Chapter 9
Viewers 71

🦋Chapter 9

- အနွေးဓါတ်



 " မကောင်းဆိုးဝါးနှင်ဖို့ ထားထားတာလို့ ပြောရင် ယုံမှာလား..."


" မယုံပါဘူး..."


" ဒါဖြင့် ဘာလို့ မေးနေသေးလဲ..." 


ချီရွှင့်က အဖြေကို သိပြီးသားဖြစ်သော်လည်း သဘောကျ၍ ထပ်မေးလိုက်ခြင်းသာ။


သူက နောက်ထပ်မေးခွန်းတစ်ခု မေးလိုက်ပြန်သည် 


" ဒါဆို ဘာလို့ မင်းနဲ့ကိုယ့်ရဲ့ ပုံကိုကျ မရိုက်တာလဲ...ကိုယ်တို့အတူတူ ဓါတ်ပုံမရိုက်ဖူးတာလည်း မဟုတ်ဘူးလေ..."


ပိုင်ရှီးက မျက်တောင်တို့ ဖြေးညင်းစွာ ခတ်လိုက်ရင်း ချီရွှင့်၏ ပြေလျော့နေသော ခါးစည်းကြိုးကို သူ့လက်ချောင်းနှင့် နှစ်ပတ်ပတ်လိုက်သည်။


" ကျွန်တော်တို့နှစ်ယောက်ပုံကို ကုတင်ဘေးမှာ ထားထားတာက စုံတွဲနဲ့ တူတယ်လေ...အဲ့ဒါက ကျွန်တော့်အတွက် တစ်ဖက်သတ်အချစ်ကနေ အများကြီး မျှော်လင့်နေသလို ခံစားမိစေတယ်..." သူက ရှင်းပြလာသည်


 " ခင်ဗျားတစ်ယောက်တည်း ပုံနဲ့တင် ပိုကောင်းနေပါပြီ..." 


ဤမမျှော်လင့်ထားသော အဖြေက ချီရွှင့်ကို အံ့သြသွားစေသည်။


သူ့ဆီ ပိုင်ရှီးက ဘွဲ့ယူအခမ်းအနားလာဖို့ကို ရုတ်တရက် ဖိတ်ခဲ့သော်လည်း သူ မတက်ခဲ့ပေ။


တမင်သက်သက် လုပ်ခဲ့ခြင်း မဟုတ်ပဲ ထိုနေ့က အလုပ်များ၍ မသွားနိုင်ခဲ့ခြင်းပင်။ ထို့အစား သူက အတွင်းရေးမှူးကို လက်ဆောင်နှင့်ပန်းများ ပို့ခိုင်းခဲ့သည်။


အကျိုးအကြောင်းသင့်၍ သူ၏တုံ့ပြန်မှုက ဧည့်ဝတ်ကျေပြီး ယဥ်ကျေးရာ ရောက်သည်။


သို့သော်လည်း ယခု ပြန်စဥ်းစားကြည့်မှ သူသာ ထိုနေ့က ပေါ်လာခဲ့လျှင် ပိုင်ရှီးက လန့်သွားလောက်သည်။


သူက ကြောင်လေးကို ချော့နေသလို ပိုင်ရှီး၏ ဂုတ်ပိုးလေးကို အလိုလို ပွတ်သပ်ပေးမိသည်။ 


ပိုင်ရှီးမှာ ချီရွှင့်၏ စိတ်အခြေအနေကို သတိမထားမိပေ။


ဘွဲ့ရသည့် အကြောင်း ပြောနေရင်း သူ၏ တက္ကသိုလ်က ခက်ခဲခဲ့သည့် အချိန်များကို အမှတ်ရသွားခဲ့သည်။ အစက ချီရွှင့် ဘွဲ့ရသွားလျှင် သူ့အပေါ် ပုံကျနေသည့် ကျိန်စာကနေ လွတ်မြောက်သွားနိုင်မည်ဟု ထင်ခဲ့သော်လည်း ယင်းက မျှော်လင့်ချက်အမှားသာ ဖြစ်နေသည်။  


သို့သော်လည်း ပြန်စဥ်းစားကြည့်လျှင် သူက တော်တော်လေး စိတ်ဝင်စားစရာကောင်းသည့် အတွေ့အကြုံအချို့ ရခဲ့ဖူးသည်။


သူက နှုတ်ခမ်းတို့ တွန့်လိုက်ရင်း ချီရွှင့်ကို စကားဆိုလိုက်သည် " တကယ်တော့ ကောလိပ်မှာ ခင်ဗျားကို သဘောကျခဲ့တုန်းက ရူးကြောင်ကြောင်နိုင်တဲ့ အရာတွေ အများကြီး လုပ်ခဲ့ဖူးတယ်..."


သူက ရှက်စရာကုန်သွားပြီဖြစ်၍ သူ့အတိတ်က အကြောင်းများကို ရဲရဲဝံ့ဝံ့ ပြောလေတော့သည်။


ချီရွှင့်က ပိုင်ရှီးကို စပ်စုချင်သလို ကြည့်လာသည် " ဘယ်လိုမျိုးလဲ..."


ဖြစ်နိုင်သည့် ရွေးချယ်စရာများကို ရေကြည့်ပြီး ရှာကြည့်လိုက်သည်။ ပိုင်ရှီးမှာ ထိုသို့စာရင်းလုပ်ဖို့ သုံးရက်နှင့်သုံးည ကြာခဲ့သည်။


" ကျွန်တော်က ခင်ဗျားနဲ့ မေဂျာ မတူဘူးဆိုပေမယ့် ခင်ဗျားရဲ့ ရွေးကောက်တင်မြောက်ခြင်း အတန်းကို တမင်လာတက်ခဲ့တယ်လေ...ကျွန်တော် ဘာတစ်လုံးမှ နားမလည်ဘူး...နောက်ဆုံးတန်းမှာ အစီအစဥ်တွေ ဆွဲနေရင်း တစ်နှစ်လုံး အအားနေခဲ့တာ...ပရော်ဖက်ဆာတောင် ကျွန်တော့်နာမည် သိတယ်..." 


“ ခင်ဗျားကြောင့် တောင်တက်အသင်းထဲ ဝင်ခဲ့တာ....ပထမဆုံးတောင်တက်တဲ့နေ့မှာ ကျွန်တော့်ကိုယ်ကျွန်တော် တောင်ခြေရင်းမှာ မြုပ်လိုက်ဖို့ ဆုတောင်းမိတယ်..."


" စီနီယာနှစ်တုန်းကလည်း ခရီးတွေ သွားခဲ့တယ်...ပြည်တွင်းထုတ် ဖူးစာကြိုးလေးတွေက မင်္ဂလာပွဲအတွက် ကောင်းတယ်လို့ ကြားလို့လေ...တစ်ယောက်ယောက်ကို ပေးမယ်ဆိုရင် ဖူးစာကြိုးနီလေးတွေ ဖြစ်သွားတယ်...ကျွန်တော် ဝယ်ပြီး ခင်ဗျားကို ပေးချင်ခဲ့ပေမယ့် သိသွားမှာလည်း ကြောက်လို့ လူတိုင်းကို လက်ဆောင်ပေးပြီးမှ ခင်ဗျားရဲ့ ဗူးထဲမှာပဲ အဲ့ဒီကြိုးလေးကို ထည့်ပေးခဲ့တာ..."


ထိုအကြောင်း ပြောနေရင်း သူက ခေါင်းလှည့်ပြီး ချီရွှင့်ကို ပြုံးပြလိုက်သည်။


သူက စောစောက ဆိုးဆိုးဝါးဝါး ငိုထား၍ မျက်လုံးများနှင့် နှာခေါင်းများက နီရဲနေသေးသော်လည်း ပြုံးလိုက်သည့်အချိန် အခွင့်အရေးရသွားသည့် မြေခွေးပေါက်လေးလို ထက်ထက်မြက်မြက်ဖြစ်သွားပြီး ချစ်စရာကောင်းသွား၏။


သူက ချီရွှင့်ကို ပြောလိုက်သည် " အခု စဥ်းစားကြည့်မှ အဲ့ဒီအထုံးက တော်တော် ထိရောက်မှု ရှိနေတာပဲ..."    


နှစ်နှစ်ကြာသွားသော်လည်း ကောင်းကင်ဘုံက အောင်သွယ်တော်က သူ့ဆုတောင်းသံကို နားထောင်ပေးခဲ့သည်။


ချီရွှင့်၏ နှလုံးခုန်သံတို့ အနည်းငယ် မြန်သွားရသည်။


သူက ပိုင်ရှီးကို မေးလိုက်ချင်မိသည်။ ဘာကြောင့်များ ရှည်လျားပြီး နာကျင်ရတဲ့ ခံစားချက်မျိုးကို ဆုပ်ကိုင်ထားရတာလဲ။


သူက ခံစားချက်များကို ခေါင်းမာမာ ဆုပ်ကိုင်ထားသည့်သူမျိုး မဟုတ်ပေ။ သူမရလျှင် တစ်ခြားလမ်းကို ရွေးမည့်သူ ဖြစ်သည်။ သူ ယခင်က ရည်းစားထားဖူးပြီး လမ်းခွဲသည်ကိုလည်း ကြုံဖူးသည်။ ထိုအရာများက လူ့ဘဝတွင် သာမန်ဖြစ်နေကျ အတွေ့အကြုံများ ဖြစ်သည်။ ပြီးခဲ့တာက ပြီးခဲ့တာပဲပေါ့။


ထို့ကြောင့် သူက ပိုင်ရှီး၏ ကာလရှည်ကြာ ခံစားချက်များကို နားမလည်ပေ။


သို့သော်လည်း ပိုင်ရှီးနှင့် ကုတင်တစ်ခုတည်း အိပ်ပြီး တစ်ဖက်လူ၏ အသက်ရှူသံကို ခံစားရင်း ထိုမျက်လုံးများကို စိုက်ကြည့်လိုက်ချိန် ထိုမေးခွန်း၏ အဖြေကို နားလည်သွားခဲ့သည်။


ပိုင်ရှီးက အရှုံးမပေးခဲ့ချင်တာ မဟုတ်တာလည်း ဖြစ်နိုင်၏။


သူ့ချစ်သူလေးက တစ်ခါမှ မအောင်မြင်ခဲ့ရုံသာ ဖြစ်မည်။


သူက ပိုင်ရှီး၏ စောင်ခြုံထဲက လက်ကလေးကို ရှာဖွေရင်း ဆုပ်ကိုင်လိုက်ကာ လက်ချောင်းချင်း ထပ်လိုက်သည်။


“အိပ်ကြရအောင်..." သူက ပိုင်ရှီးကို ပြောလိုက်သည်။


***


ချီရွှင့်က နောက်တစ်နေ့မနက်တွင် စောစော နိုးနေခဲ့သည်။ သူ့ကုမ္ပဏီတွင် လုပ်စရာလေးများ ရှိနေသေး၍ ဖြစ်သည်။


ပိုင်ရှီးက ကုတင်ပေါ်တွင် မျက်စိတစ်ဝက်ပွင့်ပြီး အိပ်ချင်မူးတူး လှဲနေရင်း ချီရွှင့် အင်္ကျီဝတ်နေသည်ကို ကြည့်နေမိသည်။ ထိုအမျိုးသားက ခေါင်းငုံ့လျက် အင်္ကျီလက်ကြယ်သီးကို တပ်နေသည်။ သူ့ကိုယ်ဟန်က လက်ရာမြောက် ပန်းပုလက်ရာတစ်ခုလို ခမ်းနားလှသည်။


ပိုင်ရှီးက ထိုအမျိုးသားကို စိုက်ကြည့်နေသည်မျိုးမဟုတ်ဘဲ နိုးခါစ ဖြစ်နေ၍ သူ့စိတ်က သေချာအလုပ်မလုပ်နိုင်သေး၍ ရောက်တတ်ရာရာ ကြည့်နေမိခြင်းဖြစ်၏။


ချီရွှင့်က ပိုင်ရှီး၏ စိတ်နှင့်ကိုယ်မကပ်သည့် ပုံစံလေးက ချစ်စရာကောင်းသည်ဟု ထင်မိသည်။ ပြီးသွားသည်နှင့် သူက ချစ်သူလေး၏ ပါးပြင်လေးပေါ် နမ်းရှိုက်လိုက်သည် 


" ကိုယ်သွားတော့မယ်...အလုပ်ဆင်းရင် တွေ့ကြတာပေါ့..."


သူက အိပ်ခန်းထဲမှ ထွက်သွားရင်း တံခါးကို ညင်ညင်သာသာ ပိတ်ပေးသွားခဲ့သည်။


သို့သော်လည်း သူနမ်းသွားသည့် အနမ်းကြောင့် ပိုင်ရှီးက နိုးသွားပြီးပြီဖြစ်သည်။


သူက လက်ခုံကို မြောက်လိုက်ရင်း သူ့ပါးပြင်ကို ထိတွေ့မိသည်။ ခဏကြာပြီးနောက် သူ့မျက်နှာထက် နားမလည်သလို အပြုံးနုနုလေးက ပေါ်လာခဲ့သည်။


ပိုင်ရှီးက အိပ်ရာပေါ် ပျင်းပျင်းရိရိလှဲနေရင်း ပြန်အိပ်မပျော်နိုင်၍ ဖုန်းကြည့်နေလိုက်သည်။


သူတို့၏ မဂ္ဂဇင်းက လူထုဆီ ထုတ်ပြန်ပြီးပြီဖြစ်၍ နောက်ရက်များတွင်း အားနေမည်ဖြစ်သည်။ သူက ရုံးကို နောက်မှသွားလို့ရသည်။


သူက အရင်ဆုံး ဗီဒီယိုများကို လျှောက်ကြည့်နေရင်း Instagram ကို သွားပြီး အသစ်လေးများကြည့်နေလိုက်သည်။ ပုံမှန်ဆို သူက ပို့စ်တင်တတ်သည့်သူ မဟုတ်ပဲ အမှောင်ထဲကနေ ပုန်းနေတတ်သူဖြစ်သည်။ သူက လိုက်ခ်နှိပ်သည့်အဖွဲ့မှ တစ်ရာရာခိုင်နှုန်း အဖွဲ့ဝင်ဖြစ်သည်။ 


ကြည့်ရင်း ကြည့်ရင်း သူက ချီရွှင့်တင်ထားသည့် ပို့စ်အသစ်ကို မြင်ဖြစ်သွားသည်။


စာမရေးထားပဲ ပုံလေးတစ်ပုံသာ တင်ထားသည်။


ပုံက အပြာရင့်ရောင် ပိုးထည်စောင်ပေါ် တင်ထားသည့် လက်တစ်ဖက်ကို ရိုက်ထားခြင်းဖြစ်သည်။ လက်၏ အရိုးအဆစ်များက ရှည်လျားပြီး လက်ချောင်းများက သွယ်လျသည်။ လက်ကောက်ဝတ်တွင် အနက်ရောင် လက်ကောက်တစ်ခု ဝတ်ထားသည်။ လက်ကောက်ထဲတွင် ရွှေဖရုံသီးလေးတစ်ခု တပ်ထားသည်။ ရိုးရှင်းသည့် စတိုင်လေးတစ်ခု ဖြစ်သော်လည်း အသားအရေကို နူးညံ့ကြည်လင်သွားစေသည်။


ဒါ သူ့လက်ပဲ။


ချီရွှင့် ဘယ်အချိန် ရိုက်ထားတာလဲ မသိဘူး။


ဒါပေါ့။ ပိုင်ရှီးက သူ့လက်ကို မမှတ်မိဘူးဆိုတာက မဖြစ်နိုင်ဘူးလေ။


သူက အောက်ကို လျှောကြည့်လိုက်ရာ ချီရွှင့်က ပို့စ်တင်ခဲမှန်း တွေ့လိုက်ရသည်။ သို့သော်လည်း followerများ၍ အများစုက ချီရွှင့်ကို တိတ်တိတ်လေး သဘောကျနေကြပြီး သူတို့၏ တည်ရှိမှုကို ချီရွှင့်ရှေ့တွင် ပြဖို့ အခွင့်အရေးကို ဖမ်းဆုပ်ထားကြသည်။


ပိုင်ရှီးက ဤကိစ္စကို ကောင်းကောင်း နားလည်သည်။ အမှန်တွင်လည်း သူကိုယ်တိုင်လည်း ထိုသို့ လုပ်ခဲ့ဖူးသည်။


ချီရွှင့်၏ ပတ်ဝန်းကျင်က စီးပွားရေးပါတနာများ သူ့မိဘများနှင့် သူ့ထက်အကြီးများနှင့် လည်ပတ်နေ၍ ဆိုရှယ်မီဒီယာ သုံးခဲသည်။ သူက Instagram တွင် တစ်ခါတစ်လေမှသာ အနည်းအကျဥ်း တင်တတ်သည်။


ယခင်က ချီရွှင့် တင်ထားသည်များက သူ့ပုံစံအတိုင်းပင်။ ထိန်းထိန်းသိမ်းသိမ်းနေတတ်သည့် အငွေ့အသက်တို့ရသည်။ သို့သော်လည်း ယနေ့ တင်ထားသည့် ပုံက မပြတ်မသားဆန်ပြီး မျက်စိမမြင်သည့်သူများသာ မမြင်ပဲနေကြပေလိမ့်မည်။ 


ယခုပုံက သိသိသာသာကို ချီရွှင့်လက် မဟုတ်ပေ။


နောက်ခံက အိပ်ရာပေါ်မှာ ဖြစ်သည်။


တစ်ခြားသူတစ်ယောက်နှင့် တစ်ညတာ ကုန်ဆုံးခဲ့မှန်း ရှင်းပြစရာကို မလိုပေ။


'အိပ်ရာပေါ်က သူငယ်ချင်း' ဟုလည်း ရှင်းပြလို့ မရနိုင်ပေ။ ချီရွှင့်အကျင့်တိုင်းဆို သူ၏ အိပ်ရာပေါ်က သူငယ်ချင်းကို ယခုလို ထုတ်ပြမည် မဟုတ်ပေ။


ဤဓာတ်ပုံ၏ အဓိပ္ပါယ်က သိသိသာသာကို တိကျသည့် ကြေညာချက်တစ်ခု ရှိနေ၏။


ချီရွှင့်၏ ပို့စ်အောက်တွင် ချီရွှင့် ပါတနာရသွားမှန်း မယုံကြည်နိုင်ကြသလိုမျိုး ရုတ်တရက် သရဲလို ငိုသံများနှင့် ဝံပုလွေလို အူသံများ ပေါ်လာသည်။ 


ချီရွှင့်က ထိုအရှုပ်ထုပ် မေးခွန်းများကို ဖြေမနေပေ။


သူက ထိပ်ဆုံးကောမန့်က သူ့သူငယ်ချင်းကောင်းကြီး ကျုံးယွီချင်းနှင့် စကားပြောနေခဲ့သည်။


ကျုံးယွီချင်း [ သောက်ကျိုးနည်း...ချီရွှင့်ရ....သစ်ပင်အိုကြီးက နောက်ဆုံးတော့ အပွင့်ပွင့်ပြီပေါ့...ငါ့ကို ပြောပြစမ်းပါဦး...]


ချီရွှင့် [လက်တွဲဖော် ရှာတွေ့သွားတာလေ....သစ်ပင်အိုကြီး အပွင့်ပွင့်တာကို အခုမှ မြင်ဖူးတာလား...]


စာကြောင်းလေး နှစ်ကြောင်းတည်း ဖြစ်သော်လည်း ရေထဲ ဗုံးပစ်ချလိုက်သလို လှိုင်းထန်သွားခဲ့သည်။ ကျုံးယွီချင်းပင် မေးခွန်းပေါင်းများစွာ ခေါင်းထဲ ပေါ်လာခဲ့သည်။


ချီရွှင့်က သူ့သူငယ်ချင်း၏ မေးခွန်းများကို ပြန်မဖြေတော့ပေ။ သူက အလုပ်များနေ၍ ဖြစ်နိုင်သည်။


သို့သော်လည်း သူ၏ ရိုးရိုးရှင်းရှင်း ပြန်စာလေးက သူနှင့်အတူရှိခွင့်ရဖို့ မျှော်လင့်နေကြသည့် မက်မွန်ပန်းပွင့်များကို ဖြတ်ရိုက်ချလိုက်ပြီး အသည်းကွဲကျန်နေရစ်စေသည်။


ပိုင်ရှီးက ထိုပို့စ်ကို တိတ်တိတ်လေး လိုက်ခ်နှိပ်လိုက်ပြီးနောက် စောင်ကို ပွေ့ကာ အိပ်ရာပေါ် ဆယ်မိနစ်ခန့် ရယ်နေမိ၏။


ချီရွှင့်က ကောင်းမှန်း သူအမြဲတမ်း သိခဲ့သည်။


ချီရွှင့်က သူတို့ဆက်ဆံရေးကို စိတ်မပါသလို ဆက်ဆံမည်မဟုတ်ဘဲ ပွင့်ပွင့်လင်းလင်းရှိပေးမှန်း သူသိသည်။ 


သို့သော်လည်း ချီရွှင့်က သူမျှော်မှန်းထားသည်ထက် ပိုကောင်းနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။


ပိုင်ရှီးက အိပ်ရာပေါ် ခဏကြာသည်ထိ နေခဲ့သည်။ ကိုးနာရီ ရောက်နေပြီမှန်း တွေ့လိုက်၍ သူက အိပ်ရာထလိုက်ပြီး မနက်ခင်း လုပ်စရာရှိသည်များကို လုပ်ရသည်။


သွားတိုက်နေရင်း လက်ကောက်ဝတ်ကို မြောက်ကြည့်မိပြန်သည်။ instagram က ပုံအကြောင်း စဥ်းစားမိသွားချိန် ချီရွှင့်က သူ့ဂုဏ်သိက္ခာကို ထိန်းထားချင်၍ သူ့လက်ဖမိုးကိုသာ ဓါတ်ပုံရိုက်ခဲ့မှန်း ခံစားမိသွားသည်။


သူသာ လက်ကောက်ဝတ်၏ အထက်ကို နည်းနည်းသွားလိုက်လျှင် လက်မောင်းအတွင်းပိုင်းမှ ကိုက်ရာများကို မြင်ရတော့မည် ဖြစ်၍ပင်။ သူ့လည်တိုင်နှင့် ညှပ်ရိုးများကြားတွင်လည်း အနီမှတ်များ ရှိနေသေးသည်။ အကြောင်းမသိသည့်သူများက မနေ့ညက သူအနှိပ်စက်ခံခဲ့ရသည်ဟု တွေးကြပေလိမ့်မည်။


သွားတိုက်တံကို ကိုင်ထားသည့်လက်က နှေးသွားလေသည်။ မနေ့ညက အိပ်ရာပေါ်က ချီရွှင့်ပုံရိပ်ကို စဥ်းစားမိသွားချိန် သူ့မျက်နှာက ချက်ချင်း ရဲတွတ်သွား၏


 " သောင်းကျန်းချက်ပဲ..."


သို့သော်လည်း သူက ယနေ့ အလုပ်သွားသည့်အချိန် စိတ်ပျော်နေခဲ့သည်။ သူ၏ အနက်ရောင် လည်ပိတ်ဆွယ်တာအင်္ကျီက နွေဦးပုံရိပ်ကို ပိတ်ဆို့နေ၏။ သူ ရုံးခန်းထဲတွင် ထိုင်နေရင်း အပြင်ဘက်က ကောင်းကင်ကြီးကို ကြည့်ကာ မနေနိုင်ပဲ ဓါတ်ပုံရိုက်မိသည်။ နောက်ပြီး instagramတွင် တင်လိုက်သည်။


ပုံမှန်ရှုထောင့်တစ်ခုကနေ ရိုက်ထားပြီး စာမရေးထားပေ။


အပြာရောင် အသည်းပုံ အီမိုဂျီလေးတစ်ခုသာ ပါသည်။


အပြာရောင်က သူအကြိုက်ဆုံး အရောင်ပင်။


ဆယ်မိနစ်ကြာသောအခါ ချီရွှင့်က သူပို့စ်ကို လိုက်ခ်ပေးလာသည်။


ထိုနေ့ပြီးကတည်းက ချီရွှင့်နှင့် ပိုင်ရှီးတို့မှာ တစ်ယောက်စီ၏ အိမ်တွင် မကြာမကြာ နေကြသည်။


လိုအင်တပ်မက်မှုများ ဖြစ်ပေါ်လာတိုင်း နေရာအသင့်ဖြစ်နေခဲ့သည်။


ပိုင်ရှီးက သူ့ကိုယ်သူ နှလုံးသားသန့်သည့်သူတစ်ယောက်အဖြစ် စဥ်းစားခဲ့သည်။ သူက လူကြီးရုပ်ပြများကို ဖတ်ရသည်ကို နှစ်သက်ပြီး ချီရွှင့်၏ မျက်နှာချောချောကို စိတ်ကူးယဥ်မိသော်လည်း စိတ်ဆန္ဒများပြားသည့်သူမျိုး မဟုတ်ပေ။


သို့သော်လည်း ယခုတွင် ချီရွှင့်၏ ရေချိုးခန်းထဲ ရပ်၍ မျက်နှာသစ်ရင်း ပိုင်ရှီးမှာ ပြန်ဆန်းစစ်ကြည့်ရတော့သည်။  


အတိတ်တွင်က သူက စိတ်နှလုံးသန့်ပြီး ဆန္ဒအနည်းအကျဥ်းသာ ရှိသည့်အကြောင်းရင်းက လက်တွေ့တိုက်ပွဲမဝင်ဖူးသေး၍ ဖြစ်နိုင်သည်။ သေချာပေါက် စစ်ရေးနည်းပရိယာယ်များက စာရွက်ပေါ်မှာထက် အပြင်မှာက ခြားနားလေသည်။


လတစ်ဝက်အတွင်း သူသိသည့် အနေအထားမျိုးစုံကို စမ်းကြည့်ဖူးပြီးသွားပေပြီ။


ဤအကြောင်း စဥ်းစားမိသွားချိန် သူက နာဖူးပေါ် လက်တင်မိသည်။ 


ချီရွှင့်ကလည်း သူမှန်ကြည့်ရင်း ခါးနေရာကို ခံစားမိနေချိန် ရေချိုးခန်းအပြင်ဘက်ကနေ စောင့်နေသည်။ သူ့အသက် ငယ်သေးသည်ကြောင့်သာ မဟုတ်လျှင် ယခုဆို အားပြတ်နေပြီဖြစ်၏။


မှန်ထဲက သူ့ပုံရိပ်ကို စစ်ဆေးကြည့်နေရင်း သူ့မျက်နှာပေါ် ခြေရာလက်ရာ ကျန်မလား ရှာကြည့်နေပြီး သူ့ကိုယ်သူ ထိန်းထိန်းသိမ်းသိမ်း နေသင့်လား စဥ်းစားနေမိသည်။


သူ့အသက် ငယ်သေးသည် ဆိုလျှင်တောင်မှ သူ့အနာဂတ်ကျန်းမာရေး အခြေအနေကို သတိထားသင့်သည်။


လူတိုင်းက ချီရွှင့်လို သားရဲကြီး မဟုတ်ဘူးလေ။


စဥ်းစားကြည့်ရင်း သူက အနည်းငယ် ဝမ်းနည်းလာသလိုပင်။ ရက်နှစ်ဆယ်အတွင်း ချီရွှင့်က နတ်ဘုရားကနေ လူရမ်းကားကြီး ဖြစ်လာပြီး သားရဲကြီး ဖြစ်လာသည်။


သို့သော်လည်း သူ့အတွေးမပြီးသေးခင် ချီရွှင့်က တံခါးခေါက်ရင်း မေးလာ၏ " မပြီးသေးဘူးလား..."


ပိုင်ရှီးက အသိပြန်ဝင်လာပြီး တံခါးဖွင့်ပေးလိုက်သည်။ တစ်ချက်ကြည့်လိုက်ရာ တံခါးကို မှီပြီး လက်ပိုက်ရပ်နေသည့် ရေချိုးဝတ်စုံနှင့် ချီရွှင့်ကို တွေ့လိုက်ရသည်။ အပေါ်ပိုင်းကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်ရာ ဆွံဆောင်မှုပြင်းသည်ထက် လွန်သွားသည်။


သူ့ခေါင်းထဲ လက်ဖျောက်တီးသံကျယ်ကြီး မြည်သွားသလိုပင်။


ပိုင်ရှီးစိတ်ထဲမှ ထိန်းထိန်းသိမ်းသိမ်းနေရမည်ဆိုသည့် ပုံရိပ်က မြေကြီးပေါ် လဲကျသွားလေသည်။


သူ အပြည့်အဝ မတုံ့ပြန်နိုင်ခင် သူက ချီရွှင့်ပေါ် ရောက်သွားရင်း နမ်းရှိုက်

လျက် နှစ်ယောက်သား အိပ်ရာပေါ် ရောက်သွားကြ၏။


ထို့နောက် ပိုင်ရှီးက အိပ်ရာပေါ် လှဲနေရင်း မလှုပ်ချင်လောက်အောင် ဖြစ်သွားရသည်။


သူက ထိုအလှလေး၏ ဆွဲဆောင်မှုကို မတွန်းလှန်နိုင်သည့်အကြောင်းကို စဥ်းစားနေမိတော့သည်။



🦋🦋