အပိုင်း ၂၃၅-၂၃၆
Viewers 28k

Part 235


ကျန်းယန်ရှန့် ကြာသပတေးညတွင် K မြို့သို့ တစ်ယောက်တည်း လေယာဉ်ဖြင့် ပြန်လာခဲ့သည်။


ကျန်းဟွမ်နှင့်တွေ့သောအခါ ကျန်းဟွမ်သည် စိတ်ပူဟန်ဆောင်ကာမေးလိုက်သည်။


"ရှောင်ရှု အဆင်ပြေရဲ့လား..."


"ပြေပါတယ်..."


ကျန်းယန်ရှန့် ပြောဖြေလိုက်သည် သူမ လှေကားပေါ်ရောက်ပြီးမှ ရုတ်တရက် ရပ်ကာ ကျန်းဟွမ်ဘက်သို့ လှည့်လိုက်သည်။


ကျန်းဟွမ်က နားမလည်နိုင်ဖြစ်သွားသည်။


"ဘာဖြစ်လို့လဲ..."


ကျန်းယန်ရှန့်သည် ကျန်းဟွမ်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ ပြောလိုက်သည်။


"အဲ့ဒါ သူ့အမေလုပ်တာ..."


စကားသည် အစမရှိ အဆုံးမရှိဖြစ်နေသော်လည်း ကျန်းယန်ရှန့်က "လုပ်တာ" ဟူသောစကားကို အလေးပေးပြောလိုက်သောကြောင့် ကျန်းဟွမ်သည် ကြားကြားချင်း သဘောပေါက်သွားသည်။


"အဖေထင်တယ်..."


ကျန်းဟွမ်က ငါထင်တဲ့အတိုင်းပဲ ဟူသောမျက်နှာထားဖြင့် ကြောင်တောင်တောင် အော်ပြောလိုက်သည်။


ခေါင်းကိုမော့လိုက်သည့်အခါ သူ့ကိုစိုက်ကြည့်နေသည့် ကျန်းယန်ရှန့်၏အကြည့်များက အနည်းငယ်အေးစက်၍ မှုန်မှိုင်းနေသကဲ့သို့ ဖြစ်နေသည်ကို ကျန်းဟွမ်သတိထားလိုက်မိသည်။ ကျန်းဟွမ်သည် အကြောင်းပြချက်မရှိပဲ ရုတ်တရက် တုန်သွားကာ အတင်းလုပ်ပြုံးထားရသော အပြုံးဖြင့်ပြောလိုက်သည်။


"ဒါဆို သမီးလည်း စောစောနားတော့လေ...ကျောင်းကို တတ်နိုင်သမျှအစောဆုံးပြန်သွားရမှာ...သူတို့ရဲ့မိသားစုပြဿနာကြောင့် သမီး ကျောင်းတစ်ရက်နောက်ကျသွားရပြီ..."


ကျန်းယန်ရှန့်သည် ကျန်းဟွမ်ထံမှ အကြည့်လွှဲလိုက်ကာ နှာ‌ခေါင်းရှုံ့သည့်အသံ လုပ်လိုက်သည်။


ကျန်းဟွမ်သည် "ဟင်း" လား "ဟွန့်" လား သေချာမကြားလိုက်သော်လည်း ထိုအသံသည် မထီမဲ့မြင်ပြုခြင်းနှင့် အေးစက်ခြင်းတို့ အနည်းငယ်ပါနေကြောင်း သိလိုက်သည်။


ကျန်းယန်ရှန့် အပေါ်သို့တက်သွားသောအခါ ကျန်းဟွမ်သည် လက်မောင်းများမှ ကြက်သီးများထနေသည်ကို ပွတ်သပ်လိုက်သည်။


အဖေတစ်ယောက်ကို ဤသို့ ခြောက်လှန့်ခြင်းသည် အဆင်မပြေပါ။


သို့သော် ရှုလီချန်၏မိခင်ကဲ့သို့ မိန်းမများကတော့ တကယ်ပင် ဆိုးရွားလွန်းပေသည်။ ကံကောင်းစွာပင် ကျန်းဟွမ်သည် ထိုသို့သောမိန်းမများနှင့် ကြုံတွေ့ရလောက်သည်အထိ ကံဆိုးမနေခဲ့ပါ။


တနင်္လာနေ့တွင် ကျန်းယန်ရှန့်သည် အနားယူချိန်၌ ရှုလီချန်ကို ဖြတ်ခနဲတွေ့လိုက်ရသည်ဟု ထင်မိသော်လည်း နေ့လယ်မုန့်စားဆင်းချိန်အတွင်း၌တော့ လုံးဝမတွေ့မိတော့ချေ။


ညနေတွင် ကျန်းယန်ရှန့်သည် ပိုသေချာစေရန် ရှုလီချန်ဆီသို့ မက်ဆေ့ခ်ျပို့လိုက်သည်။


"နင်ပြန်ရောက်ပြီလား..."


ရှုလီချန်က အလျင်အမြန်ပင် စာပြန်လာသည်။


"ငါသေပြီ...ငါ့အတွက် တစ်ယောက်လောက် စာရွက်တွေမီးရှို့ပြီး ပူဇော်ပေးကြပါ..."


ကျန်းယန်ရှန့်: “?”


ရှုလီချန်: "လွတ်သွားတဲ့စာတွေပြန်လုပ်ရတာနဲ့ရူးတော့မယ်...(ငါသေပြီ ဆိုသောပုံ)..."


ကျန်းယန်ရှန့်သည် ရယ်မိသွားသည်။ ဤသည်မှာ တစ်ပတ်လုံးကျောင်းပျက်ခဲ့သည့်အတွက် ရှုလီချန်အတွက် ပြစ်ဒဏ်ပင်ဖြစ်သည်။


ရှုလီချန်: "ပိတ်ရက်တုန်းက ငါ့အမေနဲ့ငါ စကားပြောပြီး အနာဂတ်မှာ ငါရုပ်ရှင်မင်းသားဖြစ်ချင်တယ်လို့ ပြောလိုက်တယ်...အမေက သဘောတူပြီး တော်တော်လည်းပျော်သွားတယ်...ငါ့အတွက် လေ့ကျင့်ဖို့သင်တန်းတွေလည်းစီစဉ်ပေးမယ်ပြောနေတယ်...ရုပ်ရှင်ကျောင်းကြီး သုံးခုထဲက တစ်ခုခုဆီ ဝင်ခွင့်ရရင် ရုပ်ရှင်ကုမ္ပဏီတစ်ခုထောင်ပေးပြီး အရမ်းတော်တဲ့ မန်နေဂျာလည်း ငှားပေးမယ်လို့ ကတိပေးသွားတယ်..."


ကျန်းယန်ရှန့်: "ငါနင့်ကို တစ်ခုပြောဖို့မေ့နေတာ...ရုပ်ရှင်လောကမှာ ဆုကြီးတွေရတဲ့လူတွေက ဆုမရတဲ့လူတွေကို ရှုံ့ချတာ အနိုင်ကျင့်တာမျိုးတွေလည်း ရှိတယ်နော်...ရတဲ့ဆုတွေကလည်း ပမွှားဆုသေးသေးလေးတွေမဟုတ်ဘူး...ဆုအကြီးကြီးတွေရမှ နေရာကောင်းတစ်ခုကိုရမှာ..."


ရှုလီချန်: "နင် စောင့်သာကြည့်နေလိုက်ပါ..."


ကျန်းယန်ရှန့်သည် သူမ၏ထုံးစံအတိုင်း အခြားလူများကို တဲ့တိုးဖြင့် နှိမ့်ချနေပြန်ပြီဖြစ်သည်။


ဒီကဆရာက နောက် ၁၀ နှစ်ကျရင် ဘယ်လိုဖြစ်နေမလဲဆိုတာ ပြရသေးတာပေါ့...


မကြာမီ၌ပင် မေလကျောင်းပိတ်ရက်သို့ရောက်သွားကာ ကျန်းမိသားစုတစ်စုလုံးသည် အဖွားကျန်း၏အိမ်၌ စုဝေးနေကြသည်။


ကျောက်လန်ဖန်က အဖွားကျန်းကို သေချာအသေးစိတ် ပြောပြနေသည်။


"ရလဒ်တွေကတော့ တော်တော်ကိုကောင်းတယ်...အင်တာနက်မှာလည်း ကောင်းကြောင်းတွေပဲပြောနေကြတာ ကျွန်မတို့ ဘယ်လိုမှမရှုံးနိုင်ဘူး...အခုတော့ အသေးစိတ်ကို တွက်ချက်နေကြတယ်...နောက် တစ်လ နှစ်လကြာရင် ကျွန်မတို့ရဲ့ ပထမဆုံးရှယ်ယာကိုရတော့မယ်လေ...အခုက တီဗီမှာ အပိုင်းသစ်ပြပြီးရင် အဲ့အပိုင်းကို အင်တာနက်ပေါ်မှာ ထပ်လွှင့်တဲ့ နည်းကိုသုံးနေတာ...ကျွန်မတို့ကလည်း ရှယ်ယာကို ဆက်ပြီး ရ..."


သူတို့သည် ကျန်းချီ၏ တီဗီစီးရီးအကြောင်းပြောနေကြခြင်းဖြစ်သည်။


အဖွားကျန်းက ခေါင်းတဆတ်ဆတ်ငြိမ့်ကာ သက်ပြင်းချလိုက်သည်။


"အခုတော့ ကုမ္ပဏီတော်တော်များများကလည်း နည်းပညာတိုးတက်မှုကိုလိုက်ပြီး နည်းစနစ်တွေ ပြောင်းကုန်ကြပြီ...ငါတို့လို လူအိုတွေကတော့ အချိန်နဲ့တပြေးညီ မလိုက်နိုင်တော့ပါဘူး...နောက်ကျရင် ကလေးတွေလက်ထဲပဲ လွှဲရတော့မှာ..."


ကျောက်လန်ဖန်၏မျက်နှာသည် ဝင်းပသွားသည်။


"ဟုတ်တာပေါ့..."


ကျောက်လန်ဖန်သည် ကျန်းယန်ရှန့်အား စိတ်ပူသည့်ပုံဖြင့်မေးလိုက်ပြန်သည်။


"ယန်ယန်ရဲ့ရုပ်ရှင်ရော ထွက်တော့မှာလား..."


ကျန်းယန်ရှန့်က ခေါင်းငြိမ့်လိုက်သည်။


"ဟုတ်ကဲ့...သမီးထင်ထားတာထက် ပိုစောပြီးထွက်မယ်တဲ့..."


ကျောက်လန်ဖန်ကမေးလိုက်သည်။


"စောစောထွက်တော့ ရုပ်ရှင်ရဲ့ အရည်အသွေးကတော့ မကျသွားဘူးမလား..."


ကျန်းယန်ရှန့်က ပြန်ဖြေလိုက်သည်။


"မကျပါဘူး..."


ကျောက်လန်ဖန်သည် ကျန်းချီ၏ တီဗီစီးရီးမှ အမြတ်ငွေများ ရမည်မှာသေချာနေသောကြောင့် အရင်ကဲ့သို့ ယှဉ်ပြိုင်လိုစိတ်သိပ်မရှိပဲ ကျန်းယန်ရှန့်ကို‌ ပြုံးကာ ပြောလိုက်သည်။


"ထွက်လာရင်တော့ အခြေအနေကိုကြည့်ရမှာပေါ့လေ...ပိုက်ဆံရှုံးရင်တောင်မှ အတွေ့အကြုံရတာပေါ့...တကယ်ကတော့ သမီးကို ကြိုးစားကြည့်စေချင်တာပါ...မိသားစုက ပိုက်ဆံရမယ်လို့ မမျှော်လင့်ထားကြဘူးလေ..."


"သမီးသိပါတယ်..."


ကျန်းယန်ရှန့်က ပြောလိုက်သည်။


"သမီးမှာ အတွေ့အကြုံတွေအများကြီးရှိပါတယ်..."


ကျန်းဟွမ်က တစ်ဖက်သို့လှည့်ကာ မျက်လုံးဝေ့လိုက်သည်။


အိမ်ပြန်လမ်းပေါ်တွင် ကျန်းယန်ရှန့်သည် ရှေ့ခန်း၌ ထိုင်လိုက်လာသည်။ ကျန်းဟွမ်ကပြောနေသည်။


"သမီးရဲ့ ဦးလေးနဲ့အဒေါ်ကိုကြည့်ဦး...ဘာ ရလဒ်ကောင်းလဲ...အင်တာနက်ပေါ်မှာ အလှောင်ခံနေကြရတာကိုများ...မဟုတ်တဲ့ဇာတ်လမ်းတွေလာပြောနေတာ မသိရင်ခက်မယ်..."


ကျန်းယန်ရှန့်အံ့ဩသွားသည်။


"အဲ့ဒီ စီးရီးအကြောင်းကို အင်တာနက်ပေါ်မှာ အဖေရှာကြည့်နေတုန်းလား..."


ကျန်းဟွမ်က ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်သည်။


"အခုခေတ် နည်းပညာတွေကြောင့် သူ့ဘာသာသူ ပေါ်ပေါ်လာတာပါ...ဖုန်းရော ကွန်ပြူတာမှာ‌ရော နေရာအနှံ့ပဲ..."


ကျန်းယန်ရှန့်က သူ့အဖေကို ငေးကြည့်နေမိသည်။


"အဖေ ကြောက်နေတာလား..."


"အဖေက ဘာကိုကြောက်ရမှာလဲ..."


ကျန်းဟွမ်က ဝန်မခံချေ။


"သမီးရဲ့ ဦးလေးနဲ့အဒေါ်ပြောတာ တစ်ခုတော့မှန်တယ်...အဖေလည်း သမီးကို ပိုက်ဆံရဖို့မမျှော်လင့်ထားဘူး...ပိုက်ဆံတွေရှုံးရင်တောင်အဆင်ပြေတယ်...သမီးမှာ အဖေရှိသေးတာပဲ..."


သန်း ဆယ်ဂဏန်းလောက်ဆုံးရှုံးသည်ကတော့ ဘာမှမဖြစ်ပေ။


နောက်ခန်းမှ လျန့်ယင်းယင်းက စိတ်ပျက်သည့်ပုံနှင့် မျက်လုံးဝေ့လိုက်သည်။


အဲ့လောက်ပိုက်ဆံတွေပိုနေ၍ သုံးရမည့်နေရာမရှိလျှင် သူမကိုသာ ပေးလိုက်ပါတော့လား...

ဘာလို့များ ကလေးတစ်ယောက်ဆီကို အဆုံးခံရန် ပေးနေမည်နည်း...


ကျန်းယန်ရှန့်သည် သေချာစဉ်းစားပြီးမှ တစ်လုံးချင်းပြောလိုက်သည်။


"အဖေ သမီးနဲ့အတူ ရုပ်ရှင်အစမ်းပြပွဲကို လိုက်ခဲ့မလား..."


ကျန်းဟွမ်က ချက်ချင်းပင်ပြန်ပြောလိုက်သည်။


"ကောင်းတယ်...ကောင်းတယ်...ကောင်းတယ်...လိုက်မှာပေါ့...အစမ်းပြပွဲက ဘယ်နေရာမှာလုပ်မှာလဲ...အဖေနဲ့သမီး တူတူသွားကြတာပေါ့..."


ကျန်းယန်ရှန့်ကပြောလိုက်သည်။


"အခုတော့ B မြို့မှာလုပ်ဖို့စီစဉ်ထားတယ်..."


B မြို့သည် မြို့တော်ဖြစ်သည်။


"ကောင်းပြီလေ..."


ကျန်းဟွမ်က သေချာသည့်ပုံဖြင့်ပြောလိုက်သည်။


"တူတူသွားကြတာပေါ့..."


နောက်ခန်းမှကျန်းဟယ်လင်း: "မမ...မမ..."


"..."


ကျန်းယန်ရှန့်သည် အနောက်သို့လှည့်မကြည့်ပဲပြောလိုက်သည်။


"ဟုတ်ပါပြီ...နင့်ကိုလည်း ခေါ်သွားပါ့မယ်..."


ကျန်းဟယ်လင်း ကျေနပ်သွားသည်။


ကျန်းရှို့ချန်: "သားလည်း..."


"နင်က ငယ်သေးတယ်..."


ကျန်းယန်ရှန့်က ငြင်းလိုက်သည်။


ကျန်းရှို့ချန်: "ဟွန့်..."


လျန့်ယင်းယင်းကတော့ ဘာမှဝင်မပြောချေ။


သူမသာ သူတို့နှင့် တူတူသွားဖို့ပြောပါက ကျန်းဟွမ်သည် ငြင်းရုံတင်မကပဲ သူမအတွက် အခြားကိစ္စများပါ စီစဉ်ပေးခဲ့လျှင် မည်သို့လုပ်မည်နည်း။ ယခင်ကလိုပဲ ကျောင်းပိတ်ရက်များ၌ ကလေးများထိန်းခိုင်းနေလျှင် ခက်ပေမည်။


လျန့်ယင်းယင်းသည် ကျန်းဟွမ်ထံမှ သတိထားခံရပြီး အလုပ်များပေးသည်ထက်စာလျှင် သတိထားမခံရပဲ ဘေးနားလေး၌သာ ‌နေသာသလို နေချင်တော့သည်။


စောစီးစွာအနားယူလိုက်ရလျှင်လည်း ကောင်းသည်။ အနည်းဆုံးတော့ လျန့်ယင်းယင်း၏ သူငယ်ချင်းများသည် သူမကို အားကျမနာလိုဖြစ်ကြသည်မဟုတ်လား။ သူမ၏သူငယ်ချင်းများသည် ယခုထိ အသက်ကြီးလျှင် ဘာလုပ်ရမည်မသိဖြစ်နေကြသေးသည်။ သူတို့အားဂရုစိုက်မည့် ရိုးသားသည့်ယောင်္ကျားများကိုရှာရန် တစ်ယောက်ပြီးတစ်ယောက် မွေးရပ်မြေသို့ပြန်ကုန်ကြသည်။


ဂျူလိုင်လတစ်ရက်တွင် ကျန်းယန်ရှန့်သည် အိမ်သို့ပြန်လာသောအခါ အောက်ထပ်၌ ကျန်းဟွမ်နှင့် တွေ့လိုက်ရသည်။


"သမီးပြန်ရောက်လာပြီပဲ..."


ကျန်းဟွမ်က ချစ်မြတ်နိုးသည့်လေသံဖြင့်ပြောလိုက်သည်။


"သမီး ထမင်းစားတော့မလား..."


ကျန်းယန်ရှန့်အိမ်ပြန်ရောက်သည့်အချိန်သည် ဆယ်နာရီပင်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ကျန်းယန်ရှန့်သည် အနည်းငယ်အံ့ဩသွားသည်။


"အဖေက မအိပ်သေးဘူးလား..."


"အဖေ့သမီးလေးက ညသန်းခေါင်အထိ စာတွေကျက်နေရတုန်း အဖေက အိပ်နေရတော့ စိတ်မကောင်းလို့ပါ..."


ကျန်းဟွမ်က ပြုံးကာပြောလိုက်သည်။


ကျန်းယန်ရှန့်: "?..."


ယနေ့ ကျန်းဟွမ်တစ်ယောက် ဘာတွေဖြစ်နေသနည်း။ အလွန်ပင် ပြုံးချိုနေသည်။


Xxxxxx


Part 236


သာမာန်အသေးအဖွဲကိစ္စများအကြောင်းပြောရင်းဖြင့် ကျန်းဟွမ်သည် ကျန်းယန်ရှန့်နှင့်အတူ အပေါ်ထပ်သို့ လိုက်လာသည်။


"သမီးရဲ့ နောက်ဆုံးစာမေးပွဲကြီးရော အခြေအနေဘယ်လိုလဲ..."


"အရမ်းအပင်ပန်းမခံနဲ့နော်..."


"ဒီပိတ်ရက်မှာ နားနားနေနေ Spa သွားပါလား..."


"သမီးအပြင်မသွားချင်ရင်လည်း အိမ်မှာ အနှိပ်ခံဖို့ အဖေအနှိပ်သမားခေါ်ပေးမယ်လေ...သမီးနားလို့ရအောင်..."


ကျန်းယန်ရှန့်၏ အခန်းတံခါးဝရောက်သည်အထိ ကျန်းဟွမ်က စကားတပြောပြောဖြင့်လိုက်လာသည်။


ကျန်းယန်ရှန့်က သည်းမခံနိုင်တော့ချေ။


"အဖေ တစ်ခုခုပြောစရာရှိတယ်ဆိုလည်း မြန်မြန်ပြောပါ..."


"ဘာမှတော့မဟုတ်ပါဘူး..."


ကျန်းဟွမ်က သူ၏ စိုထိုင်းထိုင်းဖြစ်နေသော ဆံပင်များကိုသပ်ကာ နံရံကို တံတောင်ဆစ်ဖြင့် မှီ၍ ပြောလိုက်သည်။


"အင်း...သမီးအစ်မ ချီချီက သူ့ရုပ်ရှင်ကနေ ရှယ်ယာတွေရလာတယ်...အဲ့ဒါအဖွားက သမီးဦးလေးဆီက ဘဏ်စာအုပ်တောင်းကြည့်လိုက်တာ..."


ကျန်းယန်ရှန့်က ဘာမှမသိသည့်ပုံစံဖြင့်မေးလိုက်သည်။


"ရှယ်ယာက ပိုက်ဆံတွေအများကြီးရလား...စိတ်မပူပါနဲ့...သူများတွေဘယ်လောက်ရတယ်ဆိုတာ သမီးအတွက် အရေးမကြီးပါဘူး...သမီးဂရုမစိုက်ဘူး..."


ကျန်းဟွမ်က အတန်ကြာ တိတ်သွားပြီးမှ ပြောလိုက်သည်။


"အမြတ်က ၁ ရာခိုင်နှုန်းရတယ်..."


ကျန်းယန်ရှန့်: “…”


"သမီးက အထက်တန်းကျောင်းသူပဲရှိသေးပေမယ့်..."


ကျန်းယန်ရှန့်က စကားကိုသေချာရွေး၍ ပြောလိုက်သည်။


"ဒီလောက်ကတော့..."


ကျန်းယန်ရှန့်သည် စိတ်နှင့်တွက်ကြည့်လိုက်ရာ တစ်နှစ်လုံးရင်းနှီးမြုပ်နှံထားရသော်လည်း ပြန်ရသည်က တစ်လစာမုန့်ဖိုးလောက်ပင်ရှိသည်။


"အဲ့ဒါတောင် ပိုတွက်ထားတာ..."


ကျန်းဟွမ်က တိုးတိတ်စွာပြောလိုက်သည်။


"တကယ်က ၀.၉၉ ရာခိုင်နှုန်းလောက်ပဲရှိတာ..."


ကျန်းယန်ရှန့်‌ကပြောလိုက်သည်။


"...အဖေ တကယ်ပြောနေတာလား..."


ကျန်းဟွမ်က ဆက်ပြောသည်။


"တကယ်ပေါ့...အဖေက ဘာလို့ သမီးကို ညာပြောရမှာလဲ...သမီးအဖွားကလည်း သူ့ကိုချီးကျူးနေတယ်..."


ကျန်းယန်ရှန့်ကပြောလိုက်သည်။


"ဖွားဖွားကလား..."


ကျန်းဟွမ်က ခေါင်းငြိမ့်လိုက်သည်။


"သမီးအဖွားက ပိုက်ဆံတွေမဆုံးသွားတာပဲ တော်သေးတယ်လို့ပြောနေတယ်...အတွေ့အကြုံတွေရတာပဲတဲ့..."


တကယ်တော့ အဖွားကျန်း ပြောခဲ့သည်မှာ


"ပိုက်ဆံတွေမရှုံးတာပဲ တော်တာပေါ့...သမီး အတွေ့အကြုံတွေရသွားတာပဲ...ပြီးတော့ ချီချီကလည်း ငယ်သေးတယ်လေ...ရှောင်းဟွမ်ရဲ့ ပထမဆုံး ရင်းနှီးမြုပ်နှံတာကို ငါမှတ်မိပါသေးတယ်...ပိုက်ဆံတွေအကုန်ဆုံးရောလေ...အဲ့တုန်းက ဒေါသတွေထွက်ပြီး ငိုပြီး ပြေးပုန်းနေတာ...မင်းတို့အဖေနဲ့ ငါနဲ့ တစ်ညလုံး ထိုင်ရယ်နေကြရတာ..." 


ဟူ၍ ဖြစ်သည်။


ကျန်းဟွမ်ကပြောပြီးသွားသောအခါ ကျန်းယန်ရှန့်ကို ချစ်ခင်သည့်မျက်လုံးများဖြင့် ကြည့်လိုက်သည်။


"အဲ့ဒါကြောင့် သမီးလည်း စိတ်ကိုပြင်ဆင်ထားဖို့ပြောတာ...သမီးပိုက်ဆံတွေဆုံးသွားလည်း ကိစ္စမရှိဘူး...အတွေ့အကြုံတွေရလာမှာပဲ..."


ကျန်းဟွမ်သည် သူ့ကိုယ်သူ ပြိုင်ဖက်ကင်းသောအဖေ ဖြစ်သည်ဟု ထင်နေသည်။


ဤသို့သော အဖေမျိုးရှိနေသဖြင့် ယန်ယန်သည် အလွန်ပင် ဝမ်းသာပျော်ရွှင်နေသင့်သည်။


ကျန်းယန်ရှန့်သည် ခဏမျှ တိတ်ဆိတ်သွားသည်။


"တော်ပါတော့..."


ကျန်းယန်ရှန့်သည် တံခါးကိုဖွင့်ကာ ဒေါသတကြီးပြောလိုက်သည်။


"ဘာပိုက်ဆံမှ မဆုံးစေရဘူး..."


ဒုန်း


ကျန်းဟွမ်၏စေတနာကို မည်သူမျှ တန်ဖိုးမထားကြကာ တံခါးဆောင့်ပိတ်ခြင်းဖြင့်ပင် ဖျက်ဆီးခံလိုက်ရသည်။ ကျန်းဟွမ်သည် ဒေါသထွက်သွားသည်။


".....မိုးဘယ်လောက်မြင့်လဲဆိုတာ သမီးမသိသေးပါဘူး...သမီး ဘာမှသိတာမဟုတ်ဘူး...ဟင်း..."


ကျန်းယန်ရှန့်သည် နာရီကြည့်လိုက်သောအခါ ဆယ်နာရီကျော်နေပြီဖြစ်သည်။ ထို့ကြောင့် ဖုန်းမခေါ်ပဲ ကျန်းချီ၏အမြတ်အကြောင်းကို မိုလင်းဆီသို့ မက်ဆေ့ခ်ျသာ ပို့လိုက်သည်။


 မိုလင်းက ချက်ချင်းပင် စာပြန်ပို့လာသည်။


"သူတို့ရဲ့ တွက်နှုန်းက အဲ့လောက်ဆိုးသွားမယ်မှန်းအစ်မ မထင်ထားခဲ့ဘူး...ပရောဂျက်အပြင်ကလူတွေရတဲ့ သတင်းတွေက သိပ်မှန်တာတော့မဟုတ်ဘူး...ဒါပေမယ့် တော်တော့တော်ပါသေးတယ်...အနည်းဆုံးတော့ သူပိုက်ဆံမဆုံးသွားဘူးလေ...အတွေ့အကြုံတစ်ခုလို့ပဲ သဘောထားရမှာပေါ့..."


သို့သော် တစ်ဖက်မှတွေးကြည့်လျှင်တော့ ဆုံးရှုံးမှုဟု ဆိုနိုင်ပါသည်။ ဤပိုက်ဆံများကို ထိုရုပ်ရှင်၌ မရင်းနှီးပဲ အခြားနေရာ၌ ရင်းနှီးမြှုပ်နှံလိုက်ပါက အမြတ်ငွေ ၁ ရာခိုင်နှုန်းထက်တော့ ပိုရနိုင်သည်မဟုတ်လား။


သို့သော်...ပိုက်ဆံများမဆုံးရှုံးလျှင်တော့ အကောင်းဆုံးဖြစ်‌ပေသည်။ စာလုံးနှစ်လုံးကိုဆွဲချက်တစ်ချက်တည်းနှင့် ရေး၍မရချေ။ ဘာပဲဖြစ်ဖြစ် ထိုပိုက်ဆံများသည် ကျန်းမိသားစု၏ ပိုက်ဆံများပင်ဖြစ်သည်။


နောက်ဆုံးစာမေးပွဲပြီးသည့်အခါ ကျန်းယန်ရှန့်သည် စာမေးပွဲရလဒ်များကိုကြည့်လိုက်သည်။ ရှုလီချန်၏ရလဒ်များက ကျဆင်းသွားသော်လည်း အတန်းကျရလောက်သည်အထိတော့ မဆိုးဝါးသေးချေ။ အိမ်မှကိစ္စများ၏ အကျိုးသက်ရောက်မှုလည်းပါပေလိမ့်မည်။


သူမသည် ရှုလီချန်ကို ဗီဒီယိုဖြင့် ဖုန်းခေါ်လိုက်သည်။


"နင် အစမ်းပြပွဲကိုသွားမှာလား..."


ရှုလီချန်ကပြောသည်။


"ခဏနေဦး..."


ရှုလီချန်သည် ပြတင်းပေါက်ဆီသို့လျှောက်သွားကာ လိုက်ကာများကိုဖွင့်ပြလိုက်သည်။


"ဒန် တန့် တန်..."


အပြင်မှ ရှုခင်းသည် K မြို့မဟုတ်ကာ ထို‌နေရာကို ကျန်းယန်ရှန့် မှတ်မိလိုက်သည်။


"ဟင်...နင်က B မြို့ဆီတောင် ရောက်နေပြီလား..."


ကျန်းယန်ရှန့်က အံ့ဩသွားသည်။


"နင် အစောကြီး ဘာသွားလုပ်နေတာလဲ..."


"ငါကဒီကို သရုပ်ဆောင်သင်တန်းတက်ဖို့ရောက်နေတာ..."


ရှုလီချန်ကပြောလိုက်သည်။


"အမေက ဆရာတစ်ယောက်ကိုသဘောကျပြီး ငါ့ကိုသီးသန့်လာသင်ပေးဖို့ K မြို့ကိုခေါ်တာ...ဒါပေမယ့် ဆရာက တစ်ယောက်တည်းသရုပ်ဆောင်တာထက်စာရင် တခြားလူတွေနဲ့ တွဲဖက်သရုပ်ဆောင်တာက ပိုကောင်းတယ်ဆိုပြီး ငြင်းလိုက်တယ်...အမေရော ငါရော ဆရာပြောတာလည်းဟုတ်တာပဲ ဆိုပြီး ငါ ဒီကိုလာလိုက်တာ...ငါပြောမယ် အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ သိလား...ဆရာကလည်း ငါ့ကို ခဏခဏချီးကျူးပြီး ပါရမီပါတယ် လို့ပြောတယ်..."


ကျန်းယန်ရှန့်: "နင်ပျော်နေလို့ ငါဝမ်းသာပါတယ်..."


"နင်လည်း ဒီကို စောစောလာသင့်တယ်...B မြို့မှာ ခဏလောက် အပန်းဖြေရအောင်လေ...B မြို့မှာက အခု ရာသီဥတုက ပူနေပြီ..."


ရှုလီချန်ပြောလိုက်သည်


"နင့်သင်တန်းကိုသာ နင် သေချာတက်..."


ကျောင်းပိတ်ရက်အပြီးတွင် ကျန်းဟယ်လင်းသည် ကျန်းယန်ရှန့်နားသို့ တွယ်ကပ်နေတော့သည်။


"မမရေ...ဈေးဝယ်ထွက်ရအောင်လေ...အဝတ်အစားတွေဝယ်မယ်...ကိတ်မုန့်စားမယ်...လက်သည်းလည်း ပြင်မယ်လေ..."


ထိုအလုပ်များသည်... ကျန်းယန်ရှန့် မဆိုင်းမတွပင်ပြောလိုက်သည်။


"ကောင်းပြီလေ...သွားကြတာ‌ပေါ့..."


ညီအစ်မနှစ်ယောက်သည် အပြင်သို့ ထွက်သွားကြသည်။


.....


နွေရာသီကျောင်းပိတ်ရက်အတွင်း၌ ယွဲ့စုန့်၏အခန်းဖော်သည် အိမ်သို့မပြန်ချေ။


မနှစ်က ချန်ဝေ့အတွက် ယွဲ့စုန့်စီစဉ်ပေးခဲ့သော အလုပ်သင်နေရာသည် အတော်လေးအဆင်ပြေ၍ အခြားအခန်းဖော်များကလည်း ယွဲ့စုန့်နှင့်ရင်းနှီးသောကြောင့် သူတို့အတွက်ပါ အလုပ်ရှာပေးရန် တောင်းဆိုကြသည်။


ယွဲ့စုန့်က အားလုံးအတွက် အလုပ်သင်နေရာများရအောင် စီစဉ်ပေးလိုက်သည်။


ချန်ဝေ့သည် အခြားအခန်းဖော်နှစ်ယောက်နှင့်တိုင်ပင်ကာ အားလုံးစု၍ သူတို့ကျေးဇူးတင်ကြောင်းကိုပြရန် ယွဲ့စုန့်ကို ညစာဖိတ်ကျွေးရန် စီစဉ်လိုက်ကြသည်။ သူတို့အားလုံးသည် ကျောင်းနားမှ စားသောက်ဆိုင်အသေးလေး‌များ၌ လှည့်ပတ်စားနေရသည်မှာ ငြီးငွေ့နေကြပြီဖြစ်သည်။ တိုင်ပင်ပြီးသောအခါ သူတို့သည် အင်တာနက်ပေါ်မှ နာမည်ကြီးသော စားသောက်ဆိုင်တစ်ခုသို့သွားရန် ဆုံးဖြတ်လိုက်ကြ၍ တက္ကဆီတူတူငှားလိုက်ကြသည်။


ကားပေါ်ရောက်သောအခါ ကျန်းဟယ်လင်းသည် စာရွက်လေးတစ်ရွက်ကိုထုတ်လိုက်သည်။


"မမ...သမီး ဒီနေ့ ဒါတွေလုပ်ချင်တယ်..."


ကျန်းယန်ရှန့်သည် စာရွက်ကိုလှမ်းယူ၍ ဘာအစီအစဉ်တွေလဲဟု ဖတ်ကြည့်လိုက်သည်။ စာရွက်သည် XX ရှော့ပင်းမောလ်၌ မည်သည့်ဆိုင်များ၌ စားသောက်နိုင်သည်၊ မုန့်စားနိုင်သည် စသဖြင့် ရေးထားခြင်းဖြစ်သည်။ မင်နီဖြင့်ဝိုင်းထားသောနေရာများက ကျန်းဟယ်လင်းသွားချင်သော နေရာများဖြစ်သည်။


"အင်း...အချိုမုန့်တွေ အရင်စားကြတာပေါ့...ပြီးရင် ဈေးဝယ်ပြီး မုန့်တွေဝယ်မယ်...ပြီးမှ ကစားကွင်းမှာ ဆော့မယ်...ညစာကို အင်တာနက်ပေါ်မှာ နာမည်ကြီးတဲ့ စားသောက်ဆိုင်မှာစားကြမယ်...ဟုတ်ပြီလား..."


ထိုအစီအစဉ်သည် အလွန်ကောင်းသည်ဟု ကျန်းဟယ်လင်းထင်မိ၍ ကျေနပ်မှုအပြည့်ဖြင့် ပြောလိုက်သည်။


"ဟုတ်ကဲ့..."


ကျန်းဟယ်လင်းသည် အရွယ်ရောက်လာ‌သောအခါ ကိစ္စများကို စီစဉ်တတ်လာပေသည်။


မဆိုးလှပေ


Xxxxxxx