Chapter 9
Viewers 265

🏠 Chapter 9

အေးဂျင့်

 


ယဲ့လီကမူ စာချုပ်ဖျက်သိမ်းခဲ့ရသော အတိတ်များကို ပြန်တွေးမနေတော့ဘဲ ရှေ့သို့သာ ဆက်သွားရန် ကြိုးစားနေလိုက်သည်။ 


ယဲ့လီက တစ်ခါစာချုပ်ချုပ်လျှင် အနုပညာရှင်တစ်ယောက်သာချုပ်၍ ထိုအနုပညာရှင်ပေါ်၌ အချိန်နှင့် လူအားကို အစွမ်းကုန် ပေးတတ်သူဖြစ်သည်။ ထိုအနုပညာရှင်အတွက် အကောင်းဆုံးသော လမ်းများကို ရွေးပေး‌တတ်သော်လည်း တစ်ချိန်တည်းမှာပင် ထိုအနုပညာရှင်ကို သူ့လက်သူ့ခြေ အကုန် ထိန်းချုပ်ထားချင်သူ ဖြစ်သည်။ 


တက်သစ်စအနုပညာရှင်များက အစတွင်မူ ယဲ့လီ၏ ထိုကဲ့သို့ ထိန်းချုပ်မှုကို သဘောကျကြသော်လည်း နာမည်အနည်းငယ်ရလာသည်နှင့် တစ်ပြိုင်နက် ယဲ့လီ ပြောသမျှကို မလုပ်ချင်ကြတော့ပေ။ 


တကယ်ဆိုလျှင် ထိုမျှ အသေးစိတ် မထိန်းချုပ်ဘဲ အေးအေးဆေးဆေး ကူညီပေးလျှင်လည်း ရလဒ်များက ကောင်းမည်သာဖြစ်သည်။ အနုပညာရှင်ဘက်ကလည်း ပျော်ရွှင်၍ ယဲ့လီလည်း ယခုထက်ပို၍ နာမည်ရ၍ ငွေကြေးလည်း ပိုဝင်နိုင်မည်ဖြစ်သည်။


သို့သော် ယဲ့လီ၏ ရည်မှန်းချက်က ထိုမျှထက် များစွာ ပိုသည်။ ယဲ့လီက ယခုထက် အဆပေါင်းများစွာ မြင့်သည့်အမြင့်ကို မျှော်မှန်းထားသူဖြစ်သည်။ ယဲ့လီက သမိုင်း၌ အတောက်ပအကျော်ကြားဆုံးသော အနုပညာရှင်ကြယ်ပွင့်ကို ဖန်တီးလိုသူဖြစ်သည်။ 


ရှဲ့လုယွီလို ကြယ်ပွင့်တစ်ယောက်ပေါ့...


ရှဲ့လုယွီက အသက် ၁၉ နှစ်၌ ရုပ်ရှင်စရိုက်ကာ ထိုနှစ်အတွင်းမှာပင် သူ အရံသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ဖြင့် အကောင်းဆုံးတက်သစ်စအနုပညာရှင်ဆုကို ရခဲ့သည်။ 


အသက် ၂၀ ၌ သူ ပါဝင်သရုပ်ဆောင်ထားသော ရုပ်ရှင်က အကယ်ဒမီဆုအတွက် လျာထားခြင်းခံခဲ့ရ၍ ထိုဆုနှင့်အတူ အနုပညာလောက၌ ရှဲ့လုယွီက မြဲမြံသော‌ခြေကုပ်ကို ရခဲ့သည်။


၂၂ နှစ်၌ သူ အဓိကသရုပ်ဆောင်အနေဖြင့် ပါဝင်ထားသော ဒါရိုက်တာချန်ရိုက်ကူးသည့် ရုပ်ရှင်ဇာတ်ကားကြီးက တရုတ်၌ အမြင့်ဆုံးရုပ်ရှင်ဆုကို ရရှိသွားခဲ့သည်။ ထိုအချိန်၌ ရှဲ့လုယွီက အမျိုးမျိုးသော ဆုအသေး အကြီးများကိုလည်း ရထားပြီးဖြစ်သည်။ 


၂၃ နှစ်တွင် ရှဲ့လုယွီက နာမည်အကြီးဆုံး၊ အတော်ဆုံး သရုပ်ဆောင်များထဲမှ တစ်ယောက်ဖြစ်လာခဲ့သည်။ အင်တာနက်ပေါ်၌လည်း ရှဲ့လုယွီ၏ အရှုပ်အရှင်းကိစ္စများက အတုဖြစ်စေ အစစ်ဖြစ်စေ အမြဲလိုလိုပျံ့နေတတ်၍ အနုပညာမီဒီယာများကလည်း ရှဲ့လုယွီ၏ စိတ်တို စိတ်ဆတ်မှုများကို အမြဲ မကောင်းရေးနေကြသော်လည်း သူ၏ အနုပညာလုပ်ငန်းများကမူ အောင်မြင်နေကြဆဲဖြစ်သည်။ 


အသက် ၂၇ နှစ်တွင် ရှဲ့လုယွီက သရုပ်ဆောင်တစ်ယောက်အတွက် ဂုဏ်အရှိဆုံးဆု ဟု ပြောနိုင်သည့် ရွှေကမ္ဘာလုံးဆုကို ရရှိကာ "ရုပ်ရှင်ဧကရာဇ်" ဆိုသော အမည်ကို ရရှိသွားခဲ့သည်။


အနုပညာလောကက ရိုက်ဖူးသော ရုပ်ရှင်အရေအတွက်များနှင့် လုပ်သက် ဝါ ကို အလွန်ကြည့်သော်လည်း ရှဲ့လုယွီကမူ ခြွင်းချက်ဖြစ်သည်။ သူ ပွဲဦးစထွက်ချိန်တည်းက နာမည်ကြီးဒါရိုက်တာများစွာက ရှဲ့လုယွီကို အလုအယက် ငှားရမ်းနေခဲ့ခြင်းဖြစ်သည်။ 


ရှဲ့လုယွီက သူ့ပရိသတ်များကိုလည်း မည်သည့်အခါကမှ မျက်နှာချိုသွေးနေခဲ့သည်မဟုတ်ပေ။ သူက မည်သူ့ကိုမှ မျက်နှာချိုမသွေး၍ မည်သူ့ကိုမှ မျက်နှာချိုသွေးစရာလည်းမလိုပေ။ ရှဲ့လုယွီ၏ အမူအရာနှင့် စကားများက ဆောင့်ကြွားကြွားနိုင်သည်ဟု ထင်ချင်စရာရှိသော်လည်း သူ၏ သရုပ်ဆောင်နိုင်စွမ်းရည်က ကောင်းလွန်းသောကြောင့် ထိုအပြစ်များကို လျစ်လျူရှုနိုင်သွားကြသည်။


ပရိသတ်များကလည်း ရှဲ့လုယွီကို ချစ်လည်းချစ်ကြ၍ အမြင်လည်း ကတ်ကြသည်။ သို့သော်လည်း ရှဲ့လုယွီကို အမုန်းဆုံးဖြစ်ကြသော anti ဖန်များ ကပင် ရှဲ့လုယွီ သရုပ်ဆောင်အလွန်တော်သည်ကိုမူ ဝန်ခံကြရသည်သာဖြစ်သည်။ 


ရှဲ့လုယွီ၏ နာမည်ကျော်ဇာတ်ဝင်ခန်းများကိုဆိုလျှင် တရုတ်နိုင်ငံတွင်းသာမက ပြည်ပနိုင်ငံများတွင်ပါ စာသင်ခန်းများ၌ သေချာ စေ့စေ့စပ်စပ်လေ့လာ၍ အတုယူသင်ကြားနေကြရခြင်းဖြစ်သည်။ ရှဲ့လုယွီ၏ နာမည်ကြီးရုပ်ရှင်များကိုဆိုလျှင်လည်း ပရိသတ်များက ဇာတ်ဝင်ခန်းတိုင်းကို မှတ်မိသည်အထိ အသည်းစွဲကြိုက်ကြသည်။ အသက်က ၂၇ နှစ်သာရှိသေးသော်လည်း ရှဲ့လုယွီသည် သရုပ်ဆောင်လောကတွင် စံတစ်ခုအဖြစ်သတ်မှတ်ခံရ၍ သူ့သရုပ်ဆောင်မှုများကို ပြန်လည် လေ့လာသင်ယူနေကြရသည်။ ရှဲ့လုယွီက တရုတ်ပြည်တွင်း၌သာမက နိုင်ငံတကာ၌ပါ ကျော်ကြားသူဖြစ်သည်။ 


ထို့အပြင် ရှဲ့လုယွီ၏ ‌နာမည်ကျော်ကြားမှုများက ယခုနှင့်ပင် ရပ်သွားမည်မဟုတ်ဘဲ ရှေ့လျှောက်လည်း ယခုထက်ပင်ပို၍ ကောင်းမွန်သော ရုပ်ရှင်များရိုက်နိုင်ဦးမည်မှာ သေချာနေသည်။ ယခုကျော်ကြားမှုက ရှဲ့လုယွီ၏ အမြင့်ဆုံး ကျော်ကြားမှုပင် မဟုတ်သေးပေ။ 


ထိုကဲ့သို့ ‌လျှမ်းလျှမ်းတောက်အောင်မြင်သော အနုပညာကြယ်တစ်ပွင့်ကို ယဲ့လီက ဖန်တီးလိုခြင်းဖြစ်သည်။


အရှေ့၌ နှစ်ခါ ရှုံးနိမ့်ထားရသော်လည်း ယဲ့လီက စိတ်ဓာတ်မကျဘဲ သူ့အိပ်မက်ကို အကောင်အထည်ဖော်ရန် အနုပညာရှင်အသစ်များကို စ၍ ပြန်ရှာဖွေနေပြီဖြစ်သည်။ 


ဤတစ်‌ကြိမ်တွင်မူ ယဲ့လီက ယခင်နှစ်ခေါက်ကထက် ပို၍ သတိထားနေရသည်။ ယခင်အခေါက်များက ယဲ့လီ သူ့ကိုယ်သူအထင်ကြီးကာ သူ၏ ပန်းပုစွမ်းရည်က ကောင်းလွန်းသောကြောင့် အဖိုးမတန်သော ကျောက်တုံးတစ်တုံးပင် သူ့လက်ထဲရောက်လျှင် အဖိုးတန်ပန်းပုရုပ်တစ်ခု ဖြစ်လာနိုင်သည်ဟု ထင်ခဲ့မိသည်။ 


ဘယ်‌လောက်တောင် မှားယွင်းခဲ့တဲ့ အတွေးလဲ...


ဤတစ်ကြိမ်တွင်မူ ယဲ့လီက အစတည်းက ‌မသွေးရသေးသော်လည်း အရည်အသွေးကောင်း‌သည့် ကျောက်ကိုသာ ရှာရန်ဆုံးဖြတ်ထားသည်။ 


ထို့နောက် တစ်နေ့တွင် hot search ပေါ်၌ ကုချင်းချီကို ယဲ့လီ တွေ့လိုက်ရသည်။ ထိုအချိန်ကမူ ယဲ့လီက သေချာပင် မကြည့်လိုက်ပေ။ ကုချင်းချီကို ပွဲဦးထွက်ခါနီး အနုပညာရှင်တစ်ယောက် ဟုသာ ထင်လိုက်သောကြောင့် ကုချင်းချီကိုကြည့်၍ "သူသာ ပွဲဦးထွက်ပြီးရင် နာမည်ကြီးဦးမှာပဲ" ဟုပင် တွေးလိုက်သေးသည်။ သို့သော် အချိန်များကုန်သွားသော်လည်း ကုချင်းချီ၏နာမည်က ထပ်ပေါ်မလာတော့ပေ။ 


ထို့နောက် "ရတနာသိုက်ရှာပုံတော်" နှင့်အတူ ကုချင်းချီက Weibo ပေါ်၌ ထပ်နာမည်ကြီးလာသောအခါမှသာ ယဲ့လီက ကုချင်းချီကို သေချာသတိထားမိသွားခြင်းဖြစ်သည်။ ကုချင်းချီက ဤတစ်ခေါက်တွင်မူ ယခင်တစ်ခေါက်ကကဲ့သို့ ခဏနှင့် မပျောက်သွားဘဲ လူတိုင်း၏ နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်လာလေသည်။ 


သို့သော် ပုံများက ပျံ့နေသော်လည်း ကုချင်းချီနှင့်ပတ်သ‌က်သော သတင်းများက အစအနပင် မတက်လာပေ။ အင်တာနက်ပေါ်၌ သူ့နာမည်ကိုပင် မသိကြပေ။ 

တစ်ခုခုတော့ မှားနေပြီ...ဒီလိုသာဆက်သွားနေမယ်ဆိုရင် လူတွေကလည်း တဖြည်းဖြည်းနဲ့ စိတ်ဝင်စားတာ နည်းသွားတော့မှာ...


ယဲ့လီက ထိုသို့ ဖြစ်သွားမည်ကို စိုးရိမ်မိသောကြောင့် ချက်ချင်းပင် အသိများကို ဆက်သွယ်ကာ အချက်အလက်များကို စုဆောင်းလိုက်သည်။ သို့သော် ဘယ်နေရာကမှန်းမသိ ရုတ်တရက် နာမည်ထကြီးလာသော ကုချင်းချီကို မည်သူကမှ မသိကြချေ။ 


လူတော်‌တော်များများက ကုချင်းချီကို "ရတနာသိုက်ရှာပုံတော်" က ကြော်ငြာပေးသော တက်သစ်စအနုပညာရှင်ဟု ထင်‌နေကြသော်လည်း တစ်ခုခု လွဲနေသည်ကို ယဲ့လီ သတိထားလိုက်မိသည်။ ကုချင်းချီက အနုပညာလောကမှ တက်သစ်စ မဖြစ်နိုင်ပေ။ အဖြစ်နိုင်ဆုံးက ကုချင်းချီသည် ရိုးရိုးသာမာန် လူတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ 


ယဲ့လီက ထိုသို့တွေးလိုက်မိပြီး သူ့ဘာသာသူပင် လန့်သွားမိသည်။ သို့သော် တစ်ချိန်တည်းမှာပင် စိတ်ဓာတ်များ အလွန်တက်ကြွလာမိသည်။ 


ယခုခေတ်အခါ၌ နာမည်ကြီးအနုပညာရှင်မဟုတ်သော ရိုးရိုးသာမာန်လူတစ်ယောက်က အင်တာနက်ပေါ်၌ သူ့ဘာသာ တဟုန်ထိုး နာမည်ကြီးလာခြင်းမှာ အလွန်အံ့ဩဖွယ်ကောင်း၍ ချီးကျူးဖွယ်လည်း ကောင်းသည်။ 


ထို့ကြောင့် ယဲ့လီလည်းအချိန်ဆွဲမနေတော့ဘဲ အခြားလူများကိုပင် အသိမပေးကာ ကုချင်းချီကို အပြင်းအထန်ရှာ‌ဖွေတော့သည်။ 


နောက်ဆုံး၌ အနောက်တိုင်းစားသောက်ဆိုင်တစ်ခုမှ သဲလွန်စရသွားသည်။ 


ပထမ၌ ယဲ့လီက စားသောက်ဆိုင်သို့ ဖုန်းခေါ်ကြည့်လိုက်သော်လည်း တစ်ဖက်က အလွန်သိုသိပ်၍ ကုချင်းချီအကြောင်းကို ဘာမှမပြောလိုက်ပေ။ စားသောက်ဆိုင်ဘက်မှလည်း ထိုကဲ့သို့ လာစုံစမ်းသည်များကို ခဏခဏခံနေရဟန်တူသည်။


နောက်ဆုံး၌ စားသောက်ဆိုင်သို့ ယဲ့လီကိုယ်တိုင်သွား၍ ကြိုးစားပမ်းစားစုံစမ်းလိုက်သည့်အခါမှပင် ကုချင်းချီကို ဆက်သွယ်နိုင်မည့် အချက်အလက်များ ရလာတော့သည်။ 


အပြင်မှ တကယ့်ကုချင်းချီက ဓာတ်ပုံများထက်ပင် ယဲ့လီကို ပို၍ အံ့အားသင့်သွားစေလေသည်။ အစကမူ အပြင်လူက ဓာတ်ပုံထဲကလောက်တော့ မ‌‌ချောနိုင် ဟု ယဲ့လီ တွေးထားမိသော်လည်း ကုချင်းချီကို အပြင်၌ တွေ့သောအခါ ယဲ့လီကဲ့သို့ အပြစ်အနာအဆာသေချာရှာတတ်သော အေးဂျင့်မျက်လုံးနှင့် ကြည့်လျှင်ပင် အပြစ်ဆိုစရာ တစ်ခုမှ မတွေ့ပေ။ 


ကုချင်းချီနှင့် စာချုပ်ချုပ်သောကိစ္စကလည်း အလွန်ချောမွေ့စွာပင် ပြီးဆုံးသွားသည်။ 


ချောမွေ့လွန်း၍ သူ အလိမ်များခံနေရပြီလား ဟုပင် ယဲ့လီ တွေးနေမိသေးသည်။ လူအများစုက ထိုကဲ့သို့ စာချုပ်ချုက်ရန်ကို စဉ်းစားချိန်ဆ၍ မိသားစုများနှင့် မိတ်ဆွေသူငယ်ချင်းများထံမှ အကြံဉာဏ်တောင်းကြသေးသည်ဖြစ်သည်။ ထို့ကြောင့် ယဲ့လီက ယခု ကုချင်းချီနှင့်ကိုလည်း စာချုပ်များကို ပြင်ဆင်လာသော်လည်း လက်မှတ်ထိုးရန်ကို စောင့်ရဦးမည်ဟု တွေးထားပြီးသားဖြစ်သည်။ 


သို့သော် နာရီဝက်ပင်မကြာသည့် သူတို့၏ ပထမဆုံးစကားပြောဆိုမှု၌မှာပင် ကုချင်းချီက လွယ်လွယ်ကူကူပင် သဘောတူကာ စာချုပ်၌ လက်မှတ်ထိုးလိုက်တော့သည်။


ယဲ့လီက စာရွက်စာတမ်းများကို သိမ်း၍ မတ်တတ်ရပ်ကာ လက်ကို ဆန့်ပေးလိုက်သည်။

"ဒါဆိုရင် အခုကစပြီး ငါတို့က လုပ်ဖော်ကိုင်ဖက် လက်တွဲဖော်တွေဖြစ်သွားပြီနော်...ပျော်ပျော်ရွှင်ရွှင် အလုပ်တူတူလုပ်ရဖို့ မျှော်လင့်ပါတယ်..."


ကုချင်းချီက ယဲ့လီ၏ ကမ်းပေးနေသော ခဏကြာစိုက်ကြည့်နေပြီးမှ လက်ကို ကိုင်ဆွဲကာ နှုတ်ဆက်လိုက်သည်။ ကုချင်းချီအတွက် တစ်စုံတစ်ယောက်ကို လက်ဆွဲမနှုတ်ဆက်ရသည်မှာ အတော်ပင် ကြာနေပြီဖြစ်သောကြောင့် ယဲ့လီ၏ လက်ကို ဆွဲကိုင်လိုက်ရချိန်တွင် ရင်ထဲ၌ တစ်မျိုးခံစားလိုက်ရသည်။ ထို့နောက် ကုချင်းချီက ယဲ့လီကို ပြုံးပြလိုက်သည်။


"ကျွန်တော်လည်း အဲဒီလိုပဲ မျှော်လင့်ပါတယ်..."


ထို့နောက် ကုချင်းချီက သူ့၏ စာချုပ်မိတ္တူကို ယူကာ အေးအေးဆေးဆေးပင် ခေါက်လိုက်သည်။


စာချုပ်နှင့်ပတ်သက်၍ ယဲ့လီက လက်မှတ်မထိုးခင်မှာပင် သေချာရှင်းပြထားသည်။ 


သို့သော် ကုချင်းချီ၏ အာရုံက အခြေခံစာချုပ်ချုပ်ခ ယွမ် ၂၀,၀၀၀ ဆိုသည်၌ပင် ငြိတွယ်သွားသည်။ ထိုငွေကြေးပမာဏကိုကြားသည်နှင့် တစ်ပြိုင်နက် စာချုပ်၌လက်မှတ်ထိုးရန် ကုချင်းချီ ဆုံးဖြတ်လိုက်ပြီးဖြစ်သည်။ အခြားကိစ္စများကို ကုချင်းချီစဉ်းစားမနေတော့ပေ။


သို့သော် ကုချင်းချီ လက်မှတ်ထိုးလိုက်သော စာချုပ် A က စာချုပ် B ထက် ပို၍ ကောင်းသေးသည်။ 


ယခု ကုချင်းချီက ယခင်က သူ့အတွေးကမ္ဘာလေးထဲ၌သာ နေနေတတ်သော ကုချင်းချီနှင့် အနည်းငယ် ကွာခြားနေလေသည်။


ယဲ့လီက လက်မှတ်ထိုးပြီးပြီးချင်းမှာပင် အလုပ်လုပ်သည့်ပုံစံသို့ ချက်ချင်းပြောင်းသွားသည်။ 

"မင်း အခု ဘယ်မှာနေနေလဲ...နေတဲ့နေရာက ဝယ်ထားတာလား...ငှားထားတာလား..."


"ဝမ်တိုက်ခန်း B302 မှာပါ...ငှားထားတာ..."


ယဲ့လီက ထိုနေရာကို တစ်ခါမှ မကြားဖူးပေ။ သူက လက်မှ နာရီကို တစ်ချင်လှမ်းကြည့်လိုက်သည်။ 

"မင်းရဲ့ တိုက်ခန်းငှားထားတဲ့စာချုပ်ကို ချက်ချင်းဖျက်ပြီး ကုမ္ပဏီက ပေးထားတဲ့ တိုက်ခန်းဆီကို အတတ်နိုင်ဆုံး အမြန်ပြောင်းရမယ်...ငါ အခုပဲ မင်းကို လိပ်စာပို့လိုက်ပြီ...အဲဒီတိုက်ခန်းမှာက အိပ်ခန်းတစ်ခန်း၊ ဧည့်ခန်းတစ်ခန်း၊ မီးဖိုတစ်ခန်း နဲ့ ရေချိုးခန်းတစ်ခန်းပါတယ်...ပတ်ဝန်းကျင်ကလည်း တော်တော်ကောင်းတယ်...အဲဒီနားတစ်ခုလုံးကို ငါတို့ကုမ္ပဏီက ပိုင်တာပဲ...လုံခြုံရေးအတွက်တော့ မင်းစိုးရိမ်စရာမလိုပါဘူး..."


ကုချင်းချီက ပျင်းရသည်ကို အသားကျနေပြီဖြစ်သည်။


ကွာရှင်းပြီးသောအခါ ကုချင်းချီ ပထမဆုံး စရင်းနှီးသူက ပျော်ပျော်နေတတ်၍ သူပျော်သည်ထင်သမျှ အကုန်လုပ်တတ်သော ချန်ကျိုးဖြစ်သည်။ ထို့နောက် စားသောက်ဆိုင်မှ အခြား လုပ်ဖော်ကိုင်ဖက်များနှင့် သိလာသော်လည်း အလွန်ရင်းနှီးသည် မဟုတ်လှပေ။ 


ယဲ့လီကဲ့သို့ အလုပ်ကိုကြိုးစား၍ အမြဲတက်ကြွနေသူတစ်ယောက်နှင့်တွေ့ရသည်မှာ ကုချင်းချီအတွက် ပထမဆုံးဖြစ်သည်။ ထို့ကြောင့် ယခုအတွေ့အကြုံက ကုချင်းချီအတွက် ဆန်းသစ်နေသည်။ 


သို့သော် ကုချင်းချီက လိုက်လျောညီထွေနေတတ်သူဖြစ်သောကြောင့် သူ၏အလုပ်ကိစ္စအဝဝကို အခြားတစ်ယောက်က အကုန်စီစဉ်ပေးလျှင် သူ ငြင်းမည်မဟုတ်ပေ။ အမှန်တကယ်ဆိုလျှင် ထိုကဲ့သို့ အစစအရာရာစီစဉ်ပေးမည့်လူရှိသည်ကို ကုချင်းချီက ပို၍ပင်သဘောကျသေးသည်။ 


ဤကမ္ဘာတွင် ကုချင်းချီ၌ ဆွေမျိုးမိတ်ဆွေဟူ၍ တစ်ယောက်မှမရှိဘဲ ရေ၌ တစ်ပင်တည်းမျောနေသည့် ဗေဒါပင်ကဲ့သို့ ဖြစ်နေသူဖြစ်သည်။ ကွာမရှင်းခင် အိမ်ထဲ ပိတ်မိနေသည့် နှစ်နှစ်ဟူသောအချိန်က ကုချင်းချီကို လူများနှင့် လုံးဝကင်းကွာသွားစေခဲ့သည်။ ယခု၌ လူများနှင့် ပြန်လည်ဆက်ဆံနေရပြီဖြစ်သော်လည်း ယခင်ကနှင့်မူ မတူတော့ပေ။ 


ထို့နောက်တွင် ကုချင်းချီနှင့် အနည်းငယ်ပေါင်းသင်း၍ရသော ချန်ကျိုးနှင့် တွေ့ခဲ့သော်လည်း နှစ်ယောက်က အမူအကျင့်များတူနေခြင်း မဟုတ်ပေ။ ချန်ကျိုးက အပျော်ကြိုက်၍ အပျော်နောက်လိုက်သော်လည်း ကုချင်းချီကမူ ထိုကဲ့သို့လုပ်ရန် စိတ်ပင်မပါပေ။ 


ကုချင်းချီက ကိုယ့်ဘဝအတွက် ကိုယ်တိုင်တာဝန်ယူနေရခြင်း၌ အသားကျနေပြီဖြစ်သည်။ သို့သော် ကိုယ်တိုင်တာဝန်ယူသည်ဆိုသော်လည်း သူ့ကိုယ်သူ ဘာဖြစ်ဖြစ် ဂရုမစိုက်ဘဲ ဖြစ်ချင်ရာဖြစ်ပစ်ထားသူဖြစ်သည်။ ကုချင်းချီ၌ မည်သည့်ရည်မှန်းချက်ပန်းတိုင်မှမရှိသောကြောင့် ယခုအချိန်သေသွားလျှင်ပင် ဘာမှဖြစ်မည်မဟုတ်ပေ။ 


ကုချင်းချီက ရည်မှန်းချက်မရှိဘဲ နေလာသည်မှာ အလွန်ကြာနေပြီဖြစ်လေသည်။ 


ယဲ့လီက ပင်လယ်ကမ်းစပ်၌ ခိုင်ခန့်တည်မြဲစွာရှိနေသော မီးပြတိုက်ကဲ့သို့ ပင်လယ်ထဲ၌ ဦးတည်ရာမဲ့မျောနေသော ကုချင်းချီကို လမ်းပြ၍ ကမ်းပေါ်သို့ ပြန်ဆွဲတင်ပေးသူဖြစ်လေသည်။


"ကျွန်တော် ဒီနေ့ ကိုးနာရီမတိုင်ခင် အပြီးပြောင်းလိုက်ပါ့မယ်..."


ယဲ့လီက ကုချင်းချီကို တစ်ချက် ထပ်လှမ်းကြည့်လိုက်သည်။ ယဲ့လီ၏ ယခင်က အနုပညာရှင်နှစ်ယောက်က စကားနားအထောင်ဆုံးအချိန်ဟု ပြော၍ရသည့် စာချုပ်ချုပ်ကာစ အချိန်များ၌ပင် ယဲ့လီ၏ စကားကို ဤမျှနားမထောင်ပေ။


ယဲ့လီလည်း ကုချင်းချီ၏စကားကြောင့် အလွန်ကျေနပ်သွားကာ ကုချင်းချီကိုလည်း အမှတ်များတိုးပေးလိုက်သည်။

"ငါဒီနေ့အားတယ်...မင်းအိမ်ပြောင်းတာ ကူပေးမယ်လေ..."


ကုချင်းချီက ပျင်းတတ်သော်လည်း သူ့ကို တစ်ခုခု လုပ်ခိုင်းလျှင် တက်ကြွစွာ လုပ်တတ်သူဖြစ်သည်။ ထို့ကြောင့် ကုချင်းချီက သူ့ကို အစစအရာရာစီစဉ်ပေးသည့်သူရှိလျှင် အားလုံးအဆင်ပြေနေမည်ဖြစ်သည်။


ကုချင်းချီ၌ ပိုင်ဆိုင်မှုပစ္စည်းများစွာမရှိချေ။ လက်ဆွဲသေတ္တာတစ်လုံးနှင့် ကြောင်လှောင်အိမ်လေးတစ်လုံးသာရှိသည်ဖြစ်ရာ ခရီးတစ်ခေါက်နှင့်ပင် ကုချင်းချီ၏ အိမ်ပြောင်းမှုပြီးဆုံးသွားလေသည်။ 


နာရီဝက်အကြာတွင် ကုချင်းချီတစ်ယောက် အိမ်အသစ်သို့ ပြောင်းပြီးသွားပြီဖြစ်သည်။ 


တိုက်ခန်းက ၄၅ စတုရန်းမီတာခန့်ရှိ၍ အလွန်မကြီးဘဲ အလွန်လည်း မသေးချေ။ ယဲ့လီပြောသည့်အတိုင်း အိပ်ခန်းတစ်ခန်း၊ ဧည့်ခန်းတစ်ခန်း၊ မီးဖိုတစ်ခန်းနှင့် ရေချိုးခန်းတစ်ခန်းရှိသည်။ လူတစ်ယောက်နေရန် အနေတော်သာဖြစ်၍ ပရိဘောဂများလည်း အပြည့်အစုံရှိနေပြီးသားဖြစ်သည်။ တိုက်ခန်းအတွင်း၌ နွေးထွေးသော ထုံးခြောက်ရောင်သုတ်ထားသောကြောင့် နေချင်စဖွယ်ဖြစ်နေသည်။ 


ကုချင်းချီ ယခင်နေခဲ့သည့် တိုက်ခန်းအစုတ်လေးထက် အဆတစ်ရာသာလေသည်။ 


ကြောင်လေးက နေရာအသစ်နှင့် အသားမကျသေး‌သောကြောင့် သူ့လှောင်အိမ်လေးထဲ၌သာနေနေကာ တစ်ခါတစ်ခါမှသာ ခေါင်းလေးပြူ၍ ကုချင်းချီရှိ မရှိ ထွက်ကြည့်တတ်သည်။ ကုချင်းချီကမူ ဘာမှမလုပ်ဘဲ ကြောင်လေးကို ဤအတိုင်း လွှတ်ထားလိုက်သည်။ မကြာခင်မှာပင် ကြောင်လေးလည်း အပြင်ထွက်လာ၍ ‌တိုက်ခန်းအသစ်၌ လျှောက်ပြေးလွှားနေတော့သည်။ 


ယဲ့လီလည်း မနေနိုင်ဘဲ ကုချင်းချီနောက်မှ တကောက်ကောက်လိုက်နေသော ကြောင်လေးကို တစ်ချက် တစ်ချက် လှမ်းလှမ်းကြည့်နေမိသည်။ ခဏအကြာတွင် ယဲ့လီက တံခါး၌ချိတ်ထားသော ကုတ်အင်္ကျီကို ယူလိုက်သည်။


"အခုက နောက်ကျနေပြီ...မင်းလည်း ဒီနေ့မှ အိမ်ပြောင်းလာတာဆိုတော့ နားလိုက်ဦး...မနက်ဖြန်ကျမှ မင်းအတွက် အစီအစဉ်တွေ ငါစဆွဲပေးမယ်..."



🏠🏠đŸ