Part 237
ညီအစ်မနှစ်ယောက်သည် နေ့လယ်၌ အပြင်သို့ထွက်လာကြသည်။
သူတို့ ရှော့ပင်းမောလ်သို့ရောက်သောအခါ ကိတ်မုန့်များ အရင်စားကြသည်။ ထိုမောလ်၌ နာမည်ကြီးတံဆိပ်များရောင်းသည့်ဆိုင်များမရှိသော်လည်း ဈေးသင့်တင့်သည့် တံတိပ်ပစ္စည်းများကို ရောင်းသည့်ဆိုင်များတော့ အများအပြားရှိသည်။ ထိုဈေးနှုန်းများသည် ကျန်းယန်ရှန့်တို့အတွက်တော့ အကြွေလောက်ပင်ရှိသည်ဖြစ်ရာ ညီအစ်မနှစ်ယောက်သည် မျက်စိထဲတွေ့ရာကို စိတ်ထင်တိုင်း ဝယ်နေကြသည်။
ထို့နောက် သူတို့သည် ဗီဒီယိုဂိမ်းများသွားဆော့၍ အရုပ်ကောက်စက်မှ အရုပ်များစွာကောက်ရကာ ဘေးနားမှကြည့်နေသော ကလေးများကို ဝေပေးလိုက်သည်။ ညီအစ်မနှစ်ယောက်သည် ထိုင်၍ လက်သည်းများပြုပြင်နေသည့် အချိန်တွင် ယွဲ့စုန့်နှင့် အခန်းဖော်များသည်လည်း အဆောင်မှထွက်ကာ နာမည်ကြီးစားသောက်ဆိုင်သို့သွားရန် အသင့်ဖြစ်နေကြပြီဖြစ်သည်။
ကျန်းယန်ရှန့် အချိန်ကိုကြည့်၍ လက်သည်းပြင်သူကိုပြောလိုက်သည်။
"မြန်မြန်လေးလုပ်ပေးပါ..."
ကြားရက်ဖြစ်သော်လည်း အလွန်နောက်ကျမှရောက်သွားလျှင် တန်းစီနေရမည်ကို ကျန်းယန်ရှန့် စိတ်ပူနေမိသည်။
ယွဲ့စုန့်နှင့် အခန်းဖော်များက စားသောက်ဆိုင်၌ ထိုင်လိုက်ချိန်တွင် ကျန်းယန်ရှန့်နှင့် ကျန်းဟယ်လင်းတို့သည် ပိုက်ဆံရှင်း၍ လက်သည်းအလှပြင်ဆိုင်မှထွက်လာကာ စားသောက်ဆိုင်ရှိသည့် အပေါ်နှစ်ထပ်သို့ တက်ရန်ပြင်နေကြသည်။
အပေါ်ထပ်တွင် ကလေးများအတွက် လေ့ကျင့်ရေးသင်တန်းအများအပြားရှိသည်။ တိုက်ကွမ်ဒိုမှအစ စိတ်တွက်သင်္ချာအထိ၊ လက်ရေးလှရေးနည်းမှ ဂူကျန်းတူရိယာသင်တန်းအထိ သင်တန်းအစုံရှိသည့်အပြင် အရုပ်ဆက်ကစားကွင်း၊ မွေးကင်းစကလေးရေကူးကန်နှင့် ကလေးကစားကွင်းများလည်းရှိသည်။ ကလေးရထားလေးတစ်စင်းက လူသွားလမ်းတစ်လျှောက် လှည့်ပတ်သွားနေသည်။ ဝင်ခွင့်လက်မှတ်က ကလေးနှင့် လူကြီး အတူတူပင် ယွမ် ၄၀ ဖြစ်သည်။
ကျန်းဟယ်လင်းလည်း မနေနိုင်ပဲ ရထားလေးရှ်ိသည့်နေရာသို့ လျှောက်သွားလိုက်သည်။
"မမ...ဒါက..."
"အဲ့ဒါက ကလေးတွေအတွက်လေ...နင်က ကလေးမှမဟုတ်တော့တာ..."
ကျန်းယန်ရှန့်က ကျန်းဟယ်လင်းကို တားကာ ပြန်ဆွဲခေါ်လိုက်သည်။
"လာ...သွားစားကြမယ်...ငါတို့နောက်ကျသွားရင် တန်းအရှည်ကြီးစောင့်နေရလိမ့်မယ်..."
"မမ...ဟိုနားမှာ ငှက်သိုက်မုန့်ဆိုင်ရှိတယ်..."
ကျန်းဟယ်လင်းက ပိုကောင်းသည့်အရာကိုရှာတွေ့သွားသည်။
"စားသောက်ဆိုင်ကို နင်ကိုယ်တိုင်ပဲ ရွေးထားတာလေ...ဘာဖြစ်လို့ ငှက်သိုက်မုန့်က စားချင်ရပြန်တာလဲ..."
ကျန်းဟယ်လင်း နောင်တရသွားသည်။
တကယ်တော့ တစ်ယောက်တည်းသာစားရမည်ဆိုလျှင် ကျန်းဟယ်လင်းသည် ဟမ်ဘာဂါ၊ အာလူးကြော်နှင့် ပီဇာများစားရသည်ကို နာမည်ကြီးစားသောက်ဆိုင်ထက် ပိုကြိုက်သည်။ သို့သော် သူမ ဒေါင်းလုတ်ဆွဲထားသော အညွှန်းစာအုပ်ထဲတွင် လူတိုင်းက ထို နာမည်ကြီးစားသောက်ဆိုင်ကိုသာ အသားပေးရည်ညွှန်း၍ အကောင်းပြောနေကြသည်။
ထို့အပြင် ထိုစားသောက်ဆိုင်သည် "အင်တာနက် နာမည်ကြီး" ဟူသည့် ဂုဏ်ပုဒ်လည်း ရှိသည်မဟုတ်လား။
ကျန်းယန်ရှန့်အတွက်တော့ "အင်တာနက် နာမည်ကြီး" ဆိုသည်မှာ ဘာအဓိပ္ပာယ်မှမရှိချေ။ သို့သော် ကျန်းဟယ်လင်းကဲ့သို့ အင်တာနက်ပေါ်၌သာ လူကြီးများနှင့်ပြောဆိုဆက်ဆံရသည်ကိုကြိုက်သော ကလေးလေးအတွက်တော့ "အင်တာနက် နာမည်ကြီး" ဟူသောနေရာသို့ သွား၍ လိုင်းပေါ်သို့တင်ရခြင်းသည် သူ့ကိုယ်သူ လူကြီးဖြစ်ပြီ ဟု အထင်ရောက်စေသည်။ လူဝင်ဆန့်သည်ဟု ထင်မြင်စေသည်။
သို့သော် ငှက်သိုက်မုန့်ဆိုင်ကိုမြင်သောအခါတွင်တော့ ထိုနာမည်ကြီးဆိုင်သို့သွား၍ လိုင်းပေါ်တင်မည့်အစီအစဉ်ကိုလည်း ကျန်းဟယ်လင်း သတိမရနိုင်တော့ပေ။
"မမ...အဲ့ဒါက သကြားနည်းနည်းလေးပဲပါတာလေ..."
ကျန်းဟယ်လင်းက ကျန်းယန်ရှန့်နှင့် အပေးအယူလုပ်နေသည်။
"မုန့်ကသာ အကြီးကြီးဖြစ်နေတာ...ထမင်းစားဖို့ကို ဘာအနှောင့်အယှက်မှမဖြစ်ဘူး..."
ကျန်းဟယ်လင်း နောက်ဆုံးတော့ သူမ လိုချင်သည်ကိုရသွားသည်။ သူ့အစ်မသည် သေချာပြောပြလျှင် နားလည်ပေးသော လူမျိုးဖြစ်ကြောင်း ကျန်းဟယ်လင်းသိပြီးသားဖြစ်သည်။
ကျန်းဟယ်လင်းသည် ပန်းရောင်၊ အဝါရောင်နှင့် အပြာရောင်တို့ဖြင့် လှပစွာပြုလုပ်ထားသော ငှက်သိုက်မုန့်ကိုကိုင်ကာ စက်လှေကားဖြင့် စားသောက်ဆိုင်ရှိသော အပေါ်ထပ်သို့ ပျော်ရွှင်စွာ တက်သွားလိုက်သည်။
အပေါ်ထပ်သို့ရောက်သောအခါ လှည့်ပတ်ကြည့်၍ သူမ သွားချင်သော နာမည်ကြီးစားသောက်ဆိုင်၏ ဆိုင်းဘုတ်ကို တွေ့လိုက်သည်။
"မမ...ဟိုမှာ..."
ကျန်းဟယ်လင်းက ငှက်သိုက်မုန့်ကိုကိုင်၍ စားသောက်ဆိုင်ဆီသို့ ခုန်ပေါက်၍ သွားနေသည်။ ကျန်းယန်ရှန့်သည် ကျန်းဟယ်လင်းကို ရင့်ကျက်လာပြီ ဟုထင်မိသော်လည်း ပျော်ရွှင်နေသောအချိန်မျိုးတွင် ကျန်းဟယ်လင်းသည် ကလေးလေးသာဖြစ်နေသေးသည်။
ကျန်းယန်ရှန့် အနောက်မှ တိတ်ဆိတ်စွာပင် လိုက်လာသည်။
လူသွားလမ်းသည် ကျယ်ဝန်း၍ တစ်ဖက်၌ အဆောက်အအုံ၏နေရာလွတ်ရှိကာ တစ်ဖက်တွင်တော့ စီတန်းနေသော စားသောက်ဆိုင်များ၏ ကြမ်းပြင်မှ မျက်နှာကျက်အထိ ရှည်သော မှန်ပြတင်းပေါက်များရှိသည်။ ထိုမှန်ပြတင်းပေါက်များမှတစ်ဆင့် ဆိုင်များထဲတွင် စားသောက်နေသူများ၊ ကွဲပြားသည့်အပြင်အဆင်စတိုင်အမျိုးမျိုး စသည်တို့ကို မြင်နေရသည်။
သူတို့သွားချင်သည့် စားသောက်ဆိုင်သို့ရောက်သောအခါ ထင်ထားသည်ထက်ပင် လူများနေသည်ကို တွေ့ရသည်။ အရှေ့၌ စားသောက်ဆိုင်သို့ရောက်ပြီကို မြင်လိုက်သောအခါ ကျန်းယန်ရှန့်သည် ကျန်းဟယ်လင်းအား
"ဖြည်းဖြည်းသွား...လူတွေကိုဝင်တိုက်မနေနဲ့..."
ဟု အော်ပြောမည်အလုပ်တွင် သူတို့ရှေ့၌ လူများသည် ရုတ်ရုတ်သဲသဲဖြစ်လာသည်။
"ဖယ်စမ်း...ငါ့ရှေ့ကဖယ်ကြစမ်း..."
လူတစ်ယောက်သည် သူ့ရှေ့မှလူများကို တွန်းဖယ်ကာ စက်လှေကားဆီသို့ ပြေးသွားသည်။ သူ့လက်ထဲတွင် ဓားတစ်ချောင်းလည်း ကိုင်ထားလေသည်။
လူ လေးယောက် ငါးယောက်လောက်က သူ့နောက်သို့ ပြေးလိုက်လာကြသည်။
"ရပ်စမ်း..."
ဓားမှ အရောင်များအလင်းပြန်မှုနှင့်အတူ ခြေမြန်သောလူများသည် ဘေးတစ်ဖက်တစ်ချက်ဆီသို့ရှောင်လိုက်ကြသည်။ ချက်ချင်းပင် ငှက်သိုက်မုန့်ကိုကိုင်၍ ပြေးသွားနေသော ကျန်းဟယ်လင်းသည် ဓားကိုင်ထားသောလူနှင့် မျက်နှာချင်းဆိုင်ဖြစ်သွားကာ ထိုသူသွားမည့်လမ်းကြောင်းကို ပိတ်ထားသကဲ့သို့ ဖြစ်သွားသည်။
ဤကဲ့သို့အချိန်တွင် ကလေးသည် ကလေးသာဖြစ်နေပေမည်။ ကျန်းဟယ်လင်းသည် ရုတ်တရက်ကြောင်အကာ ငှက်သိုက်မုန့်ကိုကိုင်ထား၍ ထိုနေရာမှ ရွှေ့မရဖြစ်နေတော့သည်။ ဓားကိုကိုင်၍ သူမနှင့် နီးကပ်လာသော ကြောက်စရာလူကိုကြည့်နေရင်း ကျန်းဟယ်လင်း၏ ခြေလက်များသည် တောင့်တင်းသွားကာ နှလုံးသည်လည်း ခုန်ထွက်တော့မလိုဖြစ်နေသည်။ ထိုလူသည် ကျန်းဟယ်လင်းဆီသို့ လက်ဆန့်တန်းလိုက်ချိန်တွင် ထိုလူ၏မျက်လုံးထဲမှ ကြောက်စရာအကြည့်ကိုတွေ့လိုက်ရသည်။ ထိုလူသည် ကျန်းဟယ်လင်းကို တွန်းဖယ်ပစ်ရန်မဟုတ်ပဲ သူ့လက်သည် ကျန်းဟယ်လင်းကို ဆွဲကိုင်မည့်ပုံ ပေါ်နေသည်။
သူ့အတွက် ပြေးပေါက်မရှိတော့သည်ကိုတွေ့၍ ထိုလူသည် ပိန်ပါးသေးသွယ်သော ကလေးမလေးကို ဓားစာခံအဖြစ်ခေါ်ရန်ကြံစည်နေခြင်းဖြစ်သည်။
သို့သော် ကျန်းဟယ်လင်းသည် ရုတ်တရက် ခါးမှတင်းကျပ်သွားကာ ခြေထောက်မှကြွ၍ တစ်ကိုယ်လုံးလေပေါ်မြောက်သွားသည်ကို ခံစားလိုက်ရသည်။
ကျန်းဟယ်လင်းတစ်ယောက် အာမေဍိတ်သံများ ကြားလိုက်ရသည်။ သို့သော် သူမကို ပွေ့ချီလိုက်သောလက်၏အရှိန်ဖြင့် ပွေ့ချီလိုက်သောလူဘက်သို့ ကြမ်းပြင်ကို မျက်နှာမူ၍ လဲသွားသည်။
အသံများတိတ်သွားသောအခါ ကျန်းဟယ်လင်းသည် ခေါင်းလှည့်၍ကြည့်လိုက်သောအခါ သူမ ထင်ထားသည့်အတိုင်းပင် သူမကို အချိန်မှီကယ်တင်ခဲ့သူသည် သူ့အစ်မဖြစ်နေပေသည်။
သူ့အစ်မသည် စကြာဝဠာတွင် အသန်မာဆုံးဖြစ်သည်ဟု တွေးကာ ကျန်းဟယ်လင်းကျေနပ်သွားသည်။
ကျန်းယန်ရှန့်သည် ရှေ့သို့တိုး၍ ကျန်းဟယ်လင်းကို ဆွဲထူလိုက်သည်။ ထို့နောက် ကျန်းယန်ရှန့်သည် ဒူးခေါင်းကိုမြှောက်ကာ ခြေထောက်များကား၍ ဓားနှင့်လူကို ကန်ချလိုက်သည်။ ဘေးမှလူများ မအော်နိုင်ခင်မှာပဲ ဓားနှင့်လူသည် လွင့်သွား၍ ကြမ်းပြင်ပေါ်သို့ လေးပင်စွာကျသွားသည်။ လက်ထဲမှဓားလည်း ပြုတ်ကျသွားကာ သူ့နောက်သို့လိုက်လာသောလူက အမြန်ပင် အဝေးသို့ ကန်ပစ်လိုက်သည်။ ထို့နောက် ထိုသူနောက်ကိုလိုက်နေသောလူများအကုန် အနားရောက်လာကာ ဝိုင်းချုပ်ထားလိုက်ကြသည်။
ထိုအဖြစ်အပျက်များအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားခြင်းဖြစ်သည်။
ကျန်းယန်ရှန့် ခြေထောက်ကိုပြန်ချ၍ ကျန်းဟယ်လင်းအား အဆင်ပြေရဲ့လား ဟုမေးရန် ပြင်လိုက်သည်။ သူမသည် တစ်ဖက်သို့လှည့်လိုက်သောအခါ မှန်ပြတင်းပေါက်မှတစ်ဆင့် သူမကို ကြည့်နေကြသော စားသောက်ဆိုင်ထဲမှ လူငယ်တစ်စုကို မြင်လိုက်ရသည်။
ထိုလူငယ်အုပ်စုထဲမှ တစ်ယောက်သည် မျက်ခုံးနက်နက်၊ ဖြောင့်စင်းသောနှာတံ၊ ထင်ရှားသောမေးရိုးနှင့် ကျန်းယန်ရှန့်မမေ့နိုင်သော မျက်နှာ ရှိနေသည်။
ကျန်းယန်ရှန့်ပြန်လည်မွေးဖွားလာခဲ့သည်မှာ ၂နှစ်တိတိ ရှိခဲ့ပြီဖြစ်သော်လည်း ထိုလူငယ်၏မျက်နှာကိုမြင်လိုက်သည်နှင့် နှလုံးသားအတွင်းပိုင်း၌ သိမ်းဆည်းထားသော အရင်ဘဝ၏မှတ်ဉာဏ်များကို ပြန်လည်သတိရလာသည်။
အားအင်များအကုန်ဆုံးရှုံး၍ စကားလည်းမပြောနိုင်ဖြစ်ကာ နှလုံးသားသည် ကြောက်စိတ်နှင့် နောင်တများနှင့် ပြည့်နှက်နေချိန်၊
သူမသေဆုံးတော့မည်ဟု သိလိုက်ရသောနောက်ဆုံးအချိန်တွင် ထိုချောမောသောလူငယ်သည် ကျန်းယန်ရှန့်၏ လက်ကို တစ်ချိန်ဆုံးကိုင်ထား၍ သူမကို မကြောက်ရန် နူးညံ့သောအသံဖြင့် တစ်ချိန်လုံး နှစ်သိမ့်ပေးနေခဲ့သည်။
သူ၏ခြောက်သွေ့၍ပူနွေးသော လက်ဖဝါးများကို ကျန်းယန်ရှန့် ယခုထိ ထင်ရှားစွာ မှတ်မိနေသေးသည်။
သူတို့နှစ်ယောက်သည် တစ်မိုးအောက်၌ နေနေကြသောကြောင့် ဘဝ၏တစ်ချိန်ချိန်တွင် တွေ့မည်ကို ကျန်းယန်ရှန့် သိထားပြီးဖြစ်သည်။ ထိုနေ့၌ ထိုနေရာတွင်စိတ်ရှည်ရှည်နှင့်သာ စောင့်နေခဲ့ပါက သူနှင့်တွေ့ရမည် ဟု ကျန်းယန်ရှန့် တွေးထားခဲ့သည်။
Xxxxxxx
Part 238
ကျန်းယန်ရှန့်သည် ပြန်လည်မွေးဖွားလာစဉ်က ၁၅ နှစ်ပင်ရှိသေးသည်။ သူမ နေထိုင်ပြီး၍ မည်သို့နေထိုင်ရမည်ဟု သိပြီးသားဖြစ်နေသော ဘဝကို စိတ်ရှည်ရှည်နှင့် ပြန်လည်ဖြတ်သန်းနေထိုင်ခဲ့သည်။ ဤနေရာ၌ ရုတ်တရက်မဆုံတွေ့ရခင်အချိန်အထိ ထိုလူငယ်အား ရှာမတွေ့ခြင်းကို ကျန်းယန်ရှန့် စိတ်မပူခဲ့ချေ။
သို့သော် ကျန်းယန်ရှန့်သည် ထိုလူငယ်နှင့် ဤမျှမြန်မြန်တွေ့နိုင်မည်ဟု မမျှော်လင့်ထားခဲ့ပါ။
ဤသည်မှာ ဘုရားသခင်၏ အလိုဆန္ဒပင်ဖြစ်ပေလိမ့်မည်။
ယွဲ့စုန့်တို့အဖွဲ့သည် ကြမ်းပြင်မှမျက်နှာကျက်အထိ ရှည်သော မှန်ပြတင်းပေါက်နားရှိ ထိုင်ခုံကို ယူလိုက်ကြသည်။ သူတို့သည် ထိုင်၍ အစားအသောက်များမှာကာ စကားပြော၊ ရယ်မောနေကြသည်။
စားပွဲထိုးက ပထမဆုံးဟင်းပွဲကို စားပွဲပေါ်သို့လာတင်သောအခါ ဆိုင်အပြင်၌ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ စားပွဲထိုးများအပါအဝင် လူတိုင်းသည် ခေါင်းများလှည့်၍ အပြင်ဘက်ရှိ လူသွားလမ်းသို့ ကြည့်လိုက်ကြသည်။
ရောင်စုံငှက်သိုက်မုန့်ကိုကိုင်ထားသော ချစ်စဖွယ်ကလေးမလေးတစ်ယောက်သည် သူတို့စားပွဲနှင့် မျက်နှာချင်းဆိုင် အပြင်ဘက်၌ ကျောက်ချရပ်ထားသကဲ့သို့ တောင့်တောင့်လေး ရပ်နေသည်။
ဓားကိုင်ထားသောလူတစ်ယောက်က ထိုကလေးမလေးဆီသို့ လက်လှမ်းနေသည်။
လူတိုင်း၏အမြင်အာရုံများနှေးသွားပုံပေါက်သော ထိုအရေးကြီးသည့်အချိန်တွင် ကလေးမလေးနှင့် အင်္ကျီဆင်တူဝတ်ထားသော မိန်းမငယ်လေးတစ်ယောက်သည် အရှိန်ဖြင့်ပြေးလာကာ ကလေးမလေးကို ခါးမှချီ၍ ဒူးခေါင်းကိုမြှောက်ကာ ခြေထောက်ကိုဆန့်၍ လူဆိုးကိုလွင့်သွားအောင် ခြေထောက်တစ်ချောင်းတည်းဖြင့် ကန်လိုက်သည်။
သူမ၏ခန္ဓာကိုယ်သည်ပျော့ပျောင်း၍ သန်မာကာ ခြေထောက်များကလည်း ချောမွေ့စွာ ဆန့်တန်းနိုင်၍ ခန္ဓာကိုယ်သည် ခြေထောက်၏အားနှင့်ဆန့်ကျင်ဘက်သို့ ယိုင်သွားသည်။
ကန်ရန် သူမ အသုံးပြုလိုက်သော ခြေထောက်သည် အပေါ်သို့ ထောင့်မှန်ကျကျ ထောင်သွား၍ ခန္ဓာကိုယ်နှင့် အချိုးညီညီ ဟန်ချက်ထိန်းလိုက်နိုင်ရုံသာမက သွယ်လျဖြောင့်တန်းခိုင်မာ၍ လှပကာ လူများ၏အကြည့်များက သူမဆီမှ မလွှဲနိုင်ဖြစ်သွားကြသည်။
သူမ၏ကန်ချက်ကြောင့် အံ့ဩသွားကြသော ကောင်လေးများသည် သူမ ခြေထောက်ကိုပြန်ချလိုက်၍ သူတို့ဘက်သို့ မျက်နှာလှည့်လိုက်သောအခါ ပို၍ပင် အံ့ဩသွားကြပြန်သည်။
သူမ၏မျက်နှာလေးသည် အလွန်လှပ၍ ထင်ရှားနေသည်။ အဘယ်ကြောင့်ဆိုသော် မိန်းကလေးတစ်ယောက်အတွက် မျက်လုံးများတွင် ပြင်းထန်သော သူရဲကောင်းဆန်သည့် အရောင်အဝါများရှိနေသည်မှာ အလွန်ရှားပါးသောကြောင့်ဖြစ်သည်။ လူဆိုးကို ကန်လိုက်သောအချိန်ကိုပြန်စဉ်းစားလိုက်သောအခါ ထို သူရဲကောင်းရောင်ဝါ၏ မူလဇစ်မြစ်ကို သိသွားကြသည်။
ယွဲ့စုန့်ကတော့ ထိုမိန်းကလေး မည်သူဖြစ်သည်ကို သိနေပါသည်။
ကျန်းယန်ရှန့်။
သူမကို အပြင်၌ စတွေ့၍ သူမ၏မျက်နှာလေးကို မှတ်မိသွားချိန်မှစ၍ မမေ့ပျောက်နိုင်တော့ပါ။ နောက်ပိုင်းတွင် ယွဲ့စုန့်သည် သူမ၏ ဗီဒီယိုများကို တစ်ခုပြီးတစ်ခုကြည့်၍ သူမနာမည်ကိုသိလာရသည်။ ယခုအချိန်အထိ သူ သူမကို တိတ်တခိုး စောင့်ကြည့်လာသည်မှာ တစ်နှစ်ပင်ကျော်နေပြီဖြစ်သည်။
မနှစ်က အောက်တိုဘာလမှစ၍ သူမသည် ထိုကဲ့သို့ ဗီဒီယိုများကို ဆက်မရိုက်တော့ချေ။ သို့သော် သူမအတန်းဖော်များတင်လေ့ရှိသော ကျောင်းတွင်းဗီဒီယိုများတွင်တော့ တစ်ခါ တစ်ခါ သူမကို မြင်ရလေ့ရှိသည်။
ယွဲ့စုန့်၏စိတ်ထဲတွင် အထက်တန်းကျောင်းသူကျောင်းသားများသည် အသက်မပြည့်သေးသောကလေးများသာဖြစ်၍ သူမကို နေရာမျိုးစုံမှ ဆက်သွယ်၍ရနိုင်သည်ကိုသိသည်။ သို့သော် သူမ နှင့် အချိန်မတိုင်မှီ မဆုံတွေ့မိအောင် စိတ်ကို ထိန်းချုပ်ထားခဲ့သည်။
သို့သော် ယွဲ့စုန့်သည် သူမ အရွယ်ရောက်လာသောအခါ၌ အနှေးနှင့်အမြန် တွေ့ဆုံနိုင်မည်ကို သိနေမိသည်။
သူတို့တွေ့ဆုံရမည့်နေ့က ယခုကဲ့သို့ မြန်ဆန်စွာရောက်လာလိမ့်မည်ဟုတော့ မထင်မှတ်ထားမိခဲ့ချေ။
ဤသည်မှာ ဘုရားသခင်၏ အလိုဆန္ဒသာ ဖြစ်ပေလိမ့်မည်။
ချန်ဝေ့နှင့် အခြားသူငယ်ချင်းများသည် လှပသောမိန်းကလေး၏မျက်နှာကိုမြင်လိုက်ရသည်နှင့် လုပ်နေသည်များကို ရပ်ပစ်လိုက်ကြသည်။
မိန်းကလေး၏အကြည့်သည် မှန်ပြတင်းပေါက်ကိုထိုးဖောက်၍ ယွဲ့စုန့်ကို တည့်တည့်ကြည့်နေသည်။
ယွဲ့စုန့်ကလည်း မိန်းကလေးကို တည့်တည့်ပြန်ကြည့်နေသည်။
မှန်မျက်နှာပြင်သည် ပျောက်ကွယ်သွား၍ ဘေးပတ်ဝန်းကျင်မှလူများလည်း အငွေ့ပျံသွားသည့်နှယ် လူငယ်နှင့် မိန်းမငယ်တို့၏ အကြည့်များသည် ကံကြမ္မာက ဆုံတွေ့ပေးလိုက်သကဲ့သို့ မှန်ကိုဖောက်ထွင်း၍ တစ်ဦးနှင့်တစ်ဦး အကြည့်မလွှဲပဲ စူးစိုက်ကြည့်နေကြသည်။
ယခုရက်များတွင် အဆောင်မှ စီနီယာအစ်မများသည် အလုပ်များရှာ၍ အိမ်များငှားကာ အဆောင်မှ တဖြည်းဖြည်း ထွက်ခွာကုန်ကြပြီဖြစ်သည်။ ထွက်ခွာရာတွင် အစ်မများသည် သူတို့၏ငယ်ဘဝ၌ နောင်တများမရခဲ့ချင်သဖြင့် မထွက်ခွာခင် သူတို့၏ခံစားချက်များကို ဖွင့်ဟခဲ့ကြသည်။
ယွဲ့စုန့်သည် ဤရက်ပိုင်းတွင် စီနီယာအစ်မ ၃ယောက်၏ ဖွင့်ပြောခြင်းကို ငြင်းဆိုခဲ့သည်။ ထိုအရာများကိုကြည့်၍ ချန်ဝေ့နှင့် အခြားအခန်းဖော်များသည် လောက၌ လူနှစ်မျိုးနှစ်စားသာရှိသည်ကို မှတ်သားခဲ့ကြရသည်။
ရုပ်ချောသောလူများ နှင့် အခြားလူများ ဖြစ်သည်။
လူဆိုးကိုလိုက်ဖမ်းကြသောလူများထဲမှ အချို့က ဓားကိုကန်ကာ အချို့က လူဆိုးကို ဖမ်းချုပ်၍ လက်များကို ကျောသို့ပို့ကာ လက်ထိပ်ခတ်လိုက်ကြသည်။
လိုက်ဖမ်းသည့်လူများထဲမှ အချို့က သူတို့၏ အိုင်ဒီကတ်များကို လူအုပ်ဆီသို့ပြ၍ မထိတ်လန့်ကြရန် ပြောနေသည်။ ရဲများသည် လူအချို့ထံမှသတင်းရ၍ လူဆိုးကိုဖမ်းရန် ရဲအချို့ကို အရပ်ဝတ်ဖြင့် လူကြားထဲ လွှတ်ထားခြင်းဖြစ်သည်။
ကျန်းဟယ်လင်းက သူမ၏ခြေထောက်များကို ကန်နေသောကြောင့် ကျန်းယန်ရှန့် နေရခက်နေသည်။
ကျန်းဟယ်လင်းသည် သူ့အစ်မ၏ လက်မောင်းကို ခိုတွယ်နေကာ မျက်နှာက အောက်စိုက်၍ U ဇောက်ထိုးပုံစံ ကုန်းကုန်းလေးဖြစ်နေသည်။ ခြေထောက်များက ကြမ်းပေါ်မှလွတ်၍ ဗိုက်ကိုလည်း ကျန်းယန်ရှန့်၏လက်ဖြင့် ညှစ်ထားခြင်းခံနေရသောကြောင့် အသက်ပင် ကောင်းကောင်းမရှူနိုင်ဖြစ်နေသည်။
ထို့ကြောင့် ကျန်းဟယ်လင်းသည် ခြေထောက်များကို ကန်လိုက်သည်။
"မမ..."
ကျန်းဟယ်လင်းသည် အောက်သို့ဆင်းချင်နေသည်။
သို့သော် ကျန်းယန်ရှန့်သည် ကျန်းဟယ်လင်းအား အောက်သို့မချပဲ ဇောက်ထိုးဖြစ်နေသော ကျန်းဟယ်လင်းကို တည့်အောင်ပြန်လုပ်၍ လက်ဖြင့် ဖက်ထားလိုက်သည်။
ကျန်းဟယ်လင်းသည် လန့်သွား၍ ရေဘဝဲကဲ့သို့ ခြေလက်များကို အကုန် ကားယားပုံစံလုပ်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်နှင့် ကျန်းယန်ရှန့်၏လည်ပင်းကို သိုင်းဖက်ကာ ခြေထောက်များကို ကျန်းယန်ရှန့်ခါး၌ ချိတ်၍ ကိုအာလာကဲ့သို့ ဖက်ထားလိုက်သည်။
ကျန်းဟယ်လင်းသည် ယခုထိ လက်ထဲ၌ ငှက်သိုက်မုန့်ကို ကိုင်ထားဆဲဖြစ်သည်။ ဤမျှ ရုန်းယင်းဆန်ခတ်ဖြစ်ပြီးသည့်တိုင်အောင် ငှက်သိုက်မုန့်သည် ပြုတ်မကျသွားသေးချေ။
ကျန်းယန်ရှန့်သည် လက်တစ်ဖက်ဖြင့် ဈေးဝယ်အိတ်အများအပြားကိုသယ်၍ နောက်တစ်ဖက်ဖြင့် ကျန်းဟယ်လင်းကို ပေါ့ပေါ့ပါးပါးပင်ချီကာ စားသောက်ဆိုင်ထဲသို့ ဝင်လာသည်။
ကျန်းဟယ်လင်းက အလျင်အမြန်သတိပေးလိုက်သည်။
"မှားနေပြီ...မမသွားနေတာ လမ်းအမှားကြီး...ဒီဆိုင်ကိုသွားရမှာမဟုတ်ဘူးလေ..."
ကျန်းယန်ရှန့်သည် ယခင်ရွေးထားသောဆိုင်သို့မသွားပဲ ဘေးမှ အခြား နာမည်ကြီးသည့်ဆိုင်ထဲသို့ ဝင်သွားသောကြောင့်ဖြစ်သည်။
သို့သော် ကျန်းယန်ရှန့်က မကြားချင်ယောင်ဆောင်နေသည်။ သူမသည် ကျန်းဟယ်လင်းကိုချီ၍ စားသောက်ဆိုင်အမှားထဲသို့ တည့်တည့်မတ်မတ်ပင် ဝင်သွားလိုက်သည်။ ကြိုဆိုသည့် ဝန်ထမ်းမှ "ဘယ်နှယောက်ပါလဲ..." ဟု မေးနေသည်ကို လျစ်လျူရှုကာ ကျန်းယန်ရှန့်သည် လူငယ် လေးယောက်ထိုင်နေသည့် ပြတင်းပေါက်နားမှ စားပွဲဆီသို့ လျှောက်သွား၍ ရပ်ကာ ယွဲ့စုန့်ကို ကြည့်လိုက်သည်။
ယွဲ့စုန့်ကလည်း ပြန်ကြည့်နေသည်။ ကြားမှကာထားသည့် မှန်သားပြင်မရှိတော့သောကြောင့် သူတို့နှစ်ယောက်သည် အချင်းချင်းပို၍ ရှင်းလင်းထင်ရှားစွာ မြင်နေရသည်။
ကျန်းယန်ရှန့်၏လက်ထဲမှ ကျန်းဟယ်လင်းသည် ကြွက်လေးကဲ့သို့ ဟိုကြည့် ဒီကြည့်ဖြင့် အခြေအနေက တစ်မျိုးဖြစ်လာသည်ကို ခံစားနေရသည်။ စက္ကန့်အနည်းငယ်ကြာသောအခါ ချိုသာသောအသံဖြင့် မေးလိုက်သည်ကို ကျန်းဟယ်လင်းကြားလိုက်ရသည်။
"မင်း အဆင်ပြေရဲ့လား..."
ကျန်းယန်ရှန့်က ပြန်ဖြေလိုက်သည်။
"ပြေပါတယ်...ရှင်တို့ ကြောက်အောင်လုပ်မိသွားလား..."
ယွဲ့စုန့်၏ မျက်လုံးများက တောက်ပနေ၍ ပြုံးလိုက်သည်။
"နည်းနည်းပေါ့..."
ယွဲ့စုန့်သည် ကလေးမလေး အနာတရဖြစ်သွားမည်ကိုသာ ကြောက်နေခဲ့ခြင်းဖြစ်သည်။
ကျန်းယန်ရှန့်ကပြောလိုက်သည်။
"ကျွန်မတောင်းပန်ပါတယ်...ဒီလိုလုပ်ရအောင်လေ...ရှင်တို့ရဲ့ တစ်ဝိုင်းစာကို ကျွန်မပဲ ကျွေးလိုက်ပါ့မယ်..."
ချန်ဝေ့နှင့် ကျန်နှစ်ယောက်သည် လောကကြီးတစ်ခုလုံး ရူးသွပ်ကုန်ပြီလားဟု တွေးနေမိသည်။
ပို၍ အံ့ဩစရာကောင်းသည်က သူတို့၏ အခန်းဖော်သည် အနည်းငယ်မျှပင် မငြင်းဆန်ပဲ ပြုံးကာပြောလိုက်သည်ကိုပင်။
"ကောင်းပြီလေ...ကျေးဇူးအများကြီးတင်ပါတယ်...မင်းရဲ့ဖုန်းနံပါတ်ပေးထားခဲ့လေ...နောက်တစ်ခါကျရင် မင်းကို ပြန်ကျွေးတာပေါ့..."
မိန်းကလေးကလည်း မဆိုင်းမတွပင် သဘောတူလိုက်သည်။
"အိုခေလေ..."
"ဟဲလို ကျွန်တော်က ဘယ်သူ ဘယ်ဝါပါ" တို့၊ "မင်းနဲ့ရင်းနှီးခွင့်ရမလား" တို့ စသည့်အဖွင့်စကားများပင်မလိုလိုက်ပါ။ ထိုနှစ်ယောက်သည် အရင်ဘဝတည်းက သိကျွမ်းခဲ့ကြဖူးသည့်နှယ် ဖုန်းနံပါတ်များကို လဲလှယ်လိုက်ကြသည်။
ရုပ်ရည်ချောမောသူများ၏ လောကက ဒီလိုပဲလား ဟု အခြားလူများက တွေးမိနေကြသည်။
သူတို့ မျက်ရည်များကျမတတ်ပင် ဖြစ်သွားကြတော့သည်။
Xxxxxxx