Chapter 5
Viewers 274

🏠 Chapter 5

ရသစုံရှိုး (၁)



နှစ်နာရီစောင့်ပြီးချိန်တွင် ကြောင်လေး၏ ရောဂါက ကြောင်ဝမ်းဗိုက်အမြှေးပါးယောင်ရောဂါဖြစ်မှန်း အတည်ပြုနိုင်သွားသည်။ 


ဆေးကုသရန်ပိုက်ဆံက တကယ်ပင် ဈေးကြီးလှသည်။ အားဆေးများအပါအဝင် တစ်လစာ ဆေးဖိုးက ယွမ် ၁၅၀၀၀ နှင့် ၁၆၀၀၀ ကြားရှိနေသည်။


ကုချင်းချီက မည်သည့်အခါမှ ပိုက်ဆံကို ခြစ်ခြစ်ခြုတ်ခြုတ် မစုခဲ့ဖူးပေ။ သုံးစရာကလည်း သူကိုယ်တိုင်နှင့် ကြောင်လေးသာရှိသောကြောင့် ပိုက်ဆံစုရန်ကို ခေါင်းထဲမထည့်ဘဲ လွတ်လွတ်လပ်လပ်သာ ပိုက်ဆံများကို သုံးနေခဲ့မိသည်။ 


သို့သော် ကုချင်းချီ၏ အလုပ်က ငွေဝင်လွယ်သောအလုပ်ဖြစ်သည်။ တစ်ခါတစ်ရံ၌ တစ်ညစာရသောဘောက်ဆူးက တစ်လစာလခနှင့်ပင် ညီမျှနေတတ်သည်။ ထို့အပြင် ကုချင်းချီက တစ်ကိုယ်တည်းသမားဖြစ်သောကြောင့် သုံးစရာလည်း များများစားစားမရှိချေ။ ထို့ကြောင့် ပိုက်ဆံကို ဦးစားပေး၍ မစုထားသော်လည်း ဘဏ်ထဲ၌ ငွေကြေးပမာဏ ခပ်များများ ရှိနေသည်။ 


သို့သော် ထိုငွေကလည်း ကြောင်လေး၏ တစ်လစာဆေးဖိုးအတွက်ပင် တော်ရုံမလောက်ချင်ပေ။


ကုချင်းချီက ဘာမှစဉ်းစားမနေတော့ဘဲ ပထမလအတွက် ဆေးဖိုးကို ရှင်းလိုက်သည်။


ဆရာဝန်ကမူ အထပ်ထပ်အခါခါသတိပေးနေသည်။ 

"ရောဂါက အခုမဆိုးသေးပေမယ့် ကုမယ်ဆိုရင် အချိန်အကြာကြီးဆက်ကုနေရမှာ...တစ်ဝက်တစ်ပျက်နဲ့ရပ်လိုက်ရင် ပိုဆိုးသွားမယ်...အဆုံးအထိ ဆက်ကုဖို့ ပိုက်ဆံမတတ်နိုင်ဘူးဆိုရင် သေဆေးထိုးလိုက်တာက ခင်ဗျားအတွက်ရော ကြောင်လေးအတွက်ရော အကောင်းဆုံးလမ်းဖြစ်လိမ့်မယ်..."


ကုချင်းချီက သတိပေးသည့်အတွက် ဆရာဝန်ကို ကျေးဇူးတင်စကားပြောလိုက်သည်။ 


"သူ့ကို အခုသက်သာအောင်ပဲ အရင်ကုပေးလိုက်ပါ..."

ကုချင်းချီက အေးအေးဆေးဆေးပြောလိုက်သည်။


ကြောင်လေးကို ချစ်လား မချစ်ဘူးလား ဟု တိုက်ရိုက်မေးလာလျှင် ကုချင်းချီက လွယ်လွယ်ကူကူ အဖြေပေးနိုင်မည်မဟုတ်ချေ။ ထိုကြောင်လေးကို သူချစ်သည်လားလည်း သူ့ကိုယ်သူ သေချာမသိပေ။ သို့သော် ထိုကြောင်လေးကို အခန်းထဲခေါ်မွေးချိန်မှစ၍ ကြောင်လေးကို တစ်သက်လုံး တာဝန်ယူသွားရန်ကို ကုချင်းချီ ဆုံးဖြတ်ပြီးသားဖြစ်သည်။ 


ကုချင်းချီက ပုံမှန်ဆိုလျှင် ကြောင်လေးနှင့် ပွတ်သီးပွတ်သပ်မနေသော်လည်း ယခုတွင်မူ ကြောင်လေးကို လက်မောင်းပေါ်တင်ပြီး ပွတ်ပေးနေမိသည်။ ကြောင်လေးကလည်း ကုချင်းချီ၏လက်ပေါ်၌ ကွေးကွေးလေးနေ၍ သူ့လက်ကို လျက်ပေးနေလေသည်။


ကုချင်းချီ သက်ပြင်းချလိုက်မိသည်။

"မင်းက တကယ်ကို ကံမကောင်းတဲ့ကြောင်လေးပဲ..."


အမှန်ကမူ ကုချင်းချီက အပျင်းကြီးသူတစ်ယောက်ဖြစ်သည်။


အပျင်းကြီးသည်ဆိုသည်မှာ အလုပ်၌ ရေသာခိုခြင်းမျိုးတော့မဟုတ်ပေ။ အခြားလူများကဲ့သို့ အမြင့်ကို မျှော်မှန်းနေခြင်းမျိုးမရှိဘဲ သူ သက်တောင့်သက်သာရှိသောဘဝမျိုး၌ မပြောင်းမလဲ နေနေခြင်းမျိုးဖြစ်သည်။


ကိစ္စကြီးကြီးမားမားတစ်စုံတစ်ရာမရှိလျှင် ကုချင်းချီက သူ၏ နေထိုင်မှုပုံစံကို ပြောင်းလဲရန်စိတ်ကူးမရှိချေ။ သို့သော် အခြေအနေက ပြောင်းလဲရတော့မည့်အခြေအနေ ဖြစ်နေပြီဖြစ်သည်။ အလုပ်ကောင်း၍ ဘောက်ဆူး အများဆုံးရသည့်နေ့မျိုး၌ပင် ကြောင်လေး၏ ဆေးဖိုးများကို ကာမိမည်မဟုတ်တော့ချေ။


"မင်းအခုတလော ဘာတွေဖြစ်နေတာလဲ...တစ်နေ့တည်းနဲ့ အလုပ် နှစ်ဆိုင်းတောင်ဆင်းနေတာ...မင်းလုပ်ရောလုပ်နိုင်ရဲ့လား..."


ကုချင်းချီက အရက်ဘားကောင်တာကို မောပန်းစွာဖြင့် မှီလိုက်သည်။ သူ၏ရှည်လျားသော ခြေထောက်များကို တစ်ချောင်းနှင့်တစ်ချောင်း ယှက်ထားကာ မျက်လုံးများက မှိတ်နေကြသည်။ 


ကုချင်းချီ၏ မောပန်းနွမ်းနယ်နေသောပုံစံကို စားပွဲထိုးခေါင်းဆောင်က မမြင်ချင်ယောင်ဆောင်နေလိုက်သည်။


ခဏအကြာမှ ကုချင်းချီက မျက်လုံးများကို ပြန်ဖွင့်ပြီး လက်များကို အကြောဆန့်လိုက်သည်။ ထို့နောက် ခန္ဓာကိုယ်ကို မတ်မတ်ဖြစ်စေရန် ပြန်ရပ်လိုက်ပြီးမှ စားပွဲထိုးခေါင်းဆောင်ကို တည့်တည့်စိုက်ကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော်ပိုက်ဆံလိုနေလို့..."


"ငါ့မှာတော့ စုထားတဲ့ပိုက်ဆံနည်းနည်းရှိသေးတယ်...မင်းအကူအညီလိုရင်ပြောလေ..."


"မလုပ်ပါနဲ့...အဲဒီလောက် အရေးတကြီးတော့ မလိုသေးပါဘူး..."


စားပွဲထိုးခေါင်းဆောင်၏အမေက ကျန်းမာရေးမကောင်းသူဖြစ်သည်။ ထို့ကြောင့် သူ့အတွက် ပိုက်ဆံကုန်စရာကိစ္စက များသည်။ ကုချင်းချီက စားပွဲထိုးခေါင်းဆောင်ကို ထပ်၍ ဒုက္ခမပေးချင်ပေ။ 


ဘေးမှ အဖျော်ဆရာက ဝင်ပြောလိုက်သည်။

"ချင်းချီသာ တကယ်လုပ်ချင်စိတ်ရှိရင် ပိုက်ဆံရှာရတာများ လွယ်လွယ်လေး...သူ့နားကပ်နေတဲ့ ဧည့်သည်တွေကိုလည်းကြည့်လိုက်ဦး...အဲဒီထဲမှာ မီလျံနာသူဌေးမဟုတ်တဲ့လူက လက်ချိုးရေလို့ရတယ်..."


အဖျော်ဆရာပြောသည်ကလည်း အမှန်ဖြစ်သည်။ နဂိုတည်းက ပိုက်ဆံမချမ်းသာသူများကလည်း ဤစားသောက်ဆိုင်ကဲ့သို့နေရာမျိုးသို့ ရောက်မလာချေ။ 


အဖျော်ဆရာက မုတ်ဆိတ်မွှေးခပ်တိုတိုနှင့် မျက်တွင်းခပ်နက်နက်ရှိကာ သူ့မျက်လုံးများက စူးရှနက်ရှိုင်းသည်။ အဖျော်ဆရာ၏ရုပ်ရည်က အတော်ချောမော၍ နိုင်ငံခြားသားရုပ်‌အနည်းငယ်ပေါက်နေသည်။ သို့သော်လည်း အဖျော်ဆရာမှာ ၁၀၀% ပေကျင်းသားဖြစ်သည်။ 


အဖျော်ဆရာကို အသိများက ချန်ကျိုး ဟု ခေါ်ကြသည်။ သူ့မျိုးရိုးနာမည်က တကယ်ပင် ချန် ဖြစ်သော်လည်း ကိုယ်ပိုင်နာမည်ကမူ ကျိုး မဟုတ်ပေ။ အခြားသူများ၏စကားအရ ချန်ကျိုး၏ နာမည်အရင်းက ဆိုးလွန်းလှ၍ သူ့နာမည်အရင်းကို ဘယ်တော့မှထုတ်မပြောဘဲ ထိုနာမည်ကိုခေါ်သူများကိုလည်း ဒေါသထွက်တတ်သည်။ 


ချန်ကျိုးက အမြဲတမ်း သူ့ကိုယ်သူလည်း ကောင်းမွန်စွာ ဝတ်ဆင်တတ်သည်။ ယခု သူ့လက်ညှိုး၌ ဝတ်ထားသော လက်စွပ်မှာ Cartier ဖြစ်ပြီး စီးထားသော သားရေဖိနပ်များမှာလည်း Testoni ဖြစ်သည်။ ပုံမှန်ဆိုလျှင် သူ့လစာလေးဖြင့် ထိုကဲ့သို့ ဈေးကြီးသည့် branded ပစ္စည်းများကို လုံးဝဝယ်နိုင်မည်မဟုတ်ချေ။ 


သို့သော် ချန်ကျိုးက သူ့လစာကို မှီခိုနေထိုင်သူမဟုတ်ပေ။ ချန်ကျိုးက မိန်းမများကို မှီခိုနေထိုင်သူဖြစ်သည်။ သူက ရည်းစားများကို တစ်ယောက်ပြီးတစ်ယောက် ထည်လဲတွဲတတ်သည်။ ချန်ကျိုး၏ အချိန်အကြာဆုံးချစ်သူသက်တမ်းက ၃ လဖြစ်သည်။ သူနှင့် သူ့ချစ်သူများအားလုံးကလည်း ကြည်ဖြူစွာပင် နှစ်ဦးသဘောတူလမ်းခွဲခဲ့ကြသည်သာဖြစ်သည်။ 


ချန်ကျိုးက မိန်းကလေးတစ်ယောက်နှင့် မတွဲခင်တည်းက သူက မိန်းကလေးများကို အတည်တွဲရန်စိတ်ကူးမရှိဘဲ အပျော်သက်သက်သာ တွဲချင်သူဖြစ်ကြောင်း ရည်ရွယ်ချက်ကို ကြိုပြောထားပြီးသားဖြစ်သည်။ ချန်ကျိုးက ရည်းစားပွေသူတစ်ယောက်ဖြစ်သော်လည်း EQ ကမူ အတော်မြင့်သည်။ ချန်ကျိုးက သူ့ချစ်သူများအပေါ် ဘယ်တုန်းကမှ မဖောက်ပြန်ခဲ့ပေ။ ထို့အပြင် ချန်ကျိုး၌ သူ့ဘာသာသူ ချမှတ်ထားသော စည်းကမ်းချက်နှစ်ခုလည်းရှိသည်။ စည်းကမ်းချက် နံပါတ်တစ်က ဘယ်တော့မှ ပိုင်ရှင်ရှိသူမိန်းကလေးတစ်ယောက်ကို မတွဲရန် နှင့် ဒုတိယအချက်က ဖောက်ပြန်သူများနှင့် ဘယ်တော့မှ မတွဲရန် ဖြစ်သည်။ 


တကယ်တမ်းတွင် ချန်ကျိုးက သူ့ချစ်သူများကို တလေးတစားဆက်ဆံတတ်သူဖြစ်သည်။ သူ့ကိုယ်သူ အမြဲနှိမ့်ချ၍ ချစ်သူကောင်မလေးများ စိတ်ကျေနပ်ရန်ကိုသာ ဦးစားပေးတတ်သည်။ ထို့ကြောင့် ရည်းစားဟောင်းများကြား၌ ချန်ကျိုးက အမြဲနာမည်ကောင်းရနေတတ်သည်။ 


သို့သော် ချန်ကျိုးက ကုချင်းချီနား၌ သူ့ကိုသဘောကျနေကြသူများ ဝိုင်းဝိုင်းလည်နေခြင်းကို မနာလိုဖြစ်မိကာ ကုချင်းချီက ထိုအခွင့်အရေးများကို အလဟဿဖြုန်းတီးနေခြင်းကိုလည်း မချင့်မရဲဖြစ်နေမိသည်။ ကုချင်းချီကိုလည်း အခွင့်အရေးရတိုင်း သူ့ကိုလိုက်နေသူထဲမှ တစ်ဦးဦးနှင့် ကောက်တွဲလိုက်ရန် အမြဲနားချနေတတ်သည်။ 


"ယောင်္ကျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကိုရွေးလိုက်ကွာ...မင်းဘက်ရော သူ့ဘက်ရော နှစ်ဘက်လုံးအတွက် အကျိုးရှိတယ်...ရုပ်ချောတယ်ဆိုတာ ရှားပါးပစ္စည်းကွ...ကိုယ့်အလှကို အသုံးချဖို့ကို ရှက်မနေသင့်ဘူး..."


ကုချင်းချီကမူ ဘာမှမတတ်နိုင်ဘဲ ပြုံးသာပြုံးနေလိုက်ရသည်။

"ငါနဲ့ အဆင်ပြေမှာမဟုတ်ပါဘူး..ချစ်သူတွေ ရည်းစားတွေထားရတာ ငါ့အတွက် မွန်းကြပ်တယ်..."


"ဘာကိုမွန်းကြပ်တာလဲ...မင်းဆက်မတွဲချင်တော့ဘူးဆိုရင် ပွင့်ပွင့်လင်းလင်းပြောလိုက်ရုံပဲလေ...ဒါဆိုရင် မင်းတို့နှစ်ယောက်သဘောတူ လမ်းခွဲလို့ရတယ်...ငါတို့ပတ်ဝန်းကျင်က လူတွေအကုန်လုံးက အကျိုးသင့်အကြောင်းသင့်စဉ်းစားတတ်တဲ့လူတွေပါ...ကောင်းကောင်းပြောရင် လက်ခံကြမယ့် လူတွေချည်းပဲ..."


ချန်ကျိုးက ပြောရင်း ဝိုင်တစ်ခွက်ကို ကုချင်းချီနားသို့ တွန်းပို့ပေးလိုက်သည်။

"သောက်ကြည့်...ငါ အသစ်စပ်ကြည့်ထားတာ..."


ကုချင်းချီက ဘားကောင်တာကို မှီပြီး ဝိုင်ခွက်ကို လက်တစ်ဖက်ဖြင့် လှမ်းယူလိုက်သည်။ ခွက်ကို အနည်းငယ် လှုပ်လိုက်သောအခါ ခွက်အောက်ခြေမှ အပြာရောင်အရည်များက ဝိုင်ထဲသို့ ပျော်ဝင်သွားသည်။


"ငါ ဆိုလိုချင်တာက ရည်းစားထားလိုက်ပြီဆိုရင် ကိုယ့်ဘာသာကိုယ် နေချင်သလိုနေလို့မရတော့ဘူးလေ...ဘာပဲလုပ်လုပ် တစ်ဖက်လူအတွက် စဉ်းစားပေးနေရတော့မှာ..."

ကုချင်းချီကပြောရင်း ဝိုင်ကိုတစ်ငုံသောက်လိုက်သည်။


"ဥပမာ ငါ ဒီနေ့ စိတ်အခြေအနေမကောင်းလို့ တစ်ယောက်တည်းနေချင်တယ်ဆိုပါတော့...ငါ့မှာသာ ရည်းစားရှိနေရင် ဒီညမှာ သူဘာလုပ်ချင်တယ်ဆိုတာကို လိုက်စဉ်းစားပေးနေရတော့မှာလေ...သူက ညစာတူတူစားချင်တယ်ဆိုရင် လိုက်ပေးရမယ်...အဲဒီလိုဆိုရင် ငါစိတ်အခြေအနေမကောင်းတာက သူ့အပေါ်လည်း သက်ရောက်တော့မယ်...အဲဒီလိုမျိုးတွေပေါ့... ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းနေတယ်ဆိုရင် လွတ်လပ်မှုရှိတယ်လေ...ဒီလိုမျိုးတွေ စဉ်းစားနေစရာမလိုဘူး..."


"ဟ...မင်းက သူများကို ဝန်ဆောင်မှုပေးတဲ့အလုပ်ကိုလုပ်နေပြီးတော့ ဒီလောက်တော့ သိသင့်တယ်လေ...ဟုတ်တယ်...ရည်းစားရှိနေရင် ကိုယ်လုပ်ချင်တာတော့ လုပ်လို့မရဘူး...ဒါပေမယ့် သူ့ဘက်ကိုယ့်ဘက် ညှိနှိုင်းလို့ရတာပဲ...ပြီးပြည့်စုံနေတဲ့လူဆိုတာမှ မရှိနိုင်ဘဲ...အဲဒီလိုအချိန်တွေမှာဆိုရင် မင်းရဲ့စိတ်ကို အခြားကိစ္စတွေဆီ မရောက်စေဘဲ မင်းချစ်သူ‌ပေါ်မှာပဲ အာရုံစိုက်ထားလိုက်ပေါ့...နှစ်ဘက်လုံးက ကိုယ်လိုချင်တာရရင် ပြီးတာပဲ...သိပ်ပြီး ရှည်ရှည်ဝေးဝေးတွေ မစဉ်းစားပါနဲ့ကွာ..."


ကုချင်းချီက ခေါင်းခါလိုက်သည်။

"မလုပ်နိုင်ပါဘူး...အဲဒီလိုလုပ်မယ့်အစား သေသွားတာကမှ ကောင်းဦးမယ်..."


ချန်ကျိုးက ဘားကောင်တာကို သုတ်ပြီး အဝတ်ကို ဘေးပို့ကာ ကုချင်းချီနား၌ ရပ်လိုက်သည်။

"ဪ ငါ့မှာ မိတ်ဆွေတစ်ယောက်ရှိတယ်...သူက ဒီဇိုင်နာ...Taobao ပေါ်မှာဆိုင်ဖွင့်ထားတာ...ဟိုရက်တုန်းက သူ့ဆိုင်အတွက် မော်ဒယ် လိုနေတယ်ပြောနေလို့...ငါ မင်းကို သူနဲ့ ချိတ်ပေးမယ်လေ...ရေရှည်အလုပ်တော့မဟုတ်ပေမယ့် အပိုငွေနည်းနည်းတော့ ဝင်တာပေါ့..."


[T/N: Taobao - တရုတ်မှ online shopping app တစ်မျိုး။]


ကုချင်းချီက ချန်ကျိုးက လှည့်ကြည့်လိုက်သည်။ 

"အဲဒီ ဒီဇိုင်နာက မိန်းမ လား..."


"အေးပေါ့ကွ..."


"သူက မင်းကို သူ့ဆိုင်အတွက် မော်ဒယ်လုပ်ပေးဖို့ပြောတာလား..."


"ဟုတ်တယ်...ဒါပေမယ့် ငါ့ထက်စာရင် မင်းက ပိုအဆင်ပြေတယ်လေ...အဲဒီလိုအလုပ်တွေက ပင်ပန်းတယ်...ငါမကြိုက်ပါဘူး..."


"ငါ လုပ်ပါ့မယ်...ကျေးဇူးပါပဲ..."


"အေး ကောင်းတယ်...သူ့ကိုငါ ကျေးဇူးကြွေးပြန်ဆပ်စရာရှိတာနဲ့ အတော်ပဲ...မင်းလည်း ငါ့အပေါ် ကျေးဇူးရှိသွားပြီနော်...ဘာပဲဖြစ်ဖြစ် ငါ့အတွက်ကတော့ အကုန်အကျိုးရှိတယ် ဟားဟား..."


ချန်ကျိုးက ထိုသို့ပြောနေသော်လည်း စေတနာသက်သက်ဖြင့်သာ သူ့ကို ကူညီလိုက်ခြင်းဖြစ်သည်ကို ကုချင်းချီသိသည်။ ထို့ကြောင့် ချန်ကျိုး၏ ကူညီမှုကို သတိတရ မှတ်ထားလိုက်သည်။ 


ကုချင်းချီ၏ နှုတ်ခမ်းများက အနည်းငယ်ပြုံးသွားပြီး ဝိုင်ခွက်ကို တစ်ရှိန်ထိုး မော့ချလိုက်သည်။ ထို့နောက် ခွက်ကို ဘားကောင်တာပေါ်၌ မှောက်လျက်တင်လိုက်ကာ ထိုင်နေရာမှ ထလိုက်သည်။ အလုပ်ပြန်လုပ်ရတော့မည်ဖြစ်သည်။


ရုတ်တရက် ချန်ကျိုး၏ လေချွန်သံကြောင့် ကုချင်းချီ၏ခြေလှမ်းများ ရပ်သွားသည်။ ထို့နောက် အနောက်သို့ လှည့်ကြည့်လိုက်ရာ ချန်ကျိုးက သူ့ကို လက်မထောင်ပြနေသည်ကို မြင်လိုက်ရသည်။

"ဟန်ပန်တွေက အရမ်းမိုက်နေပြီ..."


ထိုအခါမှပင် ကုချင်းချီ၏ ကြုတ်နေကြသော မျက်ခုံးများလည်း အနည်းငယ်ပြေလျော့သွားကာ အခုရက်ပိုင်း ခံစားနေရသော စိတ်ဖိစီးမှုလည်း အနည်းငယ်ပျောက်ကွယ်သွားသည်။ ကုချင်းချီ၏ နှုတ်ခမ်းများက ပြုံးသွားကြသည်။


ချန်ကျိုးသာမက စားပွဲထိုးခေါင်းဆောင်ပါ ထိုအပြုံးကြောင့် ရုတ်တရက် အံ့ဩမှင်သက်သွားကြသည်။


ချန်ကျိုးက ဝိုင်ခွက်ကို သန့်စင်ပြီး ဗီရိုထဲ ပြန်ထည့်လိုက်သည်။ 

"တကယ်နှမျောစရာပဲ...ကုချင်းချီသာ မိန်းကလေးဆိုရင် ကျွန်တော်လည်း ရည်းစားတွေ ထည်လဲတွဲနေမှာမဟုတ်ဘူး...သူ့ကိုပဲ တွဲတော့မှာ..."


...


ဤမော်ဒယ်အလုပ်သာ အဆင်ပြေသွားလျှင် ကုချင်းချီ၏ ကြပ်တည်းနေသော ငွေကြေးအခြေအနေက နည်းနည်းအဆင်ပြေလာလောက်သည်။


ပိုက်ဆံများများနှင့် မြန်မြန်ရသော အလုပ်များက ရှားပါးလှသည်။ 


ကုချင်းချီ၏ အထက်တန်းအောင်အဆင့်သာရှိသော ပညာရေးနောက်ခံကြောင့် အလုပ်များစွာ လုပ်မရပေ။ နိုင်ငံသားကတ်ပြားပေါ်မှ ကုချင်းချီ၏ အသက်က ၂၂ နှစ်သာရှိသေးသောကြောင့် ငယ်သေးသည်ဟု ပြော၍ရသည်။ အစကမူ ကုချင်းချီက တက္ကသိုလ်ဆက်တက်ရန်စိတ်ကူးထားသော်လည်း တက္ကသိုလ်တက်ရန်က လွယ်လွယ်နှင့်ရသော ကိစ္စမဟုတ်ချေ။ ပြင်ဆင်ရမည့်ကိစ္စများစွာရှိသောကြောင့် တက္ကသိုလ်တက်မည့်ကိစ္စကို နောက်ဆုတ်ထားလိုက်ရသည်။ 


ပုံမှန်ဆိုလျှင် ကုချင်းချီကို အနုပညာလောကထဲဝင်ချင်လား သို့မဟုတ် မော်ဒယ်လုပ်ချင်လား ဟု လာလာမေးကြသူ များစွာရှိသည်။ 


သို့သော် တစ်နေ့တစ်နေ့ စိတ်ရှုပ်စရာကောင်းလောက်အောင် လာလာမေးနေကြသည်တော့မဟုတ်ပေ။ အဓိကက ကုချင်းချီ၌ အပေါင်းအသင်းများများစားစားမရှိဘဲ တစ်ယောက်တည်းသာ နေလေ့ရှိသောကြောင့် ထို အနုပညာလောကမှလူများနှင့်လည်း အဆက်အစပ်မရှိလှသောကြောင့်ဖြစ်သည်။


လာမေးခံရသူကိုယ်တိုင်က အနုပညာရှင်တစ်ယောက်မလုပ်ချင်လျှင် လာမေးသူတော်တော်များများကလည်း ရုပ်ရည်လေးချောရုံနှင့် အနုပညာလောကထဲဝင်ရန် အတင်းဆွဲခေါ်မနေချေ။ ချောမောသောရုပ်ရည်လေးကိုသာ ချီးကျူးပြီး ထွက်သွားတတ်ကြသည်။ 


ကုချင်းချီ အလုပ်လုပ်သောစားသောက်ဆိုင်ဘေး၌ ရုပ်ရှင်စတူဒီယိုရှိသောကြောင့် ထိုကဲ့သို့ လာခေါ်‌သူများနှင့် တွေ့နေရခြင်းဖြစ်သည်။ ထိုစတူဒီယို၌ ရုပ်ရှင်နှင့်ဇာတ်လမ်းတွဲများစွာ ရိုက်ကူးသောကြောင့် စားသောက်ဆိုင်နား၌ အနုပညာလောကမှလူများက ခြေချင်းလိမ်နေတတ်ကြသည်။ 


သို့သော် ထိုလူများကလည်း လမ်းပေါ်မှ တွေ့သမျှလူတိုင်းကို မင်းသားလုပ်ရန် ဆွဲခေါ်နေသည် မဟုတ်ချေ။ ရုပ်ရှင်ခေတ်အစက ထိုကဲ့သို့ လမ်းပေါ်၌ မင်းသား မင်းသမီးများလိုက်ရှာခြင်း ရှိကောင်းရှိနိုင်ခဲ့သော်လည်း ယခုတွင်မူ ထိုသို့ မလုပ်တော့ချေ။ 


ယခုခေတ်၏ တက်သစ်စအနုပညာရှင်များက အစစအရာရာပြည့်စုံနေကြပြီဖြစ်သည်။ လူတိုင်းက ရုပ်ရည်လည်းချောမော၊ သီချင်းလည်းဆိုနိုင်၊ ကလည်းကနိုင်ကာ အဘက်ဘက်မှ ပြီးပြည့်စုံနေကြသည်။ ထို့ကဲ့သို့ တက်သစ်စများနှင့် ပြည့်နေသောကြောင့် လမ်းများပေါ်၌ လူလိုက်ရှာစရာမလိုတော့ချေ။ 


လမ်းပေါ်၌ အမှတ်မထင် အလွန်‌ချောမောသောလူတွေ့လျှင်လည်း ဆွဲခေါ်မနေတော့ဘဲ ရုပ်ရည်လေးကိုသာ နှမျောသည်ဟုပြောပြီး ပြီးသွားကြသည်။ 


သို့သော် ကုမ္ပဏီအသေးစားလေးများကမူ တက်သစ်စအနုပညာရှင်များလိုနေတတ်သောကြောင့် လူရှာသောအေးဂျင့်များဖြင့် လူလိုက်ခေါ်နေကြသည်များ ရှိနေတတ်သည်။ ထိုကဲ့သို့ အေးဂျင့်များတွင်လည်း ၅၀% က ငွေလိမ်စားသူများ၊ ၄၀% က လိင်အမြတ်ထုတ်ချင်သူများနှင့် ၁၀% ကသာ အနုပညာလောကသို့ လောလောလတ်လတ်ဝင်လာ၍ အနုပညာရှင်များကိုရှာနေသော အေးဂျင့်အစစ်များဖြစ်ကြသည်။ 


ထို့ကြောင့် ကုချင်းချီက သူ့ကို လာခေါ်သူတိုင်းကိုမယုံချေ။ မည်သူက အစစ်အမှန်အေးဂျင့်၊ မည်သူက ငွေလိမ်စားသူ စသဖြင့် ခွဲနေရန်လည်း အချိန်မရှိချေ။ 


ချန်ကျိုးပြောသကဲ့သို့ ချောမောလှပမှုက ရှားပါးမှုတစ်ခုဖြစ်၍ ထိုအလှအပကိုအသုံးချသင့်သည်မှာ မှန်သည်။ သို့သော် အသုံးချရမည့်နေရာကလည်း ရှိဦးမှ ဖြစ်ပေမည်။ 


ထို့အပြင် ကုချင်းချီက သူနှင့်မရင်းနှီးလှသော ထိုအနုပညာလောကထဲသို့ မဝင်ချင်လှပေ။ 



🏠🏠đŸ