Chapter 3
Viewers 268

🏠 Chapter 3

နာမည်ကြီးသွားခြင်း



"ကျွန်တော့်မျက်နှာကိုက ဘာမှမပြင်ဆင်ရဘဲ နဂိုချောနေတာလေ..."


ဒါရိုက်တာချန်က ဘာမှမပြောဘဲ ပါးစပ်ကိုသာ ပိတ်နေလိုက်သည်။ ရှဲ့လုယွီက ယခင်အတိုင်း ပြဿနာကို မီးထွန်းရှာဆဲဖြစ်သည်။ ထိုကဲ့သို့ ရှေ့မကြည့် နောက်မကြည့် ပြောချင်ရာပြောနေတတ်သည့် ပါးစပ်နှင့် ရှဲ့လုယွီတစ်ယောက် ယခုအချိန်အထိ သေအောင် အရိုက်မခံရသေးသည်ကပင် အံ့ဩစရာဖြစ်နေသည်။ ရှဲ့လုယွီက ထိုကဲ့သို့ ပြောတတ်သော်လည်း အလုပ်လုပ်လျှင်မူ သေချာဂရုတစိုက် လုပ်တတ်သောကြောင့်ပင် လွတ်ငြိမ်းချမ်းသာခွင့်ရနေခြင်း ဖြစ်ပေလိမ့်မည်။


ဒါရိုက်တာချန်၏အသက်က ၅၀ နားကပ်နေပြီဖြစ်သည်။ ခေတ်နှင့်အညီလိုက်ရန်ကြိုးစားသော်လည်း တစ်ခါတစ်ရံတွင်မူ သက်ကြီးပိုင်းပုံစံက တဖြည်းဖြည်းပေါက်လာနေပြီဖြစ်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်မှစ၍ ဒါရိုက်တာချန်က အနီးအနားမှလူများကို တစ်ဖက်က ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ စကားရှည်ကြီးဖြင့် ပြောဆိုဆုံးမရသည်ကို အကြိုက်တွေ့နေမိသည်။


"မင်းထက် ပိုချောတဲ့လူက တစ်နေရာရာမှာတော့ ရှိနေမှာ မင်း သတိထား..."


ဒါရိုက်တာချန်က အစကမူ ရှဲ့လုယွီကို နှိမ်နှိမ်ချချနေရန်နှင့် သရုပ်ဆောင်စွမ်းရည်ကိုသာ ပိုတိုးတက်အောင် ကြိုးစားရန်အတွက်ပြောရန် စကားစလိုက်ခြင်းဖြစ်သည်။ သို့သော် ပြောနေဆဲ စကားတစ်ဝက်မှာပင် သူ့ရှေ့၌ ထိုင်နေသူက ရွှေကမ္ဘာလုံးဆုရထားသူဖြစ်ကြောင်းကို သတိရသွားသောကြောင့် ဆုံးမရန်လမ်းကြောင်းကို ပြောင်းလိုက်သည်။ 


"အခု ပတ်ဝန်းကျင်မှာလည်း ရုပ်ချောတဲ့လူတွေအများကြီးရှိနေတာပဲ...ဘယ်ပန်းကမှ ရက်တစ်ရာကြာအောင် ပွင့်မနေနိုင်ဘူး...အခုခေတ်မိန်းကလေးတွေက ငယ်တဲ့မင်းသားလေးတွေကိုပဲ ပိုကြိုက်နေကြတာ...အခုကတော့ အဆင်ပြေနေသေးပေမယ့် နောက်နှစ်နည်းနည်းကြာလာရင်ရော မင်း ဘယ်လိုလုပ်မှာလဲ..."


ဒါရိုက်တာချန်က အရက်တော်တော်မူးနေပြီဖြစ်သောကြောင့် စိတ်များထွေနေကာ ယခုမှ တရှိန်ထိုးအောင်မြင်လာနေသော အသစ်စက်စက် ရုပ်ရှင်ဧကရာဇ်လေး၏ အနာဂတ်ကို တွေးပူနေမိသည်။


ဘေးမှထိုင်နေသော ‌ခေါင်းဆောင်မင်းသမီးက ဒါရိုက်တာချန်၏စကားကြောင့် စားလက်စဟင်းကိုပင် ပြန်ထွေးထုတ်မတတ်ဖြစ်သွားသည်။ 


ရှဲ့လုယွီက အစောပိုင်းက အဝတ်လဲခန်းထဲ၌တွေ့ခဲ့ရသော လူငယ်လေးကို ပြန်စဉ်းစားရင်း ခေါင်းညိတ်ပြလိုက်သည်။ ဒါရိုက်တာချန်က "မင်းထက်ပိုချောတဲ့လူ" ဟုပြောသည်ကို ကြားလိုက်သော်လည်း ထူးဆန်းစွာပင် ဘာမှပြန်မပြောချေ။ 


အဲဒီကောင်လေးကိုကြည့်ရတာလည်း ငယ်ဦးမယ့်ပုံပဲ...


ထိုကဲ့သို့ ချောမောလှပလွန်းသူတစ်ယောက်သာ အနုပညာလောကထဲ ဝင်လာပါက မည်သည့်စွမ်းရည်ပါရမီမှ မရှိလျှင်ပင် ဘာပြဿနာမှမရှိဘဲ နာမည်ကြီးသရုပ်ဆောင်ဖြစ်လာနိုင်သည်။ 


ကမ္ဘာပေါ်မှ ချောမောလှပသူအများစုကလည်း ထိုအကြောင်းကြောင့်ပင် အနုပညာလောကထဲသို့ အများအပြား ဝင်လာကြသည်သာဖြစ်သည်။ ရှဲ့လုယွီက သူ့ဘဝ၌ ချောမောလှပမှုအဖုံဖုံကို တွေ့ပြီးပြီ ဟု ထင်ခဲ့သော်လည်း ယနေ့တွင်မူ သူမှားယွင်းကြောင်း သိလိုက်ရသည်။


ကျောက်တုံးတွေကြားထဲမှာလည်း စိန်တုံးတွေ ရှိနေနိုင်သေးတာပဲ...


×××××


ကုချင်းချီ ယခုနေနေသည့်နေရာက ပျက်စီး၍ ပြိုကျလုမတတ်ဖြစ်သော တိုက်ခန်းကျဉ်းလေးတစ်လုံး၌ဖြစ်သည်။ တိုက်ခန်း၏ တစ်ခုတည်းသော လှပသောအရာက တိုက်ခန်းနံရံအနှံ့ တွယ်ကပ်ပေါက်နေသော ဂျပန်နွယ်ပင်လေးများဖြစ်သည်။ 


ကိုယ်တိုင်မျက်လုံးနှင့်သာမမြင်ရလျှင် ဤမျှတိုးတက်သော မြို့ကြီးပြကြီး၌ ယခုကဲ့သို့ စုတ်စုတ်ပြတ်ပြတ်တိုက်ခန်းတစ်ခုရှိနေသည်ကို ယုံနိုင်ရန်ခက်ပေလိမ့်မည်။ တိုက်ခန်းအိုလေးက မြို့ပြ၏ ခမ်းနားကြီးကျယ်လှပသော အဆောက်အအုံများကြား၌ ရှိနေကာ အခက်အခဲများစွာရှိသော်လည်း တစ်နေ့ထက်တစ်နေ့ အသက်ရှင်ရန်ကြိုးစားနေကြသော အောက်ခြေမှလူများနှင့် ပြည့်နေသည်။ 


တိုက်ခန်းအဝင်မှ မီးသီးများက ကျွမ်းနေကြသည်မှာ ကြာပြီဖြစ်သောကြောင့် မှောင်မည်းနေသည်။ သို့သော် ကုချင်းချီက ဒုတိယထပ်၌ နေသောကြောင့် ထိုတိုက်ခန်းအဝမှ အမှောင်ထုကို ခဏသာ ဖြတ်သန်းလိုက်ရသည်။ 


ကုချင်းချီက အခြားလူများနှင့် စုနေနေခြင်းဖြစ်သည်။ တိုက်ခန်းပိုင်ရှင်က အခန်းများကို အခန်းငယ်လေးများထပ်ခွဲပေးထားသည်။ ထို့ကြောင့် နဂိုတည်းက ကျဉ်းမြောင်းသောအခန်းများ၌ လူ လေး ငါး ယောက် တူတူနေနိုင်သွားသည်။ ခုတင်တစ်လုံးထည့်ရုံနှင့် ပြည့်လုနီးပါးဖြစ်သွားသော အခန်းအသေးလေးကသာ ကုချင်းချီတစ်ယောက်တည်းပိုင်သော အခန်းလေးဖြစ်သည်။ သို့သော် တိုက်ခန်းက မြို့လယ်ခေါင်၌ ရှိသောကြောင့် ထိုကဲ့သို့ အခန်းကျဉ်းလေးအတွက်ပင် ငှားရမ်းခက မနည်းချေ။ 


အခန်းထဲသို့ ကုချင်းချီဝင်လိုက်သောအခါ ဧည့်ခန်းထဲ၌ အခြား အခန်းဖော်များရှိနေကြသည်။


ထိုကျဉ်းမြောင်းသောအခန်းလေးကိုလည်း ဧည့်ခန်းဟုပင် ခေါ်၍မရပေ။ ထိုအခန်းကျဉ်းလေးထဲ၌ ဆိုဖာတစ်လုံးရှိနေ၍ အခြားနေရာများတွင် ကတ်ထူပုံးများ အပြုံလိုက်ရှိနေကြသည်။ 


ကြိုးတစ်ချောင်းဂါဝန်နှင့် အမျိုးသမီးတစ်ယောက်က ဧည့်ခန်းထဲမှ ထွက်သွားရန်ပြင်နေသည်။ သူ့မျက်ခွံများက အပြာရောင်မျက်ခမ်းဆိုးဆေးများဖြင့် ခြယ်သထားကာ မျက်တောင်များ၌လည်း မျက်တောင်ကော့ဆေးများ အလွန်အကျွံသုံးထားပြီး ဆံပင်များကလည်း ရေစို‌နေဆဲဖြစ်သည်။ 


ထိုအမျိုးသမီးနှင့် ကုချင်းချီတို့က တစ်ယောက်နှင့်တစ်ယောက် တစ်ချက်ကြည့်လိုက်ကြသည်။ ထို့နောက်တွင်မူ တစ်ယောက်က အပြင်သို့ထွက်သွားပြီး တစ်ယောက်က အခန်းထဲသို့ ဝင်သွားလေသည်။ မည်သူကမှ ပါးစပ်ဟပြီး စကားတစ်ခွန်းမှ မပြောလိုက်ကြပေ။ ဤအခန်း၌နေနေကြသော လူများအားလုံးက တစ်မိုးအောက် အတူနေနေကြသော်လည်း ထုတ်မပြောသော်လည်း အလိုလိုသိနေကြသည့် စည်းကမ်းချက်တစ်ခုအလား အချင်းချင်း သူ့စည်းကိုယ့်စည်းထား၍ နေကြကာ တစ်ယောက်အ‌ကြောင်းတစ်ယောက် မစပ်စုကြပေ။ 


ကုချင်းချီလည်း အခန်းတံခါးကိုတွန်းဖွင့်၍ အခန်းထဲသို့ ဝင်ဝင်လိုက်ချင်းမှာပင် နဂါးလီ(Dragon Li)ကြောင်လေးတစ်ကောင်က တညောင်ညောင်အော်ပြီး ကုချင်းချီ၏ဘောင်းဘီအနားစကို ကုတ်ကာ ကုချင်းချီ၏လက်ထဲသို့ အတင်းတွယ်တက်ရန် ကြိုးစားနေလေ

တော့သည်။


[T/N: နဂါးလီကြောင် - တရုတ်က ကြောင်အမျိုးအစားလေးတစ်မျိုး။ မြန်မာကြောင်လေးတွေနဲ့တူ‌ပေမယ့် အမွှေးပိုထူပြီး ချစ်စရာလေးတွေပါ။]


ကုချင်းချီက အိမ်မွေးတိရစ္ဆာန်များမွေးရသည်ကို မကြိုက်‌၍ မွေးရန်လည်း စိတ်ကူးမရှိခဲ့ပေ။ သူ့ကိုယ်သူပင်အနိုင်နိုင် ဂရုစိုက်နေရသောကြောင့် အခြားသက်ရှိတစ်ကောင်ကို ဂရုစိုက်ရန်ကို စဉ်းစားရုံနှင့်ပင် ကုချင်းချီ စိတ်ညစ်မိသည်။


ဤကြောင်လေးက ကုချင်းချီနားသို့ သူ့ဘာသာသူ ရောက်လာခြင်းဖြစ်သည်။ စရောက်လာစဉ်က ထိုကြောင်လေးက ပိန်ညှောင်၍ နေလည်းမကောင်းပုံပေါ်ကာ အရိုးပေါ်အရေတင်ဖြစ်နေသည်။ 


ထို‌ကြောင်လေးက ရက်အတော်ကြာသည့်တိုင် နေ့တိုင်း တိုက်ခန်းရှေ့ရှိ ဂျပန်နွယ်ပင်များကြား၌ ရှိနေတတ်သည်။ ကုချင်းချီကို မြင်သည့်အခါတိုင်း ကုချင်းချီနားသို့ ကပ်လာတတ်ပြီး ကုချင်းချီက အဝေးသို့ ထွက်သွားသည်နှင့်တစ်ပြိုင်နက် စိတ်တိုသည့်ပုံဖြင့် နွယ်ပင်များကြားပြန်ဝင်သွားတတ်သည်။ ညဘက်များတွင် ကုချင်းချီက မည်မျှပင် နောက်ကျမှ အိမ်ပြန်လာပါစေ၊ ထိုကြောင်လေးက အမြဲတမ်း နွယ်ပင်များကြားမှ ထွက်လာကာ ကြိုနေတတ်သည်။ 


ကုချင်းချီက အစကမူ ထိုကြောင်လေးကို မမြင်ချင်ယောင်ဆောင်၍ ထိုအကောင်သေးသေးလေးက သူ၏ ခြေထောက်တိုတိုလေးများဖြင့် မည်မျှပင် အနောက်သို့ တကောက်ကောက်လိုက်နေပါစေ၊ ကုချင်းချီက မရပ်ပေးခဲ့ပေ။


တစ်နေ့တွင်မူ ထိုကြောင်လေး၏ခြေထောက်က ကျိုးနေ၍ ထော့နဲ့ထော့နဲ့ဖြစ်နေသည်ကို ကုချင်းချီ သတိထားမိခဲ့သည်။ သူ့တစ်ကိုယ်လုံးကလည်း ယခင်ကကဲ့သို့ သန့်သန့်ရှင်းရှင်းမဟုတ်ဘဲ ညစ်ပတ်ပေရေနေသည်။ သို့သော် ကုချင်းချီကို မြင်သည်နှင့် တစ်ပြိုင်နက် ပျော်ရွှင်နေသည့်ပုံလေးဖြင့် ပြေးလာလေသည်။ 


ဒီလောက်တောင် ဇွဲကောင်းတဲ့ကြောင်မျိုး တစ်ခါမှ မတွေ့ဖူးဘူး...


ထိုနေ့တွင် ကုချင်းချီက အလုပ်မှခွင့်ယူပြီး ထိုလ၏ လစာတစ်ဝက်ကို သုံးကာ ကြောင်လေး၏ခြေထောက်ကို ဆေးခန်း၌ ကုပေးခဲ့သည်။ ထို့နောက် ကြောင်အိပ်ရာလေးတစ်လုံးဝယ်ကာ ကျဉ်းမြောင်းလှသောအိပ်ခန်းထဲ၌ နေရာရှင်းပြီး ထည့်ထားပေးလိုက်သည်။


ကုချင်းချီက စားစရာအိတ်ကို ခုတင်ဘေးရှိစားပွဲပေါ်သို့ ချလိုက်သည်။ ကုချင်းချီ ခုတင်ပေါ်သို့ ထိုင်ပြီးပြီးချင်းမှာပင် ကြောင်လေးက ပေါင်ပေါ်သို့ ခုန်တက်လာသည်။


‌ပေါင်ပေါ်၌ထိုင်နေရင်းက ပျော်ရွှင်စွာ တညောင်ညောင်အော်ရင်း ကုချင်းချီ၏ မေးစေ့ကို လျက်ရန် ကြိုးစားနေသည်။ ဤကြောင်လေးက အခြားကြောင်များကဲ့သို့ သု့ဘာသာသူ တသီးတစ်သန့်မနေဘဲ ချစ်စရာကောင်းစွာဖြင့် တစ်နေကုန် ကုချင်းချီနားကပ်ရန်သာ အလစ်ချောင်းနေလေ့ရှိသည်။


ကြောင်လေးနှင့် ဆန့်ကျင်စွာ အေးအေးစက်စက်နေနေသူကမူ ကုချင်းချီဖြစ်သည်။ ကုချင်းချီအတွက် နေ့တိုင်း ကြောင်လေးကို အစာကျွေးခြင်းနှင့် သဲဗန်းသန့်ရှင်းခြင်းများက ဝတ္တရားတစ်ခုကဲ့သို့သာ သဘောထားနေ၍ ကြောင်လေးကိုလည်း ပွတ်သီးပွတ်သပ်မရှိလှပေ။ 


ယခုလည်း ကုချင်းချီက သူ့ပေါင်ပေါ်ရောက်နေသော ကြောင်လေးကို လည်ကုပ်မှ ဆွဲမလိုက်သည်။ ကြောင်လေးကမူ မရုန်းဘဲ ခြေထောက်လေးကိုပင် ကွေးပေးလိုက်သေးသည်။


ကြမ်းပြင်ပေါ်သို့ ချလိုက်ပြီးသောအခါ ကြောင်လေးက ထိုနေရာ၌ပင် လိမ်လိမ်မာမာထိုင်ပြီး ကုချင်းချီကို လှမ်းကြည့်နေလေသည်။ 


အစက ကုချင်းချီက ခဏထိုင်ပြီး နားမည်စိတ်ကူးသော်လည်း ကြောင်လေးက အလွန်ကပ်နေသောကြောင့် ပြန်ထလိုက်ရသည်။


စားသောက်ဆိုင်မှ စားပွဲထိုးခေါင်းဆောင်က ကုချင်းချီ၌ ကြောင်လေးရှိကြောင်း သိထားသောကြောင့် ကုချင်းချီအတွက် အစားအသောက်သာမက ကြောင်လေးအတွက်ပါ ငါးအချို့ ထည့်ပေးလေ့ရှိသည်။ 


ကုချင်းချီက ငါးကို ပန်းကန်အသေးလေးပေါ်တင်၍ ချကျွေးလိုက်ရာ ကြောင်လေးက ထစားနေတော့သည်။


ခဏအကြာ၌ ကုချင်းချီ လှမ်းကြည့်လိုက်သောအခါ ကြောင်လေးက သူ့အရုပ်လေးကိုဖက်ပြီး သူ၏အိပ်ရာအသေးလေးပေါ်၌ အိပ်ပျော်နေပြီဖြစ်လေသည်။


ပန်းကန်ထဲ၌ ငါးများက တစ်ဝက်ကျော်ကျော်ခန့် ကျန်နေသေးသောကြောင့် ကုချင်းချီ မျက်မှောင်ကြုတ်လိုက်မိသည်။ ဤကြောင်လေးကို မွေးထားသည်မှာ ရက်အနည်းငယ်ကြာနေပြီဖြစ်သောကြောင့် ကြောင်လေး၏ စားနှုန်းကို ကုချင်းချီသိနေပြီဖြစ်သည်။ ယခု သူထည့်ကျွေးထားသော ပမာဏက ခါတိုင်း ကြောင်လေး ကုန်အောင်စားနေကျဖြစ်သော ပမာဏပင်ဖြစ်လေသည်။


...


စားသောက်ဆိုင်၌ မနက်၊ ညနေ နှင့် ည ဟူ၍ အလုပ်ချိန်သုံးချိန်ရှိသည်။


ကုချင်းချီက ညနေ ငါးနာရီမှ ဆယ်နာရီအထိ ညနေပိုင်းအချိန်ကို လုပ်သူဖြစ်သည်။


ထိုအချိန်က တစ်နေ့တာလုံး၌ အလုပ်အရှုပ်ဆုံးအချိန်လည်းဖြစ်သည်။ လူအများစုက စားသောက်ဆိုင်သို့ ညနေ၌ လာတတ်ကြသောကြောင့် ဘောက်ဆူးများကလည်း ‌ညနေ၌ အများဆုံးရတတ်ကြသည်။ မကောင်းသောအချက်ကမူ အလွန်ပင်ပန်းခြင်းဖြစ်သည်။ 


စားသောက်ဆိုင်က အလုပ်ချိန်အတွင်း ဝန်ထမ်းများ၏ အပြုအမူများနှင့် ပတ်သတ်ပြီး အလွန်စည်းကမ်းတင်းကြပ်သည်။ အလုပ်မဝင်ခင် လေ့ကျင့်သောကာလ၌လည်း အင်္ဂလိပ်လို ကောင်းမွန်စွာပြောနိုင်စေရန် နိုင်ငံခြားသားဆရာတစ်ယောက်ကိုပင်ငှား၍ ကျင့်ပေးခဲ့သည်။ အလုပ်ချိန်အတွင်း၌လည်း တစ်ချိန်လုံး ကိုယ်လုံးကို မတ်မတ်ရပ်နေရသည်။ အလွဲအမှားလေးတစ်ခုလုပ်မိသည်နှင့် လစာထဲမှ ပိုက်ဆံအဖြတ်ခံရသည်။ 


လူငယ်တစ်ယောက်အတွက်ပင် ထိုကဲ့သို့ အမှားအယွင်းမရှိစေရဘဲ လေး ငါးနာရီ ဆက်တိုက်လုပ်ရန်က အလွန်ပင်ပန်းသည်။


ထို့ကြောင့် များသောအားဖြင့် တစ်ယောက်တစ်လှည့်စီ အရက်ဘားကောင်တာကိုမှီပြီး ခဏ အနားယူလေ့ရှိတတ်ကြသည်။ ထိုနေရာမှဆိုလျှင် မည်သည့်စားပွဲက သူတို့ကို လိုနေသည်ကို သိနိုင်သည့်အပြင် ဘားမှလည်း တစ်ခွက်တစ်လေ ကောက်မော့နိုင်သည်။ 


ယခု ကုချင်းချီက ဘားနားသို့ ရောက်လာသည်။ အဖျော်ဆရာက ကုချင်းချီကို သိနေသည်မှာ ကြာပြီဖြစ်သောကြောင့် ကုချင်းချီ အရက်သောက်ရခြင်းကို ကြိုက်မှန်း သိနေသည်။ သို့သော် အလုပ်ချိန်အတွင်း၌ အရက်သောက်ရန်မှာ မသင့်တော်သောကြောင့် အဖျော်ဆရာက ကုချင်းချီအတွက် သစ်သီးဝိုင် လုပ်ပေးလေ့ရှိသည်။ ထိုဝိုင်က အရက်နံ့အနည်းငယ်သာပါဝင်သောကြောင့် အရက်သောက်ထားမှန်း မသိသာစေပေ။ 


ကုချင်းချီက ဝိုင်ခွက်ကို လှမ်းယူ၍ သောက်မည်အလုပ်မှာပင် လုပ်ဖော်ကိုင်ဖက်တစ်ယောက်က မီနူးကို လက်ထဲ၌ ကိုင်၍ အနားသို့ လျှောက်လာသည်။

"ဟေး ချင်းချီ...ဟိုဧည့်သည်ရောက်နေပြန်ပြီ...မင်း စားပွဲထိုးပေးတာပဲ လိုချင်တယ်တဲ့..."


ဘေးမှ ဖန်ခွက်များကို သုတ်နေသော အဖျော်ဆရာက အံ့ဩသွားသည့်ပုံမပေါက်ဘဲ ပြုံးလိုက်သည်။

"နောက်တစ်ယောက်လာပြန်ပြီလား...ချင်းချီကို လိုချင်တဲ့လူတွေက သုံးလေးရက်တစ်ခါလောက် ရှိနေတာပဲ...ငါသာဆိုရင် အဲဒီထဲက တစ်ယောက်ယောက်ကို ကောက်တွဲနေလိုက်ပြီ...ဒါဆိုရင် ဒီမှာလည်း အလုပ်လုပ်စရာမလိုတော့ဘူး...ဒီတစ်ယောက်ကရော ယောင်္ကျားလေးလား မိန်းကလေးလား..." 


လုပ်ဖော်ကိုင်ဖက်က ကုချင်းချီကို မီနူးလှမ်းပေးလိုက်သော်လည်း ကုချင်းချီက မယူဘဲ ဝိုင်ခွက်ကိုချပြီး ထွက်သွားသည်။


ထို့နောက် လုပ်ဖော်ကိုင်ဖက်က ဘားကောင်တာနားသွားပြီး အဖျော်ဆရာနှင့် စကားဆက်ပြောနေလိုက်သည်။ လုပ်ဖော်ကိုင်ဖက်က အနောက်တိုင်းဝတ်စုံကို သန့်ပြန့်စွာဝတ်ထားပြီး ခန္ဓာကိုယ်ပုံစံကလည်း တောင့်ဖြောင့်ကာ အချိုးကျနေသော်လည်း စကားပြောသည့်အခါတွင် လေသံက အနည်းငယ်ဝဲနေသည်။ 


"ချင်းချီကို သိပ်စမနေပါနဲ့...အခုလာတာက ကလေးမလေး ငယ်ငယ်လေး...ကျောင်းသူပဲရှိဦးမယ်ထင်တယ်...ပိုက်ဆံလည်း သိပ်ရှိတဲ့ပုံမပေါ်ပါဘူး...အဲဒီကောင်မလေးက ချင်းချီကို ဆိုင်အပြင်ကနေ လှမ်းမြင်ပြီး အထဲဝင်လာပြီး သူ့ WeChat အကောင့် လာတောင်းတော့တာပဲ...ချင်းချီကို တစ်‌နေ့ တစ်နေ့ ကြွေနေတဲ့လူတွေ ဘယ်လောက်များလဲ ခင်ဗျားမသိဘူးနော်...အခုလို ကလေးမလေးက ဘယ်လိုများ အခွင့်အရေးရမှာလဲ..."


အဖျော်ဆရာက လုပ်ဖော်ကိုင်ဖက်ကို ရေတစ်ခွက်လှမ်းပေးလိုက်သောကြောင့် လုပ်ဖော်ကိုင်ဖက်က ကျေးဇူးတင်ကြောင်းပြောပြီး တစ်ငုံသောက်ကာ ဆက်‌ပြောနေသည်။


"အခုဆို လဝက်လောက်ရှိနေပြီလားမသိဘူး...အဲဒီကောင်မလေးက နေ့တိုင်း ဆိုင်ကိုလာပြီး အအေးတစ်ခွက်ခွက် အမြဲမှာသောက်နေတာ...တခြားစားပွဲထိုးတွေ အအေးလာပို့တာလည်း မကြိုက်ဘူး...ချင်းချီမှချင်းချီပဲ...အဲဒီတော့ ချင်းချီပဲ ပင်ပန်းရတာပေါ့...ကလေးမလေးက ပိုက်ဆံကလည်း သိပ်မရှိတော့ ဘောက်ဆူးလည်းမပေးဘူးလေ..."


အဖျော်ဆရာက ခေါင်းညိတ်ပြလိုက်သည်။


ထိုကဲ့သို့သော ကလေးမလေးများက အချစ်အကြောင်း စိတ်ကူးယဉ်တတ်သော အရွယ်ရောက်နေသောကြောင့် ထိန်းရခက်ကြသည်။ တစ်ဖက်လူအဆင်ပြေ မပြေကို ဂရုမစိုက်ဘဲ သူတို့ကိုယ်သူတို့ အချစ်အတွက် စွန့်စားနေကြသည်ဟု ထင်ကာ တဇွတ်ထိုးလုပ်တတ်ကြသည်။ 


...


ကောလင်က မကြာမီကပင် အချစ်နှင့် ဆုံတွေ့ခဲ့ရသည်။ အချစ်ဆိုသော်လည်း တစ်ဖက်သတ်အချစ်သာ ဖြစ်သည်။ 


ယခုကဲ့သို့ ကောလင်ခံစားနေရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ထိုသူ့ကို မြင်တိုင်း ကောလင်၏နှလုံးသားက ထိန်းမရအောင် တဒိန်းဒိန်းခုန်လာကာ ထိုသူနှင့် ချစ်သူများဖြစ်လျှင် မည်မျှပျော်စရာကောင်းမည်ကိုလည်း တစ်ချိန်လုံးတွေးနေမိသည်။ 

သူနဲ့သာဆိုရင် ကလေးမွေးရတာကတောင် ကြောက်စရာကောင်းတော့မှာမဟုတ်ဘူး...


သူ့ကို ပထမဆုံးမြင်ခဲ့သည့်အချိန်က ကောလင် သူမ သူငယ်ချင်းနှင့် ဈေးဝယ်နေခဲ့ခြင်းဖြစ်သည်။


ကောလင်နှင့် သူငယ်ချင်းက ဈေးအနည်းငယ်တန်သော အရည်အသွေးမြင့်ပစ္စည်းများရောင်းသည့်ဆိုင်သို့ သွားရန်စီစဉ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ဆိုင်မှ အထင်သေးမခံရစေရန် အကောင်းဆုံးအဝတ်အစားများဝတ်၍ ဒေါက်ဖိနပ်များစီးကာ မိတ်ကပ်များလည်း လှပစွာ ပြင်လာခဲ့ကြသည်။ 


ထို့နောက် မျက်နှာများကို တည်တည်ထား၍ ဆိုင်ထဲသို့ဝင်သွားကြရာ ခဏအတွင်းမှာပင် ဈေးများကို မြင်ပြီး မျက်လုံးများပြူးကုန်ကြသည်။ ကောလင်နှင့် သူငယ်ချင်းလည်း တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်လက်ပျက်ကြည့်လိုက်ကြသည်။ ထို့နောက် ကောလင်က ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ရာတွင် မှန်ပြတင်းပေါက်မှတစ်ဆင့် ကုချင်းချီကို မြင်ခဲ့ခြင်းဖြစ်သည်။ 


ကုချင်းချီက စားပွဲတစ်လုံးနား၌ ရပ်နေ၍ ဘယ်ဘက်လက်က ကျောနောက်သို့ ပို့ထားပြီး ဗန်းတစ်ခုကို ညာဘက်လက်ဖြင့် ကိုင်ထားသည်။ သူ၏လှုပ်ရှားမှုတစ်ခုချင်းစီက ကျက်သရေအပြည့်ဖြင့် ဆွဲဆောင်မှု ရှိနေသည်။ 


ထိုစားသောက်ဆိုင်ထဲမှ စားသုံးသူဧည့်သည်များဖြစ်စေ၊ ဝန်ထမ်းများဖြစ်စေ လူများအားလုံးကလည်း သပ်ရပ်ကျော့ရှင်းစွာဖြင့် အနောက်တိုင်းဝတ်စုံပြည့်များ၊ ဂါဝန်များဝတ်ထားကြကာ အခြားကမ္ဘာတစ်ခုကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် ကောလင်နှင့် သူငယ်ချင်းတို့လည်း ဆိုင်ထဲသို့မဝင်ရဲဘဲ အပြင်မှသာ တိတ်တဆိတ် ဓာတ်ပုံများ ခိုးရိုက်ခဲ့ကြသည်။ 


နောက်ရက်တွင်မူ ကောလင်က ရှိသမျှသတ္တိများကိုစုပြီး ထိုစားသောက်ဆိုင်တံခါးကို ဖွင့်ကာ ထူးဆန်းသောကမ္ဘာထဲသို့ ဝင်ခဲ့သည်။


သို့သော်လည်း နောက်ဆုံးတွင်မူ ကောလင်၏ အချစ်က ငြင်းပယ်ခြင်းခံခဲ့ရလေသည်။ 


မည်သို့ပင်ဖြစ်စေ ဤကဲ့သို့သောလူမျိုးကို ကောလင်၏ဘဝ၌ ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။ ကုချင်းချီက အိပ်မက်တစ်ခုကဲ့သို့ လှပလွန်းသည်။ သူ့တို့ကိုယ်သူတို့အတွက်သာကြည့်ပြီး ဂိမ်းဆော့ရန်၊ အခြားလူများကို စနောက်ရန်သာသိသော ကောလင်၏အတန်းထဲမှ ကောင်လေးများနှင့် အလွန်ကွာခြားလှသည်။ 


ကုချင်းချီအ‌ကြောင်းကိုပိုတွေးလျှင်၊ ပို၍ပင် လက်မလွှတ်ချင်ဖြစ်နေသည်။

ငါတို့နှစ်ယောက်က ချစ်သူဖြစ်ကိုဖြစ်ရမယ့်ဖူးစာပါနေတာဆိုရင် ဘယ်လိုလုပ်မလဲ...


သူ့လိုမျိုးရည်းစားလေးသာ ငါ့မှာရှိမယ်ဆိုရင် လူတိုင်းက ငါ့ကို ဝိုင်းပြီး မနာလိုဖြစ်နေကြမှာပဲ...



🏠🏠đŸ