်နေသေးလား...." 


မိုလင်းက တည့်တည့်မတ်မတ် ပြင်ထိုင်လိုက်ပြီး သေချာဖြေလိုက်သည်။


 “ဟုတ်ပါတယ်...ဆက်လုပ်နေပါတယ်.... ဒီအကြောင်းကို သိချင်လို့လား...."


ဥက္ကဌ ယွဲ့ က သူ့နာရီကို ငုံ့ကြည့်‌လိုက်ပြီး အလျင်လိုနေပုံရလေသည်။


 "ဒါပြီးရင် ကျွန်တော်တို့ အစည်းအဝေး လုပ်ရမှာမို့ ကျေးဇူးပြုပြီး အဖိုးရဲ့ အတွင်းရေးမှုး ဖြစ်တဲ့ မစ္စ မို ဆီကို အချက်အလက်တွေ ပို့ပေးလို့ ရမလားခင်ဗျာ...." 


မိုလင်း : "?" 


ဥက္ကဌ ယွဲ့ က ပြုံးပြီး သူမကို ပြောလိုက်သည်။


“သူက ကောလိပ်မှာ ဒုတိယနှစ်ပဲ ရှိသေးတာ...”


မိုလင်း သဘောပေါက်သွားရသည်။


 “မစ္စတာ ယွဲ့ က အရမ်းငယ်တယ်လို့ ထင်နေတာ...ဒါပေမယ့် သူက အရမ်းတည်ငြိမ်နေလို့ သူ့အသက်ကို မခန့်မှန်းတတ်တော့ဘူး....” 


ဥက္ကဌယွဲ့ က ဖျတ်ခနဲ ပြုံးလိုက်သည်။


မိုလင်း ထွက်သွားသောအခါ ဥက္ကဌ ယွဲ့ က ယွဲ့စုန့် အား ပြောလိုက်သည်။


“ကလေးမလေးက အရမ်း အလုပ်ကြိုးစားတယ်... ဖိုရမ်မှာ သူမကို တွေ့တော့ ပြုံးပြုံးရွှင်ရွှင် လူတွေနဲ့ စကားပြောနေတယ်.... ဒီလို မိန်းကလေးမျိုးကို အခွင့်အရေး ပေးသင့်တယ်..." 


ယွဲ့စုန့် က ခေါင်းညိတ်လိုက်သည်။


ဥက္ကဌ ယွဲ့ အတွက် သူမသည် ကလေးမလေးဖြစ်သော်လည်း သူ့အတွက်တော့ သူမက အစ်မကြီး တစ်ယောက်သာ.... 


“ဇနီးမယား‌ကောင်းကို ရှာမယ်ဆိုရင် ဘယ်လို အခက်မခဲမဆို ရင်ဆိုင်နိုင်တဲ့ အရည်အချင်းရှိသူကို ရှာသင့်တယ်....မင်း  လေ့ကျင့်ခန်း အမြဲ လုပ်ရမယ်....မင်းအဖေနဲ့ မင်းအမေလို ငါ့ကိုပဲ စိတ်ပူ မနေနဲ့...."


“အခြားမိသားစုတွေမှာဆိုရင် အားကိုးစရာ မိဘနှစ်ယောက်ရှိတယ်.... ကျွန်တော်တို့ မိသားစုမှာ ဝံပုလွေနဲ့တူတဲ့ အဘိုးပဲရှိတယ်... ငယ်ငယ်လေးကတည်းက အဘိုး ကျွန်တော့်ကို စောင့်ရှောက်လာတာ...ကျွန်တော် ဘယ်လောက် ကျန်းမာတယ်ဆိုတာ အဖိုး မသိဘူး မဟုတ်လား ...အဖိုး အမြဲ ကျွန်တော့် ကျန်းမာရေးကို စိုးရိမ်နေတာမလား..."


 “ဘာပဲဖြစ်ဖြစ် ကျန်းမာသန်စွမ်းတဲ့ ဇနီးသည်ကို ရှာရမှာ... ဒါမှ ကိုယ်ခံပညာကို  လေ့ကျင့်နိုင်မှာလေ.....” (....)


ယွဲ့စုန့် ၏မိခင်သည် ကျန်းမာရေး ချို့တဲ့သူဖြစ်ပြီး ဖခင်မှာလည်း ကျန်းမာရေး ချို့တဲ့နေသည်။ သူတို့နှစ်ဦးသည် ငယ်ချစ်များဖြစ်ကြ၍ အဆင်ပြေကြသော်လည်း တစ်ယောက်ကိုတစ်ယောက် မပြုစုနိုင်ကြ‌ပေ။ အဘိုးအိုသည် သူတို့အတွက် ခံစားခဲ့ရပြီး မြေးဖြစ်သူကို သူကိုယ်တိုင် စောင့်ရှောက်ခဲ့ရသည်။ 


နောက်ဆုံးတွင် မြေးဖြစ်သူမှာ သန်မာပြီး ကျန်းမာသူ တစ်ယောက် ဖြစ်လာခဲ့သည်။ ယွဲ့ မိသားစု၏ မျိုးရိုးဗီဇများ တိုးတက် ကောင်းမွန်လာစေရန် ကျန်းကျန်းမာမာနှင့် ကြံ့ခိုင်သော ဇနီးမယားကိုသာ မြေးဖြစ်သူနှင့်  လက်ထပ်စေချင်သည်။


 "အိုး... ရှောင်မို ရဲ့ မျက်နှာက စည်းလုံးမှုနဲ့ ပျော်ရွှင်မှုကို ကိုယ်စားပြုတဲ့ ဝိုင်းစက်တဲ့ ပုံစံ ရှိတယ်... သူမ စကားပြောတဲ့အခါ သူမရဲ့ ပခုံးတွေက ဖြောင့်စင်းပြီး စွမ်းအင်ပြည့်နေသလို ခံစားရတယ်.....  အင်း..အသက်နည်းနည်းကြီးတာ နှမြောစရာပဲ…” 


အဘိုးဖြစ်သူ က ရေရွတ်လိုက်သည်။ 


 "အဖိုးကလည်း...ကျွန်တော် ကျောင်းတက်နေတုန်းပဲ ရှိသေးတာ..." 


"ကျောင်းတက်တာ ဘာဖြစ်လို့လဲ...ဇနီးမယားရှာတာ ကျောင်းနဲ့ ဘာဆိုင်လို့လဲ.... " 


မိုလင်းသည် တက္ကစီပေါ် ရောက်သည်နှင့် ဆဲလ်ဖုန်းကို ထုတ်ကာ သူမ၏ သူငယ်ချင်းထံ မက်ဆေ့ချ် ပို့လိုက်သည်။ 


“ငါ ပင်ပန်းနေပြီ... မနက် ၄ နာရီမှာ အိပ်ယာ ထတယ်...ဒီကို ၈ နာရီ ရောက်တယ်.... မနားဘဲ ချက်ချင်း ဖောက်သည် တစ်ယောက်နဲ့ တွေ့ခဲ့ရတယ်....အခုပဲ ဟိုတယ်ကို သွားမလို့....ငါနောက်မှ တစ်ရေးတစ်‌မော နားရမှာဟ.... လေယာဉ်ပေါ်မှာလည်း ကောင်းကောင်း မအိပ်ခဲ့ရဘူး.... နောက်ခုံက ကလေးက ငါ့ခုံကို ကန်နေလို့ ...သေချင်စော်ကို နံနေတာပဲ....မနက်ဖြန်ကျရင်လည်း တစ်ခြား ဖောက်သည် နဲ့ တွေ့ရဦးမယ်....တစ်ခြား ကိစ္စမရှိရင် မနက်ဖြန် နေ့လည်ကျ ရင် ပြန်လာမယ်လေ... ” 


" အမလေး ကေမြို့က တစ်ကယ့် နတ်ပြည်ကြီး ကျနေတာပဲ...ဒီနေ့ ဖောက်သည်ကလေ အရမ်းချောတဲ့ ကောင်လေးတစ်ယောက်ကို ခေါ်လာတယ်ဟဲ့.... သူ့အတွင်းရေးမှူးလို့ ထင်နေတာ....သူ့မြေး ဖြစ်‌နေတယ်...ပြီး‌တော့သူက ကောလိပ် ဒုတိယနှစ်ပဲ ရှိသေးတယ်....” 


“ငါ့ရဲ့ ဒုတိယနှစ်က ဆောင်းရာသီ အားလပ်ရက်မှာ ငါ ဘာလုပ်နေခဲ့ပါလိမ့်....ငါမှတ်မိပြီ...'ပျော်‌ရွှင်သော သိုးကလေး' ကိုကြည့်ရင်း အိမ်မှာ နှပ်နေခဲ့တာပဲ.... အဲ့ဒီ ကောင်လေးကလေ  အာမနီ ကထုတ်တဲ့  ဝတ်စုံကိုဝတ်ပြီး ရုံးခန်းထဲမှာ ရင်းနှီးမြှုပ်နှံမှု အကြောင်း ပြောနေတာ..." 


"မနက်ဖြန်ဆို ပိုပြီး စိတ်လှုပ်ရှား စရာတွေ ရှိသေးတယ်.... ငါ နင့်ကို အထက်တန်း ကျောင်းသူလေး အကြောင်း ပြောဖူးတယ် မဟုတ်လား....မနက်ဖြန် သူတို့နဲ့ တွေ့ရမှာ... နောက်ထပ် အထက်တန်း ကျောင်းသားတစ်‌ယောက်လည်း ပါတယ်.... အထက်တန်း ကျောင်းသား နှစ်ယောက်...စုစုပေါင်း ယွမ် သန်း ၄၀ ရင်းနှီးမြုပ်နှံကြမှာ.....ငါ  မနာလိုဖြစ်တာ မမှားဘူးမလား..."


"ဒီ ကေမြို့က ကလေးတွေ ဘာ‌ရေတွေ သောက်လို့ ဒီလောက် ချမ်းသာကြတာလဲ.... အမလေး...." 


ခဏကြာလျှင် သူငယ်ချင်း ဖြစ်သူက 


စာပြန်လာသည်။


“တော်စမ်း...ငါ့ကို အရေးမပါတာတွေ ပြောမနေနဲ့... သူတို့ဘဝပဲဟာ...တော်ပြီ... အစီအရင်ခံစာ ရေးမလို့ မက်ဆေ့ခ်ျ ဆက်မပို့နဲ့တော့...."


မိုလင်းက ဂရုမစိုက်ဘဲ ဆက်ပို့လိုက်ပြန်သည်။


"ငါဘာလို့ ချမ်းသာတဲ့ ဒုတိယမျိုးဆက်မှာ  လူမဝင်စားခဲ့ပါလိမ့်.... ငါတို့မှာတော့ ကြိုးစားလိုက်ရတာ..တစ်ကယ်တော့ ချမ်းသာတဲ့ ဒုတိယမျိုးဆက်နဲ့တောင် မယှဉ်နိုင်ဘူး..."


 သူငယ်ချင်း : "ငါ အိပ်ယာထပြီး အခု အစီအရင်ခံစာ ရေးနေပြီ...တော်တော့..."


Xxxxxx


Part 188


မိုလင်း ဟိုတယ်သို့ရောက်သောအခါ သူမအိပ်ရာမဝင်မီ ' နေအဖွဲ့အစည်း မှထွက်ခွာခြင်း' အတွက် လုပ်ငန်းအစီအစဉ်ကို ယွဲ့စုန့် ထံ ပေးပို့ခဲ့သည်။ သူမ နိုးလာသောအခါ ကျားတစ်ကောင်ကဲ့သို့ ရဲရင့်သော မိန်းကလေး ပြန်ဖြစ်သွားလေသည်။ဖုန်းအနည်းငယ် ဆက်တိုက်‌ ခေါ်ပြီးနောက် သူမ လက်ချောင်းများမှာ ကီးဘုတ်ပေါ်တွင် ဆော့ကစားနေကြပြီး သူမ၏ မျက်လုံးများက လေးနက်လာကြသည်။ မနက်ဖြန် အစည်းအဝေး ကျင်းပမည့် အချိန်နှင့်နေရာကို ပြောရန် သူမသည် ကျန်းယန်ရှန့် ကို ဖုန်းဆက်လိုက်သည်။


ထို့နောက် အိပ်မည်ပြုစဉ် ဖုန်းဝင်လာပြန်သည်။ 


 "မစ္စမို...ကျွန်တော်  ယွဲ့စုန့် ပါ..."


မိုလင်း ချက်ချင်းပင် စိတ်အားထက်သန်လာသည်။ 


"မစ္စတာ ယွဲ့..."


ယွဲ့စုန့် ၏ အသံသည် သံလိုက်ဓာတ်ရှိနေသည်။


"ကျွန်တော် အစီအစဉ်ကို ဖတ်ပြီးပါပြီ.... နည်းနည်းတော့ စိတ်ဝင်စားပါတယ်...မရှင်းတာတွေကို အစ်မကို ကျွန်တော် ပြောလို့ရမလား...အစ်မက အခု ကေမြို့ မှာပဲလား..." 


“ဟုတ်တယ်... မနက်​ဖြန်​ မနက်​မှ ​ဖောက်​သည်​ တစ်​​ယောက်​ကို သွား​တတွေ့ရမှာ...နေ့လည် တွေ့လို့ အဆင်ပြေလား...” 


နှစ်‌ယောက်စလုံး သဘောတူ လိုက်ကြသည်။ထို့နောက်  မိုလင်းသည်   လေယာဉ်လက်မှတ်ကို မနက်ဖြန်နေ့လည် မှ ညနေကို ပြောင်းလဲထားသောကြောင့် စိတ်အေး ချမ်းသာစွာ အိပ်စက်နိုင်ခဲ့လေသည်။ 


နောက်​တစ်​​နေ့တွင်​ ကျန်းယန်ရှန့် ၊ ရှုလီချန် တို့နှင့် တွေ့ဆုံကြလေသည်။အစည်းအဝေး ကျင်းပမည့် နေရာကို ကျန်း မိသားစု၏ လုပ်ငန်းဌာနချုပ်တွင် စီစဉ်ထားလေသည်။ ရှုလီချန် က သက်လတ်ပိုင်းရှိ အဒေါ် အရွယ် အမျိုးသမီး တစ်ယောက်ကို ခေါ်လာပြီး "ရှေ့နေ" ဟု မိတ်ဆက်ပေးသည်။ 


ကျန်းယန်ရှန့် တွင် ရုံးချုပ်၏ ဥပဒေရေးရာဌာနမှ တာဝန်ပေးအပ်ထားသော ရှေ့နေတစ်ဦးလည်း ရှိသည်။ရင်းနှီးမြှုပ်နှံမှု ရည်ရွယ်ချက်ကို ဆုံးဖြတ်ပြီးသည်နှင့် နောက်တဆင့်မှာ ရှေ့နေများက မိုလင်း နှင့် ဆွေးနွေးပြီး စည်းမျဥ်း စည်းကမ်းများကို ညှိနှိုင်းကြရန် ဖြစ်သည်။


ရှုလီချန် မှာ နောက်ပိုင်းတွင်  နားမထောင်တော့ဘဲ သူ့ဖုန်းဖြင့်သာ ဂိမ်းကစားနေသည်။


ကျန်းယန်ရှန့် မှာမူ ဆက်လက်၍ စိတ်ပါဝင်စားစွာ နားထောင်နေလေသည်။အကယ်၍ သူမသာ အနာဂတ်ကို ကြိုသိမထားပါကလည်း ဤအသက်အရွယ်တွင် လုပ်ငန်းကိစ္စများကို လုပ်သင့်ကြောင်း တဖြည်းဖြည်းနှင့် သူမ သိလာသည်။  


ယခင်ဘဝက တက္ကသိုလ် ကျောင်းသား ဘဝတွင်တောင်  ဘာကိုမှ မလေ့လာဖြစ်ခဲ့ပေ။ 


မိုလင်း ရှေ့နေနှစ်ဦးနှင့် ညှိနှိုင်းခဲ့သည်။ သူမသည် အမြဲ တက်ကြွပြီး ရဲရင့်သူဖြစ်၍ ကျန်းယန်ရှန့် က သူမကို စောင့်ကြည့်နေသဖြင့် ပြုံးမိသွားရသည်။


ထို့နောက် ကော်ဖိီသောက်ကြရာ ကျန်းယန်ရှန့် က မိုလင်းကို မေးလိုက်သည်။


"အစ်မ မိုက...ဘယ်တက္ကသိုလ်က ဘွဲ့ရခဲ့တာလဲ..."


"ဝိုင် တက္ကသိုလ်က..."


 ရှုလီချန် ၏ ရှေ့နေက သူမ၏ မျက်မှန်ကို ပင့်တင်လိုက်ပြီး ဝင်ပြောလိုက်သည်။


 "ဝိုင် တက္ကသိုလ်...အဲဒါ ကျွန်မတက်ခဲ့တဲ့ တက္ကသိုလ်နဲ့  ကပ်ရက်ပဲ..." 


"ဟင်.."


ကျန်းယန်ရှန့် ၏ ရှေ့နေကလည်း ပြောလာပြန်သည်။


 " ဒါဆို အစ်မက အာရ် တက္ကသိုလ် ကနေ ဘွဲ့ရခဲ့တာလား..." 


 "ဟုတ်တယ် ရှင်ရောလား..."


 "ဒါဆို အစ်မက စီနီယာပေါ့..." 


ထို့နောက် သူတို့ သုံးဦးသည် ကျောင်းအကြောင်းများ ပြောကြသလို တက္ကသိုလ် တက်စဥ်က သူတို့သွားဖူးသည့် စားသောက်ဆိုင်တွေ အကြောင်း လည်း ပြောဆိုနေကြသည်။


ရှုလီချန် ၏ရှေ့နေက ပြောလိုက်သည်။


"သူရှိနေလား မသိဘူး..."


ကျန်းယန်ရှန့် ၏ရှေ့နေက ပြောလိုက်သည်။ 


"ကျွန်မ ဘွဲ့ရတုန်းက သူ အဲဒီမှာရှိနေတုန်းပဲ..."


 မိုလင်းကပါ ဝင်ပြောလေ၏။


 “ဟုတ်တယ်..သူရှိနေတုန်းပဲ...ပြီးခဲ့တဲ့လက တက္ကသိုလ်မှာနေခဲ့တဲ့ အတန်းဖော်တွေနဲ့ အပြင်ထွက်စားကြရင်း သူ့ကို သွားတွေ့ခဲ့တယ်...”


ကျော်ကြားသော တက္ကသိုလ်များမှ ဘွဲ့ရသော သူမတို့သည်  ပိုမို ရင်းနှီးလာကြသည်။ ကျန်းယန်ရှန့် နှင့် ရှုလီချန် တို့သည် ကိတ်မုန့် သေးသေးလေးများကို တိတ်ဆိတ်စွာ စားကာ သူမတို့၏ သက်ဆိုင်ရာ တက္ကသိုလ်များနှင့် အလုပ်ခွင်တွင် တွေ့ဆုံခဲ့ကြသည့် ကျောင်းသားဟောင်းများ အကြောင်း ပြော‌နေသည်ကို နားထောင်ကြသည်။ 


နောက်ဆုံးတွင် သူတို့ သိရသည်မှာ ကုမ္ပဏီတွင် အကြီးအကဲဖြစ်သူ မိုလင်း ၏ခင်ပွန်းသည် အမှန်တကယ်တွင် ရှုလီချန် ၏ရှေ့နေနှင့် အတန်းတူဖြစ်သည်။


  စကားစမြည် ပြောနေစဉ် မိုလင်းသည် အစည်းအဝေး ခန်းတံခါးကို မကြာခဏ စိုက်ကြည့်နေလေသည်။ နောက်ပိုင်းတွင် ရှေ့နေများ သန့်စင်ခန်းဝင်သွားစဉ် သူမက ကျန်းယန်ရှန့် အား ပြောလိုက်သည်။


 “အစည်းအဝေးခန်း အပြင်ဘက်မှာ အကြာကြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတဲ့ လူတစ်ယောက်ရှိတယ်..." 


 "ရပါတယ်..သူ့ကို ဂရုမစိုက်ပါနဲ့...ညီမရဲ့အဖေပါ...”


ကျန်းယန်ရှန့် က ရှုံတွနေသည့် မျက်နှာဖြင့် ပြောလိုက်လေ၏။


လေထုသည် တစ်စက္ကန့်မျှ တိတ်ဆိတ်သွားသည်။


 မိုလင်း- " ! " 


ကျန်းယန်ရှန့် မှာ အလွန်ရှက်မိသော်လည်း ကျန်းဟွမ် ကို လူကိုယ်တိုင် အပြင်ထွက်ပြီး ပြောလိုက်လျှင်  ပိုရှက်စရာကောင်းမည်ဟု သူမတွေးမိသည်။


 မိုလင်းက ပြုံးပြီး မေးလိုက်သည်။


 "ဒါပထမဆုံး အကြိမ်လား..."


 " ဖြစ်နိုင်ပါတယ် ..." 


ရှုလီချန်က ဝင်ပြောလိုက်သည်။


 "အဲဒါ နင့်ကို ကလေး တစ်ယောက်လို့သူ့စိတ်ထဲမှာ ထင်နေတာ... ငါ့ကိုကြည့်လေ...ငါ့အမေက ရှေ့နေ ကျိုး ကို ထည့်ပေးလိုက်လို့ ငါသက်သာနေတာ..."


ကျန်းယန်ရှန့်က သူ့ခြေထောက်ကို တက်နင်းထားလိုက်ရာ ရှုလီချန်၏ မျက်နှာမှာ ရှုံ့မဲ့နေလေသည်။


ကျန်းဟွမ်က အဘွားကျန်း၏ ရုံးခန်းထဲသို့ ဝင်ပြီး ‌ပြောလိုက်သည်။


"ဟုတ်တယ်... ယောက်ျားလေး အတန်းဖော်ပဲ...အဲ့ဒါ ဘာဖြစ်လဲ..."


Xxxxxx