Chapter 2
Viewers 280

🏠 Chapter 2

ညစာစားခြင်း



အဝတ်အစားလဲခန်းတံခါးက ပွင့်လာ၍ ခါးတိုကုတ်အင်္ကျီ(ဝေ့စ်ကုတ်) ဝတ်ထားသော လူတစ်ယောက်က သူ၏ နက်ခ်တိုင်ကို ဆွဲဖြုတ်ရင်း ဝင်လာသည်။ ဆိုဖာပေါ်၌လှဲနေသော ကုချင်းချီကိုမြင်သောအခါ အံ့ဩသည့်ပုံ ပေါက်သွားသည်။


"ချင်းချီ ခုထိ ဒီမှာ‌ရှိနေသေးတာလား...အိမ်မပြန်သေးဘူးလား..."


ကုချင်းချီက သံဗီရိုဘေးရှိ ဆိုဖာပေါ်၌ လှဲနေ၍ မျက်လုံးထဲသို့ အလင်းရောင်မဝင်စေရန် မျက်လုံးများကို လက်ဖြင့် အုပ်ထားသည်။


အရပ် 1.83 မီတာရှည်၍ ထိုရှည်လျားသောအရပ်နှင့် လိုက်ဖက်စွာ အချိုးအစားကျနသော ခန္ဓာကိုယ်ရှိသည့် ကုချင်းချီအတွက် ဆိုဖာက သေးနေသောကြောင့် ခြေထောက်များကို ကွေးပြီး ဆိုဖာလက်ရန်းပေါ်သို့ တင်ထားရသည်။ 


ကုချင်းချီကလည်း အနောက်တိုင်းဝတ်စုံ ယူ‌နီဖောင်းကိုဝတ်ထား၍ ထိုယူနီဖောင်းက ချပ်ချပ်ရပ်ရပ်နှင့် ကုချင်းချီ၏ ခန္ဓာကိုယ်အလှကို ပေါ်လွင်နေစေသည်။ အထူးသဖြင့် ကုချင်းချီ၏ ဝါးပင်ကဲ့သို့ သေးသွယ်သော်လည်း ‌တောင့်တင်းပုံရသော ခါးလေးက အလွန်ဆွဲဆောင်မှုရှိနေကာ လူတိုင်းကို ထိကိုင်ချင်စိတ်များပေါက်လာအောင် လှုံ့ဆော်နေသည်။


အမျိုးသားတစ်ယောက်၏ခါးက လူအများ၏ နှလုံးသားကို ဤမျှ ဆွဲခါနိုင်ခြင်းမှာ ယုံနိုင်ဖွယ်ပင်မရှိချေ။ 


ကုချင်းချီ၏ဆံပင်များက နားရွက်ကိုကျော်၍ ဆိုဖာပေါ်၌ ပျံ့ဝဲကျနေကာ ဆွဲဆောင်မှုတစ်မျိုးရှိနေသည်။ ဟောင်းနွမ်းနေသော ဆိုဖာသည်ပင် ကုချင်းချီထိုင်နေသောအခါ အဆင့်အတန်းမြင့်ပစ္စည်းတစ်ခုသဖွယ် ဖြစ်သွားသည်။


လုပ်ဖော်ကိုင်ဖက်၏အသံကိုကြားသောကြောင့် ကုချင်းချီက မျက်လုံးကိုအုပ်ထားသောလက်ကို ဖယ်လိုက်သည်။ ထို့နောက် ဝင်လာသူကို ခေါင်းစောင်းကြည့်ပြီး ပြုံးပြလိုက်သည်။ 

"နည်းနည်းပင်ပန်းနေလို့...ခဏလှဲနေတာ..."


ကုချင်းချီက အနောက်ပိုင်းပုံစံစားသောက်ဆိုင်တစ်ခု၌ စားပွဲထိုးဝင်လုပ်နေခြင်းဖြစ်သည်။ လစာက ကောင်းသော်လည်း အလုပ်က ပင်ပန်းသည်။


ယခင် အမြှောက်စာဇာတ်ကောင် ကုချင်းချီအဖြစ် နေနေရစဉ်ကမူ ဗီလာ၌ နေရပြီး အကန့်အသတ်မရှိသုံးနိုင်သော ဘဏ်ကဒ်တစ်ခုလည်း ကုချင်းချီ၌ ရှိခဲ့သည်။ 


သို့သော် ဇာတ်လမ်းပြီးဆုံးသွားသည်နှင့်အတူ ထိုပိုင်ဆိုင်မှုများလည်း ပျောက်ကွယ်သွားတော့သည်။ အကယ်၍ သူတို့မပျောက်ကွယ်လျှင်လည်း ကုချင်းချီက ထိုပိုင်ဆိုင်မှုများကို ထိပင်ထိတော့မည်မဟုတ်ချေ။


ဤကမ္ဘာ၌ ကုချင်းချီ လုပ်နိုင်သောအလုပ်က များများစားစားမရှိချေ။ ယခင်ဘဝ၌ ကုချင်းချီက နာမည်ကြီးတက္ကသိုလ်မှ ဘွဲ့ရခဲ့သော်လည်း ကူးပြောင်းပြီးသောအခါ ကျပန်းရလာသော ပညာအရည်အချင်းက အထက်တန်းကျောင်းဆင်းသာ ဖြစ်သွားသည်။ 


ဤအနောက်တိုင်းစားသောက်ဆိုင်က နာမည်အတော်ကြီးသော စားသောက်ဆိုင်ဖြစ်သည်။ လာစားသူအများစုက ချမ်းသာသူများဖြစ်ကြ၍ အသုံးအဖြုန်းလည်း ကြီးကြသည်။ လစာ နှင့် ဘောက်ဆူးများ မြိုးမြိုးမြက်မြက်ရသော်လည်း အလုပ်ဝင်နိုင်ရန် အင်တာဗျူးကလည်း အလွန်ခက်ခဲလေသည်။ 


ပုံမှန်ဆိုလျှင် ဤစားသောက်ဆိုင်၌ စားပွဲထိုးလုပ်ရန်မှာ တက္ကသိုလ်မှဘွဲ့ လိုအပ်သည်။ ကုချင်းချီ၏ အထက်တန်းအောင်ဘွဲ့လေးနှင့် အရည်အချင်းမမီပေ။ ယခု ကုချင်းချီ စားပွဲထိုး ဝင်လုပ်နိုင်နေခြင်းမှာ ကုချင်းချီက အင်္ဂလိပ်စကားပြောကျွမ်းကျင်သောကြောင့်ဖြစ်သည်။


လုပ်ဖော်ကိုင်ဖက်က အပေါ်ခါးတိုကုတ်အင်္ကျီကိုချွတ်ပြီး သူ့သံဗီရိုကို ဖွင့်လိုက်သည်။ ကုချင်းချီက နံရံပေါ်မှ နာရီကိုလှမ်းကြည့်ကာ ပြောလိုက်သည်။ 

"ဆယ်နာရီပဲရှိသေးတာ...အလုပ်ဆင်းရပြီလား..."


"အခုပဲ သိလာရတာ...ဧည့်သည်တစ်ယောက်က စားသောက်ဆိုင်ကို တစ်ညလုံးစာငှားလိုက်တယ်တဲ့...စားပွဲထိုးခေါင်းဆောင်နှစ်ယောက်နဲ့ မန်နေဂျာပဲ ကျန်နေခဲ့မှာ...ရုပ်ရှင်တစ်ခုစရိုက်တဲ့ အထိမ်းအမှတ်အတွက် လို့ ကြားတာပဲ...လာမယ့် ဧည့်သည်တွေကလည်း တကယ့်နာမည်ကြီး ဒိတ်ဒိတ်ကြဲတွေတဲ့...စားသောက်ဆိုင်တစ်ခုလုံးကို ငှားလိုက်တာဆိုတော့ ပိုက်ဆံတော့တော်တော်အကုန်ခံထားရမှာ..."


လုပ်ဖော်ကိုင်ဖက်ကပြောရင်း သူ့လက်ပေါ်၌တင်ထားသော ကုတ်အင်္ကျီအိတ်ထဲသို့ လက်နှိုက်ပြီး ချောကလက်လေးတစ်ခုကိုထုတ်ကာ ကုချင်းချီထံသို့ ပစ်ပေးလိုက်သည်။

"ရော့ တစ်ခုခုစားလိုက်ဦး...မင်း ဒီည ဘာမှမစားရသေးဘူးမလား..."


ကုချင်းချီက ကျေးဇူးတင်ကြောင်း ဗလုံးဗထွေးပြောလိုက်၍ သူ့ဆီ ပျံဝဲလာသော ချောကလက်ကို လှမ်းဖမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်ကမူ ဆိုဖာပေါ်၌ လှဲနေဆဲဖြစ်၍ ကောင်းကောင်းမနိုးသေးချေ။


ကုချင်းချီက ချောကလက်ကိုကြည့်ပြီး အပြင်မှ ပတ်ထားသော ပလတ်စတစ်ကို သွားဖြင့် ဆွဲဖြဲလိုက်၍ ချောကလက်ကို ပါးစပ်ထဲသို့ထည့်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်၍ တစ်ချက် နှစ်ချက်သာဝါးကာ အမြန်မြိုချလိုက်သည်။


ကုချင်းချီ၏ အလှအပက နူးညံ့၍ စွဲမက်ဖွယ်ကောင်းသော လှပမှုဖြစ်သော်လည်း ယခု ချောကလက်အခွံကို ပါးစပ်ဖြင့် ဆွဲခွာလိုက်သည့် အပြုအမူကလည်း အရိုင်းဆန်၍ တစ်မျိုး ဆွဲဆောင်မှုရှိနေသည်။


ချောကလက်က ဈေးကြီးသောချောကလက်ဖြစ်သည်။ နိုင်ငံခြားမှလာသော အမျိုးအစားဖြစ်၍ အခွံ၌ ဂျာမန်စကားလုံးများဖြင့် ပြည့်နေသည်။


ထိုချောကလက်မှာ စားသောက်ဆိုင်မှ ဧည့်သည်များကို ပြန်ပေးသော လက်ဆောင်လေးများဖြစ်သည်။ လာစားသောဧည့်သည်များက ပြန်မယူသွားလျှင် စားပွဲသိမ်းသောအခါ၌ အကုန်လွှင့်ပစ်ရမည်ဖြစ်သည်။ ထို့ကြောင့် စားပွဲထိုးများက ထိုကျန်နေသော ချောကလက်များကို သိမ်းထားတတ်ကြသည်။ တစ်ခါတစ်ရံ၌လည်း စားပွဲထိုးခေါင်းဆောင်က ဝန်ထမ်းများကို ကိုယ်တိုင်ပေးလေ့ရှိသည်။ 


ချောကလက်၏အရသာက အနည်းငယ်ခါးသက်သက်ဖြစ်နေသည်။ ထို့ကြောင့် ကုချင်းချီက ထိုချောကလက်ကိုစားတိုင်း အခါးအရသာက လျှာပေါ်မစွဲခင် အမြန်မျိုချလေ့ရှိသည်။ သို့သော် ဤတစ်ခေါက်တွင်မူ အမြန်မမျိုချလိုက်နိုင်ဘဲ ချောကလက်ကို ကိုက်လိုက်သည်နှင့် အခါးအရသာက လျှာပေါ်ပျံ့သွားသည်။


လုပ်ဖော်ကိုင်ဖက်က အပြင်အင်္ကျီပင် လဲပြီး၍ ပြန်ရန် ပြင်နေပြီဖြစ်သည်။ ကုချင်းချီ ချောကလက်ကို မျက်မှောင်ကြုတ်ပြီး အမြန်မျိုချနေသည်ကို ကြည့်ရင်း လုပ်ဖော်ကိုင်ဖက်က ရယ်ချင်‌သွားသည်။ 

"မင်း ဒီအရသာမကြိုက်တာ ငါမေ့သွားတယ်...ငါတော့ မင်းကို တကယ်နားမလည်ပါဘူး...အခါးမကြိုက်ပေမယ့် ငါပေးတဲ့ ချောကလက်အခါးတိုင်းကို မင်း အမြဲစားစားနေတာ..."


ကုချင်းချီက အိပ်ချင်နေသေးသောကြောင့် မျက်လုံးများကို ပြန်မှိတ်လိုက်သည်။ သေချာမနိုးသေးသောကြောင့်လားမသိသော်လည်း ကုချင်းချီ၏အသံက ခပ်လေးလေးဖြင့် ဆွဲဆောင်မှုရှိနေသည်။ ထိုမျက်လုံးများကိုမှေး၍ မျက်တောင်ခပ်စင်းစင်းဖြင့် ကြည့်လိုက်လျှင် တစ်ဖက်လူအတွက် ယစ်မူးစွာ ရင်ခုန်သွားစေနိုင်သည်။ 

"မင်း ယူလာပေးတာမို့လို့လေ..."


ကုချင်းချီ၏လုပ်ဖော်ကိုင်ဖက်က အရပ်မြင့်မြင့်နှင့် ဆံပင်ကိုခပ်တိုတိုညှပ်ထားကာ သန်မာပုံပေါက်သည့် ချောမောသောလူငယ်လေးတစ်ဦးဖြစ်သည်။ သို့သော်လည်း ကုချင်းချီ၏စကားကိုကြားသောအခါ လုပ်ဖော်ကိုင်ဖက် လူငယ်လေး၏နားရွက်ဖျားများက ရှက်စိတ်ဖြင့် ရဲတက်သွားကြသည်။


သို့သော် ကုချင်းချီက ထိုစကားကို အခြားဘာစိတ်မှမပါဘဲ ပြောလိုက်မှန်း လူငယ်လေးသိပေသည်။ 


ကုချင်းချီက သူ့ကိုသာ ဤကဲ့သို့ ဆက်ဆံသည်မဟုတ်ဘဲ လူတိုင်းကိုလည်း ထိုကဲ့သို့ပင် ဆက်ဆံတတ်ခြင်းဖြစ်သည်။


တစ်ခုခုကို မျှော်ကိုးပြီး ထိုကဲ့သို့ ဆက်ဆံနေခြင်းလည်းမဟုတ်ပေ။ ကုချင်းချီ၏စိတ်ရင်းကိုက ထိုသို့ဖြစ်နေ၍ လူတိုင်းကို ကုချင်းချီက သူတို့ကို အလေးထားသည်ဟု ထင်စေအောင် ပြောဆိုဆက်ဆံတတ်ခြင်းဖြစ်သည်။ 


မည်သို့ပင်ဖြစ်စေ လူငယ်လေးက နားရွက်ဖျားနီနီဖြင့် ခပ်တိုးတိုးပြန်ပြောလိုက်သည်။ 

"နောက်တစ်ခါကျရင် မင်းဖို့ ချိုတဲ့ချောကလက်ယူလာပေးမယ်..."


ထိုသို့ပြောပြီး တံခါးကို ညင်သာစွာပိတ်ပေးကာ ထွက်သွားတော့သည်။


လူငယ်လေး၏စကားကို ကုချင်းချီ ကြား မကြား မသေချာပေ။ လူငယ်လေးထွက်သွားချိန်တွင် ကုချင်းချီက ပြန်အိပ်ပျော်သွားပြီဖြစ်သည်။ 


ကုချင်းချီ ပြန်နိုးလာချိန်တွင် ၁၁ နာရီထိုးနေပြီဖြစ်သည်။


အိပ်ပြန်ချိန်ရောက်ပြီဖြစ်သော်လည်း အလျင်မလိုပေ။ ကုချင်းချီ ငှားထားသောအိမ်က စားသောက်ဆိုင်နှင့် မဝေးဘဲ ၇ မိနစ် ၈ မိနစ်ခန့်လမ်းလျှောက်လိုက်လျှင် ရောက်နိုင်သည့်နေရာဖြစ်သည်။ 


ယခုထိ ယူနီဖောင်းမလဲရသေးသောကြောင့် ကုချင်းချီက အင်္ကျီလဲရန် ဆိုဖာပေါ်မှ ခပ်ဖြည်းဖြည်းထလိုက်သည်။ လည်ပင်းမှ နက်ခ်တိုင်ကို ဆွဲဖြုတ်ပြီး လည်ပင်းပေါ်၌ ခဏတင်ထားလိုက်သည်။ ထို့နောက် ရှပ်အင်္ကျီကြယ်သီးများကိုဖြုတ်၍ အင်္ကျီကို တစ်ဝက်ခန့်ချွတ်လိုက်သည်။ ကုချင်းချီ၏ကျောကုန်းတစ်ဝက်ခန့်ပေါ်နေချိန်တွင် အခန်းတံခါးက ရုတ်တရက် ပွင့်သွားသည်။


ကုချင်းချီလည်း အသံကြားသောကြောင့် လှည့်ကြည့်လိုက်သည်။ 


တံခါးဝ၌ ရပ်နေသူက ပါးစပ်၌ စီးကရက်ကို ခဲထားသောကြောင့် ဆေးလိပ်ငွေ့များက ထိုလူ၏မျက်နှာနား၌ ဝေ့ဝဲနေကြသည်။ လုပ်ဖော်ကိုင်ဖက်က သူပြန်စဉ်က အလိုက်သိစွာဖြင့် တံခါးနားက မီးကို ပိတ်သွားပေးခဲ့သောကြောင့် အဝတ်လဲခန်းအလယ်မှ မီးကသာ ပွင့်နေသည်။ 


ထို့ကြောင့် တံခါးဝမှရပ်နေသူ၏ အမြင်တွင် ကုချင်းချီက ဆလိုက်မီးရောင်အောက်တည့်တည့်၌ ရပ်နေသူကဲ့သို့ ဖြစ်နေသည်။ ထိုလူအတွက် ကုချင်းချီ၏ တစ်ကိုယ်လုံး ခေါင်းအစ ခြေအဆုံးကို သေချာမြင်နေရသော်လည်း ကုချင်းချီကမူ ထိုလူ၏ ပုံရိပ်ကိုသာ ရေးတေးတေးမြင်ရ၍ ထိုလူက အတော်အရပ်ရှည်သူ တစ်ဦးဟူ၍သာ သိလိုက်သည်။ 


ပုံမှန်လူများဆိုလျှင်မူ ထိုကဲ့သို့ အဝတ်လဲနေချိန်၌ သူစိမ်းတစ်ယောက်ဝင်လာလျှင် ရှိုးတိုးရှန်းတန်း ဖြစ်သွားမည်ဖြစ်သော်လည်း ကုချင်းချီကမူ ဘာမှမဖြစ်ဘဲ ခေါင်းကို အနည်းငယ်စောင်း၍ လှမ်းမေးလိုက်သည်။

"ဘာများကူညီပေးရမလဲ..."


ထိုသူစိမ်းက အခန်းထဲ ရုတ်တရက်ဝင်လာချိန်၌ ကုချင်းချီက သူအင်္ကျီလဲနေသည်ကို ရပ်ထားလိုက်မိသည်။


ထို့ကြောင့် မီးရောင်အောက်၌ ကုချင်းချီ၏ ပခုံးများနှင့် ကျောပြင်က ဖြူဖွေးချောမွတ်စွာ ပေါ်နေကြသည်။ သူ့ခါးနှင့် ဝမ်းဗိုက်ကလည်း ကြွက်သားများဖြင့် တောင့်တောင့်တင်းတင်းရှိနေကြသော်လည်း အလွန်အသိသာကြီးမဟုတ်ဘဲ ချပ်ချပ်ရပ်ရပ်နှင့် သိသာရုံသာဖြစ်သည်။ 


ကုချင်းချီ၏ တစ်ကိုယ်လုံးမှ လှပချောမောမှုများက နေရာမလပ် ဖြာထွက်နေကြသည်။


ကုချင်းချီ၏ လှိုင်းတွန့်နေသောဆံပင်များက လည်ပင်းနား၌ လှပစွာဝဲကျနေကာ တံခါးဝမှ သူစိမ်းကို လှည့်ကြည့်နေပုံက ပင်လယ်အောက်မှ လူများကို ဖမ်းစားဆွဲဆောင်နိုင်သော ရေသူထီးတစ်‌ယောက်ကဲ့သို့ စူးရဲစွာ လှပနေသည်။


ထိုမြင်ကွင်းက ရှဲ့လုယွီ၏ မျက်လုံးထဲ၌ မေ့မရအောင် စွဲထင်သွားကာ ပါးစပ်ထဲမှ စီးကရက်ပင် အောက်သို့ ပြုတ်ကျသွားလေသည်။ 


ထိုအချိန်၌ စားပွဲထိုးခေါင်းဆောင်ရောက်လာပြီး စားပွဲထိုးများ အဝတ်လဲခန်းတံခါးဝ၌ရပ်နေသော ရှဲ့လုယွီကို မြင်သောအခါ အနားသို့ အမြန်လျှောက်လာလိုက်သည်။

"မစ္စတာရှဲ့...ကျွန်တော်နောက်ကျသွားတာ တောင်းပန်ပါတယ်...ဆေးလိပ်သောက်တဲ့အခန်းက ဟိုဘက်မှာပါ...ဒါက ကျွန်တော်တို့ဝန်ထမ်းတွေ အဝတ်လဲတဲ့အခန်းပါ..."


ထိုအခါမှပင် ရှဲ့လုယွီလည်း အသိတရားပြန်ဝင်လာကာ အဝတ်လဲခန်းထဲမှ မြင်ကွင်းကို စားပွဲထိုးခေါင်းဆောင်မမြင်နိုင်ခင် တံခါးကို အမြန်ဆွဲပိတ်လိုက်သည်။


ထို့နောက် ကြမ်းပြင်ပေါ်ကျသွားသော စီးကရက်ကို ခပ်ရှက်ရှက်ဖြင့် ကောက်ယူလိုက်သည်။ 

"ဆောရီး...ကျွန်တော် အခန်းမှားဖွင့်လိုက်မိတာ...အထဲကတစ်ယောက်ကို ကျွန်တော့်အစား တောင်းပန်လိုက်ပါ..."


ထိုသို့ပြော၍ စားသောက်ဆိုင်ရှိရာဘက်သို့ ပြန်လျှောက်သွားသော ရှဲ့လုယွီကို စားပွဲထိုးခေါင်းဆောင်က ကြောင်တောင်တောင်ကြည့်နေမိသည်။၊

သူ ခုဏက ဆေးလိပ်သောက်ဖို့ထွက်လာတာ မဟုတ်ဘူးလား...


ထိုအချိန်၌ အထဲမှ ကုချင်းချီက အင်္ကျီလဲပြီးသွား၍ အခန်းထဲမှ ထွက်လာသည်။


စားပွဲထိုးခေါင်းဆောင်က ကုချင်းချီကို မြင်သောအခါ မအံ့ဩသွားပေ။ အဝတ်လဲခန်းထဲ၌ ကုချင်းချီ အိပ်ပျော်သည်မှာ ယခုက ပထမဆုံးအကြိမ်မဟုတ်ပေ။ တစ်ခါတစ်ရံ၌ ကုချင်းချီက ညစာပင် မစားဘဲ ထိုအခန်းထဲ ဝင်အိပ်နေတတ်သည်။ ရှဲ့လုယွီ အစောပိုင်းက ကုချင်းချီကို တွေ့သွားခြင်းဖြစ်ပေလိမ့်မည်။ 


"အထဲမှာ အိပ်ပျော်သွားပြန်ပြီလား...ခဏနေဦး...မင်း အိမ်ပြန်ယူသွားဖို့ ငါ စားစရာသွားယူလိုက်ဦးမယ်...အခုက သန်းခေါင်ရောက်နေပြီဆိုတော့ ဒီမှာတော့ စားလို့မရတော့ဘူး..."


ကုချင်းချီက ခေါင်းသာ ညိတ်ပြလိုက်သည်။

"ဟုတ်...ကျွန်တော့်ကို ဝိုင်တစ်ပုလင်းပါ ထည့်ပေးလိုက်ပါ...နောက်မှ လစာထဲက ပြန်ဖြတ်လိုက်နော်..."


စားသောက်ဆိုင်မှ အစားအသောက်များက တစ်ညထက်ပိုထား၍မရပေ။ ထို့ကြောင့် စားစရာများ ကျန်နေပါက ဝန်ထမ်းများက အလကားယူသွား၍ရသော်လည်း ဝိုင်ကိုမူ ဝယ်ရမည်ဖြစ်သည်။


စားပွဲထိုးခေါင်းဆောင်က ကုချင်းချီ၏ ပခုံးကို ခပ်သာသာ ပုတ်လိုက်သည်။ 

"စားစရာပဲ ယူသွားပါ ဟုတ်ပြီလား...အခုက အရမ်းနောက်ကျနေပြီ ဝိုင်သောက်မနေ‌နဲ့တော့...ဗိုက်မကောင်းဖြစ်လိမ့်မယ်..."


ထိုသို့ပြော၍ မီးဖိုထဲသို့ ဝင်သွားသည်။ 


ကုချင်းချီက အဝတ်လဲခန်းတံခါးဝ၌သာရပ်၍ ခေါင်းဆောင်ကို စောင့်နေရင်း ပြတင်းပေါက်အပြင်သို့ ငေးကြည့်နေမိသည်။ တစ်ဖက်ရှိ အဆောက်အအုံ၏နံရံပေါ်၌ ကြော်ငြာတစ်ခုကို ပြသလျက်ရှ်ိသည်။


မင်းသားရှဲ့လုယွီက နိုင်ငံတကာအဝတ်အစား brand တစ်ခု၏ ပင်တိုင်ကြော်ငြာမင်းသားဖြစ်လာ၍ ထို brand ကို ကြော်ငြာပေးနေခြင်းဖြစ်သည်။ 


ထို brand က အလွန်ကြေးများ၍ ယခင်က တရုတ်နိုင်ငံအတွင်း၌ ပင်တိုင်မင်းသား မငှားခဲ့ပေ။ လွန်ခဲ့သောရက်အနည်းငယ်ကမှ ရှဲ့လုယွီနှင့် သုံးနှစ်စာချုပ် ချုပ်ခဲ့ခြင်းဖြစ်သည်။ ထိုသတင်းက Weibo ပေါ်၌ပင် အလွန်နာမည်ကြီးသွားသေးသည်။


ဤရက်ပိုင်းများ၌ ကုချင်းချီပတ်ဝန်းကျင်မှ လူများက ထိုအကြောင်းကိုသာ ပြောနေကြသောကြောင့် ထိုကဲ့သို့သောကိစ္စများကို စိတ်မဝင်စားသော ကုချင်းချီပင် ထိုအကြောင်းကို သိနေသည်။ 


ထို ၂၇ နှစ်အရွယ် ရုပ်ရှင်ဧကရာဇ်ကို ငှားရမ်းချင်သူများ အလွန်များပြားနေသည်ကလည်း မထူးဆန်းချေ။


တော်ရုံ သာမာန်သရုပ်ဆောင်တစ်ယောက်ကို "ရုပ်ရှင်ဧကရာဇ်" ဟု ခေါ်၍မရပေ။ ရွှေကမ္ဘာလုံးဆုကို ရရှိထားမှသာ "ရုပ်ရှင်ဧကရာဇ်" ဟု ခေါ်ထိုက်ခြင်းဖြစ်သည်။


ရှဲ့လုယွီက ယခုနှစ်အတွင်းမှာပင် ရွှေကမ္ဘာလုံးဆုကို ရထားခြင်းဖြစ်သောကြောင့် သူ၏ ကျော်ကြားမှုက တဟုန်ထိုး မြင့်တက်နေသည်။ ထို့ကြောင့် ထိုအဝတ်အစား brand ကဲ့သို့ နာမည်ကြီးကုမ္ပဏီများက ရှဲ့လုယွီကို အလုအယက်ငှားရမ်းနေကြခြင်းမှာ မဆန်းပေ။


ဤကမ္ဘာနှင့် ကုချင်းချီ၏ ယခင်ဘဝက ကမ္ဘာတို့ ခြားနားခြင်းမှာ ထိုအချက်ပင်ဖြစ်သည်။ ဤကမ္ဘာ၏ ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲ လုပ်ငန်းများက အလွန်အောင်မြင်ကျော်ကြားကာ အနုပညာအသိုင်းအဝိုင်းကလည်း အလွန်တိုးတက်လျက်ရှိလေသည်။ 


အနုပညာနယ်ပယ်က အရှိန်အဟုန်ဖြင့် တိုးတက်နေသော်လည်း သရုပ်ဆောင်များ၊ ရုပ်ရှင်များနှင့် ဇာတ်လမ်းတွဲများကို စနစ်တကျနှင့် အချက်ကျကျ ဝေဖန်သော နိုင်ငံတကာစံနှုန်းများကလည်း ရှိနေသေးသည်။ ထိုစံနှုန်းများက သရုပ်ဆောင်များနှင့် ရုပ်ရှင်ဇာတ်ကားများကို သီးခြားစီ အကဲဖြတ်ကြသည်။ 


သရုပ်ဆောင်တစ်ယောက်အတွက် အမြင့်ဆုံးရနိုင်သောဆုမှာ ရွှေကမ္ဘာလုံးဆု ဖြစ်သည်။ 


နာမည်က ရယ်ချင်စရာဖြစ်သော်‌လည်း ထိုဆု၏ သက်ရောက်မှုက သေးသေးကွေးကွေးမဟုတ်ချေ။ ထိုရွှေကမ္ဘာလုံးဆုကို ရဖို့ရန်အတွက် ပြည့်မှီရမည့် အရည်အချင်းများက အလွန်မြင့်မားသည်။ နှစ်တိုင်း အရည်အသွေးကောင်းမွန်သော ရုပ်ရှင်ဇာတ်ကားများ များစွာရှိသော်လည်း အရည်အချင်းရှိသော သရုပ်ဆောင်ကမူ နှစ်တိုင်းမပေါ်ထွက်နိုင်ပေ။


အရည်အသွေးကောင်းသော ရုပ်ရှင်များ၊ ဇာတ်လမ်းတွဲများကို ရိုက်ထားဖူးသော သရုပ်ဆောင်များသာလျှင် ရွှေကမ္ဘာလုံးဆုအတွက် လျာထားခြင်းခံရနိုင်သည်။ ရွှေကမ္ဘာလုံးဆုက သုံးနှစ်မှတစ်ခါချီးမြှင့်ခြင်းဖြစ်သည်။ အများအားဖြင့် အနုပညာနယ်ပယ်ထဲ ရောက်သည်မှာ ကြာ၍ ရုပ်ရှင်များစွာရိုက်ပြီး အခြားဆုများရရှိထားသော သရုပ်ဆောင်များသာ ရွှေကမ္ဘာလုံးဆုကို ရတတ်လေ့ရှိသည်။ တရုတ်နိုင်ငံမှလည်း ရွှေကမ္ဘာလုံးဆုကို ရဖူးသောသရုပ်ဆောင်ဟူ၍ သုံးယောက်သာရှိသည်။ ရှဲ့လုယွီမရခင်အထိ ရွှေကမ္ဘာလုံးဆုကိုရသော အငယ်ဆုံးသရုပ်ဆောင်မှာ ၃၇ နှစ်ဖြစ်သည်။ 


ထို့ကြောင့် ရွှေကမ္ဘာလုံးဆုကို ငယ်ငယ်ရွယ်ရွယ်ဖြင့် ရရှိထားသော ရှဲ့လုယွီသည် သရုပ်ဆောင်ခြင်းအနုပညာတွင် ပင်ကိုပါရမီပါသူတစ်ယောက် ဖြစ်လေသည်။ 


...


ရှဲ့လုယွီ၏ နှလုံးသားက တဒိန်းဒိန်းခုန်နေကာ မျက်လုံးထဲ၌လည်း အစောပိုင်းတုန်းက မြင်ခဲ့ရသည့် မြင်ကွင်းသာ စွဲထင်နေသေးသည်။ သူမြင်ခဲ့ရသော လူငယ်လေး၏ ခန္ဓာကိုယ်က များစွာ ထင်ပေါ်နေသည်မဟုတ်သော်လည်း ထိရောက်မှုကမူ ပြင်းထန်လှသည်။ ရှဲ့လုယွီက သူ့ကိုယ်သူ ယခုမှ လှပသော မိန်းကလေးတစ်ယောက်ကို စမြင်ဖူးသော နှပ်ချေးတွဲလောင်းနှင့် ကလေးလေးတစ်ယောက်ကဲ့သို့ ခံစားနေရသည်။ 


သူ့လက်ချောင်းများပေါ်၌ စွဲကျန်နေသော စီးကရက်နံ့ကို အနည်းငယ် ရှူလိုက်မှပင် စိတ်ကပြန်ငြိမ်သွားသည်။


ဒါရိုက်တာချန်က အနောက်သို့ လှည့်ကြည့်လိုက်ရာ ရှဲ့လုယွီကို မြင်သွားသည်။ ဒါရိုက်တာချန် အနှစ်နှစ်အလလ ပြင်ဆင်နေခဲ့သော ပရောဂျက်က ယခု စ၍ အကောင်အထည်ပေါ်နေပြီဖြစ်သောကြောင့် ဒါရိုက်တာချန်တစ်ယောက် ပျော်ရွှင်ကာ အရက်များကို ပုံမှန်ထက်ပိုသောက်နေသည်။ 


ဒါရိုက်တာချန်က ရှဲ့လုယွီကို ပြုံးရွှင်စွာနှုတ်ဆက်လိုက်သည်။


"လာ...လာ...ငါနဲ့ တစ်ခွက်တစ်ဖလား လာချပါဦး..."


ဒါရိုက်တာချန်နား၌ထိုင်နေကြသော ဇာတ်ညွှန်းရေးသူများက ရယ်ပြီး ရှဲ့လုယွီအတွက် နေရာဖယ်ပေးလိုက်ကြသည်။


ရှဲ့လုယွီလည်း ဒါရိုက်တာချန်ဘေးသို့ ဝင်ထိုင်လိုက်သည်။ 

"ခင်ဗျားအခုထိ သောက်နေတုန်းလား...ဆက်သောက်နေရင် မရီးတော့ ကျွန်တော့်ကို ဆူတော့မှာပဲ..."


[T/N: မရိီးဆိုတာ ဒါရိုက်တာချန်ရဲ့ ဇနီးကို ရှဲ့လုယွီက ခေါ်တာပါ။]


ရှဲ့လုယွီ ရုပ်ရှင်လောကထဲ စ၍ ပွဲဦးထွက်စဉ်က ဒါရိုက်တာချန်နှင့် တွေ့ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ရှဲ့လုယွီမှာ စိတ်တိုတတ်၍ ထင်ရာစိုင်းတတ်ပြီး အနုပညာလောကအကြောင်းဘာမှမသိသော လူငယ်လေးတစ်ဦးသာ ဖြစ်သည်။ ဤအနုပညာလောကအကြောင်း သိသင့်သိထိုက်သည်မှန်သမျှကို ဒါရိုက်တာချန်က အကုန်သင်ပြပြောဆိုပေး၍သာ ရှဲ့လုယွီ သိလာခြင်းဖြစ်သည်။  


ရှဲ့လုယွီအတွက် ဒါရိုက်တာချန်က ဆရာတစ်ဦးအပြင် မိတ်ဆွေကောင်းတစ်ဦးလည်းဖြစ်သောကြောင့် နှစ်ယောက်က အချင်းချင်း ရင်းရင်းနှီးနှီးပင် ပြောဆိုဆက်ဆံကြသည်။


ဒါရိုက်တာချန်က ရှဲ့လုယွီ၏ပေါင်ကိုပုတ်လိုက်သည်။ 

"မင်း ငါနဲ့ ရှိနေမှာပဲလေ...ငါက မင်းနဲ့ ဒီည တူတူသွားမှာလည်း ပြောလိုက်ရော မင်းမရီးက ဘာမှကို မပြောတော့တာဟေ့...ငါ့မိန်းမက မင်းကိုပဲ ယုံတာ...ငါ့ကို မယုံဘူး..."


"အဲဒါက ကျွန်တော့်အစွမ်းပဲလေ...ခင်ဗျား ဒါတွေ နားလည်မှာမဟုတ်ပါဘူး..."


ရှဲ့လုယွီ၏စကား‌ကြောင့် ဒါရိုက်တာချန်က တံတွေးပင် သီးမတတ်ဖြစ်သွားသည်။

"မင်းရဲ့ ဒီလိုဆောင့်ကြွားကြွားပုံစံနဲ့ ဘယ်လိုများ အခုလို အောင်မြင်လာလဲ မသိပါဘူး..."


ရှဲ့လုယွီက‌မူ ဂရုမစိုက်ပေ။ 

"အင်တာနက်ပေါ်မှာ လူတွေပြောနေသလိုပဲလေ...ကျွန်တော့်မျက်နှာကြောင့်ပေါ့...ခင်ဗျားလည်း ကျွန်တော့်မျက်နှာကြောင့်ပဲ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခဲ့တာပဲမလား..."


ဒါရိုက်တာချန်က ရှဲ့လုယွီ၏မျက်နှာကို ကြည့်၍ သူ့စကားကို မငြင်းလိုက်ချေ။ 

"ဒီ အနုပညာကလောကမှာ ပရိသတ်တွေက သူတို့မျက်နှာကိုပဲ သတိမထားမိအောင် သူတို့အမူအကျင့်တွေကို ပြောင်းဖို့ကြိုးစားနေတဲ့ မင်းသား မင်းသမီးတွေ ဘယ်နှယောက်တောင်ရှိနေလဲ မင်းသိလား...ကြည့်ပါဦး...မင်းကတော့ မင်းမျက်နှာကို လူဂရုစိုက်ခံရတာကိုပဲ ကျေနပ်နေတယ်..."


"ဘာကို ဂရုစိုက်ရမှာလဲ...ကျွန်တော့်ကိုယ်ကျွန်တော် ပြောင်းလဲဖို့ ဘယ်တုန်းကမှ စိတ်ကူးရှိခဲ့တာမှမဟုတ်တာ..."


ဒါရိုက်တာချန်လည်း ထိုကဲ့သို့ပင် မြင်မိသည်။ ရှဲ့လုယွီက အနုပညာရှင်တစ်ယောက်ဖြစ်ရန်သာ မွေးဖွားလာသူဖြစ်ပုံရသည်။ စ၍ ပွဲဦးထွက်သည့်အချိန်မှ ယခုအထိ ရှဲ့လုယွီရိုက်သမျှ ဇာတ်ကားတိုင်းက မအောင်မြင်သည်ဟူ၍ မရှိချေ။


သို့သော် ရှဲ့လုယွီနှင့် တူတူလုပ်ကိုင်ခဲ့သော ယခင်အချိန်များကို ဒါရိုက်တာချန် ဆက်မတွေးနိုင်မီမှာပင် ရှဲ့လုယွီ၏ စကားဆက်ပြောသံကို ကြားလိုက်ရသည်။ 


"ကျွန်တော့်မျက်နှာကိုက ဘာမှမပြင်ဆင်ရဘဲ နဂိုချောနေတာလေ..."



🏠🏠đŸ