Chapter 7
Viewers 274

🏠 Chapter 7

ဓာတ်ပုံရိုက်ခြင်း



ထို့ကြောင့် အစ်မဟုန်ပြောသောစိတ်ခံစားချက်မျိုးကို သွင်းရန်မှာ ကုချင်းချီအတွက် လွယ်ကူနေသည်။ သူသာ မကွာရှင်းခဲ့လျှင် ဘဝက မည်သို့ဖြစ်နေမည်ကို စိတ်ကူးလိုက်ရုံသာဖြစ်သည်။ 


ထိုသို့တွေးလိုက်ရုံနှင့်ပင် သက်ရောက်မှုက ပြင်းထန်လှသည်။ ကုချင်းချီ၏တစ်ကိုယ်လုံးက သိသာစွာပင် ညှိုးငယ်သွားသည်။ ပုခုံးများက ပြေလျော့ကျသွားပြီး ခြေထောက်များလည်း အားမရှိတော့သလို ခွေကာ နံရံကိုပင် မှီထားလိုက်ရသည်။ ကုချင်းချီကိုကြည့်ရသည်မှာ တစ်ကိုယ်လုံး၌ အရိုးတစ်ချောင်းမှ မရှိတော့သလို ပျော့ခွေနေလေတော့သည်။ ထို့နောက် ကုချင်းချီက ခေါင်းကိုမော့ကာ မေးလိုက်သည်။

"အစ်မမှာ အရက်ရှိလား..."


အစ်မဟုန်က ကုချင်းချီကို ကြည့်နေရင်း အံ့ဩသွားမိသော်လည်း သူလိုချင်သည့်ပုံစံအတိုင်းဝင်သွား၍ ကျေလည်း ကျေနပ်နေမိသည်။ ထို့အပြင် သူ့၌လည်း အရက်က တကယ်ရှိနေသည်။ ထိုအရက်ပုလင်းကို ချန်ကျိုးထံသို့ ကုချင်းချီနှင့်တစ်ဆင့် လက်ဆောင်ပေးလိုက်ရန် ဝယ်ထားခြင်းဖြစ်သည်။ သို့သော်လည်း ယခု၌ ထိုလက်ဆောင်ပေးရန်က အရေးမကြီးသောကြောင့် ဘူးကိုဖောက်ကာ အရက်ပုလင်းအား ကုချင်းချီကို လှမ်းပေးလိုက်သည်။ 


ကုချင်းချီက အစ်မဟုန်လှမ်းပေးနေသော ဗော့ဒ်ကာပုလင်းကို လှမ်းကြည့်လိုက်သည်။ 


ထို့နောက် လှမ်းယူပြီး ပုလင်းအဖုံးကို ပါးစပ်ဖြင့် ဆွဲဖွင့်ကာ တစ်ငုံမော့သောက်လိုက်သည်။


ဗော့ဒ်ကာအရည်အချို့က ကုချင်းချီလည်ပင်းမှစီးကျပြီး ညှပ်ရိုးပေါ်တင်နေကြသည်။


ဘေးပတ်ဝန်းကျင်က ရုတ်တရက် တိတ်ဆိတ်သွားကြသည်။ အနီးအနား၌ရှိနေသော မော်ဒယ်ဖြစ်စေ၊ အခြားဝန်ထမ်းဖြစ်စေ အကုန်လုံးက တိတ်ဆိတ်ကုန်ကြသည်။ 


မိတ်ကပ်ပြင်ပေးသူအမျိုးသမီးပင် အချိန်အတော်ကြာကြောင်ကြည့်နေမိ၍ မျက်နှာက နီရဲလာသည်။


ခဏနေမှ ကုချင်းချီကို ဆွဲပြီး ခုံပေါ်၌ ထိုင်စေလိုက်သည်။

"လာ လာ...အစ်မ မင်း မျက်ခွံကို အိုင်းရှဲဒိုး နည်းနည်း ထည့်ပေးမယ်..."


ထို့နောက် မိတ်ကပ်ပြင်ပေးသောအစ်မက ကုချင်းချီ၏ မျက်နှာကို အချိန်ယူ၍ မိတ်ကပ်သေချာပြင်ပေးနေလိုက်သည်။ အဝတ်လဲခန်းထဲမှ မော်ဒယ်များနှင့် ဝန်ထမ်းများလည်း တဖြည်းဖြည်းနှင့် ထွက်ကုန်ကြကာ စတူဒီယိုထဲသို့ ပြန်ဝင်ကုန်ကြသည်။ မိတ်ကပ်ပြင်ပြီးချိန်တွင် လူတော်တော်များများက ရိုက်ကူးရေးများစရန် အလျှိုလျှိုထွက်သွားကုန်ကြပြီဖြစ်သောကြောင့် အဝတ်လဲခန်းထဲ၌ မည်သူမှမရှိတော့ချေ။ 


အစ်မဟုန်၊ ကုချင်းချီနှင့် မိတ်ကပ်ပြင်ပေးသောအစ်မသာ ကျန်တော့သည်။ 


အဝတ်လဲခန်းထဲမှ မီးအလင်းရောင်က မကောင်းလှဘဲ အနည်းငယ် မှိန်နေသည်။


ကုချင်းချီက အရက်ပုလင်းကို လက်တစ်ဖက်မှကိုင်၍ နံရံကို မှီနေသည်။ သူ့ခန္ဓာကိုယ်ကို မလဲကျသွားစေရန် ခြေထောက်တစ်ဖက်ကိုလည်း ကွေး၍ ထိန်းထားလေသည်။ 


အစ်မဟုန်က သတိပေးလိုက်သည်။

"မူးအောင်သောက်မနေနဲ့ဦးနော်...မင်းက နောက်ဆုံးမှ ဓာတ်ပုံရိုက်ရမှာ...တခြားလူတွေအခြေအနေကို အစ်မသွားကြည့်လိုက်ဦးမယ်...မင်းအလှည့်ရောက်ရင် လှမ်းခေါ်လိုက်မယ်...."


အစ်မဟုန်က ပြောရင်း မိတ်ကပ်ပြင်ဆရာမကိုပါ အပြင်သို့ ဆွဲခေါ်သွားသောကြောင့် အဝတ်လဲခန်းစတူဒီယိုထဲ၌ ကုချင်းချီတစ်ယောက်တည်းသာ ကျန်ခဲ့လေသည်။ 


...


စတူဒီယို၏အခြားတစ်ဘက်တွင် "ရတနာသိုက်ရှာပုံတော်" ရှိုး ကလည်း အရှိန်အဟုန်မြင့်သည့်အပိုင်းသို့ ရောက်နေပြီဖြစ်သည်။


ရှိုး၌ ပင်တိုင်ပါဝင်သူ လေးယောက်ရှိ၍ အပိုင်းတိုင်းတွင် အသစ်ပါဝင်သူ ဧည့်သည်နှစ်ယောက်စီ ရှိတတ်သည်။ 


ပင်တိုင်ပါဝင်သူလေးယောက်ထဲမှ နှစ်ယောက်က ခေါင်းဆောင်အဖြစ် လုပ်‌လေ့ရှိကြသည်။ ထိုခေါင်းဆောင်နှစ်ယောက်ထဲမှ တစ်ယောက်က နာမည်ကြီးမင်းသားဖြစ်ပြီး အနီအသင်းခေါင်းဆောင်လုပ်လေ့ရှိသည်။ ထိုမင်းသားပါဝင်သရုပ်ဆောင်သော ဇာတ်လမ်းတွဲတိုင်းက ကောင်းမွန်သော ဝေဖန်မှုများ၊ မှတ်ချက်များရလေ့ရှိ၍ အနုပညာ‌လောကထဲ၌ သူ့ဂုဏ်သတင်းကလည်း မကောင်းသတင်းမရှိပေ။ ထိုမင်းသားက အခြားလူများအတွက် အစ်ကိုကြီးတစ်ယောက်ကဲ့သို့ အားကိုးရသည့်လူမျိုးဖြစ်သည်။ 


အပြာအသင်းခေါင်းဆောင်က အဆိုတော်တစ်ယောက်ဖြစ်သည်။ ထိုအဆိုတော်က စွမ်းရည်ပြိုင်ပွဲတစ်ခုမှ ပွဲဦးထွက်လာသူဖြစ်၍ သီချင်းဆိုကောင်းသလို အကလည်းကောင်းသည်။ ဟာသဉာဏ်လည်းရှိသောကြောင့် ယခုကဲ့သို့ ရသစုံရှိုးများ၌လည်း နာမည်ရတတ်သည်။


တိုက်ရိုက်ထုတ်လွှင့်နေသော အခန်းထဲ၌ ရိုက်ကွင်း၌ဖြစ်ပျက်နေသည်များကို အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေသော ဝန်ထမ်းများလည်းရှိသည်။ 


"အခုလောလောဆယ်မှာတော့ အပြာအသင်းက တဖြည်းဖြည်းနဲ့ လမ်းအမှားကို သွားနေပါတယ်...သူတို့က သဲလွန်စရှိတဲ့နေရာနဲ့ ဆန့်ကျင်ဘက်တည့်တည့်ကိုသွားနေတာ...ဒီပုံနဲ့ဆိုရင် မကြာခင် အပြာအသင်းက သတ်မှတ်ထားတဲ့ နေရာကို ကျော်သွားတော့မယ်ထင်တယ်..."


"အရှေ့မှာ စတူဒီယိုအခန်းတွေ ရှိနေသေးပေမယ့် ပရိသတ်တို့သိတဲ့အတိုင်း ကျွန်တော်တို့ ရိုက်ကူးရေးအဖွဲ့က ဆင်းရဲတယ်လေ...အဲဒါကြောင့် အခု အပြာအသင်းသွားနေတဲ့နေရာက အခန်းတွေကို ကျွန်တော်တို့ မငှားထားပါဘူး...သူတို့သာ အဲဒီနေရာတွေဆီရောက်သွားရင် အပြာအသင်းက သေချာပေါက်ကို အမှတ်တွေလျော့တော့မှာပဲ ဖြစ်ပါတယ်..."


အဝတ်လဲခန်းအဖြစ်သုံးထားသော စတူဒီယိုခန်း၌ မှန်များအပြင် အခြား တိုလီမုတ်စပစ္စည်းများလည်း ရှိနေသည်။ ဤအခန်းက ပစ္စည်းများသိုလှောင်သည့်အခန်းအဖြစ်လည်း သုံးပုံရသည်။


အခန်းအလယ်၌ ရုပ်ရှင်များတွင်သုံးသော ဆိုဖာတစ်ခုရှိနေသည်။ ကုချင်းချီက ထိုဆိုဖာပေါ်၌ ‌ခြေထောက်များကို ဆန့်ကာ လှဲနေပြီး လက်တစ်ဖက်ဖြင့် ဗော့ဒ်ကာပုလင်းကို လျော့တိလျော့ရဲကိုင်ထားသည်။ 


ကုချင်းချီက တစ်ခါမှ မော်ဒယ်အဖြစ် မလုပ်ဖူးချေ။ ထို့ကြောင့် မည်သို့လုပ်ရမည်ကို သေချာမသိ၍ သူ့ကို ပေးလာသမျှ အကြံဉာဏ်မှန်သမျှကို ကောင်းကောင်းနာခံပြီး သေချာအသုံးချရန် စိတ်ကူးထားသည်။


အစ်မဟုန်ပြောသည်မှာ မှန်သည်။ စိတ်ခံစားချက်များက လူတစ်ယောက်အပေါ် ဘေးလူများမြင်သည့်အမြင်၌ အလွန်အရေးကြီးလေသည်။


သို့သော် ငို ဟု အမိန့်ပေးတိုင်း ငိုရန်မှာ ခက်၍ ရယ်ခိုင်းချိန်၌လည်း ရယ်ရန်မှာ ခက်သည်။ ပုံမှန်အားဖြင့် မော်ဒယ်များက သူတို့၏ ခန္ဓာကိုယ်အမူအရာနှင့် မျက်နှာပုံစံတို့ကို စိတ်တိုင်းကျ ပြောင်းလဲထိန်းချုပ်၍ လိုချင်သည့်ပုံစံဝင်အောင် လုပ်တတ်ကြသည်။


သရုပ်ဆောင်များနှင့်ယှဉ်လျှင်မူ မော်ဒယ်များက သရုပ်ဆောင်များလောက် စိတ်ခံစားချက်များကို ထိန်းချုပ်စရာမလိုလှပေ။ 


သို့သော် သရုပ်ဆောင်များဖြစ်ခဲ့လျှင်လည်း ထိုကဲ့သို့ သရုပ်ဆောင်ရန်အတွက် ခံစားချက်များထဲသို့ စိတ်ကို အလွန်မနှစ်သင့်ပေ။ 


ဇာတ်‌ကောင်တစ်ခု သို့မဟုတ် ခံစားချက်တစ်ခုထဲသို့ အလွန်အမင်းစိတ်နစ်ဝင်သွားခြင်းမှာ ကောင်းသောအချက်မဟုတ်ပေ။ ဇာတ်ကောင်အတွက် သရုပ်ဆောင်ရင်း စိတ်ကျရောဂါကဲ့သို့ စိတ်ရောဂါဝေဒနာများ ခံစားသွားရသော သရုပ်ဆောင်များစွာရှိသည်။ ထိုကဲ့သို့သော စိတ်ရောဂါဖြစ်ခြင်းက ဇာတ်ကောင်တစ်ခုအတွက် သရုပ်ဆောင်နေစဉ်တစ်လျှောက်လုံး အပြင်လောက၌လည်း ထိုဇာတ်ကောင်ကဲ့သို့ပင် နေသော သရုပ်ဆောင်များ၌ ပိုဖြစ်တတ်သည်။ 


သို့သော် ထိုကဲ့သို့ သရုပ်ဆောင်ခြင်းများကို ကုချင်းချီမသိ၍ အစ်မဟုန်လည်း သေချာ နားလည်မနေပေ။


အစ်မဟုန်က လောကကြီးကို စိတ်ကုန်နေ၍ မျှော်လင့်ချက်များကုန်ကာ မိုက်ရူးရဲဆန်နေသောပုံစံကို လိုချင်သည်ဆိုလျှင် ကုချင်းချီကလည်း စိတ်ကို အစွမ်းကုန်ကြိုးစား၍ ထိုပုံစံရအောင် လုပ်မည်သာဖြစ်သည်။ 


ဒီတိုင်း စိတ်နှစ်လို့မရတော့လည်း အရက်က ကူရတာပေါ့...

ကုချင်းချီအတွက် ထိုကဲ့သို့ စိတ်အခြေအနေရရန်အတွက် အရက်က များစွာအထောက်အကူပြုပေးသည်။


ကုချင်းချီက တော်ရုံနှင့် အရက်မမူးတတ်ပေ။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ၂နှစ်အတွင်း တစ်ယောက်တည်း အထီးကျန်ခဲ့စဉ်အခါများက အချိန်များကုန်လွန်စေရန် အရက်ကသာ အကောင်းဆုံးအဖော်ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ 


အရက်ထဲမှ အရက်ပျံက လည်ချောင်းတစ်လျှောက် စူးရှပူပြင်းစွာ စီးဝင်သွားပြီးမှ ဝမ်းဗိုက်ထဲရောက်သွားသည့်ခံစားချက်ကို ကုချင်းချီကြိုက်သည်။ 


အစကမူ အရက်ကို အချိန်ဖြုန်းရန်အတွက်သာ သောက်ခဲ့ခြင်းဖြစ်သော်လည်း တဖြည်းဖြည်းနှင့် ကြိုက်လာခဲ့မိသည်။ သူ ယခုဆိုလျှင် အရက်ကို မကြာခဏ သောက်နေမိပြီဖြစ်သည်။ 


သို့သော် အရက်ကို စသောက်လိုက်ပြီဆိုလျှင် ၂ နှစ်အတွင်း မျိုသိပ်ထားခဲ့ရသော မွန်းကြပ်သည့် အထီးကျန်ခံစားချက်များက ပြန်လည်ပေါ်လာတတ်ကြသည်။


ကုချင်းချီလက်ထဲမှ ‌အရက်ပုလင်းက တစ်ဝက်ကျော်ကျော်ကုန်နေပြီဖြစ်သည်။


အခြေအနေမကောင်းတော့ဘူး...


အရက်အရှိန်ဖြင့် တဖြည်းဖြည်း ကုချင်းချီ၏စိတ်များက အမှောင်ထုထဲသို့ ကျဆင်းနေကြသည်။ ကုချင်းချီကလည်း သူ့စိတ်က ချောက်ကမ်းပါးထဲသို့ ထိုးကျလုနီးပါးဖြစ်နေသည်ကို သတိထားမိသော်လည်း ဘာမှမလုပ်ဘဲ လွှတ်ထားလိုက်သည်။


အရက်မသောက်မီက ဘာမှမစားထား၍ သောက်နေသည့်အရက်ကလည်း အလွန်ပြင်းသော ဗော့ဒ်ကာဖြစ်သောကြောင့် ကုချင်းချီ၏ ဗိုက်ပင် နာစပြုလာသည်။ 


သို့သော် ကုချင်းချီ ဂရုမစိုက်တော့ပေ။ ဂရုမစိုက်သည့်အပြင် ထိုဗိုက်ထဲမှ နာကျင်မှုကြောင့်ပင် ရှင်းမပြနိုင်သည့် ပျော်ရွှင်မှုတစ်မျိုးကို ခံစားနေရလေသည်။ 


...


အပြာအသင်း၌ အသင်းသားစုစုပေါင်းလေးယောက်ရှိသည်။ အသင်းခေါင်းဆောင်က အဆိုတော်အိုင်ဒေါတစ်ယောက်ဖြစ်၍ အသင်းသားများကလည်း တက်သစ်စအနုပညာရှင်လေးများဖြစ်ကြသည်။ ခေါင်းဆောင်၏ ဦးဆောင်မှုအောက်တွင် အပြာအသင်း၏ပုံစံက တစ်မျိုးဆန်းသစ်၍ လုပ်ရဲကိုင်ရဲ စွန့်စားချင်စိတ်များရှိကြသည်။ 


သဲလွန်စများနှင့်ပတ်သက်လျှင်လည်း တည့်တည့်မစဉ်းစားဘဲ ထူးဆန်းသောအတွေးများဖြင့် ကွေ့ပတ်၍စဉ်းစားတတ်ကြသည်။ ထို့ကြောင့် အပြာအသင်းက သဲလွန်စများကို ရှာတွေ့ကြသည်မှာ အများအားဖြင့် သူတို့စဉ်းစားနိုင်၍မဟုတ်ဘဲ ကံကောင်း၍သာဖြစ်သည်။ 


အပိုင်းတစ်ပိုင်း၌ဆိုလျှင် အပြာအသင်းက သဲလွန်စတစ်ခုမှ ရှာမတွေ့ခဲ့ပေ။ သို့သော် ထိုအပိုင်း၌ အထူးခြားဆုံးကိစ္စမှာ အပြာအသင်းက သဲလွန်စတစ်ခုမှရှာမတွေ့သော်လည်း ကံအလွန်ကောင်းပြီး ရတနာများကို မတော်တဆ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ 


ယခုလည်း အပြာအသင်း၏ထုံးစံအတိုင်း လမ်းအမှားကို သွားနေကြပြန်ပြီဖြစ်သည်။


သို့သော်လည်း ခေါင်းဆောင်ကမူ ယုံကြည်ချက်အပြည့်ဖြင့်ဖြစ်သည်။

"ငါပြောတာ‌နားထောင်...ငါ့စိတ်ထဲမှာ ဒီနေရာက တကယ်အရေးကြီးတယ်လို့ထင်နေတယ်...တွေ့လား...မီးသီးတောင် တစ်လုံးမှမရှိတော့ တမင်သက်သက်ကို အမှောင်ချထားတာဖြစ်မယ်..."


အခြားအသင်းသားတစ်‌ယောက်ကမူ မယုံချင်ဖြစ်နေသည်။

"မီးတစ်လုံးမှမရှိပေမယ့် ရှိုးထဲမှာသုံးတဲ့ပစ္စည်းတွေလည်း တစ်ခုမှမရှိဘူးလေ...ကျွန်တော်လို့ နေရာကျော်ပြီးသွားနေမိတာလား..."


သို့သော် ကျန်သော အသင်းသားနှစ်ယောက်က ချက်ချင်း ငြင်းလိုက်ကြသည်။ 

"ငါတို့ လမ်းတောင် ဘယ်လောက်မှမလျှောက်ရသေးတာကို...ဒီပရိုဂရမ်က ဘယ်လောက်ချမ်းသာလဲ မင်းလည်းသိသားနဲ့...ဟိုတစ်ခေါက်တုန်းကဆို ငါတို့ ကားနဲ့ မိနစ် ၂၀ လောက်သွားနေတာတောင် သတ်မှတ်ထားတဲ့နေရာကို မကျော်သွားဘူးလေ...အရင်တစ်ခေါက်နဲ့သာတူမယ်ဆိုရင် အခုလည်း သဲလွန်စတွေက ငါတို့ လုံးဝမထင်ထားတဲ့ နေရာတွေမှာ ရှိနေမှာ..."


နောက်ဆုံးတွင် ခေါင်းဆောင်က သူ့ကိုယ်သူ ယုံကြည်ချက်ရှိစွာဖြင့် ဆုံးဖြတ်ချက်ချလိုက်သည်။ 

"ဒီတစ်ခေါက်တော့ ငါတို့ လမ်းမှန်ပေါ်ရောက်နေတာ သေချာတယ်..."


တိုက်ရိုက်ထုတ်လွှင့်ပေးနေသော ကင်မရာ နှစ်လုံး သုံးလုံးခန့်ကလည်း အပြာအသင်းနားရှိနေ၍ အင်တာနက်တစ်ခုလုံးကို တိုက်ရိုက်ပြသပေးနေသည်။


ထိုအပြာအသင်း၏ ယုံကြည်ချက်အပြည့်ဖြင့် လမ်းအမှားသွားနေခြင်းက ရှိုးကိုထိုင်ပြောပြနေသော ဝန်ထမ်း၏ ဟာသဆန်ဆန်ပြောနေခြင်းနှင့် အမှတ်များ မညှာမတာလျှော့နေမှုတို့နှင့် ပေါင်းလိုက်သောအခါ အလွန်ပင် ရယ်စရာကောင်းသော အခန်းဖြစ်သွားသည်။ 


မှတ်ချက်နေရာ၌လည်း တဟားဟား ရယ်နေသော မှတ်ချက်များဖြင့်ပြည့်နေလေသည်။


[အတွင်းလူအသတ်ခံရတာ အဆိုးဆုံးပဲ...

ယုံကြည်မှုတွေနဲ့ပြည့်နေတဲ့ခေါင်းဆောင်: ငါတို့ပရိုဂရမ်အဖွဲ့က အရမ်းချမ်းသာတာ မင်းတို့မသိကြဘူးလား...

ဝန်ထမ်း: ပရိသတ်တို့သိတဲ့အတိုင်း ကျွန်တော်တို့ ပရိုဂရမ်ရိုက်ကူးရေးအဖွဲ့က အရမ်းဆင်းရဲပါတယ်...]


[အပြာအသင်းကို စမနေကြပါနဲ့တော့...အစတည်းက အမှတ်တွေက အနှုတ်ဘက်တောင်ရောက်နေကြတာကို...သနားညှာတာကြပါ...]


[ခေါင်းဆောင်က တစ်ခုခုပြောတိုင်း သူတို့တော့သွားပြီ လို့ စဉ်းစားနေမိတယ်…]


[ဟားဟားဟားဟား 

ခေါင်းဆောင်: မင်းတို့ ဘာထင်ထင်ဂရုမစိုက်ဘူး...ငါထင်တာပဲအမှန်...]


[ဟားဟား...မီးတွေမရှိတာက ရိုက်ကူးရေးအဖွဲ့က အဲဒီဘက်က စတူဒီယိုတွေကို မငှားနိုင်လို့လေ...]


သို့သော် အပြာအသင်းက မှတ်ချက်များကို မမြင်ရသောကြောင့် လမ်းအမှားကြီးကိုသာ ဆက်လျှောက်နေကြသည်။


ထို့နောက် အပြာအသင်းခေါင်းဆောင်က စတူဒီယိုအခန်းတစ်ခုရှေ့၌ ရပ်ပြီး အသက်တစ်ချက်ပြင်းပြင်းရှူကာ လေးနက်သောလေသံဖြင့်ပြောလိုက်သည်။

"ဒီမှာ ဘာသဲလွန်စမှမရှိရင် ဘယ်လိုလုပ်မလဲ..."


အဖွဲ့သားများကလည်း စိတ်ပူနေသောမျက်နှာများဖြင့် လှမ်းကြည့်လိုက်ကြသည်။


ထို့နောက် အဖွဲ့ခေါင်းဆောင်က အနည်းငယ်စိုးရိမ်ထိတ်လန့်နေသည့်ပုံဖြင့် ထပ်ပြောလိုက်သည်။


"ရတနာတွေက ဒီမှာမဟုတ်ဘဲ ဟိုဘက်မှာဖြစ်နေရင် ဘယ်လိုလုပ်မလဲ...အဲဒီလိုဆိုရင် ဂိမ်းက ပြီးသွားပြီမလား...ဘာမှတောင်မဆော့လိုက်ရဘဲ ဂိမ်းက ပြီးသွားရင် အကုန်ပြင်ဆင်ထားရတဲ့ ရိုက်ကူးရေးအဖွဲ့ကို မျက်နှာဖြတ်ရိုက်လိုက်သလို ဖြစ်သွားမှာပေါ့နော်...စပွန်ဆာပေးထားတဲ့ ကုမ္ပဏီတွေကလည်း စိတ်ဆိုးကုန်ကြမယ်ထင်တယ်..."


ခေါင်းဆောင်က ထိုသို့ပြောပြီး ရုတ်တရက် ကင်မရာဘက်လှည့်ကာ မျက်နှာကို အစွမ်းကုန်ပြော၍ စပွန်ဆာပေးထားသောပစ္စည်းကို ကြော်ငြာပေးလိုက်သည်။


"XXX နို့ထွက်ပစ္စည်း...သင်အမြဲ ယုံကြည်စိတ်ချရမယ့် တံဆိပ်တစ်ခု..."


မှတ်ချက်နေရာ၌ ရယ်သံများဖြင့် ပြည့်သွားပြန်သည်။ 


[ခေါင်းဆောင်: ငါက အမြဲ ရိုက်ကူးရေးအဖွဲ့ရဲ့ကောင်းကျိုးကိုပဲ စဉ်းစားပေးနေတာပါ...]


[ခေါင်းဆောင်ရဲ့မျက်နှာက ထီပေါက်သွားတဲ့လူရဲ့ မျက်နှာနဲ့ တူနေတယ်...]


ခေါင်းဆောင်က စပွန်ဆာပစ္စည်း ကြော်ငြာပေးပြီးအခါ ယုံကြည်မှုအပြည့်ဖြင့် စတူဒီယိုအခန်းတံခါးကို ဖွင့်လိုက်သည်။


အခန်းထဲ၌ မီးတစ်လုံးသာထွန်းထားသောကြောင့် အလွန်လင်းမနေချေ။ မီးသီးအောက်တွင်မူ စားပွဲဝိုင်းတစ်ခုရှိနေသည်။ ဆိုဖာကမူ မီး၏ ဘယ်ဘယ်နား ရောက်နေသောကြောင့် တော်ရုံမမြင်ရချေ။ 


မီးသီးရှိသောနေရာမှလွဲ၍ အခန်း၏ ကျန်နေရာများက မှောင်ကာ အနည်းငယ် ချောက်ချားစရာဖြစ်နေသည်။ ထို့ကြောင့် အပြာအသင်းသားလေးယောက်က တစ်ယောက်နှင့် တစ်ယောက် ပူးကပ်နေမိကြသည်။ ခေါင်းဆောင်ကမူ ဘုမသိ ဘမသိနှင့် ရှေ့ဆုံးသို့ တွန်းပို့ခြင်းခံလိုက်ရသည်။ 


ခေါင်းဆောင်က ရှေ့ဆုံးမှနေ၍ တွန့်ဆုတ်တွန့်ဆုတ် အနောက်သို့ ပြန်လျှောက်ရန်လုပ်နေသော်လည်း အနောက်မှ အဖွဲ့သား သုံးယောက်က အတင်းတွန်းကာ ရှေ့သို့ ဆက်လျှောက်လာကြသည်။ ထို့နောက် ခေါင်းဆောင်က ဆိုဖာပေါ်မှ ကုချင်းချီကို မြင်သွားသည်။ 

"ဟေး ခဏနေ‌ဦး...ဟိုမှာ လူတစ်ယောက်‌ယောက် ရှိနေတယ်..."


လှုပ်ရှားသံများကြားသောကြောင့် ကုချင်းချီက သူ့ကို ဓာတ်ပုံရိုက်ရန် လာခေါ်သည်အထင်နှင့် မတ်တတ်ရပ်လိုက်သည်။ ကုချင်းချီ၏ ဆံပင်များက လည်ပင်းပေါ်၌ ကပိုကယိုကျနေကြသည်။ ခန္ဓာကိုယ်ပေါ်၌ အလှဆင်ပစ္စည်းများစွာ ဝတ်ထားသောကြောင့် ကုချင်းချီ နည်းနည်းလှုပ်သည်နှင့် ပစ္စည်းများ တစ်ခုနှင့်တစ်ခု ထိမိသံများက ထွက်ပေါ်လာသည်။ သူ့လက်ထဲ၌ ဗော့ဒ်ကာပုလင်းကလည်း ကိုင်ထားဆဲဖြစ်သည်။ 


ကုချင်းချီရပ်နေသောနေရာ၌ မီးအလင်းရောင်မကျသောကြောင့် သူ့ရုပ်ကို ထင်ထင်ရှားရှားမမြင်ရဘဲ ပုံစံခပ်ရေးရေးသာ မြင်နေရသည်။


မှတ်ချက်နေရာ၌လည်း မှတ်ချက်များ များစွာ တက်နေသည်။


[ဘုရားသခင်...ဒီဘက်မှာ တကယ်ကြီး ဖုံးထားတဲ့ ဇာတ်ကွက်ရှိနေတာပဲ...]


[ငါပဲထင်နေတာလား...ဒီ NPC ကောကောက ချောနေသလိုပဲ...သူ့နောက်ကျောကိုကြည့်တာနဲ့တင် သူက တကယ်ချောမယ့်ပုံစံဆိုတာ ငါသိနေတယ်...]


[ဘယ်လိုတောင် ကံကောင်းနေတာလဲ...]


[ခုနက အစီအစဉ်ကြေညာတဲ့လူက ဒီစတူဒီယိုအခန်းတွေကို အဖွဲ့က မငှားထားဘူးလို့ပြောသွားတယ်မလား...ဘာဖြစ်လို့ အဲဒီလူကို NPC လို့ ဇွတ်ထင်နေကြတာလဲ...]


အစီအစဉ်တင်ဆက်သူဝန်ထမ်းကလည်း အခြေအနေကို နားမလည်‌တော့ဘဲ ကြောင်သွားသည်။ ဘေးမှ ဝန်ထမ်းများကို မေးပြီးသောအခါမှ ပရိသတ်များကို ဖြေရှင်းပေးလိုက်ရသည်။


"အဲဒီစတူဒီယိုက တကယ်ပဲ ကျွန်တော်တို့ ငှားထားတဲ့ စတူဒီယိုမဟုတ်ပါဘူး...အဲဒီမှာ ကျွန်တော်တို့ ဝန်ထမ်းတွေလည်း တစ်ယောက်မှ မထားထားပါဘူး..."


စတူဒီယိုအခြားတစ်ဖက်တွင်မူ အပြာအသင်းနှင့် ကုချင်းချီတို့က နှစ်ဘက်လုံး အခြေအနေအမှန်ကို မသိကြသေးချေ။ 


တိုက်ရိုက်ထုတ်လွှင့်နေသော ကင်မရာကလည်း အကောင်းဆုံးရှုထောင့်ကို ရှာတွေ့သွားကာ သေချာရိုက်ပြနေလေသည်။


ကုချင်းချီက အလင်းရောက်ရှိရာသို့ ‌ဖြည်းဖြည်းချင်း လျှောက်လာ၍ ဗော့ဒ်ကာပုလင်းကို စားပွဲဝိုင်းပေါ်သို့ တင်လိုက်သည်။ ထို့နောက် အပြာအသင်းကို မော့ကြည့်လိုက်သည်။

"အခု စရိုက်ရတော့မှာလား..."


အရက်သောက်ထားသောကြောင့် ကုချင်းချီ၏အသံက လျှပ်စီးဝင်နေသလို အနည်းငယ်ဩရှရှဖြစ်နေသည်။ သူ့အသံကိုကြားလိုက်ရသည်နှင့် ကျောရိုးထဲသို့ လျှပ်စီးဝင်သွားသကဲ့သို့ လူကို မူးမှိုင်းသွားစေသည်။


မှတ်ချက်နေရာမှ ပရိသတ်များလည်း စက္ကန့်အနည်းငယ်မျှ မှင်သက်ကာ ‌မှတ်ချက်များပင် တက်မလာတော့ပေ။ 


ထို့နောက်တွင်မူ ပေါက်ကွဲသွားသကဲ့သို့ မှတ်ချက်များက အုံကြွကာ တရစပ်တက်လာတော့သည်။


[ကြိုက်လိုက်တာဟယ်...]


[ဖာ့ခ် ဖာ့ခ် ဖာ့ခ်...ဒီမျက်နှာနဲ့ ဒီခန္ဓာကိုယ်နဲ့...အား ငါသေတော့မယ်ထင်တယ်...]


[ငါ ဒီကောကောနဲ့ ပတ်သက်သမျှ အချက်အလက်အားလုံးကို တစ်မိနစ်အတွင်းလိုချင်တယ်...တောင်းပန်ပါတယ် ရှာပေးကြပါနော်...ဒီမှာစောင့်နေမယ်...]


[သူ အခုချက်ချင်း ဒီနေရာမှာပဲ အနုပညာလောကထဲ ပွဲဦးထွက်သင့်တယ်...]


[လက်စွပ်တွေ ဆွဲကြိုးတွေ အများကြီးဝတ်တာက တောသားစတိုင်လို့ပဲ ငါအမြဲထင်ခဲ့တာ...အခုကြည့်တော့လည်း အရမ်းမိုက်နေတာပဲနော်...]


[ဒါကို screenshot ရိုက်ထားကြ...screenshot ရိုက်ထားကြ...ညီအစ်မတို့ လက်မြန်ခြေမြန်ရှိကြနော်...]


[သူ့ပုံကို တစ်ချက်မှမလွတ်တမ်းရိုက်ပေးထားကြနော်...သူ့ကိုပဲရိုက်...တစ်စက္ကန့်မှ မလွတ်စေနဲ့...]


အပြာအသင်းမှ လေးယောက်လုံးကလည်း ကုချင်းချီ၏အလှအပ၌ မိန်းမောနေကြသည်။ ကုချင်းချီက စကားပြောလိုက်သည့်အခါမှသာ အသိစိတ်များပြန်ဝင်လာကြသည်။ 


အပြာအသင်းခေါင်းဆောင်က ကုချင်းချီ၏ မေးခွန်းကိုကြားကာ ဆက်စပ်စဉ်းစားလိုက်သည်။ ခေါင်းဆောင်၏ ဤအပိုင်းအတွက် ဇာတ်ရုပ်ကလည်း ဓာတ်ပုံဆရာဖြစ်နေသည်။

"ဟုတ်...ဟုတ်တယ်...ငါက ဓာတ်ပုံဆရာ..."


ကုချင်းချီက ယခုမှ ပထမဆုံးအကြိမ် မော်ဒယ်လုပ်ဖူးခြင်းဖြစ်သောကြောင့် ဘာစလုပ်ရမည်မသိဘဲ အပြာအသင်းကိုသာ အေးအေးဆေးဆေးကြည့်နေလိုက်သည်။ 


အပြာအသင်းကလည်း သူတို့က ဂိမ်း၏ ဇာတ်ကြောင်းကို လိုက်နေသည်ဟုထင်ကာ အခြေအနေနှင့် လိုက်ဖက်ညီစွာ သရုပ်ဆောင်နေကြသည်။


ခေါင်းဆောင်၏လည်ပင်း၌လည်း ရိုက်ကူးရေးဝန်ထမ်းပေးလိုက်သော ကင်မရာကို ဆွဲထားလျက်သားဖြစ်သောကြောင့် ထိုကင်မရာကို ဆွဲယူလိုက်သည်။ 


ကုချင်းချီက မော့ကြည့်လိုက်သောအခါ အပြာအသင်းခေါင်းဆောင်က သူ့အား ကင်မရာနှင့်ချိန်နေသည်ကို တွေ့လိုက်သည်။


မော်ဒယ်များအကြောင်းကို ကုချင်းချီသေချာမသိသော်လည်း မော်ဒယ်များကို ဓာတ်ပုံရိုက်ရာ၌ ပုံထွက်ကောင်းစေရန် မီးအလင်းများစွာသုံး၍ ကင်မရာကိုလည်း ထောက်တိုင်နှင့်သေချာရိုက်မှန်း သိပေသည်။ 


"ဒီကင်မရာလေးနဲ့ပဲ ရိုက်မှာလား..."


ကုချင်းချီ၏အမေးကြောင့် အပြာအသင်းက အနည်းငယ်ရှက်သွားကြသည်။ ပုံမှန်အားဖြင့် ရှိုး၏ ဇာတ်ကြောင်းအတိုင်း သရုပ်ဆောင်ခြင်းက ဘာပြဿနာမှမရှိပေ။ သို့‌သော် ယခု သူတို့ရှေ့၌ရှိနေသော ချောမောလှသည့် လူသားက ဤဇာတ်ညွှန်းနှင့်ပင် မတန်ဟု ခံစားလိုက်ကြရသည်။


"အင်း...အခုတော့ ဒီဟာနဲ့ပဲ ခဏရိုက်ထားလိုက်မယ်..."



🏠🏠đŸ