အပိုင်း ၂၃၃-၂၃၄
Viewers 28k

Part 233


"ကျန်းယန်ရှန့်..."


ရှုလီချန်သည် အော်ဟစ်ကာ နိုးလာသည်။


ဟိုတယ်ခန်း၏ဧည့်ခန်းထဲမှ ကျန်းယန်ရှန့်က တိတ်ဆိတ်စွာ ထကြည့်၍ အိပ်ခန်းထဲသို့ လျှောက်လာလိုက်သည်။


"ဘာဖြစ်နေတာလဲ...နင့်မျက်နှာကလည်း သရဲလို ဖြူဖွေး‌နေတာပဲ..."


ကျန်းယန်ရှန့်က အိပ်ယာဘေးတွင်ရပ်ကာ မေးလိုက်သည်။


"ဘာဖြစ်လို့ အဲ့လောက်တောင် ချွေးတွေပြန်နေတာလဲ..."


ရှုလီချန်က အသက်ပြင်းစွာရှူနေရာမှ ကျန်းယန်ရှန့်ကို မော့ကြည့်လိုက်ရင်း အနည်းငယ် စိတ်ရှုပ်နေသည်။


နောက် နှစ်စက္ကန့်မျှကြာမှ သူရောက်နေသည်မှာ ဟိုတယ်ခန်းဖြစ်ကြောင်း ရှုလီချန် သတိရသွားသည်။ မနေ့က သူနှင့် ကျန်းယန်ရှန့်တို့သည် လမ်းဘေးတွင် ဘီယာများစွာသောက်ခဲ့ကြ၍ ဟိုတယ်သို့ပြန်ရောက်သောအခါတွင်လည်း ရှုလီချန်က ဝိုင်အနီကို သောက်ခဲ့သေးသည်။ ထိုနောက်ပိုင်း ဘာဖြစ်ခဲ့သည်ကိုတော့ မမှတ်မိတော့‌ချေ။


"ငါ..."


ရှုလီချန်၏‌ခေါင်းသည် တစစ်စစ်‌ကိုက်နေ၍ လည်ချောင်းကလည်း ခြောက်သွေ့နေကာ ခန္ဓာကိုယ်တစ်ခုလုံးက အရက်နာကျသည့် လက္ခဏာများပြနေသည်။


"ငါ အိပ်မက်ဆိုးမက်နေတာ..."


ကျန်းယန်ရှန့် ဆွံ့အသွားသည်။


"ဘာအကြောင်း မက်နေလို့လဲ..."


ရှုလီချန်၏မျက်နှာသည် ကြောက်စိတ်ဖြင့်ဖြူလျော်သွားသည်။


"နင်မသိပါဘူး.. ငါဘယ်သူ့ကိုအိပ်မက်မက်နေလဲ နင်လုံးဝစဉ်းစားနိုင်မှာမဟုတ်ဘူး...ငါ ဝမ့်ချမ်ကို အိပ်မက်မက်နေတာ..."


ရှုလီချန်သည် သူ၏ကိုက်ခဲနေ‌သောနားထင်ကိုပွတ်၍ ဆက်ပြောလိုက်သည်။


"ငါဘာလို့ သူ့ကို အိပ်မက်မက်နေတာလဲ အံ့ဩစရာပဲ...နင်လဲ ပါတယ်...အိပ်မက်ထဲမှာ ငါတို့သုံးယောက်က တော်တော်ခင်ကြတာတဲ့...ငါတို့အကုန် အတန်း ၈ မှာ ‌နေ့တိုင်း တတွဲတွဲနဲ့...နေရာအစုံလျှောက်ပျော်ပါးလိုက်...လူမိုက်လုပ်လိုက်...ကျောင်းပြေးလိုက်နဲ့...နောက်ဆုံးကျတော့ နင်နဲ့ငါ နှစ်ယောက်လုံး ကျောင်းထုတ်ခံလိုက်ရတယ်..."


ကျန်းယန်ရှန့် အလွန်အံ့အားသင့်သွားမိသည်။


ရှုလီချန်က ခေါင်းငုံ့ကာ ခေါင်းကိုပွတ်၍ အသိစိတ်မဝင်သေးသလို ဆက်ပြောနေသည်။


"ငါ့အိပ်မက်ထဲမှာ ငါက နင့်ကိုကြိုက်နေပြီး နင်ကလည်း ငါ့ကိုပြန်ကြိုက်တယ်တဲ့...ဒါပေမယ့် ဝမ့်ချမ်က ကြားထဲက ဝင်ခလောက်ဆန်ပြီး ငါတို့ကို ခွဲပစ်လိုက်တာ...နောက်တော့ နင်က K မြို့မှာနေခဲ့ပြီး ငါက နိုင်ငံခြားကိုထွက်သွားတယ်..."


"ငါနိုင်ငံခြားရောက်တော့ အရက်စသောက်ပြီး မူးယစ်ဆေးတွေလည်း သုံးတတ်လာတယ်...ငါတော်တော်ပျက်စီးနေတဲ့ဘဝကိုနေခဲ့တာပဲ...ငါ အရမ်းကို ပိန်ခြောက်သွားပြီး တစ်ချက်တွန်းလိုက်ရင်တောင် လဲတော့မယ့်အထိ ပိန်သွားတာ..."


"ငါ့ဘဝက တော်တော်ကို စုတ်ပြတ်နေတော့ တရုတ်ပြည်ကိုပြန်ပြီး နင်နဲ့လည်း မတွေ့ရဲခဲ့ဘူး...ပြည်ပမှာပဲ ပုန်းနေပြီး ပြန်မလာရဲခဲ့တာ...ဒါပေမယ့် တစ်နေ့ကျတော့ ဝမ့်ချမ်က ငါ့ကို ဖုန်းဆက်ပြီးပြောတယ်...နင်သေသွားပြီတဲ့..."


"တကယ်ပဲ...နင်သေသွားပြီဆိုတာ ကြားလိုက်တုန်းက ငါ့နှလုံးကို ဆွဲဆုတ်ခံလိုက်ရသလိုပဲ...ငါအခုထိတောင် ခံစားနေရသေးတယ်...တကယ်အဆင်မပြေဘူးဟာ...တကယ်ကို မမိုက်ဘူး...နင်က ဘာဖြစ်လို့ သေသွားရတာလဲ...ဝမ့်ချမ်ပြောတာက နင့်ကို တစ်ယောက်ယောက်က ဆေးခတ်ပြီး နင်က ဆေးနဲ့ ဓာတ်မတည့်တော့ သေသွားတာ တဲ့...သေလိုက်ပါလားဟာ...အဲ့လိုသေပုံကြီးက ဘယ်လိုကြီးလဲ...နင် ဘာလို့ အဲ့လို အဖြစ်ဆိုးကြီးနဲ့ သေသွားရတာလဲ...ငါမယုံနိုင်ဘူး...အဲ့ဒါ နင်နဲ့ကို မတူတာ..."


ကျန်းယန်ရှန့် သူမ၏လည်ပင်းများ သွေ့ခြောက်လာသည်ကို ခံစားမိကာ ခက်ခက်ခဲခဲ မေးလိုက်သည်။


"နောက်တော့ ဘာဆက်ဖြစ်လဲ..."


"နောက်တော့ ငါတရုတ်ကိုပြန်လာတယ်...နင့်အသုဘကို လာဖို့လေ...နောက်တော့ လေယာဉ်ပျံ...လေယာဉ်ပျံ..."


ရှုလီချန်၏ မျက်နှာက ပြန်ဖြူလျော်သွားပြန်သည်။ သူ့အိမ်မက်၏ တကယ့်အဖြစ်အပျက်ကဲ့သို့ ခံစားချက်ကို ယခုထိပင် ခံစားနေရကာ ရှုလီချန်၏နှလုံးသည် သေတော့မလို ဆွဲဆုတ်ခြင်းခံနေရသည်။


"နောက်တော့ အဲ့လေယာဉ်က ပျက်ကျသွားတယ်...အောက်ကိုစိုက်ဆင်းပြီး...ငါ‌တို့တွေအကုန် အောက်ကိုထိုးကျသွားတယ်...လူတိုင်း အော်ဟစ်နေကြတယ်...ငါ အရမ်းပေါ့ပါးနေခဲ့တယ်...ငါ့နှလုံးက တော်တော်ကို အဆင်မပြေ‌ဖြစ်နေတာ..."


"သေစမ်း..."


ရှုလီချန်သည် လက်ဖြင့် မျက်နှာကို အုပ်လိုက်၍ ခပ်ကြမ်းကြမ်း ပွတ်လိုက်ရင်းက ခပ်တိုးတိုးပြောနေပြန်သည်။


"တော်တော်ဆိုးတာပဲ...တကယ်ဆိုးတယ်...အရမ်းကိုဆိုးတယ်..."


အမြင့်မှပြုတ်ကျသည်ကို ကြောက်ခြင်းနှင့် သေခြင်းနှင့် နီးကပ်လာသည်ဆိုသော ခံစားချက်က ရှုလီချန်၏တစ်ကိုယ်လုံးကို အေးစက်သွားစေသည်။


ရှုလီချန် မော့ကြည့်လိုက်သည်။


"ကျန်းယန်ရှန့်...ငါ့ကိုပြောစမ်းပါ...အဲ့ဒီအိပ်မက်က..."


ဖြန်း။


ကျန်းယန်ရှန့်သည် ရှုလီချန်၏မျက်နှာကို ခပ်ကြမ်းကြမ်း ရိုက်ပစ်လိုက်သည်။


ရှုလီချန်၏မျက်နှာသည် ဘေးသို့စောင်းသွား၍ မလှုပ်မယှက် တောင့်တင်းသွားသည်။


"..."


ကျန်းယန်ရှန့်ကမေးလိုက်သည်။


"နင် သေချာနိုးပြီလား..."


ရှုလီချန်သည် မျက်နှာကိုအုပ်၍ လင်ကိုကြောက်ရသော ဇနီးကဲ့သို့ ခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်သည်။


"အဲ့ဒါက အိပ်မက်တစ်ခုပဲလေ...နင့်ကိုယ်နင်ပြန်ကြည့်...ငါလည်းအခု ဒီမှာ...နင်လည်းအခုဒီမှာ...ဝမ့်ချမ်လည်း ငါတို့ဘဝထဲကထွက်သွားတာ ကြာပြီ...ငါတို့‌နှစ်ယောက်လုံးကလည်း အတန်း ၈ မှာမဟုတ်တော့ဘူး...နင့်အိမ်မက်နဲ့ အခု နင့်မျက်စိရှေ့မှာမြင်နေရတာ ဘယ်ဟာကို ပိုယုံလဲ..."


"ယုံတယ်...ငါအခု မြင်နေရတာကို ယုံတယ်..."


ရှုလီချန်က အားနည်းစွာပြောလိုက်သည်။


ကျန်းယန်ရှန့်က ရွံရှာသည့်လေသံဖြင့်ပြောလိုက်သည်။


"အဲ့ဒါဆို အခု ရေသွားချိုး...နံစော်နေတာပဲ...နင့်တစ်ကိုယ်လုံး အရက်နံ့တွေကြီးပဲ..."


ရှုလီချန်သည် အိပ်ယာထဲမှထွက်၍ ရေချိုးခန်းထဲသို့ မျက်နှာအိုအိုဖြင့် ဝင်သွားသည်။


ရေချိုးပြီး၍ မွှေးကြိုင်စွာ ပြန်ထွက်လာသောအခါ ကျန်းယန်ရှန့်ကို စာကြည့်စားပွဲ၌ တွေ့လိုက်ရသည်။


"?"


ရှုလီချန်က မေးလိုက်သည်။


"နင် ဘာလုပ်နေတာလဲ..."


ကျန်းယန်ရှန့်က သူ့စာအုပ်ပေါ်တွင် တစ်ခုခုရေးလိုက်သည်။


"အိမ်စာတွေ အမှီပြန်လုပ်နေတာလေ..."


ရှုလီချန်: “…”


နိုးလာပြီးသောအခါ "အိမ်စာ" ဟူသောစကားကို ကြားလိုက်ရသည်နှင့် ရှုလီချန်သည် အဘယ်ကြောင့် ရင်ဘတ်များတင်းကျပ်၊ အသက်ရှူများမြန်လာကာ ကြောက်စိတ်များဝင်လာရပါသနည်း။ လွန်ခဲ့သည့်ရက်အနည်းငယ်က သူ့အတန်းဖော်များက အိမ်စာပေးလိုက်သည့်အခါ ရှုလီချန် ဤသို့ မခံစားခဲ့ရပါ။


ရှုလီချန်သည် နှလုံးရှိရာနေရာသို့ ဆုပ်ကိုင်လိုက်၍ သက်ပြင်းချလိုက်ကာ မဝံ့မရဲပြောလိုက်သည်။


"အဲ့ဒါဆို နင် K မြို့ကို အရင်ပြန်နှင့်ပါလား..."


ကျန်းယန်ရှန့်က ဓားကဲ့သို့ စူးရှသောအကြည့်ဖြင့် ကြည့်လိုက်သည်။


"ငါကလား..."


ရှုလီချန်က ရှင်းပြလိုက်သည်။


"ငါက ဒီနေ့နဲ့မနက်ဖြန် ၂ခန်း ရိုက်ဖို့ကျန်သေးတယ်...ပြီးရင် ငါ့ဇာတ်ကောင်က အသတ်ခံရတော့မှာ...မနက်ဖြန် ရုပ်ရှင်ရိုက်ပြီးတာနဲ့ ငါပြန်လာမယ်လေ..."


ကျန်းယန်ရှန့်ကပြောလိုက်သည်။


"ငါ နင့်ကို စောင့်မယ်..."


ရှုလီချန်က မနေနိုင်ပဲ ပြောလိုက်သည်။


"အဲ့ဒါဆိုလည်း ဟိုတယ်မှာပဲ အေးအေးဆေးဆေးနေခဲ့...ငါ ညနေကျ ပြီးတာနဲ့ အစောဆုံးပြန်ခဲ့မယ်..."


"မလိုပါဘူး..."


ကျန်းယန်ရှန့်က အိမ်စာစာအုပ်ကို ပိတ်လိုက်သည်။


"ငါ နင့်ကို အဖော်လိုက်လုပ်ပေးမယ်..."


ရှုလီချန်သည် အလုပ်တွင် အထက်လူကြီးမှ စောင့်ကြည့်သည်ကို ခံခဲ့ရဖူး၍ ယခုလည်း ဤသို့ပင် ခံစားနေရကာ မသက်မသာဖြစ်နေသည်။


ရုပ်ရှင်ရိုက်ကူးရေးဆီသို့ အသွားတွင် ကျန်းယန်ရှန့်က မေးလိုက်သည်။


"နင် ရုပ်ရှင်ရိုက်တဲ့ဆီကနေ ပိုက်ဆံရလား..."


"ရတာပေါ့...ဘာလို့ မရရမှာလဲ..."


ရှုလီချန်က ပေါင်ကိုပုတ်ကာ ပြောလိုက်သည်။


"ငါက ငါ့အရည်အချင်းတွေနဲ့ ပိုက်ဆံရှာမှာလေ..."


"ဘယ်လောက်ရလဲ..."


"တစ်ရက်ကို ယွမ် ၆၀၀..."


ကျန်းယန်ရှန့်: “…”


ဤပိုက်ဆံပမာဏသည် အခြား အရံမင်းသားများထက်အနည်းငယ် သာသည်ကို ကျန်းယန်ရှန့်မသိသော်လည်း.......


"အဲ့ဒီတော့ နင်က တစ်ရက်ကို ယွမ် ၆၀၀ ရတဲ့အလုပ်ကိုလုပ်ဖို့ တစ်ညကို ယွမ် ၃၆၀၀ ပေးရတဲ့ ဟိုတယ်ခန်းမှာနေနေတာပေါ့..."


ရှုလီချန်က ဂျစ်ကန်ကန်ပုံဖြင့် ပြန်ပြောလိုက်သည်။


"ဒါက မတူဘူးလေ..."


ရိုက်ကွင်းသို့ရောက်‌သောအခါ ရှုလီချန်က ဒါရိုက်တာနှင့် သွားစကားပြောနေသည်ကို ကျန်းယန်ရှန့် တွေ့လိုက်ရသည်။ ရှုလီချန်သည် စကားပြောနေသည့်တစ်ချိန်လုံး ပြုံးနေကာ လက်များကို တောင်းပန်သလိုလုပ်ပြနေသည်။ ဒါရိုက်တာက ကျန်းယန်ရှန့်ကို လှမ်းကြည့်၍ ပြုံးကာ ခေါင်းခါပြလိုက်သည်။


ရှုလီချန်တစ်ယောက် မနေ့က အဖြစ်အပျက်အတွက် ဒါရိုက်တာကို တောင်းပန်နေသည်လား။


ရှုလီချန်သည် အိမ်၏အကြီးဆုံးသားဟူသော မာနရှိ၍ စိတ်ဆတ်မှုကလည်း ကျန်းယန်ရှန့်နှင့် ထူးမခြားနားပင်ဖြစ်သည်။ ရှုလီချန် ဘယ်တုန်းကများ ဤမျှ ရိုကျိုးသွားရပါသနည်း။ ကျန်းယန်ရှန့်သည် ထူးဆန်းသလို ခံစားနေရသည်။


ရှုလီချန် အလုပ်များရှုပ်နေသည်ကို သူမ တိတ်ဆိတ်စွာပင် ကြည့်နေလိုက်သည်။


Xxxxxxx


Part 234


ဘေးဘီသို့ကြည့်လိုက်သောအခါ ရိုက်ကွင်းအလုပ်သမားလေးတစ်ယောက်က သူမကို ချောင်းကြည့်နေသည်ကိုတွေ့လိုက်၍ မေးဆတ်ပြကာ ပြောလိုက်သည်။


"ငါ့ဖို့ ခုံယူခဲ့ပေး..."


ထိုအလုပ်သမားလေးသည် အခြားလူများခိုင်းသည်ကို လုပ်နေကျဖြစ်သည်။ ထို့ကြောင့် ဘာမှမပြောပဲ ခုံသွားယူပေးလိုက်သည်။ ကျန်းယန်ရှန့်က ထိုင်လိုက်သောအခါ ထိုအလုပ်သမားလေးက ကြောင်တောင်တောင်ကြည့်၍ အခြားလူများကို မေးလိုက်သည်။


"အဲ့ကောင်မလေးက ဘယ်သူလဲ..."


သို့သော် မည်သူမျှ မသိခဲ့ပါ။


ရှုလီချန် သရုပ်ဆောင်နေသည်ကို ကျန်းယန်ရှန့် သေချာကြည့်မိသည်။


ထိုရိုက်ကွင်းထဲမှ ရှုလီချန်သည် ကျန်းယန်ရှန့် တကယ်မသိသော ရှုလီချန်ဖြစ်နေသည်။ ရှုလီချန်သည် မီးရောင်အောက်တွင် အလွန်ချောမောနေကာ မျက်နှာထားမှာလည်း ထက်မြက်သွက်လက်နေသည်။ ဤရိုက်ကူး‌ရေးကို အာရုံစိုက်၍ သေချာလုပ်နေသည်ကိုလည်း တွေ့ရသည်။ ဒါရိုက်တာ ခိုင်းသမျှကို သေချာနားထောင်၍ သေချာလိုက်လုပ်နေသည်။


သို့သော်လည်း အမှန်တရားကိုလည်း ကျန်းယန်ရှန့်တွေ့နေရသည်။ ရှုလီချန်၏ တက်သစ်စအရည်အချင်းကြောင့် ဒါရိုက်တာ တစ်ကားလုံးတွင်မှ စာကြောင်းအနည်းငယ်သာပြောရသော ဇာတ်ကောင်ကိုသာ ပေးနိုင်သည်။ ထိုဇာတ်ကောင်သည် ဖြတ်လျှောက်ဇာတ်ကောင်များထက် အနည်းငယ်သာ ပိုသာလွန်ပေသည်။


သို‌သော် ရှုလီချန်၏မျက်လုံးများထဲတွင် ပျော်ရွှင်မှုကို ကျန်းယန်ရှန့် တွေ့နေရသည်။


ရှုလီချန် ဇာတ်ကောင်နေရာအဖြစ် စိတ်သွင်းထားချိန်တွင် သူသည် ပစ္စုပ္ပန်မှ ခဏတာ ထွက်ခွာနိုင်၍ သူ့ကိုယ်သူစွန့်ပစ်၍ ထိုဇာတ်ကောင်အဖြစ် စိတ်သစ် လူအသစ်ဖြင့် ပျော်ရွှင်မှုအစစ်အမှန်ရသွားသည်ကို ကျန်းယန်ရှန့်မြင်ရသည်။


ရှုလီချန်၏ပြင်းထန်သောလေးနက်မှုနှင့် စွဲလမ်းမှုတို့ကြောင့်လည်း ကျန်းယန်ရှန့် ရင်ထဲလှုပ်ခတ်မိသည်။ အရင်ဘဝတုန်းက ရှုလီချန်သည် ဘယ်အရာကိုမှ စွဲစွဲလမ်းလမ်းမရှိခဲ့‌သောကြောင့် အခြားလူများကို ခေါင်းငုံ့စရာဘာအကြောင်းမှ မရှိခဲ့ချေ။


ရိုက်ကူးရေးပြီးသွားသောအခါ ရှုလီချန်သည် ကျန်းယန်ရှန့်ကို ရှာမတွေ့တော့ချေ။ ဖုန်းကို ထုတ်ကြည့်လိုက်သောအခါ ဟိုတယ်သို့ အရင်ပြန်သွားပြီ ဟူသော မက်ဆေ့ခ်ျပို့ထားသည်ကို တွေ့လိုက်ရသည်။


ဘယ်လိုတောင် စိတ်အပြောင်းအလဲမြန်တဲ့ မိန်းမပါလဲ။ ကျန်းယန်ရှန့် စိတ်ဆိုးနေလား ပျော်နေလားကို သူ မသိပါ။ ရှုလီချန်က ဟိုတယ်၌နေခဲ့ခိုင်းစဉ်က မနေခဲ့၍ ယခု သူ သရုပ်ဆောင်သည်ကို ဘယ်လိုမြင်လဲ ဟု မေးမည်ကြံသောအခါတွင်တော့ ကျန်းယန်ရှန့်က ဟိုတယ်သို့ ပြန်သွားခဲ့လေပြီ။


သူ တကယ်ပင် ခေါင်းမွှေးပြောင်တော့မည် ဟု ခံစားနေရသည်။


ယနေ့အတွက် ရိုက်ကူးရမည့် အခန်းများပြီးဆုံးသွားပြီဖြစ်၍ ရှုလီချန် ကားငှားကာ ဟိုတယ်သို့ ပြန်လာလိုက်သည်။


လမ်းပေါ်တွင် ရှုလီချန်သည် ‌ကားနောက်မှီသို့ ခေါင်းမှီကာ လိုက်လာသည်။ အားနေသောအခါ ရှုလီချန်သည် စိတ်မထိန်းနိုင်ပဲ မနက်က မက်ခဲ့သော အိပ်မက်ကို ပြန်စဉ်းစားနေမိသည်။


ထိုအိပ်မက်သည် အလွန်ပင် လက်တွေ့ဆန်နေကာ စိတ်တုန်လှုပ်ဖွယ်ကောင်းနေသည်။


ရှုလီချန်သည် ထိုအိပ်မက်ထဲမှ ကျန်းယန်ရှန့်အကြောင်းတွေးနေမိသည်။


အိပ်မက်ထဲမှ ကျန်းယန်ရှန့်သည် တကယ်ပင် ကျန်းယန်ရှန့်ဖြစ်သော်လည်း မူလမျက်နှာကိုပင်မမြင်ရအောင် မိတ်ကပ်များ ထူထဲစွာ လိမ်းခြယ်ထားသော အိပ်မက်ထဲမှ မိန်းကလေးထံမှ အားနည်းချက်တစ်ခုခုကို ခံစားမိနေရသည်။


အိပ်မက်ထဲမှ ကျန်းယန်ရှန့်သည် အလွန်ပင် မောက်မာ၍ အနိုင်ယူတတ်သော်လည်း နည်းနည်းလေးသာထိခိုက်လိုက်ရုံမျှဖြင့် ပြိုလဲသွားတော့မည့်ပုံဖြစ်နေသည်။


ထိုခံစားချက်မှာ လူများကို စိတ်ညစ်၍ ဝမ်းနည်းစေသည်။


ဟိုတယ်သို့ပြန်ရောက်သောအခါ ကျန်းယန်ရှန့်သည် စာကြည့်စားပွဲ၌ ထိုင်နေပြန်သည်။


"အဟမ်း..."


ရှုလီချန်က မေးလိုက်သည်။


"နင် အိမ်စာတွေ လုပ်နေတုန်းလား..."


ကျန်းယန်ရှန့်က "အင်း..." ဟုသာ အသံပြုလိုက်သည်။


ရှုလီချန် ယခု သူ့ရှေ့၌ရှိနေသော ကျန်းယန်ရှန့် နှင့် အိပ်မက်ထဲမှ ကျန်းယန်ရှန့်ကို ယှဉ်ကြည့်နေမိသည်။


ကျန်းယန်ရှန့်က မျက်လုံးပင့်ကြည့်လိုက်သောအခါ ရှုလီချန်က စိတ်ထဲတွင် လွန်ဆွဲ၍ ချက်ချင်းပြုံးပြလိုက်သည်။


ကျန်းယန်ရှန့်: "?"


ရှုလီချန်သည် ဘာလို့ စိတ်ထဲကမပါပဲ ပြုံးပြနေပါသနည်း။


"ဒီကိုလာခဲ့...စကားပြောရအောင်..."


ကျန်းယန်ရှန့်က ဧည့်ခန်းထဲရှိ ဆိုဖာပေါ်၌ ထိုင်လိုက်သည်။


ရှုလီချန်လည်း ထိုင်လိုက်သည်။


ကျန်းယန်ရှန့်က တိုက်ရိုက်ပင်မေးလိုက်သည်။


"နင် အနာဂတ်မှာ ရုပ်ရှင်မင်းသားဖြစ်ချင်တာလား..."


ရှုလီချန် တုန်လှုပ်သွားကာ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးမှ အလွန်သေချာသောလေသံဖြင့်ပြောလိုက်သည်။


"ငါ အနာဂတ်မှာ အရမ်းတော်တဲ့ မင်းသားတစ်ယောက်ဖြစ်ချင်တယ်လို့ထင်တယ်...ဟုတ်တယ်...ငါ မင်းသားဖြစ်ချင်တယ်..."


ရှုလီချန်သည် ကျန်းယန်ရှန့်များ သူပြောသည်ကို သဘောမတူသည့်အကြောင်း ပြောတော့မလားဟု စိုးရိမ်စွာ ကြည့်နေမိသည်။


ကျန်းယန်ရှန့်သည် ရှုလီချန်၏ အဖေရော အမေရော မဟုတ်သော်လည်း သူမ၏စကားများက သူ့ဘဝကို လွှမ်းမိုးမှုရှိသည်။ ကျန်းယန်ရှန့်သာ ဤကိစ္စကို ကန့်ကွက်ပါက သူ အတော်ပင် စိတ်ညစ်ရမည်ဖြစ်သည်။


သို့သော် ကျန်းယန်ရှန့်က လွယ်လွယ်ကူကူပင် သဘောတူလိုက်သည်။


"ကောင်းသားပဲ..."


ရှုလီချန်သည် အနည်းငယ် မယုံကြည်စွာဖြင့် သက်ပြင်းချလိုက်သည်။


"တကယ်လား..."


ကျန်းယန်ရှန့်က ခေါင်းငြိမ့်ပြလိုက်သည်။


"ငါကတော့ တော်တော်ကောင်းတယ်လို့ထင်တယ်...ဒါပေမယ့်..."


လာချေပြီ။ လာချေပြီ။ ကျန်းယန်ရှန့်သည် တစ်နေရာရာမှ ချုံခိုတိုက်ခိုက်တော့မည်ကို ရှုလီချန် သိနေပြီ။ ရှုလီချန်သည် အသင့်အနေအထားပြင်ထားသော်လည်း ကျန်းယန်ရှန့်က မေးလိုက်သည်။


"ဒါပေမယ့် ဖျော်ဖြေရေးနယ်ပယ်က အဆင့်အတန်းခွဲခြားတဲ့သဘာဝကိုရော နင်သိရဲ့လား..."


ရှုလီချန်: “?”


ရှုလီချန် ယခုအချိန်တွင် အမြင့်ကိုမှန်းနေခြင်းမဟုတ်သောကြောင့် ကျန်းယန်ရှန့်မေးလိုက်သောအကြောင်းကို သူမသိချေ။ သူ ရိုးရိုးသားသားပင် ခေါင်းခါပြလိုက်သည်။


ကျန်းယန်ရှန့်က နာမည်ကြီး သီအိုရီကိုရှင်းပြ လိုက်သည်။ 


"အသိုင်းအဝိုင်းတိုင်းမှာ အဆင့်အတန်းခွဲခြားတယ်ဆိုတာရှိကြတာပဲ...ဖျော်ဖြေရေးနယ်ပယ်မှာလည်း ဘာမှမထူးဘူး...ရှင်းရှင်းပြောရရင် ရုပ်ရှင်ကားကြီးတွေမှာ သရုပ်ဆောင်တဲ့လူတွေ ရုပ်ရှင်တွေမှာ သရုပ်ဆောင်တဲ့လူတွေကိုနှိမ်တယ်...ရုပ်ရှင်သရုပ်ဆောင်တွေက စီးရီးတွေမှာ သရုပ်ဆောင်တဲ့လူတွေကို နှိမ်တယ်...စီးရီးကလူတွေက အွန်လိုင်းဒရာမာက သရုပ်ဆောင်တွေကိုနှိမ်တယ်...အွန်လိုင်းဒရာမာက လူတွေက ဖျော်ဖြေရေးရှိုးတွေမှာ ပါတဲ့လူတွေကိုနှိမ်တယ်...သူတို့အကုန်လုံးက‌တော့ အင်တာနက်ပေါ်မှာ နာမည်ကြီးတဲ့လူတွေကို နှိမ်ကြတယ်..."


ရှုလီချန်: "ဖွတ်...နင့်ဟာကလည်း ရယ်ချင်စရာကြီး..."


ကျန်းယန်ရှန့်က ထပ်ပြောလိုက်သည်။


"ဒါက အဆင့်အတန်းခွဲခြားတဲ့အမျိုးအစားတစ်ခုပဲ...တခြားအဆင့်အတန်းခွဲခြားတာတွေလည်းရှိသေးတယ်... တစ်ယောက်ယောက်ရဲ့ ပညာအရည်အချင်းနောက်ခံနဲ့ ပတ်သတ်ပြီးတော့ပေါ့..."


ရှုလီချန်: “?”


"သရုပ်ဆောင်တယ်ဆိုတာ နင်ထင်သလို သရုပ်ပဲဆောင်နေရတာမဟုတ်ဘူး...နင့်ကို ဒါရိုက်တာရှဲ့က မိတ်ဆက်ပေးတော့ အခု ဒါရိုက်တာက ဘယ်နေရာပေးလဲ...ဇာတ်ကွက် ဘယ်နှကွက်များ နင်ရလဲ...၁၈ ခန်းထက်မပိုဘူးမလား...ပိုက်ဆံကလည်း တစ်ရက်မှ ယွမ် ၆၀၀ ပဲရတာ...ငါစုံစမ်းပြီးပြီ အခု နင့်ရဲ့ ဇာတ်ကွက်က ရိုးရိုးအပျော်တန်းသမားတွေထက် ဘာမှမပိုဘူး..."


"နင် မင်းသားဖြစ်ချင်တယ်လို့ပြောတယ်မလား...အခုလိုပဲ အလေလိုက်နေရုံနဲ့ မင်းသားဖြစ်လာမယ်လို့ မျှော်မှန်းနေရလောက်အောင်တော့ နင်မတုံးသေးဘူးမလား...သုံးရက်လောက်ငါးမျှားလိုက်...နှစ်ရက်လောက် အနားယူလိုက်...နှစ်ရက်လောက် အပျော်တမ်းသရုပ်ဆောင်လေးလာလုပ်လိုက် လုပ်ဖို့ စဉ်းစားနေတာလား..."


ရှုလီချန်က လည်ပင်းကို ပွတ်လိုက်သည်။


"ငါ့အမေက ငါ့ဖို့ ခွင့်တိုင်ပေးထားတယ်လေ..."


ရှုလီချန်က ကျန်းယန်ရှန့်ပြောနေသည်များကို လျစ်လျူရှုရန် ကြိုးစားနေမိသည်။


ကျန်းယန်ရှန့်ကြောင့် ရှုလီချန်သည် တကယ်ပင် ငတုံးတစ်ယောက်ကဲ့သို့ ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကျန်းယန်ရှန့်ပြောသွားသကဲ့သို့ တကယ်ပင် နေဖို့ စဉ်းစားနေသောကြောင့်ဖြစ်သည်။


ကျန်းယန်ရှန့်သည် တစ်ချက်မျှ လှမ်းကြည့်ရုံနှင့်ပင် ရှုလီချန်ကိုထိုးဖောက်မြင်လိုက်ရ၍ တစ်ချက်လှောင်ရယ်ရယ်လိုက်တာ စာရွက်ပုံတစ်ပုံကို ရှုလီချန်လက်ထဲသို့ ပစ်ပေးလိုက်သည်။


"နင်ပြန်လာဖို့ကိုစောင့်နေတုန်းက ငါ ဒါရိုက်တာရှဲ့ကို ဖုန်းဆက်ပြီး အကြံဉာဏ်တောင်းထားတာ...သရုပ်ဆောင်တယ်ဆိုတာမှာလည်း သရုပ်ဆောင်ကျောင်းတွေရှိတယ်...သရုပ်ဆောင်ကျောင်းတွေကနေ ပညာတတ်မြောက်ထားတဲ့ သရုပ်ဆောင်တွေက ကျောင်းမတက်ထားတဲ့လူတွေကို နှိမ်ကြတယ်ဆိုတာကိုတော့ ငါပြောစရာမလိုပါဘူးနော်..."


"အနုပညာကျောင်းမဆင်းထားတဲ့ သရုပ်ဆောင်တစ်ယောက်က ၈ နှစ် ဒါမှမဟုတ် ၁၀ နှစ်ကြာမှ နာမည်စရလာတာ...သူ ရုပ်ရှင်တစ်ကားစရိုက်ရဖို့ ၈ နှစ်စောင့်ရတယ်ပြောတယ်...အဲ့ဒီတော့ နင်က အနုပညာကျောင်းဆင်းဖြစ်ရင်ဖြစ်...မဟုတ်ရင်တော့ နင်က လမ်းဘေးရောက်မှာပဲ..."


"ဒါက နာမည်ကြီး အနုပညာကျောင်း ၃ ကျောင်း - BD, ZX နဲ့ SX ရဲ့ ဝင်ခွင့်အကြောင်းစာရွက်တွေ...သေချာဖတ်ထား..."


ကျန်းယန်ရှန့်က ဆိုဖာကို မှီလိုက်သည်။


"အခုနာမည်အရမ်းကြီးနေတဲ့ သရုပ်ဆောင်တွေအားလုံးနီးပါးက ဒီကျောင်း ၃ ကျောင်းက ဆင်းကြတာတွေပဲ...နင် တကယ်မင်းသားဖြစ်ချင်တယ်ဆိုရင် ဝင်ခွင့်ရဖို့ လိုအပ်ချက်တွေ နင်ဘာတွေလေ့လာသင့်တယ်ဆိုတာကိုသေချာကြည့်...တချို့ကျောင်းတွေဆို တက္ကသိုလ်ဝင်တန်းအမှတ်ကောင်းတာကို တောင်းတာနော်...အဲ့တော့ နင် စာကို အရင်ကြိုးစားသင့်တယ်...နင်သာ စာသေချာမလုပ်ရင် ဇာတ်ညွှန်းကိုတောင် နားလည်အောင် နင်ဖတ်တတ်မှာမဟုတ်ဘူး...အဲ့ဒီတော့ နင် အခုထိ မင်းသားဖြစ်ဖို့ကို အိပ်မက်ပဲမက်နေတုန်းလား..."


"နင့်ဟာနင် စဉ်းစားပေါ့..."


ကျန်းယန်ရှန့်က နာရီကို လှမ်းကြည့်လိုက်သည်။


"ငါ K မြို့ကို အရင်ပြန်ဖို့ ညနေ လေယာဉ်လက်မှတ် ဝယ်ထားပြီးပြီ...နင် ကျောင်းတစ်ရက်ပျက်ပြီးပြီနော်...နှစ်ရက်ဆက်တိုက်ပျက်လို့တော့ လုံးဝမရဘူး..."


"နင့်ရဲ့ ကိုယ်ပိုင်လမ်းကြောင်းကို နင့်ဟာနင် သေချာစဉ်းစား...နင်လည်း အခု အရွယ်ရောက်နေပြီပဲ...ကိုယ့်ဘာသာကိုယ် ကောင်းတဲ့ အစီအစဉ်တစ်ခုကို စဉ်းစားထားတော့..."


Xxxxxxx