အပိုင်း ၁၉၅-၁၉၆
Viewers 22k

Part 195


ကျန်းယန်ရှန့် ဖုန်းကို ဖွင့်လိုက်လျှင် ရှုလီချန်ထံမှ မက်ဆေ့ချ်ကို တွေ့လိုက်ရသည်။


 "ဆောင်းရာသီ အားလပ်ရက် အတွက် အိမ်စာတွေ အကုန်ပြီးသွားပြီ..." 


ရှုလီချန်က စားပွဲပေါ်တွင် အိမ်စာ စာအုပ်များ အားလုံးကို ဖြန့်ထားပြီး ဓာတ်ပုံရိုက်ကာ သူမကို ပို့လိုက်သလို ဝီဘိုတွင်လည်း ပို့စ်တင်ခဲ့သည်။ သို့သော် ကျန်းယန်ရှန့်က သူ့ကို ပြန်ပြောမနေဘဲ  ဖုန်းကိုသာ ပိတ်လိုက်သည်။


......


"ဆောင်းရာသီ အားလပ်ရက်အတွက် သားရဲ့ အိမ်စာတွေ အကုန်ပြီးပြီ..."


ကျန်းရှို့ချန်က ခါးထောက်လိုက်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။ကျောင်းဖွင့်တော့မည်ဖြစ်၍ ကျန်းယုနှင့်  ကျန်းဟွမ်တို့သည် အဘွားကျန်းကို တွေ့ဖို့ ကလေးများကို ခေါ်လာကြခြင်း ဖြစ်သည်။အဘွားကျန်းက ကျန်းဟယ်လင်း နှင့် ကျန်းရှို့ချန်တို့ကို အိမ်စာများ ပြီးပြီလားဟု မေးနေလေတော့သည်။ ကျန်းဟယ်လင်းမှာ ပြန်မဖြေသေးသော်လည်း ကျန်းရှို့ချန်ကမူ ပြီးပြီးဖြစ်ကြောင်း အလျင်စလို ပြောလိုက်ရာလူကြီးများအားလုံး ရယ်မောလိုက်ကြသည်။


ကျန်းဟယ်လင်းက အဘွားကျန်းကို အမြန်ဖြေလိုက်သည်။


“သမီး အိမ်စာတွေပြီးတာကြာပြီ...ရှို့ရှို့ က မနေ့ကမှ  ပြီးသွားတာ...” 


 "နောက်ဆို သားလည်း အိမ်စာတွေကို အချိန်မီ ပြီးအောင်လုပ်ပါ့မယ်..." 


အဘွားကျန်းက ပြုံး၍ ကျန်းရှို့ချန်ကို ပြောလိုက်သည်။


"သားက အိမ်စာတွေ ပြီးအောင် ရေးလို့ အရမ်း လိမ္မာတယ်နော်...ဒါပေမယ့် သားမမလို စောစောစီးစီးပြီးအောင် လုပ်ရင် ကစားဖို့  အချိန်တွေ အများကြီးရတာပေါ့ ... မဟုတ်ဘူးလား..."


အဘွားကျန်းက  မူလတန်း ကျောင်းသားများကို မေးပြီးနောက်  အထက်တန်း ကျောင်းသားများကို မေးလိုက်ပြန်သည်။


 "ရှောင်လင်းနဲ့ ယန်ယန်ကရော ဘယ်လိုလဲ..."


ကျန်းယန်ရှန့် ၏ ဝမ်းကွဲအစ်ကို ကျန်းလင်းသည် ကိုယ်ပိုင်ကျောင်းတွင် ကျောင်းတက်နေသူ ဖြစ်သည်။ 


"ဆောင်းရာသီ အားလပ်ရက်အတွက် ကျွန်တော်တို့မှာ အိမ်စာသိပ်မရှိပေမယ့် practical လုပ်ရတာတွေတော့ အများကြီးရှိပါတယ်..."


ထို့နောက် ကျန်းယန်ရှန့် အလှည့်ရောက်သောအခါ သူမက ရှင်းရှင်းသာပြောလိုက်သည်။


 "အားလုံး ပြီးပါပြီ...." 


ကျန်းလင်း၏ အဖြေစကားနှင့် နှိုင်းယှဉ်ပါက ကျန်းယန်ရှန့်၏ အဖြေမှာ တိုလွန်းနေသည်။ကျန်းဟွမ်က အဘွားကျန်း စိတ်ဆိုးသွားသည်ဟု ထင်လိုက်သဖြင့် သမီးဖြစ်သူကို အလိုမကျဟန်ဖြင့် ကြည့်လိုက်သည်။


ကျန်းယန်ရှန့်သည် ကေမြို့၏ အဓိက ထိပ်တန်း ပြင်ဆင်မှုအတန်းတွင် ပညာ သင်ကြားနေပြီး သူမတွင် အိမ်စာမည်မျှ ရှိမှန်း အဘွားကျန်း သိသည်။ဆောင်းရာသီ အားလပ်ရက်တွင်လည်း  မြေးဖြစ်သူ ဘာတွေလုပ်ခဲ့မှန်းလည်း  သိထားသဖြင့် သူမက ပြုံးပြီး ခေါင်းကို အသာညိတ်လိုက်သည်။ 


နောက်ဆုံးတွင် ဤမိသားစုထဲရှိ တစ်ဦးတည်းသော ကောလိပ်ကျောင်းသူကို မေးလိုက်သည်။


ကျန်းချီ ဘာမှမပြောရသေးခင် သူမ အမေက ဝင်ပြောလိုက်သည်။ 


"ချီချီက တီဗီ ဇာတ်လမ်းတွဲ ပရောဂျက် ကိစ္စကြောင့်  အလုပ်ရှုပ်နေတာလေ... စာတွေ နှောင့်နှေးသွားမှာ ကြောက်လို့ကျွန်မတော့ ဒီကိစ္စကို မြန်မြန် ပြီးစေချင်‌နေပြီ....”


"စာဘက်မှာလည်း မလစ်ဟင်းပါဘူး...ကျောင်းစာသင်ရိုးက သမီးအတွက် အရမ်းဝန်မပိစေဘူးလေ..."


ကျန်းချီက ဖြေလိုက်သည်။


အဘွားကျန်းက မေးလိုက်သည်။


"ဘာပရောဂျက်လဲ...."


"သူမက တီဗီစီးရီးတွေ အရမ်းကြိုက်တာလေ...ဒါ‌ကြောင့် တီဗီစီးရီးတစ်ခုမှာ ရင်းနှီးမြှုပ်နှံလိုက်တာ..."


ကျန်းချီ၏ အမေကပင် ဖြေလိုက်ပြန်သည်။


ထိုစကားကိုကြားလျှင် ကျန်းယန်ရှန့် က ကျန်းဟွမ်ကို ကြည့်လိုက်ပြီး ကျန်းဟွမ် ကလည်း သူမကို ပြန်ကြည့်လိုက်သည်။ သားအဖ နှစ်ယောက် မျက်လုံးချင်း ဆုံကြပြီး အဘွားကျန်း ကို တစ်ပြိုင်နက် လှည့်ကြည့်မိကြသည်။


အဘွားကျန်းက ပြုံးမြဲ ပြုံးနေဆဲပင်။


“ဘယ်တီဗီ ဇာတ်လမ်းတွဲလဲ...” 


ကျန်းယုမှာ ဇနီးဖြစ်သူနှင့် သမီးဖြစ်သူကို မတားနိုင်ပေ။ ဇနီးဖြစ်သူသည်  ရွှေဇွန်းကိုက်၍ မွေးဖွားလာသူ အကြီးဆုံးသမီးဖြစ်ပြီး သူမဘဝသည် အမြဲတမ်း ချောမွေ့နေခဲ့သည်။ကျန်းယုနှင့် လက်ထပ်အပြီးမှ သူမ၏ စိတ်ပင်ပန်းဖွယ် နေ့ရက်များ ရောက်လာရခြင်း ဖြစ်လေသည်။အကြောင်းမှာ ယောက္ခမ ဖြစ်သူက သူမကို မျက်နှာသာမပေးဘဲ လင်ညီအစ်မဖြစ်သူကိုသာ မျက်နှာသာ ပေးခြင်းကြောင့် ဖြစ်သည်။ သို့သော် သူမတို့ မိသားစုသည် အဘွားကျန်း နှင့် အတူမနေကြဘဲ တစ်လလျှင် တစ်ကြိမ်သာ တွေ့ကြသောကြောင့် တော်သေးသည်ဟု ဆိုရပေမည်။


ကျန်းယု၏ ဇနီးဖြစ်သူမှာ အတိတ်က ကျန်းယန်ရှန့်၏ မိခင်နှင့် နှိုင်းယှဉ်ခံရမှုများကို အာဃာတ မထားခဲ့သော်လည်း အဘွားကျန်းက ချီချီကို ကျန်းယန်ရှန့် လောက် ဂရုမစိုက်သည့်အတွက် သူမ၏ ယခင်က အငြိုးတို့ တစ်ဖန် ရုန်းကြွ လာရပြန်သည်။


ကျန်းယန်ရှန့်၏ ပရောဂျက်ကိစ္စနှင့် ပတ်သတ်၍ သူမ ပေါက်ကွဲသွားခဲ့သည်။ထို့ကြောင့် သူမသည် သမီးဖြစ်သူကို ခေါင်းမထောင်နိုင်အောင် ဆူပူကြိမ်းမောင်းခဲ့သည်။


နောက်ပိုင်းတွင် ကျန်းယုမှာ သမီးဖြစ်သူကို ရင်းနှီး မြှပ်နှံရန် ခေါ်သွားရတော့သည်။ ဇနီးဖြစ်သူ၏ စိတ်အားထက်သန်မှုကို မည်သူမျှ တားဆီးနိုင်မည်မဟုတ်သောကြောင့် ကျန်းယု သည် ရွေးချယ်စရာ လမ်းမရှိတော့ဘဲ ကျန်းချီ အတွက် ပရောဂျက်အချို့ကို  ရွေးချယ်ပေးခဲ့သည်။ တကယ်တမ်းတွင် ဤတီဗီစီးရီးပရောဂျက်သည် သူ့စိတ်ကြိုက် မဟုတ်သော်လည်း  ကျန်းယန်ရှန့်က ရုပ်ရှင်တစ်ကား ရိုက်ကူးနေသဖြင့် သမီးဖြစ်သူကိုလည်း ရုပ်ရှင် နယ်ပယ်တွင် ရင်းနှီးမြှုပ်နှံစေချင်သည်။ထို့အပြင် ဤပရောဂျက်သည် ယုံကြည် စိတ်ချရပုံရသောကြောင့် ကျန်းယု သဘောတူလိုက်ခြင်း ဖြစ်သည်။


ယခု ကျန်းယုသည် ညီဖြစ်သူနှင့် တူမဖြစ်သူရှေ့တွင် မျက်နှာပူသောကြောင့် မျက်နှာကို တစ်ဖက်လှည့်ထားရသည်။


အဘွားကျန်းက မေးလိုက်သည့်အခါ ကျန်းယု၏ဇနီးက ပြုံးပြီး ကျန်းချီကို ကြည့်လိုက်ရာ ကျန်းချီက  အဘွားကျန်းအား အသေးစိတ် ရှင်းပြလိုက်လေသည်။


"မူရင်းလက်ရာက အရမ်းနာမည်ကြီးတယ်...စာရေးဆရာကိုယ်တိုင်ကလည်း ဝေ့ပေါ်မှာ သန်းနဲ့ချီပြီးတော့ကို ပရိသတ်တွေရှိ‌တယ်.....ဒရာမာထဲမှာ ပါတဲ့ ထိပ်တန်းသရုပ်ဆောင် တွေကလည်း သူတို့မှာ ကိုယ်ပိုင်ဝဘ်ဆိုဒ် ရှိသူတွေပါ...."


အဘွားကျန်းက ပြုံး‌၍ နားထောင်ပြီး  ကျန်းယုကို မေးလိုက်သည်။


 “မင်းက ဘယ်လောက်ရင်းနှီးမြုပ်နှံဖို့ အစီအစဉ်ရှိလဲ....” 


 "အခုမှ  အစမ်းသဘော ဆိုတော့ ယွမ် သန်း ၂၀ ပေးမယ်..." 


 “မဆိုးပါဘူး...တကယ်လို့ ရှုံးသွားရင်တောင် သိပ်မထိခိုက်‌နိုင်ဘူး...”


ကျန်းချီနှင့် သူမ၏ မိခင်တို့သည် အဘွားကျန်းကို မျှော်လင့်တကြီး  ကြည့်နေကြသည်။


အဘွားကျန်းက တောင်တန်းတစ်ခုလို တည်ငြိမ်စွာဖြင့်‌ ပြောလိုက်သည်။


 “ဒါက ချီချီရဲ့ ပထမဆုံး ရင်းနှီးမြုပ်နှံမှုဖြစ်တဲ့အတွက် အဖွားက သမီးကို နောက်ထပ် ယွမ် ၅ သန်း ထပ်ထည့်ပေးမယ်...."


ကျန်းချီတို့ သားအမိနှစ်ယောက်လုံး မျက်နှာပျက်သွားကြသည်။


'သူမက ကျန်းယန်ရှန့်ကိုကျ သန်း၂၀ ပေးတယ်...'


ကျန်းယုက သမီးဖြစ်သူကို ‌ကျယ်လောင်စွာ ပြောလိုက်သည်။


 "ချီချီ....အဘွားကို ကျေးဇူးတင်ကြောင်း ပြောလိုက်လေ..."


သားအမိ နှစ်ယောက်လုံး အိပ်မက်မှ နိုးလာသကဲ့သို့ ကမန်းကတန်း ပြုံးလိုက်ပြီး ကျေးဇူးတင်ကြောင်း ပြောလိုက်လေသည်။


အဘွားကျန်းကလည်း ခပ်ဖွဖွ ပြုံးပြလိုက်သည်။


အိမ်အပြန်လမ်းတွင် ကျန်းဟွမ်က လျန့်ယင်းယင်း ကားပေါ်တက်ခါနီးတွင် ပြောလိုက်သည်။


 “မင်း နောက်မှာထိုင်... ယန်ယန် ရှေ့မှာလာထိုင်...စကားပြောရအောင်...." 


လျန့်ယင်းယင်း မှင်တက်သွားရသည်။ 


'ဇနီးသည်က ရှေ့မှာထိုင်ပြီး သားသမီးတွေက နောက်မှာ ထိုင်ရတာမဟုတ်လား.....'


Xxxxxx


Part 196


ကျန်းယန်ရှန့်က ကားတံခါးကို ဆွဲဖွင့်ကာ ရှေ့ခန်းတွင် ထိုင်လိုက်သည်။ လျန့်ယင်းယင်းက ကားပေါ်ကို ဆောင့်ကြီး အောင့်ကြီးတက်ကာ နောက်ခုံတွင် ဝင်ထိုင်လိုက်သည်


ကျန်းဟွမ်က ကားမောင်းနေရင်း ကျန်းယန်ရှန့်ကို ပြောလိုက်သည်။


"သမီးရဲ့ ဦးလေးနဲ့ အန်တီက...သမီးရဲ့ဦးလေးနဲ့ အန်တီကလေ..."


ကျန်းယန်ရှန့်က အလိုမကျဖြစ်သွားဟန်ဖြင့်


"အဖေ သီချင်းဆိုနေတာလား..."


"သီးချင်းဆိုတော့ ဘာဖြစ်သွားနိုင်လို့လဲ..."


"အဖေက ဇာတ်လမ်းတွေထဲက မတရာစီးပွားရှာပြီး ကြီးပွားနေတဲ့ ဗီလိန်နဲ့တူနေတယ်..."


 "အောင်မာ...အဖေပြောမယ်.. အဲ့ဒီတုန်းက သမီးငယ်သေးတော့ မှတ်မိမှာ မဟုတ်ဘူး...ကျန်းယုရဲ့မိန်းမကလေ..သမီးရဲ့ အန်တီပေါ့... သမီးရဲ့အမေကို အမြဲ မကောင်းမြင်နေတော့တာ....သူမက သမီး အမေကို မကြိုက်လို့  သမီး အမေနဲ့ အမြဲ ဝေးဝေး နေချင်တာ...ဒါ​ပေမဲ့ သူမ တကယ်​ မရုန်းထွက်​နိုင်​ခဲ့ဘူး..." 


ထိုအချိန်တွင် ကျန်းဟွမ်နှင့် ဇနီးဖြစ်သူတို့သည် ပြည်တွင်း ပြည်ပခရီးမျာတွင် မခွဲဘဲ အမြဲရှိနေကြပြီး သူတို့မိသားစုသည် အမြဲသဟဇာတဖြစ်နေကာ ပျော်ရွှင်မှု အပြည့်ရှိနေချိန် ဖြစ်သည်။


သူ၏ ဇနီးဖြစ်သူ နေမကောင်းဖြစ်ပြီးကတည်းက ကျန်းဟွမ် မပျော်ရွှင်နိုင်တော့ချေ။


 


“သူတို့ကို ကြည့်တာနဲ့ သိသာတယ်.. အဘွားကျန်းက သမီးကို ယွမ် သန်း၂၀ ပေးတယ်ဆိုတာ သူတို့ သိသွားလို့ ပရောဂျက် တစ်ခုကောက်ရှာလိုက်ရပုံပဲ....ဟား ဟား..." 


ကျန်းဟွမ်က ကျန်းယန်ရှန့် ပြောခဲ့သည့် ဗီလိန်ကြီးအတိုင်းပင် ရယ်ချလိုက်သည်။


 "သန်း၂၀..." 


နောက်မှာ ထိုက်နေသည့် လျန့်ယင်းယင်းက ကျန်းဟွမ်ကို အော်ပြောလိုက်သည်။ သူမ၏ အသံစူးစူးကြောင့် ကျန်းဟွမ် ရုတ်တရက် လန့်သွားရသဖြင့် လက်ထဲမှ စတီယာရင်ဘီးက အနည်းငယ် ချော်သွားသည်။


"မင်းဘာလို့ အော်နေတာလဲ...လန့်သွားတာပဲ..."


ကျန်းဟွမ်က နောက်ကြည့်မှန်ထဲမှတစ်ဆင့် သူမကို ကြည့်လိုက်သည်။


လျန့်ယင်းယင်း ခဏတာမျှ အံသြသွားပြီး မေးလိုက်သည်။ 


"ယောက်ျား..အဲ့ဒီ သန်း ၂၀ က ဘာအတွက်လဲ..."  


ကျန်းဟွမ်က  ဒေါသတကြီးပြောလိုက်သည်။


 "ယန်ယန်က ရင်းနှီးမြှုပ်နှံမှု တစ်ခုလုပ်ထားတယ်...ငါက သူမကို ယွမ် ၁၀ သန်းပေးပြီး အမေက ယွမ် သန်း ၂၀ ပေးလိုက်တယ်....”


လျန့်ယင်းယင်းမှာ သူမ၏ နှလုံးသား တစ်ခုလုံး ပေါက်ကွဲသွားရသကဲ့သို့ ခံစားလိုက်ရသည်။


ဒါဆို  ယွမ် သန်း ၃၀ ဖြစ်သွားပြီပေါ့...


"ယန်ယန်က ကလေးပဲရှိသေးတာ... ဒီလောက် ပိုက်ဆံအများကြီး ပေးတာ..."


လျန့်ယင်းယင်းက အသံနေအသံထားကို အားတင်းကာ ထိန်းထားလိုက်ပြီး ပြောလိုက်သည်။


   "သင့်တော်ပါ့မလား..." 


ကျန်းဟွမ်က သူမကို စကားတစ်ခွန်းသာ ပြောလိုက်သည်။ 


"ဒါ မင်းကိစ္စ မဟုတ်ဘူး..."


ထို့နောက် သူမကို လျစ်လျူရှုလိုက်သည်။


လျန့်ယင်းယင်းမှာ  သွေးကြောများ ပေါက်ထွက်မတတ် ခံစားလိုက်ရသည်။ သူမ၏ လစဉ်အသုံးစရိတ်မှာ ယွမ် ၂၀၀,၀၀၀ ဖြစ်သည်။ ဤသည်မှာ သူမ ကျန်းအိမ်သို့ ဝင်လာပြီးမှသာ ပေးခြင်း ဖြစ်ပြီး ကျန်းဟွမ် ဖုံးကွယ်ထားသည့် အငယ်အနှောင်း ဖြစ်ခဲ့စဉ်က တစ်လလျှင် ယွမ် ၅၀၀၀၀ သာ ရခဲ့သည်။


ကျန်းအိမ်သို့ ဝင်ရောက်ပြီးနောက်အသုံးစရတ်မှာ ယခင်ကထက် လေးဆ တိုးလာခဲ့သည်။ထိုစဥ်က လျန့်ယင်းယင်းသည် ဂုဏ်သိက္ခာရှိပြီး ကြီးမားသော အိမ်ကြီးတွင် နေထိုင်ကာ  ယာဉ်မောင်းများနှင့်သော ဇိမ်ခံကားကို စီးရသဖြင့် သူမခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ကောင်းကင်ဘုံပေါ်သို့ တက်သွားသလို ခံစားခဲ့ရသည်။


ကျန်းဟွမ်၏ ပထမဇနီး ချန်ထားခဲ့သည့် စိတ်အနှောင့်အယှက်ဖြစ်စေသော သမီးတစ်ယောက်မှလွဲ၍  အရာအားလုံးကို သူမ ကျေနပ်ခဲ့သည်။ 


အဘွားကျန်း၏ အိမ်တွင် ယခုပင် ကျန်းယုနှင့် သူ့ဇနီးတို့က ကျန်းချီအတွက် ယွမ်သန်း ၂၀ ရင်းနှီးမြုပ်နှံမည်ဟု ပြောသည်ကို သူမ ကြားလိုက်ရလျှင် အဘွားကြီးရှေ့တွင် ဇာတ်တိုက်ထား‌သည်ဟု သူမ ထင်လိုက်မိသည်။ထို့အပြင် ကျန်းချီသည် ကျောင်းသူတစ်ယောက် ဖြစ်သဖြင့် ပရောဂျက်များကို ရင်းနှီးမြုပ်နှံနိုင်သည့် အရည်အချင်း မရှိပေ။ရှင်းရှင်း ပြောရလျှင် ကျန်းယု သည် နောက်ကွယ်မှ ကြိုးကိုင်နေသူမှန်း သူမတပ်အပ်သိသည်။ 


သူမသည် ထိုကိစ္စကို အလေးအနက်မထားဘဲ မည်သည့် ပရောဂျက်ကိုမှ ရင်းနှီးမြုပ်နှံခြင်း မရှိဟု တွေးထင်ခဲ့သည်။ ယခုမူ ကျန်းဟွမ် က သူတို့ သားအမိနှစ်‌ယောက်သည်  ကျန်းယန်ရှန့် ၏ ပရောဂျက်အတွက် ယွမ် သန်း ၃၀ ရင်းနှီးမြုပ်နှံထားကြောင်း သူမအား ပြောပြလိုက်လေသည်။


သန်း ၃၀ သည် သူမ၏ ဆယ်နှစ်တာ အသုံးစရိတ်နှင့် ညီမျှလေသည်။


'ဒါဆို ဒီလောက် ပမာဏရှိတဲ့ငွေတွေကို  ကျန်းယန်ရှန့် ကို ပေါ့ပေါ့ ပါးပါးပဲ ပေးခဲ့တာလား....'


ကျန်းချီသည် ကောလိပ်ကျောင်းသူ တစ်ယောက် ဖြစ်သည့်အပြင် အကြီးဆုံး မြေးလည်းဖြစ်သည်။ ကျန်းယန်ရှန့် မှာ အသုံးမဝင်သော ကလေးတစ်ယောက်သာ ဖြစ်သည်။ 


လျန့်ယင်းယင်း သူမ၏ ခေါင်းတစ်ခုလုံး ထုံကျင်လာသည်ကို ခံစားလိုက်ရပြီး စိတ်ထဲမှ ကျယ်လောင်စွာ အော်ဟစ် လိုက်သည်။


'ကျန်းယန်ရှန့် ကို လုံးဝ မပေးနိုင်ဘူး...အကုန် ရှို့ရှို့ ကိုပေးရမယ်....'


နောက်ဆုံး ရလဒ်အနေနှင့် သူမရင်ဘတ်ကို ကျောက်တုံးကြီးဖြင့် ဖိထားသလို ခံစားရပြီး အသက်မရှူနိုင်တော့ဘဲ သူမရှေ့တွင်ရှိသော ကျန်းဟွမ် ကို ကြည့်လိုက်လျှင် ကျန်းဟွမ်နှစ်ယောက်ဖြစ်နေလေသည်။ကျန်းယန်ရှန့်၏ အသံကိုလည်း မကြားတစ်ချက် ကြားတစ်ချက်သာ ကြားနေရတော့သည်။ 


"အဖေ.....ရင်းနှီးမြှုပ်နှံ...ဒရာမာ...ရင်းနှီးမြှုပ်နှံ...အစီရင်ခံစာ...ပရောဂျက်...."


ကျန်းယန်ရှန့်က လျန့်ယင်းယင်းကို လျစ်လျူရှုလိုက်ပြီး ကျန်းဟွမ်ကို ပြောလိုက်သည်။


 " အဖေ ရင်းနှီးမြုပ်နှံခဲ့တဲ့ တီဗီစီးရီးရဲ့ အခြေအနေက ဘယ်လိုလဲ..." 


“ဒီလိုပါပဲ... အရှုံးပေါ်သွားတယ်... သိပ်ပြီး စိတ်ဝင်စားစရာ မရှိပါဘူး...” 


"အစ်မ မို က ပြောတယ်....သမီးတို့ရဲ့ သိပ္ပံ-စိတ်ကူးယဉ် ရုပ်ရှင်မျိုးက ပြည်တွင်း ရုပ်ရှင် နယ်ပယ်မှာ မထွန်းကားသေးလို့ လူတိုင်းက မရင်းနှီးမြုပ်နှံရဲကြတဲ့အတွက် ပြင်ပက‌နေ ငွေကြေးရင်းနှီးရတယ်လို့ ပြောတယ်...  အမြတ်အစွန်း တည်တည်ငြိမ်ငြိမ်လေးပဲ ရနေတဲ့ သာမန်ရုပ်ရှင်တွေနဲ့ ဒရာမာတွေကျတော့ ရန်ပုံငွေ ပြတ်လပ်မှု မရှိဘူးလို့လည်း သူမက ပြောသေးတယ်....”


"သူမပြောတာမှန်တယ်.. နောက်မှသိလာလိမ့်မယ်..သမီး နားလည်တဲ့ နယ်ပယ် မဟုတ်တဲ့အတွက် နားမလည်ရင် ကိုယ့်ကို လူလည် ကျသွားတတ်တယ်... သမီးရဲ့ဦးလေးလျူဆိုရင် အရင်က ယွမ် သန်း ၈၀ အလိမ်ခံရဖူးတယ်…”


"ဒါဆို အစ်မ ချီချီက ဒီပရောဂျက်မှာ မြတ်မယ်လို့ အဖေ ထင်လား..." 


"ဘယ်လိုလုပ် သိမှာလဲ...အဖေလည်း သိပ်မလေ့လာရသေးဘူး...အပြောလေး နားထောင်ရုံနဲ့ အဖေလည်း မပြောတတ်ဘူး..."


ထို့နောက် ကျန်းယန်ရှန့် ရုတ်တရက် သတိရသွားသည်။


 "အစ်မမိုကို မေးလိုက်မယ်..." 


ထို့နောက် သူမက မိုလင်းကို ချက်ချင်း ဖုန်းဆက်လိုက်သည်။ 


“အစ်မမို... ဒီပရောဂျက်အကြောင်း သိလားဟင်...” 


တိုက်ဆိုင်စွာပင် မိုလင်းလည်း ဤပရောဂျက်အကြောင်း သိနေလေ၏။


"အစ်မကတော့ သိပ်မကြိုက်ဘူး...ညီမမှာ တခြားရွေးချယ်စရာ ပရောဂျက်တွေရှိရင် တီဗီစီးရီးကိုတော့ မလုပ်စေချင်ဘူး..."


Xxxxxx