Chapter 8
Viewers 276

🏠 Chapter 8

ပိုက်ဆံလိုအပ်နေခြင်း



အပြာအသင်းခေါင်းဆောင်က တုန်တုန်ယင်ယင်ဖြင့် ကင်မရာကို ဖွင့်နေပြီး ခဏကြာမှ ခေါင်းမော့ကြည့်လိုက်သည်။

"အိုကေ...စရိုက်လို့ရပြီ..."


ကုချင်းချီက ပိုက်ဆံရမည့်လူဖြစ်သောကြောင့် တစ်ဘက်မှ ဘာပြောပြော ညည်းညူနေမည်မဟုတ်ချေ။ 


ထို့ကြောင့် အပြာအသင်းခေါင်းဆောင်က စရိုက်မည်ပြောသောအခါ ဗော့ဒ်ကာပုလင်းကို ပုလင်းလည်ပင်းမှကိုင်၍ ဓာတ်ပုံရိုက်၍ရရန် မီးအလင်းရောင်အောက်၌ ရပ်လိုက်သည်။


ကုချင်းချီက တစ်ခါမှ မော်ဒယ်မလုပ်ဖူးချေ။ မော်ဒယ်နှင့် ပတ်သက်၍ ကုချင်းချီသိသည်မှာ အစ်မဟုန်နှင့် မတွေ့ခင်က အင်တာနက်ပေါ်၌ အမြန်ရှာထားသော အချက်အနည်းငယ်သာဖြစ်သည်။ 


အစ်မဟုန်က မျှော်လင့်ချက်ကင်းမဲ့၍ စိတ်ဓာတ်များကျ‌ဆင်းနေသောပုံစံကို လိုချင်သည်ပြောထားသောကြောင့် ကုချင်းချီကလည်း ထိုကဲ့သို့ပင် ပို့စ်ပေးရန် စိတ်ကူးထားသည်။ 


တိုက်ရိုက်ထုတ်လွှင့်ပေးနေသည့် ကင်မရာက ကောင်းသောရိုက်ကွက်နေရာကို သူ့ဘာသာသူရှာ၍ ရိုက်နေသည်။ ကင်မရာက အမှောင်ထဲ၌ တိတ်တဆိတ်သာ လှည့်နေသောကြောင့် အရိုက်ခံရသောလူများကပင် ဘေး၌ ကင်မရာရှိနေသည်ကို မေ့နေကြသည်။ 


ရှိုး၌ဖြစ်နေသောအရာမှန်သမျှက တိုက်ရိုက်ပြသနေသော ချန်နယ်ထဲ၌ ကြည့်၍ရသည်။ ချန်နယ်ထဲ၌ အနီအသင်းအတွက် ထုတ်လွှင့်မှုတစ်ခု၊ အပြာအသင်းအတွက်ထုတ်လွှင့်တစ်ခုဖြင့် နှစ်ပိုင်းပိုင်းထားသည်။ ပရိသတ်များက သူတို့ကြည့်ချင်သောအသင်း၏ ထုတ်လွှင့်မှုတစ်ခုတည်းကိုသာ ရွေးကြည့်၍ရသလို နှစ်ခုလုံးကိုလည်း ပြိုင်ကြည့်၍ရသည်။ ကုချင်းချီပေါ်လာပြီးသည်နှင့်တစ်ပြိုင်နက် အပြာအသင်းဘက်ကိုကြည့်ရှုသူများက ထိုးတက်လာသည်။ 


မှတ်ချက်နေရာကလည်း ပို၍ တက်ကြွမြိုင်ဆိုင်လာသည်။ 


[ငါ ခဏလေး သတိလွတ်နေမိတာ...အခုပြန်ကြည့်လိုက်တာနဲ့ နတ်သားလေးကို တွေ့လိုက်ရတော့တာပဲ...ငါရှင်းရှင်းပဲပြောမယ်...သူ့ပုံလေးတွေ screenshot ရိုက်ထားလိုက်တဲ့လူရှိလားဟင်...ဒူးထောက်တောင်းပန်ပါတယ်...ပြန်ရှဲပေးကြပါလို့...]


[ဒီကောကောရဲ့ အချက်အလက်လေးတွေကို တောင်းခံနေဆဲပါလို့...]


[ဒါက မျက်နှာကို ဖြတ်ရိုက်နေတာနဲ့မတူဘူးလား... NPC က ရှိုးရဲ့အချောဆုံးလူထက်တောင် ပိုချောနေတယ်...]


[ငါ ခုနက အပြာအသင်းကို ရယ်နေမိပေမယ့် အခုတော့ သူတို့ကို မနာလိုဖြစ်နေပြီ...အခုချက်ချင်းပဲ ဖုန်းစခရင်ကြီးထဲ ဝင်လိုက်ချင်နေပြီ...]


ဤဇာတ်ကောင်အသစ်အကြောင်းကို မေးနေသော မှတ်ချက်များက တဖြည်းဖြည်း ပို၍ များလာကာ ပရိသတ်အများစုက ထိုချောမောသော နတ်သားလေးက ရိုက်ကူးရေးအဖွဲ့က လျှို့ဝှက်စွာထည့်ထားသော ဇာတ်ကောင်တစ်ယောက်ဟုသာ ထင်နေကြသည်။


ရိုက်ကူးရေးအဖွဲ့သားများကိုယ်တိုင်သည်ပင် အနည်းငယ် ကြောင်တောင်တောင်ဖြစ်လာ၍ ရှိုးကို အဓိကစီစဉ်သူများကို ပြန်မေးပြီးမှ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဖြေရှင်းပေးလိုက်ရသည်။ 


"ကျွန်တော်တို့ ရိုက်ကူးရေးအဖွဲ့က အခုတလောမွဲနေတာမို့လို့ ဒီလို အရမ်းချောတဲ့ ကောကောလေးကို မငှားနိုင်ပါဘူး...ဒါ တကယ် တိုက်ဆိုင်မှုသက်သက်ပါ...သူက ဓာတ်ပုံရိုက်ဖို့စောင့်နေတဲ့ ဘေးက စတူဒီယိုက မော်ဒယ်တစ်ယောက်ဖြစ်နိုင်ပါတယ်..."


ထိုစဉ်ဘေးမှ ဝန်ထမ်းတစ်ယောက်က ဝင်ပြောလိုက်သည်။

"အပြာအသင်းကနေ ၅ မှတ်ထပ်နှုတ်လိုက်ပါတယ်..."


အပြာအသင်းကမူ ထိုအကြောင်းများကို ဘာမှမသိဘဲ ရိုက်ကူးရေးအဖွဲ့က ဝှက်ထားသော လျှို့ဝှက်ဇာတ်ကောင်ကို ရှာတွေ့သည်အထင်နှင့် တက်ကြွစွာ သရုပ်ဆောင်နေကြသည်။ 


ကုချင်းချီက ပခုံးများကို ခပ်လျော့လျော့ထားလိုက်သည်။ ထို့နောက် ခြေထောက်တစ်ချောင်းကို အနည်းငယ်ကွေးလိုက်သည်။ လက်တစ်ဖက်က ဗော့ဒ်ကာပုလင်းကို ကိုင်ထား၍ အခြားတစ်ဖက်ကို ဆံပင်ကို သပ်လိုက်သည်။ ကုချင်းချီ၏ပုံစံက ဖရိုဖရဲဖြစ်နေ၍ ဘဝအခြေအနေက ဆိုးလွန်းလှသောကြောင့် မိမိ၏ပုံစံကိုပင် ဂရုမစိုက်နိုင်တော့သည့်ပုံနှင့်တူနေသည်။ သို့သော် ထိုကဲ့သို့အခြေအနေ၌ပင် ကုချင်းချီ၏ပုံက အလွန်ပြီးပြည့်စုံနေ၍ လူတိုင်း၏ အာရုံကို ဆွဲဆောင်နေလေသည်။ 


ကုချင်းချီက ကင်မရာကို ကြည့်လိုက်သောအခါ ဝမ်းနည်းလွမ်းဆွေးမှုများက မျက်လုံးများထံမှ စိမ့်ထွက်နေသည့်အလား ခံစားလိုက်ရသည်။


ကုချင်းချီ၏ ပုံစံက ညှိုးမှိုင်းနေ၍ နောက်ခံတစ်ခုလုံးက မီးခိုးရောင်ဖြစ်နေကာ ကုချင်းချီ၏ နှုတ်ခမ်းကသာ အနီရောင်‌ဖြစ်နေသည်။ 


ထိုမြင်ကွင်းကို မြင်လိုက်ရသည့်လူတိုင်းက သူတို့၏ နှလုံးသားများ ဆွဲခါခံလိုက်ရသကဲ့သို့ ခံစားကုန်ကြရမည်သာဖြစ်သည်။ 


အပြာအသင်းခေါင်းဆောင်လည်း ကုချင်းချီ၏ အလှ၌ မိန်းမောကာ သူ့ကိုယ်သူပင် သတိမထားလိုက်မိဘဲ ကင်မရာခလုတ်ကို နှိပ်လိုက်မိ၍ ကင်မရာမီးက ပွင့်သွားသည်။


ကုချင်းချီက နောက်ထပ်ပုံစံတစ်မျိုးပြောင်းလိုက်သည်။ ‌ဗော့ဒ်ကာပုလင်းကို ကြမ်းပေါ်၌ချ၍ သူကိုယ်တိုင်ကလည်း ဆိုဖာပေါ်၌မထိုင်ဘဲ ဆိုဖာဘေး ကြမ်းပြင်ပေါ်၌ ထိုင်လိုက်သည်။ 


ခြေထောက်တစ်ဖက်ကို ကွေးထား၍ တစ်ဖက်ကို ဆန့်ထားကာ လက်များကို ကြမ်းပြင်ပေါ်၌ ချထားလိုက်သည်။ လက်မှ လက်စွပ်က ကြမ်းပြင်နှင့်ထိမိ၍ ချွင် ခနဲ အသံမြည်သွားသည်။ ကုချင်းချီက ထိုင်ပြီးပြီးချင်းမှာပင် ခေါင်းကိုလှည့်ပြီး ကင်မရာကို လှမ်းကြည့်လိုက်သည်။


အပြာအသင်းခေါင်းဆောင်ကလည်း ကုချင်းချီ ထိုင်လိုက်သည့်အချိန်ကို ကွက်တိရိုက်ထားလိုက်သည်။ ကုချင်းချီကိုကြည့်ရသည်မှာ အရိုးခိုက်အောင် ချမ်းလွန်းသောအအေးနှင့် ချွေးပြိုက်ပြိုက်ကျသော အပူဒဏ်တို့ကို အံတုကာ သေခြင်းနှင့် ရှင်ခြင်းကြား လျှောက်နေရပြီး အမာရွတ်များ၊ ဒဏ်ရာများနှင့် ပြည့်နေ၍ အနားယူစရာနေရာလေးတစ်နေရာကိုသာ ရှာချင်နေသော လေလွင့်ကြောင်တစ်ကောင်နှင့်တူနေသည်။ 


ကုချင်းချီ ကင်မရာကို လှည့်ကြည့်လိုက်သည့်ပုံမှာလည်း ဒဏ်ရာများနှင့် အနားယူနေရာမှ အန္တရာယ်တစ်ခုခုကို ထပ်ရင်ဆိုင်ရတော့မလို လှမ်းကြည့်လိုက်သည်နှင့်တူနေသည်။ ထိုပုံစံက လူများစွာကို ဝမ်းနည်းသွားစေသည်။ 


ထို့နောက် ကုချင်းချီက ပုံစံအချို့ကို ပြောင်းကာ ဆက်အရိုက်ခံနေလိုက်သည်။ ဓာတ်ပုံရိုက်သူကလည်း ဘာမှမပြောဘဲ တိတ်တဆိတ်သာရိုက်နေသောကြောင့် ကုချင်းချီလည်း ခံစားချက်ပေါ်မူတည်ပြီး ပို့စ်ကိုပြောင်းနေလိုက်သည်။


အခန်းက တိတ်ဆိတ်နေ၍ ကုချင်းချီ၏လှုပ်ရှားမှုကြောင့် ထွက်ပေါ်နေသော အဝတ်စများပွတ်တိုက်သံနှင့် အလှဆင်ပစ္စည်းများအချင်းချင်း ထိမိသံတို့သာ လွှမ်းမိုးနေသည်။ 


တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသာ ပရိသတ်အရေအတွက်ကလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် များပြားလာ၍ မှတ်ချက်နေရာ၌လည်း မှတ်ချက်များ ပြွတ်သိပ်နေတော့သည်။ 


ခဏအကြာတွင် အခန်းထဲသို့ အစ်မဟုန်ပြန်ရောက်လာသည်။

"လာ...မင်းအလှည့်ရောက်ပြီ..."


အစ်မဟုန်က "ရတနာသိုက်ရှာပုံတော်" ကို တစ်ခါမှမကြည့်ဖူး၍ တိုက်ရိုက်ထုတ်လွှင့်သော ရှိုးများ၌သုံးသော ပစ္စည်းများနှင့်လည်း မရင်းနှီးပေ။ ထို့ကြောင့် အခန်းထဲ၌ အခြားလူများကို မြင်သောအခါ နားမလည်ဖြစ်သွားသည်။ 


"မင်းသူငယ်ချင်းတွေလား...အခု စကားပြောနေဖို့တော့ အချိန်မရှိတော့ဘူး...အစ်မတို့ နည်းနည်းနောက်ကျနေလို့ မြန်မြန်လုပ်မှဖြစ်မယ်..."


ကုချင်းချီလည်း နားမလည်ဖြစ်ကာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် အပြာအသင်းခေါင်းဆောင်ကို လှမ်းကြည့်ရင်းနှင့်မှ တစ်ခုခုတော့ လွဲနေပြီကို သတိထားမိလိုက်သည်။ 


အစ်မဟုန်ကလည်း ကုချင်းချီကို ဆွဲခေါ်မတတ်ဖြစ်နေသောကြောင့် ကုချင်းချီလည်း ဘာမှမပြောဘဲ အစ်မဟုန်နောက်သို့သာ လိုက်သွားလိုက်သည်။


အပြာအသင်းခေါင်းဆောင်ကလည်း ဤအဖြစ်အပျက်အားလုံးက ရှိုး၏ဇာတ်ကွက်ထဲ၌ပါသည်ထင်သောကြောင့် ကုချင်းချီတို့နောက်သို့ လိုက်သွားမည်လုပ်နေသေးသည်။ ရိုက်ကူးရေးအဖွဲ့မှ ဝန်ထမ်းတစ်ယောက်ရောက်လာ၍ တားလိုက်မှသာ ရပ်သွားတော့သည်။ 


...


ကုချင်းချီက အင်တာနက်ပေါ်၌ နာမည်ကြီးသွားပြန်လေသည်။


#ရတနာသိုက်ရှာပုံတော်ကNPCနတ်သားလေး


"ရတနာသိုက်ရှာပုံတော်" ရှိုးက ယခင်တည်းက နာမည်ကြီးပြီးသားဖြစ်သည်။ ယခု ကုချင်းချီပေါ်လာခြင်းနှင့် အပြာအသင်း၏ ကြောင်တောင်တောင်အဖြစ်အပျက်တို့ ပေါင်းလိုက်သောအခါ ရှိုး၏နာမည်ကြီးမှုက ထိပ်ဆုံးသို့ ရောက်သွားတော့သည်။ 


ရှိုး၌ ကုချင်းချီပေါ်လာသည့်အပိုင်းကို သပ်သပ်ဖြတ်ထုတ်၍ ဗီဒီယိုတစ်ခုအဖြစ် အင်တာနက်ပေါ်၌ တင်ထားရာ ထိုဗီဒီယိုကို ကြည့်ရှုသူနှင့် ပြန်လည်ဝေမျှထားသူအရေအတွက်က မိုးထိုးနေတော့သည်။ ထိုဗီဒီယိုထဲ၌ အခြားလူများလည်း ပါနေသောကြောင့် မလိုသူများကပင် ကုချင်းချီကို ဖိုတိုရှော့ ဟု ပြော၍မရတော့ပေ။ 


အပြာအသင်းခေါင်းဆောင်ကလည်း သူရိုက်ထားသော ကုချင်းချီ၏ပုံများကို အင်တာနက်ပေါ်၌ တင်ပေးလိုက်သည်။ ဓာတ်ပုံများက အလွန်ကောင်းလွန်းနေရာ နာမည်ကြီးဓာတ်ပုံဆရာတစ်ယောက်က ရိုက်ထားသည်ဟုပင် ထင်ရလောက်သည်။ 


အင်တာနက်၌ ဤကိစ္စက အလွန်နာမည်ကြီးနေ၍ ထိုအကြောင်းအရာနှင့်ပတ်သက်သော အခြားခေါင်းစဉ်များကပါ ထနာမည်ကြီးကုန်ကြတော့သည်။ 


ယခင်က ကောလင် တည်းဖြတ်ပြီး တင်ထားသော ဗီဒီယိုကလည်း ပြန်၍ ပျံ့လာသည်။ အင်တာနက်အသုံးပြုသူများက အင်တာနက်တစ်ခုလုံးမွှေနှောက်ရှာကြသော်လည်း ကုချင်းချီအကြောင်းနှင့်ပတ်သက်၍ ဘာဆိုဘာမှ ရှာမတွေ့ကြချေ။


ရှိုး၏တိုက်ရိုက်ထုတ်လွှင့်မှုအရ ကုချင်းချီက မော်ဒယ်တစ်ယောက်ဖြစ်ကြောင်းသာ သိကြရသည်။ 


တစ်ချိန်တည်းမှာပင် အချို့ အင်တာနက်အသုံးပြုသူများက ကုချင်းချီအလုပ်လုပ်သော အနောက်တိုင်းပုံစံစားသောက်ဆိုင်ကို မှတ်မိသွားကြသည်။ 


ယခင်တစ်ခေါက် ကော‌လင်ကြောင့် အင်တာနက်ပေါ်၌ နာမည်ကြီးသွားစဉ်က ကုချင်းချီ မမှုလှပေ။ ထိုစဉ်အခါက ကိစ္စများက နာမည်ကြီးသွားသော်လည်း ချက်ချင်းဆိုသလို ပြန်ငြိမ်ကျသွားကာ ဘာမှထူးထူးခြားခြားမဖြစ်ခဲ့ပေ။


သို့သော် ယခုကမူ ပို၍ ထူးခြားနေသည်။ ကုချင်းချီ၏ နာမည်ကြီးမှုက ပို၍ လျင်မြန်စွာ ပျံ့နှံ့သွား၍ လွယ်လွယ်နှင့်လည်း ပြန်မငြိမ်ကျတော့ပေ။ 


ကုချင်းချီအလုပ်လုပ်သောစားသောက်ဆိုင်၌လည်း ကုချင်းချီကို လာကြည့်သူများ၊ ဓာတ်ပုံလာရိုက်သူများနှင့် အမြဲပြည့်နေတော့သည်။ 


ယခင်ကလည်း ကုချင်းချီကို ဓာတ်ပုံခိုးရိုက်သူများရှိသော်လည်း စားသောက်ဆိုင်မှ ဧည့်သည်အများစုက ချမ်းသာသော ဂုဏ်သရေရှိသူဌေးများဖြစ်သောကြောင့် ဤမျှ ရုပ်ပျက်ဆင်းပျက်မဖြစ်ပေ။ 


ယခုတွင်မူ ကုချင်းချီကို လာကြည့်သူများကြောင့် စားသုံးသူ ဧည့်သည်များပင် အနှောင့်အယှက်ဖြစ်လာရတော့သည်။ 


ကုချင်းချီက အဝတ်လဲခန်းထဲ၌နေ၍ သံဗီရိုကို မှီနေလေသည်။ ပုံမှန်ဆိုလျှင် ယခုအချိန်က ကုချင်းချီ အလုပ်လုပ်နေရမည့်အချိန်ဖြစ်သည်။

"ငါ အလုပ်ထွက်ချင်နေပြီ..."


ကုချင်းချီနေရာ၌ အစားဝင်ပေးနေသော လုပ်ဖော်ကိုင်ဖက်က လှည့်ကြည့်လိုက်သည်။

"မင်း အလုပ်ထွက်ရင် ဘယ်ကပိုက်ဆံနဲ့ ထမင်းသွားစားမှာလဲ..."


လုပ်ဖော်ကိုင်ဖက်က ပြောရင်း ကုချင်းချီထံသို့ ချောကလက်ကို ပစ်ပေးလိုက်သည်။ 

"ခဏလောက် ကိုယ်‌ယောင်ဖျောက်နေလိုက်ပြီးမှ ပြန်လာခဲ့လေ..."


ကုချင်းချီက ချောကလက်ကို လှမ်းဖမ်းလိုက်သော်လည်း ချက်ချင်း ဖောက်မစားပေ။ 

"မဟုတ်ဘူး ငါအပြီးထွက်ချင်နေပြီ...ငါ ဒီမှာ တစ်သက်လုံး အလုပ်လုပ်သွားလို့လည်း ရမှမရဘဲ..."


ဤတစ်ခေါက်တွင်မူ လုပ်ဖော်ကိုင်ဖက်လည်း ဘာမှမပြောတော့ဘဲ တိတ်ဆိတ်သွားတော့သည်။ ဤအလုပ်၌ မည်သူကမှ နှစ်နှစ်ထက် ပို၍မလုပ်ကြပေ။ 


အလုပ်က ပင်ပန်းသည့်အပြင် ရာထူးတိုးရန်လည်း မရှိပေ။ ဤစားသောက်ဆိုင်၌ ရှိသော ဝန်ထမ်းအားလုံးမှာ အချိန်ခဏတာ ပိုက်ဆံရရန်အတွက်သာ လာလုပ်နေကြသော လူငယ်များဖြစ်၍ အချိန်တန်လျှင် ထွက်သွားကြမည့်လူချည်းသာဖြစ်သည်။ 


ထို့ကြောင့် အလုပ်ထွက်ခြင်းမှာ ထူးဆန်းသောကိစ္စ မဟုတ်လှပေ။ 


လုပ်ဖော်ကိုင်ဖက်ကိုယ်တိုင်ကပင် နောက် ၆လခန့်ကြာလျှင် ထွက်ရန် စိတ်ကူးထားသူဖြစ်သည်။


ကုချင်းချီ အလုပ်မှ ထွက်လာသောအခါ မန်နေဂျာက လုပ်ရိုးလုပ်စဉ်အတိုင်း လခ တစ်လခစာ ပိုပေးလိုက်သည်။ 


ကုချင်းချီ၌ စုထားသောပိုက်ဆံလည်း မရှိတော့သောကြောင့် ထိုအပိုပိုက်ဆံလေးက ကုချင်းချီ၏ ရှိသမျှစည်းစိမ်ဖြစ်သည်။ 


ကြောင်လေးက ကုချင်းချီပေါင်ပေါ်၌ ငြိမ်သက်စွာ ထိုင်နေသည်။ ကုချင်းချီက သူ့အား ဖယ်မပစ်သည်ကို သတိထားမိသောအခါ ကြောင်လေးက ကိုယ်ပေါ်သို့ထပ်တိုး၍ ကုချင်းချီ၏ လက်ပေါ်သို့ တက်ရန် ကြိုးစားနေပြန်လေသည်။ ကြောင်လေးက အခွင့်အရေးရတိုင်း ကုချင်းချီနားသို့သာ ကပ်ချင်နေသူဖြစ်သည်။ 


ဆေးကုသမှုခံယူပြီးသောအခါ ကြောင်လေးက သိသာစွာပင် လန်းလန်းဆန်းဆန်းဖြစ်လာသည်။ ဆေးများအထိုးခံရ၍ ဆေးများလည်း သောက်နေရဆဲမှလွဲလျှင် အခြား ကျန်းမာသောကြောင်လေးများကဲ့သို့ စားနိုင် သောက်နိုင် ဆော့နိုင်နေပြီဖြစ်သည်။ 


ကုချင်းချီကမူ အနည်းငယ် စိတ်ပူနေမိသည်။ သူက စားသောက်ဆိုင်၌လည်း အလုပ်မလုပ်တော့၍ မော်ဒယ်လုပ်သည်ကလည်း တစ်ကြိမ်သာပိုက်ဆံရသည်ဖြစ်သည်။ ထို့အပြင် ကြောင်လေး၏ ဆေးကုသမှုကိုလည်း ရပ်လိုက်၍ မရသေးပေ။ 


ထို့ကြောင့် ကုချင်းချီက ပိုက်ဆံကို အလွန့် အလွန် အလွန်ပင် အရေးတကြီး လိုအပ်နေပြီဖြစ်လေသည်။


×××××


ယဲ့လီက Starlight Entertainment မှ အေးဂျင့်တစ်ယောက်ဖြစ်သည်။ သူက နာမည်ကြီး တက္ကသိုလ်တစ်ခုမှ ဘွဲ့ရလာ၍ ရည်မှန်းချက်ကြီးကာ ကောင်းမွန်ကျော်ကြားသော ဂုဏ်သတင်းတစ်ခု တည်ဆောက်ရန် မျှော်မှန်းထားသူဖြစ်သည်။


[T/N: Starlight Entertainment - Starlight ဖျော်ဖြေရေးကုမ္ပဏီ။ 

နောက်ပိုင်းတွေမှာ Entertainment လို့ပဲသုံးပါမယ်နော်။]


သို့သော် ယဲ့လီက အနုပညာလောကထဲ ဝင်လာသည်မှာ တစ်နှစ်ခွဲရှိနေပြီဖြစ်သော်လည်း သူ့လက်အောက်၌ အနုပညာရှင်တစ်ယောက်မှ မရှိသေးချေ။ 


ထိုသို့ဖြစ်ရခြင်းမှာလည်း ယဲ့လီ၌ အေးဂျင့်ကောင်းတစ်ယောက်၏ စွမ်းရည်များ မရှိသောကြောင့် မဟုတ်ပေ။


ယဲ့လီက အနုပညာအသိုင်းအဝိုင်း၌ နာမည်ကောင်းနှင့် ကျော်ကြားသူဖြစ်သော်လည်း သူ့ကို သိသူက သိပ်မရှိချေ။ တစ်နည်းဆိုရလျှင် အနုပညာရှင်များက ယဲ့လီကို သိပ်မသိကြချေ။


အေးဂျင့်ကောင်းတစ်ယောက်က အနုပညာရှင်များကို နာမည်ကြီးစေရန် နောက်ကွယ်မှ ကောင်းစွာ ပံ့ပိုးပေးနိုင်သောကြောင့် အနုပညာရှင်များက အေးဂျင့်များစွာကို သေချာသိကြသော်လည်း ယဲ့လီကိုမူ မသိကြပေ။ 


သို့သော် ထိုအနုပညာရှင်များ၏ အေးဂျင့်များကမူ ယဲ့လီကိုသိကြသည်။ ယဲ့လီ၏ အသိကွန်ရက်ထဲ၌ အခြားအေးဂျင့်များ၊ ဒါရိုက်တာများ၊ ပရိုဂျူဆာများနှင့် ငွေကြေးရင်းနှီးမြှုပ်နှံသူများ စသဖြင့် နယ်ပယ်ပေါင်းစုံမှ လူများစွာ ရှိသည်။ 


ယဲ့လီက သူ့ယခင် အနုပညာရှင်နှင့် စာချုပ်ဖျက်လိုက်စဉ်က ယဲ့လီကို အခြားအနုပညာရှင်များနှင့် ချိတ်ပေးရန် လူများစွာ လာရောက်ကမ်းလှမ်းခဲ့ကြသော်လည်း ယဲ့လီက တစ်‌ယောက်ပြီးတစ်ယောက် ငြင်းခဲ့သည်။


ယဲ့လီ၏ အလုပ်အပေါ်ကျွမ်းကျင်မှုက အလွန်ချီးကျူးဖွယ်ကောင်းသည်။ သူက ယခုမှ အနုပညာအသိုင်းအဝိုင်းထဲသို့ ဝင်ရောက်လာသူနှင့်ပင်မတူဘဲ အချိတ်အဆက်ပေါင်းများစွာ ရှိနေသည်။ 


ယဲ့လီက ဆိုးဝါးသောအခြေအနေများတွင် စိတ်ကိုငြိမ်ငြိမ်ထားနိုင်၍ အခြေအနေကို ထိန်းချုပ်ရန် လုပ်စရာရှိသည်များကို ခေါင်းအေးအေးထားပြီး တစ်ဆင့်ချင်းလုပ်သွားနိုင်သည်။


ထိုကဲ့သို့ ကောင်းမွန်သော အရည်အသွေးများနှင့် ပြည့်စုံနေသော်လည်း ယဲ့လီကို လူသိပ်မသိကြခြင်းမှာ ယဲ့လီ၏ ထူးဆန်းသောသတ်မှတ်ချက်တစ်ခုကြောင့် ဖြစ်သည်။ 


ယဲ့လီက တက်သစ်စ အနုပညာရှင်များကိုသာ စာချုပ်ချုပ်၍ တစ်ခါချုပ်လျှင်လည်း တစ်ယောက်သာ ချုပ်ပေးသည်။ သူနှင့် စာချုပ်ချုပ်သော အနုပညာရှင်အတွက် ယဲ့လီ၌ သတ်မှတ်‌ချက်ပေါင်းများစွာ ရှိသည့်အထဲကမှ တစ်ခုမှာ ထိုအနုပညာရှင်က ယခုမှ အနုပညာလောကထဲသို့ ဝင်လာသည့် အသစ်စက်စက် အနုပညာရှင်ဖြစ်ရမည်ဆိုသော အချက်ဖြစ်သည်။


သရုပ်ဆောင်ဖြစ်စေ၊ အဆိုတော်ဖြစ်စေ ကိစ္စမရှိပေ။ အနုပညာလောကထဲသို့ အသစ်စက်စက်ဝင်လာသူဖြစ်ရန်သာလိုသည်။ 


အနုပညာလောကထဲသို့ ယခုမှ စဝင်လာသော်လည်း ကောင်းမွန်သော ဆရာနှင့် သေချာလေ့ကျင့်ထားသော သရုပ်ဆောင်တစ်ယောက်၊ အနေအထိုင် သိုသိပ်သော်လည်း စင်ပေါ်၌ အခြားလူများထက် ထင်းလင်းထွက်နေသော အဆိုတော်တစ်ယောက် တို့ကို ယဲ့လီ စာချုပ်ချုပ်ဖူးသည်။


ဤလောကထဲသို့ ဝင်လာပြီးချိန်မှစ၍ ယဲ့လီက တက်သစ်စလူနှစ်ယောက်နှင့်သာ စာချုပ်ချုပ်ခဲ့ဖူး၍ စာချုပ်ကာလမှာလည်း တစ်နှစ်သာ ဖြစ်သည်။ 


ထိုအနုပညာရှင်နှစ်ယောက်လုံးက စာချုပ်သက်တမ်းပြည့်သောအခါ ထပ်မတိုးခဲ့ကြပေ။ တစ်ယောက်ဆိုလျှင် စာချုပ်ကို သက်တမ်းမကုန်ခင် စော၍ပင် ဖျက်သွားခဲ့သေးသည်။


ထိုအချိန်ကမူ ထိုအနုပညာရှင်နှစ်ယောက်လုံးက ယခုထက်ပို၍ နာမည်ကြီးမည့်အလားအလာရှိနေကြဆဲဖြစ်သည်။ တစ်ယောက်က တက်သစ်စ သရုပ်ဆောင်ဖြစ်၍ တစ်ယောက်က သံစဉ်အမြင့်များကို ကျွမ်းကျင်စွာဆိုနိုင်သော အဆိုတော်ဖြစ်သည်။ 


သူတို့နှစ်ဦးလုံးက ယဲ့လီ၏ အလုပ်စွမ်းရည်ကို ကောင်းစွာ ချီးကျူးကြသော်လည်း တစ်ချိန်တည်းမှာပင် ယဲ့လီက စည်းကမ်းတင်းကျပ်လွန်းသည်ဟုလည်း ဆိုကြသည်။ 


ယဲ့လီကလည်း စာချုပ်ကို အသစ်ထပ်ချုပ်ချင်နေသည်မဟုတ်ပေ။ စာချုပ်ကို ဖျက်သိမ်းခဲ့သည်က နှစ်ဦးနှစ်ဖက် သဘောတူဖြစ်သည်။ ယဲ့လီကိုယ်တိုင်ရလည်း ထိုအနုပညာရှင်များနှင့် အလုပ်ဆက်မလုပ်ချင်တော့ပေ။ အမှန်တကယ်ဆိုလျှင် စာချုပ်ကုန်ခါနီးအချိန်၌ ယဲ့လီခမျာ အလွန်စိတ်ကုန်နေပြီဖြစ်သည်။ သူ၏အလုပ်အပေါ်တန်ဖိုးထားလုပ်တတ်သောစိတ်ကြောင့်သာ စာချုပ်သက်တမ်းကုန်သည်အထိ လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ 


စာချုပ်ကုန်ခါနီးအချိန်၌ ထိုအနုပညာရှင်နှစ်ယောက် အနာဂတ်၌ မည်သို့ဖြစ်မည်ကို ယဲ့လီ ကြိုမြင်ပြီးဖြစ်သည်။ ထိုနှစ်ယောက်က အလွန်ဆုံး A-list အနုပညာရှင်တန်း၏ အောက်ဆုံးနေရာလေး၌ တိုးဝင်ကောင်းဝင်နိုင်ကြလိမ့်မည်။ သို့သော် ထိုအဆင့်လောက်သာ ရောက်နိုင်မည့် အနုပညာရှင်များကို ဆက်အလုပ်လုပ်ပေးနေရန် ယဲ့လီ၌ လုပ်ချင်စိတ်မရှိတော့ချေ။ တကယ်တမ်းက သူတို့နောက်ကွယ်၌ လုပ်ကိုင်ပေးနိုင်သည့် ယဲ့လီသာမရှိလျှင် A-list အောက်နားသို့ပင် ရောက်နိုင်တော့မည်မဟုတ်ချေ။ 


အထူးသဖြင့် စာချုပ်ကိုဖျက်သိမ်းခဲ့သည့် အဆိုတော်က ယခု ချစ်သူရှိနေပြီဖြစ်သည်။ 


ထိုအဆိုတော်၏ အနာဂတ်အတွက်ကို ယဲ့လီ ရင်လေးမိလှသည်။


ထိုအဆိုတော်က အနုပညာလောကထဲ စဝင်လာစဉ်က အနေအထိုင်တည်၍ အလုပ်ကိုလည်း သေချာလုပ်သည်။ သို့သော် နောက်ပိုင်း၌ တဖြည်းဖြည်းနှင့် သူ့ပရိသတ်များနှင့် လိုအပ်သည်ထက်ပို၍ရင်းနှီးကာ သူ့ကိုအားပေးသောကောင်မလေးတစ်ယောက်နှင့် ရည်းစားဖြစ်သွားကြသည်။ ထိုကဲ့သို့ ပရိသတ်ကောင်မလေးများနှင့် တွဲသည်က ယခုဆိုလျှင် နှစ်ယောက် သုံးယောက်ခန့်ရှိနေပြီဖြစ်သည်။ ယဲ့လီက သူ့အား သတိပေးသော်လည်း အဆိုတော်က နားမထောင်တော့ပေ။ 


ထို့နောက်တွင်မူ ထိုကိစ္စကြောင့်ပင် ယဲ့လီနှင့် အဆိုတော်တို့ မပြေမလည်ဖြစ်လာကြကာ နောက်ဆုံး၌ ယဲ့လီက သူ၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ဝင်ရောက်စွက်ဖက်ပါသည်ဆိုသော အကြောင်းပြချက်ဖြင့် အဆိုတော်ဘက်မှ စာချုပ်ကို ဖျက်သိမ်းသွားတော့သည်။


ယဲ့လီကလည်း အေးဆေးစွာပင် လက်ခံခဲ့သည်။ 


အဆိုတော်က သူ့အမူအကျင့်များကို ချက်ချင်းပြင်လျှင်ပြင်၊ သို့မဟုတ် သူ၏ လက်ရှိချစ်သူကို ပရိသတ်များ မသိအောင် သေချာဝှက်ထားရတော့မည်ဖြစ်သည်။ ထိုသို့မှမဟုတ်လျှင် ထိုအဆိုတော်၌ ယခုရှိနေသော နာမည်ကျော်ကြားမှုအားလုံးက မကြာမီ ပျောက်ဆုံးတော့မည်ဖြစ်သည်။



🏠🏠🏠