အပိုင်း ၂၁၃-၂၁၄
Viewers 22k

Part 213


ပိတ်ရက်အပြီးတွင် ကျောင်းသို့ပြန်၍ ယွဲ့စုန့်သည် "အရောင်အသွေးစုံသောခေတ်မှီတက္ကသိုလ်ဘဝ" ၌ ပြန်လည်လှုပ်ရှားနေရပြီဖြစ်သည်။


သူသည် ချန်ဝေ့ အား ထိုဗီဒီယို၏ လင့်ခ်ကိုတောင်းကြည့်သောအခါ 'ကျန်းယန်ယန်'၏ ဗီဒီယိုများသည် တစ်ခုထက်မက ရှိနေကြောင်း သိလိုက်ရသည်။ အချင်းချင်းစောင့်ကြည့်နေကြသော ဗီဒီယိုတင်သူများသည် သူမ၏ ဗီဒီယိုကို အပြိုင်အဆိုင် တင်ထားကြသည်။ ဗီဒိယိုများမှာ ကိုအာလာပွေ့ဖက်ခြင်းပုံများပင်ဖြစ်ရာ သူမ သည် ကောင်မလေး ၄ ၅ ယောက်လောက်ဖြင့် ရိုက်ထားခြင်းဖြစ်မည်။ နောက်ခံကိုကြည့်ခြင်းအားဖြင့် ဗီဒီယိုများသည် တစ်နေရာထဲ၌ ရိုက်ထားပုံရသည်။


ဗီဒီယိုခေါင်းစဉ်များမှာ "ငါတို့အတန်းထဲကကောင်မလေးက ရှယ်မိုက်"၊ "ငါဘာလို့ ဒီကောင်မလေးနဲ့တူတဲ့ကောင်လေးမျိုး ရချင်နေတာလဲ", "ငါလည်းအဖက်ခံချင်တယ်" စသဖြင့် ဖြစ်သည်။ လူများမြင်လျှင် ပြုံးချင်စရာခေါင်းစဉ်များဖြစ်သည်။


အခြားဗီဒီယိုများကတော့ အတိုလေးတွေဖြစ်သည်။


သူမ အား မိန်းကလေးများက ဝန်းရံထားကြကာ တစ်ချို့က စိတ်လှုပ်ရှားစွာ ခုန်နေကြသည်။


"ငါ့အလှည့်လေ...ငါ့အလှည့်...နောက်တစ်ခေါက်ကျ ငါ့ကိုချီ..."


သူမ သည် နေကာမျက်မှန်ကိုလည်း ချွတ်လိုက်၍ အခြားလူများအား ပေးလိုက်သည်။


"ငါလုပ်ပေးပါမယ်...ဒဏ်ရာရအောင်တော့မလုပ်ကြနဲ့..."


ထို့နောက် ယောင်္ကျားလေးတစ်ယောက်ထံမှ ဦးထုပ်ကိုငှားလိုက်သည်။


"ငါ့မျက်နှာကိုကာထားပေး..."


အထက်တန်းကျောင်းသားလေးတစ်စု၏ လုပ်ဆောင်ချက်များသည် သိပ်တော့မကောင်းလှပါ။ သူမ သာသိရင်တော့ စိတ်ဆိုးလေမည်လား ယွဲ့စုန့် မသိချေ။


ယွဲ့စုန့်ကတော့ ရယ်စရာကောင်းသည် ဟု တွေးမိသည်။


ယွဲ့စုန့်သည် အခြားမိန်းကလေးများက သူမကို  ကိုအာလာကဲ့သို့ဖက်နေသော ဗီဒီယိုများကို သိမ်းထားလိုက်သည်။ ထိုဗီဒီယိုများကို တင်ထားသူများသည် သူမ၏ အတန်းဖော်များဖြစ်မည်ဟု ခန့်မှန်း၍ သူတို့၏ ချန်နယ်များထဲဝင်ကြည့်လိုက်ရာ တကယ်ပင်အတန်းဖော်များဖြစ်နေ၍ သူတို့၏ ကျောင်းတွင်းနေ့စဉ်ဘဝတစ်စိတ်တစ်ပိုင်းများကို တင်ထားကြသည်ကိုတွေ့ရသည်။ စားသောက်ဖွယ်ရာမုန့်များ၊ ကျောင်းအနားပေးချိန်များ၊ မုန့်စားဆင်းချိန်များ၊ ကိုယ်ပိုင်စာကြည့်ချိန်များ....ထို ကွာလတီသိပ်မကောင်းသော ဗီဒီယိုလေးများတွင် သူမ ကို တစ်ခါတစ်ရံ မြင်တွေ့ရသည်။


သူမ သည် အိတ်အပွကြီးနှင့်တူသော ယူနီဖောင်းကိုဝတ်၍ လူကြားထဲတွင် မိတ်ကပ်မပါပဲ ရပ်နေလျှင်တောင်မှ အခြားသူများနှင့် ကွဲထွက်နေမည်သာဖြစ်သည်။


ကျန်းယန်ယန်သည် အခြားအထက်တန်းကျောင်းသားများနှင့်မတူသည့် အရှိန်အဝါတစ်ခုဖြင့် မွေးဖွားလာခြင်းဖြစ်သည်။


ယခင်က ယွဲ့စုန့်သည် သူမကို မတော်တဆသာ တွေ့ခဲ့သည်ဆိုလျှင် ယခု သူမ အား တက်ကြွစွာ ခြေရာခံရှာဖွေခြင်းသည် ပထမဆုံးဟု ဆိုနိုင်ပေသည်။


‌ချန်ဝေ့ က ယွဲ့စုန့်အနားသို့ တိုးလာကာ မေးလိုက်သည်။


"ဘာတွေကြည့်နေတာလဲ..."


ယွဲ့စုန့်သည် အေးအေးဆေးဆေးပင် ဖုန်းမျက်နှာပြင်အား တစ်ဖက်သို့လှည့်လိုက်၍ ပြောလိုက်သည်။


"ကြယ်လေးကို လိုက်ဖမ်းနေတာလေ..."


ကျောင်းပိတ်ရက်များတွင် ယွဲ့စုန့်၌ လုပ်စရာအလုပ်များစွာ ရှိနေမည်ဖြစ်သည်။ သို့သော် ယခု ကျောင်းဖွင့်ရက်များတွင်တော့ သာမာန်တက္ကသိုလ်ကျောင်းသားဘဝကို အပြည့်အဝနေနိုင်ရန် လုပ်ငန်းကိစ္စများကို အတတ်နိုင်ဆုံး လျှော့ချထားရသည်။


စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများလုပ်ရန်တစ်သက်လုံး အချိန်ရ၍ ကျောင်းသားဘဝကတော့ အချိန်တိုအတွင်း ကုန်ဆုံးသွားမည်ကို ယွဲ့စုန့် ကောင်းစွာ နားလည်ပါသည်။


ယွဲ့စုန့်သည် ငယ်စဉ်တည်းက အဖိုးနှင့်ဦးလေးတို့နှင့်အတူ စီးပွားရေးလောကမှ လူအများနှင့် ထိတွေ့ကျင်လည်ခဲ့ရသည်။ ယခု ရိုးစင်းသော အတန်းဖော်များနှင့်ယှဉ်ကြည့်သောအခါ ယွဲ့စုန့်သည် စိတ်အေးလက်အေးနှင့် ပျော်ရွှင်နေမိသည်။


သို့သော် လူတိုင်းကတော့ ရိုးစင်းနေမည်မဟုတ်ချေ။ အရွယ်နှင့်မလိုက်အောင် ကြံစည်ဉာဏ်ဆင်တတ်သည့်လူများလည်း ရှိနေမည်ပင်။


တစ်နေ့တွင် ချန်ဝေ့ က စပ်ဖြဲဖြဲနှင့် ယွဲ့စုန့်အားလာပြောသည်။


"ကျန်းချီက စီနီယာအစ်ကိုကျန်းကို လိုက်နေတာ မင်းသိလား..."


စီနီယာအစ်ကိုကျန်းသည် စီနီယာအစ်မ ကျန်း ၏ ချစ်သူဖြစ်၍ ယွဲ့စုန့်တို့တက္ကသိုလ်တွင် ဘွဲ့လွန်တက်နေသူဖြစ်သည်။ အစ်ကိုကျန်းသည် အရပ်ရှည်၍ ချောမောကာ အစ်မ ကျန်း နှင့် အလွန်လိုက်ဖက်သူဖြစ်သည်။ ချန်ဝေ့ သည် အစ်မကျန်းအား ကြိုက်နေသော်လည်း  အားကျချစ်ခင်မှုများဖြင့်သာ ကြိုက်နှစ်သက်ခြင်းဖြစ်သည်။ ချန်ဝေ့ သည် အစ်ကိုကျန်းအား မနာလိုစိတ်မရှိပဲ အားကျရုံသာရှိ၍ အစ်ကိုကျန်းအပေါ်၌လည်း မကောင်းသည့်စိတ်များ မရှိချေ။


ဤသည်မှာလည်း တက္ကသိုလ်ဘဝကို ယွဲ့စုန့်ကြိုက်မိသော အချက်တစ်ခုဖြစ်သည်။ စိတ်ဝင်စားမှုများ၊ စိတ်ခံစားချက်များနှင့်ပတ်သတ်၍ သဘောထားမတိုက်ဆိုင်ကြခြင်းများ သိပ်မရှိကြကာ ရံဖန်ရံခါပေါ်ပေါက်လာတတ်သည့် မတိုက်ဆိုင်မှုလေးများကလည်း ချစ်ဖို့ကောင်းကြသည်။


ယွဲ့စုန့်ကမေးလိုက်သည်။


"ကျန်းချီ ဒီတစ်ခါ ဘာလုပ်ပြန်ပြီလဲ..."


ကျောင်းသားသမဂ္ဂမှ လူတိုင်းသည် ကျန်းချီနှင့် အစ်မကျန်းတို့ မတည့်ကြသည်ကို သိကြသည်။ မတည့်ဘူးဆိုသည်ထက် အစ်မကျန်း၏ အမြင်တွင် ကျန်းချီအားကြည့်မရဖြစ်နေခြင်းဖြစ်သည်။ ချမ်းသာသည့်ကျန်းချီက အစ်မကျန်းအား တစ်ခါမျှ ထိပ်တိုက်မပြောသော်လည်း ဘေးမှစောင်းမြောင်းကာနှိမ့်ချသည့်စကားများ အမြဲပြောနေတတ်သည်။


တိုတိုပြောရလျှင် ကျန်းချီသည် အပြစ်ကင်းစင်ဟန်ဆောင်နေသော မြေခွေးမ သာဖြစ်သည်။


သို့သော် ကျန်းချီသည် လှပ၍ ကျောင်း၌ သူမကို ကြိုက်နေသူများလည်းရှိသည်။ ချမ်းလည်းချမ်းသာသောကြောင့် နောက်လိုက်အနည်းငယ်လည်းရှိသည်။ ထို့ကြောင့် သမဂ္ဂ၌ ကျန်းချီပြောလျှင် ထောက်ခံမည့်သူက များနေသည်။


ဤစာသင်နှစ်တွင် စီနီယာကျောင်းသား၊ကျောင်းသူအကုန်လုံးက အလုပ်များရှာနေကြရသည်။ ကျန်းချီသည် စီနီယာအစ်ကိုတစ်ယောက်အတွက် လစာကောင်းသည့် အလုပ်တစ်ခုရှာပေးလိုက်သည်ဟု သတင်းများထွက်နေသဖြင့် လူများသည် ကျန်းချီလိုချင်သည်ကိုလုပ်ပေး၍ ဖားနေကြသည်။


ကံကောင်းစွာပင် အစ်မကျန်း သည်လည်း လှပ၍ နာမည်ကြီးကာ ခင်မင်သူများသောကြောင့် ကျန်းချီကို ကြောက်နေစရာမလိုပေ။ သို့သော် တစ်ခါတစ်ရံ၌ ကျန်းချီသည် တားမရဆီးမရ ဖြစ်တတ်သည်။


"အဲ့မိန်းမ ဘယ်လောက်တောင်ရူးလဲ မင်းမသိပါဘူး..."


ချန်ဝေ့က ရှုံ့ချသည့်လေသံဖြင့်ပြောသည်။


"အစ်ကိုကျန်းက ကျောင်းသားသမဂ္ဂမှာ အစ်မကျန်းကို လာကြိုတာ...အဲ့မှာ ကျန်းချီက အစ်ကိုကျန်းကိုသွားပြောတာ...'အစ်ကို့ကောင်မလေးကို ညီမအရမ်းမနာလိုတာပဲ...သူက ယောင်္ကျားလေးတွေကြားမှာအရမ်းနာမည်ကြီးတာလေ...ယောင်္ကျားလေးတွေကိုဆွဲဆောင်နိုင်တဲ့ အစ်မကျန်း လို ခန္ဓာကိုယ်မျိုးရှိချင်လိုက်တာ' ဆိုပြီး..."


ချန်ဝေ့ က လည်ပင်းကိုညှစ်ကာ ကျန်းချီ၏အသံနှင့်တူအောင်လုပ်ပြောနေသည်။


ယွဲ့စုန့်သည် ချန်ဝေ့ ပြောမည့်ဟာသကို စောင့်နေရင်း အပြုံးက တဖြည်းဖြည်းပျောက်ကွယ်သွားသည်။


ယွဲ့စုန့် နှင့် ချန်ဝေ့ နှစ်ယောက်လုံးသည် ကျောင်းသားသမဂ္ဂ၌ ပါဝင်သောကြောင့် အစ်ကိုကျန်းနှင့်ရော အစ်မကျန်း နှင့်ပါ ရင်းနှီးကြသည်။ အစ်မကျန်းနှင့်ပတ်သတ်သော ယောင်္ကျားလေးများအကြောင်းကို ဤသို့ပြောလိုက်ခြင်းအားဖြင့် ကျန်းချီသည် ယွဲ့စုန့်ရော ချန်ဝေ့ရောကိုပါ သူတို့ကိစ္စထဲသို့ ဆွဲထည့်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ကျန်းချီသည် အစ်ကိုကျန်းနှင့် အစ်မကျန်းတို့ဆက်ဆံရေးကို မီးမွှေးရုံသာမက အစ်ကိုကျန်းနှင့် ယွဲ့စုန့်တို့၏ ဆက်ဆံရေးကိုပါ ခလောက်ဆန်လိုက်ခြင်းဖြစ်သည်။


"ပြီးတော့ အစ်ကိုကျန်းကို ဆက်ပြောသေးတယ်...'အစ်ကို့ကောင်မ‌လေးက ဒီလိုဖြစ်နေတော့ အစ်ကို့အတွက်လည်း ခက်ခဲမှာပဲနော်...အစ်ကို သူ့ကို ခဏခဏလာကြိုနေရတာ အစ်ကိုစိတ်မချလို့မလား...အစ်ကို့အတွက် ညီမ တကယ်စိတ်မကောင်းပါဘူး အစ်ကိုရယ်' ဆိုပြီး..."


ချန်ဝေ့ က ဆက်ပြောနေသည်။


"အဲ့တော့ အစ်ကိုကျန်းက ဘာပြောလဲ...'


ယွဲ့စုန့်ကမေးလိုက်သည်။


"အစ်ကိုကျန်းက အစတည်းက ကျန်းချီကို သိပ်ဂရုစိုက်တာမှမဟုတ်ပဲ...အစ်ကိုက အသက်နည်းနည်းကြီးတော့ ကျန်းချီကို ကလေးလို့ပဲ သဘောထားပြီး သိပ်ရင်းနှီးချင်ပုံမရဘူး..."


ချန်ဝေ့ က ပြောသည်။


"နောက် အစ်မကျန်း ထွက်လာတော့ သူတို့နှစ်ယောက် စ‌ကားပြောနေတာ တွေ့သွားတယ်လေ...အစ်မက နည်းနည်းတော့ အံ့ဩသွားတာပေါ့...သမဂ္ဂမှာ အစ်မနဲ့ကျန်းချီ မတည့်တာ မင်းလဲသိသားပဲ...ပြီးတော့ အစ်မက သူ့ရည်းစားကို သူနဲ့မတည့်တဲ့ကောင်မလေးနဲ့ ဘာလို့စကားပြောတာလဲဆိုပြီး မေးလိုက်တယ်...အဲ့တော့မှ ကျန်းချီလည်း နောက်ဆုတ်ပြီး အစ်ကိုကျန်းနဲ့ နည်းနည်းခွာလိုက်ပြီး 'ညီမတို့ဘာမှပြောနေတာမဟုတ်ပါဘူး...ဒီတိုင်း အလာပသလာပ ပဲပြောနေတာ...အစ်မ သိပ်မပူနေပါနဲ့' လို့ပြောလိုက်တယ်..."


ယွဲ့စုန့်က လှောင်သည့်အပြုံးပြုံးကာ ခေါင်းခါလိုက်သည်။


"အဲ့ကောင်မလေးက အစ်ကိုကျန်းအကြောင်း တကယ်မသိဘူးပဲကိုး..."


"အေး...သူက ပထမနှစ်ပဲရှိသေးတာကိုး...စကားရည်လုပွဲတွေမှာ ကွန်ဖြူးရှပ်ပညာရှင်တွေနဲ့ ယှဉ်ပြီး ထက်ထက်မြက်မြက်ပြောနေတဲ့ အစ်ကိုကျန်းကို သူတွေ့ဖူးမှာမဟုတ်ဘူး...အဲ့ကောင်မလေးက အကိုက အစ်မကျန်း ကို တယုတယနဲ့ ဂရုစိုက်ပြီး အစ်မပြောတာတွေကိုသေချာနားထောင်ပေးနေတာကိုပဲ မြင်တာလေ...အဲ့တော့ အစ်ကိုကျန်းကို သူလုပ်ချင်တိုင်းလုပ်လို့ရမယ့် ခပ်လွယ်လွယ်လူလို့ ထင်နေတာ နေမယ်..."


ချန်ဝေ့ ကလည်း လှောင်ပြောင်လိုက်သည်။


ထို့နောက် ချန်ဝေ့က ဆက်ပြောသည်။


"အစ်ကိုကျန်းလည်း စိတ်ရှုပ်ပြီး အခြေအနေကို ပြောင်းမှဖြစ်တော့မယ်လေ...သူသာအခုချက်ချင်းဖြေရှင်းချက်မပေးရင် အစ်မကျန်းက ဘယ်လိုထင်မလဲ...ပိုပိုပြီး ဆိုးသွားဖို့ပဲရှိတာ..."


Xxxxxxx


Part 214


ကျန်းချီသည် အလွန်ပင် အတင့်ရဲနေသောကြောင့် သူ့ကို ခေါင်းထဲသိပ်မထည့်သော စီနီယာအစ်ကိုကျန်းသည် သူမကိစ္စကို ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်ရတော့သည်။


အစ်ကိုကျန်းသည် စီနီယာအစ်မကျန်း၏ လက်ကိုဆွဲယူကာ ပြောလိုက်သည်။


"ဒီညီမက မင်းက ကောင်လေးတွေကြားရေပန်းစားတာကို အားကျနေတာ..."


အစ်မကျန်း ၏မျက်နှာသည် ထိုနေရာ၌ပင် အရောင်ပြောင်းလဲသွားသည်။


ထို့နောက် အစ်ကိုကျန်းသည် ကျန်းချီဘက်သို့လှည့်၍ ပြောလိုက်သည်။


"ဒါပေမယ့် မင်း အားကျနေစရာမလိုပါဘူး...ဒီလိုကိစ္စမျိုးကို အားကျတယ်ဆိုတာတော့ သဘာဝပဲလေ...ဒါပေမယ့် ကျန်းယာလို မိန်းကလေး‌ကတော့ အစတည်းက ဆွဲဆောင်မှုရှိပြီး လှနေတာ...မင်းဘာလုပ်လို့ရမှာလဲ...ထိုင်ပြီး အားကျနေလည်း အပိုပဲမဟုတ်လား..."


"ငါ့ကိုလည်း သနားဖို့မလိုဘူး...ကျန်းယာကို လာကြိုတာ သူ့ကိုစိတ်မချလို့မဟုတ်ဘူး...သူနဲ့ အချိန်များများ တူတူရှိချင်လို့...ငါက စာလုပ်ရတာနဲ့ အလုပ်အရမ်းများတော့ သူနဲ့ တစ်မိနစ်ပဲ ပိုပြီး တူတူရှိလို့ရမယ်ဆိုရင်တောင် အချိန်လုပြီး လာရမှာ...တခြားမိန်းကလေးတွေရဲ့ကောင်လေးတွေကို သနားဖို့ အချိန်ပိုနေမယ်ဆိုရင် အဲ့အချိန်တွေမှာ မင်းဟာမင်းပြန်ဆန်းစစ်ပြီး ဘာလို့ တခြားလူတွေလို လူချစ်လူခင်မပေါလဲဆိုတာ စဉ်းစားကြည့်ပေါ့..."


"ဘာကြောင့်ပဲဖြစ်ဖြစ် ပြဿနာကိုရှာတွေ့ရင် ဖြေရှင်းရတာလွယ်ပါတယ်...မင်းက ရုပ်ဆိုးနေလို့ ဆိုရင် မိတ်ကပ်လိမ်းတာပဲဖြစ်ဖြစ် ခွဲစိတ်ပြုပြင်တာပဲဖြစ်ဖြစ် လုပ်လို့ရတယ်...မင်းရဲ့ စိတ်နေစိတ်ထားကိုက ဆိုးနေတာဆိုရင်လည်း ကောင်းလာအောင် ကျန်းယာဆီကနေ အတုယူပေါ့...မင်းကြိုးစားချင်စိတ်ရှိမယ်ဆိုရင် တဖြည်းဖြည်းကောင်းလာမှာပါ..."


"ပြီးလဲပြီးရော အစ်ကိုကျန်းနဲ့ အစ်မကျန်း တို့ လက်တွဲပြီး ထွက်သွားကြရော..."


ချန်ဝေ့ က ရယ်မောကာ ပြောလိုက်သည်။


"ကျန်းချီလည်း ကြောင်နေရော...အဲ့နားမှာရှိတဲ့လူတွေကတော့ ပွဲကောင်းကြည့်လိုက်ရတာ‌ပေါ့ကွာ...မင်းလည်း စောစောမပြန်သွားရင် ပွဲကြီးပွဲကောင်းကြည့်ရမှာ..."


ယွဲ့စုန့်လည်း ရယ်ကာ ခေါင်းခါ၍ ပြောလိုက်သည်။


"အစ်ကိုကျန်းရဲ့ ပါးစပ်က အရမ်းထက်တာ ငါတောင်ကြောက်တယ်...ကျန်းချီက တကယ့်သတ္တိခဲပဲ..."


သူတို့နှစ်ယောက်သည် ရယ်လိုက်ကြပြန်သည်။


ချန်ဝေ့ က ပြောသည်။


"ငါတစ်ခုပြောဦးမယ်...ကျန်းချီနဲ့ အစ်မကျန်းနဲ့ မတည့်ကြတာ မင်းကြောင့်လို့ပြောနေကြတာငါကြားတယ်..."


ယွဲ့စုန့်သည် အလွန်အံ့ဩသွားကာ ဘာပြောရမည်ပင်မသိဖြစ်သွားသည်။


"ဘယ်သူတွေကပြောနေကြတာလဲ..."


"တုစစ်စစ် တို့ မာယွဲ့ကျွမ့် တို့နဲ့ တခြားလူ‌တွေ


ပါ..."


ချန်ဝေ့က ပြောသည်။


"သူတို့‌ပြောတာက မနှစ်က လူသစ်တွေစုတုန်းက မင်းက သူတို့နှစ်ယောက်ကို အဖွဲ့ဝင်အသစ်အနေနဲ့ ခေါ်ခဲ့တာမလား...‌နောက်တော့ မင်းက အစ်မကျန်းကို အရမ်းချီးကျူးတော့ ကျန်းချီလည်း အစ်မကျန်းကိုကြည့်မရဖြစ်သွားတာ...အဲ့ကနေစပြီး ကျန်းချီက အစ်မကျန်း မကောင်းကြောင်းတွေပဲပြောတော့တာ တဲ့..."


ယွဲ့စုန့်သည် ဤကဲ့သို့ မဟုတ်တာကို အပြောခံမည့် လူစားမျိုးမဟုတ်ချေ။


ယွဲ့စုန့်က ပြောလိုက်သည်။


"ငါ အစ်မကျန်းကို ချီးကျူးတာတော့ဟုတ်တယ်...ဒါပေမယ့် အဲ့တုန်းက မင်းလည်း ငါပြောသမျှကို ထောက်ခံခဲ့တာပဲမဟုတ်လား...ငါပြောတာက အမှန်တွေပဲလေ...ပြီးတော့ အစ်မကျန်းကလည်း ကိစ္စတစ်ခုလုံးကို သူပဲ အကုန်ဦးဆောင်ပြီးလုပ်သွားတာ...သူတကယ်တော်လို့ ငါချီးကျူးတာပဲ..."


"ပြီးတော့ အစ်မကျန်းကို ငါချီးကျူးတာကို ကျန်းချီတစ်ယောက်တည်းပဲ ကြားတာလည်းမဟုတ်ဘူး...အဲ့ဒါ ဘာလို့ သူတစ်ယောက်တည်းကပဲ ကွက်ပြီး အစ်မကျန်းနဲ့ မတည့်ဖြစ်နေတာလဲ...ပြဿနာက ငါနဲ့မဆိုင်ဘူး...ကျန်းချီနဲ့ပဲ ဆိုင်တာ..."


"မင်းနားမလည်ဘူးလား..."


ချန်ဝေ့က ပြောသည်။


"အဲ့အချိန်တုန်းက ကျန်းချီက မင်းကို ကြိုက်နေတာလေ..."


ယွဲ့စုန့်သည် ရုပ်ရည်ချောမော၍ စိတ်ထားလည်း ကောင်းသောကြောင့် K တက္ကသိုလ်၌ နာမည်ကြီးသူဖြစ်သည်။ မိန်းကလေးတစ်ဦးသာဖြစ်သော ကျန်းချီလည်း ကျောင်းသားသမဂ္ဂသို့ ဝင်ဝင်လာချင်း ယွဲ့စုန့်ကို ချစ်မိသွားခဲ့ပြီး လူတိုင်းလည်း ထိုအကြောင်းကိုသိကြသည်။ သို့သော် ကျန်းချီက တိတ်ဆိတ်ကာ အခြားမိန်းကလေးများကဲ့သို့ ယွဲ့စုန့်အား စမလိုက်ပဲ အခွင့်အရေးရတိုင်းသာ သူမ ရှိကြောင်းကို ယွဲ့စုန့်သိအောင်လုပ်ပြတတ်သည်။


"သူက သူ့ဟာသူ မာနတွေကြီးနေတာ...မင်းကိုတကယ်ကြိုက်ရင် ဘာလို့ မလိုက်လဲ...မင်းကို ပေါ်ပေါ်ထင်ထင်လိုက်နေတဲ့ တခြားကောင်မလေးတွေလည်း ရှိတာမှမဟုတ်တာ...သူလည်း အရွယ်ရောက်နေပြီပဲ လိုက်ချင်ရင်လိုက်လို့ရတယ်လေ...မင်းက အစ်မကျန်းကိုပဲ အမြဲချီးကျူးတော့ သူလည်း အချဉ်ပေါက်သွားတာပေါ့..."


ချန်ဝေ့က သေချာသုံးသပ်ပြနေသည်။


ယွဲ့စုန့်က မေးစေ့ကိုပွတ်ကာပြောလိုက်သည်။


"အဲ့ဒါဆို ငါ့ကို အပြစ်တင်လို့မရဘူးလေ..."


"မင်းကို အပြစ်မတင်ပါဘူး...အခုလည်း အပြစ်တင်နေတာမဟုတ်ဘူး...သတိပေးနေတာ..."


ချန်ဝေ့က ပြောသည်။


"အဲ့ကောင်မလေးက သူ့ကိုလိုက်နေတဲ့ ကောင်တစ်ချို့ကိုလည်း အခြေအနေသာအရမ်းမဆိုးဘူးဆိုရင် ဘယ်တော့မှ ပြတ်ပြတ်သားသားငြင်းတာမဟုတ်ဘူး...ဟိုတစ်နေ့က တစ်ယောက်ယောက်က အဲ့ကောင်မလေးနဲ့ ဖယ်ရာရီကားမောင်းပြီးအဖေ့ပိုက်ဆံထိုင်ဖြုန်းနေတဲ့ သူဌေးသားတစ်ယောက် ကျောင်းအပြင်ထွက်ပြီး နေ့လယ်စာသွားစားတာတွေ့လိုက်တယ်တဲ့...


သူချမ်းသာ‌တာတွေ လှတာတွေဖယ်လိုက်ရင် သူ့ဦးနှောက်က ပျက်စီးနေတာ...အဲ့တော့ မင်း သူ့ကို ခေါ်လာပြီး 'ဒါ ငါ့ကောင်မလေးပဲ...မင်းတို့ညီမဖြစ်ပြီ' လို့တော့ လာမပြောနဲ့...သူ့အပေါ်ကောင်းမယ်ဆိုရင် ငါတို့တွေလည်း ညီအစ်ကိုမဖြစ်နိုင်တော့ဘူး..."


ယွဲ့စုန့်က ပြုံးကာ ချန်ဝေ့ကို လှမ်းကန်လိုက်သည်။


"မင်းဘာတွေပြောနေတာလဲကွာ...သွားတော့...မင်းမလုပ်စေချင်ရင် ငါက လုပ်မလား..."


ယွဲ့စုန့်သည် သူ၏ အဆောင်မှ အတူနေသူငယ်ချင်းနှင့်အတူ စိတ်အေးလက်အေးပင် ပြုံးရယ်ကာ အော်ဟစ်ရယ်မောနေမိသည်။


သူ၏ ဝမ်းကွဲအစ်မ ရွှယ်ရှင်းထုန်သာ မြင်မည်ဆိုလျှင် ယွဲ့စုန့်အား "အဖိုးကြီးနှင့်တူသည်" ဟု ပြောတော့မည်မဟုတ်ပါ။


ဂျူလိုင်လတွင် ကျောင်းသားသမဂ္ဂမှ လှုပ်ရှားမှုများအားလုံး လျော့နည်းသွားကာနောက်ဆုံးစာမေးပွဲအတွက် စ၍ ပြင်ဆင်ကြရတော့သည်။


သမဂ္ဂ၏ နောက်ဆုံးအစည်းအဝေးတွင် ကျန်းချီသည် ဌာနရှိ လူများအားလုံးကို သူမ၏ မွေးနေ့ပွဲဖိတ်စာများ ရုတ်တရက် ထပေးလိုက်သည်။


"နောက်ဆုံးစာမေးပွဲအပြီး နောက် ၃ရက်ကျရင်လုပ်မှာ...တချို့လူတွေက စာမေးပွဲပြီးတာနဲ့ ချက်ချင်းပြန်ကုန်ကြမှာစိုးလို့...အချိန်ရရင် အကုန်လုံးလာခဲ့နိုင်မယ်လို့ မျှော်လင့်ပါတယ်..."


ကျန်းချီသည် ယွဲ့စုန့်အား အထူးတလည် လှမ်းကြည့်လိုက်သည်။


ယွဲ့စုန့်က မသေချာသည့်ပုံစံဖြင့်သာ ပြုံးပြလိုက်သည်။


ကျန်းချီ၏ နောက်လိုက်အချို့ကတော့ အော်ဟစ်နေကြသည်။


"ငါကတော့လာမှာ...သေချာပေါက်ကိုလာမှာ..."


စီနီယာအစ်မကျန်းကတော့ မကြားချင်ယောင်ဆောင်ကာ ပစ္စည်းများသိမ်း၍ အရင်ဆုံးထွက်သွားသည်။ ယွဲ့စုန့်နှင့် ချန်ဝေ့လည်း ထွက်လာခဲ့ကြသည်။


ယွဲ့စုန့်က ဘာမှမပြောပဲ ထွက်သွားသည်ကို မြင်သောအခါ ကျန်းချီ အားလျော့ကာ စိတ်ပူသွားသည်။ သို့သော် သူမ ဘေး၌ မွေးနေ့ပွဲအကြောင်းမေးနေကြသော လူများရှိနေသဖြင့် ထွက်မရပဲ ယွဲ့စုန့်တို့ ထွက်သွားသည်ကိုသာ ကြည့်နေလိုက်ရသည်။


ဘေးမှလူများကိုပထုတ်၍ ခဏမျှ စဉ်းစားပြီးသောအခါ ယွဲ့စုန့်အား တစ်ယောက်တည်းသွားဖိတ်ရန် ဆုံးဖြတ်လိုက်သည်။


ယွဲ့စုန့်ကို အဆောင်ဧည့်ခန်း၌ လော်စပီကာနှင့်အော်နေသော အန်တီတစ်ယောက်မှ လာခေါ်သွားသည်။ ယွဲ့စုန့်သည် ကျန်းချီအားသွားတွေ့လိုက်ကာ သူမ ပြောသည်ကိုနားထောင်၍ ငြင်းမည်ဟု ဆုံးဖြတ်ထားခဲ့သည်။ သို့သော် ကျန်းချီကပြောသည်။


"အချိန်ရရင် အစ်ကိုလာခဲ့ပါလား...အကုန်လုံးက လူငယ်တွေပဲ...ညီမတို့တက္ကသိုလ်ကလူတွေပဲ အများစုလာကြမှာလေ...နောက် ညီမ အလယ်တန်းတုန်းကသူငယ်ချင်းနည်းနည်းရယ် ဝမ်းကွဲတွေရယ်ပဲ...အသက်တွေကလည်း ဘယ်လောက်မှမကွာဘူး ညီမတို့အရွယ်တွေပဲ..."


ယွဲ့စုန့်၏ နှလုံးသားသည် ရုတ်တရက် လှုပ်ခါသွားသည်။


ကျန်းချီ၏ဝမ်းကွဲများလာမည်ဆိုလျှင် သူမ၏အဖေဘက်မှ ညီမဝမ်းကွဲရော လာမည်လား။


Xxxxxx