Chapter 6
Viewers 263

🏠 Chapter 6

ရသစုံရှိုး (၂)



ကုချင်းချီ၌ ပိုက်ဆံလိုနေသည်ဟုပြောသောအခါ လူတော်တော်များများ အံ့အားသင့်ကုန်ကြသည်။ ထို့နောက် ဘာမှသေချာမစဉ်းစားဘဲ ပိုက်ဆံများများရနိုင်သည့် အနုပညာလောကထဲသို့ ဝင်သင့်သည်ဟု အကြံပေးကြသည်။ 


အနုပညာလောကဆိုသည်မှာ ဝင်ချင်တိုင်းဝင်နိုင်သည့် နေရာတစ်ခုမဟုတ်ပေ။ ဘဝ၌ မည်သည့်အရာကမှ လွယ်ကူနေသည်မဟုတ်ချေ။ အနုပညာလောက က ငွေဝင်ကြမ်းကြောင်းကို လူတိုင်းသိကြသည်။ သို့သော် ထိုလောကထဲသို့ ဝင်ပြီး မွဲတေနေသူများလည်း အမြဲရှိနေကြလေသည်။ 


ကုချင်းချီကလည်း အနုပညာလောကထဲ ခြေစုံပစ်ဝင်၍ ကျိကျိတက်ချမ်းသာသွားလောက်အောင် ထူးခြားနေသည် ဟု သူ့ကိုယ်သူ မထင်မိချေ။


ဘုရားသခင်က ကုချင်းချီကို မည်သို့သောအခါကမှ ပစားမပေးခဲ့ဖူးချေ။ 


...


ချန်ကျိုးမိတ်ဆက်ပေးသော မိတ်‌ဆွေက ပွင့်ပွင့်လင်းလင်းနှင့် ပြောဆိုရလွယ်သူဖြစ်သည်။


သူက အနီးအနားက စတူဒီယို၌ မော်ဒယ်များကို ရှုတင်လုပ်နေ‌ကြောင်း ကုချင်းချီကိုပြောကာ ကုချင်းချီအားသည့် မည်သည့်အချိန်မဆို အင်တာဗျူးလာဖြေရန် ပြောလိုက်သည်။ 


သူပြောသော စတူဒီယိုက နီးနီးလေးဖြစ်၍ ဘတ်စ်ကားနှင့် သုံးမှတ်တိုင်သာစီးရသည်။


ထိုမိတ်ဆွေနှင့် ဖုန်းပြောပြီးသည်နှင့်တစ်ပြိုင်နက် ကုချင်းချီ ထိုစတူဒီယိုဆီသို့သွားလိုက်သည်။ စတူဒီယိုသို့ရောက်သောအခါ မျက်မှန်တပ်ထားသော အမျိုးသမီးတစ်ယောက်က တံခါးလာဖွင့်ပေးသည်။ ကုချင်းချီကို မြင်သောအခါ မျက်မှန်ကိုချွတ်ပြီး လက်ပြလိုက်သည်။ ထို့နောက် ကုချင်းချီကို ခေါင်းအစခြေအဆုံးကြည့်ရင်း အမျိုးသမီး၏မျက်လုံးများက အရောင်တောက်ပလာကြသည်။ 


"ချန်ကျိုးက ငါ့ကို လိမ်နေတာမဟုတ်ဘူးပဲ....မင်းက တကယ့်ကို မော်ဒယ်နဲ့တူနေတာပဲ...မင်းက ချန်ကျိုးသူငယ်ချင်းဆိုတော့ အစ်မက မင်းထက်အသက်ပိုကြီးမှာသေချာတယ်...အစ်မကို အစ်မဟုန် လို့ခေါ်ပေါ့..."


ထို့နောက် အစ်မဟုန်က ကုချင်းချီကို စတူဒီယိုထဲသို့ ခေါ်သွားသည်။ စတူဒီယိုထဲ၌ လူများစွာရှိနေကြ၍ အားလုံးကလည်း ဝင်လိုက် ထွက်လိုက်ဖြင့် အလုပ်ရှုပ်နေကြသည်။ အကူဝန်ထမ်းများက မီးအလင်းရောင်များကို ချိန်နေကြကာ မော်ဒယ်များကလည်း ပို့စ်များပေးနေကြပြီး ကင်မရာမီးရောင်များကလည်း အဆက်မပြတ် တဖျတ်ဖျတ်ရိုက်နေကြသည်။


အခန်းဘေး၌ ပါကင်ပင်မဖောက်ရသေးသော အဝတ်အစားအသစ်များစွာ ရှိနေသည်။ 


အစ်မဟုန်က ချက်ချင်းပင် အလုပ်စကားစပြောတော့သည်။

"မင်းအဆင်ပြေမယ်ဆိုရင် မင်းအားတဲ့အချိန် ဒီစတူဒီယိုမှာ ဓာတ်ပုံလာရိုက်ရမယ်...ခုရက်ပိုင်းတော့ အစ်မတို့ ဒီမှာပဲရိုက်နေဖြစ်တယ်...ဒီစတူဒီယိုကို တစ်လငှားထားတာလေ...ပိုက်ဆံကတော့...မင်း အရင်ကရော မော်ဒယ်လုပ်ဖူးလား..."


ကုချင်းချီက ခေါင်းခါပြလိုက်သည်။


အစ်မဟုန်က ခဏစဉ်းစားနေလေသည်။

"ပုံမှန်ဆိုရင် မင်းလို အသစ်လေးတွေကို ပိုက်ဆံနည်းနည်းလျှော့ပေးတတ်ကြတယ်...ဒါပေမယ့် အစ်မက အရမ်းကြီး ဈေးမနှိမ်ချင်လို့ မင်းကို တခြားမော်ဒယ်တွေနဲ့ တူတူပဲပေးလိုက်မယ်နော်.."


ကုချင်းချီက ကျေးဇူးတင်ကြောင်း‌ပြောလိုက်သည်။ 


အစ်မဟုန်က ဆက်ပြောနေသည်။

"အစ်မတို့က မော်ဒယ်တွေကို သူတို့ဝတ်ပြတဲ့ တစ်ထည်ချင်းစီအလိုက် ပိုက်ဆံရှင်းပေးတယ်...အခုငှားထားတဲ့ မော်ဒယ်တွေက တစ်ထည်ကို ယွမ် ၇၀၀ ရတယ်...မင်းက အခုမှ စလုပ်တာဆိုတော့ သူတို့လောက်တော့ မြန်မြန်ရိုက်နိုင်ဦးမှာမဟုတ်ဘူး...ဒါပေမယ့် အဲဒါက ခေါင်းထဲထည့်စရာမလိုပါဘူး...ကိုယ့်နှုန်းနဲ့ကိုယ်သွားရင်ရပြီ...အစ်မ မင်းကို ယွမ် ၃၀၀၀ အရင်ပေးထားမယ် အဆင်ပြေလား..."


အစ်မဟုန်က သူ့ဆိုင်ကို အစအဆုံး ပြန်ပြင်ဆင်နေခြင်းဖြစ်သည်။ ကြော်ငြာရန်အတွက် ငှားထားသော မော်ဒယ်များက နာမည်အတော်အသင့်ရှိပြီးသားမော်ဒယ်များဖြစ်သောကြောင့် ကုချင်းချီကဲ့သို့ ယခုမှစလုပ်သူကို ထိုမော်ဒယ်များနှင့် တန်းတူပိုက်ဆံပေးခြင်းက အလွန်ပင် ကျေးဇူးတင်စရာကောင်းနေသည်။


ထို့နောက် အစ်မဟုန်က ကုချင်းချီကို ထပ်ကြည့်ပြီး ဈေးကို ပြင်ပြောလိုက်သည်။

"၅၀၀၀...မင်းကို ယွမ် ၅၀၀၀ ပေးမယ်...ဒီနေ့စလုပ်နိုင်မလား..."


"ဟုတ် ရပါတယ်..."


အစ်မဟုန်က ကုချင်းချီကို အဝတ်အစားလဲခန်းသို့ ခေါ်သွားလေသည်။ အဝတ်အစားလဲခန်းက အလွန်ကြီးမားကာ လူများနှင့်ပြည့်နေသည်။ မိတ်ကပ်ပြင်ပေးသူများကလည်း မိတ်ကပ်ပုံးများဆွဲကာ အခန်းထဲ၌ ဥပဒဟိုသွားလာနေကြပြီး အခြားလူများကလည်း ထိုင်နေသူများ၊ ထနေသူများဖြင့် ရှုပ်နေသည်။ 


"အစ်မတို့က ဟိုးညာဘက်အစွန်ဆုံးက စတူဒီယိုကို ငှားထားတာ...အဲဒီမှာက အဝတ်လဲခန်းသပ်သပ်မရှိတော့ ဒီမှာပဲ အကုန်လာစုနေကြရတယ်...အစ်မတို့ရဲ့ မော်ဒယ်တွေက ဟိုဘက်မှာ..."


အစ်မဟုန်က အဝတ်လဲခန်း၏ ညာဘက်တစ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။ 

"ဒီနေ့ ဘေးက စတူဒီယိုမှာ ရှိုးတစ်ခု တိုက်ရိုက်ထုတ်လွှင့်နေတာရှိတယ်...အဲဒီရှိုးက အင်တာနက်ပေါ်မှာ တော်တော်နာမည်ကြီးတာတဲ့...အဲဒါကြောင့် ဒီနေ့ လူတွေ အရမ်းများနေတာ...ဘာတွေကြည့်ကောင်းလဲတော့ အစ်မလည်း သေချာမသိပါဘူး..."


မော်ဒယ်လောကနှင့် တီဗီရှိုးလောက က ဆက်စပ်မှုမရှိလှချေ။ 


အစ်မဟုန်က ဒီဇိုင်နာဖြစ်သောကြောင့် မော်ဒယ်လောကနှင့် ရင်းနှီးသော်လည်း နာမည်ကြီးနေသော တီဗီရှိုးများ နှင့် ထိုရှိုးများ၌ ပါသော နာမည်ကြီး သရုပ်ဆောင်များကိုမူ အစ်မဟုန် အနည်းငယ်မျှသာ သိသည်။ 


ကုချင်းချီကမူ အစတည်းက လူအိုကြီးကဲ့သို့နေကာ ဖုန်းကို ဖုန်းပြောရန်အတွက်မျှသာ သုံးသူဖြစ်သောကြောင့် အစ်မဟုန်ထက်ပင် ပိုမသိဖြစ်နေသေးသည်။ 


live လွှင့်သောကိရိယာအသစ်ကို တီထွင်ပြီးသောအခါ တိုက်ရိုက် live လွှင့်ပြသသော ရှိုးများက ပိုပိုပြီး နာမည်ရလာကြသည်။ အထူးသဖြင့် မင်းသား မင်းသမီးများက မမျှော်လင့်ထားသော ကိစ္စတစ်စုံတစ်ရာနှင့်တွေ့လျှင် ဖြစ်သွားကြသော မျက်နှာအမူအရာများကို သေချာမြင်ရသည့် ဖြစ်ရပ်မှန် ရသစုံရှိုးများကို ပရိသတ်များအလွန်ကြိုက်ကြသည်။ 


ထိုရှိုးများပြသရန်အတွက်လည်း လေးလံ၍ သယ်ရခက်သော ကင်မရာများနှင့် ကိရိယာများကို သုံးစရာမလိုတော့ဘဲ ဝန်ထမ်းအနည်းငယ်နှင့်သာ ထုတ်လွှင့်ပြသနိုင်သည်။


တစ်ခုတည်းသော မကောင်းသည့်အချက်မှာ ထို တိုက်ရိုက်ထုတ်လွှင့်ပြသသည့် ကိရိယာက အလွန်ဈေးကြီးသောကြောင့် ချမ်းသာသော ကုမ္ပဏီအချို့ကသာ ဝယ်နိုင်ကြသည်။


ထိုကုမ္ပဏီများထဲမှ ထုတ်လွှင့်ပြသလျက်ရှိသော ရသစုံရှိုးတစ်ခုမှာ "ရတနာသိုက်ရှာပုံတော်" ဖြစ်သည်။ 


နာမည်အတိုင်းပင် ထိုရှိုး၌ ပါဝင်သူများက သဲလွန်စများကိုသုံးပြီး ပစ္စည်းများကို ရှာဖွေရခြင်းဖြစ်သည်။


ယခင်အပိုင်းကို ကစားကွင်းတစ်ခု၌ ရိုက်ကူးထားခြင်းဖြစ်သည်။ ရှိုး၏ရိုက်ကူးရေးအဖွဲ့က ပိုက်ဆံကိုရှယ်သုံးကာ ကစားကွင်းတစ်ခုလုံးကို ငှားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုအပိုင်း၌ ပိုက်ဆံခြွေတာရန် ရုပ်ရှင်စတူဒီယို၌ လာရိုက်နေကြခြင်းဖြစ်လေသည်။


"ရတနာသိုက်ရှာပုံတော်" က ယခုတလောမှ နာမည်ကြီးလာသော တိုက်ရိုက်ထုတ်လွှင့်သည့် ရသစုံရှိုးဖြစ်သည်။ ထိုရှိုးက တည်းဖြတ်ထားသောအပိုင်း၊ တိုက်ရိုက်ထုတ်လွှင့်သောအပိုင်း စသဖြင့် တစ်ပိုင်းတည်းကို နှစ်မျိုး ထုတ်လွှင့်ပြသလျက်ရှိသည်။


တည်းဖြတ်ထားသောအပိုင်းများကို တီဗီချန်နယ်မှ ပြသသည်။ ထိုတည်းဖြတ်ထားသောပုံစံအတွက် ဝေဖန်အကဲဖြတ်မှုများက အဆိုးကြီးမဟုတ်သော်လည်း အကောင်းကြီးလည်း မဟုတ်လှပေ။ 


သို့သော် ထိုရှိုးက နာမည်အလွန်ကြီးနေရခြင်းမှာ တိုက်ရိုက်ထုတ်လွှင့်သည့်အပိုင်းများတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြည့်ရှုသူများ များပြားသောကြောင့်ဖြစ်သည်။ 


ရှိုးပေါ်၌ အပိုင်းတိုင်းပါရသော ပင်တိုင်ပါဝင်သူ D အဆင့် သရုပ်ဆောင်တစ်ယောက်ရှိသည်။ သို့သော် ထိုရှိုး၌ အပိုင်းအနည်းငယ်ပါပြီးချိန်တွင် ထိုသရုပ်ဆောင်က ချက်ချင်းပင် နာမည်ကြီးကာ B အဆင့်အထိရောက်သွားပြီး ထိုရှိုး၌ပါနေရုံနှင့်ပင် ပိုပို၍ နာမည်ကြီးနေလေသည်။ 


အခြား ပင်တိုင်ပါ‌ဝင်သော သရုပ်ဆောင်များလည်း တဟုန်ထိုး နာမည်ကြီးနေကြလေသည်။


ရှိုးကမူ ဘာမှခက်ခက်ခဲခဲမလုပ်ရသော ရိုးရှင်းသည့် ရှိုးတစ်ခုသာဖြစ်သည်။ အပိုင်းတစ်ခုစီအတွက် ပရိုဂရမ်အဖွဲ့က ဇာတ်ညွှန်းရေးပေး၍ ထိုဇာတ်ညွှန်းနှင့်ကိုက်ညီမည့် နေရာကိုရှာကာ ရိုက်ကူးရေးလုပ်ကြရုံသာဖြစ်သည်။ ရိုက်ကူးရေးအဖွဲ့မှ ဝန်ထမ်းအချို့ကလည်း ရှိုးထဲ၌ NPC များအဖြစ် ပါဝင်တတ်ကြသည်။ 


ရှိုး၌ ပါဝင်ကစားမည့်လူများက နှစ်ဖွဲ့ခွဲကာ ရိုက်ကူးရေးလုပ်သည့်နေရာအတွင်း၌ သဲလွန်စများကိုရှာကြရ၍ ထိုသဲလွန်စများအပေါ်မူတည်ကာ ရတနာရှိမည့်နေရာကို ရှာရခြင်းဖြစ်သည်။ ရတနာကို အရင်ရှာတွေ့သည့်အဖွဲ့က အနိုင်ရမည်ဖြစ်သည်။ 


ပြီးခဲ့သောအပိုင်းက ကစားကွင်း၌ ရိုက်ကူးခဲ့သောကြောင့် ရှိုး၌ပါဝင်သော ဝန်ထမ်းများက ကာတွန်းဇာတ်ကောင်များအဖြစ် ဝတ်ဆင်ကာ ရိုက်ကူးခဲ့ကြသည်။


ယခုအပိုင်းက ရုပ်ရှင်စတူဒီယို၌ဖြစ်သောကြောင့် ဝန်ထမ်းများက ဓာတ်ပုံဆရာများ၊ မိတ်ကပ်ပြင်သူများ နှင့် မော်ဒယ်များအဖြစ် ဝတ်ဆင်ထားကြသည်။ 


"ရတနာသိုက်ရှာပုံတော်" အဖွဲ့က ချမ်းသာသောကြောင့် ရိုက်ကူးရေးလုပ်ရန် အနီးအနားမှ စတူဒီယိုများအားလုံးကို ငှားထားသည်။ သို့သော် သူတို့မရောက်လာခင် ယခင်တည်းက အခြားသူများ ကြိုငှားထားပြီးသော စတူဒီယိုအခန်းများကလည်း ရှိနေကြသည်။


ရပါတယ်...ပြဿနာမရှိပါဘူး...အဲဒီစတူဒီယိုအခန်းတွေကို ရှောင်ပြီး ရိုက်ရုံပေါ့...


...


အစ်မဟုန်က ကုချင်းချီကို မိတ်ကပ်ပြင်‌ပေးသူလက်ထဲသို့ ယုံကြည်စွာထည့်ပေးလိုက်သည်။ ထိုမိတ်ကပ်ပြင်ပေးသူ အမျိုးသမီးက မိတ်ကပ်လောက၌ အတော်အတန်နာမည်ကြီးသူဖြစ်သည်။ ကုချင်းချီရောက်သွားသောအချိန်၌ အခြားမော်ဒယ်များကို မိတ်ကပ်ပြင်ပေးပြီးပြီဖြစ်ကာ အားနေသောကြောင့် မိတ်ကပ်ဆရာမက ကုချင်းချီကို ပြုံးပြီး နှုတ်ဆက်လိုက်သည်။ 


ထို့နောက် မိတ်ကပ်လိမ်းသော ဘရတ်ရှ်ကို ကိုင်ကာ ကုချင်းချီကို အချိန်ကြာမြင့်စွာ ငေးကြည့်နေလေသည်။ 

"ဒီလောက်ချောပြီးသာမျက်နှာကို ဘယ်နေရာသွားပြီး မိတ်ကပ်ပြင်ပေးရမှာလဲ..."


သို့သော် အစ်မဟုန်က အကြံတစ်ခုရသွားသည်။ အစ်မဟုန်၏ ဆိုင်က ခေတ်နှင့်အမီလိုက်ကာ emo ဖက်ရှင်ကို အသားပေး၍ အမည်း၊ မီးခိုး စသည့် အရောင်ရင့်များကို ဦးစားပေးသုံးထားသည့် အဝတ်အစားအသစ်များကို ထုတ်ထားသည်။ 


"ငါလိုချင်တဲ့ပုံကဟယ် လမ်းသရဲဆန်ဆန် လူဆိုးလေးတွေလို ပုံစံမျိုး...ဆိုးပေမယ့် မိမိုက်နေတဲ့ပုံစံ...ငါ အင်္ကျီအသစ်တွေ ထပ်မှာထားတာ နင်သိတယ်မလား...အဲဒါတွေ အကုန်လုံးက အမည်းနဲ့ မီးခိုးတွေချည်းပဲ...အခုခေတ်ကလေးတွေက အဲဒီလိုမျိုးဟာတွေ ကြိုက်ကြတာလေ...မိတ်ကပ်ကိုလည်း အဲဒီလိုစတိုင်နဲ့ လိုက်အောင်သာပြင်ပေးလိုက်..."


မိတ်ကပ်‌ပြင်ပေးသူက အိုကေ ဟူသော ပုံစံလုပ်ပြလိုက်သည်။ အစ်မဟုန်နှင့် မိတ်ကပ်ပြင်ပေးသူအမျိုးသမီးက အချင်းချင်း ရင်းနှီးကာ အလုပ်လည်း တူတူလုပ်လာသည်မှာ ကြာပြီဖြစ်သောကြောင့် ပြောမနာ ဆိုမနာ ရှိကြသည်။ 


"အေးပါဟယ်...နင် ငါ့ကို အဲဒါပြောနေတာ ဘယ်နှခါရှိနေပြီလဲ...ငါသိပါတယ်...စိတ်မပူနဲ့..."


ထို့နောက် မိတ်ကပ်ပြင်ပေးသူက ကုချင်းချီကို ထိုင်ခိုင်းကာ ကုချင်းချီ၏မျက်နှာကို ကြည့်ပြီး သူ့ဘာသာသူ ခပ်တိုးတိုးပြောနေလေသညိ။ 

"အသားအရောင်က ဘာမှထပ်ပြင်ပေးစရာမလိုဘူး...အနီစက်တွေလည်း မရှိဘူး...မျက်နှာကလည်း ဖြူပြီး ချောနေတာပဲ...ဆံပင်လည်း အဆင်ပြေတယ်...မည်းနက်ပြီး ပုံကျနေတာပဲ...နှုတ်ခမ်းက အရမ်းနီနေလား...မနီပါဘူး...ဝတ်မယ့်အင်္ကျီတွေက အမည်းဆိုတော့ ‌အရောင်နောက်တစ်ခုထပ်ထည့်ဖို့လိုတာနဲ့ ဒီနှုတ်ခမ်းအရောင်က အတော်ပဲ..."


အစ်မဟုန်ကလည်း ဘေးမှနေ၍ အင်္ကျီအသစ်များကို ကုချင်းချီသာဝတ်လိုက်လျှင် မည်သို့နေမည်ကို တွေးကာ ဝင်ပြောလိုက်သည်။ 

"တကယ်ပဲ သူ့ကို မိတ်ကပ်ထပ်ပြင်ပေးစရာမလိုဘူးပေါ့နော် ဟုတ်လား..."


ကုချင်းချီ၏ပုံစံက ဘာမှမပြင်ဆင်ရဘဲနှင့်ကို မော်ဒယ်နှင့်တူနေရာ မည်သည့်အင်္ကျီကိုပင် ဝတ်ဝတ် ကြည့်ကောင်းနေမည်သာဖြစ်သည်။


မိတ်ကပ်ပြင်ပေးသူကလည်း အချိန်အတန်ကြာစဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချလိုက်သည်။ 

"သူ့ကို အင်္ကျီအရင်လဲခိုင်းပြီးတော့မှ မိတ်ကပ် ဘယ်နားပြင်ပေးရမလဲ ထပ်ကြည့်ကြ‌တာပေါ့..."


အစ်မဟုန်က သူ့ဘဝတစ်လျှောက်လုံးနီးပါး အဝတ်အစားများနှင့် ပတ်သက်လာရသူဖြစ်သည်။ ထို့ကြောင့် အခြားအရာများကိုသာ နားမလည်လျှင်ရှိမည်၊ ခေတ်နှင့်အညီနာမည်ကြီးနေသော ဖက်ရှင်နှင့် အဝတ်အစားပုံစံများကိုမူ ထုံးလိုမွှေ ရေလိုနှောက်ပြီး သိသည်။ လူတစ်ယောက်ကို တစ်ချက်ကြည့်လိုက်ရုံနှင့် မည်သို့သောအဝတ်အစားနှင့် လိုက်မည်ကို အစ်မဟုန်သိသည်။ 


Doc Martens ဖိနပ်...ဂျက်ကတ်အမည်းရောင်နဲ့...cargo ဘောင်းဘီ...အင်း ကွက်တိပဲ...


အစ်မဟုန်၏ အဝတ်အစားများက အင်္ကျီချည်း သီးသန့်မဟုတ်ဘဲ အခြားအလှဆင်ပစ္စည်းများလည်းပါသေးသည်။ ဂျက်ကတ်အင်္ကျီ၏နောက်ကျောတွင် အရိုးခေါင်းပုံပါကာ အရှေ့၌လည်း ချိန်းကြိုးတစ်ခုကို ချိတ်ထားသည်။ Cargo ဘောင်းဘီကလည်း သူ့စတိုင်အတိုင်း အိတ်များစွာပါ၍ လူငယ်ဆန်ဆန်ကြည့်ကောင်းစေသည်။ ထိုအဝတ်အစားများထဲ၌ Doc Martens တံဆိပ် ဖိနပ်ကသာ အရိုးရှင်းဆုံးဖြစ်နေသည်။ 


အစ်မဟုန်က ထိုအဝတ်အစားအစုံလိုက်ကို ကုချင်းချီလက်ထဲသို့ ထည့်လိုက်သည်။ အဝတ်လဲခန်းက အနား၌ပင် ရှိသောကြောင့် ကုချင်းချီလည်း အချိန်ဆွဲမနေဘဲ ချက်ချင်း သွားလဲလိုက်သည်။


မိနစ်အနည်းငယ်အကြာတွင် ကုချင်းချီက ဝင်သွားစဉ်ကနှင့် လုံးဝမတူတော့သည့်ပုံစံဖြင့် အပြင်ပြန်ထွက်လာသည်။ အဝတ်အစားများလဲလိုက်ခြင်းက ကုချင်းချီ၏ပုံစံတစ်ခုလုံးကိုပါ ပြောင်းလဲလိုက်သကဲ့သို့ ဖြစ်သွားသည်။ 


ကုချင်းချီက အစက ရိုးရိုးတီရှပ်နှင့် စားသောက်ဆိုင်မှ ယူနီဖောင်းဖြစ်သော သေချာစတိုင်ကျကျချုပ်ထားသည့် ဘောင်းဘီအမည်းကို ဝတ်ဆင်ထားခြင်းဖြစ်ရာ သန့်ပြန့်၍ အထက်တန်းကျသောပုံပေါက်နေသည်။


ယခု ခေတ်ပေါ်စတိုင် အဝတ်အစားကို ဝတ်လိုက်ချိန်တွင်မူ ကုချင်းချီက ချောမောမှုက ပို၍ ထင်ရှားသွားပြီး အနည်းငယ်ခက်ခက်ထန်ထန်နှင့် မိုက်ရူးရဲဆန်ဆန်ချောသည့်ဘက်သို့ ရောက်သွားသည်။ 


အစ်မဟုန်က မော်ဒယ်များ၌ ရုပ်ရည်ကိုအဓိကမကြည့်ဘဲ ခန္ဓာကိုယ်အချိုးအစားကို ပိုကြည့်လေ့ရှိသည်။ ကုချင်းချီ၏ အရပ်က ၁.၈၃ မီတာရှည်၍ ထိုရှည်လျားသောအရပ်နှင့် လိုက်ဖက်ညီစွာ ခန္ဓာကိုယ်ကလည်း အချိုးအစားကျနနေသည်။ ခပ်ပွပွ cargo ဘောင်းဘီကပင် ကုချင်းချီအတွက် အနည်းငယ်တိုနေ၍ ခြေကျင်းဝတ်နေရာက အနည်းငယ်ပေါ်နေသည်။


အစ်မဟုန်က ဘောင်းဘီမှ ခါးရှုံ့ကြိုးကို ကူချည်ပေးလိုက်သည်။ 


ထို့နောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"လုံးဝကွက်တိပဲ...ဒီခန္ဓာကိုယ်နဲ့...ဒီအချိုးအစားနဲ့...ဒီအင်္ကျီတွေနဲ့..."


အစ်မဟုန်က ပြောရင်း ကုချင်းချီကို လက်စွပ်နှစ်ကွင်းနှင့် လက်ကောက်တစ်ကွင်းပေးကာ အားလုံးကို ညာဘက်လက်၌ ဝတ်ခိုင်းလိုက်သည်။ လည်ပင်း၌လည်း ဆွဲကြိုးအရှည်တစ်ခုဝတ်ခိုင်းကာ ဘယ်ဘက်လက်အတွက်က လက်ဖဝါးတစ်ဖက် လက်ချောင်းများတစ်ဝက် ဖုံးသော လက်အိတ်ကို ဝတ်စေလိုက်သည်။ 


အံ့ဩဖွယ်ကောင်းစွာပင် အလှဆင်ပစ္စည်းများကို များစွာဝတ်ထားသော်လည်း ကြည့်ရသည်မှာ အလွန်ရှုပ်မနေဘဲ သူ့ဟာနှင့်သူ ကြည့်ကောင်းနေသည်။


ကုချင်းချီကို ကြည့်ရသည်မှာ အလွန်ချောမောနေသော်လည်း အစ်မဟုန်စိတ်ထဲ၌ တစ်ခုခုက အချိုးမကျဖြစ်နေသည်ဟု ခံစားနေရကာ ကုချင်းချီကို ခေါင်းအစ ခြေအဆုံး အပြန်ပြန်အလှန်လှန်ကြည့်နေလေသည်။ 


ကုချင်းချီက ခပ်တောင့်တောင့်ရပ်နေကာ အစ်မဟုန် ယမန်နေ့ညက ကြည့်ခဲ့သည့် ဗြိတိသျှဇာတ်လမ်းတွဲထဲမှ လူကြီးလူကောင်းတစ်ယောက်နှင့် တူနေသည်။


"မင်းနဲ့ ချန်ကျိုးက အလုပ်တူတယ်မလား...မင်းရပ်နေတဲ့ပုံကြည့်ရတာ မင်းတို့အလုပ်ကလူတွေ အကုန် ဒီလိုပုံစံနဲ့ မတ်တတ်ရပ်နေကြရတာထင်တယ်..."


စားသောက်ဆိုင်က ဝန်ထမ်းများကို သေချာလေ့ကျင့်ပေးထားသောကြောင့် စားပွဲထိုးများအားလုံးက မတ်တတ်ရပ်နေသည့်အခါတိုင်း ခန္ဓာကိုယ်ကို မတ်နေအောင် ရပ်သည်မှာ အသားကျနေကြပြီဖြစ်သည်။ သို့သော် အစ်မဟုန်လိုချင်သည်က ထိုကဲ့သို့ ယဉ်ကျေးသိမ်မွေ့မှုမဟုတ်ပေ။ အစ်မဟုန်လိုချင်သည်က အရိုင်းဆန်မှုဖြစ်သည်။


အစ်မဟုန် မျက်မှောင်ကြုတ်လိုက်သည်။ 


"ဒီလိုမဟုတ်ဘူး...မင်း ဒီလိုနေနေရင် ထွက်လာတဲ့ ပုံတွေက အဆင်ပြေမှာမဟုတ်ဘူး...ကိုယ့်ကိုယ်ကိုယ် အရမ်းပင်ပန်းနွမ်းနယ်နေတယ်လို့ခံစားကြည့်လိုက်...အရမ်းမတ်မတ်ကြီး မရပ်နဲ့...ပင်ပန်းတာလည်းမဟုတ်ဘူးကွာ...အစ်မပြောချင်တာသိလား...အရိုင်းဆန်ဆန်လိုမျိုး...စိတ်တွေက ရိုင်းပြီး အမှောင်ဘက်ရောက်နေတာလိုမျိုး..."


အစ်မဟုန်လည်း ခေါင်းထဲရှိသည်များကိုပြောနေပြီးမှ သူပြောသည်က မရှင်းလင်းကြောင်း သတိထားမိသွားသည်။ ထို့ကြောင့် သူလိုချင်သည့်ပုံမျိုးကို အတတ်နိုင်ဆုံး ရှင်းအောင်ပြောလိုက်သည်။ 


"ဘဝမှာ ဘာမျှော်လင့်ချက်မှမရှိတော့တဲ့ ခံစားချက်မျိုးကွာ...အဲဒီလိုခံစားနေရတဲ့ပုံစံကို လိုချင်တာ..."


ကုချင်းချီလည်း အစ်မဟုန်ပြောသည်ကို အနည်းငယ် သဘောပေါက်လာသည်။ 

ငါကိုယ်တိုင်လည်း အချိန်အတိုင်းအတာတစ်ခုအထိ အဲဒီလို အမှောင်ထုထဲ ပိတ်မိနေခဲ့ရတယ်မလား...


ကုချင်းချီက ၂နှစ်ဟူသော အချိန်ကာလအတွင်း၌ ဘာကိုမှမလုပ်ချင်အောင် စိတ်ဓာတ်များ ထိုးကျနေခဲ့သည်။ ထိုစဥ်အချိန်များက လက်ချောင်းများလှုပ်လျှင်ပင် ပင်ပန်းနေခဲ့ရသည်။ ယခုထိတိုင်အောင် ထိုကဲ့သို့ စိတ်ဓာတ်ကျမှုမျိုးကို ရံဖန်ရံခါ ခံစားရဆဲဖြစ်သည်။



🏠🏠đŸ